သင်္ကြန်မောင်

By Fi_Lay

436K 32.8K 4.1K

[Mini-story] Love has no pride! More

Part - 1 (Unicode)
Part - 1 (Zawgyi)
Part - 2 (Unicode)
Part - 2 (Zawgyi)
Part - 3 (Unicode)
Part - 3 (Zawgyi)
Part - 4 (Unicode)
Part - 4 (Zawgyi)
Part - 5 (Unicode)
Part - 5 (Zawgyi)
Part - 6 (Unicode)
Part - 6 (Zawgyi)
Part - 7 (Unicode)
Part - 7 (Zawgyi)
Part - 8 (Unicode)
Part - 8 (Zawgyi)
Part - 9 (Unicode)
Part - 9 (Zawgyi)
Part - 10 (Unicode)
Part - 10 (Zawgyi)
Part - 11 (Unicode)
Part - 11 (Zawgyi)
Part - 12 (Unicode)
Part - 12 (Zawgyi)
When we first met... (Unicode)
When we first met (Zawgyi)
Part - 13 (Zawgyi)
Part - 14 (Unicode)
Part - 14 (Zawgyi)
Part - 15 (Unicode)
Part - 15 (Zawgyi)
Finale (Unicode)
Finale (Zawgyi)
💌
Special Extra - KoeKoe's BD (Unicode)
Special Extra - KoeKoe's BD (Zawgyi)
Special Extra - TayTay's BD (Unicode)
Special Extra - TayTay's BD (Zawgyi)
Book Version
Preorder
Thingyan Special Extra

Part - 13 (Unicode)

14K 1.3K 133
By Fi_Lay



ဂျူလိုင်လ၏ဒုတိယမြောက် တနင်္ဂနွေ။ တစ်နေကုန် မိုးသည်းသည်းရွာထားလို့ ဝန်းကျင်တစ်ခုလုံး စိုစွတ်အေးမြစိုနေသော တနင်္ဂနွေ။ ရေစိုစိုကတ္တရာလမ်းပေါ် အပြေးအလွှားသွားနေခဲ့ရသော တနင်္ဂနွေ။ တစ်နေ့လယ်လုံး မွေးခန်းထဲ၌ အချိန်ကုန်ဆုံးခဲ့ရသော တနင်္ဂနွေ။ မွေးမည့်အမျိုးသမီးက ကလေးမထွက်လို့ လင်ယောကျ်ားအစား မွေးခန်းထဲက တစ်ဦးတည်းသောယောက်ျားဖြစ်သည့် သူ့ကိုသာ အချောင်ဆဲပါသော တနင်္ဂနွေ။

ဟူး ... မောဟိုက်လိုက်တဲ့ တနင်္ဂနွေ။

တစ်နေကုန်ပမ်းလှသော်လည်း ခါတိုင်းလို အမောပြေစရာ ချစ်သူနှင့်မတွေ့နိုင်။ ကိုယ့်တိုက်ခန်းဆီလည်း မဝင်နိုင်။ မိုးအုံ့အုံ့တွင် ဘုန်းလျှံမောင်မှာ ချွေးတလုံးလုံးဖြင့် ပျာယာခတ်လျက်သာရှိသည်။ ဘတ်စ်စီးတော့လည်း အရေးထဲလမ်းကပိတ်၊ လူကကြပ်။ အဲကွန်းမပါသောကားတွင် တန်းကိုင်ကာ မတ်တပ်ရပ်နေရသေးသည်။ သူ့မျက်လုံးတို့မှာ လက်ကနာရီကိုကြည့်လိုက်၊ မှတ်တိုင်ကျော်မှာစိုးလို့ ကိုယ်ကိုကိုင်းပြီး ဘေးဘီကိုကြည့်လိုက်နှင့်။ အတော်စိတ်ကျဉ်းကြပ်ရတဲ့ တနင်္ဂနွေပဲ။

မှတ်တိုင်ရောက်ပါပြီဆိုတော့ ထပ်ကံမကောင်းပုံများ ဘတ်စ်ပေါ်ကဆင်းဆင်းချင်း ခြေချရမည့်နေရာက ရေဗွက်အိုင်ဖြစ်နေလိုက်သေးသည်။ ခုန်ကျော်မရလောက်အောင် ရေတွေဟီးထနေတော့ ရန်ကုန်မြို့၏မိုးရာသီတွင် လမ်းမပေါ်ရေလျှံတတ်သည့်ကိစ္စကို တဖန်စိတ်ညစ်သွားပြန်၏။ ဟင်း ... စိတ်ထဲညည်းညူနေလို့လည်း သည်ရေတွေအစိုးရက လာခပ်ထုတ်ပေးနေမှာမဟုတ်။

မထူးပါဘူးဆိုသည့်စိတ်ဖြင့် ခြေထောက်မြန်မြန်ချပြီး ကူးလိုက်၏။ အနင်းခံလိုက်ရသည့်ရေဗွက်သည် အရှိန်ကြောင့်ဗျန်းခနဲဆို အပေါ်လျှံတက်လာသည်။ ကံကောင်းတာက မြန်မြန်ဆင်းလိုက်သည်မို့ ဘုန်းလျှံ၏ဘောင်းဘီတွင် ရေသိပ်မစိုလိုက်။ သို့သော် ကံဆိုးသွားတာတာက နောက်ကကပ်ဆင်းလာသော အဒေါ်ကြီး။ သူ့ခမျာ ခပ်ဖြည်းဖြည်းဆင်းလာသော်လည်း ဘုန်းလျှံကြောင့် ပါတိတ်ထဘီအနားစတွေ ရေတွေစိုကုန်ပြီ။ ဘုန်းလျှံ ချက်ချင်းဆိုသလို တောင်းပန်ဖို့ပါးစပ်ဟလိုက်ပေမဲ့ 'ဟဲ့ နင်ဘယ်လိုဆင်းသွားတာလဲ၊ လူလိုနားမလည်ဘူးလား' ဆိုသော အသံနက်နက်ကြီးနှင့်အတူ မျက်စောင်းပါခုတ်ခံလိုက်ရတာ ဒိုင်းခနဲ။

သည်တနင်္ဂနွေကတော့ ကံဆိုးပြီးရင်းဆိုးနေတော့တာပဲ။

အခုလည်း ကိုကြီး Ice အိမ် အဆူခံဖို့အမြန်သွားနေရပြီ။ မနက်တည်းက သီပေါကရောက်နေပြီဖြစ်သော မေမေကြီးသည် သူ့ကိုဆူဖို့အော်ဖို့ ခုဆိုမိန့်မိန့်ကြီး ထိုင်စောင့်နေလောက်ပြီလေ။ ဆေးကုဖို့ ရန်ကုန်ကိုလာပါ၊ လာပါနှင့် အတန်တန်ခေါ်ကြတုန်းက မလာ။ ကိုးကိုးနဲ့ရည်းစားဖြစ်နေပါပြီလို့ မေမေ့ကိုအသိပေးတော့မှ မေမေကြီးပါသိပြီး ရန်ကုန်ကို ဆိုက်ဆိုက်ကြီးရောက်ချလာသည်။ စိတ်ကြီးလိုက်ပုံများ မြောက်ကိုရီးယားက ကင်ဂျုံအန်းထက်သာသည့် မေမေကြီး။

အရင်ခေတ်က သူ မွေးဖွားရာသီပေါနယ်ကြီးကို စော်ဘွားတွေအုပ်ချုပ်ခဲ့ကြသည်မလား။ မေမေကြီးသည် တရားရေးရာအမတ်၏ တစ်ဦးတည်းသောသမီးဖြစ်သလို မျိုးဂုဏ်ရိုးဂုဏ်ကို လွန်စွာဂရုထားသူ ဖြစ်သည်။ စစ်အစိုးရတက်လို့ စော်ဘွားတွေထိန်းသိမ်းခံလိုက်ရပေမဲ့ မေမေကြီးမှာ မာန်နည်းနည်းမှမချ။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဘယ်လောက်ပဲထိခိုက်နစ်နာပါစေ မိသားစုကို ဥမကွဲသိုက်မပျက်ဖြင့် စည်းလုံးစေခဲ့သူဖြစ်သည်။

သို့ပေမဲ့ မေမေကြီး၏မွေးချင်း သားသမီးသုံးဦးတွင် အကြီးဆုံးသားဖြစ်သူမှာ အိမ်ထောင်ကျပြီး ဘာမျှမကြာဘဲဆုံးပါးသည်။ ချွေးမက မြိတ်(ဘိတ်)သူဆိုတော့ မြေးဦးကလေးလက်ဆွဲပြီး ဇာတိပြန်သည်။ အစတည်းကအဆင်မပြေတော့ မေမေကြီးသည် မာန်ကြီးသူပီပီမတားခဲ့။ ဘုန်းလျှံ၏ဖခင်က မေမေကြီး၏သားလတ်ဖြစ်သည်။ ဖေဖေသည်လည်း ဘုန်းလျှံ အလယ်တန်းတက်နေစဉ်မှာပဲ နာမကျန်းဖြစ်ပြီး ကြွေလွင့်ရရှာသည်။ တစ်ဦးတည်းသောသမီးငယ်ဖြစ်သည့် ကိုကြီး Ice မိခင်ကိုတော့ တိုင်းတစ်ပါးသားနှင့်ယူရမလားဆိုပြီး အမျိုးမျိုးခွဲခဲ့သည်။ နောက်ဆုံး သီပေါပြန်အခေါ်မှာကားမှောက်လို့ ဒေါ်လေးမျက်လုံးတွေကွယ်ခဲ့ရသည်။ အချစ်ကြီးလွန်းတော့ တစ်ဖက်နိုင်ငံပြန်မပို့ဘဲ အိမ်ထဲမှာထားခဲ့ပြီး ဝန်းကျင်ကို မရှိသတင်းလွှင့်ခဲ့သူသာ။

မိသားစု၏မျိုးဂုဏ်၊ ရိုးဂုဏ်နှင့်ပတ်သက်လျှင် အလေးထားလွန်းသူမေမေကြီးက သားသမီးကံမကောင်းလှဟု ညည်းညူနေမြဲဖြစ်သည်။ ထားဝယ်က မြေးတော်ကိုလည်းမဆက်သွယ်၊ ဒေါ်လေးကမွေးသည့် ကိုကြီး Ice ကိုလည်း သိပ်အရောမဝင်တတ်။ ငယ်ကတည်းက အတူနေထိုင်လာသည့် ဘုန်းလျှံမောင်ကိုသာ တစ်ဦးတည်းသောမြေးကလေးအဖြစ် သတ်သတ်မှတ်မှတ်ထားကာ ချစ်ရှာသူဖြစ်သည်၊ ရည်မှန်းချက်ကြီးကြီးထားတာ ဖြစ်သည်။

ဘုန်းလျှံကိုဆို ငယ်ကတည်းက မိန်းကလေးတွေနဲ့ ရောရောယှက်ယှက် မနေစေချင်ခဲ့တာ၊ စာပဲကြိုးစားပြီး တည်တည်တံ့တံ့လေး နေစေချင်ခဲ့တာ။ သူလည်း မိန်းကလေးတွေ တရုန်းရုန်းဖြင့်မနေဖြစ်ခဲ့သလို ဆရာဝန်တစ်ယောက်ဖြစ်အောင်တော့ ကြိုးစားခဲ့တာပါပဲ။ အင်းလေ ... စိတ်တိုလည်း တိုချင်စရာ။ အခုတော့ မြေးဖြစ်သူ ကြိုက်လိုက်တဲ့ရည်းစားက ယောကျ်ားရင့်မာကြီး ဖြစ်နေပါပကိုး။ အဆိုးထဲအကောင်း ... ရန်ကုန်ကို ဆူဖို့ရောက်လာတယ်ဆိုဦးတော့ ရောဂါကုအောင်တော့ တစ်ညလုံးပဲကပ်ချွဲရချွဲရ ဖြစ်အောင်ကိုပြောရဦးမည်။

တွေးရင်းလျှောက်ရင်းက အခန်းရှေ့ရောက်လာခဲ့လေပြီ။

"ဟာ ... ဖွင့်ပေးတာကျေးဇူး ကိုကြီးဟန်သာ"

"ရပါတယ်ဟ။ ဘာချောင်းတာလဲ ... မင်းရဲ့မွေးသမိခင်က ထမင်းစားခန်းမယ် မာမီတို့နဲ့စကားပြောနေကြတယ်"

အထဲကိုဝင်လိုက်ပါပြီဆိုကတည်းက ဘုန်းလျှံ ကုတ်ချောင်းချောင်းလုပ်နေတော့ ကိုကြီးဟန်သာက အလိုက်တသိညွှန်ပြပုံရသည်။

"မွေးသမိခင်က အရေးမကြီးဘူး ကိုကြီးရ။ မေမေကြီး ... မေမေကြီးရော ဘယ်မှာလဲ"

ဘုန်းလျှံသည် ကုတ်ချောင်းချောင်းဖြင့် အသံကိုနှိမ့်ပြောသည်။ ဒါကိုသဘောပေါက်သွားသော ကိုကြီးဟန်သာကလည်း ခပ်အုပ်အုပ်လေသံဖြင့် အနားကပ်ပြီး၊

"ရှိပါ့ ... အခန်းထဲမှာ စက်တော်ခေါ်နေသလားမသိဘူး။ မင်းယောက်ျားယူမဲ့ကိစ္စက ငါနဲ့ Ice ကိုပါသတ္တုကျတာနော်။ နေ့လယ်ကပြောနေသံကြားတာ ဘာတဲ့ ... ရှေ့နွားကဖြောင့်ဖြောင့်သွားမှ နောက်နွား..."

"အောင်မလေး ဘာနွားတုန်း ... တော်ပါဗျာ။ အတုယူမှားရအောင် ကျွန်တော်တို့ကနွားမှမဟုတ်တာ။ ပြီးတော့ သားက ကိုကြီးတို့နဲ့မတွေ့ခင်ကတည်းက Gay!"

"ဟေ!! ဒါဆိုမင်းကငါ့ထက် သက်တမ်းရင့်တာပဲ"

ဘုန်းလျှံခမျာ ငိုရခက်၊ ရယ်ရခက်။ သူ့ခမျာ ကိုကြီး Ice နှင့်တွေ့မှ သူ့ကိုယ်သူ Gay ဟုခံယူလိုက်ပုံပါပဲ။ ဘုန်းလျှံမောင်တစ်ယောက် ထမင်းစားခန်းထဲဝင်ကာ မတွေ့ရတာကြာပြီဖြစ်သည့် အမေနှင့် အဒေါ်တို့ကို နှုတ်ဆက်သည်။ ကိုကြီးကတော့ ရေချိုးနေသည်ဆို၏။ အားလုံး၏တိုက်တွန်းချက်ကတော့ သူ့ကိုအခန်းထဲကမေမေကြီးဆီ အမြန်သွားတွေ့စေလိုတာပဲ။ ညနေလည်းစောင်းလှပြီမို့ ညစာစားဖို့ပါ တစ်ခါတည်းခေါ်ခဲ့ဖို့မှာသည်။

"မင်းမလာရင် မစားဘူးတဲ့ သားရယ်၊ သေချာလည်းချော့မော့ပြောပါဦး။ ကိုယ့်မေကြီးကို စိတ်ဆင်းရဲအောင် အရမ်းတွေဇွတ်မပြောနဲ့နော်။ သူလက်ခံလာအောင်‌ပြော"

အင်ဒိုပါတိတ်ဝမ်းဆက်ကို သေးကွေးသောခန္ဓာကိုယ်ပေါ်ဝတ်ထားသော ဒေါ်သူဇာသည် ရိုးပုံရိုးအေးဖြစ်၏။ စကားပြောတာကလည်း လေညင်းတိုက်သလို တိုးညှင်းသည်။ ခပ်ချိုင့်ချိုင့်မျက်လုံးတွေက ပကတိအေးချမ်းသည်။ ဘာပဲပြောပြော သားသမီးတွေအပေါ် စိတ်တိုင်းမကျလှသည့် မေမေကြီးအတွက် သည်ချွေးမကတော့ အချစ်ဆုံးပဲဖြစ်သည်။ ဒါမို့လည်း သီပေါအိမ်မှာနေနေ၊ မြို့ထဲခဏတဖြုတ်သွားသွား သားအမိသဖွယ်အတူတူပင်ဖြစ်၏။

"သားတော့ဆူခံရတော့မှာပဲ မေမေရာ"

"ကဲပါ ... ခုပြောမရလည်း ဒေါ်လေးကူပြောပေးပါ့မယ်၊ မြန်မြန်သာသွားချွဲချေ ... သွား"

ဘုန်းလျှံအား မေမေကြီးအခန်းထဲပဲတွန်းပို့ကြတာ အားလုံးကရယ်ကျဲကျဲနှင့်။ ဆိုဖာပေါ်ခြေထောက်ချိတ်ကာ ဖုန်းထိုင်သုံးနေသော ကိုကြီးဟန်သာကလည်း သူ ဖြတ်လျှောက်သွားတော့ရယ်သည်။ နေလုံးကြီးအနောက်အရပ်ကျပြီဆိုပေသိ ဇောချွေးကတော့ ပြန်ချင်ချင်ပါပဲ။

"မေမေကြီး သားဝင်ခဲ့မယ်နော်"

ဘုန်းလျှံ နှစ်ခါအိပ်ဖူးသော ကိုကြီးတို့ဧည့်သည်ခန်းက အတန်အသင့်ကျယ်ဝန်းသည်။ နှစ်ယောက်အိပ်ကုတင်နှင့် စားပွဲ၊ ထိုင်ခုံအသင့်ရှိသည်။ အခြားပစ္စည်းရယ်လို့တော့ များများစားစားမထား။ သူဝင်သွားတော့ ကုတင်ခေါင်းရင်းကိုခေါင်းအုံးခုပြီး အလိုက်အသင့်မှီနေသော မေမေကြီးသည် ညာဖက်ဒူးကိုထောင်ထားတာ ထုံးစံအတိုင်း။ ထိုအပေါ်မှာညာလက်တင်ပြီး ကိုးလုံးစိပ်ပုတီးကို လက်ညှိုးနှင့်လက်မသုံးကာ ရွေ့လျားစေသည်။ နှုတ်ကလည်းတရွရွဆိုတော့ အရဟံတွေများ ရွတ်နေသလား။ မျက်လုံးအကြည့်တွေကတော့ ဝင်လာသည့်သူ့ဆီ ဒိုင်းခနဲပါပဲ။

"တို့မေကြီးက ဘယ်ရောက်ရောက်ပုတီးစိပ်ကတော့ မပြတ်ပါပဲလား"

ကုတင်ဖျားဝင်ထိုင်ပြီး ခြေဆင်းထားသည့်မေကြီးကို လက်နှစ်ဖက်ဖြင့် ဝင်ဆုပ်နယ်ပေးဖြစ်သည်။ မေမေကြီးမှာဖြင့် ချီထားသောမျက်လုံးအရောင်တွေမကျသေး၊ တင်ထားသောနဖူးကြောတွေ မလျှော့သေး။ ယုတ်စွအဆုံး သူ နှိပ်နယ်ပေးနေသည့် ခြေသလုံးကြောတွေပင် တောင့်နေသလိုခံစားရသည်။

"ဒီအဘွားကြီး အသက်ကြီးမှ လောကုတ္တရာအလုပ်လည်း အေးဆေးမလုပ်နိုင်ဘူးလေ။ တစ်ဦးတည်းသောမြေးမိုက်ကြောင့် နောက်ဆံခြည်ကတင်းရသကိုး၊ ညညဆိုလည်း အိပ်မဖြောင့်ဘူး။ စိတ်မချရလွန်းလို့ ရန်ကုန်လိုက်လာရတာ ... မင်းနော်"

"မေကြီးကလည်း တိုးတိုးပြောပါဦး။ ယမမင်းကြားရင် ဒီကောင် ဘွားအေစကားနားမထောင်၊ မိုက်ရသလားဟဲ့ဆိုပြီး ဆီဒယ်ထဲထည့်ကြော်နေပါဦးမယ်။ သား အဲလောက်လည်းမမိုက်မဲပါဘူး"

"အိုး ... ထောင်တန်တဲ့စကား၊ ရယ်ပေါ့ပြန်ပြီ။ ယောကျ်ားချင်းပြန်ကြိုက်၊ ဒီလူမှမမိုက် ဘယ်သူမိုက်ပါဦးမလဲတော်။ သီပေါမှာတုန်းကတော့ ရှင်စောခင်သမီးနဲ့ပဲ ကြိုက်တော့မလိုလိုတွေမို့ ပညာရေးမထိခိုက်အောင် ငါ့မှာထိန်းခဲ့ရတာ မြို့လုံးသိ၊ ရွာလုံးသိ။ ခုဖြင့် ကျော်တော့လှေသူကြီး၊ ညားတော့လှေထိုးသားဆိုတာလို ရပ်ထဲကလူတွေများသိရင် ငါ့အရှက်ကြီးကွဲပါပေါ့လား"

စိပ်ပုတီးကိုအချက်မှန်မှန်ရွှေ့ရင်း စကားပုံမွှန်းသောတရားဦးတွေ တရစပ်ဟောနေတော့သည်။ ဘုန်းလျှံသည် မေမေကြီးကို မော့မကြည့်ဝံ့။ ပြန်ခုခံပြောရမည့် ကောင်းနိုးရာရာစကားတို့ကို ဦးနှောက်ထဲ အပြေးအလွှားစုစည်းနေရသည်။

"ဒီနေ့ခေတ်ကြီးမှာ ယောကျ်ားရယ်၊ မိန်းမရယ် မရှိကြတော့ပါဘူး မေကြီးရယ်။ မျိုးတူချင်းလည်းယူလို့ရတဲ့ခေတ်ပါ။ ပြီးတော့ သားကိုးကိုးကလည်း သားကိုတအားချစ်ပြီး ဂရုစိုက်တာပါနော်။ မေကြီးတို့၊ မေမေတို့ထက် မလျော့ပါဘူး"

"အမလေး ... ဘုန်းကြီးရူးနဲ့လှေလူးတော့ တွေ့နေကြတာထင်ပါရဲ့။ ဘွားအေရှေ့ခေါ်ပုံကိုက တယ်မပြောချင်ပေါင် ... အိုးကမပူ၊ စလောင်းကပူနေရတဲ့အဖြစ်"

"ဟီး ကြိုက်မရှက်၊ ငိုက်မရှက်တဲ့ မေကြီးရ"

"ငတ်မရှက်ပါအေ တကတဲ ... တစ်ဖက်ကလည်း ကလေကချေလား၊ နွားသိုးကြိုးပျက်လားမသိပါဘူး။ ရန်ကုန်လွှတ်လိုက်တာနဲ့ ဖြစ်ချင်တိုင်းကိုဖြစ်နေတော့တာပဲ။ ချစ်တယ်ကြိုက်တယ်ဆိုတာ စတုန်းခဏပဲ ကောင်းတယ်ထင်ရတာဟဲ့။ မင်း ကြာကြာဝါးမှ ခါးမှန်းသိမယ် လူမိုက်ရဲ့၊ ခါးမှန်းသိလိမ့်မယ်"

ထိုနေ့က ဘုန်းလျှံတစ်ယောက် သူ့မေကြီးကို ကိုးကိုးနှင့်ပတ်သက်၍ ဘာမှမယ်မယ်ရရ နားမချနိုင်ပါပေ။ သူကတစ်ခွန်းပြောလျှင် မေမေကြီးက ပုံဥပမာတွေခိုင်းနှိုင်းကာ ဆယ်ခွန်းလောက်တုံ့ပြန်သည်။

ဒါပေသိ ထမင်းစားဝိုင်းတွင် အားလုံး၏ဝိုင်းဝန်းပြောဆိုမှုကြောင့် ဆီးကျောက်တည်တာအတွက် ဆေးရုံသွားဖို့တော့ ဖျောင်းဖျလို့ရခဲ့ပါ၏။ ကြိုတင်စဉ်းစားထားခဲ့သော ဘုန်းလျှံက အကြံကြီးကြီးဖြင့် YGH သည်သာအကောင်းဆုံး၊ YGH ကိုသာအသွားသင့်ဆုံး လူကြီးတွေကိုနားရိုက်သွင်းခဲ့သည်။

ရုံးပိတ်ရက်တွင် ဆေးရုံလိုက်ပို့ပေးမည်ဆိုသော ကိုကြီး Ice ကိုတော့ ဘုန်းလျှံအကျိုးရယ်အကြောင်းရယ် ခပ်တိုးတိုးမှာလိုက်ရသည်။ အကြံကောင်းတစ်ချက်၊ အနေကောင်းတစ်သက် မဟုတ်ပါလား။

...........................

ညီမိုးလွင်သည် သူတို့၏ OPD (ပြင်ပလူနာဌာန) သို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လှမ်းနေမိ၏။ နေရာရောက်သော် စောင့်ဆိုင်းလူနာတွေကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ အသားလတ်လတ်၊ ဆံပင်ဖွေးဖွေး၊ ပိန်ပိန်ပါးပါးနှင့် အဘွားတစ်ယောက်များရှိမလားပေါ့။ မရောက်သေးတာများလားမသိ၊ နီးနီးစပ်စပ်တူတာမတွေ့။

ဒါပေသိ သိပ်တော့ကိစ္စမရှိလှ။ အဘွား၏နာမည် ဒေါ်စဝ်နန္ဒာမောင်ဆိုတာကိုသိသည်။ Ice ပါလာမည်ဟုလည်း တေးတေးကမှာထားသည်။ အင်း ... မှာထားသည်ဆိုတာလည်း အဲသည်တစ်ခုတည်းမဟုတ်၊ တော်တော်တော့အများသား။ ညီမိုးလွင် စမ်းသပ်ခန်းထဲဝင်ရင်း တေးတေးအသံတွေ ကြားယောင်လာပြန်သည်။

"ကိုးကိုး မေကြီးတို့လာပြရင် တေးတေးနဲ့သိသလို မပြောရဘူးနော်။ ကိုကြီးလည်းပါလာမှာ၊ သူ့နဲ့လည်းအချင်းချင်း မသိချင်ယောင်ဆောင်နေ။ မေမေကြီးက သားရည်းစားမှန်းသိရင် အကောင်းမြင်တော့မှာမဟုတ်ဘူး။ ဆီးကျောက်တည်တဲ့ကိစ္စလေး ပြီးအောင်လုပ်ပြီးမှ တေးတေး ဖွင့်ပြောဖို့စဉ်းစားထားတယ်။ ခုလောလောဆယ်တော့ ဘယ်သူဘယ်ဝါမှန်းမသိဘဲနဲ့ကို သဘောမတူဘူးချည်း ပြောနေတာ"

အခန်းထဲရောက်လို့ စားပွဲတွင်ဝင်ထိုင်တော့ ညီမိုးလွင်မှာ ပြုံးစပ်စပ်။ သူ့ကောင်လေးကြောင့် ရယ်လည်းရယ်ချင်၊ သနားလည်းသနားပါ၏။ အဘွားနှင့်အမေဖြစ်သူတို့ ရန်ကုန်ရောက်လာပါပြီဆိုကတည်းက ကိုယ့်နဲ့တွေ့ဖို့တောင်မအားတော့။ ဂျူတီချိန်ဆို ဗဟိုအမျိုးသမီးဆေးရုံမှာ ကလေးကူမွေးနေရပြီး အားတာနှင့်အဘွားဖြစ်သူဆီ ပြေးရှာသည်။ ဒါတောင်ရောက်လာတာသုံးရက်မြောက် ရှိသေးလို့ပေါ့။

"သဉ္ဇာ ... ဒီနေ့လူနာတွေထဲ ဒေါ်စဝ်နန္ဒာမောင်ဆိုတဲ့နာမည်ပါရင် ဆရာ့ဖက်ထည့်ပေးနော်"

"ဟုတ် ဆရာ"

တစ်ဖက်ခန်းမှာလည်း လူနာကြည့်ပေးသည့် ဆရာဝန်ရှိနေတာမို့ သူနာပြုလေးကိုသာ တိုးတိုးကပ်မှာရသည်။ မဟုတ်လို့လွဲသွားမှဖြင့် တေးတေးက စိတ်ကောက်လိမ့်ဦးမည်။ သည်ကောင်လေးစိတ်ကောက်ပုံက တစ်မျိုးတစ်ဘာသာဆန်းသည်။ အများတကာလို မခေါ်မပြောတာမျိုးမဟုတ်။ စကားပြောတိုင်းအမှတ်ရအောင် ထည့်ပြောတတ်တာမျိုး။

လူနာတွေအများကြီးကြား သူ့အဘွားကိုမကြည့်ပေးဘဲ မေ့သွားခဲ့ပါလျှင် 'ကိုးကိုးတို့များ မေ့စရာရှားလို့ တေးတေးမေကြီးကိုမေ့ရတယ်။ နောက်ကျရင် တေးတေးကိုလည်းမေ့တော့မှာ' ဆိုတာမျိုးတွေ အရွဲ့ခံရနိုင်သည်မလား။

သည်လိုနှင့် ညီမိုးလွင် လူနာတွေကြည့်ပေးရင်းက သဉ္ဇာတစ်ယောက် အနားကပ်သတိပေးသည်။

"နောက်တစ်ယောက်က ဒေါ်စဝ်နန္ဒာမောင်ပါ ဆရာ"

"ဟုတ်ပြီ၊ သေချာခေါ်ခဲ့ဦး"

ထိုအချိန်မှာ စိတ်လှုပ်ရှားမှုရှိမနေပါဘူးလို့ပြောလျှင် ညီမိုးလွင်တစ်ယောက် လိမ်ရာကျပါမည်။ ဘုန်းလျှံမောင်ကို တကယ်ချစ်နေပါပြီဆိုတာ သေချာလိုက်ကတည်းက ကောင်လေးအပါအဝင် ကောင်လေး၏မိသားစု၊ ဆွေမျိုးအသိုင်းအဝိုင်းကိုပါ သူ ထည့်တွေးခဲ့ပြီးသားပင်။ လူကြီးတွေ သဘောမကျလျှင် သူတို့ပေါင်းစည်းဖို့လည်း ခက်ခဲနိုင်သည်။ အတင်းဇွတ်ဆိုတာမျိုးလည်း မလုပ်ချင်၊ တစ်သက်လုံးစာ စိတ်မချမ်းသာရတာမျိုးတွေ မဖြစ်စေချင်တာအမှန်ပင်။

အခန်းတံခါးကို အရင်ဆုံးဖွင့်ပေးလာသည်က မမြင်တာကြာပြီဖြစ်သော Ice။ သူ့ကိုမြင်တော့ နောက်ကလူကြီးတွေကို ကျောပေးပြီး ပါးလေးမို့အောင် ပြုံးပြလာသည်။ သူကတော့ မသိမသာလောက် နှုတ်ခမ်းလေးကွေးပြရုံပါပဲ။ နောက်တွင် ပိန်ပိန်ပါးပါးအဘွားက ဆံဖြူစတွေဖွေးလို့နေသည်။ ဆေးမဆိုးဘဲ သဘာဝအတိုင်းထားပုံရသည်။ ဘေးတွင်တွဲလာသော အမျိုးသမီးကြီးကတော့ တေးတေးမိခင်ပဲဖြစ်ပါလိမ့်မည်။ မျက်လုံးနှင့် မျက်နှာကျကိုကြည့်ရုံဖြင့် တေးတေးက အမေနှင့်တူတာ သိပ်သိသာသည်။

"ဘာများဖြစ်လဲ အမေကြီး"

ညီမိုးလွင်အမေးကြောင့် အဘွားဖြစ်သူက မျက်လုံးကလေးဝိုင်းရင်း နွေးထွေးမှုကိုဆီးကြိုသည်။ ဒါသည် အထူးအဆန်းမဟုတ်၊ သက်ကြီးအရွယ်တွေဆို အမေ၊ အမေကြီးစသည်ဖြင့်ခေါ်ဖြစ်တာ ထုံးစံပဲဖြစ်သည်။ ပြောရလျှင် ရှေ့ဆရာကြီးများ၏ နွေးထွေးသည့်အခေါ်အဝေါ်တွေကို လက်ဆင့်ကမ်းယူခဲ့ရုံမျှသာ။

"ဆီးကျောက်တည်တယ်လို့တော့ ပြောတာပါပဲ။ ဆေးခန်းတစ်ခါ၊ နှစ်ခါပြဖူးပါတယ်"

"ဆေးစာအုပ်လေးများ ပါသေးသလား"

ဘေးကတေးတေးမိခင်သည် သွက်သွက်လက်လက်ပါပဲ၊ ချည်သားအိတ်ထဲစုထည့်လာဟန်ရှိသော ဆေးစာအုပ်ကို ထုတ်ပေးသည်။ ပြီးနောက် သူကိုယ်တိုင် တေးတေးကိုကြိုမှာထားသော ဝမ်းဗိုက်ဓာတ်မှန်ရိုက်ပြီးသားတွေပါ ထုတ်ပြသည်။ ဆေးမှတ်တမ်းတွေနှင့် ဓာတ်မှန်အခြေအနေကိုယူကြည့်တော့ ဆီးကျောက်မှာ ခွဲစိတ်ယူရလောက်သည့်အရွယ်အစားထိတော့ မရှိသေးပေ။

"မရိုသေ့စကား ဆီးသွားရင်ကျင်တာတို့၊ ခဏခဏသွားရတာမျိုးတို့ရှိလား အမေကြီး။ တခြားဘာတွေထူးထူးခြားခြား ခံစားရသေးလဲ"

"ဆီးကတော့ နှစ်နာရီခြားတစ်ခါလောက်ကို သွားချင်နေတာ။ သွားလိုက်ရင်လည်း ဆီးကျန်သလိုခံစားရတယ်။ ကျင်တာမျိုးကတော့ တစ်ခါတစ်ခါမှပါ။ ကျန်တာသိပ်မရှိပါဘူး"

"အမေကလည်း ဟိုတလောလေးက ခါးကြောတွေနာပြီး အန်သေးတယ်လေ။ ဆရာ အဲဒါဆီးကျောက်နဲ့များ ဆိုင်မလား"

ကိုယ့်ကောင်လေးမိခင်က 'ဆရာ' လို့ တရိုတသေခေါ်တော့ ညီမိုးလွင်ခမျာမနေတတ်။ သူသည် ဘယ်တုန်းကမှ တွဲဖူးသည့်သူတွေ၏မိဘဆွေမျိုးများနှင့် တွေ့ဆုံဖူးသည်မဟုတ်။ ဒါမို့ ခုဖြစ်ရပ်သည် သူ့အတွက် များစွာအနေရခက်ပြီး မဆီမဆိုင် စာမေးပွဲစစ်ခံရသလို ဇောချွေးပြန်ချင်လာသည်။

"သူဇာရယ် ညည်းနှယ် ... အဲတုန်းကအဖျားပိုးဝင်လို့ပါ"

"ဒါလည်းဆိုင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ရင် အပူချိန်များပြီး ဖျားနာတာမျိုးဖြစ်တတ်ပါတယ်။ ဆီးကျောက်တည်တယ်ဆိုတာကလည်း ဆီးထဲမှာပါတဲ့ သတ္တုဓာတ်တွေနဲ့ဆားဓာတ်တွေ များလာတဲ့အခါ ကျောက်ကပ်မှာအနည်ထိုင်လာတာပေါ့လေ။ အဲဒီကနေ ဆီးလမ်းကြောင်းတစ်နေရာရာမှာ ပိတ်မိနေတာမျိုးဖြစ်တာပါ။ ဒါမို့ ဆီးသွားရင် ကျန်တယ်လို့ခံစားရပြီး ခဏခဏသွားချင်တာမျိုး ဖြစ်လာတတ်တယ်"

"ရိုးရိုးကုသလို့များရလား။ ခွဲတာစိတ်တာမျိုးတော့ မလုပ်ဘူးလို့ ဆုံးဖြတ်ထားတယ်"

"အမေကလည်း ဆရာပြောတာနားထောင်ရအောင်ပါ၊ လိုအပ်ရင်တော့ သက်သာဖို့ခွဲစိတ်ရမှာပေါ့"

ဘယ်ဘက်ဘေးတွင် ထိုင်နေသောတေးတေးမိခင်ကတော့ ဖျောင်းဖျရှာသည်။ Ice ကတော့ ညာဖက်နေ၍ ဘာမျှမပြော၊ ကြောက်တာလည်း ပါပုံရမည်။ တေးတေးပြောပြထားပုံအရဆို အမေကြီးက Ice တို့အတွဲကိုလည်း ကြီးတာမဟုတ်တဲ့လေ။ လူကြီးလည်းလူကြီးမို့ ဖြစ်ချင်တာကို တည့်ပြောတတ်သည့်ဟန်လေးလည်းရှိတာ ညီမိုးလွင် မြင်နေရသည်။

"အမေကြီးမခွဲချင်ရင် ကျွန်တော် မခွဲပါဘူးဗျာ"

"မြင်လား"

သူကပြုံးစစပြောတော့ အမေကြီးမှာ‌ ဘေးကချွေးမကို မေးလေးငေါ့ကာ ဟန်လုပ်ပြသည်။ ဒါတွေအားလုံး တစ်ခွန်းမကျန် တေးတေးကိုပြောပြဖို့ သူ မှတ်ထားလိုက်သေး၏။

"ဒီလိုပါ ... ခွဲစိတ်ဖို့ဆိုတာ ဆီးကျောက်ရဲ့အရွယ်အစားပေါ်မှာ မူတည်တာမျိုးပါ။ အသေးဆုံးအနေနဲ့ စပါးစေ့လောက်လေးရှိနိုင်ပြီး အကြီးဆုံးအရွယ်အစားက ဂေါက်သီးလုံးလောက်ထိ ဖြစ်နိုင်တယ်"

"ဒီတော့ ကျွန်မဆီးကျောက်က ဂေါက်သီးလုံးဖြစ်နေပြီလား"

အမေကြီးစကားကြောင့် ညီမိုးလွင်မှာ ခပ်စေ့စေ့တော့ ပြုံးမိပါ၏။ တကယ်လည်း စိတ်ရှည်တတ်သူမဟုတ်ပါချေ။ တေးတေးချစ်သူမှန်းသာသိရင် သူတော့ ရှေ့လျှောက်ဘယ်လိုလုပ်ရမယ်မသိ။

"မရှိသေးပါဘူးဗျာ။ ဓာတ်မှန်အရ သေးပါသေးတယ်။ လက္ခဏာတွေလည်း ပြင်းပြင်းထန်ထန်မရှိသေးဘူးဆိုတော့ အရင်ဆေးပေးလိုက်ပါဦးမယ်။ ရေများများသောက်ပါနော် အမေကြီး။ အမျှင်ဓာတ်ပါတဲ့ အသီးအနှံတွေလည်း များများစားပေး။ ငှက်ပျောသီးစားလို့ရတယ်။ ပန်းသီးတို့၊ စပျစ်နီသီးတို့ စားလို့ရတယ်။ လိမ္မော်ရည်လေးလည်း တစ်နေ့တစ်ခွက်လောက်သောက်ပေးရင် ဆီးထဲမှာရှိတဲ့အက်စစ်ပြင်းအား လျော့သွားစေပါတယ်။ ကျွန်တော် ဆေးစာရေးပေးလိုက်ပါမယ်"

တစ်ဖက်စားပွဲဆီ ဆေးစာထရေးတော့ Ice က မသိမသာမျက်ခုံးပင့်ပြရင်း ပြုံးသည်။ အင်း ... အခြေအနေကတော့ ကောင်းတဲ့သဘောပေါ့။ အမေကြီးကလည်း မခွဲချင်ရင် မခွဲပါဘူးဗျာလို့ပြောတော့ သဘောအကျကြီးကျနေသည်။ စကားပြောကောင်းပြီး နွေးထွေးဟန်ရှိသော ညီမိုးလွင်ကို ပြုံးပြုံးကြီးထိုင်ကြည့်နေခဲ့တာ အသိသာကြီး။

ထိုအချိန် ဘေးစားပွဲတွင်ဆေးစာလှည့်ရေးနေခိုက် ဖုန်းထဲဝင်လာသောစာတစ်စောင်။ မျက်နှာပြင်ကို မျက်လုံးလေးဝေ့ကြည့်လေတော့ ထင်သည့်အတိုင်း တေးတေးပို့တာဖြစ်သည်။ 'မေကြီးတို့ရောက်ပြီလား၊ အဆင်ပြေလားတဲ့လေ'။ ညီမိုးလွင်တစ်ယောက် အရှေ့စားပွဲတွင်ရှိသော အမေကြီးတို့သုံးယောက် မမြင်အောင်ပြုံးလိုက်မိသေးသည်။ ပြီးနောက် ချက်ချင်းဆိုသလို ရိုက်လိုက်မိသော စကားလုံးများ။

'Everything is okay, don't worry.'

မြန်မာလိုရေးနေဖို့ ရှည်ရှည်ဝေးဝေးအချိန်မရတော့ လိုရင်းတိုရှင်းသာပို့ပြီး ဆေးစာဆက်ရေးရသည်။ တစ်လစာပေးမည့်ဆေးတွေကို ချရေးလိုက်တာ အသေအချာနှင့်။ ထိုအချိန် စာတစ်စောင်ရောက်သံ 'တင်(န်)' ဆိုတာကမြည်လာသေးသည်။

'ကိုးကိုး အာဘွား'

"အဟွတ်! ဟွတ်!"

"ဆရာ ရေသောက်ပါဦး"

"ရတယ်၊ ရတယ်"

သဉ္ဇာက အသင့်ရှိသောရေဗူးကို ဆွဲယူလာပေးတော့ ဖုန်းကိုကမန်းကတန်း ပိတ်လိုက်ရသေးသည်။ အရှေ့စားပွဲကို မလုံမလဲလှည့်ကြည့်တော့ သုံးဦးစလုံးနှင့် အကြည့်ချင်းဆုံမိသည်။ သည်တော့ခပ်မြန်မြန်ပဲ အရှက်ပြေရေတစ်ငုံ‌ သောက်လိုက်ရ၏။ သည်ကောင်လေးနှယ် ... ဘယ့်နှယ် အချိန်အခါမသင့်ပို့လာတာ ဘေးကအနမ်းပေးနေသည့် အီမိုဂျီလေးတောင်ပါသေး။

'ဒီညကိုးကိုးဆီ လာအိပ်မယ်နော်၊ ဖက်အိပ်မှာ'

ထပ်ဝင်လာသည့်စာကိုမြင်ချိန်မှာ ညီမိုးလွင်မရတော့။ ဒါတွေထက်ပိုဆိုးတာတွေမပို့ခင် ဖုန်းကိုအသံပိတ်ပစ်လိုက်၏။ ဆေးစာရေးတာ သည့်ထက်ကြာနေလို့လည်း မကောင်းတော့ဘူးမလား။ အရှေ့စားပွဲကို အိန္ဒြေဆည်ကာပြန်လှည့်တော့ အမေကြီးနှင့်အမေဖြစ်သူကို မျက်နှာတောင်ပူမိသည်။ Ice ကတော့သိနေသည့်အလား ပါးစပ်ကိုစိကာ မရယ်အောင်ထိန်းထားရပုံနှင့်။

"အဟင်း ... ကျွန်တော် ဆေးတွေတစ်လစာရေးပေးလိုက်တယ်။ သီပေါလည်းပြန်တော့မှာဆိုတော့ ဟိုမှာတစ်လသောက်ပြီးရင် ဆေးပြန်ပြဖို့ သီပေါပြည်သူ့ဆေးရုံကြီးက ကျွန်တော့်အသိဆရာဝန်နဲ့ ချိတ်ပေးလိုက်ပါမယ်။ ဒေါက်တာမျိုးမြတ်နိုင်တဲ့ ... သူ အဆင်ပြေပြေကြည့်ပေးပါလိမ့်မယ်"

"ဆရာက ကျွန်မတို့သီပေါပြန်တော့မှာ ဘယ်လိုသိတာလဲ"

အစ်အောက်မေးလိုက်သော အမေးမဟုတ်ဘဲ တကယ်သိချင်လို့မေးလာသော အမေကြီးမေးခွန်းဖြစ်သည်။ သူကလည်း လွန်လွန်မင်းမင်းစေတနာပိုမိတာ၊ တကယ်ဆို အမေကြီးတို့က သီပေါအကြောင်း တစ်ခွန်းမှမဟသေး။

"ဪ ... အဲဒါက"

"မေမေကြီးကလည်း ဆေးစာအုပ်အဟောင်းမှာ သီပေါမြို့ဆိုတာပါတယ်လေ။ ဆရာ အဲဒါဖတ်မိသွားတာ ဟုတ်တယ်မလား"

Ice ၏ကူကယ်သောစကားကြောင့် လှန်ထားသောဆေးစာအုပ်အဟောင်း၏ မျက်နှာဖုံးကို ဖြတ်ခနဲလှန်ကြည့်လိုက်သည်။ တကယ်ပါနေတော့ သူ ဝမ်းသာအားရပါပဲ၊

"ဟုတ်တယ်၊ ဟုတ်တယ်။ ခုနရောက်လာကတည်းက အဲဒါဖတ်မိလိုက်တာ"

"ဪ ... ဪ၊ အတိအကျသိနေတော့ ကျွန်မကမြေးလေးများ ကြိုအသိပေးထားတာလားလို့။ ဘုန်းလျှံမောင်ကို ဆရာသိသလား။ ဒီဆေးရုံမှာ သူအလုပ်သင်ဆရာဝန် ဆင်းဖူးတယ်တဲ့"

အဖြေရှာသလို၊ စူးစမ်းသလို နက်နဲသောအမေကြီး၏အကြည့်တွေကို ညီမိုးလွင် ရင်မဆိုင်ရဲ။ တေးတေးကတော့ ဖြစ်နိုင်ရင်မပြောစေချင်ဘူးတဲ့။ ခရီးသွားဟန်လွဲကြုံလို့ စမ်းသပ်ပေးလိုက်တာမျိုးပဲ ဖြစ်စေချင်သည်ပြော၏။ ဘေးဘက်ထိုင်နေသည့် Ice ကလည်း မသိမသာခေါင်းရမ်းပြနေတာ အကြောက်အကန်နှင့်။

သူ ဘယ်လိုလုပ်ရမည်နည်း။ ချစ်သူတွေဖြစ်နေကြပါပြီဆို နောက်လည်းသိမည့်ဆက်ဆံရေးမှာ မသိပါဘူးလိမ်လိုက်ရတာမျိုး မဖြစ်ချင်။ ဘုန်းလျှံမောင်ကို သိပါတယ်ပြောပြီး ချစ်သူတွေဆိုတာကို ထိမ်ချန်ထားရင်လည်း နောက်တစ်ခါတွေ့ရင် သရုပ်ပျက်နိုင်သည်မလား။ တစ်ခဏတွင်းမှာ အာရုံထွေပြားသွားသော ညီမိုးလွင်သည် အမေကြီးမျက်လုံးအစုံနှင့် ထိပ်တိုက်ဆုံမိချိန်မှာတော့ စကားတစ်ခွန်းကို မျက်လွှာအသာချပြီး တရိုတသေပြောလိုက်ရသည်။

နဖူးကြောတွေ့ရှုံ့သွားပြီး မျက်ခုံးစွန်းနှစ်ဖက်က အရှိန်ပြင်းသည့်ကားနှစ်စင်း ပြေးတိုက်တော့မလိုနှယ် မာန်ပြင်းတာအထင်းသား။ မျက်လွှာချပြီးသား ညီမိုးလွင်သည် ခေါင်းကိုပါ တွင်တွင်ငိုက်ချမိပါတော့၏။

25.6.2022

..................

(A/N) အမောတကော စာရေးပြီးလို့ စာလုံးပေါင်းပြန်စစ်ဟေ့ဆိုရင် စာမေးပွဲခန်းထဲမှာ အမှတ်လျော့ပါစေ မစစ်ချင်တော့ဘူးဟယ်လို့ တွေးခဲ့သလိုပဲ အတော်ပျင်းတာပါ။ ဘေးကစစ်ပေးတဲ့မမက ဒါတွေမှားထားတယ်ဆိုပြီးလာပြမှ အဲနေရာလေးပဲပြန်ပြင်တဲ့ အပျင်းတုံးလေးပါ။ (ဟီး စတာပါလို့ ... အချိန်ရရင် နှစ်ခေါက်လောက်ပြန်ဖတ်ပါတယ်၊ ခုက ၉နာရီဆိုမအားတာမို့ အမြန်တင်လိုက်ပါပြီ) ဒီအပိုင်းတွေမှာ ဖီမအားတာကို စိတ်ရှည်ရှည်စောင့်ပေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ်ရှင် ... ကောင်းသောညလေးပါ💛

•••••••••••••••••••••••••••••

Continue Reading

You'll Also Like

1.3M 110K 68
❣︎𝐴𝑟𝑡 𝑏𝑦 𝑆𝑢𝑦𝑖❣︎ ❦{Own Creation}❦ Unicode&Zawgyi မောင်ပေးတဲ့ အနွေးဓာတ်တွေကို ဖမ်းဆုပ်ထားရင်း နွေးထွေးခြင်းဆိုတဲ့ ခြုံထည်လေးကို ရက်လုပ်မယ်။ ...
751K 8.1K 98
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
209K 5.1K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
3.4M 215K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်