မိုးပြာရောင်လွင်လွင် တိုက်အိမ်ကြီးတစ်အိမ်သည် လမ်းထဲတွင်တစ်အိမ်တည်း ဟီးထနေ၏။ သစ်ပင်ပန်းမန်တွေ အုံ့အုံ့ဆိုင်းဆိုင်းနှင့် တစ်ခြံလုံးအေးမြခြင်းတွေ ပြည့်နေသော အိမ်ကြီးဖြစ်သည်။ ခြံမပါဘဲ တိုက်ချည်းပဲတင် သိန်းပေါင်းသန်းချီမည့် အိမ်ကြီးမျိုး။ လူကုံထံအသိုင်းအဝိုင်းတွေစုနေသည့် လမ်းထဲမှာမှ ပိုပြီးချမ်းသာပါတယ်လို့ ပြောပြနေသယောင်ရှိတဲ့ ကြီးမြတ်သည့်အိမ်ကြီးမျိုး။
သေချာပေါက်ကို အိမ်ပိုင်ရှင်တွေကလည်း သူများထက်ပိုချမ်းသာတဲ့သူတွေပါပင်။
စီးပွာရေးလောကထဲက နဂါးတစ်ကောင်ဖြစ်တဲ့ ဉီးညီညီလွင် ဒေါ်မေရည်ချိုတို့အိမ်ပင်။
"ဝူး......"
အိမ်စင်အောင်ရပ်ထားသည့် ကားနှစ်စီးထဲမှ ပြိုင်ကားအဖြူလေးတစ်စီး လျှောခနဲထွက်လာသည်။
ထိုကားပေါ်တွင် ဆယ်ကျော်သက်လူငယ်တစ်ဉီးတည်းသာရှိသည်။ ခါတိုင်းတပ်နေကျ ပါဝါထူ မျက်မှန်အနက်ကြီးကိုတပ် ပေါင်မုန့်လိုလုံးဝန်းနေသည့်ဆံပင်အုပ်ပျော့ပျော့ကိုရှေ့တိချထားလျက်။
သင်တန်းသွားရမည့်အချိန်။
ဒီနေ့က တယောတီးသင်တန်း။ ဂီတာကတော့ ကျွမ်းကျွမ်းကျင်ကျင် တီးတတ်ပြီ။ ပီယာနိုလည်း ကိုယ်သိတဲ့သီချင်းသာဖြစ်ပါစေ လာထားပဲ။ တယောသာကျန်သည်။ ခုနှစ်အတွင်းတွန်းသင်ထားမှ။
နောက်နှစ်ဆို စီနီယာတန်းနောက်ဆုံးနှစ်ဆိုတော့ မေမေတို့သင်ခိုင်းမှာမဟုတ်။ ကိုယ်လည်းစာနဲ့လုံးပန်းနေရမှာနဲ့ အဲ့ဘက်ကိုလှည့်နိုင်မှာမဟုတ်။
အိမ်ကမထွက်ခင် မေမေက လေးခါလောက်မှာလိုက်သေးသည်။ "ကားကိုဖြည်းဖြည်းမောင်း"တဲ့။ မေမေမပြောတောင် ညီညီကဖြည်းဖြည်းပဲမောင်းတာ။ ခုတောင် အိမ်မှာဖေဖေမရှိလို့။ ဖေဖေမရှိတော့ ဒရိုင်ဘာကိုသားကြီးလည်းမရှိဘူး။ ထို့ကြောင့် သင်တန်းပို့ပေးမယ့်သူမရှိ၍ ကိုယ့်ကိုယ်တစ်ယောက်တည်း မလွှတ်ချင်လွှတ်ချင်နဲ့လွှတ်ရတာ။
Taxi နဲ့သွားခိုင်းရင်ရပေမယ့် ကိုယ့်ဘာသာမောင်းခွင့်ပေးမလား Taxi နဲ့သွားရမလားရွေးခိုင်းရင်လည်း ညီညီဘာသာမောင်းသွားလို့ပဲပြောပြန်ဉီးမှာ။ ဘာလို့ဆို မေမေကလူချစ်လူခင်ပေါသလို လူမုန်းလည်းများသည်လေ။
တစ်ခါက Taxi ဆိုပြီးစီးရင်းက ကားပေါ်မှာခြိမ်းခြောက်လက်မှတ်တစ်ခုအတင်းထိုးခိုင်းတဲ့ကိစ္စတစ်ခူဖြစ်ခဲ့သေးတာ။ မေမေလည်လို့သာပေါ့။ သူ့ရုံးကတစ်ယောက်ယောက်ကို ဖုန်းထုတ်သလိုနဲ့ မသိမသာဖုန်းခေါ်လိုက်တော့ တစ်ဖက်က အသံတွေအကုန်ကြားပြီး နေရာအတိအကျနဲ့လိုက်လာလို့ အသက်အန္တရာယ်ဘာမှမကြုံရတာ။
အကောက်ကြံတဲ့ကုမ္ပဏီကိုတော့သိသွားရတာအမြတ်ပေါ့။ နောက်နေ့လည်းရောက် ရှယ်ယာစာရင်းကနေ ထုတ်ပစ်ပဲ။ သွားရောလေ။ အဲ့ကုမ္ပဏီနာမည် စပယ်ရှယ်ဇောက်ထိုးမှောက်ခုံကိုဖြစ်ရော။ စီးပွားရေးလောကမှာ နာမည်ပျက်ကြီးနဲ့ ဘယ်လုပ်ငန်းစုမှ ငွေရှိပါတယိဆိုတောင် သူတို့ကိုအရင်းအနှီးလုပ်ခွင့်မပေးကြဘူး။ ခုတော့ လုပ်ငန်းရှုံးပြီး ဘယ်ချောင်ရောက်သွားတယ်မသိဘူး။
အဲ့လိုအဖြစ်တွေရှိခဲ့ဖူးလို့ မေမေက မိသားစုဝင်တွေအကုန်လုံးကို တစ်ယောက်တည်းမသွားခိုင်းတာ။ ကြားထဲက ဓားစာခံသက်သက်ဖြစ်နေမှာစိုးလို့တဲ့။ ဇာတ်ကားဆန်ဆန်အဖြစ်တွေတကယ်ကြီးဖြစ်သွားကတည်းက အိမ်မှာအသွားအလာကိုနည်းနည်းပိုကြပ်လိုက်တော့သည်။
ကိုယ့်ဘာသာမောင်းမယ်ဆိုတော့လည်း
မေမေခွင့်ပြုပြန်တော့ ကောင်းတာပါပဲ။ ကိုယ့်မှာကားမောင်းသင်ထားပြီး တစ်ခါမှမောင်းလည်းမမောင်းရဘူး။ အသက်မပြည့်သေးပေမယ့် တတ်ထားတာအကောင်းဆုံးဆိုပြီး မရမကသင်ထားတာ။ ခုတော့ကိုယ့်ကပညာကို ပြန်အသုံးချခွင့်ရခဲ့ပြီ။
"ကျွီ"
ဟာ.... ဟာ။ ရုတ်တရက်ကြီး လမ်းကြားလေးထဲမှ ရုတ်တရက်ထွက်လာသည့် အရာတစ်ခုကြောင့် ဘရိတ်ကိုမြန်မြန်အုပ်ချလိုက်သည်။ တိုက်မိသွားပြီလား။ ဘုရား....ဘုရား ဒါသာဆို သူတစ်သက်လုံး ကားမောင်းရမှာမဟုတ်တော့။ အဲ့တာကအရေးမကြီးသေး။ ရှေ့ကိုဝင်လာတဲ့ဟာကဘာလဲဆိုတာဆင်းကြည့်ရဉီးမည်။
လူဆိုဆေးခန်းပို့ရမယ်လေ။
ညီညီ့ဝင်သက်ထွက်သက်တွေ တုန်ရီစွာနှင့် တံခါးဖွင့်ဆင်းလာတော့ စက်ဘီးလေးတစ်စီးကိုအရင်မြင်သည်။ ယောက်ျားလေးတစ်ယောက်။ ခပ်ငယ်ငယ်ပဲ။ လူက ဒီဘက်ထောင့်မှာ ဖင်ထိုင်လျက်သားလေး။
"ဟာ.... ဘ ဘာဖြစ်သွားသေးလဲဗျာ"
ဘယ်ဘက်လက်ဖနောင့်ကို ကျွတ်စုတ်ကာ လက်တစ်ဖက်နှင့်ပွတ်နေရင်း ညီညီ့ကိုမော့ကြည့်လာသည်။
"အာ... လက်မှာသွေးထွက်သွားတာပဲ။ လာ လာ ကျွန်တော်တွဲပေးမယ်။ ကားပေါ်တက်"
ပြာသလဲလဲ ခြေမကိုင်မိလက်မကိုင်မိ အတော်ကြောက်သွား၏။ ကိုယ်ကြောင့်ဖြစ်တဲ့ကိစ္စ ကိုယ်တာဝန်ယူရမှာပေါ့။ ရွယ်တူလောက်ထင်ရသည့် မျက်လုံးရှေ့က လူသည် ခုထိညီညီ့ကိုကြောင်
ကြည့်နေဆဲ။ အဲ့အကြည့်တွေကိုသိတယ်။
သူ့ကို ကားစီးနိုင်တိုင်း ပရမ်းပတာမောင်းတာလို့ ထင်နေတဲ့အကြည့်မျိုးကြည့်နဲ့ စိုက်ကြည့်နေတာ။
"ဟို တစ်မျိုးမထင်ပါနဲ့။ တမင်ရမ်းကားပြီးစီးတာလည်းမဟုတ်ရပါဘူး။ မထီသလိုမောင်းတာလည်းမဟုတ်ပါဘူး။ ဘဝင်မြင့်အောက်ခြေလွတ်တာလည်းမဟုတ်ပါဘူးဗျာ။ ကျွန်တော်နောက်ကျနေတာနဲ့ ဒီကထွက်လာတာကို မမြင်လိုက်လို့။ လာပါ ကျွန်တော်ဆေးခန်းလိုက်ပို့ပေးပါ့မယ် ကျွန်တော့်ကို တွဲထလိုက်"
ဖြေရှင်းချက်တွေတသီကြီးထုတ်ပြီး ပြောလိုက်တော့ ထိုလူက ပြုံးစိစိဖြစ်လာသည်။ ဟင်... ပြုံးပြန်ပြီ။ စကားမပြောတတ်တဲ့လူများလား။ ရူးနေတဲ့သူများလား။ အချောင်သမားလား။ ခုလိုကားရြေှ့ဖတ်ဝင် အတိုက်ခံချင်ယောင်ဆောင် ပြီးရင်လျော်ကြေးတွေနင့်နေအောင်တောင်းပြီးလုပ်စားနေကြလူများလား။
အာ..... ငါ့နှယ်.... ဘာတွေတွေးနေပါလိမ့်။ ဥစ္စာမပျောက်ဘဲ ငရဲရောက်နေသည့် အတွေးတွေကိုပြန်သိမ်းရသည်။
နောက်ဆုံး ရှေ့ကလူက ဒေဝဒတ်အလောင်းဖြစ်နေရင်တောင် ကိုယ့်ကြောင့်သူ့လက်မှာသွေးထွက်သွားတာ ကိုယ့်မှာတာဝန်အပြည့်ရှိတာပေါ့။
ညီညီရှင်းပြတာမှန်သွားသည်ထင် ခြေတစ်ချောင်းတည်းဖြင့်ထလာလေသည်။ တစ်ဖက်က အကြောနာသွားသည်ထင်ရသည်။
ဟိုက်.... ခြေဖနောင့်မှာလည်းသွေးစီးကြောင်းနဲ့။ ပုဆိုးအပြာအကွက်စိပ်စိပ်လေးတွေ သွေးတွေစွန်းနေခဲ့ပြီ။ ခြေတစ်ဖက်တည်းထောက်ထားရ
သည့်သူ့ကို လက်မောင်းမှသွားတွဲလိုက်တော့ ဘေးချင်းကပ်လိုဖြစ်သွားသည်။ ထိုလူနဲ့ယှဉ်တော့ ညီညီပင်သူ့နားထင်လောက်သာရှိတော့သည်။ ကားထဲတန်းမဝင်ဘဲ ဘေးနားအသုပ်ဆိုင်သို့ ကိုယ်လုံးလှည့်သွားသဖြင့်
ဘာလုပ်ဉီးမလို့လဲဟုဆိုတာ ညီညီစိတ်မရှည်ရပြန်။
"အန်တီ ကျွန်တော်စက်ဘီးလေးခဏထားခဲ့ဉီးမယ်။ အမေတို့ကိုမပြောပါနဲ့နော်"
အမယ်... စကားတော့ပြောတတ်သား။ ခုနက "ကျွတ် ကျွတ်"လို့တောင်အသံမထွက်ဘူး။
အသုပ်ဆိုင်ကအန်တီကြီးကလည်း ရင်မနေရ
သည့်မျက်နှာကြီးနဲ့ကြည့်နေပြီး ခေါင်းညိမ့်ပြသည်။ ပြီးမှ သူက ကားပေါ်သို့ထော့နင်းထော့နင်းနဲ့ ရောက်လာလေသည်။ သူ့ကိုနေရာထိုင်ခင်းအသေအချာချပေးပြီးမှ မောင်းမည့်နေရာတွင် ညီညီပြန်ထိုင်သည်။
ဒီနေ့တော့ သင်တန်းထပ်အရေးကြီးကိစ္စပေါ်လာခဲ့ပြီ။ သင်ရတာမှ နှစ်နာရီတည်း။ ဘေးကလူကို ဆေးခန်းပို့ပေး ပြီးရင်အိမ်ကိုပြန်ပို့။ အဲ့လိုနဲ့နှစ်နာရီကပြည့်သွားမှာ။ ဒီနေ့တစ်နေ့တော့ ပျက်ရဖို့သေချာပြီ။ အင်းလေ အကြောင်းမဲ့ပျက်တာမှမဟုတ်တာ။
"မောင်းရောမောင်းတတ်ရဲ့လား"
တစ်ဖက်လူဆီကထွက်လာသည့်အသံ။ ညီညီခဏလှည့်ကြည့်တော့ မယုံသလို မျက်ခုံးပင့်ကြည့်နေသည်။
မျဉ်းကွေးဖြင့်ဆွဲထားသည့် တြာပီဇီယမ်ပုံမျက်ဝန်းများတွင် မျက်ရစ်မပါပေမယ့် ထိုမျက်လုံးများ၏ စူးရှမှုကိုခဏလေးကြည့်မိတာ
နှင့်ပင်ရလိုက်သည်။
"မောင်း မောင်းတတ်ပါတယ်။ မမောင်းတာကြာလို့ပါ။ မလိုက်ရဲရင်လည်း နေပေါ့"
စက်နှိုးနေစဉ် မကြားတကြားပြန်ပြောလိုက်သည်။ ပြောလိုက်ပြီးမှ ကိုယ့်စကားရဲ့တာဝန်ပေါ့ဆမှုကြောင့်အားနာရပြန်သည်။
"သူပဲကားပေါ်အတင်းခေါ်တင်ထားပြီးတော့"
တစ်ဖက်ကလည်း ညီးသလိုတိုးတိုးလေးပြောလေသည်။ အော်... ကားပေါ်အတင်းခေါ်လို့ရောက်နေရတယ်ပေါ့။ ဟုတ်ကဲ့ ကျွန်တော်မျိုးအမှားပါ။ ခုနတုန်းကတော့ လူကိုပဲစိုက်ကြည့်နေတော့ မကျေနပ်လို့လား ဘာလားပေါ့။ ကားပေါ်ကျမှ စကားနာထိုးနေတာ။ သူကခံထားရတဲ့သူဆိုတော့ ဘာပြောပြော ခံနေမယ်ထင်နေပုံပဲ။
ဆေးခန်းမြန်မြန်ရောက်မြှဖစ်တော့မယ်။
ထိုကတည်းက စကားတစ်လုံးမှထပ်ထွက်မလာတော့ပဲ ငြိမ်သာလိုက်လာတော့သည်။ အပြာရောင်ပေါ်တွင် အဖြူအမည်းမျဉ်းအကြောင်းလေးများပါသည့် ကော်လံလက်တိုသည် သူ့အသားဖြူဖြူနှင့်လိုက်ဖက်နေသည်။ ကော်လံနှင့်ပုဆိုးကို မြန်မာပီပီသဝတ်ဆင်ထားသည့်သူသည် ညီညီပုံစံနှင့်တော့ခြားနားနေသည်။
ညီညီက တယောသင်တန်းကအပြန် ညနေပိုင်းကျ Dance Club တစ်ခုကိုဝင်ရဉီးမှာ။ ကရမှာဆိုတော့ ပုဆိုးနဲ့မဖြစ်။ ထို့ကြောင့် Nike တံဆိပ် ချည်သားဘောင်းဘီအနက်နှင့် ပွယောင်းယောင်းအင်္ကျီကိုသာဝတ်ခဲ့တာ။ သူက ကတ္တီပါခြေညှပ်ဖိနပ်။ ညီညီက ကွင်းထိုးဖိနပ်။
သူ့ကိုတစ်ကိုယ်လုံးလိုက်ကြည့်မိနေတာပါလား။ မျက်လုံးတွေကို ဘာလို့ဒီတိုင်းလွှတ်ပေးလိုက်ရတာလဲ။ သူ့စိတ်ထဲ ကိုယ့်ကိုယ် လျှောက်ထင်သွားရင်ဘယ်လိုလုပ်မလဲ။
မဟုတ်သေးပါဘူး။
ကြည့်တော့ဘာဖြစ်လဲ။ ကိုယ့်ကားပေါ်ပါလာတဲ့သူကို ရိုးသားလားမရိုးသားလား ကြည့်တာဘာဖြစ်လဲ။ ဒါမှ သူရုတ်ရုတ်ရုတ်ရုတ်လုပ်ရင် သူ့ပုံကိုမှတ်မိနေမှာလေ။ ညီညီ့ခေါင်းထဲ နှစ်ဖက်ကွဲနေကာ ရန်ဖြစ်နေကြသည်။
"ကားကို ဘယ်အချိန်လောက်ကတည်းက စမောင်းတာလဲ"
တစ်ဖက်က ထပ်ထွက်လာပြန်သည်။ ညီညီမောင်းတဲ့နောက်လိုက်စီးရမှာ အတော်ကြောက်နေပုံရသည်။
"ခင်ဗျားဘာမှထပ်မဖြစ်စေရပါဘူး။ ခုနကတကယ်မမြင်လိုက်လို့ပါ။ သူများကိုပဲအပြစ်ပြောမနေနဲ့။ လမ်းတစ်ခုကိုထွက်တော့မယ်ဆို အရင်ဘေးဘယ်ညာကြည့်ပြီးမှ ဝင်ရမှာလေးတောင်မသိဘူးလား။ သူ့ဘာသာအတင်းဝင်လာပြီးတော့"
နှုတ်ခမ်းရွဲ့ကာ တင်းတင်းလေးပြောလိုက်တော့ တစ်ဖက်လူမှရယ်သံလေးထွက်လာပြန်၏။ ညီညီတော့နားကိုမလည်နိုင်တော့။ သူ့ပြောတာမှန်းရောသိရဲ့လား။ ဟာသတွေပြောပြနေတယ်များမှတ်နေတာလား။
မဟုတ်မှ...
မေမေ့လို ဟိုတစ်ခါလိုမျိုး ကိုယ့်ကိုပြန်ပေးဆွဲသွားမယ့်သူများလား။ ဒါကြောင့် ကိုယ့်ပြောသမျှ ယိသဲ့သဲ့ရယ်ရယ်နေတာလား။ ဖြစ်နိုင်တယ်။ ဟင် ဒါဆို ကိုယ့်ကိုပြန်ပေးဆွဲမယ့်သူကို ကိုယ့်ကားနဲ့တင်ခေါ်လာမိတာပေါ့။ ငါကိုယ့်သေတွင်းကိုယ်တူးနေတာလား။ ဟိုက်....။
"ဟေ့"
"အမေ့"
ညီညီ့ပုခုံးကို သူကလာပုတ်တော့ ညီညီ့ခမျာတုန်တက်သွားသည်။ ကြည့်စမ်း အသားချင်းတောင်ထိနေပြီ။ သေချာတယ် ဒင်းကအကြံနဲ့။
"ခ ခင်ဗျား လာမထိနဲ့နော်"
ကားလည်း ယိမ်းထိုးနေ၏။ လူတွေရှုပ်တဲ့နေရာမို့ ထိန်းမောင်းနေရပြီး အခြေအနေမဟန်ပုံပေါက်နေသည့်ကားကို လူတွေကြည့်လာကြသည်။
တချို့ဆို ဘေးကိုပင် ပြေးကပ်ကုန်ကြပြီ။
"ဟေး သတိထားမောင်းလေ"
"ကျွီ"
ဒီဘက်နည်းနည်းလွန်တော့ ကားရပ်ချလိုက်သည်။ တစ်ဖက်လူဖက်လှည့်တော့ မျက်လုံးအပြူးသားနှင့်ပြန်ကြည့်လေသည်။ ဘာများလဲဆိုတဲ့ပုံနဲ့။
"ခင် ခင်ဗျားဘာအကြံနဲ့ လိုက်လာတာလဲ"
မျက်နှာကိုတင်းကာ အံကြိတ်၍ ညီညီမေး၏။
"ဟင် ဘာကို"
"မသိချင်ယောင်မဆောင်ပါနဲ့။ ခင်ဗျားအကြံကို ကျုပ်သိပြီ။ ဘယ်သူခိုင်းတာလဲပြော"
"ဟမ်"
"ကျစ် မပြောလည်းနေ။ ခုကားပေါ်ကဆင်းတော့"
"ဟင် မင်းပဲဆေးခန်းလိုက်ပို့မယ်ဆို"
"ဟ ကိုယ့်ကိုပြန်ပေးဆွဲမယ့်သူကို ဆေးခန်းလိုက်ပို့နေရဉီးမှာလား"
"ဘယ်လို ပြန်ပေးဆွဲတယ်ဟုတ်လား"
"ဟုတ်တယ်"
ကားအတွင်း တဒင်္ဂလေးငြိမ်သက်သွားသည်။
"ဟက်ဟက် အခု ငါကမင်းကိုပြန်ပေးဆွဲမယ့်သူလို့ မင်းထင်နေတာလား"
"ခင်ဗျားမသိချင်ယောင်မဆောင်နဲ့"
"ဟားဟား"
ကားအတွင်း ပြတ်သားသည့်ရယ်သံလွင်လွင်က ထွက်ပေါ်နေသည်။ သူကရယ်လေ ကိုယ်ကခံရခက်လေ။
"ဘာ ဘာလို့ရယ်တာလဲ"
"မင်း ဇာတ်ကားကြည့်တာများနေပြီ။ မင်းဘယ်သူလဲတောင်ငါမသိတာ ငါကဘာလို့ပြန်ပေးဆွဲရမှာလဲ"
"ဒါဆို ဘာလို့ကျွန်တော့်အသားလာထိလဲ"
"ဟောဗျာ ငါခေါ်နေတာပဲသုံးလေးခါကို မင်းမှမကြားတာ။ အဲ့တာကြောင့်ထိလိုက်တာပါ"
"ဘာလို့ခေါ်တာလဲ"
"သြော် ဒီနားကဆေးခန်းပဲဝင်လို့ပြောမလို့။ မင်းပဲအရေးကြီးတဲ့ကိစ္စ နောက်ကျနေလို့ဆို။ ငါ့ကြောင့်နဲ့နောက်မကျစေချင်လို့။ အဲ့တာပြောမလို့ကို အဟင်းဟင်း"
သူကထပ်ရယ်ပြန်သည်။ ထိုအခါမှ ညီညီရှက်သွားတော့သည်။ တစ်ယောက်တည်းတွေးချင်ရာတွေတွေးပြီး စွတ်ပြောနေတာ။ တစ်ဖက်လူကိုလည်း ဇွတ်တွေစွပ်စွဲ။ သူနဲ့ကျမှ အားနာတတ်တဲ့ ဂုဏ်ရည်ညီညီဆိုတာပျောက်ခဲ့ပြီ။
မှိုချိုးမျှစ်ချိုးပြောချလိုက်တာ ခုတော့ အလှောင်ခံရပြီ။
ကိုယ့်အပြစ်နဲ့ကိုယ်ပဲ။
"အဲ့ အဲ့ဆေးခန်းက ဘယ်......မှာလဲ"
ဟိုဘက်သို့မျက်နှာပင်မလှည့်ရဲတော့။ တစ်ဖက်က ကြိတ်ရယ်နေမှာအသေအချာပဲပေါ့။ လူပုံစံကအလိုလိုမှအူကြောင်ကြောင်ကို ဖြစ်သွားတဲ့ဟာကိုလည်းကြည့်။ ရုပ်ရှင်ပေါကားဇာတ်ညွှန်းလိုမျိုး။ တစ်သက်နဲ့တစ်ကိုယ် ကြုံလိမ့်မယ်လို့ထင်တောင်မထင်ထားမိတဲ့ကိစ္စတစ်ခုကြောင့် အစွပ်စွဲခံလိုက်ရရင် ဘယ်သူမဆိုရယ်ကြမှာပဲ။
"ဟိုရှေ့နားလေး အဟင်း"
ရယ်သံလေးက ထွက်လာသေးသည်။
သူထိုးပြတဲ့နေရာရောက်တော့ ဆေးခန်းလေးတစ်ခုရှိနေတာမှန်ပါသည်။ ညီညီလည်း ဒီလမ်းကဖြတ်သွားနေကျပေမယ့် အပြင်ဘက်ကိုလှည့်မကြည့်ဖစ်၍ ဘယ်နားဘာရှိမှန်းမသိ။ စောစောကအသုပ်ဆိုင်လောက်သာသိသည်။
ဆေးခန်းရှေ့ကားရပ်တယ်ဆိုရင်ပဲ ကိုယ်တော့်ကိုတွဲပေးဖို့ တံခါးဆီမြန်မြန်ပြေးရသည်။ တောက်လျှောက်လိုက်ကြည့်နေသည့် သူ့မျက်လုံးတွေကိုရှောင်နေရတာ ဟိုမယောင်ဒီမယောင် အမှားမှားအယွင်းယွင်းနဲ့။
သူ့လက်မောင်းကို ကိုယ်ကကိုင်ပြီး ဘေးတိုက်လျှောက်ပြန်တော့လည်း အဲ့လိုပဲ။ မျက်နှာကရှေ့မကြည့်ဘူး။ ကိုယ့်ကိုချည်းကြည့်နေတာ။
"ဘာလို့ကြည့်နေတာလဲ။ ထပ်လဲနေမယ်"
"မကြည့်ပါဘူး။ ထင်လို့ပါ"
"ဟာ"
သွားပြီ။ ညိညီပိုရှက်သွားရပြီ။ မျက်နှာကြီးပူရှိန်းရှိန်းနဲ့ ကိုယ့်ကိုယ်ကိုယ်အထင်တွေကြီးနေလိုက်တာဆိုပြီး အပြစ်တင်နေလိုက်မိတော့သည်။
မကောင်းတဲ့သူလို့တော့မခံစားမိပေမယ့် ကောင်းတဲ့လူလည်းဖြစ်ပုံမထင်ပါ။ သူ့ကိုတမင်လိုက်သနေသလိုမျိုး။ ဟုတ်တယ်။ သူ့ကိုစချင်နေတဲ့ပုံ။ ကိုယ့်ပုံကစချင်စရာပုံ ပေါက်နေလို့လား။ စတယ်ဆိုတာကလည်း ရင်းနှီးဉီးမှ။ ခုက သူစိမ်းတစ်ယောက်ကြီးက ရဲရဲတင်းတင်းကိုစချင်နေတာ။ ကိုယ့်ပုံက အူကြောင်ကြားပုံမှန်းသိပါတယ်။ ကိုယ်ဘယ်လောက်ပုံပျောက်အောင်လုပ်လုပ် ဒီပုံကဒီပုံပဲ။ ဖေဖေပြောတော့ ချမ်းသာမှုနဲ့ဖုံးလို့ရတယ်ဆို။ ခုတော့ ဒီကားကြီးစီးထားတာတောငိ သူဋ္ဌေးရုပ်မပေါက်လို့ အစခံနေရပြီလေ။
"ထိုင်ပါ ဘာဖြစ်တာလဲ"
ညီညီကဖြေမယ်လုပ်တုန်း သူကဝင်ဖြေသည်။
"ချော်လဲလို့ပါဆရာ"
လေးထောင့်မျက်မှန်အဖြူတပ်ထားသည့် သက်လတ်ပိုင်းဒေါက်တာသည် သူ့ရဲ့ဒဏ်ရာတွေကို ရှာသည်။ လက်ဖနောင့်မှာတစ်ခု။ ခြေဖနောင့်မှာတစ်ခု။ တံတောင်စစ်မှာတစ်ခု။ မတိုက်မိလိုက်ပေမယ့် အရှိန်လွန်ပြီးလဲကျသွားတာ။
"ဆေးထိုးမလား ဆေးသောက်မလား"
"ပျောက်မယ်ထင်တာသာလုပ်ပေးပါဒေါက်တာ။ မြန်မြန်ပျောက်လေးကောင်းလေပဲ"
ဒီတစ်ခါ ညီညီပြောခြင်းဖြစ်သည်။ မြန်မြန်ပျောက်ပြီးရောသဘောနှင့်ပြောလိုက်တော့ သူရောဆရာဝန်ရောက ဝေ့ခနဲကြည့်လေသည်။
"ဟုတ်ပါပြီ ခုပိုးသတ်ပြီးဆေးထည့်ပေးလိုက်မယ်။ ဆေးလည်းထိုးပေးလိုက်မယ်။ သောက်ဆေးလည်းပေးလိုက်ပါ့မယ်။ ထည့်ဖို့ဆေးကတော့ ဆိုင်မှာဝယ်လိုက်ပေါ့"
"ဟုတ်ကဲ့ဆရာ"
ဒဏ်ရာတွေကို အရက်ပြန်တို့ပြီးပိုးသတ်နေစဉ် အနားကညီညီကသာ မျက်နှာကြီးရှုံ့ရှုံ့သွားတာ။ ကာယကံရှင်က တစ်ချက်လေးတောင်မမဲ့တဲ့
အပြင် ခွေးမြီးကောက်ကျည်တောက်စွပ် သူ့ကိုပဲစိုက်ကြည့်နေတာ။
ကြည့်မှာပေါ့။ ကိုယ်ကရယ်စရာကောင်းတာကိုး။ သူနာတာကို ကိုယ်ပြောခဲ့တာတွေတွေးပြီး ဖျောက်နေမှာပေါ့။
သူနဲ့မျက်နှာချင်းမဆိုင်ချင်တာရယ် မတ်တပ်ရပ်လာရတာညောင်းတာရယ်ကြောင့် ခြေကျင်းဝတ်ကိုပိုးသတ်နေသည့် ဒေါက်တာနှင့်အတူထိုင်ချလိုက်သည်။
ဆရာဝန်တွေလည်း "သူများခြေထောက်ကြီးဆေးထည့်နေရတာ နိမ့်ကျလိုက်တာ"လို့ မတွေးကြဘူးထင်ပါတယ်။ အင်းလေ တွေးစရာမှမဟုတ်တာပဲ။ ဒါကိုယ့်အလုပ်။ ခြေထောက်မှမဟုတ်ဘူး အနာပေါက်တဲ့နေရာတိုင်းကိုပျောက်အောင်ကုရမှာ သူတို့အလုပ်ပဲ။
ညီညီလည်းဆရာဝန်တစ်ယောက်ဆို သူများခြေထောက်ကြီးဘာညာဆိုပြီး မတွေးဘဲ ခြေထောက်မရွေးကုပေးမိမယ်ထင်တယ်။
ဟမ်....။ သူ့ခြေထောက်က အသားလေးကိုဖြူလတ်နေတာပါလား။ ခြေချောင်းရှည်ရှည်လေးတွေနဲ့ ခြေသလုံးမွေးရေးရေးလေးနဲ့ အသားပြည့်တင်းနေတဲ့ခြေသလုံး။ စိမ်းဖန့်ဖန့်အကြောတွေကလည်း ယှက်သန်းလို့။ ဖနောင့်မှာတော့ သွေးစအနည်းငယ်ထွက်နေသည့် အနာတစ်ခု။ တကယ်လှတဲ့ခြေထောက်ပဲ။
" ပြီးပြီ"
ဆရာဝန်ကပါထရပ်တော့ ညီညီလည်းထရပ်သည်။ ဆေးစာယူ ကျသင့်သလောက်ရှင်းပြီး
ကိုယ်တော့်ကိုအိမ်ပြန်ပို့ရသည်။ ဆေးဆိုင်မှာဆေးဝင်ဝယ်ပြီး အိမ်အထိလိုက်ပို့မယ်ဆိုတာ မဟုတ်ရ။ စက်ဘီးရှိသေးလို့တဲ့။ သူ့ဘာသာစီးသွားမယ်တဲ့။ ညီညီလည်းပြောမရတဲ့အဆုံး သူပြောသလိုပဲလုပ်လိုက်တော့သည်။ ကိုယ့်မှာသင်တန်းတစ်ခုမမီတော့ပေမယ့် နောကိတစ်ခုရှိနေသေးတော့ အချိန်မီသွားရဉီးမည်။ ကိုယ့်ဘက်ကတာဝန်ကျေတယ်ထင်တာပါပဲ။
ဟင်း တစ်ခုပဲ။ နောက်တစ်ခါအဲ့လိုစိုက်ကြည့်ရင် မျက်လုံတွေကို တူရွင်းနဲ့ကို ကော်ထုတ်ပစ်မှာ။
"ဝူး...."
ညီညီ့ကားထွက်သည်အထိ ပြုံးပြပြီးရပ်ကြည့်နေပေမယ့် ညီညီကတော့တည်ထားသည်။
အဲ့... သူ့နာမည်တောင်မသိလိုက်ရ။ ကိုယ့်နာမည်လည်းသူမသိသွား။ ဟင်းဟင်း ကောင်းတယ်။ နောက်တစ်ခါထပ်တွေ့မှာမှမဟုတ်တာ။ တူရွင်းနဲ့ကော်ထုတ်မယ့်အစီအစဉ်ကိုလည်း နှမြောတသစွာ ဖျက်လိုက်ရပြီပေါ့။
..............
ဧည့်ခန်းတွင် ဖေဖေရောမေမေပါရှိနေကြသည်။ သူတို့အလုပ်ကိုယ်စီလုပ်ကြရင်း မျက်နှာချင်းဆိုင်ထိုင်နေကြသော်လည်း စကားမဟမိကြ။
အမှန်တော့ ညီညီ TV ကြည့်ဖို့ဆင်းလာခြင်းသာ။ TV က ဧည့်ခန်းတွင်ရှိသည်လေ။ ခုတော့ ဖေဖေရောမေမေပါ ဧည့်ခန်းမှာအလုပ်လုပ်နေကြတာဆိုတော့ အနှောင့်အယှက်မပေးတော့ဟုဆိုကာ အခန်းပြန်မည်ဟုတွေးမိသည်။
"သားညီ ဒီနေ့တယောသင်တန်းမသွားဘူးဆို။ ဆရာမကဖုန်းဆက်တယ်"
ရုတ်တရက်ကြီးဆိုတော့ လန့်လိုက်တာ။
ခုထိ ညီညီ အက်စီးဒန့်ဖြစ်ခဲ့တဲ့အကြောင်းမပြောရသေးတာမဟုတ်ဘူး။ ဖုံးကွယ်ထားဖို့လုပ်ထားတာမဟုတ်ပါဘူး။ ပြဿနာတစ်စုံတစ်ရာရှိခဲ့ရင် တစ်ယောက်တည်းကြိတ်မဖြေရှင်းဘဲ မိသားစုနဲ့တိုင်ပင်ရမယ်လို့ မေမေကငယ်ငယ်ကတည်းကသင်ထားသည့်အတွက် ခုကိစ္စကိုလည်းပြောပြမှာပါ။ အချိန်မကျသေးလို့။
"ပြန်မဖြေဘူးဆိုတော့ ဘယ်တွေသွားပြီးဘာတွေလုပ်ထားလို့လဲ"
မေမေကစာရင်းလုပ်တောင်မပျက်ပဲ မေးနေသည်။ တရွေ့ရွေ့နှင့် မေမေတို့အနားလာထိုင်တော့ ဖေဖေကပါမျက်မှန်ကိုပင့်ကြည့်သည်။
"ဘယ်မှမသွားပါဘူး မေမေရဲ့။ ဒီနေ့ကိစ္စတစ်ခုဖြစ်သွားလို့"
"ဘာကိစ္စလဲ"
"ဟို...."
ညီညီသက်ပြင်းတစ်ချက် အရှည်ကြီးချလိုကိကာ အားယူလိုက်သည်။
"ဒီနေ့သင်တန်းသွားရင်း လမ်းမှာ အက်ဆီးဒန့်ဖြစိသွားလို့"
မေမေရောဖေဖေပါ အပြည့်အဝကြည့်လာကြသည်။ တန်းစိုးရိမ်သွားကြသည့်ပုံ။
"လူတစ်ယောက်ကိုတိုက်မိမလိုဖြစ်တာပါ။ သူကလမ်းကြားထဲကထွက်လာတာနဲ့တိုးသွားတာ။ တိုက်မိမသွားပါဘူး"
"အဲ့တော့ သားညီဘယ်လိုလုပ်လိုက်လဲ"
မေမေ့မျက်လုံးများသည် အရှိန်အဝါကြီးလွန်းသည်။ အမှုစစ်က တရားခံကိုမေးတာမျိုးမဟုတ်ပဲ မျက်မြင်သက်သေကိုမေးသလိုမျိုးဟု ခံစားနေရသည်။
"လက်နဲ့ခြေထောက်တော့ပွန်းသွားတယ်။ အဲ့တာဆေးခန်းထိလိုက်ပို့ပေးလိုက်တယ်။ ဆေးဝယ်ပြီးတော့ အိမ်ထိလိုက်ပို့ခဲ့တယ်"
အဖြစ်မှန်တွေတော့ပြောပြီးပြီ။ မေမေများဆူလေမလား။ ဖေဖေများပြောလေမလား။ မျက်မှန်ထောင့်ကနေခိုးကြည့်ရသေးသည်။
"Good job သားရေ"
ဖေဖေကဝင်ပြောလာသည်။ ချီးကျူးလိုက်တာမလား။ မေမေကလည်း ဖေဖေပြောတာမှန်သည့်ပူံဖြင့် ခေါင်းငြိမ့်ပြသည်။
"ကိုယ့်လုပ်ရပ်ကို ကိုယ်အဆုံးထိတာဝန်ယူတာ လူပဲ။ သားက လူဖြစ်နေပြီ။ ကဲ ချိုရေ သင်တန်းတစ်ချိန်ပျက်တာမဆူပါနဲ့ကွာ"
"ဟော ဘယ်တုန်းကဆူရသေးလို့တုန်း"
"မေမေဆူမလို့မလား ဟင်းဟင်း"
"မဟုတ်ပါဘူးတော်"
ညီညီ့မိဘတွေကအဲ့လိုပါ။ တအားကိုသဘောထားပြည့်ဝတာ။ ချမ်းသာလို့ဆိုပြီး မျက်လုံးမှာဥစ္စာကွယ်မနေဘူး။ ဂူဏ်မောက်မနေဘူး။ လူထဲကလူပဲ လူတွေနဲ့တသားတည်းနေကိုနေနိုင်အောင်ကျင့်ထားတဲ့ ဖေဖေနဲ့မေမေက အသွင်တူလို့အိမ်သူဖြစ်ခဲ့ကြတာ။
"သြော် ဒါနဲ့ ဟိုတစ်နေ့ကဖေဖေကျောင်းကိုဘာလာလုပ်"
"စုံညီပွဲတော်ရောက်တော့မယ်တဲ့။ အဲ့တာ ကျောင်းလူကြီးတွေခေါ်ပြီးတွေ့တာ"
"သြော်....."
ဟုတ်တာပေါ့။ နိုဝင်ဘာလကျော်ခဲ့ပြီ။ ပုံမှန်ဆို ဒီဇင်ဘာလဆို စုံညီလုပ်နေကြမလား။ ညီညီတို့ကျောင်းစုံညီက သူများကျောင်းတွေထက်ပိုထူးခြားပါသည်။ အဆိုတော်တွေကိုပါငှားသည်။
မနက်ပိုင်းမှာ နိုင်ငံတစ်ဝှမ်းက နာမည်ကြီး Motivation Speaker တွေကိုငှားပြီး ကျောင်းသားကျောင်းသူတွေအတွက် ဗဟုသုတနည်းလမ်းကောင်းတွေ ရသွားစေသည်။
နေ့ခင်းကျ ဆုပေးပွဲမှာလည်း နာမည်ရ Dancer အဖွဲ့တွေ၊ နိုင်ငံကျော်အဆိုတွေပါပါသည်။
ခေါင်တန်းမိသားစုသုံးစုကချည်း အကုန်ဒိုင်ခံပေးထားတာဖြစ်သည်။ ထို့ကြောင့် သူတို့သားသမီးတြွေဖစ်ကြသည့် ကိုသက်ထင် သက်နှင်း
ရောင်စဉ်တို့က ကျောင်းမှာမျက်နှာပွင့်ကြပါသည်။ ညီညီ့ကျ မပေါ်မထင်လေးဘဲနေတတိလို့ ညီညီ့ကိုဘယ်သူမှမသိကြ။ သိရင်လည်း ခုလိုအပယ်ခံမကျတကျဖြစ်မနေဘဲ မျက်နှာပွင့်နေဉီးမှာ။
"ဖေဖေကလည်း လာရင်ကိုယ့်ဘာသာလာပါ့လား။ ဘာလို့ သားကိုလှမ်းခေါ်ရတာလဲ"
"ဟင် ကိုယ့်သားကိုတွေ့လို့ခေါ်တာ ဘာဖြစ်လို့တုန်း"
"ဖေဖေကလည်း ဖေဖေတို့သားမှန်း သိကုန်ပါ့မယ်ဆို။ သားအကြောင်းတွေကိုသိရင် အကြီးအကျယ်အာရုံစိုက်ခံရတော့မှာ။ သားက အာရုံနောက်တာမခံနိုင်ဘူး။ ခုတောင် သူငယ်ချင်းတစ်ယောက်သိသွားပြီ"
ဖေဖေက သဘောတကျရယ်ပါသည်။ မေမေကတော့ သူ့သားအကျင့်ကိုသိသူမို့ ဖေဖေ့ကို "တော့်အပြစ်ပဲ"ဟု မျက်စပစ်ပြလေသည်။
"ဟုတ်ပါပြီဗျာ။ ကျောင်းသားပေါင်းထောင်ချီတဲ့အထဲမှာမှ ကိုယ့်သားလေးနဲ့ပက်ပင်းတို့လို့ လှမ်းခေါ်မိတဲ့ ကျွန်တော်မှားတာပါဗျာ။ အဟက်ဟက်။ ချိုရေ မင်းသားဘေးမှာ ကောင်မလေးတစ်ယောက်ကွ။ လှတာတော့လှတယ်။မင်းသားနဲ့ရယ်မောနေတာ။ ဘာတွေလဲမေးကြည့်ပါဉီး"
"ဟုတ်လား ဘယ်သူတုန်း"
"မဟုတ်ရပါဘူး မေမေရယ်။ အဲ့တာသားသူငယ်ချင်းသက်နှင်းခန့်ထင်တဲ့"
"ခန့်ထင်"
ဖေဖေက နာမည်နောက်နှစ်လုံးကိုရေရွတ်လေသည်။ တစ်ခုခုကိုစဉ်းစားဟန်ပြုပြီးမှ
"အဲ့ကောင်မလေးရဲ့အဖေက ဉီးအံ့မော်ခန့်ထင်လား"
"ဟုတ်တယ်လေ။ ဖေဖေအစည်းအဝေးမှာမတွေ့ခဲ့ဘူးလား။ သူလည်းကျောင်းရဲ့လူကြီးထဲမှာပါတယ်"
"မတွေ့ပါဘူး သားရယ်။ သူမအားလို့မလာဘူး။ ဖေဖေတို့တွေအကြိမ်ကြိမ်လွဲနေကြတာပဲ။ သြော်... သူသမီးတောငိသားနဲ့ရွယ်တူရှိပြီလား"
"ဖေဖေကဉီးအံ့ နဲ့သိလို့လား"
"ဘယ့်နှယ်ပြောလိုက်ပါလိမ့်။ ဖေဖေတို့နှစ်ယောက်က သူငယ်ချင်းအရင်းကြီးတွေ။ မတွေ့ရတာကြာလှပြီ"
ဖေဖေကဝမ်းပမ်းတသာပဲပြောလို့လားမသိဘူး။ ညီညီပါပျော်သွားလိုက်တာ။
ဘာကြောင့်ပျော်တာလဲဆိုသည့်အကြောင်းရင်းရှိနေပေမယ့် သက်နှင်းတို့မိသားစုနဲ့ရင်းနှီးနေတယိဆိုတာနဲ့တင်ကို ပျော်သွားသည်။
"သူ့မှာသမီးလေးတစ်ယောက်တည်းလား"
"ဘယ်ကသာ နှစ်ယောက်။ သားတစ်ယောက်သမီးတစ်ယောက်။ သားကသားတို့ထက်တစ်တန်းကြီးတယ်။ ဖေဖေမသိလို့ပါ သူ့သားကခုရေပန်းစားနေတဲ့အဆိုတော်သစ် သက်မင်းခန့်ထင်လေ"
"ဟေ ဟုတ်လား"
ဖေဖေက လေလုံးကြီးကြီးနှင့်ပြောသည်။ မေမေက ညီညီ့ကိုအဓိပ္ပါယ်ပါသည့်မျက်လုံးများနှင့် ကြည့်လာသည်။
"ဟား အံမော်တို့ကတော့ သူ့သားကိုစပရှယ်မြေတောင်မြှောက်ပြီပဲ။ နောက်မှတစ်ရက်လောက် မိသားစုစုံစုံလင်လင်ထမင်းအတူစားရမယ်"
"ဗျာ"
ညီညီ ထခုန်မိမတတ်ပဲ။ ထမင်းအတူစားရတယ်တဲ့လေ။ အစ်ကိုနဲ့ခင်ခွင့်ရဖို့က တဖြည်းဖြည်းနီးလာသလိုမျိုး ခံစားရသည်။
အဖေချင်းကလည်း သူငယ်ချင်းအရင်းတွေ။
နောက်ဆိုအစ်ကိုအိမ့်ကိုပါဝင်ထွက်ခွင့်ရချင်ရမှာပေါ့။ အစ်ကိုနဲ့ညီအစ်ကိုလိုဆကိဆံရေးထိရောက်အောင်ကြိုးစားခွင့်ရတော့မည်။ အကို့ရဲ့ဖန်တွေထဲက ကံအကောင်းဆုံးဖန်တစ်ယောက်ဖြစ်ခွင့်ရတော့မည်။
တွေးကြည့်ရုံနဲ့တင် ပျော်စရာအတိပြီးသည်။
ပျော်လွန်းလို့ အိမ်ပေါ်သို့ပြေးတက်ခဲ့တော့သည်။
ဒီညတော့ ညီညီ့အိပ်မက်တွေလှတော့မည်။
........
#Thurein