ညစာစားဖို့ရန် ပင်မအိမ်ကြီး၏ ထမင်းစားခန်းထဲသို့ ရှိုင်းထက်ကိုပို့ပေးခဲ့ပြီးနောက် မင်းဆက်နှင့်နှင်းဆက်ကို ထမင်းစားခေါ်ရန် ဇေယျာထွက်သွားလေသည်။
ခဏအကြာ ကိုဇေယျာပြန်ရောက်လာပြီး နှစ်ယောက်လုံးမစားဘူး ဟုပြောတော့ ဟင်းပွဲများကို ပြင်ဆင်နေသည့် ထမင်းချက်အဒေါ်ကြီးက စိတ်မကောင်းဖြစ်သွားပြီး သူ့ကိုကြည့်လာလေသည်။ သူလည်းအားနာသဖြင့် နည်းနည်းဝင်အောင်စားလိုက်ရသည်။ သူဒီအိမ်ကိုစရောက်ကတည်းက ထမင်းစားဝိုင်းထဲမှာ အကို့ကိုရော နှင်းဆက်ကိုပါ မတွေ့ဖူးချေ။
ကိုဇေယျာက သူ့ကိုအခန်းပြန်ပို့ပေးရန် သူထမင်းစားနေသည်ကို စောင့်ပေးရှာပါသည်။ ဒီလိုတွေဂရုစိုက်ပေးနေသော်လည်း သူ့ကိုသတ်ဖို့လုပ်ခဲ့သည်ကိုတော့ မယုံဘဲမနေရဲပါ။ သူ့ကြောင့်နဲ့ ကိုဇေယျာချစ်တဲ့ အကိုရော နှင်းဆက်ရောက နာကျင်နေရတာမဟုတ်လား။ ကိုဇေယျာ သူ့ကိုသတ်ဖို့လုပ်တာဟာ ပြစ်မှုမြောက်ရင်တောင် အပြစ်မဟုတ်ပေ။
"ကျွန်တော့်ကို အကိုနဲ့တွေ့ခွင့်ရအောင် ကူညီပေးပါလား ကိုဇေယျာ"
ပင်မအိမ်ကြီးမှထွက်ကာ သူနေသည့်အဆောင်ဆီ လိုက်ပို့နေသည့် ကိုဇေယျာ့ကို သူတောင်းဆိုလိုက်သော်လည်း ကိုဇေယျာက သူ့တောင်းဆိုမှုကို မသိကျိုးကျွန်ပြုကာ သွားစရာရှိသည့် လမ်းကိုသာ ဆက်သွားနေလေသည်။
"ကျွန်တော့်အပြစ်မဟုတ်ဘူးလေ ဒါတောင်နည်းနည်းလေးမှအားမနာဘူးလား"
ဝှီးချဲ၏ ဘီးနှစ်ဘီးက လည်ပတ်ခြင်းရပ်တန့်သွားသည်။ ကိုဇေယျာ့စိတ်ထဲ ဖြစ်ပေါ်နေသည့် စိုးရိမ်မှုကို သူနားလည်ပါသည်။ အကိုနဲ့သူတွေ့ရင် ကိစ္စတွေရှုပ်ထွေးပြီး တစ်ယောက်ယောက်ပိုနာကျင်သွားမှာကို မလိုလားခြင်းဖြစ်သည်။ သူနားလည်သည်။ ဒါပေမယ့် သူ့စိတ်ကိုတော့ ဘယ်သူမှ နားမလည်ပေးပေ။
"ငါက အားနာရမှာလား"
ပါးစပ်ကသာ ထိုမေးခွန်းကို ထုတ်ပြောလိုက်သော်လည်း တကယ့်တကယ် ဇေယျာ ရှိုင်းထက်ကို အားနာသလို သနားလည်းသနားသည်။ သူ့ကြောင့် ရှိုင်းထက်ဆိုသည့်ကောင်လေးက ဆေးရုံပေါ်မှာ ရက်အတော်ကြာတဲ့အထိ သတိလစ်မေ့မျောနေခဲ့သည်တဲ့။ အကိုလေးစီစဉ်ထားသော အစီအစဉ်အရ သူ့ကိုမမလေးနှင်းဆက်နှင့်အတူ တွဲမြင်ဖူးသဖြင့် အကိုလေးသွားလေရာတိုင်း အရင်လိုလိုက်ခွင့်မရှိခဲ့သော်လည်း အကိုလေးအိမ်ပြန်ရောက်လာချိန်တွင်တော့ သူ့ရဲ့အားနာတဲ့စိတ်ကြောင့် ရှိုင်းထက်၏အခြေအနေကို မေးမြန်းဖြစ်ခဲ့သည်။
တကယ်လည်း ရှိုင်းထက်ပြောသလို ရှိုင်းထက်မှာအပြစ်မရှိပေ။ သူ့အဖေကျူးလွန်ခဲ့သည့် အပြစ်ကို သူခံစရာမလိုသလို မမလေးနှင်းဆက်၏ စိတ်ဒဏ်ရာဟာလည်း သူနှင့်မသက်ဆိုင်ပေ။ ဒါကိုဇေယျာသိသည်။ သို့သော်လည်း ထိုကောင်လေး၏ တောင်းဆိုချက်ကို ဇေယျာငြင်းပယ်လိုက်သည်။
အဆုံးထိငြင်းပယ်ပြီးတာတောင် စိတ်အားထက်သန်လွန်းသည့် ထိုကောင်လေးကို အနိုင်မရခြင်းကြောင့် အကိုလေးရဲ့အဆောင်ဆီသို့ ဝှီးချဲဘီးတို့ကို ဦးတည်လိုက်ရတော့သည်။
"အကိုလေးကငြင်းရင် မတွေ့ရဘူးနော်"
ထိုကောင်လေးမှာ အသာတကြည်ခေါင်းညိတ်ပြရှာသည်။ လိုချင်တာရသည့် ကလေးတစ်ယောက်လို ဖြူဖြူစင်စင်ပြုံးနေရှာသည်ကိုတွေ့တော့ ဇေယျာပါ လိုက်ပြုံးလိုက်မိသည်။
အသက်နှစ်ဆယ်လောက်ပဲရှိဦးမည့် ငယ်ရွယ်သေးသည့် ကလေးတစ်ယောက်ကို သူဘယ်လိုတောင် ရက်ရက်စက်စက်သတ်ဖို့ လုပ်ခဲ့မိတာလဲ လို့တွေးမိတော့ စိတ်မကောင်းဖြစ်မိသည်။ သို့သော် သူ့လုပ်ရပ်အတွက် ဇေယျာနောင်တတော့မရပေ။
အခန်းထဲသို့ ကိုဇေယျာဝင်သွားပြီးခဏအကြာ 'ဝင်ခဲ့'ဆိုသည့် စကားကိုပါ တပါတည်းသယ်ဆောင်လာရင်း သူ့အား အကို့အခန်းထဲထိ တွန်းပို့ပေးခဲ့ပြီး အခန်းပြင်သို့ ကိုဇေယျာ ပြန်ထွက်သွားသည်။
ညနေကတည်းက ညိုနေသည့်မိုးက ယခုဆိုလျှင် ခေါင်းမိုးပေါ်သို့ တစ်ဖျောက်နှစ်ဖျောက် သက်ဆင်းစပြုနေလေပြီ။ ခဏတာသည်းပြီးရင်တော့ တိတ်သွားတန်ကောင်းပါရဲ့။
အခန်းတစ်ခုလုံးတွင် ကုတင်ဘေးနှစ်ဖက်ဆီက မီးသီးလေးတွေသာ အလင်းရောင်အဖြစ်ရှိနေလေသည်။ အကိုက ညဘက်တွေဆို မီးဖွင့်ပြီးမအိပ်တတ်သလို လင်းထိန်နေရင်လည်း မနေတတ်ပေ။ ပြီးတော့ အကိုက အခန်းကို ရှင်းနေမှသဘောကျသည်။ အမြဲရှုပ်ပွနေတတ်သည့် သူ့အခန်းကိုလာတိုင်း အကိုက အမြဲဆူတတ်ခြင်းကြောင့် သူ့မှာ ထိုအကျင့်ဆိုးကြီးကို မနည်းဖျောက်ဖျက်ကာ ပြင်ဆင်ခဲ့ရသေးသည်။
အခန်းတစ်ခုလုံးကို စိတ်ကြိုက်ကြည့်ရှုပြီးမှ အကိုရှိရာသို့ အကြည့်ပို့လိုက်သည်။ ပန်းသီးတစ်လုံးကို အခွံခွာနေသည့် အကိုက ထုံးစံအတိုင်း သူ့ကိုကြည့်မနေပါ။ သူရောက်လာတာကို သိလျက်နဲ့တောင် မသိချင်ယောင်ဆောင်နေသည့် အကိုက တစ်ချိန်က သူ့ကိုအရိပ်တကြည့်ကြည့် ကြည့်နေခဲ့သူမှ ဟုတ်ပါ့မလားဟုတောင် သံသယဝင်မိသည်။
"ကျွန်တော်ခွာပေးရမလား"
အရဲစွန့်ကာ စကားစလိုက်သော်လည်း တုံ့ပြန်သံမလာ။ ပန်းသီးကိုသာ ဆက်ခွာနေလေသည်။ အခန်းထဲလည်း တိတ်ဆိတ်သံသာ ကြီးစိုးနေပြီး အကို့ရဲ့ ပန်းသီးအခွံခွာသံကိုပင် ကျယ်လောင်စွာ ကြားနေရသည်။ မိုးသံသည်လည်း တစ်ဖျောက်နှစ်ဖျောက်ထက် ပိုများလာလေပြီ။
အကိုက ဓားကိုင်မကျွမ်းပေ။ သူ့ကိုသစ်သီးလှီးကျွေးသည့် အခါတိုင်းလိုလိုမှာ လက်ကို အနည်းနှင့်အများ ထိခိုက်တတ်သည်။
သို့သော် ယခုတွင်တော့ အကိုက ကျွမ်းကျင်သူလို ပန်းသီးတစ်လုံးကို လှလှပပ အခွံခွာပြီး ခက်ရင်းနှင့်ထိုးစားဖို့ရန်အတွက် အစိတ်ငယ်လေးများဖြစ်အောင် စိတ်နေလေသည်။ ပြီးနောက် ပန်းသီးစိတ်များထည့်ထားသော ပန်းကန်ကို သူ့ဆီယူလာပြီး...
"ပန်းသီးဆိုတာ အခွံကိုခွာလိုက်မှ အပြင်ကအခွံအရောင်နဲ့ အထဲကအရောင်မတူမှန်းသိရတာ။ မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးလေးလေ"
ပန်းသီးပန်းကန်ကို မြှောက်ပြရင်း အကို့ထံမှ ပထမဆုံးအကြိမ် ထွက်အံကျလာသော စကားတို့၏ ဆိုလိုရင်းကို နားလည်အောင် ရှိုင်းထက်ကြိုးစားနေမိသည်။ သို့သော်လည်း စိတ်ရှည်ပုံမပေါ်တဲ့အကိုက သူ့အား စဉ်းစားစရာ မလိုအောင် ဆိုလိုရင်းကို ထုတ်ပြောပြလေတော့၏။
"ငါက မင်းကိုချစ်ခဲ့တယ်လို့များ ထင်နေတာလား ရှိုင်းထက်"
မျက်လုံးချင်းမဆုံနိုင်တော့သဖြင့် မျက်လွှာချလိုက်တော့ အကို့ရဲ့လက်က ဓားဒဏ်ရာ အကြီးအငယ်အစုံက သူ့အမြင်အာရုံထဲ ဝင်ရောက်လာလေသည်။ အကို့လက်က ဒဏ်ရာတွေက တမင်ဖန်တီးထားတာများလား...။ မယုံချင်ပေမယ့်လည်း ထိုအတွေးကသာ သူ့ခေါင်းထဲ ဦးစွာဝင်ရောက်လာသည်။
အကိုက ဂေဟာမှူးသမီးရဲ့ သူငယ်ချင်းဟူသော အကြောင်းပြချက်ဖြင့် သူ့ဆေးရုံစရိတ်ကိုလည်းပေးပြီး မီးလောင်မှုနဲ့ ပတ်သတ်သည်တို့ကိုလည်း ကိုယ်တိုင်ကိုယ်ကျ လိုက်ရှင်းပေးရင်းဖြင့် အလုပ်များခဲ့ရသည်။ သူ့ကိုလည်း သေချာဂရုစိုက်ပေးရင်း တိုက်ခန်းလည်း ငှားပေးကာ နေရေးထိုင်ရေးအတွက်ပါ အားလုံးပြင်ဆင်ပေးခဲ့သေးသည်။ အကို့လို ဥစ္စာပေါရုပ်ချောကို လိုချင်သူတွေ ဝိုင်းဝိုင်းလည်နေသော်လည်း အကိုက သူ့တစ်ယောက်တည်းကိုသာ ရွေးချယ်ခဲ့ခြင်းကြောင့် ရှိုင်းထက်အရမ်းပျော်ခဲ့ရသည်။
အခုတော့...
အစစအရာရာ လိုလေသေးမရှိအောင် ထားပေးခဲ့တာတွေက ဟန်ဆောင်ခဲ့တာတဲ့လား...
'ချစ်တယ်'လို့ တဖွဖွပြောခဲ့တာတွေက မုသားတွေတဲ့လား...
သူ့အနားကို ချဉ်းကပ်ခဲ့တာတွေနဲ့ သူ့အနားရှိခဲ့သမျှ ကာလပတ်လုံးက အလိမ်အညာတွေတဲ့လား...
မဖြစ်နိုင်ပေ...။
သူလက်မခံနိုင်သလို လက်ခံနိုင်စရာအကြောင်းလည်း မရှိ။ သူ့ရဲ့စနောက်သံတွေကြား ရယ်မောနေတဲ့ပုံရိပ်တွေက အတုအယောင်တွေမဟုတ်။
သူ'ချစ်လိုက်တာ'လို့ ရေရွတ်လိုက်တိုင်း ပြုံးကာရှက်သွားတဲ့ အမူအရာတွေက ဟန်ဆောင်ခြင်းများ ရောစပ်မနေ။
သူ့ကိုအမြဲကြည့်နေတတ်တဲ့ လေးနက်တဲ့မျက်ဝန်းတွေထဲမှာ အချစ်တွေပါတယ်ဆိုတာ သူအထင်မှားခြင်းမဟုတ်မှန်း ယုံကြည်သည်။
"မဟုတ်ဘူး အကိုညာနေတာ"
"ဟုတ်တယ် ငါအားလုံးညာခဲ့တာ လွန်ခဲ့တဲ့နှစ်လ မင်းအနားစရောက်လာကတည်းကပဲ"
"မဟုတ်ဘူး အဲ့နှစ်လကအစစ်အမှန်တွေ ၊ အခုစကားတွေကသာ အကိုညာနေတာ"
အကိုက ရှိုင်းထက်ပြောသော စကားတို့ကို အလိုမကျဟန် မျက်ခုံးနှစ်တန်းကို စုကျုံ့ကာ လက်ထဲကိုင်ထားသော ပန်းကန်ကို နံရံနှင့်မိတ်ဆက်ပေးလိုက်လေသည်။
ပန်းကန်နှင့်နံရံ ထိခတ်သွားသောအသံကျယ်ကြောင့် အခန်းပြင်တွင် ရပ်စောင့်နေသော ကိုဇေယျာက ဝင်လာဖို့ပြင်လိုက်သော်လည်း အကိုတားလိုက်ခြင်းကြောင့် အခန်းဝမှာပင် ရပ်နေလေသည်။ ထို့နောက်အကိုက သူ့အား ဒေါသတကြီး ကြည့်လာပြီးနောက်...
"နှင်းဆက်ကြောင့်သာ မဟုတ်ရင် မင်းကိုအဲ့နေ့က ငါသတ်ပစ်လိုက်တယ်"
"ကျွန်တော့်ကို အကိုချစ်တယ်မလား"
"ရှိုင်းထက်!!"
သူပြောလိုက်သော အဆက်အစပ်မရှိသည့် စကားတို့ကြောင့် ဒေါသထွက်စွာ သူ့ကော်လံစကို ဆွဲမလိုက်တော့ ဝှီးချဲက အနည်းငယ်ယိုင်သွားသော်လည်း လဲတော့လဲကျမသွား။
"ငါက မင်း ယောက်ဖတော်ရမယ့်သူ။ စကားကိုဆင်ခြင်ပြော ရှိုင်းထက် ။ စည်းကျော်မလာနဲ့"
စည်း...
ဟုတ်ပါရဲ့။ ဘယ်တုန်းကခြားသွားမှန်းမသိပေမယ့် ၊ ဘယ်လောက်ထိ ထုထည်ကြီးမားလဲ မသိပေမယ့် ၊ စည်းတစ်ခုက သူတို့ကြားမှာ လှလှပပ ခြားနားသွားခဲ့လေပြီ။
အကို့ရဲ့အသံတွေကို မကြားတစ်ချက်ကြားတစ်ချက် ဖြစ်တာက အတော်ဆူညံလှတဲ့ မိုးသံတစ်ဖျောက်နှစ်ဖျောက်ကြောင့်သာ ဖြစ်ပါလိမ့်မည်။ အကိုဆွဲမ,ထားခြင်းကြောင့် ခြေထောက်က အနည်းငယ်နာနိုင်ခြေ ရှိသော်လည်း အကိုက သူ့ကိုချစ်လွန်းသဖြင့်၊ သူနာကျင်မှာစိုး၍ လွန်ခဲ့တဲ့ရက်ပိုင်းလောက်က သူ့ခြေထောက်ရဲ့ ခံစားနိုင်စွမ်းတွေကို ဖြတ်တောက်ပေးခဲ့သည့်အတွက် ခြေထောက်က နာကျင်မှုကို သူမခံစားမိ။
သို့သော်လည်း ရင်ဘက်ထဲက နာသည်။ အကို့ရဲ့ စကားတွေက အသွားတုံးတဲ့ ဓားတစ်ချောင်းလိုပင်။ အသွားတုံးလို့ မနာဘူးထင်ရပေမယ့် 'ဓား'ဆိုတဲ့ ဂုဏ်ပုဒ်ကြောင့် နာကျင်ရပြန်သည်။
တခြားမိန်းကလေးတွေနဲ့ တွဲတွေ့မိရင် သူ့ကိုစိတ်ဆိုးပြီး နှစ်ရက်လောက်စကားမပြောတတ်တဲ့အကိုက အခုတော့ သူကိုယ်တိုင် တခြားမိန်းကလေးလက်ထဲကို ထည့်ပေးနေလေရဲ့။ ရှိုင်းထက်ဆိုတဲ့သူက အကိုတစ်ယောက်တည်းကိုပဲ ရူးမှန်းသိပါလျက်နဲ့ ပစ်ပစ်ခါခါ ခါချပစ်ရက်တယ်။
'ကိုယ့်ဖခင်ကို သတ်ခဲ့တဲ့ လူသတ်သမားရဲ့သားမှန်း သိပါလျက်နဲ့ အမှန်တကယ်ချစ်ခဲ့ပါသည်' လို့တော့ သူမပြောနိုင်ပေမယ့် သူ့အနားကို အကိုရောက်လာခြင်းက လက်စားချေဖို့ရန် သက်သက်ဆိုတာကိုလည်း သူလက်မခံနိုင်ပေ။ အဖြေတစ်ခုကို ရှာဖွေနေသော်လည်း အခုထိတိုင် မတွေ့သေး။ ဒီအတွက် နောက်ဆုံး ထုတ်သုံးလိုက်ရသည့် လက်နက်က...
"အကိုသတ်ချင်ရင် အခုဆိုလည်းနောက်မကျသေးပါဘူး"
အကိုက သူ့စကားကိုသဘောကျသွားဟန် ခပ်ဟဟရယ်လိုက်သည်။ ထိုရယ်သံကို မပီပြင်ဖို့ ခြောက်ကပ်နေဖို့ မျှော်လင့်ခဲ့သော်လည်း အကို့ရယ်သံတွေက အသက်ဝင်လွန်းနေသည်။ သို့သော်လည်း ရှိုင်းထက်တစ်ယောက်ကတော့ ခပ်တုံးတုံးခပ်အအ လူတစ်ယောက်လို 'အကို ဟန်ဆောင်ကောင်းလွန်းတာပါ'ဆိုပြီး ကိုယ့်ကိုယ်ကို လှည့်စားနေတုန်းပင်။
"ကောင်းပြီလေ"
စားပွဲပေါ်တင်ထားတဲ့ အခုနက ပန်းသီးလှီးတဲ့ ဓားလေးကို သွားယူကာ သူ့အနားပြန်ရောက်လာသည်။ လည်ပင်နားထိ တရိပ်ရိပ်တိုးကပ်လာသည့် ဓားတိုလေးက သူ့လည်ပင်းသားနဲ့ ထိတွေ့မိတဲ့အခါ ရှိုင်းထက်လှုပ်ရှားလို့မရတော့ပေ။ လှုပ်ရှားမိသည်နှင့် တအိအိစိမ့်ဝင်သွားမယ့် ဓားသွားက အဆင်သင့်။
"အကိုလေး!!"
အခန်းဝတွင်ရပ်နေသော ကိုဇေယျာ၏ သတိပေးခေါ်သံကို အကိုက လျစ်လျူရှုလိုက်ပုံပင်။ ဓားကိုနေရာမရွှေ့။ အကိုက စိတ်ပိုင်းဖြတ်ပြီးပြီ ထင်ပါရဲ့။ တစ်ခါဆုံးဖြတ်ချက်ချပြီးရင် မဖြစ်,ဖြစ်အောင် လုပ်တတ်သည့် အကို့စိတ်ကို သိသဖြင့် အလိုက်တသိပင် ရှိုင်းထက် ငြိမ်နေပေးလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူစလိုက်မိတဲ့ ဇာတ်လမ်းပဲလေ။
သူလက်လှမ်းမီသည့် နေရာက အကို့အင်္ကျီစကို ဆုတ်ကိုင်လိုက်ကာ လှုပ်မရသည့် အခြေအနေကြားမှ စကားတစ်ခွန်းကိုတော့ ရအောင် သူပြောလိုက်သည်။
"ကျွန်တော် သေရမှာကို နည်းနည်းတော့ ကြောက်မိပေမယ့် အခု အကိုအနားမှာရှိတော့ ကျွန်တော်မကြောက်တော့ဘူး"
စကားအဆုံးတွင် သူ့အသားနဲ့ထိစပ်နေတဲ့ ဓားတိုလေးက နေရာရွေ့သွားလေသည်။ အကို့အင်္ကျီကိုဆုတ်ကိုင်ထားတဲ့ သူ့လက်သည်လည်း ပိုမိုတင်းကြပ်သွားကာ မျက်လုံးတို့ကိုစုံမှိတ်ရင်း ကျရောက်လာမယ့် ဓားချက်တို့ကို ခံယူမိသည်။
သို့သော်လည်း... သူထင်သလိုဖြစ်မလာ။
"မင်းသွားတော့"
အလိုက်တသိပင် ကိုဇေယျာက သူ့ကိုလာခေါ်ပါသည်။ လူကသာ ဝှီးချဲနဲ့အတူ တရွေ့ရွေ့ ရွေ့သွားနေသော်လည်း စိတ်အစုံကတော့ အကို့ခြေရင်းနား ကျကျန်ခဲ့လေရဲ့။ မသေစေလိုသလား...အကို။
သူတို့နှစ်ယောက်လုံး အခန်းတံခါးနားအရောက် အပြင်သို့ထွက်ရန် အနည်းငယ်သာလိုတော့သည့် အချိန်အပိုင်းလေးအတွင်း အကို့ထံမှ စကားတစ်ခွန်းထွက်ပေါ်လာလေသည်။
"မင်း အသက်ရှင်ပြီး ချစ်ရသူ အနားမှာမရှိတဲ့ နာကျင်မှုကို ခံစားကြည့်လိုက်"
သူ့ထံ ဓားသွားမကျရောက်လာသည့် တခဏ အကိုက သူ့ကိုမသတ်ရက်ဘူးဟု ထင်ခဲ့မိသော်လည်း တကယ်က ထိုသို့မဟုတ်။ လောကမှာတစ်ဦးတည်းရှိသည့် ဖခင်ကိုဆုံးရှုံးလိုက်ရခြင်းနဲ့ ထပ်တူညီတဲ့ နာကျင်မှုကို ခံစားရနိုင်မယ့် ပြစ်ဒဏ်မျိုးကို ချမှတ်လိုက်ခြင်းသာ။