အပိုင်း(၉၅)
"အင်း...အဲဒါလည်း အဆင်ပြေပါတယ်"
ကျန်းဟန် ခေါင်းညိတ်လိုက်သည်။
သူ၏အလုပ်ရှင်က စိတ်ထဲမထားသည်ကိုတွေ့လိုက်ရသည့်အခါ ကျွမ်းကျင်သူသည် စိတ်သက်ရာရစွာ သက်ပြင်းချလိုက်သည်။ ထို့နောက် သူသည် ပြုံးကာ
"သူဌေးရေရေကန်က သိပ်မကြာခင်ကလုပ်ထားသလိုပဲ။ ဒီလိုမျိုးအရည်အသွေးကောင်းတဲ့ ရေိကို ဘယ်ကနေရလာသလဲတော့ ကျွန်တော် တကယ်မသိဘူး။ ဈေးကွက်ထဲမှာ ဒီရေအရင်းအမြစ်ကို ကျွန်တော့ မတွေ့ဖူးဘူး။ ရေထဲမှာက ဇီဝပိုးမွှားတွေ မရှိဘူး။ အဲ့လိုမျိုးဆိုတော့ ငါးတွေကို အစာပုံမှန်ကျွေးဖို့တော့ လိုလိမ့်မယ်"
"ရေကန်အောက်ခြေမှာ ငါးစာတွေပြင်ထားပြီးပါပြီ"
ကျန်းဟန် ခေါင်းညိတ်လိုက်သည်။ အစာနှင့်ပက်သတ်၍ အသားမြက်များရှိနေသဖြင့် ကျန်းဟန် စိတ်ပူစရာမလိုအပ်ချေ။
"အဲ့လိုလုပ်လို့မရပါဘူး"
ကျွမ်းကျင်သူ၏အမူအရာမှာ ပြောင်းလဲသွားပြီး သေချာပြောလိုက်သည်။
ငါးအစာကျွေးခြင်းသည် လေ့ရန်ထားရန် လိုအပ်သည်။ ၎င်းမှာ အလွန်အကျွံမဖြစ်နိုင်ချေ။ ငါးများသည် အစာဝသွားပါက ၎င်းတို့၏အသက်ရှုနှုန်းမှာ မြန်ဆန်လာပြီး အစာခြေရန် အောက်ဆီဂျင်က ကူညီပေးသည်။ အကယ်၍ ရေသည် ဟိုက်ပိုဆစ်ဖြစ်ပါက ငါးမှာ အစာဝသည့်အခါ သေချာပေါက်သေဆုံးသွားပေမည်။ ငါးစာကျွေးသည့်အခါ သေချာဂရုစိုက်ရန်လိုအပ်ပြီး အချို့ ညံ့ဖျင်းသည့်အစာများကို အများအပြားမကျွေးနိုင်ပေ။ ညံ့ဖျင်းသည့်အစာများမှာ ရေနှင့်ထိတွေ့သည့်အခါ ပွထလာပြီး ငါး၏အစာအိမ်ထဲတွင် ဖောင်းပွလာကာ အစာအိမ်ပေါက်သွားပေမည်။
"ကောင်းပါပြီ"
ကျန်းဟန် မထူးမခြားနားပင် ပြန်ပြောလိုက်သည်။
ကျွမ်းကျင်သူပြောသည့်အကြောင်းအရာများမှာ ကျိုးကြောင်းဆီလျော်သော်လည်း ဤနေရာသည် လခြမ်းတောင်ဖြစ်သည်။ သာမန်အသိဖြင့် ဆုံးဖြတ်နိုင်သည့် အရာမဟုတ်ပါပေ။
ရေက ဟိုက်ပိုဆစ်ဖြစ်မှာလား? အဲ့လိုဖြစ်စရာမရှိပါဘူး။ ဒါက စိတ်ဝိဉာဉ်ရေတွေလေ။
အစားလွန်ပြီးသေဆုံးမှာလား? စိတ်မကောင်းပါဘူး။ ငါးတွေက အသားမြက်ကိုပဲ စားတယ်။ အဲ့လိုမျိုး ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူး။
စိုးရိမ်စရာ ဘာမျှမရှိချေ။ ကျောက်ဖုန်းသည် ကျန်းဟန်၏ရည်ရွယ်ချက်ကို သိသဖြင့် မျက်မှန်နှင့် ကျွမ်းကျင်သူကို ကြည့်လိုက်ပြီး "ကောင်းပြီ စလိုက်ကြရအောင်"
"ကောင်းပါပြီ"
ကျွမ်းကျင်သူသည် ခေါင်းညိတ်လိုက်ပြီး သူ၏အဖော်များဆီသိုလှည့်ကာ
"လာကြ။ အလုပ်လုပ်ကြမယ်။ ငါးမျိုးပေါ်က်တွကို ရေကန်ထဲလွှတ်ရအောင်"
ငါးများသည် ရေကန်ထဲသို့ ရောက်ရှိသွားသည်နှင့် တစ်စုံတစ်ရာကို ခံစားမိပြီး ပျော်ရွှင်သွားပုံရကာ ကန်ထဲတွင် ကူးခတ်နေကြသည်။ တစ်ခါတစ်ရံ ရေထဲမှခုန်နေကြကာ ရေမျက်နှာပြင်တွင် လှိုင်းများဖြစ်ပေါ်ပြီး ရေကန်ကို အသက်ဝင်လာစေသည်။
ငါးနှင် ပုစွန်မျိုးပေါက်များကို ရေကန်ထဲလွှတ်ပြီးနောက် ကျောက်ဖုန်းသည် လက်ပြနှုတ်ဆက်ကာ ၎င်းတို့အား ပြန်ခိုင်းလိုက်သည်။
သူတို့သည် ဓာတ်ပုံအနည်းငယ်ရိုက်ရန် ခွင့်တောင်းကြသည်။ ကျန်းဟန် ခေါင်းညိတ်သဘောတူလိုက်သည်နှင့် ဝမ်းသာအားရပင် ဓာတ်ပုံရိုက်ကြသည်။ နေရာတိုင်းတွင် စုံနေအောင် ရိုက်ချင်သော်လည်း မိနစ်အနည်းငယ်ကြာပြီးနောက် ရှောင်ဟေးရောက်ရှိလာကာ ၎င်းတို့အား အစွယ်ထုတ်ပြ၍ မာန်ဖီလိုက်သဖြင့် တောင်ပေါ်မှ ဆင်းသွားကြသည်။
ငါးကန်ပြီးသွားသည်နှင့် ကျန်းလီနှင့်ကျိုးဖေးသည် တောင်ပေါ်မှ ဖြည်းညှင်းစွာလျှောက်လာကြသည်။
"အစ်ကို"
ကျန်းလီသည် ပြေးလာပြီး စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။
"အစ်ကို ရှေ့ကပန်းတွေက အရမ်းလှတာပဲ။ နင်ဘယ်လိုစိုက်ထားတာလဲဟမ်?"
"ဟုတ်တယ် ဟုတ်တယ်။ ခဲအို။ နင်က အရမ်းတော်တာပဲ။ ငါတကယ် နင့်အတွက် လုပ်ပေးစရာတွေ အများကြီးရှိသေးတာပဲ။ ဒီလို သုခဘုံတစ်ခုကို နင် ဆောက်နိုင်လိမ့်မယ်လို့ ငါမထင်ထားဘူး။ ဒီနေရာက အရမ်းလှတယ်"
ကျိုးဖေး၏မျက်လုံးများမှာ ပြူးကျယ်နေပြီး အကဲပိုသည့်အမူအရာဖြင့်ပြောသည်။
"ဒီပန်းတွေကိုကြိုက်ရင် ပြန်စိုက်ဖို့ နည်းနည်းလောက် ယူသွားလေ"
ကျန်းဟန် ပေါ့ပေါ့ပါးပါးပင် ပြန်ပြောသည်။
ထိုစကားကိုကြားသည့်အခါ ကျိုးဖေး၏မျက်လုံးများမှာ တောက်ပသွားသော်လည်း ကျန်းလီသည် ခေါင်းကို အဆက်မပြတ်ခါယမ်းကာ ပြောလိုက်သည်။
"အဲ့လိုလုပ်လို့မဖြစ်ပါဘူး။ ငါတို့မှာ ပန်းတွေကို ဂရုစိုက်နေဖို့ အချိန်မရှိဘူး။ တကယ်လို့ သူတို့သေသွားကြရင် ဘယ်လောက်ဝမ်းနည်းဖို့ကောင်းလဲ?"
"အမှန်ပဲ။ ဟင်း... လူတိုင်းက ပန်းလှလှလေးတွေကို ကြိုက်ကြပါတယ်။ ဒါပေမဲ့ သူတို့က အရမ်းလှလွန်းတယ်။ တစ်ပင်လေးတောင် စိုက်ဖို့မရဲဘူး။ တကယ်ကို စိတ်မကောင်းစရာပဲ"
ကျိုးဖေး၏မျက်နှာမှာ ခါးသက်သွားသည်။
ထိုပန်းလှလှလေးများကို သူတို့ နည်းနည်းလေးမှ မစိုက်ဝံ့ချေ။ သူတို့ကိုယ်ကိုယ် ၎င်းတို့ကို ဂရုမစိုက်နိုင်မှာတော့ ဒီမှာပဲ ထားခဲ့တာက ပိုကောင်းပေသည်။ အချိန်ရသည့်အခါ သူမတို့ ဒီနေရာသို့လာပြီး မညှိုးမချင်း အလှအပကိုခံစားကြသည်က ပိုကောင်းပါသည်။
သို့သော် သူမတို့မသိခဲ့သည်က လခြမ်းတောင်၏စိတ်ဝိဉာဉ်မြေဆီလွှာတွင် ရှိနေသမျှကာလပတ်လုံး စိတ်ဝိဉာဉ်ရေ၏အာဟာရဖြည့်မှုဖြင့် ပန်းများမှာ မညှိုးနွမ်းရုံမက ကြာရှည်စွာ ပွင့်လန်းနေကြမည်ဖြစ်သည်။ စိတ်ဝိဉာဉ်ရေကို အာဟာရ မရရှိသည့်အခါမှ ညှိုးနွမ်းပေလိမ့်မည်။
လက်ရှိဈေးကွက်တွင် နည်းပညာများဖွံ့ဖြိးတိုးတက်ပေသည်။ နိုင်ငံတစ်ခု၏ပန်းကုမ္ပဏီတစ်ခုတွင် နေရောင်ခြည်နှင့် ရေလောင်းရန်မလိုအပ်သည့် မိန်းမလှလေးနှင့်သားရဲနှင်းဆီအမျိုးအစား ပန်းတစ်မျိုးကို တီထွင်နိုင်ခဲ့သည်။ ဖန်ပုလင်းဖြင့် ထည့်ထားသည့်အခါ ထိုပန်း၏ဈေးနှုန်းသည် ဒေါ်လာ တစ်သောင်းမှ သုံးသောင်းကြား ရှိပြီး လခြမ်းတောင်၏ပန်းများဆိုလျှင် ပြောနေစရာပင်မလိုတော့ချေ။
နှိုင်းယှဉ်မှုမရှိလျှင် ထိခိုက်မှုလည်းမရှိနိုင်သကဲ့သို့ အကယ်၍ ဈေးကွက်ထဲမှပစ္စည်းများနှင့် လခြမ်းတောင်မှပစ္စည်းများကို ယှဉ်ကြည်ပါက သွေးအန်သည်အထိ စိတ်ဓာတ်ကျသွားပေမည်။
"အိုး...ဟုတ်သားပဲ...သူဌေး....." ကျောက်ဖုန်း တစ်စုံတစ်ရာပြောခါနီးတွင်။
"ဖေဖေ ဒီကိုမြန်မြန်လာ!"
ကျန်းဟန်သည် အချိန်အတော်ကြာ ထွက်သွားသည့်အတွက်ကြောင့် မင်းသမီးလေးသည် ကစားရန် မစောင့်နိုင်တော့ဘဲ အသားကုန်အော်ဟစ်လိုက်သည်။
မင်းသမီးလေး၏ခေါ်သံကိုကြားသည်နှင့် ကျန်းဟန်သည် အခြားသူများကို လစ်လျူရှုထားသည့်အမူအရာဖြင့် ချက်ချင်းလျှောက်ထွက်သွားသည်။
ကျောက်ဖုန်း၏နှုတ်ခမ်းထောင့်မှာ ရှုံ့မဲ့သွားပြီး ခွန်အားမဲ့နေသည့်မျက်နှာထားဖြင့် ကျန်းဟန်၏နောက်မှ လိုက်သွားသည်။
ဘေးနားရှိ ကျန်းလီနှင့် ကျိုးဖေးသည် ကျောက်ဖုန်း၏အမူအရာကို ကြည့်ပြီး ရယ်မောလိုက်ကြသည်။
"ဟေး ဖေဖေ ဘာလို့ အရမ်းနှေးတာလဲ? မုန့်မုန့်က အဝေးထိန်းလေယျာဉ်ပျံနဲ့ ကစားချင်နေပြီ။ မစောင့်နိုင်တော့ဘူး"
ရှေ့သို့လျှောက်လာရင်း မုန့်မုန့်သည် အဝေးထိန်းလေယျာဉ်ဘူးလေးကို သယ်ကာ ကျန်းဟန်ဆီသို့ စိတ်အားထက်သန်စွာပြေးလာသည်။ မင်းသမီးလေးသည် ဖေဖေကို ဘူးဖွင့်ပြီး အဝးထိန်းလေယာဉ်ကို တပ်ဆင်ခိုင်းကာ သူမ၏မေမေအား ထိတောင်ထိခွင့်မပေးချေ။
"ဖေဖေ လာနေပြီ"
ကျန်းဟန်သည် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် မုန့်မုန့်ကို ပွေ့ချီလိုက်ကာ ဇီယန်၏ဘေးရှိ နေရာတွင် ပြန်ထိုင်လိုက်သည်။ သူသည် ဘူးကိုဖွင့်လိုက်ပြီး မုန့်မုန့်ကစားရန် လေယာဉ်ကို ပြင်ဆင်ပေးလိုက်သည်။
"အစ်မယန်၊ ခဲအို က အရမ်းအံ့ဩဖို့ကောင်းတာပဲ။ ဒီလိုနေရာကို တည်ဆောက်နိုင်တယ်။ ဘုရားရေ ငါတကယ် အရင်က တွေးတောင်မတွေးရဲခဲ့ဘူး"
ကျိုးဖေးသည် ဇီယန်၏ဘေးတွင် ထိုင်ရင်း လေးစားစွာပြောလိုက်သည်။
"အမှန်ပဲ ယောင်းမ။ ငါ့အစ်ကိုမှာ ဒီလို အရည်အချင်းရှိမှန်း ငါတောင်မသိလိုက်ဘူး။ မင်းနဲ့အတူတူနေပြီးမှ ပိုပြီးတော့တောင် သန်မာလာပုံရတယ်" ကျန်းလီသည် ခေါင်းယမ်းကာ ရယ်မောလိုက်သည်။
တစ်ချိန်တည်းမှာပင် သူမ၏စိတ်ထဲတွင် ခံစားချက် အနည်းငယ် ရှိနေသည်။ သူမသည် ယခုကဲ့သို့ တာဝန်သိတတ်သည့် အစ်ကိုကို တစ်ခါမျှ မမြင်ခဲ့ဖူးချေ။ မုန့်မုန့်ရောက်လာပြီးနောက်ပိုင်းတွင် ဤသို့ပြောင်းလဲသွားနိုင်ပါ့မလား?
ကျန်းလီသည် သူမဘာတွေးနေမိသည်ကို မိသသော်လည်း ယခင်က မောက်မာပြီး အထက်စီးဆန်သည့်ကျန်းဟန်နှင့်ယှဉ်လျှင် သူမသည် လက်ရှိ ကျန်းဟန်ကို ပို၍နှစ်သက်ကြောင်း သူမသိပေသည်။
ကျန်းလီနှင့် ကျိုးဖေးတို့ နှစ်ယောက်လုံး ကူရှင်ပေါ်တွင် ဝင်ထိုင်လိုက်ကြသော်လည်း ကျောက်ဖုနး်သည်တော့ ဝင်မထိုင်ချေ။ ထိုအစား သူသည် ဇီယန်ကို အနည်းငယ်ပြုံးကာ နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ သူဌေးကတော်"
ထိုလူများ၏စကားများကိုကြားသည့်အခါ ဇီယန် ဖျော့တော့စွာပြုံးလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ တစ်ချိန်တည်းတွင် ကျိုးဖေးအား ထူးဆန်းသည့်အမူအရာဖြင့် စိုက်ကြည်နေခဲ့သည်။
ကျောက်ဖုးန်သည် အပြင်လူဖြစ်သဖြင့် သူမအား သူဌေးကတော်ဟု ခေါ်ဆိုသည်မှာ အဆင်ပြေပေသည်။ ကျန်းလီသည်လည်း ကျန်းဟန်၏ ညီမဖြစ်၍ သူမအား ယောင်းမဟု ခေါ်နိုင်သည်။သို့သော် မနေ့ညကတည်းကနေ ယခုအချိန်ထိ "ခဲအို" ဆိုသည့် နာမည်ကို ကျိုးဖေး အကြိမ်သုံးဆယ်မက ခေါ်နေခဲ့ပြီးပြီမဟုတ်ပါလား?
ထိုသစ္စာဖောက် ကျိုးဖေးကို ဇီယန် မျက်စောင်းထိုးကြည့်ရုံသာ တတ်နိုင်တော့သည်။
"ဟီးဟီး.."
ကျိုးဖေး စပ်ဖြဲဖြဲလုပ်လိုက်သည်။ ဇီယန်၏အမူအရာကိုကြည့်ရသည်မှာ ထိုအတွက် သူမ ဗွေမယူသည်ကို သိနိုင်ပေသည်။ တစ်နည်းဆိုသော် သူမသည် ကျန်းဟန်ကို လုံးဝ မငြင်းပယ်ဘဲ သူ့ကို သဘောကျရန်မှာ ဖြစ်နိုင်ချေရှိပေ၏။
သို့သော် အခြားတစ်ဖက်တွင် သူတို့၏စကားလုံးများကြောင့် မုန့်မုန့်၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။ မင်းသမီးလေးသည် ကျိုးဖေးဘက်သို့ ခေါင်းလှည့်ကြည့်ကာ သူမလေး၏ချစ်စရာပါးစပ်လေးကို နှုတ်ခမ်းစူရင်းဖြင့်
"အမ်။ ဖေဖေ က ဒါကို မုန့်မုန့်အတွက် လုပ်ပေးထားတာ။ မုန့်မုန့်အတွက် သုခဘုံလေး"
ထိုစကားကိုပြောပြီးသည်နှင့် မုန့်မုန့်သည် ချက်ချင်း ကျန်းလီကို ကြည့်ကာ
"သမီးရဲ့ဖေဖေက အမြဲတမ်း သန်မာတယ်။ စွမ်းအားအကြီးဆုံးပဲ"
နောက်ဆုံးတွင် မုန့်မုန့်သည် ကျောက်ဖုန်းကို ကြည်လင်တောက်ပသည့် မျက်လုံးကြီးများဖြင့် ကြည့်ကာ
"ဟွန့် ဦးဦးက ဘယ်လိုပြောရမှန်းတောင်မသိဘူး။ သူဌေးကတော်လှလှလေး လို့ ပြောရမှာ။ သမီးမေမေက အလှဆုံးပဲ" ဟု ပြောလိုက်သည်။
ထိုသို့ပြောပြီးသည်နှင့် မုန့်မုန့်သည် ကျန်းဟန်ကို လှည့်ကြည့်ကာ
"ဖေဖေ မုန့်မုန့်ပြောတာမှန်တယ်မလားဟင်?"
"ဟားဟားဟား...."
ကျန်းဟန် အားရပါးရ ရယ်မောလိုက်သည်။ ထို့နောက် မုန့်မုန့်၏ နူးညံ့သိမ်မွေ့သည့် လည်ပင်းလေးကို သူ၏ညာလက်ဖြင့် ဂရုတစိုက်ပွတ်သပ်ပေးရင်း
"မုန့်မုန့်ပြောတာ လုံးဝမှန်တယ်"
"ခစ်ခစ် ခစ်ခစ်....."
မုန့်မုန့်သည် ဝမ်းသာပျော်ရွှင်စွာ ရယ်မောလိုက်၏။
မုန့်မုန့်၏ ချစ်စရာအသွင်ကိုကြည့်ပြီး ဇီယန်၊ ကျိုးဖေး၊ ကျန်းလီ နှင့် ကျောက်ဖုန်းတို့လည်း မရယ်ဘဲ မနေနိင်ကြချေ။
"ကောင်းပြီ မုန့်မုန့် စလိုက်ကြရအောင်...."
ကျန်းဟန်သည် အဝေးထိန်းလေယာဉ်ကို ရှေ့တွင်ချလိုက်ပြီး ပလေးစတေရှင်ဂိမ်းခလုတ်ကဲ့သို့ အဝေးထိန်းခလုတ်ကို ကိုင်ထားသည်။ ကျန်းဟန်သည် မုန့်မုန့်အား အစမ်းသရုပ်ပြကာ သင်ပေးလိုက်သည်။
"ဘယ်ဘက်က ခလုတ်ကိုကြည့်၊ ဒါက လေယာဉ်ကို အပေါ်ပျံတက်တဲ့ခလုတ်၊ ညာဘက်က ဟာက လမ်းကြောင်းပြေားဖို့အတွက်...."
"အိုက်ယား...ဖေဖေကလည်း မုန့်မုန့်က အဲဒါကို သိတာဖြင့် ကြာ....လှပြီ။ မုန့်မုန့် ကစားချင်တယ်။ ကစားချင်တယ်..."
မုန့်မုန့်သည် ယခင်ကလည်း အဝေးထိန်းလေယာဉ်ဖြင့် ကစားခဲ့ဖူးသည့်အတွက် သူမသည် ခလုတ်များကို ကောင်းကောင်းသိပေသည်။
၎င်းကိုမြင်သည့်အခါ ကျန်းဟန်ရယ်မောလိုက်ပြီး မုန့်မုန့်ကို သူ၏ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ အဝေးထိန်းခလုတ်ကို မုန့်မုန့်ဆီပေးလိုက်ကာ မင်းသမီးလေးသည် အဝေးထိန်းခလုတ်ဖြင့် စတင်ကစားတော့သည်။
"ဝါး...တက်သွားပြီ၊ နည်းနည်းပိုမြင့်မယ်၊ ဟမ် ဘယ်ကိုကွေ့မယ်။ အိုး...ညာဘက်ကိုကွေ့မယ်..အိုက်ယား...ဖေဖေ လေယာဉ်က ပြုတ်ကျတော့မယ်။ ဘာလုပ်ရမလဲ ဖေဖေ သမီးကို ကယ်ပါဦး...."
မုန့်မုန့်သည် ကစားနေရင်း လေယာဉ်ကို မထိန်းနိုင်တော့ဘဲ ဘေးသို့ယမ်းကာ ပြုတ်ကျသွားသည်။ ပျက်ကျတော့မည်ကို တွေ့လိုက်သဖြင့် ကျန်းဟန်သည် သူမလေး၏လက်ကို ဆုပ်ကိုင်ကာ လေယာဉ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး အခြေအနေကို အလျင်အမြန်ကယ်တင်လိုက်သည်။
၎င်းက မုန့်မုန့်အား ပို၍ ပျော်ရွှင်စေသည်။ ယခင်က စကားခဲ့သည်များမှာ ဖေဖေ၏ရင်ခွင်ထဲတွင် ကစားရသည်လောက် ပျော်ဖို့မကောင်းပေ။
ကျောက်ဖုန်း၊ ကျန်းလီနှင့် ကျိုးဖေးတို့သည် ခဏကြာ စကားပြောနေကြပြီးနောက် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။
ထိုမိသားစုအား သီးသန့်အချိန်ပေးထားသင့်သည်ဟု သူတို့အားလုံး ခံးစားမိသည်။
"အစ်ကို ဒါဆို ငါတို့ အရင်ပြန်နှင့်တော့မယ်။ သိပ်ပြီး နောက်မကျစေနဲ့။ နေ့လည်စာထမင်းချက်ဖို့ ပြန်လာမှာကို စောင့်နေမယ်"
"အင်း"
ကျန်းဟန် ခေါင်းပင်လှည့်မကြည့်ပဲ တစ်လုံးတည်းပြန်ဖြေသည်။
ထို့ကြောင့် ကျန်းလီနှင် ကျိုးဖေးတို့သည် မပြန်ချင် ပြန်ချင်ဖြင့် ထွက်ခွာသွားကြသည်။ အခြားတစ်ဖက်တွင် ကျောက်ဖုန်းသည်တော့ လခြမ်းတောင်သို့ အကြိမ်အနည်းငယ် ရောက်ဖူးပြီးသားဖြစ်သည်။ ထို့ကြောင့် သူမတို့ကဲ့သို့ တွန့်ဆုတ်မနေတော့ချေ။
သူတို့ထွက်ခွာသွားကြပြီးနောက် ကျန်းဟန်သည် မုန့်မုန့်နှင့်ဆက်၍ ကစားနေခဲ့သည်။ ဘေးနားရှိ ဇီယန်သည် အဖေနှင့် သမီး သားအဖကို အနည်းငယ် ဝေဝါးသည့်အကြည့်ဖြင့် ကြည့်နေခဲ့သည်။
ထိုအခိုက်အတန့်၌ ဘေးနားရှိ မွေးမြူရေးဧရိယာတွင်။
သိုးများ၊ နွားများ၊ နို့စားနွားများ၊ တိုင်ဟူနွားနက် စသည်တို့သည် ၎င်းတို့၏ကိုယ်ပိုင်နေရာများတွင် လှည့်လည်သွားလာနေကြသည်။ ဘဲများ နှင့် ငန်းများသည် ရေစပ်တွင် ဆော့ကစားနေကြပြီး အရွယ်ရောက်ပြီးသား ကြက်များသည်တော့ သုံးလေးငါးကောင် အုပ်စုလိုက် ရေသောက်နေကြသည်။
ကျန်းဟန်သည် မရည်ရွယ်ဘဲ သူ၏အကြည့်ကို လွှဲလိုက်သည်။
ဟမ်?
ရုတ်တရက် ကျန်းဟန်၏အကြည့်သည် အရွယ်ရောက်ပြီး ကြက်အုပ်ထံတွင် ရပ်တန့်သွားသည်။
ဆယ်မိနစ်ခန့် ကြည့်လိုက်ပြီးနောက်တွင် ပြဿနာတစ်ခုကိုတွေ့လိုက်သည်။
အရွယ်ရောက်ပြီး ကြက်မှာ စုစုပေါင်း ၃၁ ကောင်ရှိပြီး ဇီယန်ပြန်လာသည့်နေ့က သူတို့ နှစ်ကောင်စားလိုက်သည်။ အနည်းဆုံး ၂၉ ကောင်ကျန်ရမည်ဖြစ်သော်လည်း ယခု ကျန်းဟန် အချိန်အတော်ကြာ စောင့်ကြည့်ပြီးနောက်တွင် ကြက်မှာ ၂၇ ကောင်သာ ရှိတော့သည်။
ဘာတွေဖြစ်နေတာလဲ?
ကျန်းဟန်သည် မုန့်မုန့်ကို ဇီယန်ထံသို့ လွှဲပေးလိုက်ပြီး စစ်ဆေးရန် လျှောက်သွားသည်။
ဘေးနားရှိလမ်းလျှောက်နေသည့် ရှောင်ဟေးသည် ကျန်းဟန်လျှောက်သွားသည်ကို မြင်သည့်အခါ သူ၏အမူအရာမှာ ရုတ်တရက် နောက်တွန့်သွားသည်။ သူ၏အမြီးကို ခြေထောက်ကြားသို့ ကုတ်ကာ အလွန်လိမ္မာရေးခြားရှိသော ကလေးလေးကဲ့သို့ မုန့်မုန့်၏ဘေးနားသို့ တစ်လှမ်းချင်းလျှောက်သွားသည်။
ယေဘုယျအားဖြင့် ခွေးများသည် သူတို့အမှားလုပ်မိသည်ဟုယူဆသည့်အခါမှသာ ဤသို့ သတိကြီးကြီးထားပြီး အလွန်နာခံတတ်သည့်အမူအရာ ပြုမူကြလေ့ရှိသည်။
ကျန်းဟန်သည် ကြက်အိပ်တန်းစင်၏ဘေးနားသို့ တန်းတန်းမတ်မတ်လျှောက်သွားပြီး အတွင်းဘက်သို့ လှမ်းကြည့်လိုက်သည်။ မြုံ့ထဲတွင် ဥ ဥနေသည့် ကြက်မရှိဘဲ အပြင်ဘက်တွင် ကြက် ၂၇ ကောင်သာ ရှိနေသည်။ အမှန်တကယ် ကြက်နှစ်ကောင် ပျောက်နေသည်။
ထို့ကြောင့် ကျန်းဟန်သည် ရှောင်ဟေးအား ကြည့်လိုက်သည်။ သူ၏အမူအရာကိုမြင်သည့်အခါ ကျန်းဟန် ရယ်ရခက် ငိုရခက်ဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။
ရှောင်ဟေးသည် သူ၏ခြေထောက်ကြားတွင် အမြီးကို ကုတ်ကာ လမ်းလျှောက်နေသည်။ ရှက်ရွံသလိုလိုပုံစံဖြင့် ချဉ်းကပ်လာသည့် ရှောင်ဟေးကို ကြည့်ရသည်မှာ တစ်ခုခုမှားနေပုံရသည်။
ကျန်းဟန် ပြုံးကာ ခေါင်းယမ်းလိုက်ပြီး
"မင်း ကြက်နှစ်ကောင်စားလိုက်တာလား?"
ကျန်းဟန်အတွက် ကြက်အနည်းငယ်စားလိုက်ပါက ပြဿနာမရှိပေ။ နောက်ဆုံးတွင်တော့ ရှောင်ဟေးသည်လည်း ထိုအသားစားသတ္တာဝါများထဲမှ တစ်ကောင်ပင်မဟုတ်ပါလား။ သို့သော် ယခု လခြမ်းတောင်တွင် ကြက်မှာ အကောင်ရေအနည်းငယ်သာရှိသေးသည်။ ထို့ကြောင့် သကောင့်သားအား အလွန်အကျွံ စားခွင့်ပြု၍ မဖြစ်ပေ။
သူ၏စကားကိုကြားသည့်အခါ ရှောင်ဟေးသည် ခေါင်းယမ်းလိုက်ပြီး သူကိုယ်တိုင်မစားသည့်အကြောင်း ပြသသည်။ တစ်ချိန်တည်းမှာပင် သူ၏အနောက်ဘက် တောအုပ်ဆီသို့ လှည့်ကြည့်သည်။
"အိုး?"
ကျန်းဟန် မျက်မှောင်ကြုတ်ကာ တစ်ချက်ကြည့်လိုက်သ်ည။
တစ်ခြားတစ်ကောင်က ကြက်ကို စားနေတာလား?
ကျန်းဟန်၏ခန္ဓာကိုယ်ရှိ စိတ်ဝိဉာဉ်စွမ်းအင်များသည် သူ၏မွေးရာပါ စွမ်းရည်ဖြစ်သော ရတနာအနံ့ခံနှာခေါင်းဆီသို့ စီးဆင်းသွားသည်။ တောအုပ်ဆီသို့ ဦးတည်လိုက်ရာ ကျန်းဟန်သည် သွေးနံ့ကို ခံစားလိုက်ရသည်။
ထိုနေရာတွင် လတ်ဆတ်သည့်သွေးနံ့ ရှိနေသည်။
တစ်ယောက်ယောက် စားခဲ့တာလား? ဒါမှမဟုတ် အဲဒီမှာ တခြားတစ်ခုခုရှိနေတာလား?
ကျန်းဟန်သည် တောအုပ်ဆီသို့ လျှောက်သွားသည့်အခါ ရှောင်ဟေးသည် အပြစ်ရှိသည့်အမူအရာဖြင့် သူ၏နောက်မှ ကပ်လိုက်လာသည်။
သို့သော် တောအုပ်အစွန်သို့ ရောက်သည်နှင့်....
"ပလုံ!"
နောက်ဘက်ရှိ ရေကန်သည် ရုတ်တရက် ရေပွက်သံ ထွက်ပေါ်လာသည်။
ကျန်းဟန် လှည့်ကြည့်လိုက်သည့်အခါ မုန့်မုန့်သည် စိုးရိမ်တကြီးဖြင့် အော်ဟစ်နေသည်ကို တွေ့လိုက်ရသည်။
"မေမေ မေမေ!"
သူမ ရေထဲကျသွားတာလား?
......
ကျန်းဟန် သစ်တောဘက်သို့ သွားရန်ပြင်လိုက်သည့်အချိန် သူ၏အကြည့်က မုန့်မုန့်၏ဘေးနားသို့ ရောက်သွားသည်။
မုန့်မုန့်သည် လေယာဉ်ကို ထိန်းချုပ်ရင်း နောက်တစ်ကြိမ် ပြုတ်ကျခဲ့သည်။
"အိုက်ယား မေမေ မေမေ လေယာဉ်ပျက်ကျတော့မယ်"
ဇီယန်သည် ကမန်းကတန်းဖြင့် အခြေအနေကို ကယ်တင်ရန် ကြိုးစားလိုက်သော်လည်း သူမ မကယ်တင်နိုင်ခဲ့ချေ။ လေယာဉ်သည် ရေကန်ထဲသို့ ကျလုနီးနီးဖြစ်နေပြီး အတွင်းဘက်ကမ်းနား ဟော်လီပင်များတွင် ချိတ်နေသည်။
ဇီယန်သည် လေယာဉ်ကို ပြန်ယူရန် လျှောက်သွားပြီး သူမ၏ကိုယ်ကို လှမ်းလိုက်ရာ ဘေးသို့ချော်သွားပြီး ဟန်ချက်မထိန်းနိုင်ဘဲ ရေကန်ထဲသို့ ပြုတ်ကျသွားသည်။
ရေကန်သည် ထိုမျှ နက်လိမ့်မည်ဟု သူမ မမျှော်လင့်ထားချေ။ မူလက ရေကူးတတ်သော်လည်း ရုတ်တရက်ဖြစ်၍ ထိတ်လန့်သွားသည်။ သူမသည် ရေမျက်နှာပြင်ကို လက်ဖြင့် တဖြန်းဖြန်း ဆက်တိုက်ပုတ်နေသည်။
၎င်းကိုမြင်သည့်အခါ ကျန်းဟန် တုန်လှုပ်သွားပြီး ချက်ချင်းနောက်ပြန်ပြေးသွားသည်။ သူတစ်ကိုယ်လုံးရှိ စိတ်ဝိဉာဉ်စွမ်းအင်များကို လှည့်ပတ်လိုက်ပြီး ခြေထောက်နှစ်ဖက်ဆီသို့ စိတ်ဝိဉာဉ်စွမ်းအင်များဖြန့်ကျကာ လေးညှို့မှ ပစ်လွှတ်လိုက်သည့် မြှားတံကဲ့သို့ ရှေ့သို့ ပြေးထွက်သွားကာ ခုနှစ်မီတာ ရှစ်မီတာခန့် ရွေ့လျားသွားပြီး ခြေဖဝါးများသည် ရေမျက်နှာပြင်ကို ထိနေသည်။
ရေကို ပေါ့ပေါ့ပါးပါးပင် ထိသွားသည်မှာ ပုစဉ်းတစ်ကောင်ကဲ့သို့ပင်။ တစ်လှမ်းပြီးတစ်လှမ်း ညင်သာလွန်းသည့်အတွက် လှိုင်းမထချေ။
ဇီယန်သာ ဤမြင်ကွင်းကို မြင်လိုက်ပါက သူမ မယုံနိုင်လောက်အောင် ထိတ်လန့်သွားမည်မှာ သေချာသည်။
သို့သော် ယခုတော့ သူမ ဂရုမစိုက်နိုင်ချေ။
မီတာ ၂၀၀ ဝန်းကျင် အကွာအဝေးကို ကျန်းဟန်သည် ၁၀ စက္ကန့်သာ အသုံးပြုခဲ့သည်။
အနားသို့ရောက်သည့်အခါ ကျန်းဟန်သည် ရေထဲသို့ ခုန်ချလိုက်ပြီး ငါးတစ်ကောင်ကဲ့သို့ လျင်မြန်စွာ ကူးခတ်ကာ ဇီယန်ကို ဆွဲယူလိုက်သည်။
"အဟွတ် အဟွတ် အဟွတ်....ဖူး..."
ဇီယန်သည် ရေအနည်းငယ်ကို ထွေးထုတ်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ ကျန်းဟန်သည် သူမအား ရေကန်အစပ်သို့ ဆွဲတင်လိုက်သည်။
ကျန်းဟန်သည် သူမ၏လက်ကို တစ်ချိန်လုံး ဆုပ်ကိုင်ထားပြီး ကမ်းစပ်သို့အရင် ဆွဲတင်လိုက်သည်။ ထို့နောက် ဇီယန်ကို ဆွဲယူကာ သူ၏လက်မောင်းအတွင်းသို့ ပွေ့ချီလိုက်သည်။
"မေမေ..မေမေ...ဝါး..ဝါး....မေမေ အဆင်ပြေလား....?"
မုန့်မုန့်သည် ဘေးနားမှ စိုးရိမ်တကြီးဖြင့် ငိုနေသည်။
ဇီယန်ည် ချောင်းအနည်းငယ်ဆိုးလိုက်ပြီး အသက်ပြင်းပြင်းရှူကာ မုန့်မုန့်ကို ပြံး၍ ပြောလိုက်သည်။
"မေမေ အဆင်ပြေပါတယ်။ မုန့်မုန့် မငိုနဲ့တော့နော်"
ထိုနောက် ကျန်းဟန်သည် ဇီယန်ကို ပွေ့ချီကာ ကူရှင်ဆီသို့ လျောက်သွားသည်။ မုန့်မုန့်သည် မငိုတော့သော်လည်း သူမလေး၏မျက်လုံးထောင်များတွင် မျက်ရည်စလေးများ တွဲလဲခိုနေသေးသည်။
ဇီယန်ကို ကူရှင်ပေါ် ချပေးလိုက်ပြီးနောက် သူမသည် အားပြန်ပြည့်လာကာ မုန့်မုန့်ကို ခဏလောက် ချော့မော့လိုက်သည်။ ထိုအခိုက်အတန့်တွင် ကျန်းဟန်သည် ဘေးနားမှ တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။
ခဏအကြာတွင် မုန့်မုန့်သည် ပြန်၍ ပျော်ရွှင်လာသည်။ ဇီယန်သည် မုန့်မုန့်၏ခေါင်းလေးကို ပြုံးကာ ပွတ်သပ်ပေးရင်း ကျန်းဟန်ဘက်သို့ခေါင်းလှည့်ကာ အပြစ်တင်သည့်လေသံဖြင့် ပြောလိုက်သည်။
"ရေက အရမ်းနက်တယ်ဆိုတာကို ရှင်ဘာလို့ ကျွန်မကို မပြောတာလဲ?"
သူမလှည့်ကြည့်လိုက်သည့်အခိုက်အတန့်တွင် သူမ၏လှပသည် အသွင်အပြင်ကောက်ကြောင်းများသည် ကျန်းဟန်၏မြင်ကွင်းအတွင်း၍ ပြီးပြည့်စုံစွာ ပေါ်လွင်ပြသနေခဲ့သည်ဆိုတာကို သူမ နည်းနည်းလေးမှ မသိလိုက်ပေ။
ဇီယန်သည် ပါးလျသည့် အဖြူရောင် အားကစားဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏တစ်ကိုယ်လုံးမှာ စိုစွတ်နေပြီး အင်္ကျီမှာ ကပ်နေကာ ဝတ်ထားသည့် ပန်းရောင်အတွင်းခံလေးမှာ လုံးဝ ပေါ်လွင်နေသည်။ သူမ၏ ဖောင်းကြွတင်းရင်းနေသည့် အမို့အမောက် များမှာ လုံးဝပေါ်လွင်နေပြီး ကျန်းဟန်အား နှာခေါင်းသွေးလျှံသွားစေလောက်သည်။
ဤအခိုက်အတန့်တွင် သူမသည် ပါးလွှာသော အဖြူရောင်ပိတ်စဖြင့် ဖုံးအုပ်ထားသည့် နတ်သမီးရုပ်လေးအလားပင်။
ထင်ရှား မို့မောက်သည့် စနေနှစ်ခိုင်မှာ သွေးဆောင်ဖြားယောင်းနေပြီး ကိုင်ကြည့်ချင်စိတ်ပင် ပေါက်သွားစေသည်။
ကျန်းဟန်၏အကြည်များသည် အထိန်းအချုပ်မဲ့စွာဖြင့် အပေါ်အောက် စုံဆန်ရွေ့လျားနေပြီး သူ၏မျက်လုံးများတွင် အံ့ဩသမှုအချို့ရှိနေသည်။
မူလက ဇီယန်၏ပုံစံမှာ အနည်းငယ် ပိန်သည်ဟု သူခံစားရသည်။ သူမ၏ခန္ဓာကိုယ် အပေါ်ပိုင်းသည် တောင့်တောင့်တင်းတင်း မဟုတ်သော်လည်း အချို့နေရာများက ဤမျှလောက် ဖွံ့ဖြိုးကြီးထွားလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ချေ။
ကျန်းဟန်သည် ပြောင်ပြောင်တင်းတင်းပင် ၎င်းတို့အား ကြည့်နေရင်း စိတ်ထဲမှ ကြိတ်၍ ချီးကျူးလိုက်မိသည်။
ဇီယန်သည် သူ၏အကြည့်ကို သတိပြုမိသွားသည့်အခါ သူမကိုယ်သူမ ပြန်ငုံ့ကြည့်လိုက်ပြီး တစ်စုံတစ်ရာလွဲမှားနေကြောင်း တွေ့လိုက်ကာ မျက်နှာမှာ နီရဲသွားသည်။ သူမသည် ကျန်းဟန်အား လှပသည် မျက်လုံးများဖြင့် စိုက်ကြည့်ကာ နူးနူးညံ့ညံ့ပင် ကြိမ်းမောင်းလိုက်သည်။
"ရှင်ဘာကြည့်နေတာလဲ!"
-C 95 End