အပိုင်း(၉၈)
ဒမ် တမ် တမ်!
လူတိုင်း အသံလာရာသို့ လှည့်ကြည့်လိုက်ကြသည်။
ကျန်းဟန်၏လက်ချောင်းများသည် စန္ဒယားပေါ်တွင် လှုပ်ရှားကခုန်နေချေပြီ။
အစပိုင်းတွင် အလွန်သာယာငြိမ့်ညောင်းသည့် မယ်လိုဒီတေးသံလေးပင်ဖြစ်သည်။ ၎င်းမှာ မယ်လိုဒီတစ်ခုသာ ဖြစ်သော်လည်း လက်ကွက်၏အရှိန်မှာ သာမန်သီချင်းများထက် များစွာ ပို၍မြန်ပေသည်။ လက်ကွက်မှ များစွာပို၍ ရှုပ်ထွေးပြီး သူ၏အနေအထားမှာ အခက်ဆုံးသီချင်း ၁၀ ပုဒ်အနက်မှ တစ်ပုဒ်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
"ဒါက...."
ကျိုးဖေးမှာ အလွန်အံ့ဩသွားသည်။
မိနစ်အနည်းငယ်ပဲ ရှိသေးတယ်မလား? သီချင်းလက်ကွက်လေးကို ကြည့်လိုက်ရုံနဲ့ တီးတတ်သွားပြီလား? ဘယ်လို ဖြစ်နိုင်မှာလဲ? သေချာပေါက် သူ အစက သူများတွေကို အရူးလုပ်ခဲ့တာပဲဖြစ်ရမယ်။
ခဏအတွင်းပင် ထိုအတွေးများအားလုံးသည် ကျိုးဖေး၏စိတ်ထဲတွင် ပေါ်လာခဲ့သည်။ ရိုးရှင်းစွာပင် လူတစ်ယောက်သည် သီချင်းတစ်ပုဒ်လုံးကို မိနစ်အနည်းငယ်အတွင်း မှတ်မိနိုင်မည်ဟု သူမ မယုံကြည်ပေ။
ထိုအချိန်တွင် ဇီယန်၊ ကျန်းလီနှင့် ကျောက်ဖုန်းတို့၏မျက်လုံးများအတွင်း၌ ထူးဆန်းသည့်အကြည့်များ ရှိနေကြသည်။
ဇီယန်နှင့် ကျန်းလီသည် ကျန်းဟန် ခဏလေးအတွင်း ၎င်းကို တီးနိုင်လိမ့်မည်ဟု အမှန်တကယ် မယုံခဲ့ကြချေ။ အကြောင်းမှာ ၎င်းက အလွန်ပင် မယုံနိုင်စရာကောင်းလွန်းပေသည်။
သို့သော် ကျောက်ဖုန်း၏စိတ်ထဲတွင်တော့ သူဌေးသည် တကယ်တမ်း ပြပွဲကို ဘေးမှကြည့်နေခဲ့ခြင်းဖြစ်ရမည်ဟု ခံစားခဲ့ရသည်။ ကျန်းဟန်အပေါ် သူ၏ယုံကြည်မှုသည် အကြီးမားဆုံးဖြစ်သည်ဟု ပြော၍ရပေသည်။
ပထမတွင် သူတို့သည် အနည်းငယ်စိတ်ရှုပ်နေခဲ့ကြသော်လည်း တဖြည်းဖြည်းနှင့် ဂီတသံစဉ်တွင် သူတို့ကိုယ်သူတို့ နစ်မြော စီးဝင်သွားကြသည်။
ကျန်းဟန်သည် တတိယမြောက်ကွန်ချာတိုကို တည်တည်ငြိမ်ငြိမ်ပင် တီးခတ်သွားသည်။ မယ်လိုဒီ၏ သာယာငြိမ့်ညောင်းမှု မူရင်းသံစဉ်ထက် ပို၍ပင် နှေးကွေးကာ၊ သီချင်းမှာကျစ်လစ်လာသည့်အချိန်တွင် သူ၏အမြန်နှုန်းမှာ မဖြစ်နိုင်လောက်အောင် အလွန်ပို၍မြန်ဆန်သည့်အတွက်ကြောင့် သီချင်းသည် စိတ်ဝိဉာဉ်ကိုပင် လှုပ်ခတ်သွားစေခဲ့သည်။
စန္ဒယားသံမှလွဲ၍ အပ်ကျသံပင်မရှိဘဲ အခန်းတစ်ခုလုံး တိတ်ဆိတ်နေကာ ဤစန္ဒယားသီချင်းသည် ခံစားချက်မျိုးစုံကို ပေးစွမ်းနိုင်သည့်ပုံပင်။
မသိလိုက်စွာပင် စန္ဒယားတေးသွားသည် အဆုံးသတ်သို့ရောက်ရှိလာပြီး သံစဉ်မှာ တဖြည်းဖြည်းအဆုံးသတ်သွားသည်။
"ဝိုး"
မုန့်မုန့်သည် မျက်လုံးလေးများပြူးကျယ်နေကာ ဖေဖေ့အား မျက်တောင်ပင်မခတ်ဘဲ ငှက်ပေါက်စလေးတစ်ကောင်ကဲ့သို့ စိုက်ကြည့်နေသည်။ သူမလေးသည် ကျယ်လောင်စွာအော်၍ အားပေးကြွေးကြော်လိုက်သည်။
"ဖေဖေ ဖေဖေကအရမ်းချောတယ်!။ အရမ်းလည်းတော်တယ်!"
"သူက တကယ်အရမ်းတော်တာပဲ" ဇီယန်သည် ကျန်းဟန်အား မယုံကြည်နိုင်ဟန် လေးစားမြတ်နိုးဟန်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ရှင့်ရဲ့ စန္ဒယားတီးကျွမ်းကျင်မှုက မဟာပါရဂူအဆင့်ကိုရောက်နေမယ်လို့ ကျွန်မတကယ်မမျှော်လင့်ခဲ့ဘူး။ ရှင်က တကယ်ကို အံ့ဩစရာပဲ"
စကားပြောနေစဉ်တွင် ဇီယန်၏မျက်လုံးများမှာ ထူးဆန်းသည့်အလင်းရောင်ဖြင့်တောက်ပသွားခဲ့သည်။ ထိုအခိုက်အတန့်၌ သူမအမှန်တကယ်ပျော်ရွှင်နေခဲ့သည်။
ကျန်းဟန် အနုပညာရှင်များအား ဖျော်ဖြေရေးသက်သက်လူတွေပါဟု ပြောသည့်အချိန်က သူမ အလွန်ဒေါသထွက်ခဲ့သည်။ သို့သော် ယခုတော့ ၎င်းမှာ ကျန်းဟန်စိတ်ဆိုး၍ပြောသောစကားများသာဖြစ်ရမည်ဟု ခံစားရသည်။ သူ ဂီတကို နားလည်သည် ဆိုကတည်းက ဂီတပညာရှင်တစ်ယောက်၏အိပ်မက်ကိုလည်း နားလည်ရပေမည်။
ဟွန့် ခေါင်းမာတဲ့အကာင်။ သူဒေါသထွက်ပြီဆိုတာနဲ့ ပါးစပ်က ဘာမဆိုပြောတော့တာပဲ။ အယုတ်တမာကောင်
ဟီးဟီးဟီး သူ စန္ဒယားကို တကယ်ကောင်းကောင်းတီးတတ်တာပဲ။ အင်း....ခုမှ သေချာကြည့်မိတယ်။ ဒီကောင်က တော်တော်ချောတာပဲ
စန္ဒယားပါရဂူ ဟွန့် နောက်ကျရင် ငါတို့အတူတူသီချင်းရေးလို့တောင် ရနိုင်လိမ့်မယ်
မဟုတ်ဘူး အဲ့လိုမဖြစ်သေးဘူး။ သူပဲ ငါ့ကို လာပြီး တောင်းဆိုလိမ့်မယ်။ မဟုတ်လို့ကတော့ ငါက အရင်ဆုံး သူ့ကို စကားသွားပြောမှာတော့မဟုတ်ဘူး ဟွန့်
ထိုအချိန်တွင် ဇီယန်၏စိတ်ထဲ၌ ဆယ်ကျော်သက်ချာတိတ်မလေးကဲ့သို့ အမှန်တကယ် ရှုပ်ထွေးနေ ရင်ခုန်နေသည်။ တစ်ချိန်တည်းမှာပင် ပျော်ရွှင်မှုများ ကြည်နူးမှုများ ပြည့်နေသည်။
ထိုအရာများအားလုံးမှာ ကျန်းဟန်သည် သူမအား အလွန်အမင်း အံ့ဩသွားစေခဲ့သောကြောင့်ဖြစ်သည်။ သူမ၏နှလုံးသားထဲမှာ ထိုအထုံးသေးသေးလေးကို ဖြေရှင်းပြီးချိန်တွင် သဘာဝကျကျပင် သူမ ခံစားချက်အလွန်ကောင်းမွန်နေသည်။ သူမ၏စိတ်ထဲတွင် အနည်းငယ် ရှုပ်ယှက်ခက်လာသည်မှာ နားလည်ရလွယ်ပေသည်။
အမှန်ပင် ဇီယန်ကဲ့သို့ အချစ်ကိုခံစားတွေ့ကြုံဖူးခြင်းမရှိဘဲ ကလေးရခဲ့သည့် ထူးခြားသည့်မိန်းကလေးတစ်ယောက်အတွက် ဆယ်ကျော်သက်တစ်ယောက်၏ နှလုံးသားရှိနေသည်မှာ ပုံမှန်ပင်ဖြစ်သည်။
"ဘုရားရေ! ဒါက ဘယ်လိုအခြေအနေကြီးလဲ?"
ရုတ်တရက် ကျိုးဖေးသည် သူမ၏ထိုင်ခုံပေါ်မှ ခုန်ထလိုက်သည်။ ကျန်းဟန်အား ထိတ်လန့်အံဩစွာကြည့်ကာ သူမ၏တစ်ကိုယ်လုံး တုန်ခါနေပြီး အလွန်အမင်းစိတ်လှုပ်ရှားနေသည့်ခံစားချက်များကို ဖော်ထုတ်လိုက်သည်။
"ဘာဖြစ်လို့လဲ?" ဇီယန်၏စိတ်အာရုံမှာ လက်ရှိသို့ ပြန်ရောက်လာပြီး ကျိုးဖေးအား စိတ်ရှုပ်စွာ ကြည့်လိုက်သည်။
ဘာဖြစ်လို့ သူမက ကြောင်အ နေတဲ့ ပုံစံပေါက်နေရတာလဲ?
"ဘုရားရေ အစ်မယန်၊ ဘုရား ဘုရား အဲဒါ ဘယ်လောက်ကြာသွားလဲ? မိုးနတ်မင်း မိနစ် ၂၀ နော်။ ခဲအိုက အဲဒီသီချင်းကိုတီးဖို့ မိနစ် ၂၀ ပဲ အချိန်ယူခဲ့တာ။ မယုံနိုင်စရာကောင်းလွန်းတယ်မဟုတ်လား?။ ဘယ်လိုဖြစ်နိုင်မှာလဲ?။ အဲ့ဒါက ဂင်းနစ်စံချိန်ကိုတောင် ချိုးသွားပြီး!"
ကျိုးဖေး၏မျက်နှာမှာ စိတ်လှုပ်ရှားမှုများနှင့်ပြည့်နေပြီး သူမ ဘာလုပ်လို့လုပ်ရမှန်းမိသတော့ချေ။
ထိုစကားများထွက်လာသည့်အခါ ဇီယန်၊ ကျန်းလီ နှင့် ကျောက်ဖုန်းတို့၏ အမူအရာများမှာ အနည်းငယ် ပြောင်းလဲသွားသည်။
"နင်သေချာလား? မိနစ် ၂၀ တည်းပေါ့" ဇီယန် မသိစိတ်ဖြင့် မတ်တပ်ထရပ်လိုက်မိသည်။
"အမှန်ပဲ၊ ငါတို့ စပြီးတီးတော့ ၁၀ နာရီ မိနစ် ၅၀ မှာ။ အခု ပြီးသွားတော့ ၁၁ နာရီ ၁၀ မိနစ်။ မိန်စ ၂၀ အတိအကျပဲ!" ကျိုးဖေးသည် သူမ၏လက်ကောက်ဝတ်မှ လက်ပတ်နာရီကို ထောက်ပြသည်။
"အာ!" ဇီယန်အံ့ဩလွန်း၍ အော်ပင်အော်လိုက်ပြီး သူမ၏ နှင်းဆီနှုတ်ခမ်းလေးကို နူးညံဖြူဝင်းသည့် လက်ကလေးများဖြင့် အုပ်လိုက်မိသည်။ သူမသည် ကျန်းဟန်အား မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်နေရင်း ထိုအခိုက်အတန့်၍ ဘာပြောလို့ ပြောရမှန်းမသိတော့ချေ။
ကျောက်ဖုန်းနှင့် ကျန်းလီတို့မှာ ထိုစကားများ၏နောက်ကွယ်မှ အသေးစိတ်အဓိပ္ပာယ်ကို နားမလည်ကြသော်လည်း ကျန်းဟန်၏ ယခု လုပ်ရပ်သည် အလွန်ထိန်လန့်အံ့ဩဖို့ကောင်းကြောင်း သူတို့ သိကြသည်။
"ဟွန့်!"
သို့သော်လည်း အလွန်ဂုဏ်ယူနေသည့်အမူအရာရှိနေသာ မုန့်မနု့်သည်
"ဖေဖေက ... အမ်....ဖေဖေက အတော်ဆုံးပဲနော်"
"ဟုတ်တာပေါ့။ သမီးရဲ့ဖေဖေက တကယ်ကို အတော်ဆုံးပဲ! အိုက်ယား နှမြောဖို့ကောင်းလိုက်တာ။ ငါ ခုဏက မှတ်တမ်းတင်ထားလိုက်သင့်တာ။ ဟင်း....တကယ်လို့ ငါသာ အဲ့ဒါကို အင်တာနက်ပေါ်တင်လိုက်ရင် သေချာပေါက် ကမ္ဘာ့စန္ဒယားနယ်ပယ်ကို ငလျင်အကြီးကြီးလှုပ်ခတ်သွားမှာပဲ။ ဘာလို့ ငါဒီလောက် တုံးရပါလိမ့်? ငါ မှတ်တမ်းတင်ထားရမှာကို...အိုက်ယိုး အချစ်လေးရေ...." ကျိုးဖေးသည် မျက်နှာမှုန်ကုပ်ကုပ်ဖြင့် ပြောသည်။
သူမ၏အမူအရာကို မြင်သည့်အခါ ဇီယန်သည် သူမ အမှန်တကယ် ဝမ်းနည်းနေသည်ကို သိလိုက်သည်။ သူမသည် ကျန်းဟန်အား တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် ချောင်းဟမ့်ကာ သူမအား သတိပေးလိုက်သည်။
"သီချင်းကို မှတ်တမ်းမတင်လိုက်ရပေမဲ့ သူက အဲဒီမှာ ရှိနေတယ်လေ..."
"အမ်"
ကျိုးဖေးသည် လျင်မြန်စွာတုံ့ပြန်လိုက်ပြီး ကျန်းဟန်ဆီသို့ ကြည့်လိုက်သည်။ သူမ၏ဖုန်းကို ထုတ်ကာ တစ်ခါတည်း ဗီဒီယီုမှတ်တမ်းယူလိုက်ရင်း တစ်ပြိုင်နက်ပြောလိုက်သည်။
"ခဲအို ခဲအို နောက်တစ်ခေါက်တီးလို့ရမလား။ နင့်ရဲ့စကေးနဲ့ဆိုရင် စန္ဒယားလောကက လူတိုင်းကို အနိုင်ပိုင်းနိုင်မယ်ဆိုတာ သေချာတယ်။ နင် နာမည်ကြီးလာရင် ငါ နင့်ရဲ့မန်နေဂျာလုပ်ပေးမယ်။ အာ မဟုတ်သေးဘူး နင့်အတွက်ရော အစ်မယန်အတွက်ပါ အတူတူ မန်နေဂျာလုပ်ပေးမယ်။ ဇနီးမောင်နှံပေါင်းစပ်မှုပေါ့။ အိုး...လုံးဝ ပြည့်စုံတဲ့အတွဲပဲ"
သူမ၏စကားများမှာ ဗလုံးဗထွေးဖြစ်နေပြီး သူမ၏အမူအရာ လေသံ စကားများအရာ သူမ အလွန်စိတ်လှုပ်ရှားနေကြောင်း သိနိုင်သည်။
ကျန်းဟန် ကျိုးဖေးအားကြည့်ရင်း ပြောစရာ စကားမဲ့သွားသည်။ ထိုမိန်းကလေးသည် အနည်းငယ် ရူးသွပ်ပေသည်။ မကြာခင်ကမှ ဗီဒီယိုရိုက်နေပြီး ကျန်းဟန် ၎င်းကို ဆက်၍ တီးခတ်ရမည်လား?
သူသည် သူမနှင့် ကစားချင်စိတ်မရှိပေ။ သို့သော် သူ ငြင်းခါနီးတွင် ဘေးနားတွင် ရှိနေသည့် မုန့်မုန့်သည် ပါးစပ်ဟကာ ငြင်းလိုက်ပြီးနေပြီဖြစ်သည်။
"အမ် ဟမ့် ဖေဖေက နှစ်ခါတီးပြီးသွားပြီ။ အခုက မုန့်မုန့် ဖျော်ဖြေရမယ့်အချိန်ပဲ"
"လာ မုန့်မုန့်" ကျန်းဟန်သည် ကျိုးဖေးအား လစ်လျူရှုလိုက်ပြီး မုန့်မုန့်အား ပြုံးပြကာ သူ၏ရင်ခွင်ထဲသို့ ပွေ့ချီလိုက်သည်။
"ဟေး...မေမေ အဆင်သင့်ဖြစ်ပြီလား? မုန့်မနု့် စတော့မယ်နော်" မုန့်မုန့်သည့် သီတင်းမတီးတင် သူမ၏မေမေအား အရင်ဆုံး သတိပေးလိုက်သည်။
"မေမေ အဆင်သင့်ဖြစ်ပါပြီ။ စလို့ရပြီ မုန့်မုန့်"
"အင်း စနေပြီ"
မုန့်မုန့်သည် ပျော်ရွှင်စွာ ပြောလိုက်ရင်း သူမ၏လက်ချောင်းလေးများက စန္ဒယားခလုတ်များပေါ်သို့ လှုပ်ရှားသွားသည်။
ကြည်လင်ပြီး သာယာသည့် စန္ဒယားသံထွက်ပေါ်လာပြီး မုန့်မုန့်၏ ကလေးဆန်သည့် အသံချိုချိုလေးက နောက်မှ တပါတည်း တွဲပါလာသည်။
"မှိတ်တုတ် မှိတ်တုတ် ကြယ်ကလေးရယ်...."
နှစ်မိနစ်ခန့် ဆိုပြီးနောက် မုန့်မုန့်သည် သူမ၏လက်ကို ပြန်ရုတ်လိုက်ပြီး မျှော်လင့်ချက်များပြည့်နေသည့် မျက်နှာလေးဖြင့် မေးလိုက်သည်။
"ဘယ်လိုနေလဲ?"
"အရမ်းကောင်းတယ်။ မုန့်မုန့်က အရမ်းတော်တာပဲ" ဇီယန် ပထမဆုံး လက်ခုပ်တီးလိုက်သည်။
ကျောက်ဖုန်း၊ ကျန်းလီနှင့် ကျိုးဖေး တို့လည်း အတူတူလက်ခုပ်တီးကြ၍ ချီးကျူးလိုက်ကြသည်။
"မုန့်မုန့် က ငယ်ငယ်လေးနဲ့ စန္ဒယားတီးတတ်နေပြီ အရမ်းတော်တာပဲ"
"မုန့်မုန့်က ကြီးလာရင် သေချာပေါက် ပိုပြီးတော်လာမှာ"
"..."
မုန့်မုန့်၏အရေးပါမှုက ဤစားသောက်ဆိုင်ထဲတွင် အမြင့်ဆုံးဟု ပြောနိုင်ပေသည်။
အကြောင်းမှာ သူမလေးသည် အလွန်ချစ်ဖို့ကောင်းပြီး လှပသည့် ကလေးမလေးဖြစ်သလို၊ ဇီယန်၏သမီးလည်းဖြစ်သည်။ ထို့ပြင် သူမလေးသည် ကျန်းဟန်၏လက်ထဲတွင် တန်ဖိုးအထားရဆုံးသော ရတနာလေးဖြစ်ပေသည်။
လူတိုင်း၏ချီးကျူးမှုကို ကြားရသည့်အခါ မုန့်မုန့်မှာ အလွန်ပျော်ရွှင်နေပြီး မရပ်မနားပင် ရယ်မောနေတော့သည်။
"ဟေး ဟေး ခဲအို မပိတ်နဲ့ဦးလေ။ အဲဒီသီချင်းကို နောက်တစ်ခေါက် မတီးချင်တော့ဘူးလား?"
ကျန်းဟန်သည် စန္ဒယားအဖုံးကို ပိတ်နေသည်အား မြင်သည့်အခါ ကျိုးဖေး အလောတကြီးပြောလိုက်သည်။
သို့သော်လည်း ကျန်းဟန်သည် သူမအား အာရုံစိုက်ရန် စိတ်မဝင်စားဘဲ စန္ဒယားအဖုံးကို တန်း၍ ပိတ်လိုက်ပြီ မုန့်မုန့်အား ပွေ့ချီကာ ထမင်းစား စားပွဲသို့ ပြန်လျှောက်လာသည်။ ပြီးမှသာ အူကြောင်ကြောင်ဖြစ်နေသော ကျိုးဖေးအား ကြည့်ကာ ပြောလိုက်သည်။
"နောက်တစ်ချိန်ကျမှ တီးတာပေါ့"
"နောက်တစ်ချိန်...." ကျိုးဖေး၏အမူအရာမှာ အေးခဲသွားပြီး အနည်းငယ် ကြောင်အ စွာပြောလိုက်သည်။
"အမ်ဟမ့် ဖေဖေက အချိန်တိုင်း နှစ်ခါပဲ တီးတယ်" မုန့်မုန့်သည် ထပ်ပေါင်းပြောလိုက်သည်။
"ဟုတ်တယ်။ သူဌေးက တစ်ချိန်ကို သီချင်း နှစ်ပုဒ်ပဲ တီးတယ်။ ထမင်းစားချိန်တိုင်းတောင် တီးတာမဟုတ်ဘူး။ ကျွန်တော်တို့ နားထောင်တိုင်း နားထောင်လို့ကို မဝဘူး" ကျောက်ဖုန်း ရယ်မောရင်း ပြောသည်။
"ဟမ်?" ဇီယန်သည် ကျန်းဟန်အား ထူးဆန်းစွာကြည့်လိုက်ပြီး
"ရှင်မှာ ဒီလိုစည်းကမ်းတောင် ရှိတာလား"
"ဒါက စည်းကမ်းမဟုတ်ပါဘူး။ ညစာစားပြီးရင် ခဏလောက်နားတဲ့အနေနဲ့ သီချင်းနှစ်ပုဒ်လောက် တီးလို့ရပါတယ်" ကျန်းဟန် ပြန်ပြောသည်။
"ခဲအို ဒါဆိုရင် မင်းအဲ့ဒါကို နောက်တစ်ခါလောက် တီးဦးမှာလား?" ကျိုးဖေးသည် မေးလိုက်ပြန်သည်။ သူမသည် ယခု ကျန်းဟန်အတွက် ဗီဒီယိုရိုက်ထားရန် တွေးနေပြီး ၎င်းကို အင်တာနက်ပေါ်တင်လိုက်ပါက သေချာပေါက် ကမ္ဘာ့စန္ဒယားလောက တစ်ခုလုံး လှိုင်းလုံးကြီးတစ်ခု ရိုက်ခတ်သွားမည်ကို သူမ သိပေသည်။
သို့သော် ကျန်းဟန်သည် ခေါင်းယမ်းလိုက်ကာ ပြောလိုက်သည်။
"ငါ မတီးချင်ဘူး"
ထိုစကားလုံးများဖြင့်ပင် ကျိုးဖေးကို ငြင်းလိုက်သည်။
ကျိုးဖေး၏မကျေမနပ်အမူအရာကိုမြင်သည့်အခါ ကျန်းဟန် ပြုံးလိုက်ပြီး
"အခု ၁၁ နာရီ ၃၀ ရှိနေပြီ။ ငါ နေ့လည်စာ ပြင်ရတော့မယ်။ မကြာခင် စားသုံးသူတွေ ရောက်လာတော့မယ်လို့ ငါထင်တယ်"
"ကောင်းပြီ နောက်တစ်ခါကျမှဘဲ ဗီဒီယိုရိုက်တော့မယ်" ကျိုးဖေး နာခံစွာပင် ခေါင်းညိတ်လိုက်သည်။
"အစ်ကို ငါတို့နေ့လည်စာကို ဘာစားရမှာလဲ?"
ကျန်းဟန် ချက်ပြုတ်တော့မည်ကို ကြားသည့်အခါ ကျန်းလီချက်ချင်းပင် တက်ကြွလာသည်။ သူမသည်အလည်း အမှန်တကယ် အစားသရဲတစ်ယောက်သာဖြစ်ပေသည်။
"အာလူးနည်းနည်းရယ်၊ သခွားသီးရယ်၊ ပဲရယ် ရှိတယ်။ မင်းတို့ ဘာစားချင်ကြလဲ?" ကျန်းဟန် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
ကျန်းဟန်၏အမေးကို ကြားသည့်အခါ ကျောက်ဖုန်း စိတ်လှုပ်ရှားသွားသည်။ သူသာ သူဌေးနှင့်ရင်းနီးလျှင် သူ ဟင်းလျာများကို မှာနိုင်သည်ဟု ခံစားလိုက်ရသည်။
"ငါ ကြက်သားစားချင်တယ်" ကျန်းလီ အလွန်ဝမ်းသားအားရဖြင့် ပြောသည်။
"ငါရောပဲ အသားစားချင်တယ်" ကျိုးဖေးသည် လျင်မြန်စွာပင် ထပ်ပြောလိုက်သည်။
"ကျွန်မလည်း....ကျွန်မက အဆင်ပြေပါတယ်" ဇီယန် နူးညံစွာပင်ပြောသည်။
"အင်း....ကျွန်တော်က သူဌေးဘာချက်ချက် စားမယ်"
ကျောက်ဖုန်းသည် ပြောရေးဆိုခွင့်မရှိသေးဟု ယူဆမိသည်။ တစ်ချိန်တည်းမှာပင် သူသည် သူဌေး ဘာကိုပဲချက်ချက် စားမည်ဖြစ်သည်။ ထို့ကြောင့် ထိုအတိုင်းပင် ပြောလိုက်သည်။
"ကြက်သားက နေ့လည်ခင်းမှာ မရနိုင်ဘူး။ ညကျရင်တော့ ရနိုင်တယ်" ကျန်းဟန် ပြန်ပြောသည်။
"အိုး ဟုတ်သားပဲ။ ခဲအို ဒီမှာ ခေါက်ဆွဲမရှိဘူးလား?" ကျိုးဖေးသည် ဇီယန်အား တစ်ချက်ကြည့်ကာ သူ့အား သတိပေးလိုက်သည်။
"အစ်မယန်က ခေါက်ဆွဲကြိုက်တယ်။ ဥပမာ ဝမ်တန်ခေါက်ဆွဲ၊ လက်လုပ်ခေါက်ဆွဲ၊ နန်းပြားတို့လိုမျိုးပေါ့။ ပြီးတော့ ဟော့ပေါ့ရော မရှိဘူးလား? အစ်မယန်က ဟော့ပေါ့ အရမ်းကြိုက်တာ။ ခဲအို ငါ ဒီအချက်အလက်တွေ နင့်ကို အခမဲ့ပြောပေးလိုက်တာနော်"
"အင်း"
ကျန်းဟန်သည် သူမအားကြည့်ကာ ဘာသိဘာသာပင် ပြန်ပြောသည်။
၎င်းကိုမြင်တော့ ဇီယန် စိတ်ထဲတွင် အနည်းငယ် ဒေါသထွက်သွားသည်။
ရှင့်အမူအရာက ဘာကိုဆိုလိုတာလဲ?
-C 98 End
-Book 7 End