It's a cloudy day when I met him for the first time.
A cloudy person with his cloudy eyes...
မြင်ကွင်းထဲမှာရှိနေတဲ့ သစ်ပင်တွေဟာ စိမ်းစိုနေတယ်။ လွန်ခဲ့တဲ့လပိုင်းလောက်ကပဲ ဒီသစ်ပင်တွေ ခြောက်ကပ်နေခဲ့တာကို မြင်ခဲ့သားပဲ။
ဒီသစ်ပင်တွေ ပြန်လည်စိမ်းစိုလာဖို့အတွက် ဘယ်သူ့အကူအညီမှ မလိုခဲ့ဘူး..။
ကိုယ်ယုံကြည်ချင်နေတဲ့အရာကို အမှန်တရားဖြစ်စေဖို့အတွက် ဒီအပင်တွေကိုစောင့်ရှောက်ဖို့ သက်သက်ရှိနေတဲ့ ခြံစောင့်ဦးလေးကြီးကို မေ့ထားလိုက်၏။
သဘာဝအတိုင်း တောက်ပနေတဲ့ နေမင်းကြီးဟာလည်း ဒီသစ်ပင်တွေ ရှင်သန်စေဖို့ ရည်ရွယ်ချက်နဲ့ တည်ရှိနေပေးတာမှမဟုတ်တာ။
ဘယ်ဘက်လက်ကောက်ဝတ်မှာ ရှိနေတဲ့ နာရီကနေ တတီတီထွက်လာတဲ့အသံက 4နာရီထိုးနေပြီမှန်းအတည်ပြုပေး၏။
Seungmin အတွက် ဒီလိုညနေခင်းအချိန်တိုင်းက သူ့ရဲ့ဒီကိုယ်ပိုင်နေရာလေးမှာ အချိန်ဖြုန်းဖို့ပင်။
သူပိုင်တဲ့နေရာတော့ တစ်ကယ်မဟုတ်ပေမဲ့ ဒီနေရာကို သူကလွဲပြီး နေ့တိုင်းလာနေတဲ့သူမှမရှိတာ။ သူ့ပိုင်ဆိုင်မှုတစ်ခုလို့တပ်ပြောလဲ ဘယ်သူက အဖတ်လုပ်ပြီး လိုက်ငြင်းနေမှာတဲ့လဲ။
နေ့တိုင်းမြင်နေရတဲ့ ဒီမြင်ကွင်းကို ရိုးသွားခြင်းမရှိတာ ထူးတော့ထူးဆန်းပါရဲ့..။
ဒီလိုသစ်ကိုင်းပေါ်မှာ လှဲနေရတဲ့အရသာကို သဘောကျတတ်တာကလဲ သူနဲ့ပတ်သတ်ပြီး သူတို့တွေနားမလည်နိုင်တဲ့ အရာတစ်ခု။
နေ့တိုင်း ကြမ်းတမ်းလွန်းလှတဲ့ သစ်ကိုင်းပေါ်မှာ လှဲနေတတ်တဲ့အတွက် သူ့ရဲ့ကျောမှာဆို အရာတွေတောင်ထင်ပြီး အသားမာတစ်ချို့တောင်တက်နေပြီ။
ဒါပေမဲ့ ဘယ်သူကဂရုစိုက်မှာမို့လို့လဲ..။
လူတိုင်းက ကိုယ်သဘောကျတဲ့အရာကို လုပ်ခွင့်ရှိတယ်မဟုတ်ဘူးလား။
ဒီလောက်ရိုးရှင်းတဲ့ခံယူချက်လေးတစ်ခုက ဘာလို့ သူတို့ဆီမှာ မရှိနိုင်ရတာလဲ။ သိပ်ကိုလဲ စိတ်ရှုပ်ဖို့ကောင်းတဲ့လူတွေ။
နှလုံးရောဂါတဲ့။
စကားလုံးလေးက ကြားရတာတော့ ရိုးရှင်းပါလေရဲ့။ လူတိုင်းအတွက် တရင်းတနှီးရှိကြတဲ့ စကားလုံးလေးတစ်စု။
နှလုံးရောဂါဟာဘာလဲ ဆိုတဲ့အဖြေကို သူတို့သိနိုင်ပေမဲ့ လက်တွေ့မှာတော့ အဲ့ဒီ့လူတွေရဲ့ ထက်ဝက်လောက်တောင်မှ နှလုံးရောဂါကို ခံစားခဲ့ရခြင်း မရှိ။
မင်းရဲ့အခြေအနေကို နားလည်ပါတယ် ဆိုတဲ့စကားတွေဟာလဲ နားဝင်လှပသလောက် ဘာအဓိပ္ပါယ်မှ မပေးစွမ်းနိုင်။
နှလုံးရောဂါသည်တွေဟာ အားနည်းတယ်။ ဂရုစိုက်ပေးဖို့လိုအပ်တယ်။ ထိလိုက်တာနဲ့ ပျောက်ကွယ်သွားတော့မလို ဆက်ဆံနေတဲ့ဟာတွေ အကုန်လုံး bullshits!
ငြီးငွေ့စရာကောင်းလိုက်တဲ့လူတွေ ဒီ နှလုံးရောဂါ ဆိုတဲ့ အရာလေးတစ်ခုကြောင့်နဲ့ Seungmin ကို သာမန်လူတစ်ယောက်နဲ့ အဝေးကြီး ဆက်ဆံကြသည်။
ပုံမှန်ထက်ပိုမှိုင်းနေတဲ့ ကောင်းကင်က Seungmin ရဲ့ အရာရာစိတ်ကုန်နေတဲ့ သဘောထားကို အပြည့်အဝ ထောက်ခံနေသည်။
ဘယ်တော့ထွက်ပေါ်လာမယ်မှန်းမသိတဲ့ ကယ်တင်ရှင် ဆိုတဲ့သူကို စောင့်ခိုင်းနေတာတွေလဲ စိတ်ကုန်နေပြီ။
ဘယ်သူကများ အဲ့ဒီ့ ကယ်တင်ရှင် ဆိုတဲ့သူကို လိုအပ်နေခဲ့လို့လဲ။
သူတစ်ဦးတစ်ယောက် အသက်ရှင်နိုင်ဖို့အတွက် တစ်ဖက်လူတစ်ယောက်က သေဆုံးပေးရမည်။
ကယ်တင်ရှင်ဆိုတဲ့သူကိုစောင့်ခိုင်းခြင်းဟာ Seungmin အတွက် လူတစ်ယောက်သေပါစေ လို့ မျှော်လင့်ခိုင်းနေသလိုပင်။
စိတ်ပျက်မိသည်။
ကျန်းမာတဲ့နှလုံးတစ်ခုအစားထိုးရရှိလာဖို့မျှော်လင့်ချက်တွေကို Seungmin ခေါင်းထဲရိုက်ထည့်ချင်နေတဲ့ သူတွေကိုရော။ ဒီနှလုံးမှမရှိရင် လောကကြီးထဲကနေ ဖြတ်ခနဲပျောက်ကွယ်သွားမယောင်ဖြစ်နေတဲ့ ကိုယ့်ကိုယ်ကိုရော။
ပျောက်ကွယ်သွားဖို့၊ ရိုးရှင်းစွာပြောရလျှင် Seungmin ဆိုတဲ့ ဘာမှမဟုတ်တဲ့ တောရွာဆေးရုံလေးတစ်ခုက တစ်ဦးတည်းသော နှလုံးရောဂါသည်လေးတစ်ယောက် သေဆုံးသွားဖို့..
ဒီအရာကြီးကို Seungmin မကြောက်ရွံ့ပါ။
ရောက်တက်ရာရာအတွေးတိုင်းရဲ့ နောက်ဆုံးဦးတည်ချက်က Seungmin သေဆုံးပြီးသွားရင် ဘယ်သူကများ mental health ပါဟိုးအောက်ထိထိုးကျနေတတ်တဲ့ နှလုံးရောဂါသည်လေးတစ်ယောက်ကို ဘယ်သူတွေကများ အမှတ်တရရှိနေမလဲ ဆိုတာပင်။
ဘယ်သူမှမရှိနေမှာဖြစ်နိုင်ပါတယ်။
"မိုးရွာမှာလား... မရွာဘူးလား...
ရွာမှာလား... မရွာဘူးလား..."
ကောင်းကင်ကြီးကိုငေးစိုက်ကြည့်နေတဲ့ Seungmin ရဲ့ ရေရွတ်သံတိုးတိုးကြည်ကြည်လေးတွေ။
"မိုးကရွာမှာမဟုတ်ဘူးဗျ.. "
Seungmin မှီလျက်လှဲအိပ်နေသည့် သစ်ပင်အောက်က ယောက်ျားလေးတစ်ယောက်ရဲ့အသံ။ Seungmin လှည့်ကြည့်မိတော့ ဆံပင်ရွှေအိုရောင်လေးတွေနဲ့ မျက်မှန်ရွှေအိုရောင်အဝိုင်းလေးကို တပ်ထားတဲ့ ကောင်လေးတစ်ယောက်ရဲ့ အကြည့်တွေနဲ့သွားဆုံသည်။
တစ်ချိန်လုံးငေးနေခဲ့ရတဲ့ တိမ်တိုက်တွေနဲ့ခြားနားစွာ ကောင်လေးရဲ့မျက်နှာနဲ့ မျက်ဝန်းလှလှလေးတွေကတော့ ကြည်လင်လို့။
Seungmin ရဲ့မယုံသလိုအကြည့်တွေကြောင့်ထင်သည်။ ကောင်လေးက ဆက်ပြောလာ၏။
"ကျွန်တော့်ကိုမယုံဘူးလား .. မိုးကလုံးဝကိုရွာမှာမဟုတ်ဘူး .."
တစ်ထစ်ချပြောနေသည့်ထိုကောင်လေး။ ယုံကြည်မှုတွေအပြည့်ပါဝင်နေတဲ့ အပြုံးသေးသေးလေးနဲ့။
Seungmin အတွက် အားကျချင်စရာဘဝမျိုး ထိုကောင်လေးက ပိုင်ဆိုင်ထားမည်မှာ မလွဲဧကန်ပင်ဖြစ်မည်။
Seungmin မျက်ခုံးပင့်ပြလိုက်မိတော့ ပိုင်စိုးပိုင်နင်းနဲ့ Seungmin ထိုင်နေတဲ့သစ်ကိုင်းလေးပေါ်ခိုတက်လာရင်း Seungmin ဘေးမှာဝင်ထိုင်၏။
"မယုံရင် ဒီလိုလုပ်ဗျာ.. ကျွန်တော်ပြောသလို ညနေငါးနာရီအထိမှ မိုးမရွာရင် ကျွန်တော် ခင်ဗျားကို ဒီဆေးရုံရဲ့အပြင်ဘက်ကိုခေါ်သွားပေးမယ် ခေါ်သွားပြီး ခင်ဗျားစားချင်တာမှန်သမျှဝယ်ကျွေးမယ် အိုခေလားဗျ..?"
Seungmin ခေါင်းမငြှိမ့်လိုက်မိပေမဲ့ ထိုကောင်လေးက ကောင်းကင်ကိုပဲဆက်လက်မော့ကြည့်နေတာမို့ ဘာမှမပြောဖြစ်တော့။ ပုံမှန်အတိုင်းသာ တိတ်ဆိတ်နေလိုက်သည်။
သူ့လိုလောကကြီးထဲက ထွက်သွားရတော့မဲ့သူတစ်ယောက်အတွက် သံယောဇဉ်ဆိုတာ မရှိလေကောင်းလေပဲမလား။
Seungmin ကို စိတ်ဝင်စားပြီး လာပတ်သတ်ခဲ့ဖူးတဲ့သူတွေလဲ ဆေးရုံကဆင်းသွားတာနဲ့ ထွက်သွားတာနဲ့ရော Seungmin ကိုက ပျင်းဖို့ကောင်းလွန်းနေတာရောကြောင့် ဆက်လက်ပြီး အဆက်အသွယ်မလုပ်တော့တဲ့သူတွေချည်းပဲ။
ဒီလူလဲ တစ်နေ့သူ့ကိုပျင်းသွားမှာပါ။
တိတ်ဆိတ်စွာထိုင်နေကြသည့်တိုင်အောင် တစ်ဦးတစ်ယောက်ကမှ စကားစခြင်းမရှိ။ အချိန်တွေက တစ်ဖြည်းဖြည်းကုန်ဆုံးလာရင်း လိမ္မော်နီရောင်သန်းလာသော ကောင်းကင်က ငါးနာရီဆိုတာကျော်လွန်သွားပြီးလို့ ခြောက်နာရီပင်ထိုးခါနီးနေကြောင်းဖော်ပြလျက်။
နောက်ဆုံးမှာ ထိုသူကပင် တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကို ဖြိုခွင်းခဲ့သည်။
"ခြင်ကိုက်လိုက်တာဗျာ.. ခင်ဗျားဘယ်လိုဆက်ထိုင်နေလဲတော့မသိ ကျွန်တော်တော့သွေးလွန်တုပ်ကွေးတောင်ဖြစ်တော့မလားပဲ"
ထိုလူအပြောကြောင့် Seungmin ပြုံးလိုက်မိပေမဲ့ မှောင်နေတဲ့ပတ်ဝန်းကျင်အတွက်တော့ Seungmin ရဲ့မျက်နှာကို မြင်လိုက်ဖို့အတွက် အတော်အားစိုက်ထုတ်ရမည်ဖြစ်သည်။
ဒီလိုဒုက္ခမျိုးက Seungmin အတွက် အထာနပ်နေပြီဖြစ်လို့ ဆေးရုံကနေထွက်လာထဲက တစ်ခါထဲ ခြင်ဆေးတွေ အထပ်ထပ်လိမ်းလာခဲ့ပြီးသား။
ဘာကြောင့်မှန်းမသိ ထိုလူကသွားချွန်ချွန်လေးတွေပေါ်တဲ့အထိ ကျေနပ်စွာရယ်မောပြီး Seungmin အားပြောလာသည်က
"ကျွန်တော်ပြောသလို မိုးမရွာဘူးဆိုတော့ နောက်နေ့ကြ ဆေးရုံကနေ ခိုးထွက်ဖို့ပြင်ထားနော် ကျွန်တော်လာခေါ်မယ် .. အခုတော့ နောက်ကျနေပြီမို့လို့ ပြန်ရအောင်ဗျာ"
ကိုယ်တိုင်က အစထဲ ဒီလောက်အကြာကြီးထိနေဖို့ အစီအစဉ်မရှိ။ ဒီလူကြောင့်သာ ဆက်ထိုင်နေပေးခဲ့တာမို့ သူကသွားမယ်ဆိုတော့ Seungmin အသာတကြည်ပဲ ထထွက်လာလိုက်သည်။
ခပ်နှေးနှေးပဲလျှောက်နေတဲ့ Seungmin ရဲ့ အရှေ့မှာ နောက်ပြန်လျှောက်လိုက်၊ ခုန်ပေါက်လိုက်လုပ်နေတဲ့ကောင်လေး။
Seungmin တစ်ခါက ဖြစ်ချင်ခဲ့ဖူးတဲ့ တက်တက်ကြွကြွပုံစံလေးနဲ့ သူ။
တိမ်ကင်းစင်တဲ့ကောင်းကင်လေးနဲ့တူသည်။
ဒီလောက်ကလေးဆန်တဲ့ကောင်လေးက Seungmin ထက်ငယ်နေမည်မှာ သေချာသည်။
"မင်း အသက်.. ဘယ်လောက်လဲ.."
"ကျွန်တော့်အသက်က ခင်ဗျားလေ.."
မရည်ရွယ်ပဲမေးလိုက်မိပေမဲ့ ပြန်ရလာတဲ့အဖြေကြောင့် Seungmin ဆွံ့အသွားရ၏။
"..."
မျက်မှောင်ကုတ်ပြီး လမ်းပါဆက်မလျှောက်တော့တဲ့ Seungmin ကို ရပ်ကြည့်ရင်း ထိုကောင်လေးကပါ လမ်းဆက်မလျှောက်တော့ပါ။ မျက်နှာပေါ်မှာ Seungmin ကို စိတ်ရှုပ်အောင်လုပ်လိုက်နိုင်လို့ ပြုံးပျော်ပြီး ကျေနပ်နေတဲ့အမူအယာတွေက အတိုင်းသားမြင်နေရသည်။
Seungmin ကောက်ချက်ချလိုက်သည်။
အန္တရာယ်များတဲ့သူပါလား။
ဆုံနေတဲ့မျက်ဝန်းတွေကိုလွှဲလိုက်ပြီး အရှေ့မှာရပ်နေတဲ့ ခန္ဓာကိုယ်ကို ရှောင်ထွက်ခဲ့သည်။ မကြာ အနောက်ကနေ ပြေးလိုက်လာတဲ့အသံကိုကြားရပြီး တစ်ဆက်တည်းမှာပဲ
"ကျွန်တော်က September 2000 မှာမွေးတာဗျ"
လာစနေတယ်ထင်ပြီး ဘေးကို မျက်မှောင်ကြုတ်ကြည့်လိုက်တော့ ရယ်ကြဲကြဲနဲ့
"September 15ရက်နေ့လေ"
"ဪ...."
Seungmin ထက်ရက်ပိုင်းလောက်ပဲကြီးတာပဲ။
"ဆေးရုံရောက်ပြီ သွားတော့မယ်.."
"အင်း သွားလေ"
'အင်း သွားလေ' ဆိုပြီး Seungmin ရဲ့ ဘေးကနေ ဆက်ပြီး ကပ်လိုက်လာတဲ့ ရွှေဝါရောင်ကောင်လေးကြောင့် စိတ်ထဲ နည်းနည်း စနိုးစနောင့်ဖြစ်သွားသည်။
သူဒီလိုပဲ တစ်ချိန်လုံးငါ့နောက်လိုက်နေတော့မှာလား..?
ဆက်မလိုက်တော့ရန် ပြောဖို့ လှည့်ကြည့်လိုက်တော့ ထိုသူဟာ အခန်းတံခါးတစ်ခုကို ဖွင့်လျက်ရှိနေသည်။
"အဲ့အခန်းမှာလူမရှိဘူးဗျ ဘာလုပ်နေတာလဲ.."
"သိတယ်လေ အခန်းထဲဝင်မလို့ပေါ့"
ကြောင်တောင်တောင်နဲ့ လူနဲ့ ဆက်ပြီး စကားဆက်ပြောရင် သူပဲ ကြောင်တောင်တောင်ဖြစ်တော့မှာမို့ လှည့်ထွက်လာလိုက်ပြီး တစ်ခန်းကျော်မှာရှိနေတဲ့ ကိုယ့်အခန်းကိုယ်ပဲ ပြန်သွားလိုက်သည်။
ဆေးရုံကနေ Seungmin ကိုပေးထားတဲ့အခန်းက Vip အခန်းလို့ပင်ပြောလို့ရသည်။ Seungmin က နှလုံးရောဂါသည်ဖြစ်နေလို့လား ဒါမှမဟုတ် ဆေးရုံက Seungmin လို ဆေးရုံခပင်မပေးနိုင်တဲ့သူတစ်ယောက်အတွက်ပင် ဒီိလို အခန်းမျိုးပေးဖို့အထိ ချမ်းသာလွန်းနေလို့လား တော့မသိ။
ဒီမေးခွန်းတွေကို တစ်ရက်မှ ဆေးရုံအုပ် Lee ကို မေးကြည့်ပါဦးမည်။
ရေနွေးစက်ပင်အဆင်သင့် တပ်ထားပေးလျက်ရှိနေသော ရေချိုးခန်းထဲသို့ ဝင်ပြီး ရေနွေးနွေးတို့ဖြင့် ခန္ဓာကိုယ်ကို သန့်စင်လိုက်သည်။ အဲ့လိုမှမဟုတ်ရင် သစ်ပင်ပေါ်က အမှုန်နဲ့ ကပ်ပါလာတဲ့ အညစ်အကြေးတို့ကြောင့် မနက်ကြရင် သန့်ရှင်းရေးအဒေါ်ဆီက အဆူခံရမည်သာ။
ဆေးရုံဝတ်စုံကို မဝတ်ချင်တဲ့အတွက် ဟိုတစ်လောက ဂျီကျပြီး သန့်ရှင်းရေးအဒေါ်အား ဝယ်ခိုင်းထားတဲ့ pajama ကို ထုတ်ဝတ်လိုက်သည်။
ဒီလိုကမှ လူနဲ့သူနဲ့တူသေးတယ်။
မအိပ်ခင်အပျင်းပြေဖို့အတွက် Seungmin လုပ်နေကြအရာတစ်ခုက စာအုပ်ဖတ်တာပင်။
Night duty သမားတွေအတွက် အပျင်းပြေဖတ်ရစေရန် အကန့်လေးတွေနဲ့ သေချာ သပ်သပ်ရပ်ရပ်ထားထားတဲ့ ဆေးရုံစာကြည့်တိုက်ကို Seungmin ထပ်ပြီး ခိုးသွားဖို့ကြံလိုက်သည်။ ဘာလို့ဆို ဟိုတစ်လောက ယူလာတဲ့ စာအုပ်နှစ်အုပ်ဟာလည်း အကုန် ဖတ်လို့ပြီးနေပြီမို့။
စာကြည့်တိုက်အခန်းလေးဟာ Seungmin တို့အထပ်ရဲ့ အပေါ်ထပ်မှာရှိတယ်။ လှေကားကိုရောက်အောင်သွားဖို့အတွက် ဒီအထပ်ရဲ့တာဝန်ရှိသူအချို့ရဲ့ နားနေခန်းရှေ့ကနေဖြတ်ရမည်။
စီးထားတဲ့ အခန်းတွင်းစီးဖိနပ်လေးကို ချွတ် လက်နှစ်ဖက်ကနေ တစ်ဖက်စီကိုင်ရင်း အပေါ်တစ်ပိုင်းလုံး မှန်နဲ့လုပ်ထားတဲ့ တံခါးရှေ့ကနေ လေးဖက်ထောက်ရင်း အောင်မြင်စွာထွက်လာနိုင်ခဲ့သည်။
ဘယ်သူမှမသိအောင် ထွက်လာလိုက်နိုင်လို့ ခိုးရယ်မိသေးသည်။ ပျင်းဖို့ကောင်းတဲ့ Seungmin ရဲ့ ဘဝ အတွက် လူအများမသိအောင် ခိုးလုပ်ရတဲ့ ဒီလို အရာတွေက ပျော်ဖို့အကောင်းဆုံးပင်။
စာကြည့်တိုက်သော့ကို ဖန်တရာတေနေတဲ့ နည်းလမ်းတွေအတိုင်း လျှောက်လမ်းက ပန်းအိုးအောက်ကနေ လွယ်လင့်တကူယူပြီး စာကြည့်တိုက်ထဲမှာ လိုချင်တဲ့စာအုပ်တွေကို စိတ်ကြိုက်ဝင်မွှေနေလိုက်သည်။
သရဲစာအုပ်တွေကြိုက်နှစ်သက်တဲ့ Seungmin က အရှေ့မှာရှိနေတဲ့ အနက်ရောင် horror စာအုပ်အကြီးကြီးကို ဆွဲထုတ်လိုက်မိသည်။
ဆွဲထုတ်လိုက်တဲ့ စာအုပ်နေရာမှာ ပေါ်လာတဲ့ မျက်နှာတစ်ခု။
Kim Seungmin တစ်ယောက် နောင်တအကြီးအကျယ်ရရပေပြီ။
"ဟေး..."
"ဟိုင်း.."
ညနေကကောင်လေးကလဲ သူ့လိုပဲ အခန်းထဲက ခိုးထွက်လာသည်ထင်သည်။ သူလဲ Seungmin လိုအိပ်မရလို့ပဲနေမှာ။
ဟိုဘက်အကန့်ကနေ ဒီဘက်အကန့်ကို လျှောက်လာတဲ့ကောင်လေးကမေးသည်။
"သရဲစာအုပ်တွေကြိုက်တာလား.. ကျွန်တော်တော့မဖတ်ရဲဘူးဗျ"
"အင်း .. ဟုတ်တယ်.."
ထုတ်ယူလိုက်တဲ့ စာအုပ်ကြီးကို ပြန်ထားလိုက်ပြီး ခုနက ရွေးထားတဲ့ စာအုပ် သုံးလေးအုပ်ကိုသာ မကာ ထွက်လာခဲ့ရန်ပြင်သည်။
"သွားတော့မလို့လား .. ခနလေး ကျွန်တော်လဲသွားမယ်..."
ကောင်လေးက သူ့လက်ထဲက tarot စာအုပ်တစ်အုပ်ကို ကိုင်ရင် အပြေးလေးထွက်လာသည်။
Seungmin လဲအခန်းတံခါးကို လက်ရာမပျက် သေချာပြန်ပိတ်ပေးပြီး ခပ်ဖော့ဖော့ လျှောက်ကာ အခန်းပြန်ဖို့ပြင်သည်။
"ရှူး.."
"ဗျာ..?"
"မင်းလမ်းလျှောက်တာ အသံထွက်နေတယ် တိုးတိုးလျှောက်..."
Seungmin ရဲ့ ထုံးစံအတိုင်း ခိုးကြောင်ခိုးဝှက်စတိုင်လေးနဲ့ ခါးလေးကုန်း မျက်လုံးလေးပြူးပြီး လက်ညှိုးတစ်ချောင်းကို ပါးစပ်ပေါ်တင်ထားတဲ့ စတိုင်ကြောင့် ကောင်လေးကလဲ Seungmin ရဲ့ အမူအယာအတိုင်း တစ်ထပ်ထဲလိုက်လုပ်သည်။
ထိုအခါမှ Seungmin က ကျေနပ်ဟန်နှင့် လှေကားကို ခပ်ဖော့ဖော့ဆင်းလာပြီး နားနေခန်းရှေ့အရောက်မှာ လေးဖက်ထောက်ချလိုက်သည်။ နောက်တော့ အနောက်လှည့်ကြည့်ပြီး ခြေဟန်လက်ဟန်နဲ့ပဲ သွားရန်အချက်ပြသည်။
ကောင်လေးကလဲ ပြူးကြောင်ကြောင်လေး လိုက်လုပ်သည်။
အသွားနဲ့ အပြန်မှာ အပြန်က သွားရတာ ပိုခက်သည်။ စာအုပ်တွေလဲသယ်လာရတာကြောင့် လေးဖက်ထောက်တဲ့နေရာမှာ သိပ်အဆင်မပြေ။
သို့ပေမဲ့လည်း နှစ်ယောက်သား အဲ့အတိုင်း ဖြေးဖြေးချင်း သွားကြတာမို့ နောက်ဆုံး တစ်ဖက်ကို ရောက်ရှိသွားသည်။
အဲ့တော့မှ Seungmin က ပေါ့ပါးသွားသလိုပုံစံနဲ့ အခန်းထဲဝင်သွားလိုက်သည်။
ကျန်ခဲ့တဲ့ ရွှေအိုရောင်ဆံပင်နဲ့ ကောင်လေးမှာလည်း သူ့အခန်းထဲသူရောက်တာနဲ့ တစ်ခစ်ခစ်ရယ်ရင်း Seungmin ရဲ့ အပြုအမူတို့ကို ပြန်တွေးမိရင်း အိပ်မရလျက်ရှိ၏။
~~~
လူသိပ်မရှိတဲ့ coffee ဆိုင်လေး။
မှန်တံခါးတွေနဲ့ ကာထားတာမို့ အတွင်းကနေအပြင် အပြင်ကနေအတွင်းကို ထွင်းဖောက်မြင်နေရသည်။ ထို့အပြင် ဆိုင်လေးရဲ့မျက်နှာစာမှာ ထိုင်ခုံလေးတွေချပေးထားသောကြောင့် ချစ်စရာကောင်းသော အပြင်အဆင်လေးဖြစ်နေသည်။
ဒီလို လှပနေတဲ့ cafe ဆိုင်လေးက ဘာကြောင့် လူမရှိရသလဲ။
ပြောရရင် ဆေးရုံရဲ့ coffee ဆိုင်ဖြစ်နေလို့ပင်။ ဆေးရုံမှာရှိနေတဲ့သူတွေအတွက် coffee ဆိုင်။ ဆေးရုံကနေ အပြင်သွားခွင့်မရှိတဲ့သူတွေနဲ့ လူနာစောင့်၊ ဆရာဝန် ဆေးရုံကသူတွေသာ လာကြတာမို့ အခုလို အလုပ်များတဲ့ညနေခင်းအချိန်တွေမှာ လူရှင်းလင်းနေသည်။
Seungmin က သူတစ်နေ့က ယူလာခဲ့တဲ့ စာအုပ်တွေထဲက နောက်ဆုံးတစ်အုပ်ကို Latte တစ်ခွက်နှင့် အပြီးသတ် ဖတ်လို့နေ၏။
ဒီနေ့နဲ့ဆို Seungmin စာအုပ်သွားယူခဲ့တာ လေးရက်မြောက်။ ရွှေအိုရောင်ကောင်လေးကတော့ ထိုညထဲက ပေါ်မလာခဲ့တော့။ ကြည့်ရတာ ဆေးရုံပြောင်းသွားတာဖြစ်မည်။ ဘယ်သူက ဘာမှမရှိတဲ့ ဒီလို နယ်ဆေးရုံမှာ လာတက်ချင်မှာလဲ။
ဆေးရုံအုပ် Lee ကို အားနာမိပေမဲ့ ဒါအမှန်တရားပင်။
Lee Minho ဆိုတဲ့ ဆေးရုံအုပ်ဟာလည်း ဆေးရုံအုပ်သာပြောတယ် ဘယ်တုန်းကမှ ရုံးခန်းထဲမှာ သူမရှိ။
Lee Minho ကို တွေ့ချင်လျှင် ဈေးထဲက ဆံသဆိုင်မှာသွားရှာပါတဲ့။
သူတို့ဆေးရုံရဲ့ ပြက်လုံးတစ်ခု။
ဘာလို့ဆို Lee Minho ဆိုတဲ့လူကြီးဟာ ဈေးထဲမှာ ဆံသဆိုင်သေးသေးလေးဖွင့်ထားတဲ့ Han Jisung ဆိုတဲ့ ကောင်လေးနားက တစ်ဖဝါးမှမခွာလို့ပင်။
တည့်ပြောရရင် နွားအို မြက်နုကြိုက်ပေါ့ဗျာ။
ဒါကို Lee Minho ရှေ့မှာသွားပြောရင် သူ့ဘေးမှာ အမြဲထားထားနေကျ တစ်ရှူးထုပ်နဲ့ ပစ်ပေါက်ခံရမှာဧကန်။ ဒါမဲ့လဲ ဒီလိုပြောရလောက်အောင် သူကိုက အဖြစ်သည်းလွန်းနေတာပင်။
နေ့စဉ်နေတိုင်း ဆံသဆိုင်ကို ချောင်းပေါက်မတတ်သွားပြီး ဆံပင်ညှပ်လိုက်ဆေးဆိုးလိုက် စကားစမြည်သွားပြောလိုက် စသည်စသည် အကြောင်းပြချက်အမျိုးစုံကြောင့် သွားနေတာကြောင့် Lee Minho တစ်ယောက် တစ်နေ့ Han Jisung လက်ချက်နဲ့ ကတုံးဖြစ်လာတော့မယ်ဆိုတာ Seungmin ကြိုသိနေသည်။
သူများအကြောင်းကို မှိုချိုးမျှစ်ချိုးတွေးလို့ ပြီးသွားတော့ Seungmin ရဲ့ အတွေးတွေ ပြန်ပြီး အိန္ဒြေရသွားသည်။ ဖတ်လက်စစာအုပ်ကလဲ ဖတ်လို့ပြီးသွားပြီမို့ လုံခြုံရေးဦးလေးလက်ထဲ သွားထည့်ပေးလိုက်ပြီး cafe ဆိုင်ကနေ သွားနေကျ ပန်းသီးခြံထဲသို့ ဦးတည်၏။
အရင်ရက်တွေက လိမ္မော်ခြံထဲ လိမ္မော်သီးတွေသွားစားလိုက် ရာသီမဟုတ်တာတောင် သေချာစိုက်ထားတဲ့ သရက်သီးတွေသွားစားလိုက်လုပ်နေတာကြောင့် သူထိုင်နေကျ သစ်ပင်လေးဆီတောင်မရောက်ဖြစ်။
တစ်နေ့ကြရင်တော့ ခြံစောင့်ဦးလေးကို မေးပါဦးမယ်။ Seungmin အမြဲတမ်း တက်တက်ထိုင်နေတဲ့အပင်က ဘာအပင်လဲဆိုတာ။
နေလဲမပူ မိုးလဲမရွာတဲ့နေ့ဖြစ်တာကြောင့် Seungmin အတွက် ထူးခြားစွာ နေလို့ ထိုင်လို့ကောင်းနေသည်။
ခြေထောက်တွေကိုလွှဲယမ်းရင်း တိမ်တွေထွန်းနေပြန်တဲ့ ကောင်းကင်ကို မော့ကြည့်နေရင်း။
"တွေ့ပြီ! ခင်ဗျားကိုရှာလိုက်ရတာဗျာ"
ရုတ်တရက်ထွက်လာတဲ့အသံကြောင့် ဟန်ချက်ပျက်ပြီး ပြုတ်ကျမလိုဖြစ်သွားပေမဲ့ ကောင်လေးက လှမ်းထိန်းပေးလိုက်လို့ မပြုတ်ကျလိုက်။
"တတိယတစ်ခေါက်တွေ့တာဆိုတော့ ဒါ ဖူးစာပဲဗျ. ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်သင့်ပြီ မထင်ဘူးလား.."
"မထင်ပါဘူး"
"ဟီးဟီး.. ကျွန်တော်က Felix ပါ Lee Felix ကိုကိုကတော့ ကျွန်တော့်ကို Yongbok လို့ခေါ်တယ်"
"..."
"ခင်ဗျားက Seungmin မလား.. သိသားပဲ ခင်ဗျားအခန်းရှေ့မှာရေးထားတယ်လေ Kim Seungmin"
"... အဲ့တော့..?"
"အဲ့တော့ ကျွန်တော်ခင်ဗျားကို ခင်ဗျားလို့ ဆက်မခေါ်ချင်တော့ဘူး.. ခင်ဗျားလဲ ကျွန်တော့်ကို Yongbok လို့ပဲခေါ်တော့ မင်း လို့မခေါ်နဲ့"
"..."
"ဒါဆို deal?"
သုံးရက်လုံးပျောက်သွားပြီးမှ အခုပြန်ပေါ်လာပြီး Seungmin ကို လာရောနေပြန်ပြီ။
တစ်ကယ် အန္တရာယ်ရှိတဲ့သူပဲ။
ဒုတိယတစ်ခေါက်အနေနဲ့ထပ်ပြီး ကောက်ချက်ချလိုက်၏။
"ကျွန်တော်နဲ့ အပြင်သွားရအောင် ကျွန်တော့်ရဲ့ တိမ်လုံးလေး"
"တိမ်လုံး..?"
"အင်း တိမ်လုံးလေးလေ ခင်ဗျားနဲ့လိုက်တယ်"
ပြောရင်းဆိုရင်း Seungmin ရဲ့ လက်ကို ဆွဲကိုင်ပြီး ကောင်လေးက အရှေ့ကနေ ဦးဆောင်ပြီးသွားသည်။ Seungmin ဟာ ဒီနေ့ ဒူးပေါ်လောက်ထိပဲရှိတဲ့ အပြာနုရောင် ဂျင်းဘောင်းဘီတိုလေးနဲ့ အဖြူရောင် hoodie ကြီးကြီးတစ်ခုကို စွပ်ထားတာကြောင့် သာမန်လူတစ်ယောက်နှင့်တူနေသည်။
ထိုရွှေအိုရောင်ကောင်လေးကလဲ ... မဟုတ်..
Yongbok ကလဲ အဖြူရောင် Shirt တစ်ထည်ကို ဂျင်းဘောင်းဘီရှည်တစ်ထည်နဲ့ ပေါ့ပါးစွာ ဝတ်ဆင်ထားတာမို့ နတ်သားလေးနဲ့တောင် တူနေသည်။
မျက်နှာ ချောချောလေးမှာ တပ်ဆင်ထားတဲ့ ရွှေရောင် မျက်မှန်ဝိုင်းလေးနဲ့ လေတိုက်တိုင်း လွင့်နေတဲ့ Shirt အစွန်ဖျားတို့နဲ့ ရွှေအိုရောင် ဆံနွယ်စတို့က Felix ဆိုသူအား နူးညံ့တဲ့ နတ်သားလေးတစ်ယောက်အသွင်ကို ဆောင်ယူစေသည်။
Felix ကို ငေးရင်း မဆီမဆိုင်တွေးလိုက်သေးသည်က Seungmin သာသေဆုံးသွားခဲ့ရင် ဒီလို နတ်သားလေးက လာခေါ်မှာများလား။ ဒါမှမဟုတ် ဒီလို ချောမောလှတဲ့ Felix က သူ့ကို ဒီဘဝကနေ လာခေါ်တဲ့ နတ်သားလေးဖြစ်နေပြီး သူကအစထဲက သေပြီးသားများလား။
ပြောမရဘူးလေ ဟိုတစ်နေ့ထဲက သစ်ပင်ပေါ်က ပြုတ်ကျပြီး သေသွားတာလဲ ဖြစ်နိုင်တာပဲ ဒါမှမဟုတ် အိပ်နေရင်းနဲ့ နှလုံးရပ်သွားတာ ...?
လက်ကောက်ဝတ်ကို ဆုတ်ကိုင်ထားတဲ့ လက်က တင်းကြပ်သွားတာကြောင့် Felix ရဲ့ မျက်နှာဆီကို အာရုံတွေပြန်ပို့လိုက်သည်။
"ကိုယ့် တိမ်လုံးလေး ဘာစားချင်တာလဲ..
ကိုယ့်ကိုစားမလား.."
Kim Seungmin! ကိုယ့်ကိုကိုယ်ထိန်းစမ်း!
ဒီလူက အန္တရာယ်ရှိတဲ့သူ!
"ခေါက်ဆွဲ"
ဆေးရုံမှာ မစားရတဲ့ အစားအစာတွေထဲမှာ ခေါက်ဆွဲက ထိပ်ဆုံးကပါသည်။
ဆေးရုံမှာ ခေါက်ဆွဲလဲ ခိုးစားလို့မရသလို ဆေးရုံထဲကို အသင့်စားခေါက်ဆွဲထုပ်တောင် ယူလာလို့မရပါ။
တွေးမိရုံနဲ့ပဲ ထပ်ပြီး Lee Minho ဆိုတဲ့ လူကြီးကို ဆဲချင်လာပြန်သည်။
Han Jisung ဆီ ကတုံးတုံးခံရပါစေ။
"ခေါက်ဆွဲ?"
"အင်း.. အသင့်စားခေါက်ဆွဲ.."
"ဟုတ်ပါပြီဗျာ ကျွန်တော်တို့ ဒီနားက စတိုးဆိုင်လေးကိုပဲ သွားကြတာပေါ့ အဲ့မှာ တစ်ခါထဲ ပြုတ်စားလို့ရတယ်"
"အင်း"
ပုံမှန်တုံ့ပြန်နေကျစကားဆိုပေမဲ့ အဲ့စကားလုံးမှာ အရောင်လက်သွားတဲ့ ပျော်ရွှင်မှုတွေပါနေတာကိုတော့ နှစ်ယောက်လုံး သတိထားမိလိုက်ကြသည်။
ခေါက်ဆွဲဘူးတွေကို သုံးဘူးလေးဘူးလောက်ထိ သယ်နေတဲ့ Seungmin ကို Felix ဒီတိုင်းရပ်ကြည့်နေလိုက်သည် မစားစေချင်ပေမဲ့ တားမရမှာလဲသိနေတော့ ဝယ်ကျွေးဖို့ပဲဆုံးဖြတ်ထားသည်။
ဒီကောင်လေးပြုံးတာကို နောက်တစ်ခေါက်ထပ်မြင်ချင်လို့။
တိမ်စိုင်တွေလို အုံ့အုံ့မှိုင်းမှိုင်းလေးရှိနေတတ်တဲ့ ကောင်လေးက Felix အတွက်တော့ အရမ်းကို လှပသည်။ ဆံပင်အညိုရောင်လေးတွေက လုံးနေပြီး ဆေးရုံအဝတ်တို့ထက်စာရင် အမြဲဝတ်နေကျ hoodie လေးတွေနဲ့ လုံးလုံးလေးဖြစ်နေတတ်တဲ့ သူက Felix ငယ်ငယ်ထဲက နာမည်ပေးဖူးထားတဲ့အတိုင်း မပြောင်းလဲတဲ့ တိမ်လုံးလေး။
ခေါက်ဆွဲဘူးတွေရွေးလို့ပြီးသွားပြီထင်သည်။ ရွေးထားတဲ့ ခေါင်းဆွဲဘူးတွေကို ပိုက်ရင်း Felix ဘက်လှည့်ကြည့်လာသည်။
တောက်ပနေတဲ့မျက်လုံးလေးတွေနဲ့ အနည်းငယ်ဟထားတဲ့ နှုတ်ခမ်းလေးတွေက သူ့ရဲ့တိမ်လုံးလေးအား ခွေးပေါက်လေးအလားပင်။
အညိုရောင် ခွေးပေါက်လေး။
"ဒါတွေအားလုံးစားမှာလား"
ခေါင်းငြိမ့်သည်။
"တစ်ကယ် ကုန်လို့လား"
ခေါင်းငြိမ့်သည်။
"အဟက် ခွေးပေါက်လေး"
မျက်မှောင်ကြုတ်ချပစ်လိုက်ပြန်ပြီ။ သူမကျေနပ်တဲ့သဘော။ ဒါမဲ့လည်း Felix ကတော့ ကိုစိတ်လက်တစ်ဆစ်ကိုစရတာ အရမ်းကို ပျော်နေသည်။
ခေါက်ဆွဲဘူးတွေကို ဖောက်လိုက် ရေသွားထည့်ပေးလိုက် လုပ်ရတဲ့အလုပ်က Felix ရဲ့အလုပ်တရားဝင်ဖြစ်သွားသည်။ ကိုကိုကတော့ ပထမဆုံးအလုပ်စဆင်းတဲ့ရက်မှာပဲ အလုပ်လစ်တဲ့အပြင် ဆေးရုံကလူနာကိုပါခေါ်ပြီး ခေါက်ဆွဲထွက်ပြုတ်နေတဲ့ ညီဖြစ်သူကို တွေ့ရင် ခေါင်းခေါက်မည်ပင်။
ဒါမဲ့လည်း Felix ကတော့ ဆေးရုံကိုပြန်မသွားနိုင်ပါ။ ဒီနေ့ပဲတိုင်းတပါးကပြန်ရောက်လာတဲ့ ကိုယ့်ညီလေးကို ချက်ချင်းပဲ ခိုင်းစားရက်တဲ့ Lee Minho ဆိုတဲ့ လူကြီးကသာ အသည်းနှလုံးမရှိတာမဟုတ်ပါလား။
ခေါက်ဆွဲတွေကို အားရပါးရစားချင်ပေမဲ့ ပူလွန်းနေတာကြောင့် ရှုံ့မဲ့မဲ့လေးနဲ့ အရင် လေမှုတ်နေတဲ့ Seungmin ကို စိုက်ကြည့်ရင်း လွန်ခဲ့တဲ့ လေးရက်ဆီသို့။
အရမ်းတွေ့ချင်နေတဲ့ Seungmin ဆီ မရောက်ခင် Felix က ကိုကို့ဆီသွားတွေ့ခဲ့သည်။ ကိုကိုကပြောသည် Seungmin မှာ စိတ်ဒဏ်ရာတွေအများကြီးရှိနေတယ်တဲ့။
ကိစ္စမရှိ။
သူဂရုစိုက်ပေးပြီး ပြန်ကုသပေးလို့ရသည်။
သို့သော် ကိုကိုဆက်ပြောလာတဲ့ စကားကတော့ Felix ကို တုန်လှုပ်စေသည်။
Seungmin မေ့လဲတာ နှစ်ခေါက်ရှိပြီတဲ့။
ဒီကိစ္စကို Felix ထံ ကြိုအသိမပေးခဲ့တဲ့ ကိုကို့ကို အရမ်းစိတ်ဆိုးမိပါသည်။ စိတ်ပူမှုနဲ့ စိုးရိမ်တကြီးလိုက်ရှာခဲ့ပြီးမှ ဆေးရုံက အဒေါ်တစ်ယောက်ပြောပြလို့ Seungmin ဘယ်မှာရှိလဲသိခဲ့ရသည်။ ပြန်တွေ့ပြီး ပထမဆုံးအနေနဲ့ အေးစက်တဲ့ကောင်လေးကို ချဉ်းကပ်ခဲ့သည်။
ဟိုးအရင်ကအတိုင်း တိမ်လုံးလေးလိုပင်။
ခပ်တင်းတင်းဆုတ်ကိုင်ထားမိရင် ပျောက်ကွယ်သွားနိုင်တယ်။
Seungmin နဲ့ တွေ့ပြီး မနက်မှာပဲ ရှိသမျှအဆက်အသွယ်အားလုံးသုံးပြီး ရနိုင်သမျှ နှလုံးသားတစ်ခု ရှာခဲ့သည်။
Australia အထိ ပြန်ပြီး အတူတူအလုပ်လုပ်ခဲ့သောသူတို့အား အသနားခံအကူအညီတောင်းခဲ့သည်။
တစ်ကယ်လို့များ တစ်ယောက်ယောက်ဆီက နှလုံးသားတစ်ခုလောက်များရခဲ့ရင် Seungmin အတွက် ပေးပေးဖို့ အရှက်မရှိသွားတောင်းဆိုခဲ့၏။
အရှေ့က အေးချမ်းတဲ့ကောင်လေးကတော့ ပြတ်သားသည်။ နေလိုရလျှင်နေမည် နေလို့မရလဲသေလိုက်မည်။ အစားထိုးခြင်းကိုတော့ လက်မခံနိုင် ဆိုတဲ့အမျိုးပင်။
ခေါင်းမာတဲ့ကောင်လေးကို အတိုက်အခံလုပ်ပြီး အစားထိုးစရာရှိလာတဲ့အခါ လက်ခံဖို့ တိုက်တွန်းရဦးမည့် ကိုယ့်အဖြစ်ကိုယ် စဉ်းစားပြီး ရင်လေးရပြန်၏။
~~~
ငယ်ငယ်ထဲက နှလုံးမကောင်းတဲ့ကောင်လေးက တစ်လတစ်ခါလောက်ထိ သူတို့ဆေးရုံကို ရောက်ရောက်လာတတ်သည်။ တိမ်စိုင်လေးတွေလို မထိရက်မကိုင်ရက်ပုံစံလေးနဲ့ ကောင်လေးဟာ Yongbok ဆိုတဲ့ ကောင်ငယ်လေးရဲ့ နှလုံးသားထဲမှာ စွဲနေရလောက်အောင် ထူးခြားသည်။
Yongbok က ထိုကောင်လေး အကြိမ်ကြိမ်ရောက်လာတာနဲ့အမျှ ကောင်လေးအကြောင်းကို သိချင်၍ Lee Minho အဒေါ် ဆေးရုံအုပ်ကြီးကို မေးခဲ့သည်။
ပထမတော့ပြောပြခြင်းမရှိခဲ့ပေမဲ့ နောက်ပိုင်း ဆရာဝန်လုပ်ရတာ ဝါသနာကိုမပါတဲ့ Felix ကို ဆွဲဆောင်ဖို့ရည်ရွယ်ချက်နဲ့ Seungmin ရဲ့ ရောဂါအခြေအနေကို ပြောပြခဲ့သည်။
တိမ်လုံးလေးက နှလုံးရောဂါဖြစ်နေတာတဲ့။
တစ်လထက်တစ်လ Yongbok ကြောက်ရွံ့လာရ၏။ ထိုကောင်လေး လာရမဲ့နေ့မှာ ရောက်မလာမှာ။
သို့ပေမဲ့ တစ်နေ့တော့ တိမ်လုံးလေးရောက်လာပါစေလို့ ဆုတောင်းခဲ့မိတာကိုပင် ပြန်ပြီး နောင်တရမိသည်။
ဘာလို့ဆို ဆေးရုံကို သတိမေ့နေတဲ့သူသုံးယောက်ထဲက တစ်ယောက်အနေနဲ့ အရေးပေါ် ရောက်လာခဲ့လို့။
မေ့နေတဲ့ တိမ်လုံးလေးရဲ့ လက်ကို သွားဆွဲကိုင်ပြီး Yongbok က ငိုနေခဲ့သည်။ အားကိုးတကြီးနဲ့ ဆရာဝန်အကိုကြီးတွေအမကြီးတွေနဲ့ သူ့အဒေါ်ကိုပါ တောင်းဆိုခဲ့ပေမဲ့ အကုန်လုံးက တိမ်လုံးလေးနဲ့တူတူရောက်လာခဲ့တဲ့ သူနှစ်ယောက်ဆီမှာသာ အလုပ်ရှုပ်လျက်ရှိနေ၏။
အဒေါ်ကပြောတယ်။ တိမ်လုံးလေးက လန့်ပြီးမေ့လဲသွားတာတဲ့။ နောက်ထပ် နှစ်ခါထပ်ပြီး မေ့လဲခဲ့ရင် အသက်အန္တရာယ်ရှိနိုင်တယ်တဲ့။
အဲ့ဒီ့စကားတွေက Yongbok ကို ခြောက်လှန့်ဖို့လုံလောက်စေခဲ့၏။ နောက်ထပ်နှစ်ခါထပ်ပြီး မေ့လဲရင် Seungmin အတွက် အသက်ဆက်နိုင်ဖို့ အခွင့်အရေးသိပ်မရှိ။
သတိရနေပြီဖြစ်တဲ့ Seungmin က ငိုယိုရင်း သူ့မိဘတွေအကြောင်းပဲ မေးလျက်ရှိနေသည်။
Yongbok ဆုံးဖြတ်ခဲ့ရသည်။
မဟုတ်ဘူး။
ဆုံးဖြတ်ခဲ့တယ် Seungmin ကို ရအောင် ကယ်ဖို့။
Seungmin ရဲ့ မိဘတွေရှိနေတဲ့ အရေးပေါ်ခွဲစိတ်ခန်းရှေ့မှာ ကတိပေးခဲ့သည်။
ဆိုးရွားလွန်းလှတဲ့နေ့တစ်နေ့ပေါ့။ Seungmin အတွက်။ မတော်တဆမှုကြောင့် Seungmin ထိတ်လန့်ပြီး သတိမေ့သွားခဲ့သည်။
Coma ဝင်သွားတဲ့ မိဘတွေကို ပြုစုရင်း နှစ်နှစ်အကြာမှာပဲ မိဘတွေကရုတ်တရက်ကြီး မျှော်လင့်ချက်ပျောက်ဆုံးသွားခဲ့ပြန်သည်။
Seungmin ငိုယိုရင်း ဒုတိယတစ်ကြိမ်ထပ်ပြီး မေ့လဲသွားခဲ့ပြန်၏။
အဲ့ဒီ့နေ့ကစပြီး ဆေးရုံက Seungmin ကို အပြင်လုံးဝပေးထွက်ခြင်းမရှိတော့။ လူနာအဖြစ်နဲ့သာ အခန်းထဲမှာထားပြီး Seungmin ကို ကလေးတစ်ယောက်ကဲ့သို့ ဆက်ဆံခဲ့ကြသည်။
~~~
"Felix.. Felix! Yongbok!"
"ဟင်ဟင်"
စားနိုင်တုန်း အဝစားပြီးမှ Felix က အတွေးလွန်နေတာကို သတိထားမိသည်။ စိတ်ပူမိသွားပေမဲ့ မမေးမိတော့ သူများရဲ့ personal ဆိုတာ မေးလို့ကောင်းတဲ့အရာမဟုတ်ဘူးမလား။
"စားလို့ပြီးပြီလား.. ဘယ်ကိုသွားချင်သေးလဲ.."
"ကစားကွင်း"
"အင်း.. ကစားကွင်းတော့လိုက်ပို့ပေးမယ် ဒါမဲ့ အန္တရာယ်ရှိတာတွေ မစီးရဘူးနော်"
လိုက်မပို့ချင်ပုံပေါက်နေပေမဲ့ Felix က Seungmin ရဲ့ တောင်းဆိုမှုကို ငြင်းဆန်ချင်ပုံမပေါ်။
ထိုညက သူတို့ ဆေးရုံကို ကိုးနာရီကျော်မှပြန်ရောက်ကြပြီး ဆေးရုံကောင်တာမှာတင် ခါးထောက်ကာစောင့်ကြိုနေတဲ့ Lee Minho ဆီက စီးကြိုခံလိုက်ရသည်။
သို့သော်လည်း ထိုနေ့ကစပြီး Felix သည် အားရင် အားသလို Seungmin ရှိရာကို အပြေးလေးရောက်လာတတ်သလို၊ duty မရှိတဲ့အချိန်တွေနဲ့ off day တွေဆိုလည်း Seungmin ကို အပြင်ခေါ်သွားပေးတတ်သည်။
Felix ဒီလိုတွေလုပ်နေရတဲ့ ရည်ရွယ်ချက်ကို Seungmin က သိသလိုလိုရှိနေပေမဲ့ တစ်ကယ်တော့ မသိ။
လူတွေက တစ်ခုကိုလိုချင်လို့ တစ်ခုကိုပေးကြတယ်တဲ့။ Felix ကရော Seungmin ဆီက ဘာကိုလိုချင်လို့ Seungmin အပေါ်ဒီလောက်ထိ ကောင်းပေးနေတာပါလိမ့်။
အမြဲတမ်းလိုလို တစ်တွဲတွဲရှိနေတတ်တဲ့ Seungmin နဲ့ Felix ကို မြို့ထဲက သူတွေတောင် မှတ်မိနေတတ်ပြီ။ Felix ကို မြင်တာနဲ့ Seungmin ရော လို့ ခနခနအမေးခံရတဲ့အထိ။
အခုတော့ အမေးခံရတဲ့သူက Seungmin ဖြစ်သွားသည်။ အကြောင်းအရင်းမှာ အခုတစ်လောအရမ်းအလုပ်များပြီး ဆေးရုံကိုပါရောက်မလာတော့တဲ့ Felix ကြောင့်။
ဝန်ခံရမည်။
Seungmin တစ်ယောက် Felix ကို စတွေ့တဲ့နေ့ထဲက သံယောဇဉ်တွယ်မိခဲ့တယ်ဆိုတာတော့ Seungmin ဝန်ခံရလိမ့်မည်။ ဘယ်တုန်းကမှ လက်မခံဖို့တွေးနေခဲ့ပေမဲ့၊ အမြဲတမ်းကိုယ်ကထွက်သွားရမဲ့သူဆိုတာ သတိပေးနေခဲ့မိပေမဲ့ Seungmin က သူ့ကိုယ်သူ မလွန်ဆန်နိုင်ခဲ့ပါ။
မပြောမဆို ပျောက်သွားတဲ့ Felix ကို မျှော်နေပေမဲ့ Felix က ရောက်မလာခဲ့တော့။
ဒီလောက်ပဲထင်ပါတယ်...။
ဆက်ဆံရေးလေးတစ်ခုပြီးဆုံးသွားတယ်လို့ပဲ လွယ်လွယ်စဉ်းစားလိုက်ပေမဲ့ ထိုအတွေးနောက်မှာ ကျလာတဲ့ မျက်ရည်တွေအတွက်ကတော့ လွယ်ကူမနေပါ။
~~~
လပိုင်းလောက်ကြာနေပြီ။
အတိအကျပြောရရင် 6လနဲ့ 15ရက်။
အဲ့ဒီ့နေ့မှာ Felix က ပြန်ရောက်လာတယ်။
Seungmin ဆီကိုမဟုတ်ပဲ ဆေးရုံကိုပဲ ပြန်ရောက်လာခဲ့သည်။
Felix ပြန်ရောက်လာတယ်လို့ သတင်းထွက်တုန်းက Seungmin ယုံပင်မယုံခဲ့။
Felix သာပြန်ရောက်လာခဲ့တာအမှန်ဆိုရင် သူက Seungmin ကို ပထမဆုံးအနေနဲ့ လာတွေ့မှာလေ။
Seungmin ကို ဆေးရုံကသူတွေက ထပ်ပြီး သနားသလိုကြည့်ကြပြန်တယ်။ နှလုံးရောဂါသည်လေးဖြစ်ပြီး တွယ်တာမိတဲ့သူကပါ ထားသွားတာကြောင့်လား။
တော်ပါပြီ။ နှလုံးရောဂါသည်ဖြစ်နေလို့ ရရှိခဲ့တဲ့ အကြည့်တွေနဲ့တင် အလုံလောက်ကြီးလုံလောက်နေပြီးသား။
ဘယ်သူလာပြောပြောငြင်းဆန်နေခဲ့ပေမဲ့ ကိုယ်တိုင်မျက်မြင်တွေ့လာတဲ့အခါမှာတော့ လက်ခံခဲ့ရသည်။
Felix အတွက် Seungmin ဆိုတာ ဘာမှမဟုတ်တဲ့သူပဲ။
ဘာမှမဟုတ်တဲ့ နယ်မြို့လေးတစ်မြို့က သနားစရာ နှလုံးရောဂါသည်လေး။
~~~
တစ်နေ့တော့ ပြောင်းလဲသွားတဲ့ Felix က Seungmin ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည်။
ထိုင်နေကျ cafe ဆိုင်လေးက လူမရှိတဲ့အထိ ရှင်းလင်းနေပြီး တိုက်ခတ်လာတဲ့ လေအေးတို့ကြောင့် မှန်တံခါးရှေ့က ခြူသံလေးတွေက ဆိုင်အတွင်းထဲထိပြန့်လွင့်နေသည်။
Felix က Seungmin ရဲ့ ရှေ့မှာထိုင်နေသည်။
Seungmin ကတော့ ကိုယ့်ရဲ့ Heart rate ကြောင့် Americano တောင် သောက်ဖူးခြင်းမရှိခဲ့ပေမဲ့ Felix ရဲ့ရှေ့မှာတော့ iced Americano တစ်ခွက်က နေရာယူထားသည်။
"ဒီအတောအတွင်း အဆင်ပြေနေဖို့မျှော်လင့်ပါတယ်.."
"အဆင်ပြေနေခဲ့ပါတယ်.."
"အင်း.. အပြင်တွေရောသွားဖြစ်သေးလား"
"မသွားဘူး သွားချင်စိတ်မရှိဘူး"
မသွားဘူးလေ မင်းမှမခေါ်သွားတာ
"ခေါက်ဆွဲတွေရောစားနေခဲ့သေးလား.."
"မစားဘူး မကြိုက်တော့ဘူး"
"ဪ..."
တိတ်ဆိတ်သွားပြန်တဲ့အလျောက် Americano ခွက်ထဲက ရေခဲတွေက အရည်ပျော်ရင်း တစ်ဖြေးဖြေး သေးသေးသွားသည်။
"ဒါပဲလား သွားတော့မယ်"
ထထွက်သွားတဲ့ Seungmin ရဲ့ လက်ကို Felix က လှမ်းဆွဲသည်။ နောက်ပြီး ပြောလာတာက
"Seungmin.. မင်း နှလုံးအစားထိုးဖို့ .. "
"ငါမလုပ်ဘူး"
လက်ကိုဆွဲဖယ်ပြီးထွက်သွားဖို့ပြင်ပေမဲ့ Felix ရဲ့နောက်တစ်ခါထပ်ပြီး ဆုတ်ကိုင်ထားမှုက ပိုပြီး တင်းကြပ်နေ၏။
"မဟုတ်ဘူး ငါပြောတာအရင်နားထောင်ပါဦး.."
"ငါမလုပ်ဘူး ငါခွဲစိတ်မှုမလုပ်ဘူး ငါနှလုံးအစားမထိုးဘူး"
"Seungmin! အန်တီ Yoon ah ဆုံးသွားပြီ! သူက သူ့ရဲ့ နှလုံးကို မင်းဆီ ရောက်အောင်ပေးလိုက်ပါလို့ မှာသွားတယ်! ငါဒီတစ်ချိန်လုံး အန်တီ့ရဲ့ရောဂါကို တစ်ခြားနိုင်ငံက ဆရာဝန်ကြီးတွေမှာ ရနိုင်သလောက်ကြိုးစားပြီး ပြခဲ့တယ် ဒါမဲ့ ဒါက အန်တီ့ရဲ့ဆုံးဖြတ်ချက်ပဲ ကျေးဇူးပြုပြီး မင်း ဒါကို လိုက်နာပေးလိုက်ပါ ...
သူက မင်းကို သိပ်ချစ်တာလေ Seungminရာ.."
"..."
~~~
Seungmin ဟာ ဘာမှမပြောနိုင်ပဲ ပြေးထွက်ရုံသာ လုပ်နိုင်ခဲ့တယ်။ မျက်နှာပေါ်မှာ မျက်ရည်စက်တွေက တရစပ်ကျဆင်းလို့ ပြေးထားတာကြောင့်ရော ငိုထားတာကြောင့်ရော ကြောင့်ပါ အမောက ဖောက်ချင်လာသည်။
အန်တီ Yoon ah က တောင်းဆိုခဲ့တာတဲ့။
အန်တီ Yoon ကို သိတာပေါ့။ သူ့အတွက် မိဘတွေမရှိတော့တဲ့အချိန် Seungmin အတွက် အမြဲတမ်းရှိနေပေးတဲ့လူသား။
Seungmin ရဲ့ ရောဂါအကြောင်းပြောမိလို့
"သားက သေတော့မှာမလားဟင်"
လို့ မေးမိရင်
"မဟုတ်တာ သားက ဟိုးကကြယ်ပွင့်လေးတွေကြွေပြီးသွားတဲ့အထိ အကြာကြီး အသက်ရှည်နေမှာ"
လို့ ဖြေတတ်တဲ့သူ။
ရှိုက်ငိုနေတာကို ရပ်တန့်လိုက်ပေမဲ့ Seungmin ရဲ့ မျက်ရည်တွေကတော့ တစ်ညလုံးအတွက် ကျဆင်းနေတော့၏။
ရပ်တန့်ခြင်းမရှိသလို၊ ရပ်တန့်ရဲခြင်းလဲမရှိပါ။
အန်တီ Yoon နောက်ကို လိုက်သွားချင်စိတ်ကြီးစိုးနေသော်လည်း အန်တီ Yoon ရဲ့ စကားကို နားထောင်ဖို့ အားတင်းနေရသည်။
~~~
"တတ်နိုင်သမျှ အမြန်ဆုံး အစားထိုးလုပ်ငန်းစဉ်ကို လုပ်မှာမို့လို့ လူနာဘက်က အချိန်ပြည့် အဆင်သင့်ရှိနေပေးပါ ခွဲစိတ်မှုကို မနက်ဖြန် မနက်စောစော စပါမယ်"
"ဟုတ်ကဲ့" "ဟုတ်"
ဆေးရုံခန်းငယ်လေးထဲမှာ Seungmin နဲ့ Felix တို့ နှစ်ယောက်ထဲရှိနေသည်။ နှစ်ယောက်လုံးဟာ တစ်ယောက်နှင့်တစ်ယောက် စကားပြောခြင်းမရှိကြ။
Seungmin ကတော့ နေ့တိုင်းမြင်နေကျ ပြတင်းပေါက်က ကောင်းကင်ကို ငေးကြည့်နေသည်။ တိမ်ကင်းစင်ပြီး အန်တီ Yoon ပြခဲ့ဖူးတဲ့ ကြယ်လေးတွေကို သေချာစွာ မြင်နေရသည်။
လှလိုက်တာ..။
တစ်ချိန်လုံး တိမ်တွေကိုသာလှတယ်တွေးမိခဲ့တာ ဘာလို့များပါလိမ့်။
တိမ်တွေလိုပဲ ပျောက်ကွယ်သွားချင်ခဲ့လို့လား။
ကောင်းကင်ကနေ အကြည့်မခွာတဲ့ Seungmin။ ထပ်တူပဲ Seungmin ဆီကနေ အကြည့်မခွာတဲ့ Felix။
နှစ်ယောက်လုံးမှာ စကားလုံးတွေများစွာရှိနေကြပေမဲ့ ထုတ်ပြောခြင်းမရှိကြပေ။
နှလုံးခွဲစိတ်မှုသည် အရေးကြီးသည်။ အခက်မသင့်လျှင် လူနာ၏အသက်ကို နှုပ်ယူသွားနိုင်သည်။ ဒါကြောင့် ဆေးရုံကြီး တစ်ခုမှာလုပ်ရမည်ဆိုပေမဲ့ Seungmin က ဒီဆေးရုံမှာပဲ လုပ်ချင်သည်ဆိုလို့ Seungmin အတွက် Felix က စီနီယာဆရာဝန်တို့ကို လိုက်တောင်းဆိုပြီး စီစဉ်ခဲ့ရသည်။
Seungmin ရဲ့အတွေးတွေကို Yongbok သိတာပေါ့။ တစ်ကယ်လို့များ ခွဲစိတ်မှုတစ်ခုခုဖြစ်လို့ သူသေခဲ့မယ်ဆိုရင်တောင် သူက ဒီဆေးရုံမှာပဲ ခေါင်းချမယ်ဆိုတဲ့ အတွေးနဲ့ ဒီကနေထွက်ဖို့ ခေါင်းမာနေခဲ့မှန်း။
ဒါပေမဲ့ Seungmin ဘယ်သိနိုင်မလဲ။
Felix က Seungmin ရဲ့ ခွဲစိတ်မှုအတွက် Australia က အကောင်းဆုံး ဆရာဝန်ဆိုသူကို တောင်းဆိုပြီး ခေါ်လာခဲ့တာကို။
Felix ကိုယ်တိုင်မှမဟုတ်ရင် ဘယ်သူနဲ့မှစိတ်မချတဲ့ Seungmin ကို ခွဲစိတ်တိုင်းအောင်မြင်နေတယ်ဆိုတဲ့ ဆရာဝန်နဲ့မှ စိတ်ချမယ်ဆိုတာကို။
~~~
အချိန်တွေ တစ်နာရီပြီးတစ်နာရီ ကုန်ဆုံးသွားသည်။
Seungmin က ကုတင်ပေါ်ကနေမှ ပြတင်းပေါက်နားက ထိုင်ခုံကို ပြောင်းထိုင်၍ ကြယ်လေးတွေကို ငေးကြည့်နေဆဲ။
နောက်ဆုံး မနက် 5 နာရီဆိုတဲ့အချိန်ကို ရောက်ရှိလာသည်။ သူတို့ရောက်လာကြသည်။ Seungmin ကို ခွဲခန်းထဲခေါ်သွားဖို့။
မထင်မှတ်ထားစွာ Yongbok ရဲ့ နှလုံးခုန်သံတွေ မြန်ဆန်ပြီး ကျယ်လောင်လာသည်။ စိုးရိမ်မှုကြောင့် ဘယ်ဘက်ရင်အုံက တင်းကြပ်လျက်။ စိတ်ပူမှုတွေအထင်းသားပေါ်နေတဲ့ မျက်ဝန်းတွေထဲမှာ အရည်ကြည်တို့ကလဲ ရစ်ဝိုင်းနေသည်။
"Seungmin..."
ထွက်သွားဖို့ပြင်နေတဲ့ Seungmin နောက်ကနေ လေသံတိုးလေးနဲ့ လှမ်းခေါ်လိုက်သည်။
လှည့်ကြည့်လာတဲ့ Seungmin နဲ့ မျက်လုံးချင်းဆုံတော့ မနေနိုင်တော့တဲ့ မျက်ရည်စက်အချို့က ခုန်ပေါက်ကာ ကျဆင်းလာသည်။
"ကျေးဇူးပြုပြီး ပြန်လာခဲ့ပါ ထွက်သွားဖို့ပဲ
မစဉ်းစားပဲ ကျွန်တော့်ဆီပြန်လာခဲ့ပေးပါ"
ခေါင်းငုံ့သွားတဲ့ Seungmin ကို သဘောမကျလိုက်တာ။
ပြန်လာခဲ့ပါ့မယ် လို့ပြောလိုက်ဖို့က ဒီလောက်ထိခက်ခဲနေလို့လား။
"ကျိန်းသေပေါက် စောင့်နေမှာ.."
ဆက်လက်ပြီးကျဆင်းလာဆဲဖြစ်တဲ့ မျက်ရည်တွေကို ရပ်တန့်စေဖို့ Yongbok ရဲ့ မျက်ဝန်းတွေကို ခနတာမှိတ်ချလိုက်သည်။
တုန်ရီနေတဲ့ နှုတ်ခမ်းဖျားတို့ကို ထိကပ်လာတဲ့ နူးနူးညံ့ညံ့လေး။ ကြောင်ရီရီနဲ့ မျက်လုံးဖွင့်ကြည့်တော့ သူ့ရဲ့ တိမ်လုံးလေး၊တိမ်စိုင်လေး။
မြတ်နိုးလိုက်ရတာ..။
ထိရုံပဲထိနေတဲ့ နှုတ်ခမ်းတွေဆီကနေ တိမ်လုံးလေးရဲ့ နွေးထွေးမှုကို ခံစားရသည်။
နွေးထွေးပြီး နူးညံ့နေလိုက်တာ။
~~~
ခွဲစိတ်ခန်းရှေ့မှာ ထိုင်ရင်း ထွက်လိုက်ဝင်လိုက်လုပ်နေတဲ့ သူတွေကိုကြည့်ပြီး ဂဏာမငြိမ်ချင်။
Lix ရဲ့ တိမ်လုံးလေးက ပြန်လာခဲ့မှာ။
သူ ကျွန်တော့်ကို ချစ်တယ်လို့ ပြောမသွားရသေးဘူးလေ။ အဲ့တော့ သူပြန်လာလိမ့်မယ်။
~~~
ခွဲစိတ်မှုက အောင်မြင်သွားပြီ။
Yongbok ရဲ့ ဘဝမှာ ဒီလောက်ပျော်ရွှင်ရတဲ့နေ့ရှိတော့မယ် မထင်ဘူး။
တိမ်လုံးလေးရဲ့ လက်ကလေးကို ဆုတ်ကိုင်လို့ တိမ်လုံးလေးအနားမှာပဲ စောင့်နေတယ်။
မြန်မြန်ပြန်လာခဲ့နော်.. ကျွန်တော့်တိမ်လုံးလေးကို ပြောပြစရာတွေမှ အများကြီးရှိနေတာဗျ..။
~~~
ဘာလို့လဲ..။ ဘာလို့ ကျွန်တော့်ရဲ့ တိမ်လုံးလေးက မနိုးလာသေးတာလဲဗျ။
အခုနဲ့ဆိုရင် သူခွဲစိတ်ခန်းထဲက ထွက်လာတာ
44 နာရီနဲ့ 19မိနစ်ရှိနေပြီ။
~~~
တိမ်လုံးလေးကို ခွဲစိတ်ခဲ့တဲ့ ဆရာဝန်က ပြောတယ်။
တိမ်လုံးလေးက ပြန်နိုးထလာချင်စိတ်ရှိမှ ပြန်နိုးဖို့ကြိုးစားမှာတဲ့။
စိတ်ရှည်ရှည်နဲ့ စောင့်ပေးလိုက်ပါတဲ့။
တိမ်လုံးလေးကိုလဲ လူနာလို့ သုံးနှုန်းသွားသေးတယ်။ ကျွန်တော့်တိမ်လုံးလေးက လူနာမဟုတ်တော့တာဖြင့် 56နာရီနဲ့59မိနစ်ရှိနေပြီဗျ။
ဟော အခုလေးတင် 57နာရီပြည့်သွားပြီ။
~~~
တိမ်လုံးလေးကို လာကြည့်နေကျ ဆရာဝန်တွေ မျက်နှာမကောင်းဘူး ဘာလို့လဲဟင်။
ကျွန်တော့်တိမ်လုံးလေးက နောက်ကျမှာမို့လား။
ရတယ်နော် ကျွန်တော်က ဘယ်ချိန်ထိဖြစ်ဖြစ်စောင့်နိုင်တယ်။
အဓိကက ကျွန်တော့်ရဲ့minnie ပြန်လာဖို့။
~~~
ကျွန်တော့်ကို တိမ်လုံးလေးရဲ့အခန်းထဲက အတင်းနှင်ထုတ်ကြတယ်ဗျာ။
ရေချိုးပြီး လေကောင်းလေသန့်ရှူပြီးမှပြန်လာခဲ့တဲ့။
ကျွန်တော်က တိမ်လုံးလေးဘေးက တစ်ဖဝါးမှခွာချင်တာမဟုတ်ဘူး။
အဲ့တာမှ ကျွန်တော့်ရဲ့minnie နိုးလာရင် သူ့ဘေးမှာ ကျွန်တော်ရှိနေပေးနိုင်မှာလေ။
သူလဲကျွန်တော့်ကို လွမ်းနေမှာ ကျွန်တော်သိပါတယ်။
~~~
ဆရာဝန်ကြီးက အရေးကြီးတာပြောစရာရှိလို့ လာခဲ့ပါဦးတဲ့။
တစ်ကယ်ပဲ တိမ်လုံးလေးဘေးမှာပဲနေချင်တာပါဆို။
~~~
ပြင်ဆင်ထားရမယ်???
ဘာကိုပြင်ဆင်ရမှာလဲ? တိမ်လုံးလေးက ကျွန်တော့်ဆီပြန်လာမှာပါဆို ခင်ဗျားတို့ မယုံကြဘူးလား။
~~~
"Seungmin က ပြန်လာမှာ ငါ့ကိုမထားခဲ့ဘူး!"
အော်ပြီး တံခါးကို ဆွဲပိတ်ပစ်ကာ lock ပါချပြီး ဘီရိုနဲ့ပါပိတ်ထားလိုက်သည်။ အဲ့ဒီ့မိစ္ဆာတွေကို မမြင်ချင်။
"အာ.. တိမ်လုံးလေး လန့်သွားလား .. Sorry နော် ကျွန်တော် ဒေါသထွက်သွားလို့ နောက်ဆို ဆူညံအောင်မလုပ်တော့ပါဘူးနော်"
"အဲ့တာကြောင့် အကြာကြီးပစ်မထားပဲပြန်လာပေးပါတော့ စိတ်ဆိုးပြေပါတော့နော်"
အညိုရောင်ဆံစလေးတွေရဲ့ ထိပ်မှာ ဆံပင်အနက်ကလေးတွေတောင် ပေါ်နေပြီ။ နှစ်ရောင်စပ်ကလေးနဲ့လဲ ကျွန်တော့်ရဲ့ တိမ်လုံးလေးက ချစ်ဖို့ကောင်းနေတာပဲ။
"မိုးက ဒီနေ့ရွာမှာမဟုတ်ဘူးဗျ"
"ကျွန်တော့်ကိုမယုံဘူးလား .. မိုးကလုံးဝကိုရွာမှာမဟုတ်ဘူး .."
"မယုံရင် ဒီလိုလုပ်ဗျာ.. ကျွန်တော်ပြောသလို ညနေငါးနာရီအထိမှ မိုးမရွာရင် ကျွန်တော် ခင်ဗျားကို ဒီဆေးရုံရဲ့အပြင်ဘက်ကိုခေါ်သွားပေးမယ် ခေါ်သွားပြီး ခင်ဗျားစားချင်တာမှန်သမျှဝယ်ကျွေးမယ် အိုခေလားဗျ..?"
"ကျွန်တော့်အသက်က ခင်ဗျားလေ.."
"တတိယတစ်ခေါက်တွေ့တာဆိုတော့ ဒါ ဖူးစာပဲဗျ.."
"ကျွန်တော်က Felix ပါ Lee Felix"
"ခင်ဗျားက Seungmin မလား.. Kim Seungmin"
"ကျွန်တော့်ကို Yongbok လို့ပဲခေါ်တော့ မင်း လို့မခေါ်နဲ့"
"တိမ်လုံးလေး"
"အင်း တိမ်လုံးလေး ခင်ဗျားနဲ့လိုက်တယ်"
"ကိုယ့် တိမ်လုံးလေး ဘာစားချင်တာလဲ..
ကိုယ့်ကိုစားမလား.."
"ဒီမေးခွန်းက ကိုယ်မေးဖူးသမျှထဲမှာ ရှက်ဖို့အကောင်းဆုံးတစ်ခုပဲ တိမ်လုံးလေးသိလား ဟဟ"
ပြုံးရယ်နေတဲ့ Yongbok က Seungmin ရဲ့လက်ကလေးကို ကိုင်ဆွဲထားသည်။
ဟန်မဆောင်တမ်း ဆိုရင် ခြောက်ကပ်နေတဲ့ ပြုံးရယ်မှုပေါ့။ အခုနောက်ပိုင်း Felix ဆီမှာ များပြားလာတယ်လေ။
မျက်ဝန်းကစီးကျလာတဲ့မျက်ရည်တွေက ပါးပြင်ပေါ်မှာ ကပ်ထားမိတဲ့ Seungmin ရဲ့ လက်ချောင်းတို့ပေါ်သွားစီးဆင်းသည်။
"ဟာ မျက်ရည်ပူတွေဆင်းလာတာ တိမ်လုံးလေးရဲ့ ကျွန်တော်မျက်နှာသွားသစ်လိုက်မယ်နော် ဟဟ"
ညင်သာစွာနဲ့ လက်ကလေးကို ချပြီး ထွက်သွားဖို့ပြင်နေတဲ့ Felix က သနားစရာ။
"Yong... Yong..bok.."
"ဟင်"
အနောက်ကထွက်လာတဲ့ အသံညင်ညင်သာသာလေး။ Yongbok လှည့်မကြည့်ရဲပါ။ ဒီလိုအသံတွေခနခန Yongbok ရဲ့ နားထဲမှာ ကြားယောင်မိနေတာများပြီမို့။ လှည့်ကြည့်လိုက်မိတဲ့အခါ သူ့ရဲ့တိမ်လုံးလေး နိုးမနေမှာ အရမ်းကြောက်ပါ၏။
"Yongbok... Lix..."
"တိမ်လုံးလေးလား.."
"..."
"Seung .. Seungmin လား..."
"..."
"ဟုတ်တယ်လို့ပြောပါ ကျေးဇူးပြုပြီး"
"မဟုတ်ရင်မင်းကဘာ.. လုပ်ချင်လို့လဲ.."
အမှန်ပဲ။ ဒါသူပဲ။
ဒါ Seungmin။
သူ့ရဲ့တိမ်လုံးလေး။
မျှော်လင့်တကြီးလှည့်ကြည့်လိုက်တာနဲ့ သူ့ဘက်ကိုလှည့်ကြည့်နေတဲ့ မျက်ဝန်းတွေ။
လုံလောက်ပါပြီ။ ဒီလောက်ဆို။
"ငိုမနေနဲ့.. ရေတိုက်ဦး..."
"အင်း"
ငိုသံကြီးနဲ့ ကလေးကြီးတစ်ယောက်လိုလုပ်နေတဲ့ Felix ကို Seungmin က စိတ်ရှည်စွာမော့ကြည့်နေသည်။
နှုတ်ခမ်းပေါ်တင်ပေးလာတဲ့ပိုက်ကလေးကနေ ရေသောက်ရင်း အကြည့်တို့က တစ်ရှုံ့ရှုံ့လုပ်နေတဲ့ ကလေးကြီးဆီ ပစ်လွှတ်ထား၏။
သူကကိုယ့်ကို တစ်ချိန်လုံးကြည့်နေပေမဲ့ ကိုယ်ကသူ့ကို အခုမှမြင်ရတာလေ။
"အီးဟီး......"
"ဪ မငိုပါနဲ့တော့ဆိုမှ မင်းမှာမျက်ရည်တွေ
အဲ့လောက်ပေါလား"
"ပေါတယ် minnie အတွက်သာဆိုအကုန်ပေါတယ်"
"ပိုက်ဆံရော.."
"Minnieအတွက်သာဆိုအကုန်ပေးမယ် ပိုက်ဆံရော လူရော အကုန်ယူသွားတော့ အီးဟီး.."
"လူတော့မလိုချင်ဘူး အဲ့ပိုက်ဆံတွေနဲ့ငါ့ကို ခေါက်ဆွဲဝယ်ကျွေး Americano တိုက် ဒါပဲ!"
"လူယူမှဝယ်ပေးနိုင်မယ်"
"မယူဘူး"
"ယူရမယ်"
"မယူဘူးဆို"
"ယူပါဆို.."
"မ ! ယူ ! ဘူး !"
"ယူပါဆိုနေဗျာ.. အီးဟီး"
ပိုပြီး အသံပြဲနဲ့ငိုလာတဲ့ Yongbok ကြောင့် Seungmin စနောက်နေခြင်းကို ရပ်တန့်လိုက်သည်။
ဒီတစ်ယောက်က တော်တော် စပ်စပ်ထိမခံဖြစ်လာတာပဲ။ ကလေးဆန်လာလိုက်တာ။
"ယူဆိုယူပါ့မယ်ဟာ အသံပြဲကြီးနဲ့တော့မအော်ပါနဲ့ နားညီးလို့ပါ"
"အဲ့တာက.. Seungmin က ကျွန်တော့်ကို ဟင့်.. မယူဘူးလို့ပြောနေလို့ ဟင့်.. လေ နမ်းတုန်းကနမ်းပြီးတော့ တာဝန်မယူတော့ဘူးလား အီးဟီး"
"Lee Felix! မင်းလူနာကိုနှိပ်စက်နေတာလား! ယူမယ်လို့ပြောပြီးရင်တော်ပြီလေ! ထပ်နားညီးနေမယ်ဆို အခန်းထဲကအခုထွက်!"
"မထွက်ဘူး.. ဟင့်.."
~~~
Seungmin မနိုးခင်က Seungmin နားပဲ သေမလိုကပ်နေခဲ့တယ်ဆိုတဲ့သူဟာ အခုတော့လဲ Seungmin နားကို တောက်တဲ့လိုကပ်တာမှ Seungmin ရဲ့ လူနာကုတင်ပေါ်ကကို မဆင်းတော့ပေ။
"Lee Yongbok ငါသက်တောင့်သက်သာအိပ်ပါရစေကွာ"
"အိပ်လေ တိမ်လုံးလေးရဲ့"
"မင်းက မင်းအခန်းမင်းသွားအိပ်လေနော်"
"မအိပ်ပါဘူး တိမ်လုံးလေးကို အနွေးဓာတ်ပေးဖို့ ကျွန်တော်ဒီမှာရှိနေရတာ တိမ်လုံးလေးဘေးကနေ မခွာဘူး စိတ်ချ"
"ရပါပြီ နွေးလွန်းလို့ချွေးတွေတောင်ထွက်နေပြီ"
"ကျွန်တော့်ကို ငြိုငြင်တာလား တိမ်လုံးလေးက"
"မဟုတ်ရပါဘူးကွာ"
"ဒါဆို ချစ်လား"
"..."
ကလေးဆန်တဲ့လူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ပေမဲ့ လုံးဝမပြောင်းလဲသွားတာကတော့ Seungmin ရဲ့ နှလုံးသားကို drum တီးအောင်လုပ်နိုင်တာပင်။
နှလုံးဟောင်းမှာရော နှလုံးသစ်မှာရော။
"မချစ်ဘူးလား... နမ်းပြီးအပျော်ကြံတာလားဗျာ"
ငိုမဲ့မဲ့ဖြစ်သွားပြန်တဲ့ Felix ကို အော်စကာဆုနဲ့ ထုသတ်ချင်စိတ်ပင်ပေါက်လာသည်။
သေမလိုချွဲတာပဲ။
"ချစ်လို့ပဲ မင်းကြောင့် ပြန်လာခဲ့တာပေါ့ ဆက်ပြီးစကားများနေရင် ငါထွက်သွားလိုက်မှာနော်"
"ဟင့်အင်း ဟင့်အင်း.. မလုပ်ပါနဲ့...
စိတ်ဆိုးရင်တောင် အဲ့လိုတော့ ဘယ်တော့မှမပြောပါနဲ့တော့... ကျွန်တော်... ကျွန်တော်..."
သွားပြီ။ စကားမှားသွားပြီမှန်း Seungmin သိလိုက်သည်။
အသံတွေပါတုန်ပြီး ကျောဘက်ကနေစိုစွတ်လာတာကြောင့် Seungmin ရဲ့ရင်ဘက်တစ်ခုလုံးကို ဓားနဲ့မွှန်းလိုက်သလိုပင်။
နောက်ခါဆို ရှောင်မှပါ။ နှစ်ယောက်လုံးအတွက်
ငိုရတာတွေက များလွန်းနေပြီမို့..
ပျော်ရွှင်သင့်နေပြီ။
"Yongbok .. လာဒီကိုလာ ကိုယ့်ရင်ခွင်ထဲကို..
မငိုပါနဲ့တော့.. ကိုယ်ကမကြည့်ရက်ဘူး.."
"ချစ်တယ် Seungmin.. သိပြီးသားမလား.."
"ကိုယ်လဲ ချစ်တယ်.. ပြီးတော့.."
တောင်းပန်တယ်...
Yongbok ဘက်ကို မကြည့်ခဲ့မိလို့..
"ဘယ်တော့မှ ထားသွားမှာမဟုတ်ဘူး.."
ဒါက Seungmin အတွက်ရော Felix အတွက်ရော အသက်နဲ့ရင်းပြီး သစ္စာဆိုရဲတဲ့အရာ။
°~End~°
8000 words🖤