ဖီ မအားတာနဲ့ အပိုင်း (၁၂)ကို များများရေးမပေးလိုက်နိုင်ဘူး ဖြစ်သွားတယ်။ ဒါမို့ Eyes On Me မဖတ်ထားတဲ့သူတွေအတွက် ကိုးကိုးနဲ့တေးတေး ပထမဆုံးတွေ့တုန်းကအကြောင်းလေး အလွမ်းပြေ ပြန်တင်ပေးလိုက်ပါတယ်။
နောက် ကြိုအသိပေးချင်တာလေးက Mini-story ဆိုတဲ့အတိုင်း မှန်းခြေ ၁၅ပိုင်းလောက်ဆို အပြီးသတ်နိုင်တော့မှာပါ။ ကိုးကိုးတို့အတွက် တစ်ခုခုလိုအပ်တာ၊ အကြံပေးချင်တာများရှိရင် ပြောခဲ့လို့ရပါတယ်နော်....🤍
••••••••••••••••••••••••••••••••
တိမ်ထူထူညနေခင်းတစ်ခုတွင် ရန်ကုန်ရောက် သီပေါသားလေးတစ်ယောက် မျက်နှာငယ်ကလေးနှင့် လမ်းပျောက်နေရှာသည်။ ဘယ်ဘက်ကိုမော့ကြည့်လည်း တိုက်တွေ၊ ညာဘက်ကိုပြန်မော့ကြည့် တိုက်တွေ ... လက်ထဲကတတူတူမြည်နေသော ဖုန်းကိုပြန်ငုံ့ကြည့်တော့ ဘုန်းလျှံမောင် ခေါင်းပင်မူးသွားချေပြီ။ ယခုအချိန်ထိ သူ့အစ်ကိုဖြစ်သူ အေးချမ်းမောင်မှာ ဖုန်းကိုမကိုင်သေးပေ။
နိုဝင်ဘာကျောင်းပိတ်ရက် သီပေါကိုပြန်မည်အပြု ကိုကြီးကမေမေကြီးဖို့ လက်ဆောင်ပစ္စည်းတွေ ထည့်ပေးချင်သည်ဆိုသောကြောင့်သာ သူ တိုက်ခန်းလိုက်ရှာနေရတာဖြစ်သည်။ တိုက်နံပါတ်(၂၁)လို့ပဲပြောထားပြီး ဖုန်းကမကိုင်တော့ တစ်ခန်းချင်းပဲ တံခါးလိုက်ခေါက်ကာ မေးရတော့မလို။ သည်လိုနှင့် ဘုန်းလျှံမောင်တစ်ယောက် ကြံရာမရဖြစ်နေခိုက် လူတစ်ယောက် ထိုတိုက်နံပါတ် (၂၁) ထဲသို့ ဝင်သွားသောအခါ၊
"ဟို .. ဟိုအကိုကြီး"
ပျာပျာသလဲခေါ်ပြီး အနောက်ကပြေးလိုက်တော့ ထိုသူက လှည့်ကြည့်ပါသည်။
"ခေါ်လိုက်တာလား"
"ဟုတ်တယ်၊ ဟုတ်တယ်။ ဒီတိုက်မှာ ကိုအေးချမ်းမောင်အခန်းက ဘယ်အခန်းလဲခင်ဗျ"
မဲနက်နေသော မျက်ခုံးကြောင်းနှစ်ခု တွန့်ချိုးသွားတာ ဘုန်းလျှံမောင် ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။ အနီးကပ်မှရလိုက်သော ပိုးသတ်ဆေးအနံ့ကြောင့် သည်လူသည် ဆေးခန်းသွားပြပြီးပြန်လာတာ ဟုတ်လျှင်ဟုတ်၊ မဟုတ်လျှင်တော့ ဆရာဝန်ပင်ဖြစ်လိမ့်မည်။
"ဒီတိုက်မှာ အဲနာမည်မရှိဘူး"
"ဟာ ရှိပါတယ်။ သားကို ဒီလမ်းနာမည်နဲ့ တိုက်နံပါတ်(၂၁)လို့ သေချာပြောထားတာ"
၁၈နှစ်သား ဘုန်းလျှံမောင်က မမှီတမှီသူ့အရပ်၊ ကြိုးဆွဲမျက်မှန်ကို ပင့်,ပင့်တင်ကာ ထိုအကိုကြီးကို မော့ပြောရှာသည်။
"ငါ ဒီတိုက်မှာနေလာတာ ၄နှစ်ကျော်နေပြီ၊ အခန်းတိုင်းနဲ့ ရင်းနှီးတယ်။ အေးချမ်းမောင်ဆိုတာ တစ်ခါမှမကြားဖူးဘူး။ မင်းအမှတ်မှားတာပဲ ဖြစ်လိမ့်မယ်"
"ကိုကြီးက ဒီမှာရှိပါတယ်ဆို"
ထိုလူကလည်း မဟုတ်မခံဆိုသလို၊ ဘုန်းလျှံမောင်ကလည်း သူအတပ်သိသည့်ကိစ္စကို အလျှော့မပေးနိုင်ချေ။ သည်လိုနှင့် အသက်ဆယ်နှစ်ကျော်ကွာသူနှစ်ယောက် တိုက်ရှေ့တွင်နာမည်တစ်လုံးကြောင့် ချာချာလည်နေချိန် သူတို့နားရောက်လာသူမှာ ထိုနာမည်ပိုင်ရှင်သာ။ ဘုန်းလျှံမောင်မျက်ဝန်းအစုံတို့ ရွှန်းရွှန်းဝေအောင် တောက်ပသွားလေ၏။
"ကိုကြီး သားကဖုန်းခေါ်နေတာ၊ ဘာလို့မကိုင်တာလဲ"
"Laundary ခဏသွားအပ်လို့ ဖုန်းထားခဲ့လိုက်တာ။ ကိုညီမိုးလွင်နဲ့ သိနေကြတာလား"
နှစ်ယောက်သား ပြိုင်တူမျက်ခုံးပင့်နေကြတော့ Ice ပါကြောင်သွားသည်။
"မသိပါဘူး Ice ရာ ... ဒီတိုက်မှာ အေးချမ်းမောင်ရှိလားမေးနေလို့။ Sorry ကောင်လေး၊ မင်းကိုကြီးမှာ မြန်မာနာမည်ရှိမှန်း ငါမသိဘူး"
"ဟုတ်ကဲ့ ရပါတယ်"
Ice ညီဆိုပေမဲ့ အနည်းငယ်သာရုပ်ဆင်သော ရှမ်းစပ်လေးဖြစ်သည်။ ဒါမို့ ညီမိုးလွင် ရုပ်မဖမ်းလိုက်မိတာဖြစ်သည်။
"ဒါဆိုလည်း မိတ်ဆက်ပေးမယ်။ ကိုညီမိုးလွင် ဒါ သီပေါက ကျွန်တော့်ညီဝမ်းကွဲလေး၊ ဘုန်းလျှံမောင်တဲ့။ အခုမှ ဆေးတက္ကသိုလ် ပထမနှစ်ပဲရှိသေးတယ်"
"ဪ.."
ရည်ရည်မွန်မွန်ကောင်လေးအား ညီမိုးလွင်အသိအမှတ်ပြုပုံက 'ဪ' တစ်လုံးတည်းရယ်သာ။ ကောင်လေးကတော့ဖြင့် Ice မိတ်ဆက်ပေးမှာကို တစ်ဖန်ပြန်အာရုံစိုက်နေသည်။
"ဘုန်းလျှံ ... ဒါ Dr. ညီမိုးလွင်တဲ့၊ ကိုကြီးတို့ အပေါ်ထပ်အခန်းက။ ကျောင်းကိစ္စသိချင်တာရှိရင် ဒီအစ်ကိုကို အာမနာတမ်းမေးနော်၊ ရတယ်မလား ကိုညီမိုးလွင်"
Ice က တရင်းတနှီးပြောတော့ အချင်းချင်းစနောက်ကြရင်းသာ တွေ့ဆုံမှုတစ်ခု အစပျိုးသွားသည်။ ညီမိုးလွင် ပြန်ပြောခဲ့သည်က-
'အစ်ကိုဖြစ်သူလို ဟင်းပေါင်းအိုးမငှားရင် ကြိုက်တာမေးပါဗျာ' တဲ့လေ။
💙🤍💙🤍💙🤍💙