ချစ်သည်

By purple-lynn

8.5K 227 11

'ချစ်သည်' ... နှစ်လုံးထက်မပိုသော စကားလေးက ဘဝကြီးတစ်ခုလုံးကို ဖန်ဆင်းပေးနိုင်သလို ဖျက်လည်းဖျက်ဆီးပစ်နိုင်ရာ၏။... More

Part 1(Uni)
Part 1(Zawgyi)
Part 2(Uni)
Part 2(Zawgyi)
Part 3(Uni)
Part 3(Zawgyi)
Part 4 - end(Zawgyi)

Part 4 - end(Uni)

1K 53 5
By purple-lynn

"မဝင်ဘူးလား မမလေး"

ကိုဇေယျာ့ရဲ့အမေးကို နှင်းဆက် ခေါင်းကိုအသာရမ်းပြရင်း အဖြေပေးလိုက်သည်။ အခုနေ,ဝင်သွားရင် ငိုနေတဲ့ကောင်လေးကို ရင်ဆိုင်ရမည်မှာ မလွဲပေ။ သိပ်ချစ်ရပါတယ်ဆိုတဲ့ ယောက်ျားက သူမ သိပ်ချစ်ရပါတယ်ဆိုတဲ့ နောက်ထပ်ယောက်ျားတစ်ယောက်အတွက် သည်းကြီးမည်းကြီးငိုနေတာကို ဘယ်လိုနှလုံးသားနဲ့ ရင်ဆိုင်နှစ်သိမ့်ပေးရမလဲလေ။ အပြင်မှာ ခပ်သဲ့သဲ့ကြားနေရတဲ့ ရှိုက်သံကတောင် သူမနှလုံးသားကို နာကျင်စေရင် မျက်ရည်တွေအပ်ကြောင်းထပ်နေမယ့် ချစ်ရသူမျက်နှာကိုသာ တွေ့လိုက်ရရင် သူမနှလုံးသားလေး ကွဲကြေသွားလိမ့်မည်။

"ချစ်မိပြီဆိုရင် လူတွေရူးသွားတတ်လား ကိုဇေယျာ"

အခန်းရှေ့ကထိုင်ခုံတန်းပေါ်တွင် နှစ်ယောက်လုံးဝင်ထိုင်လိုက်ကြသည်။ အခန်းထဲမှ ငိုရှိုက်သံသဲ့သဲ့ကိုတော့ ယခုထိကြားနေရဆဲပေ။

"လူတစ်ယောက်ကတော့ ပြောဖူးတယ် အချစ်နဲ့တွေ့ရင် လူတွေကရူးသွားတတ်ကြတယ် ဆိုပြီးတော့။ မမလေးကရော ဘယ်လိုထင်လဲ"

"အင်း...ရူးတယ်ဆိုတာထက် အချစ်ကြီးတာများလား။ ကိုယ်ချစ်တဲ့သူကိုပိုင်ဆိုင်ချင်လို့ လုပ်ကြတာပဲလေ။ အများအမြင်မှာက အရူးလုပ်ရပ်တွေ ဖြစ်ချင်ဖြစ်နေလိမ့်မယ် ဒါ‌ပေမဲ့ ချစ်နေရတဲ့သူတွေအတွက်ဝောာ့ မပေါင်းစည်းရခြင်းထက် ပိုနက်တဲ့ငရဲမရှိဘူးလေ"

နှင်းဆက်က စကားကိုမဆက်သေးဘဲ ကို‌ဇေယျာ့ဘက်ကို တစ်ချက်လှည့်ကြည့်လိုက်သည်။ ခေါင်းကိုတစ်ဆက်ဆက်ညိတ်ကာ ထောက်ခံနေရှာသည့် ကိုဇေယျာ့ကိုမြင်မှ စကားကိုဆက်ပြောလေသည်။

"ဒါပေမယ့် အဲ့တာက ကိုယ်ချစ်တဲ့သူကို ထိခိုက်စေတယ်ဆိုရင် နောက်ဆုတ်သင့်တယ်မလား"

တွေးဆဆနဲ့ ပြောနေသည့် နှင်းဆက်ရဲ့စကားတို့ကို ဒီတစ်ခါလည်း ကိုဇေယျာက ခေါင်းညိတ်၍သာ တုန့်ပြန်နေလေသည်။ နှင်းဆက်ပြောသမျှကိုသာ နားထောင်‌နေပြီး အခုထိ တစ်ခွန်းမှ ဝင်မဆွေးနွေးသေးပေ။

"ခက်ခဲလိုက်တာ အချစ်က..."

ပေါ့ပေါ့ပါးပါးပုံစံဖြင့် ရယ်မောကာ နှင်းဆက် ညီးတွားလိုက်သော်လည်း စကားလုံးတို့က လေးလံလွန်းလှသည်။ နှင်းဆက်၏ထိုစကားကြောင့် ကိုဇေယျာ့မျက်နှာထက်တွင် မသေသပ်သော  အပြုံးတုတစ်ခုပေါ်လာလေသည်။

"ဟုတ်တယ် ခက်ခဲလွန်းတယ် အချစ်က။ သနားသောအားဖြင့်တောင် အခွင့်အ‌ရေးလေးမပေးဘူး။ ငဲ့လည်းငဲ့ညှာမပေးဘူး။ ရက်စက်တဲ့ကံကြမ္မာနဲ့ ခက်ခဲတဲ့အချစ်နဲ့ ဟုတ်နေတာပဲ"

ဒီတစ်ခါတော့ နားထောင်သူဟာ နှင်းဆက်ဖြစ်သွားလေပြီ။ ထိုနေ့က ရှိုင်းထက်ကို ဆေးရုံပို့ပေးပြီး ‌စိတ်ချရလောက်သည့် အခြေအနေရောက်သည်အထိ အကိုလေးက ဆေးရုံမှာစောင့်ပေးနေခဲ့သည်တဲ့။ ပြန်ရောက်လာတော့ ချက်ချင်းပဲသူ့ကို ခေါ်တွေ့ကာ 'ဒီလိုလုပ်ရပ်မျိုး နောက်ထပ်မလုပ်ပါနဲ့'တဲ့...။ သူ့ကိုနစ်နာသွား‌စေမည့်စကား တစ်ခွန်းမှမပါတာတောင် ထိုစကားတစ်ခွန်းနဲ့တင် ကွဲကြေသွားတဲ့ သူ့နှလုံးသားလေးက ပြန်အဖတ်ဆယ်လို့မရတော့ပေ။ ထိုအချိန်ကတည်းက ‌ဇေယျာနားလည်ခဲ့သည်။ ရှိုင်းထက်ကို အကိုလေးကယ်တင်ခဲ့ခြင်းက လက်စားမချေရသေးခင် သေသွားမည်ကို မလိုလားခြင်းသပ်သပ်ကြောင့် မဟုတ်ဘူးဆိုတာကို။

"အနားမှာရှိနေချင်ယုံလေးပဲတောင့်တတာကို။ ကျွန်တော်တို့လိုလူတွေရဲ့ ဆန္ဒက အရမ်းများ ကြီးလွန်းနေလို့ ကံကြမ္မာက မဖြည့်ဆည်းပေးနိုင်တာလား ဟင် မမလေး"

နှင်းဆက် ပြန်မဖြေဖြစ်ပေ။ မကြီးမားလွန်းတဲ့ဆန္ဒကို မဖြည့်ဆည်းပေးနိုင်တာ မဟုတ်ဘဲ အစကတည်းက ကံကြမ္မာက လှလှပပတွေ့ဆုံစေပြီး ရက်ရက်စက်စက်ခွဲပစ်ဖို့ သေချာအကွက်ကျစီစဉ်ထားခဲ့တာပင်။ သိပ်ကိုညစ်ပတ်လွန်းတဲ့ ကံကြမ္မာက သူတို့အပေါ် ဘယ်ခါမှမညှာတာပေးခဲ့ပါ။

"ကာကွယ်ပေးချင်လို့ကို နာကျင်သွားမှာစိုးလို့ လုပ်ခဲ့မိတာကို"

ထိုစကားအဆုံးတွင် တဆက်တည်းပါလာသော ကိုဇေယျာ့ရဲ့ ရယ်သံခပ်သဲ့သဲ့က အသက်မဲ့လွန်းသည်။ နှင်းဆက်သိပါသည်။ ငယ်ရွယ်စဉ်ကတည်းက မိသားစုလိုဖြစ်နေသည့် ကိုဇေယျာဟာ သူမတို့မောင်နှမကို သံယောဇဉ်ရှိသည့်အပြင် ကိုကို့(မင်းဆက်)အပေါ်တွင်တော့ သံယောဇဉ်ရှိတာထက် ပိုနေသည်ကို နှင်းဆက်သိသည်။
ထိုခံစားချက်တွေကြောင့် မလုပ်သင့်တဲ့လုပ်ရပ်တွေအထိ ကျူးလွန်ခဲ့သည်ကိုလည်း နှင်းဆက်သိသည်။

သူမ ချစ်တဲ့ကောင်လေး သေမလိုဖြစ်ခဲ့ရခြင်းအတွက် ကိုဇေယျာ့ကို စိတ်ဆိုးရမည်လား...အသိအမှတ်ပြုမခံရတဲ့ အပယ်ခံလေးမို့ သနားကာခွင့်လွှတ်ရမည်လား... ဆိုတာကိုတော့ သူမကိုယ်တိုင်လည်း ခုထိ သဲသဲကွဲကွဲမသိ‌သေးပေ။ သေချာတာတစ်ခုကတော...အခုလိုအခြေအနေမှာ ဘယ်သူမှပျော်မနေရပါ...။

ဆို့နင့်ဝမ်းနည်းနေသော မျက်လုံးလေးလုံးနှင့် ရင်ဆိုင်နေရသည့် နံရံသည်ပင် စိတ်မခိုင်ကာ ပြိုလဲသွားနိုင်သည်။ ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်နေပြီး ငိုသံသဲ့သဲ့ကိုပင် မကြားရတော့ချေ။ ကောင်ငယ်လေးတစ်ယောက်တော့ အငိုတိတ်သွားပြီ ထင်ပါရဲ့လေ။

အခန်းတံခါးကို အသာလေးတွန်းဖွင့်ကာ နှင်းဆက်ဝင်သွားသည့်တိုင် ကိုဇေယျာကတော့ ထိုင်မြဲထိုင်ကာ ငိုင်မြဲငိုင်နေဆဲ။

အခန်းထဲတွင် အလင်းရောင်အနည်းငယ်သာ ရှိသော်လည်း ကုတင်ပေါ်ရှိ သတိပြန်လည်မလာသေးသည့် အစ်ကိုဖြစ်သူကို‌တော့ ရှင်းရှင်းလင်းလင်း မြင်‌ရသည်။ ထို့အပြင် ကုတင်ဘေးတွင် ခေါင်းမှောက်ကာ အိပ်ပျော်နေသော ကောင်လေးကိုပါ တဆက်တည်းတွေ့လိုက်ရတော့ နှင်းဆက်ရင်ထဲ ဆစ်ခနဲနာကျင်လာသည်။ အတော်လေးငိုထားပုံရသည့် ထိုကောင်လေးက အိပ်ပျော်နေရင်းနဲ့တောင် တချက်တချက် ရှိုက်နေသေး၏။ ဒီကောင်‌လေးကို အများကြီး ပျော်အောင်ထားပေးချင်ခဲ့တာကို...

တီရှပ်လေးတစ်ထည်တည်းကိုပဲ ဝတ်ထားတဲ့ ထိုကောင်လေးက သူ့ချစ်ရသူရဲ့သတင်းဆိုးကြောင့် ကမန်းကတန်းထွက်လာရတယ် ထင်ပါရဲ့။

အေးနေမည်စိုး၍ အပေါ်ကထပ်ဝတ်ထားသော ကုတ်အရှည်ကို ချွတ်ကာ အိပ်ပျော်နေသော ကောင်လေး၏ကိုယ်ပေါ်ကို နှင်းဆက် လွှမ်းခြုံပေးလိုက်သည်။ အင်္ကျီနဲ့ခန္ဓာကိုယ် ထိလိုက်ရုံနဲ့တင် ဆက်ကနဲနိုးလာလေသော ကောင်လေးက အအိပ်ဆက်တတ်သည်လား။

သူမရဲ့အင်္ကျီကိုသူမ ပြန်ယူလိုက်ကာ ရှိုင်းထက်၏မျက်နှာချင်းဆိုင် ကုတင်၏ဘေးတစ်ဖက်တွင် ဝင်ထိုင်လိုက်သည်။

"ရောက်လာပြီလား နှင်းဆက် ကျွန်တော်ခဏမှေးခနဲဖြစ်သွားတယ်"

အိပ်ချင်မူးတူးပုံစံဖြင့် မျက်လုံးတို့ကိုပွတ်ကာ နှင်းဆက်ကို နှုတ်ဆက်စကားပြောလိုက်သည်။ မျက်လုံးတို့ကိုပွတ်နေရင်းက ပါးထက်က ခြောက်သွေ့စေးကပ်သော အရာကို သတိထားမိသွားဟန် မျက်နှာကို တစ်ဖက်သို့လွှဲကာ နှင်းဆက်မမြင်အောင် သုတ်လိုက်၏။ ဘာအသုံးဝင်မှာလဲလေ။ အားလုံးကို နှင်းဆက်သိပြီးသားပဲကို..။

"သွားရည်တွေကျတဲ့အထိက ခဏတော့မဖြစ်နိုင်ဘူး"

ရှိုင်းထက်၏စိတ်ထဲတွင် 'သူငိုထားတာကို နှင်းဆက်မရိပ်မိဘူး'လို့ ထင်မှတ်သွားရင်ကို နှင်းဆက် မသိချင်ယောင်ဆောင်ရကျိုးနပ်ပါ၏။

စိတ်သက်သာရာရသွားသလို ရှက်ပြုံးလေးဖြင့် လည်ဂုတ်သားလေးကို လက်ဖြင့်ပွတ်နေသော ရှိုင်းထက်အား နှင်းဆက် ငေးကြည့်နေမိသည်။ သူမမြတ်နိုးရသည့် ရှိုင်းထက်ဆိုသည့်ကောင်လေးက ရှက်ရင်အမြဲအဲ့လိုပုံစံလုပ်တတ်ပြီး အဲ့ပုံစံလေးကပဲ သူမအချစ်ပိုရသည့် အကြောင်းအရင်းပေ။ ကိုကိုကရော ထိုကောင်လေးရဲ့ဘယ်ပုံစံကို မြတ်နိုးပါသလဲလေ။

ခိုးကြည့်ခြင်းမဟုတ်ဘဲ ပေါ်တင်ကြီးကြည့်နေသော နှင်းဆက်နှင့် သူမကြည့်နေခြင်းကြောင့် မနေတတ်နေသော ရှိုင်းထက်တို့ကြားတွင်  တိတ်ဆိတ်မှုက ခဏတာနေရာဝင်ယူလာ၏။

"ကိုကိုက ဒီနိုင်ငံကိုသိပ်မုန်းတာ ။ ဒါပေမယ့် နှင်းဆက်အတွက်ကြောင့်နဲ့ သူမုန်းတဲ့ ဒီနိုင်ငံကို ပြန်လာခဲ့ရတယ်"

တိတ်ဆိတ်သံကို စတင်ဖြိုခွင်းလိုက်သူက နှင်းဆက်။  ကုတင်ပေါ်ရှိ ကြည်လင်‌နေသော မျက်နှာလေးအား နှင်းဆက်အားနာသလို ကြည့်လိုက်သည်။ ဘေးနားမှမြင်နေရသော ရှိုင်းထက်ကတော့ နှင်းဆက်၏ ယခုလိုပုံစံကြောင့် စိတ်မကောင်းပေ။ ဟိုအရင် သူသိကျွမ်းဖူးတဲ့ နှင်းဆက်က တက်ကြွပြီးဖျက်လက်သော မိန်းကလေးတစ်ယောက်...။

"ဘာလို့မုန်းလဲသိတယ်မလား"

သူမရဲ့မေးခွန်းကြောင့် ရှိုင်းထက် ခေါင်းငုံ့ကျသွားသည်ကို မျက်လုံးထောင့်စွန်းကနေ နှင်းဆက်မြင်လိုက်ရသည်။

ရှိုင်းထက်ဆီမှာ ထုတ်ပြောစရာ အဖြေရှိသော်လည်း ထုတ်ပြောဝံ့တဲ့ သတ္တိတော့မရှိပေ။ ဘာအမှတ်တရကောင်းမှမရှိတဲ့နိုင်ငံ ၊ သူ့အဖေကို သူ့ရှေ့မှာပဲ ရက်ရက်စက်စက် သတ်ဖြတ်တဲ့ အဖြစ်အပျက် ဖြစ်ပျက်ခဲ့တဲ့နိုင်ငံကို အကိုမုန်းသင့်ပါတယ်လေ။

"သူသိပ်မုန်းတဲ့ ဒီနိုင်ငံကနေ မပြန်ဖြစ်တော့တာ...မဟုတ်သေးဘူး မပြန်ချင်တော့တာက ရော ဘာလို့လဲသိလား"

ဒီတစ်ခါတော့ ရှိုင်းထက် စိတ်ဝင်တစား နှင်းဆက်ကိုကြည့်နေလိုက်သည်။ နှင်းဆက်,ဆက်ပြောလာမည့် အဖြေကိုသူကြားချင်သည်လေ။

"ရှိုင်းထက်ဆိုတဲ့ ကောင်လေးကြောင့်လေ"

မှင်သေသောမျက်လုံးတို့က သူမအစ်ကိုရဲ့ ဆေးပိုက်တပ်ထားသော လက်နေရာကိုကြည့်နေသည် ထင်ရသော်လည်း မသေချာ။ နှုတ်ကထုတ်ပြောလိုက်တဲ့ စကားမှန်သမျှက နှလုံးသားတစ်ခုလုံးကို ရက်ရက်စက်စက်ထိုးနှက်ပြီးမှ ထွက်လာတဲ့စကားတွေ။ နာကျင်လိုက်တာ...။

"အဲ့နေ့က ကိုဇေယျာကပြောတယ် ရှိုင်းထက်ဆိုတာ နှင်းဆက်တို့အဖေကိုရက်ရက်စက်စက်သတ်ခဲ့တဲ့ လူသတ်သမားရဲ့သားတဲ့"

အစမရှိအဆုံးမရှိ ပြောလာသည့် 'အဲ့နေ့က'ဆိုသည့် နေ့ကို ရှိုင်းထက်သိပါသည်။ သူ့အနားကနေ နှင်းဆက်စပျောက်သွားတဲ့ အဲ့နေ့...။

"အဲ့နေ့ကလေ နှင်းဆက်ကမ္ဘာကြီး ပျက်စီးသွားသလိုပဲ။ ဘဝမှာ...တကယ်ကို တစ်ဘဝမှာ တစ်ခါပဲ ချစ်ခဲ့တာကို..."

ခဏလောက်ငြိမ်သွားပြီးမှ နှင်းဆက် စကားဆက်သည်။

"မစွန့်လွှတ်နိုင်ပေမယ့်လည်း နှင်းဆက် ရအောင်စိတ်နာမယ်လို့ တွေးခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အချစ်မှမခံရတာ"

အကြည့်တွေကို နေရာမရွှေ့။ မှင်သေသောမျက်လုံးတို့သည်လည်း ပြောင်းလဲမသွားချေ။ နှင်းဆက်က ခံစားချက်တွေကို ဖုံးကွယ်ပြီးနေတတ်သည့်ပုံစံပင်။ ထို့ကြောင့် သူမရဲ့ပျော်ရွှင်နေသော မျက်နှာနဲ့ပုံစံကိုသာ ရှိုင်းထက်မြင်တွေ့ခဲ့တာဖြစ်ပြီး တက်ကြွပြီးဖျက်လက်တဲ့ မိန်းကလေးဟုထင်နေမိခဲ့တာပင်။ သို့သော်လည်း ဒီနေ့တွင်တော့ မြိုသိပ်ခဲ့ရသမျှက သူမကိုပင်ပန်းစေသည်ထင်။ ဘယ်သူ့ကိုမှမပြောဖူးတဲ့ ခံစားချက်အစုံကို ရှိုင်းထက်အား ပြောပြနေမိသည်။

"နောက်ရက်ပိုင်းလောက်ကြာတော့ ကိုကိုက ဒီနိုင်ငံကိုပြန်လာခဲ့တယ် ။ ပြီးတော့ လက်စားချေမယ်ဆိုပြီး အစီအစဉ်တွေဆွဲတော့တာပဲ။ အဲ့ချိန်တုန်းက ကိုကို့ကိုမလုပ်ဖို့ တားချင်ခဲ့ပေမယ့် နှင်းဆက်မတားဖြစ်ခဲ့ဘူး။ မဟုတ်ဘူး... အဲ့ပြဿနာတွေနဲ့ အဝေးဆုံးမှာနေခဲ့တာ"

သူမရဲ့စိတ်ထဲမှာ ရှိုင်းထက်ကိုချစ်တဲ့စိတ်၊ စိုးရိမ်တဲ့စိတ်နဲ့ မျက်နှာတောင် ကောင်းကောင်းမမှတ်မိတော့တဲ့ ဖခင်ကိုအားနာတဲ့စိတ်က ဒွန်တွဲတည်ရှိနေခဲ့တာကိုး။ ဘယ်ဖက်ကိုမှ အလေးမသာနိုင်တဲ့သူမ နောက်ဆုံးရွေးချယ်လိုက်တာကတော့ မင်းဆက်ရဲ့အစီအစဉ်ထဲ ဝင်မပါဖို့ပဲ...။ ဒါပေမယ့်လည်း တစ်နေ့တော့....။

"ဒါပေမယ့်လည်း တစ်နေ့ကျတော့ ကိုကိုက ညဘက်မိုးချုပ်မှ အပြင်ကနေပြန်လာတယ်။ လက်ထဲမှာလည်း ကိတ်မုန့်တစ်ခုကိုကိုင်ထားပြီးတော့ မျက်နှာကလည်း ပြုံးပြုံးရွှင်ရွှင်နဲ့။ ဟိုးငယ်ငယ်လေးကတည်းက ကိုကိုအဲ့လိုပြုံးပျော်နေတာမျိုးကို ပထမဆုံးမြင်ဖူးတာပဲ။ အဲ့တာနဲ့နှင်းဆက်လည်း ကိုကိုရေချိုးနေတဲ့အချိန်ကြီး ကိုကို့အခန်းထဲဝင်ပြီးတော့ စပ်စုကြည့်လိုက်တာပေါ့"

အခုချိန်ထိ စကားဝိုင်းကို နှင်းဆက်တစ်ယောက်တည်းကသာ တာဝန်ယူပြောနေတာဖြစ်ပြီး ရှိုင်းထက်ကတော့ ဂရုတစိုက်နားထောင်လျက်သာ။ သူမအစ်ကိုကို ကြည့်ပြီး ပြုံးကာပြောနေသော်လည်း သူမရဲ့ပုံစံက ပင်ပန်းနွမ်းနယ်‌နေသူလိုပင်။

"ကိတ်မုန့်ပေါ်ကစာတစ်ခုနဲ့တင် ကိုကို့ရဲ့အစီအစဉ်တွေ ကျရှုံးသွားပြီမှန်း နှင်းဆက်သိလိုက်တယ်"

ကိတ်မုန့်ပေါ်မှာ ပုံဖော်ထားတဲ့ စာတမ်းလေးက 'HBD ပါချစ်သူ'တဲ့လေ။ အကို့ရဲ့မွေးနေ့အတွက် ရှိုင်းထက်ကိုယ်တိုင် မလုပ်တတ်လုပ်တတ်နဲ့ လုပ်‌ပေးလိုက်တဲ့ ကိတ်မုန့်လေးက အကို့ကို အဲ့လောက်တောင် ပျော်သွားစေသည်တဲ့လား။

"ပြသနာဖြစ်ခဲ့တယ် အဲ့နေ့မှာပဲ။ လူသတ်သမားရဲ့သားကို လက်စားချေမယ်ဆိုတဲ့သူက အဲ့လူဆီမှာ ကောင်းကောင်းမွန်မွန်လေး နစ်မွန်းသွားတယ်တဲ့လေ...။ မလိမ္မာတဲ့ညီမရဲ့ ဆိုးသွမ်းမှုတွေကို ကိုကိုက အများကြီးသည်းခံပြီး အလိုလိုက်ခဲ့တာတောင် နှင်းဆက်ကလေ...နှင်းဆက်က ကိုကိုချစ်တဲ့သူကိုလုယူဖို့ကြိုးစားခဲ့တယ်။ 'အဲ့လူဟာ နဂိုကတည်းက နှင်းဆက်ရဲ့လူ ၊ ကိုကိုက ကိုယ့်ညီမရဲ့လူကိုတောင် လုဖို့ကြံနေတာလား' ဆိုပြီး အဆိုးရွားဆုံးစကားတွေကိုလည်း ပြောခဲ့မိသေးတယ်..."

ပါးထက်က မျက်ရည်တို့ကို အရင်သုတ်ကာ မင်းဆက်ရဲ့လက်ကို နှင်းဆက် ဆုတ်ကိုင်လိုက်သည်။

"အဲ့တာကြောင့် ကိုကိုက သူ့ကိုစိတ်နာအောင်ဆိုပြီး ရှင့်ခြေထောက်တွေကို ရိုက်ချိုးခဲ့တာ။ ညီမဖြစ်သူရဲ့ ဆန္ဒကို မလွန်ဆန်ဝံ့တဲ့ သိပ်တော်တဲ့ ကိုကိုကလေ 'လူသတ်သမားရဲ့သားမလို့  လက်စားချေတာ' ဆိုတဲ့ သရုပ်ကို ပီပီပြင်ပြင်သရုပ်ဆောင်ခဲ့တာ။  နှင်းဆက်ကတော့ အစ်ကိုဖြစ်သူရဲ့လက်ချက်နဲ့ သေတော့မယ့်သူကို ကယ်တင်ပြီး လက်ထပ်ယူမယ့် ကယ်တင်ရှင်ကြီးပေါ့"

ရှိုင်းထက်၏ခေါင်းထဲတွင် တစ်ချိန်လုံး နေရာယူနေခဲ့သော 'ဘာလို့လဲ' ဆိုသည့် မေးခွန်းရဲ့အဖြေကို အခုလောက်ဆို သိသွားလောက်‌ရောပေါ့။ အခန်းတံခါးဘောင်ကို မှီရပ်နေ‌တဲ့ ‌လူငယ်လေးရဲ့ မျက်ဝန်းတွေလည်း အခုလောက်ဆို စိုစွတ်နေလောက်ရောပေါ့။ အစ်ကိုဖြစ်သူရဲ့ လက်တစ်ဖက်ကို ဆုတ်ကိုင်ကာ နောင်တတစ်ချို့နဲ့ ငိုကြွေးနေတဲ့ ကောင်မလေးတစ်ယောက်သည်လည်း ချစ်ရသူအတွက် ၊ ချစ်ရသူတွေပျော်ဖို့ ချစ်ရသူကိုစွန့်လွှတ်လိုက်ရ‌ခြင်းကြောင့် ရင်ကွဲနေလောက်ရောပေါ့။

အချစ်ဆိုတာ...
တခါတရံမှာ မလှပတဲ့ အထီးကျန်ခြင်းတွေကို သယ်ဆောင်လာတတ်သေးသည်။ သို့သော်လည်း ထိုအထီးကျန်ခြင်းသည်ကပင် အချစ်ရဲ့ပြယုဂ်ဖြစ်ချေတော့‌၏။
   
                        * * * * *

ဒီနေ့တော့ မိုးအုံ့ခြင်းမရှိ နေသာလျက်။ လေပြည်ကတော့ သူ့လုပ်ဆောင်ရမည့်တာဝန်ကို ထမ်းရွက်ရင်း ကမ္ဘာကြီးအနှံ့ကို ဖြန့်ကျက်ကာ ခြေဆန့်တိုက်ခတ်လျက်ရှ်ိ၏။

"ဘာတွေတွေးနေတာလဲ"

သူ့အနားကို တရွေ့ရွေ့‌ ရွေ့လာနေတဲ့ ဝှီးချဲပေါ်တွင် အကိုက မိန့်မိန့်ကြီးထိုင်ကာ လိုက်ပါလာလေသည်။ ရက်အနည်းငယ်လောက်အထိ လမ်းမလျှောက်ဖို့ ဆရာဝန်ကြီးက မှာထားသဖြင့် အကိုသွားလိုရာ နေရာတိုင်းကို နှင်းဆက်မဟုတ်လျှင် ကိုဇေယျာက လိုက်ပို့ပေးရသည်။ ယခုဆိုလျှင် ရှိုင်းထက်နှင့်မင်းဆက်ကို 'ဝှီးချဲကာပယ်လ်'ဟုတောင် အမည်တွင်နေလေပြီ။

မင်းဆက်ကို ရှိုင်းထက်အနား တွန်းပို့ပေးပြီးသည်နှင့် လှည့်ထွက်သွားသော နှင်းဆက်အား ရှိုင်းထက်လိုက်ကြည့်နေမိသည်။ ဆေးရုံမှာတုန်းက နှင်းဆက်ပြောခဲ့သည့်စကားတို့ကိုလည်း နားထဲပြန်ကြားယောင်မိသည်။

"ရှိုင်း"

ရှိုင်းဆိုသည့်နာမည်လေးက အချိန်တွေအကြာကြီးနေမှ သူမဆီမှပထမဆုံး ပြန်ကြားရတာဖြစ်ပြီး နောက်ဆုံးလည်းဖြစ်သွားနိုင်သည့် ခေါ်သံလေးပင်။

"ကိုကို့ကို ပျော်အောင်ထားပေးနိုင်မယ်မလား"

အဖြေပြန်မလိုချင်သည့်မေးခွန်းတစ်ခုလို မေးပြီးသည်နှင့် လှည့်ထွက်သွားခဲ့သော နှင်းဆက်သည်လည်း ရှိုင်းထက်၏ မဖြေဖြစ်လိုက်သော အဖြေတစ်ခုကို ရှင်းရှင်းလင်းလင်း သိနေပါလိမ့်မည်။

"ရှိုင်းလေး"

"ဟင်!"

အကို့ရဲ့အသံကြားမှ လက်ရှိကာလဆီ စိတ်ပြန်လည်လာရသည်။

"ဘာတွေတွေးနေတာလဲလို့"

"ဪ...လေပြည်တွေအကြောင်းတွေးနေတာ"

"လေပြည်တွေအကြောင်းလား ဘယ်လိုအကြောင်းလဲ ရှိုင်း"

တခါတရံ 'ရှိုင်းလေး'ဟု အသည်းယားစရာကောင်းအောင် ခေါ်တတ်သော်လည်း အမြဲခေါ်နေကျနာမည်ဟာ 'ရှိုင်း'ပါ။ တကယ့်ကို စိတ်တူကိုယ်တူ မောင်နှမ‌နှစ်ယောက်။

"ဒီလိုလေ လေပြည်တွေက မုန်တိုင်းတွေကိုဖြစ်စေနိုင်သလို အေးချမ်းလန်းဆန်းမှုကိုလည်း ဖြစ်စေနိုင်တယ်လေ အဲ့တော့ လေပြည်ကို မုန်းသင့်လား ချစ်သင့်လား စဉ်းစားနေတာ"

အကိုက သူ့စကားကို သေချာဂရုတစိုက် နားထောင်ပြီး သူ့ကိုကူကာစဉ်းစားပေးနေလေသည်။ အမြဲတမ်း အကိုက သူရဲ့ပေါက်ကရဆန်တဲ့ မေးခွန်းတွေဆိုရင်တောင် အဖြေထွက်အောင်ထိ စဉ်းစားပေးတတ်သည်။ သိပ်ချစ်ဖို့ကောင်းတဲ့ အကိုရယ်ပါ...။

"ရှိုင်းရဲ့စိတ်ထဲမှာ မုန်တိုင်းနဲ့အေးချမ်းမှု ဘယ်ဟာကပိုအရေးကြီးလဲတွေးကြည့်လိုက်ပေါ့"

အကို့ရဲ့စကားကြောင့် အဖြေတစ်ခုကို ရှိုင်းထက် သိသွားချေပြီ။ မုန်တိုင်းဖြစ်ဖြစ် အေးချမ်းမှုဖြစ်ဖြစ် လေပြည်ကြောင့်ဖြစ်တည်လာသမျှကို သူလက်ခံနိုင်သည်ဆိုတာပင်။ အကိုဟာ သူ့ဘဝရဲ့ လေပြည်လေး...။

သူတို့ကြားကို ဘယ်လိုတိတ်ဆိတ်မှုမျိုးကိုမှ အဝင်မခံနိုင်သည့်ဟန် အကိုက စကားတစ်ခွန်းကို ထပ်မံအစပျိုးလိုက်လေသည်။

"ဟိုးမှာမြင်နေရတဲ့ လမ်းတွေကိုတွေ့လား"

"အင်း"

"အကိုတို့ နောက်ကျ လမ်းလျှောက်လို့ရတဲ့အချိန်ကျရင် အဲ့လမ်းတွေ ဟိုးကလမ်းတွေ အကုန်လျှောက်ကြမယ်"

"ဘယ်ထိသွားကြမလဲ ကျွန်ဝောာ်တို့"

"ကမ္ဘာအဆုံးထိသွားကြမယ်လေ အပြင်ဘက်ထိရောက်လည်း ရောက်ပါစေကွာ ဘယ်လိုလဲ ရှိုင်းလေးလိုက်ရဲရဲ့လား"

သူ့ရဲ့လက်ကို ညင်သာစွာ ဆုတ်ကိုင်ထားတဲ့ လက်တစ်စုံကို လွှတ်ချပစ်ဖို့ ဘယ်ခါကမှ စိတ်မကူးရဲခဲ့ပါ။

"မေးနေစရာလားဗျာ"

အကိုက သဘောကျစွာ သူ့ခေါင်းလေးကို ညင်သာစွာပုတ်ရင်း သူမြတ်နိုးရတဲ့အပြုံးတို့ကို နှုတ်ခမ်းထက် ပန်ဆင်လိုက်သည်။ ရွေ့လျားနေတဲ့ အချိန်တွေကို မရပ်တန့်နိုင်ဘူးဆိုရင် အကို့ရဲ့အပြုံးတွေ အမြဲတည်ရှိနေဖို့ ရှိုင်းထက်ဆိုသည့်ကောင်လေးတစ်ယောက် ရှိနေမှဖြစ်မည်။

တဆက်တည်းမှာပဲ သူတို့နဲ့ ခပ်လှမ်းလှမ်းတစ်နေရာမှာ သူတို့သွားလိုရာကို လိုက်ပို့ပေးရန် အသင့်စောင့်နေကြသည့် လူသားနှစ်ယောက်ဆီ ရှိုင်းထက်လှမ်းကြည့်လိုက်မိသည်။ အဝေးကပျော်ရွှင်မှုလေးကို လှမ်းငေးကြည့်ရတဲ့လူတွေရဲ့ ခံစားချက်ဟာ ပျော်ဖို့ကောင်းတယ်လို့ ‌ဟန်ဆောင်ပန်ဆောင်လေး လိမ်ညာတတ်ကြပေမယ့် တကယ့်တကယ် ဘယ်လောက်နာကျင်စရာကောင်းလဲဆိုတာ ရှိုင်းထက်သိပါသည်။ သိသည့်အတွက်လည်း နှင်းဆက်ကိုရော ကိုဇေယျာ့ကိုပါ အသစ်အသစ်တွေကို ရှာဖွေတွေ့ရှိပြီး အပျော်ရွှင်ဆုံးလူသားတွေ ဖြစ်‌စေချင်သည်။ နောက်ထပ် ဘယ်သောအခါမှ မနာကျင်ရပါစေနဲ့...။

လူတစ်ယောက်ကို နှစ်နှစ်ကာကာ ချစ်မိသွားတဲ့ ခံစားချက်ကို သိကြလား။ ရူးသွပ်မှုအတိုင်းအတာက ဘယ်ပေတံနဲ့မှတိုင်းတာလို့ မရအောင်ထိ အဲ့လူဆီမှာ စနစ်တကျနစ်မြုပ်သွားတာမျိုးလေ။ အဲ့လောက်ထိ ချစ်မိသွားပြီဆိုရင် သေချာပါတယ် နေ့စဉ်ဘဝက လုံးဝပြောင်းလဲတော့မယ်ဆိုတာ။

'အချစ်'ရယ်လို့ ခေါ်ဆိုသမုတ်လိုက်ရင် ခံစားမှုအစုံအလင်ပေးတဲ့ ရသစုံရှိုးကြီးတစ်ခုကို လှမ်းမြင်မိလိုက်မှာ အမှန်ပင်။ ဒီလူကြောင့်ပဲငိုရသလို ဒီလူကြောင့်ပဲရယ်ရတယ်။ ဒီလူကြောင့်ပဲ ပြိုရသလို ဒီလူကြောင့်ပဲ ပြန်နိုးထနိုင်တယ်။ ဒီလူကြောင့်ပဲ အရာရာရှုံးနိမ့်ရသလို အရှုံးပေးလိုက်ရသမျှကလည်း ချိုမြိန်နေတယ်။

'နာကျင်ရလည်းဖြစ်တယ်' ဆို‌တဲ့စကားတစ်ခွန်းက လွယ်လွယ်ဖြစ်တည်လာတာမဟုတ်ဘူးဗျ။ သေခြင်းထက်ပိုဆိုးရွာတဲ့ နာကျင်မှုမျိုးကို ဘယ်လူသားကများ တောင့်ခံနိုင်မှာလဲ...။ ဒါပေမယ့်လည်း အချစ်ရဲ့စွမ်းအားကြောင့်ဆိုရင်တော့ ဘာမဆိုဖြစ်လာနိုင်ပါတယ်။

တစ်ချို့က 'ချစ်မိပြီဆိုရင် ပိုင်ဆိုင်ရမှ'လို့ ထင်တတ်ကြတယ်။ ဒါပေမယ့် တစ်ချို့တွေအတွက်တော့ ချစ်ရသူရဲ့ ပျော်ရွှင်မှုက ပိုအရေးကြီးပြီးတော့ အရာရာကိုပေးဆပ်ချင်ကြတယ်။ ဒီလိုမျိုး နူးညံ့တဲ့ ချစ်ခြင်းတရားတွေဟာလည်း လေပြည်နဲ့အတူ လောက,ကမ္ဘာအနှံ့ ဖြန့်ကျက်ကာ ခြေဆန့်လျက်...။
   
                                        The end.                       
                                       

Continue Reading

You'll Also Like

2.3K 154 8
Make with Magic,Love and Sunflowers
286K 498 19
အောစာအုပ်တွေ စုပြီးတင်ပေးပါမယ်
936K 9.8K 24
💢18+စာစဉ်ဖြစ်သည့်အတွက် မိမိဘာသာချင့်ချိန်စဉ်းစားပြီးမှသာဖတ်ကြပါရန်💢 Associate Name- 双性学生与生物老师 Author - [一只爪子] Not Mine,I'm just translated For fun...
52.4K 3.1K 38
[This story is not 18+.This is sweet love🌸😣] Sweet Story of 🌸 Zawgyi & Unicode ချယ်ရီပန်းတစ်ပွင့်က လူတွေကိုပျော်ရွှင်စေတယ်တဲ့ ကျွန်တော်အတွက်ကတော့ က...