နေ့လည် ၂ နာရီခွဲ။
ဧကဒဿမတန်း တန်းခွဲ (A) ။ ကာယချိန်။
တစ်နေကုန် ဖင်ပူအောင်ထိုင်ရပြီး စာထဲစိတ်ပါပါ မပါပါ ငြီးစီနေအောင်သင်ကြရသည့်ကျောင်းသားကျောင်းသူများသည် အားလပ်ချိန်ဆိုသည်နှင့် အပြင်ထွက်ခွင့်တောင်းကြတော့သည်။
ကာယချိန်မို့ ပင်မကျောင်းဆောင်ကြီးရှေ့ အဆမ်ဘလီကွင်းပြင်ကျယ်ကြီးထဲတွင် ယောက်ျားလေးများဘောလုံးကန်လျက်ရှိသည်။ အတန်းထဲမှာလည်း မိန်းကလေးအနည်းစုသာကျန်ခဲ့၏။ ရေတမာပင်တန်းအောက်က အုတ်ခုံများတွင် မိန်းကလေးအတော်အများ လေညှင်းခံရင်းဉီးနှောက်ဆေးနေကြလျက်။
ညီညီကတော့ ဘောလုံးဝင်မကန်။ မိန်းကလေးများထိုင်နေသည့် ရေတမာပင်နှင့်သုံးပင်ကျော်လောက်က အုတ်ခုံပေါ်မှာတစ်ယောက်တည်းထိုင်နေမိသည်။ ကွင်းထဲနေပူပူကြီးမှာ ချွေးသံတရွဲရွဲ ဘောလုံးကန်နေကြသည့် အတန်းဖော်များဆီသို့ ငေးဆွေးစွာလှမ်းကြည့်နေသော်လည်း မျက်လုံးထဲသူတို့ကိုမမြင်မိပါ။
မနက်က ကိုယ်ပြောလိုက်သည့်စကားပေါ်ကိုပဲ အတွေးတွေထပ်ဆင့် လွန်ဆွဲနေသည်။ ခေါင်းထဲမှာထပ်ခါထပ်ခါပြောမိနေတာက "ငါစိန်ခေါ်ခဲ့လိုက်ပြီ"ဟူ၍။
ပြင်ဆင်ချိန်တစ်ညလေးနဲ့ သူတို့ကိုပြရမှာ။
သူတို့အထင်ကြီးတာမကြီးတာထားပါ။ ကိုယ်ကောင်းကောင်းလုပ်နိုင်ဖို့ပဲလိုတာ။ ကိုယ့်ကိုအကောင်းမမြင်တဲ့သူတွေကတော့ ဂင်းနစ်စံချိန်တင်လောက်တဲ့စွမ်းရည်တွေထုတ်ပြလည်း သူတို့အတွက်နှာခေါင်းရှုံ့စရာတစ်ခုထက်ပိုမှာမဟုတ်ဆိုတာ သိနေတာပဲ။
ဘာပဲဖြစ်ဖြစ် ကိုယ့်စွမ်းရည်တွေချပြဖို့ အခွင့်အလမ်းရခဲ့ပြီလို့မှတ်ရမည်။ မေမေဖြစ်စေချင်တဲ့ စင်ပေါ်က Idol တစ်ယောက်ရဲ့စင်ပေါ်မှာဆိုရတဲ့ခံစားချက်ကို ပထမဆုံးအတွေ့အကြုံခံစားဖူးတော့မည်။ ထိုအခါမှ လူတွေကိုဆိုပြရတဲ့ခံစားချက်က ကောင်းလားမကောင်းလားဆိုတာ သိရမှာ။ ညီညီ့အတွက်ရော သူများကိုဆိုပြရတာကြိုက်ရဲ့လားဆိုတဲ့ အဖြေကိုသိရမှာ။
အင်း ဒါဆို ဘာသီချင်းဆိုရင်ကောင်းမလဲ။ ညီညီအကြိုက်ဆုံးအဆိုတော် "SHINE" ရဲ့ မာန်ကြွကြွလေးဖြစ်စေမယ့် "1990" ဆိုရမလား။ ဆွေးဆွေးမြေ့မြေ့လေး ချမ်းချမ်းတို့ ဖြူဖြူတို့ သီချင်းတွေဆိုရမလား။
အင်း သီချင်းရွေးမြှဖစ်မယ်။
"ဟိတ်"
ညီညီနောက်က ထွက်လာသည့်အသံ။ ယောက်ျားလေးသံ။ မရင်းနှီးသည့်အသံပေမယ့် ဒီနားမှာထိုင်နေတာဆိုလို့ ညီညီတစ်ယောက်တည်းရှိတာ ညီညီ့ကိုခေါ်တာနေမယ်။ လှည့်ကြည့်လိုက်တော့ မျက်လုံးမျက်စံပြူးရပြီ။
ဟိုကောင်...။ ညီညီ့ကားနဲ့တိုက်မိမလိုဖြစ်တဲ့ကောင်။ သူကဒီကျောင်းကလား။ ခေါ်တာကိုက ဟိတ်တဲ့။ မိန်းကလေးတစ်ယောက်ကိုခေါ်နည်းကား ညီညီ့ကိုခေါ်လိုက်တာ။ မျက်မှန်မည်းမည်းကြီးကိုကျော်၍ စိုက်ကြည့်နေလိုက်တာ ထိုလူက "ဘာကြည့်နေတာလဲ"ဟူသည့်အဓိပ္ပါယ်ဖြင့် မျက်နှာရှေ့ လက်ဖဝါးခါပြမှ သတိပြန်ဝင်လာသည်။
"ထိုင်လို့ရမလား"
ညီညီ ခေါင်းငြိမ့်လိုက်မိသည်ထင်။ သူကဘေးနား ထိုင်ပြီးပြီ။ ထို့နောက်မိန်းကလေးတွေရှိရာနေရာသို့တစ်ချက်လှမ်းကြည့်ပြီးမှ ညီညီကိုပြန်ကြည့်သည်။
"ဟိတ် ဘာမှမပြောတော့ဘူးလား"
လာပြန်ပြီ ဟိတ်။ သမီးရည်းစားလိုက်ကြောင်နေသလိုမျိုး ဟိတ်တဲ့။ ခေါ်ပါတော့လား ဟေ့ကောင်တို့ မင်းတို့။ ခုဟာက ဘာလဲ ဟိတ်...။
"ဘာ ဘာပြောရမှာလဲ"
"အာ...အနည်းဆုံးတော့ မင်းသက်သာလားလို့မေးသင့်တယ်မဟုတ်ဘူးလား"
တောက်ပနေသည့်မျက်လုံးများဖြင့် ညီညီ့ကို
ကြည့်သည်။ ဒါတော့ သူမှန်ပါသည်။ ညီညီနည်းနည်း ခေါင်းရှောင်ရာ တာဝန်မယူရာရောက်သွားတယ်။ အရင်နေ့တွေကဆို သူ့အကြောင်းတွေးမိပါတယ်။ သက်သာရဲ့လားလို့ စိတ်ထဲကတစေတွေးနေတာ။ ခုက သူက ဗြုန်းစားကြီးရောက်ချလာတာကိုး။ မေးဖို့ခဏမေ့သွားတာကို အခွင့်ယူပြီးအပြစ်လာပြောနေတယ်။
"သက်သာတယ်မလား။ မသက်သာရင်ဆေးခန်းလိုက်ပို့ပေးမယ်"
"နေပါစေကွာ။ တော်ကြာ ပြန်ပေးဆွဲတဲ့သူဆိုပြီးလုပ်နေမှ"
"ဟာ"
ဒီအကြောင်းကြီးပြန်ဖော်ပြန်ပြီ။ ရှက်လွန်းလို့မျက်နှာကိုဓားနဲ့ပင်လှီးပစ်ချင်သည်။ ညီညီရီက်သွားတဲ့ပုံကိုကြည့်ပြီး သူကတော့အသံထွက်ရယ်လေသည်။
"မင်းက တကယ်စလို့ကောင်းတာပဲ ဂုဏ်ရည်ညီညီရဲ့"
"ဟင်"
သူက ညီညီ့ကိုသိတယ်။ ညီညီကတော့မသိ။
စက်ဝိုင်းခြမ်းပုံမျက်ဝန်းနှစ်ခုထဲမှာ နက်မှောင်နေသည့်မျက်အိမ်က ထင်းနေသည်။ နှာတံချွန်ချွန်မြင့်မြင့်နှင့် ပန်းစီရောင်နှုတ်ခမ်းထူထူက ပြုံးယောင်ယောင်။ မာဆတ်ဆတ်ရှိမည်ထင်ရသည့်ဆံပင်တို့သည် ဘေးခွဲအနေအထားမရောက်တရောက်ဖြင့် လူငယ်မဆန် လူဆိုးမရောက်ပုံဖြင့် ကြည့်ကောင်းသည့်ရုပ်ရည်ပင်။
တကယ်ပါ သူ့ကို ညီညီတစ်ခါမှမမြင်ဖူးတာ။
"ငါ့နာမည်ဘယ်လိုသိလဲ"
"ဘယ်လိုသိသိပေါ့"
ဘုဆတ်ဆတိပြန်ဖြေသည့်လူကို စိတ်ရှိတိုင်းထိုးပစ်ချင်သည်။ သူနဲ့ဆို ညီညီဘယ်လိုဖြစ်ဖြစ်သွားမှန်းကိုမသိဘူး။
ခင်တဲ့သူတစ်ယောက်ယောက်ကစတာဆိုတော်သေး။ ခုက ရင်းမှမရင်းနှီးကြသေးတာ။ အဲ့လိုဆိုလို့ ကိုယ့်ကိုဘလိုင်းကြီးလိုက်စနေတာဆိုပြီး စိတ်တိုတာမျိုးတော့မဖြစ်ပါ။ သူစတာကိုပဲ
ကိုယ့်ကလက်ခံနေမိတာတော့ ထူးဆန်းတယ်။
"ဒဏ်ရာကတကယ်သက်သာတယ်မလား"
"အင်း သက်သာပါတယ်။ အမေကတောင်ပြောနေသေးတာ။ ဘာလို့ဆေးခန်းထိလိုက်ပို့ခိုင်းတာလဲတဲ့"
"ဘယ်ဟုတ်မလဲ လိုက်ပို့ရမှာပေါ့။ ငါကြောင့်ဖြစ်သွားတာကို လိုက်မပို့ရင်တာဝန်မယူရာကျမှာပေါ့"
"ဟုတ်ပါပြီကွာ"
ပြုံးပြုံးလေးနှင့် မိန်းကလေးတွေဘက်သို့ တစ်ခါလှမ်းကြည့်ပြန်သည်။ ကြည့်ရတာအဲ့အုပ်စုထဲက တစ်ယောက်ယောက်ကိုသဘောကျနေဟန်ရှိသည်။ မိန်းကလေးတွေထိုင်နေတာက နှစ်ဖွဲ့။
တစ်ဖွဲ့က ဟိုးဘက်ရေတမာပင်အောက်မှာ။
နောက်တစ်ဖွဲ့က ရောင်စဉ်ထိုင်နေတဲ့ပတ်လည်မှာဝိုင်းထိုင်နေတာ။ သူ့အကြည့်အရဆို ရောင်စဉ်တို့အုပ်စုကိုလှမ်းကြည့်နေတာပင်ဖြစ်သည်။
"မင်းက အတန်းမတက်ရဘူးလား"
"တက်ရတာပေါ့။ အပြင်သွားရင်း မင်းကိုတွေ့လို့ခဏဝင်ထိုင်တာ"
ညီညီ သူ့ကိုစိုက်သာကြည့်နေမိသည်။ ကိုယ့်ကိုတွေ့လို့ဝင်ထိုင်တာဆိုတဲ့စကားကြောင့် သူ့ဘက်ကကိုယ်နဲ့ရင်းနှီးလိုတဲ့သဘောတွေပါနေတာသတိထားမိသည်။
သူခင်ရင်ကိုယ်ကလည်းခင်မှာပေါ့။ ညီညီက မာနမကြီးတတ်ပါဘူး။
တစ်ခုပဲ အရမ်းမစနဲ့။
မခံချင်အောင်စရင် ခင်ကိုမခင်ရဘူးမှတ်။ ကိုယ့်အတွေးနဲ့ကိုယ် နှာခေါင်းရှုံ့လိုက်တော့ သူ့မျက်နှာအရိပ်အယောင်တွေတဖြည်းဖြည်းပြောင်းသွားလေသည်။
"ဟေ့ ဟေ့ ငါအတန်းလစ်လာတာမဟုတ်ဘူးနော်။ တစ်ခါမှအဲ့လိုမလစ်ဖူးဘူး။ ခုမင်းကိုမြင်လို့ဝင်ထိုင်တာ"
"ဟင် ငါကဘာပြောလို့"
"မင်း ငါ့ကိုအတန်းမတက်ချင်လို့ဒီမှာလာထိုင်တယ်ထင်လို့ နှာခေါင်းရှုံ့လိုက်တာမလား"
"ဟင်... ဟားဟား"
ဒီတစ်ခါတော့ ညီညီဟက်ဟက်ပက်ပက်ကိုရယ်ချလိုက်သည်။ ရယ်ချင်စိတ်ကိုထိန်းမထားနိုင်အောင် မျက်နှာလေးမော့၍ သွားဖြူဖြူလေးတွေပေါ်ကာ ရယ်လိုက်မိသည်။
ထိုအခါ မျက်မှန်ကြောင့်ရင့်နေသည့်ပုံပေါက်သည့်မျက်နှာပေါ်က အကြောလေးများ ပြန်တင်းမာသွားသည်။ ညီညီကျောင်းမှာ မရယ်ဖြစ်တာများပါသည်။ ကိုယ့်ကိုအဖက်သိပ်မလုပ်ကြဘူးလေ။
တစ်ခါတလေ ဖေဖေပြောသလို ကိုယ့်ပုံစံအစစ်နဲ့နေချင်လိုက်တာ။ အဲ့တာဆို မျက်နှာအတုတွေရော အစစ်တွေရော အကုန်ကိုယ့်နားမှာရှိနေကြမှာ။ ကိုယ့်ကိုပြုံးပြမယ့်သူတွေများနေမှာ။
အကျိုးလိုလို့ညောင်ရေသွန်းတဲ့သူတွေရော သာပေါင်းညာစားတွေရောအကုန်ပေါ့။
သာမန်ဘဝနဲ့နေရင် သူသူငါငါ သူငယ်ချင်းရှိမယ်ထင်တာ။ မျက်မှန်တမ်းရုံလောက်တွေချည်းသာရှိသည်။ ခုဆိုသက်နှင်းတစ်ယောက်ရှိပြီ။ မျက်စိရှေ့ကသူကရော သူ့အဖော်ဖြစ်လာနိုင်ရဲ့လား။
"မင်းက ဘာရယ်တာလဲ"
ညီညီမဖြေဘဲ ဆက်မရယ်မိအောင် နှုတ်ခမ်းကိုအတင်းစေ့ထားရလေသည်။ သူ့မှာ အလှောင်ခံလိုက်ရသလိုမျိုး မျက်နှာကြီးမှာရှက်အမ်းအမ်းဖြစ်နေလေသည်။ အဟင်း ဒင်းဝဋ်လည်ပြီမလား။ သူ့ကို ပြန်ပေးဆွဲတဲ့သူလို့
ညီညီပြောမိတုန်းက ကိုယ့်ကိုရယ်ထားတာလေ။ ခုဟာကတကယ်ကိုအူနှိပ်ရတဲ့အထိကို ရယ်ချင်မိသွားတာ။
အရယ်ရပ်သွားတော့မှ ကိုယ်အရမ်းရယ်မိလိုက်ပြီဆိုတာသိလိုက်သည်။
"မင်းကဘယ်အတန်းကလဲတောင် ငါမသိဘူး။ မင်းနဲ့ငါဘယ်သူကကြီးလဲ"
"ငါကကြီးတာပေါ့ ညီလေးရဲ့"
"ဟုတ်ရဲ့လား"
"အဟက်ဟက် မင်းလေးကကွာ တကယ်ကိုအူတုံတုံလေး။ ငါကမင်းနဲ့အတန်းတူတူလေကွာ။ ငါကဟိုဘက်ခန်းက။ တစ်ခါမှငါ့ကိုမမြင်ဖူးဘူးလား"
"အင်း မမြင်ဖူးဘူး"
သူသည်တစ်ဖက်လှည့်သွားကာ သူ့နဖူးသူရိုက်လေသည်။ အံ့သြလိုက်တာကွာဆိုသည့်ပုံနှင့်။
အင်းလေ ကိုယ်ကအတန်းအပြင်ထွက်ရင်လည်း ဘယ်မှကြည့်တတ်တာမဟုတ်ဘူး။ ကိုယ်သွား
မယ့်နေရာကို တဖြောင့်တည်းတည့်တည့်သွားပြီး အဲ့အတိုင်းတည့်တည့်ပြန်လာတာ။ ခေါင်းပင်လှည့်ကြည့်တာမဟုတ်ဘူး။
"အတန်းထဲ ပြန်သွားတော့လေ။ အပြင်ထွက်လာတာကြာပြီမလား"
"ငါမင်းကိုမေးစရာရှိလို့ပါ"
"မေးလေ"
"ဟို ဟို ရောင်စဉ်နဲ့ ကိုသက်ထင်နဲ့က တကယ်ရည်းစားတွေလား"
"ဟမ်"
ညီညီဘယ်လိုမှထင်မထားတဲ့မေးခွန်းကြီး။ သူ့မေးခွန်းဆိုလိုရင်းကိုမနည်းပြန်စဉ်းစားရသည်။ သည်မေးခွန်းက အဓိပ္ပါယ်အများကြီးနဲ့ ဖြေလို့ရသည်။ ဒီတိုင်း ဟော့တ်ဖြစ်နေတဲ့ကျောင်းတွင်းထဲကလူရဲ့သတင်းတစ်ပုဒ်မို့လို့ တစ်တနိးသားချင်းလူကိုတွေ့ရလို့ ဒီတိုငိးစပ်စုမပု ရိုးရိုးသားသားသဘောနဲ့မေးတာလား။
ရောင်စဥ့်ရဲ့ဖန် သို့မဟုတ် အစ်ကို့ရဲ့ဖန်မလို့ သတင်းကိုအတည်ပြုချင်တဲ့သဘောနဲ့မေးတာလား။
ဒီတိုင်း အတန်းထဲပြန်မသွားချင်လို့ တမင်လျှောက်မေးနေတာလား။ သုံးခုထဲကတစ်ခုပဲ။
"ဟို မင်း သူတို့နှစ်ယောက် တင်ထားတာမတွေ့ဘူးလား"
"ငါ့မှာဖုန်းမှမရှိတာ။ ဘာတင်ထားတာလဲ"
"သြော် သူတို့နှစ်ယောက်က တွဲနေကြတာမဟုတ်ပါဘူးဆိုတဲ့အကြောင်းလေ"
"တကယ်လား"
ညီညီလက်ဖမိုးနှစ်ခုအပေါ် ထပ်မိုးကိုင်ကာ လှိုက်ပျော်သည့်အသံဖြင့်ပြောသည်။ သူပျော်သွားတဲ့ပုံ။ သူကြားချင်တဲ့သတင်းကြားလိုက်ရတဲ့ပုံ။
လတ်စသတ်တော့ ရောင်စဥ့်ရဲ့ပရိတ်သတ်တစ်ယောက်ဖြစ်နေတာကိုး။ ဘယ်ယောက်ျားလေးကမှ ကိုယ့် Idol ယောက်ျားလေးတစ်ယောက်ရဲ့ သတင်းတစ်ခုကြောင့်နဲ့ ဂယက်ထနေမှာ မဟုတ်ပါဘူး။ စင်စစ် မိန်းကလေးအနုပညာရှင်တစ်ယောက်ကြောင့်ပါပဲ။
သို့သော် မပျော်နိုင်တာက ညီညီ။ ကိုယ့်လက်ကိုသူကကိုင်ထားတာလေ။ သူ့အသားနွေးနွေးသည် လက်ဖမိုးမှတစ်ဆင့် ညီညီ့ကိုယ်ထံသို့စိမ့်ဝင်လျက်။
"တကယ်ပါ။ ငါ့ကိုယုံလိုက်"
"အင်း ယုံလိုက်ပြီ။ ငါသွားပြီ ဂုဏ်ရည်"
ပြောပြောဆိုဆို ထသွားလေပြီ။ ထီပေါက်သည့်မျက်နှာနဲ့ကောင် ခပ်လှမ်းလှမ်းရောက်ကာမှ
ညီညီတစ်ခုသတိရသွားသည်။
"ဟေ့ဟေ့"
သူ့လိုပဲ အာမေဋိတ်အသံပြုပြီးလှမ်းခေါ်တော့ သူကလည်ပြန်ကြည့်လေသည်။ ကြည်လင်နေသည့်မျက်နှာထက်တွင် ဘာမှရှိမနေ။
"မင်း.. မင်းနာမည် ပြောခဲ့ဉီး"
သူ့နာမည်ပြောဖို့ သူကိုယ်တိုင်မေ့နေတာသတိရသွားဟန်ဖြင့် ပီပြင်စွာရယ်လေသည်။ ထို့နောက်မှ တစ်လုံးချင်းလှမ်းပြောသည်။
"ဇေ... သု... ခ... လင်း"
............
ထုထည်အားဖြင့် ကြီးမားလွန်းသည့်အိမ်ကြီး။ နံရံတွေကို မိုးပြာရောင်သုတ်ထားပြီး တံခါးတွေကတော့ ကျွန်းသစ်ရောင်ဖြစ်သည်။ နှစ်ထပ်အိမ်ဖြစ်သော်လည်း မော်ကြည့်ရလောက်အောင် မြင့်မားလွန်းသည်။ ခြံထဲတွင်လည်း သစ်ပင်ပန်းမန်အစူံရှိသည်။ တရုတ်စံကား၊ နှင်းဆီ၊ သစ်ခွ၊ ဇီဇဝါ၊ စပယ်စသဖြင့်စုံလင်လှသည်။
တရုတ်စံကားမှာဆို အနီ အဝါ၊ နှင်းဆီဆိုလည်း အနီ အဝါ အဖြူစသဖြင့် မျိုးစူံပွင့်ဖူးနေကြသည်။ ဧရိယာကျယ်လှသည့်အပြင် သာယာ
သည့်ဥယျာဉ်တစ်ခုလိုဖြစ်နေတော့ သက်ထင်အတွက်သီချင်းရေးကောင်းသည်ပေါ့။
အိမ်စင်ဝင်အောက်သို့ မာစီဒီးကားကြီးတစ်စီး ထိုးရပ်လာသည်။ ကားရပ်သွားသည်နှင့် တစ်ဖက်တစ်ချက်က တံခါးများပွင့်လာကာ အဖြူအစိမ်းဝတ် အထက်တန်းကျောင်းသားကျောင်းသူ သက်ထင်တို့မောင်နှမဆင်းလာ၏။
အိမ်ဝတွင်ကားရပ်တာမြင်တော့ အိမ်ကြီးရှင်ဒေါ်သစ္စာနှင်းကပါ သားသမီးတွေကြိုဖို့ရာထွက်လာသည်။
"သားနဲ့သမီး ညနေကျ ဘယ်မှမထွက်နဲ့တော့နော်"
"ဘာလို့လဲ မာမီ"
"သမီးဒယ်ဒီ Dinner တစ်ခုသွားစရာရှိတယ်တဲ့"
"အာ သူ့ဘာသာသွားမှာလေ။ သားတို့ကဘာလို့မထွက်ရတာလဲ။ ညနေ တေးရေးကိုမော်နဲ့တွေ့ဖို့ရှိသေးတယ်"
"ရှိသေးလည်း ရွှေ့လိုက်။ မာမီတို့လေးယောက်စလုံးသွားရမှာတဲ့"
"ဟင် ဒယ်ဒီ့ဒင်နာကသမီးတို့လိုက်စရာလိုလို့လား"
"သူ့သူငယ်ချင်းဟောင်းလို့ပြောတာပဲ။ အလုပ်ကိစ္စနဲ့စားတာမဟုတ်ဘူး။ မိသားစုနှစ်ခုကိုမိတ်ဆက်ပေးချင်လို့နေမှာပေါ့"
"ဒယ်ဒီကတော့လေ ရှုပ်ရှုပ်ယှက်ယှက်"
သက်ထင်ကမြည်တွန်တောက်တီးလေသည်။ အစ်ကိုဖြစ်သူအတိုင်း သက်နှင်းကလည်း မလိုက်ချင်သည့်ပုံဖြင့် အင်တင်တင်လုပ်နေသေးသည်။
"မင်းတို့ဒယ်ဒီက Dinner ဆိုပြီးဘယ်တုန်းကခေါ်ဖူးလို့တုန်း။ ခုကအရေးကြီးလို့ခေါ်တာပေါ့။ စိတ်ပါပါ မပါပါ အသင့် ပြင်ထား"
မာမီသည် အထွန့်တက်မည့်စကားများကိုကြိုမြင်နေဟန် ယတိပြတ် ဖြတ်၍သူ့အခန်းသူ သွားပါတော့သည်။ မာမီပြောတာ ဟုတ်တာလည်းဟုတ်ပါသည်။ ဒယ်ဒီက တစ်ခါမှခုလိုခေါ်ဖူးတာမဟုတ်။ တစ်ချိန် စတူဒီယိုလုပ်ငန်းကြီးကို ဉီးဆောင်ကိုဆောင်ရမည်ဟုဆိုကာ သားတွေသမီးတွေကို အလုပ်ကိစ္စတွေ အတင်းသင်ပေးတာမျိုးလည်းမရှိ။
သားဖြစ်သူက အဆိုတော်၊ သမီးဖြစ်သူကလည်း အချိန်မရွေးလုပ်ချင်တာထလုပ်လို့ရသည့်အခြေအနေဆိုတော့ စိတ်ပါရာဝါသနာပါရာကိုလုပ်ခိုင်းထားသည်။ ဒယ်ဒီအသက်တွေရလို့ အနားယူချိန်ကျရင်တော့ ဒယ်ဒီလုပ်ငန်းတွေကိုလွှဲပြောင်းယူဖို့က သက်နှင်းပေါ်မှာကျဖို့ကများသည်။
သက်နှင်းက စီမံခန့်ခွဲရတာကိုကြိုက်တယ်။ လူတွေကြည့်ချင်ကြတဲ့ အနုပညာရှင်ထက် သူတို့တွေကို ကိုယ်ရည်သွေးပြီး ပိုမိုတောက်ပပြီး သူတို့နဲ့ကိုက်ညီတဲ့အရာတွေကိုနောက်ကထောက်ပံ့ပေးရတာမျိုးကို ပိုကြိုက်တယ်လေ။
အထက်တန်းပင်မပြီးသေးတာတောင် ဒယ်ဒီအလုပ်အကြောင်း တီးမိခေါက်မိလောက်တော့ သိနေပြီ။
လောလောဆယ်တော့ တစ်ချက်လွှတ်အမိန့်က ကျလာပြီ။ မလိုက်ချင်ဘူးပြောပေမယ့်လည်း အိမ်မှာအလကားနေနေရမှာ။ လိုက်သွားလိုက်ရင် မိတ်ဆွေတိုးတာပေါ့။ အိမ်မှာနေနေရမှာထက်စာရင် ပိုကောင်းသည်ဟုပင် သက်နှင်း ဖြည့်တွေးလိုက်တော့၏။
"အစ်ကိုရေ ဒယ်ဒီတို့တော့ ရွှေလမ်းငွေလမ်းခင်းနေပြီထင်တယ်"
လှေကားပေါ်နှစ်ထစ်လောက်တက်ပြီးနေသည့် သက်ထင်က လည်ပြန်ကြည့်လေသည်။ သူ့ညီမပြောတဲ့စကားကိုနားမလည်သည့်ပုံ။
"ဘာတွေပြော"
"သြော် မြန်မာကားတွေထဲမှာလေ။ သူငယ်ချင်းနှစ်ယောက် မင်းမွေးတဲ့သားသမီးနဲ့ ငါမွေးတဲ့သမီးနဲ့ ကြီးလာရင်ပေးစားရအောင်ဆိုပြီး ကတိတွေထားခဲ့ကြတာလားမှမသိတာ။ သူငယ်ချင်းဟောင်းတဲ့။ သေချာနေပြီ"
"အံမာ နင် မြန်မာပေါကားတွေအကြည့်များနေပြီ"
"သူကျ မကြည့်တာကျနေတာပဲ"
သက်နှင်းက ချက်ချင်းပြန်ခွပ်လေသည်။
"ငါ မကြည့်ပါဘူး"
"အပိုတွေ ရောင်စဥ့်ကားတုန်းကတော့သွားကြည့်ပြီးတော့"
လှေကားနှစ်ထစ်လောက်တက်ပြီးဖြစ်သည့်အပြင် ရှည်လျားသည့်အရပ်ကြီးကြောင့် သက်နှင်းဇက်ညောင်းလာသည်။ စကားနိုင်လုရန်ဖြစ်လိုက်ရမှလည်း နေသာထိုင်သာရှိသည့်မောင်နှမမျိုး။
"ဟ ရောင်စဥ့်ကားကပေါကားမှမဟုတ်တာ။ နင်သာ ကိုယ့်သူငယ်ချင်းကိုသွားအားပေးရကောင်းမှန်းမသိတာ။ ဇာတ်ကားကရှယ်ကောင်းပဲ"
"သူကြိုက်နေတဲ့လူမို့လို့ မြှောက်ပြောနေတာ။ အပိုတွေ"
"နင်က ဒယ်ဒီသူ့ငယ်ချင်းဟောင်းမှာ သမီးရှိတယ်လို့ နင်ကဘယ်လိုသိ"
"မသိပါဘူး မှန်းပြောလိုက်တာ"
သက်ထင်က နှာခေါင်းရှုံ့လေသည်။ မသိဘဲနဲ့များ ပြောနေတယ်ဆိုသည့်အကြည့်နှင့်ကြည့်ကာ ညီမဖြစ်သူဘက် မြှားခေါင်းလှည့်ရန်ပြင်သည်။
"ဟေ့ညီမလေး။ သမီးမဟုတ်ပဲ သားဖြစ်နေရင်ရော။ ဒယ်ဒီရွှေလမ်းငွေလမ်းဖောက်တာ နင့်အတွက်ဖြစ်မယ်ထင်တယ် ဟားဟား"
ထိုအခါ သက်နှင်းမျက်နှာကြီးတန်းညိုပုတ်သွားတာ မြင်ရလေသည်။ သက်ထင်မှာအားရပါးရရယ်ရင်း ပြန်ပက်လာမည့်စကားကိုသာ
နားစွင့်လျက်။
"အစ်ကိုနော်။ သူများက မိဘပေးစားတဲ့ယူမယ့်သူလား ဟွန့် ကိုယ့်ဘာသာတောင် ကင်ချီမြေက အိုပါးတွေငမ်းမဝရတဲ့အထဲ"
အမယ် ဒင်းကလာသေးတယ်။ မမြင်ရတဲ့လူတွေကိုပဲ တနေတာ။ Series တစ်ခုပြီးရင် ကြိုက်စရာအိုပါးကတစ်ယောက်တိုးပြီ။ DOTS တုန်းကလည်း ဆောင်းဂျွန်ကီ ဆောင်းဂျွန်ကီနဲ့ တစ်လလောက်ပါးစပ်ကမချ။ Goblin လာပြန်တော့လည်း မှင်စာရောသေမင်းရောမလွတ်။
အတွင်းရေးမှူးကင်ကျတော့လည်း ပက်ဆိုးဂျွန်ဆိုတာ သူ့ကွန်ယက်ထဲမှာ။
ဟော... ဂူဂျွန်ဖြိုး၊ ဂျီဟိုတို့ကအစချီလိုက်တာ ခုနောက်ဆုံး စိုးမိုးနိုင် လွှမ်းမိုးနိုင် ကြိုးဖြည်နိုင်ဆိုပြီးနာမည်ကြီးတဲ့ Snow Drop အထိ ငမ်းမဝနိုင်တဲ့ နှာဗူးဆိုင်မ။
သူလုပ်လို့ကိုယ်တောင်အကုန်သိနေတဲ့အဖြစ်။ ကိုယ်တွေများ မင်းသားမင်းသမီးတွေ ရင်ထဲမထည့်အားဘူး။ ရောင်စဉ်လေးရှိနေလို့။ တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက်ပဲ။
နှလုံးသားတွေအများကြီးပါပြီး လွယ်လွယ်နဲ့ချစ်တတ်တဲ့ညီမဖြစ်သူကို ခေါင်းသာရမ်းပြန်ုင်တော့သည်။
"ကြိုက်တော့ အိုပါး။ ပေါင်းတော့အူကြောင်ကြောင်"
ပြောလည်းပြော လှေကားလည်းဆက်တက်။ သက်နှင်းက နောက်ကအမြန်လိုက်တက်လာလေသည်။
"ဘယ်သူလဲ အူကြောင်ကြောင်က"
"ငါကဘယ်သိမလဲ။ နင်ပေါင်းတာနင်သိမှာပေါ့"
"ဟောတော့်။ မသိရပေါင် ဘယ်သူ့ကိုပြောနေမှန်း"
"ဟိုမျက်မှန်နဲ့ ကုပ်ချောင်းချောင်းကောင်လေးလေ။ ပိန်ရှည်ရှည်နဲ့ အူတိအူကြောင်ကောင်ကိုပြောနေတာ"
"သြော်"
သက်နှင်းက "သြော်"ကို သံရှည်ကြီးဆွဲလေသည်။ ဂုဏ်ရည့်ကိုပြောနေတာပဲ။
ဟင့် သူများသူငယ်ချင်းကိုများအူကြောင်ကြောင်တဲ့။ ပုံစံလေးက အဲ့လိုပုံပေါက်ပေမယ့် သူ့မှာကိန်းဝပ်နေတဲ့အရည်အချင်းတွေမှ အစ်ကိုတောင်လိုက်မီမှာမဟုတ်။
ဟွန့် ဆင်အမြီးလောက်လေးမြင်ပြီး ပြောနေတာ ဟိုကဆင်ကောင်ကြီးကိုမှ ဆဒ္ဒန်ဆင်မင်းလောက်ကြီးဆိုတာများသိရင် ငါ့အစ်ကိုပါးစပ်ပိတ်သွားမှာသေချာတယ်။
"ဟွန့် အဲ့ကောင်လေးက အစ်ကို့ပရိတ်သတ်နော်"
"ဘယ်လို"
နောက်ဆုံးအထပ်ရောက်ခါနီး ရပ်ချလိုက်၍ သက်နှင်းကိုယ်အရှိန်မနည်းသတ်လ်ုက်ရသည်။ နောက်လန်ကျရင် နောက်စေ့ထိပြီးတစ်ခါတည်းအပြီးပဲ။ ဘာဖြစ်တာလဲ။ သူ့ပရိတ်သတ်ဖြစ်နေလို့ ဝမ်းသာတာလား။ ဝမ်းနည်းတာလား။
"ဟုတ်တယ် အစ်ကို့ပရိတ်သတ်စစ်စစ်ကြီး။ အစ်ကို့သီချငိးအကုန်ရပဲ။ သူ့အကောင့်မှာလည်း အစ်ကို့ကိုပဲ Follow ထားတာ"
"အဲ့တာနဲ့ ငါ့ဖန်ဖြစ်ရောလား။ ငါ့သီချင်းတွေကပေါက်လို့ သူရနေတာနေမှာပေါ့"
"ဇွတ်ကိုအထင်ကြီးနေတော့တာပဲ"
မောင်နှမနှစ်ယောက် လမ်းခွဲလိုက်ပြီ။ လှေကားတစ်ဖက်တစ်ချက်မှာလေ သူတို့အခန်းတွေက။ အခန်းထဲရောက်တော့ မွေ့ယာပေါ်ပက်လက်လှဲချလိုက်သည်။ လောလောဆယ် သက်ထင့်ခေါင်းထဲ စဉ်းစားစရာတစ်ခုရပြီ။
အဲ့ကောင်လေးက သူ့ဖန်တဲ့လား။ ပုံမှန်ဆို ဖန်တွေက ကိုယ့် အိုင်ဒေါလ်ကိုတွေ့ရင် စိတ်တွေလှုပ်ရှားပြီးပျော်ကြတာမလား။ ဒီကောင်လေးကျ သူ့ကို လူအရှင်လတ်လတ်ကြီးမြင်ရတာတောင် ကြောက်နေတဲ့ပုံနဲ့မျက်လွှာကြီးချထားတာလေ။
ဘယ်လိုလုပ်သူ့ဖန်လို့ဆိုနိုင်မလဲ။
ဟမ်... မဟုတ်မှ။ အဲ့ဒီ့ကြောက်နေတဲ့ပုံကပဲ စိတ်လှုပ်ရှားတဲ့ပုံလား။ ဟုတ်မှာ ဟုတ်မှာ။
ကိုယ်ကအဆိုတော်လေ။ သရဲလည်းမဟုတ်ဘူး။ မာဖီးယားလည်းမဟုတ်ဘူး။ လူကြမ်းသရုပ်ဆောင်လည်းမဟုတ်ဘူး။ သူ့ကိုမြင်ရင်ကို ဖန်ဟုတ်ဟုတ်မဟုတ်ဟုတ် စိတ်မလှုပ်ရှားစရာအကြောင်းကိုမရှိတာ။
တစေမြင်နေရရင် ရိုးသွားမှာစိုးလို့ အပြင်ထွက်ခဲတဲ့ အခန်းတွင်းအောင်းဇီးကွက်လုပ်ခဲ့ရတာလေ။ အပြင်တစ်ခါထွက်တာလေးတင်ကို သူတို့ပါးစပ်ဖျားမှာ ကြာသားမိုးကြိုးဆိုတဲ့စကားနဲ့အစချီပြီး ပြောနေရမှာ။
အဟက်။ ဒီကောင်လေးက ထူးဆန်းသား။ ကိုယ့်အိုင်ဒေါလ်တစ်ယောက်ကို တွေ့တဲ့အခါမျက်လွှာချပြီး ကြောက်နေရတယ်လို့ပဲ။
နောက်တစ်ခါတွေ့မှ ဖြဲခြောက်လိုက်ဉီးမယ်။
ထို့နောက် သက်ထင်ကိုယ့်အတွေးနဲ့ကိုယ် ရယ်မိလိုက်တော့သည်။
အူတိအူကြောင်လေးရေ မင်းငါနဲ့မတွေ့အောင်သာရှောင်ပေတော့.....။
..........
#Thurein