"ကြည့်ရင်းရင်ခုန်သံတွေ တိုးသထက်တိုး ××
မင်းရဲ့အလှကိုနားလည်ဖို့ ခက်လွန်းတယ်×××"
အသံသြရှရှနှင့်အတူ ဂီတာကြိုးသံ တဒင်ဒင်ကနောက်က ကပ်လျက်လိုက်ပါလျက်။
ဂီတာတီးကြည့်လိုက် စာသားစဥ်းစားလိုက် ရှေ့ကစာရွက်အဖြူပေါ် ချရေးလိုက်နှင့်
သက်ထင် တစ်ယောက်တည်း အလုပ်ရှုပ်နေသည်။ ဒီနေ့ခံစားချက်တွေ သိပ်ကောင်းနေတာမို့ သီချင်းစပ်လို့ အကောင်းဆုံးအချိန်ဟု တွေးမိသည်။
ကိုယ်သဘောကျတဲ့သူနဲ့ ရိုမန့်စ်အခြေအနေလေးဖန်တီးခွင့်ရလိုက်တဲ့ ပူပူနွေးနွေးခံစားချက်ကို ဖြည်းဖြည်းချင်းပြန်သွင်းပြီး သီချင်းရေးနေတာဖြစ်သည်။ ရောင်စဥ်နဲ့တွေ့တဲ့တစ်ဒင်္ဂလေးကို ပြန်တွေးကြည့်ပြီး ရင်ထဲကလာတဲ့စကားတွေကို သီချင်းတစ်ပုဒ်အဖြစ် ပြောင်းလဲကြည့်နေတာ။ သီချင်းပြီးသွားရင် ဒီသီချင်းနဲ့ ဖွင့်ပြောရမည်ဟုလည်း အကြံတစ်ခုရမိသည်။
ရောင်စဥ့်ရဲ့ ပျော်နေတဲ့မျက်နှာလေးဆိုတာ သူ့မှတ်ဉာဏ်ထဲကမထွက်။ မေးရိုးသွယ်သွယ်လေးနဲ့ အသားအရည်များဖြူဥလို့။ ငှက်ကလေးများပျံနေသလို ပန်းစီရောင်နှုတ်ခမ်းလေးများ ထောင့်တွန့်တက်သွား၍ ရယ်လျှင် သူ့နှလုံးသားတွေကြွေကျလောက်အောင် ချစ်ဖို့ကောင်းသည်။
သူ့ နတ်သမီးမျက်နှာလေးမှာဆိုရင်မျက်လုံးလေးက အဓိက။ ဟုတ်တယ် မျက်လုံးလေးက သိပ်ဆွဲဆောင်မှုရှိလွန်းတယ်။
"ညှို့အားပြင်းတဲ့ မင်းအကြည့်တွေရယ်"
"ဒင် ဒင်"
"ပါးလွှတဲ့ ပန်းရောင်နှုတ်ခမ်းလေးရယ်"
"ဒင် ဒင်"
"ကိုယ်ကျရှုံးခဲ့တဲ့ မင်းရဲ့အပြုံးရယ်××အားလုံးများ ပေါင်းစပ်ရင် ×××ကိုယ့်မှာ မရုန်းနိုင်ပြီကွယ်"
"ဒင် ဒင် ဒင်"
ရောင်စဥ့်မျက်နှာလေးကို ထပ်မြင်ယောင်ကြည့်လိုက်သည်။ ခြောက်ပစ်ကင်း သဲလဲစင် ရောင်စဥ့်ရဲ့အလှတွေကို ဖွဲ့ဆိုညွှန်းမလို့ မြင်ယောင်ကြည့်ရင်း အမြင်အာရုံထဲဝင်လာသည့် အားငယ်နေ
သည့်မျက်လုံးတစ်စုံ။
ဟင် ...ခဏ... ရောင်စဥ်ကအဲ့လိုမကြည့်တတ်ပါဘူး။ အူကြောင်ကြောင်အကြည့်တွေနဲ့ ကြောက်နေတဲ့မျက်လုံးတစ်စုံကို သူဘာလို့အမှတ်ရသွားတာလဲ။ တစ်ယောက်ယောက်ငါ့ကို အဲ့မျက်လုံးတွေနဲ့ ကြည့်ခဲ့ပါတယ်။ တန်းပြီးလူလုံးဖော်မရ။ ဘယ်သူပါလိမ့် ဘယ့်သူပါလိမ်။
"အာ...."
သက်ထင်မှတ်မိသွားပြီ။ ဟိုကောင်လေး။ သက်နှင်းနဲ့အတူပါလာတဲ့ ကုပ်ချောင်းချောင်းကောင်လေး။
လူကိုမြင်တာများ ခေါင်းကြီးငုံ့နေလိုက်တာ။ တခြားသူတွေဆို သူ့ကိူမြင်ရင် ငေး မော ပြီး အံ့ သြ လို့။ နေပါဦး သူကဘာလို့ငါ့ကိုကြောက်နေရတာလဲ။ ငါ့ကိုအဆိုတော်မှန်း မသိလို့လား။
ဖန် ဟုတ်တာမဟုတ်တာအသာထားပါ။
ဖန်မဟုတ်ရင်တောင် နာမည်ကြီးတစ်ယောက်နဲ့တွေ့ရင်အနည်းနဲ့အများ ကြည့်ချင်ကြတာပဲမလား။ သူကျမှဘာလို့ ခေါင်းကြီးငုံ့ထားရတာလဲ။
ပုံစံကိုက အူတိအူကြောင်နဲ့။
မျက်မှန်အထူကြီးနဲ့ သက်နှင်းထက်တောင်အသက်ကြီးနေပုံပေါက်နေသေး။ ခေါင်းငုံ့ထားလို့ မျက်နှာကိုတော့သေချာမမြင်လိုက်ရပေမယ့် ချွန်ထက်ပြီးစင်းနေတဲ့ နှာတံနဲ့ မျက်တောင်မည်းမည်းအရှည်ကြီးတွေဟာ ပုံတုံးတုံးမျက်မှန်နဲ့ဘယ်လိုမှမလိုက်။ လူကောင်ကသေးသေးလေးကို ဝတ်ထားတဲ့အဖြူအစိမ်းယူနီဖောင်းကလည်း ပွယောင်းယောင်း။ လူအိုလေးကျလို့။
သူ့ညီမကလည်းနော် ဘယ်လိုလူနဲ့သူငယ်ချင်းလုပ်နေတာပါလိမ့်။ အခန်းအပြင်မထွက်တတ်တဲ့ သူ့ညီမကရော ဒီကောင်လေးနဲ့နှစ်ယောက်တည်း အပြင်ထွက်စရာကိစ္စကရော ဘာရှိလဲ။
လူချင်းတွေ့မှ ပြောဖြစ်အောင်ပြောမည်ဟုတွေးထားလိုက်သည်။
သြော်... ကဲ... စိတ်တွေဘယ်ဆီရောက်ကုန်တာပါလိမ့်။ လူတစ်ယောက်ကိူခွဲခြမ်းစိတ်ဖြာပြီးတွေးနေလိုက်တာ ခုနကပဲ ဖြတ်လတ်နေပြီး ပေါပေါများများတွေးနေနိုင်တဲ့ ဦးနှောက်ကြီး အတွေးရထားကြီးဝင်လာတာနဲ့ ပြန်ဆက်ဖို့မနည်းကြိုးစားရပြီ။ အနှောက်တွေ အနှောက်တွေ။
"ဒေါက် ဒေါက် ဒေါက်"
ဂီတာတီးရန်ပြင်နေစဥ်မှာပင် စိတ်အနှောင့်အယှက်ဖြစ်စရာ တံခါးခေါက်သံပေါ်လာပြန်သည်။ သူဒီနေ့ ဘယ်နှစ်ကြောင်းများရပါ့မလဲ။
"ကျစ်"
"ဘယ်သူလဲ"
"အကိုရေ မာမီက ထမင်းလာစားတဲ့"
သူ့ညီမအသံ။ ခုနကပြောမယ်ဆိူတဲ့ကိစ္စလည်း ခေါင်းထဲ ခဏမေ့သွားပြီ။
ဒီအချိန် သူ့ခေါင်းထဲရှိနေတာ သီချင်းနဲ့ရောင်စဥ်။
"အေးလို့ ငါလာခဲ့မယ်"
ခဏကြာတော့ သက်ထင် အိမ်အောက်ဆင်းလာခဲ့သည်။ လေးချောင်းထောက် ကျွန်းစားပွဲနီညိုရောင်အဝိုင်းကြီးထက်တွင် ဟင်းပွဲတွေ စုံလင်နေသည်။ သူကလွဲ၍ မိသားစုတွေလည်း စုံနေကြပြီဖြစ်သည်။
"ရေချိုးတာကြာလိုက်တာ သားရယ်။ အအေးပက်နေမယ်"
"မကြာပါဘူး မာမီ။ ချိုးပြီးတာကြာပြီ။ အိမ်စာနည်းနည်းလုပ်နေလို့"
"အမယ် သီချင်းရေးနေတာမလား"
သူ့အကြောင်းသိနေသော ညီမဖြစ်သူက ဝင်ပြောလိုက်သည့်အတွက် အံသွားကိုက်ပြလိုက်လေသည်။ တကယ်လည်း သီချင်းရေးနေတာကိုး။ ဘာသီချင်းရေးနေသလဲဆိုတာပါသိရင် သိရသလောက်အကုန်ဖော်မည့် ညီမမျိုး။
"သားနော် နောက်နှစ်ဆိုပဲ ကျောင်းပြီးပြီ။ တက္ကသိုလ်တက်ရတော့မှာ အဲ့ကျမှ ကိုယ်လုပ်ချင်တာ အကုန်လုပ်။ ခုတော့ တက္ကသိုလ်အမှတ်မီဖို့ စာ ကြိုးစားဦး"
"အင်းပါ မာမီရယ်။ သူပြောတာယုံမနေနဲ့။ သားတကယ်စာလုပ်နေတာ"
ကျောင်းပြီးဖို့ လပိုင်းသာစောင့်ရတော့မည်။ ခုနှစ်ပြီးရင် ပြီးပြီ။ တက္ကသိုလ်ကျောင်းသားဘဝကိုရောက်တော့မည်။ ထိုအခါကျမှ အနုပညာအလုပ် ဇောက်ချလုပ်မည်ဟု ဆုံးဖြတ်ထားခဲ့သော်လည်း မနေနိုင်လွန်း၍ အထက်တန်းလောက်ကတည်းက အဆိုတော်စလုပ်ဖြစ်သည်။
အဆိုနဲ့ပတ်သတ်လို့ ကိုယ့်မှာဘာနာမည်မှမရှိခဲ့ဘူး။ ပွဲတွေလည်းဝင်မပြိုင်သလို ဆယ်လီလည်းမဟုတ်ခဲ့။ ခုနာမည်ရလာတာကလည်း ဒီမိသားစုအသိုင်းအဝိုင်းရဲ့ သားဆိုတာကြီးကို ယူသုံးခဲ့တာမျိုးကြောင့် မဟုတ်။ သီချင်းဆိုချင်တယ် စီးရီးထုတ်ပေးဆိုပြီး ချက်ချင်းပြောလည်းပြော အဖေတို့ဘက်ကလည်း တန်းထုတ်ပေးခဲ့တာကနေ အနုပညာလောကထဲစဝင်ဖြစ်ခဲ့တာ။
ဘာနာမည်မှမရှိပေမယ့် Khant Entertainment ကထွက်လာမယ့် အဆိုတော်သစ်ရဲ့ သီချင်းသစ်ဆိုတော့ အနည်းနဲ့အများကတော့ အာရုံစူးစိုက်ခံရပြီ။ အဲ့အချိန်ကျမှ မိဘရဲ့အရှိန်အဝါကိုအသင့်ယူဖြစ်ခဲ့တာ။
သို့ပေမယ့်လည်း မိဘက Impact ကြီးပေမယ့် သားကအဖြစ်မရှိရင် ဘယ်လိုမှတိုးပေါက်မှာမဟုတ်ဘူးလေ။ မိဘကမြှောက်ပေးန်ုင်သလောက်မြှောက်ပေးနိုင်ပေမယ့် ကိုယ်ကမခုန်နိုင်ရင် အချည်းနှီးပဲ။ ထို့ကြောင့် သက်ထင်ကြိုးစားခဲ့ရပါသည်။ ဂီတဘက်တွင်ပါရမီပါသူမို့ မိဘရဲ့အခန့်သားမြေတောင်မြှောက်ပေးလိုက်တာနဲ့အညီ ကိုယ်ကလည်း စပရင်ပေါ်တက်ခုန်မိလိုက်သလို ကိုယ့်ထူးကိုယ်ချွန်အမြင့်ရောက်ခဲ့သည်။ ဒါ့ကြောင့်လည်း သက်ထင်ကို Khant Entertainment ရဲ့သားမို့ ပေါက်နေတာပါဆိုတဲ့စကားတွေထပ် အဆိုတော်သက်မင်းခန့်ထင်မို့လို့ကို ပေါက်တာပါဆိုသည့် စကားတွေသာများခဲ့ပါသည်။ ဒါသူ့ရဲ့ကြိုးစားမှုပင်။
ထမင်းဝိုင်းတွင်း ဇွန်းသံခရင်းသံများ ပုံမှန်ထွက်နေသည်။ စားပွဲပေါ်တွင် ကြက်သားဆီပြန် ငါးခူချက် ခရမ်းချဥ်သီးငါးပိချက် ချဥ်ပေါင်ရွက်ချဥ်ဟင်း ကြက်ဥမွှေကြော် စသဖြင့် ဟင်းအမယ်တင်သုံးမျိုးကျော်နှင့် ခွက်တွေများလှသည်။
"ဒယ်ဒီ။ ဒီနေ့ ရောင်စဥ်လှိုင်းကို ဒယ်ဒီတို့ ပန်းစည်းပေးခိုင်းသေးလား"
ညီမဖြစ်သူ၏ ရုတ်တရက်မေးခွန်းကြောင့် သက်ထင်စားနေရင်နဲ့ကို သီးတော့မလို့။ ဘာလို့ ထမေးချတာပါလိမ့်။
"ရောင်စဥ်လှိုင်းဆိုတာက သားရဲ့ပထမဆုံးသီချင်းထဲကကောင်မလေးမလား"
"ဟုတ်တယ် ဒယ်ဒီ"
"ဟင့်အင်း သမီး ဘာဖြစ်လို့"
"သြော်...."
သြော်ဟုဆိုတာ မေးကိုတစောင်းရွဲ့၍ သက်ထင်ကိုမျက်စလှမ်းပစ်ပြသည်။ ဆန်းဆန်းတင့်ပြီး အရမ်းတွေအကြီးကြီးလုပ်ပြချင်သည့် အစ်ကို့ကို အမေတို့ရှေ့ Clone လေးထည့်ပေးလိုက်ဦးမှ။
"ရောင်စဥ့်ဆီကို ဒယ်ဒီ့တို့နာမည်နဲ့ ပန်းစည်းတစ်စီးရောက်လာလို့"
သက်နှင်းကမျက်နှာတည်ကြီးနဲ့ပြောသည်။
သက်ထင်ကတော့ ဖော်ကောင်ညီမကြောင့် မျက်နှာအောက် ငုံ့နေရလေသည်။ သူကိုယ်တိုင်ပန်းစည်းမပေးရဲလို့ ဒယ်ဒီ့နာမည်နဲ့သွားပေးတာကို။ သူပန်းစည်းပေးနေတဲ့အချိန် သင်းက ဟိုမနူးမနပ်ကောင်လေးနဲ့ အပြင်ရောက်နေတဲ့အချိန်မို့ အကုန်မမြင်လိုက်၍တော်သေးသည်။ အကုန်သာမြင်လိုက်ရင် အကုန်ပြန်ပြောပြမည့်ပုံ။
သက်နှင်းကသာ ရွဲ့စောင်းပြောနေတာ အဖေဖြစ်သူ ဦးအံမော်ခန့်ထင်က သဘောပင်ပေါက်ဟန်မရှိ။ မျက်ခုံးတစ်ဖက်မြင့်တက်သွားကာအံသြဟန်ပြသည်။
"ဟုတ်လား ဒယ်ဒီမပေးမိပါဘူး ဘာအကြောင်းရှိလို့"
"အဲ့ကောင်မလေးရဲ့ပထမဆုံးရုပ်ရှင်ကား
ရုံအပြည့်ပေါက်လို့တဲ့။ ဒယ်ဒီမပေးဘူးလေ ဒယ်ဒီ့သားပေါက်လေးပေးတာ"
"ဟဲ့ သက်နှင်း တော်တော့"
ထိုအခါမှ ဦးအံ့မော်ပြုံးစိစိဖြစ်လာသည်။ သူ့သမီးရဲ့ဆိုလိုရင်းကိူနားလည်လိုက်ပြီ။
သားကြီးရဲ့မလိမ့်တစ်ပတ်အကြောင်းကိုဖော်နေတာဆိုတာ။
"သြော် ဒယ်ဒီသဘောပေါက်ပြီ"
"သားက ဂုဏ်ပြုသင့်တယ်ထင်လို့ ပေးတာပါ။ တခြားဘာသဘောမှ မပါပါဘူး"
"ဒယ်ဒီကဘာမှမပြောမိသေးပါဘူးကွာ။ ခုတော့ မပါပေမဲ့ နောက်တော့ပါလာမှာပေါ့ကွာ ဟားဟား"
"ဟာဗျာ"
ဒယ်ဒီက လူကြီးသံအပြည့်ဖြင့်အသံလွင်လွင်ရယ်လေသည်။ သက်ထင်လည်း ရှက်သလို့ဖြစ်မိပေမယ့် ဒယ်ဒီတို့က မတား၍စိတ်သက်သာရာရမိသည်။ ပြောသာပြောရတာ သက်ထင်နဲ့ရောင်စဥ်က တားရမယ့် အဆင့်တစ်ခုလေးတောင် ရောက်သေးတာမဟုတ်။ ဒါပေမယ့်လည်း နောက်ကျဖွင့်ပြောမှာပဲ။ သက်ထင်နဲ့ရောင်စဥ်တိူ့ ချစ်သူတွေဖြစ်ကိုဖြစ်လာကြဦးမှာပါ။ သူချစ်ကိုယ်ချစ်နှစ်ယောက် ပေါင်းကိုပေါင်းရမှာလို့ သက်ထင်ကတော့အသေအချာကိူတွက်လိုက်ပြီးသား။
"မာမီတို့က သားတို့အချစ်ရေးကို ဘာမှဝင်မတားဘူးနော်။ ကိုယ့်ဘာသာမှန်ကန်အောင်ရွေးခြယ်ကြ။ သူများသားသမီး သွားလည်းမပွေနဲ့။ သစ္စာရှိကြ။ အချိန်တန် တကယ်ချစ်တဲ့သူနဲ့ပေါင်းရတဲ့အခါကျ မတော်တဆအိမ်ထောင်ရေးမှာ ကိုယ့်အတိတ်ကပွေခဲ့တာတွေက ဆူးတစ်ခုဖြစ်လာလိမ့်မယ်"
မာမီက မျက်နှာတည်တည်နှင့် နှစ်ယောက်သောသားသမီးတွေကို ဆုံးမလေသည်။ သားတွေသမီးတွေကလည်း အကွပ်မဲ့ကြမ်း ပရမ်းပတာမျိုးမ
ဟုတ်ကြပါဘူး။
သိတဲ့အတိုင်း အနုပညာလမ်းကိုလျှောက်နေကြတဲ့ လူသိများတဲ့သူဆိုတော့ တစ်ယောက်ယောက်ရဲ့ အပိုင်ဖမ်းခံလိုက်ရမှာကို ဒေါ်သစ္စာနှင်း ကြောက်တာပါ။ ကိုယ့်သားတွေသမီးတွေက ပွေဖို့နေနေသာသာ အသားချင်းထိပြီးဖက်လှဲတကင်းမျိုးတောင် ရှိကြတဲ့သူတွေမဟုတ်။
ဒါပေမယ့်လည်း အပျော်နောက်လိုက်ရင်း တစ်ညတစ်လေမှားတာကနေ ခြေချုပ်မိကုန်မှာစိုးလိူ့။ သားရေးသမီးရေးဆိုတာနဲ့ မျက်စိတစိဆုံးတွေးတတ်တာလည်း ဒေါ်သစ္စာရဲ့အကျင့်ပင်။
"ဆူးဆိုတာ ပေါ့သေးသေးလေးဆိူပြီး ပေါ့ဖို့တော့မစဥ်းစားနဲ့နော်။ ဆူးစူးပြီးအနာရင်း သေသွားတဲ့သူတွေမှအများကြီး"
"ကဲပါ အမျိုးသမီးလေးရယ် စားသောက်နေတာကို ဥပမာကြီးက မျိုမကျတော့ဘူး"
"ဟားဟား"
ဒယ်ဒီထပြောလိုက်သည့်စကားကို လေးယောက်စလုံးမရယ်ပဲမနေနိုင်ကြ။ အဲ့လိုပင်။ ဆုံးမမယ် ပြီးရင်ရယ်စရာလေးနှင့်ပင်အဆုံးသတ်သွားတာမျိုး။ မာမီရဲ့စကားတွေကလည်း တကယ်ကိုရင်ထဲရောက်စရာပါ။ သက်ထင်တို့အတွက် သတိပေးချက်တစ်ခုကိုအမှတ်ရအောင်ထပ်လှုံ့ဆော်ပေးလိုက်သလိုမျိုး။
ဟုတ်တယ် မာမီပြောသလိုပဲ။ ပွေတာရှုပ်တာမကောင်းဘူး။ "လူ့ဘဝကိုခက်ခက်ခဲခဲရလာတာ တစ်ယောက်တည်းကြီးကိုပဲ ချစ်နေရမှာမတန်လိုက်တာ" "သစ်တစ်ပင်အတွက်နဲ့ သစ်တောတစ်တောလုံးကို လဲလိုက်ရမှာတန်လို့လား" ဆိုတာတွေက အချစ်စစ်နဲ့မတွေ့ဖူးတဲ့သူတွေပြောတာ။
တစ်ကယ်ချစ်မိသွားတဲ့အခါကျ အဲ့အရှုပ်အယှက်တစ်ပွေ့တစ်ပိုက်ကြီးကပဲ ကိုယ့်ကိုပြန်ဒုက္ခပေးမှာကြည့်နေ။
သံသယဆိုတာ အသံတိတ်လက်နက်ပဲ။
သက်ထင်တော့ ငါပွေခဲ့လေခြင်းဆိူပြီး နောင်တတသီကြီးနဲ့ အဖြစ်မျိုးမဖြစ်ချင်။ ဒါကြောင့်သက်ထင်ဆုံးဖြတ်လိုက်သည်။ သက်ထင်ရဲ့ပထမဆုံးနဲ့နောက်ဆုံး တစ်ဦးတည်းသောသူက ရောင်စဥ်ပဲဖြစ်နေရမယ်ဟူ၍။
..........
"ဟင်"
လိုင်းဖွင့်လိုက်တာနဲ့ Newfeed မှာမြင်လိုက်ရ
သည့် ပုံနဲ့စာက နှလုံးတစ်ခုလုံးကိုအညှာကဆွဲလှုပ်လိုက်သလိုမျိုး။ မက်ဆင်ဂျာက စာပို့ထားတဲ့ "တင်"အသံတွေကလည်း တော်တော်နဲ့မစဲ။
We love Yaungsin Hlaing ဂရုထဲဆို ဖန်တွေအများကြီးပို့ကြပေမယ့် နိုတီအော့ဖ်ထားပြီးသား။ ရောင်စဥ်ကဖန်တွေကိုပစ်ပယ်ရာလည်းမရောက်အောင် တစ်ခါတစ်ခါမှဝင်ကြည့်တာ။ လူတွေအများကြီးရှိတဲ့ဂရုထဲမှာ စာတွေအကုန်လုံးကို ဘယ်ဖတ်နိုင်ပါ့မလဲ။ ဒါကြောင့်လည်းအော့ဖ်ထားခြင်းပင်။ ဒါဆို ခုမြည်နေတဲ့အသံတွေကရော။ ဘယ်သူတွေဘာပို့နေကြတာလဲ။ ပို့ထားတဲ့စာတွေကိူမကြည့်အားသေး မျက်စိရှေ့က စာလုံးနှစ်လုံးကိုသာအာရုံရောက်နေသည်။
"Super Romance"တဲ့။ ပုံကလည်း အတန်းနောက်ကရိုက်ထားတဲ့ပုံ။ ကြည်တောက်ရှင်းနေတာပဲ။ ရောင်စဥ်တိူ့အတန်းထဲက ကောင်မလေးတစ်ယောက်တင်ထားတာ။
အို...။ ရှဲထားလိုက်ကြတာ။ React တွေဆိုတာ 43K ကျော်နေပြီ။ တင်ထားတာမှ ၃နာရီကျော်ကျော်ရှိသေး။ ကွန်မန့်တွေမှာလည်း
"အသည်းကွဲပါပြီ ကိုသက်ထင်ရယ်"
"မီးတို့သဘောတူဘူး"
"ငါလည်းမြင်ရတာ ခုထိရင်အတုန်မပျောက်ဘူးဟေ့"
"ဟယ် သူတို့တကယ်ကြီးတွဲနေကြတာလား"
"ကိုသက်ထင်ဖန်အဖြစ်မှ ထွက်ပြီဟေ့"
စသဖြင့် အများကြီးအများကြီး။
ရောင်စဥ်နဲ့ပတ်သတ်တာတွေကျတော့လည်း ရောင်စဥ့်ကိုနှမြောလို့ဆိုတဲ့ယောက်ျားလေးမန့်တွေကိုပေါရော။ သဘောတူလိုက်တာဆိုတဲ့မှတ်ချက်တောင်မတွေ့မိသလိုပဲ။
ပန်းစည်းပေးတဲ့ကိစ္စက ခုလောက်ထိကိစ္စကြီးသွားလိမ့်မယ်လို့ထင်မထားဘူး။ မကောင်းတဲ့ကိစ္စလည်းမဟုတ်သလို ကောင်းတဲ့ကိစ္စလည်းမဟုတ်။
ဟင်... အောက်နည်းနည်းဆက်ဆွဲကြည့်တော့ မီဒီယာပေ့ချ်တွေကနေတင်ထားကြပြီ။ လာပြန်ပြီ နောက်ပေ့ချ်တစ်ခု။ Caption မျိုးစုံနဲ့ ရောင်စဥ်တို့နှစ်ယောက်ကို တွဲပေးထားလိုက်ကြတာ။
ရောင်စဥ်တို့သာ တကယ့်သမီးရည်းစားတွေဆိုရင် တင်ခံရတာနေသာသေးသည်။ ခုဟာက ဘာမှမှမဟုတ်ကြသေးတာ။ ပြီးတော့ ကွန်မန့်တွေကိုကြည့်ပါဦး။ နှစ်ဦးနှစ်ဖက်ပရိတ်သတ်လျော့မယ့်ကိန်းဖြစ်နေပြီ။
ကိုသက်ထင်နဲ့ရောင်စဥ်တို့များ တကယ်တွဲခဲ့ရင် ပရိတ်သတ်တွေဘယ်လိုမြင် ကြမလဲဆိူတဲ့အဖြေပါတစ်ခါတည်းရသွားလေပြီ။
ဟင် မေ့နေလိုက်တာ။ ဘာလို့အရေးကြီးတဲ့သူတွေကိုမေ့နေမိတာပါလိမ့်။ ဒယ်ဒီနဲ့မာမီ။ သွားပြီ။ ခုမနက်ကမှ ကိုယ့်ကိုယ်ကိုယ်ထိန်းနိုင်ကြောင်း အာမခံထားတာ။ ညနေကျခူလိုသတင်းထွက်လာတော့ ဒယ်ဒီတို့စီစဥ်သမျှ ရောင်စဥ်လိုက်လုပ်ရတော့မှာ။
ကုတင်ဘေးက ပါကေးခင်းပေါ် ခြေပစ်လက်ပစ်ထိုင်ချမိလိုက်တော့သည်။ ရပ်နေနိုင်စွမ်းလည်းမရှိ။
ခုဘာလုပ်ရမလဲ။ ရောင်စဥ်ဘာလုပ်ရမလဲ။
ခေါင်းထဲထူပူနေပြီးဘာမှစဥ်းစားလို့မရ။ ခုလောက်ဆိူ ဒယ်ဒီတ်ု့သိပြီးလောက်ရောပေါ့။ သူတို့ဖြစ်စေချင်တဲ့အတိုင်း ဖြစ်တော့မှာမို့လို့ ပျော်နေမှာပေါ့။
"တူ တူ"
ဖုန်းသံကိုပင် ရောင်စဥ့်မှာရင်တုန်းပန်းတုန်းဖြစ်ရသည်။ ဟင် ကိုသက်ထင်ဆီက။ ဟုတ်တယ် သူလည်းသိပြီးရောပေါ့။ သူနဲ့နှစ်ယောက်တိုင်ပင်ပြီး အဖြေရှာရတာပေါ့။
"ဟယ်လို ကိုသက်ထင်"
ရောင်စဥ့်သံသည် အဖျားလေးလှိုက်တုန်သွားလေသည်။ ဒီချိန်မှာ ဒီဖုန်းခေါ်ကတည်းက ဒီကိစ္စကိုပြောဖို့ပဲပေါ့။
"အင်း ရောင်စဥ် အဆင်ပြေရဲ့လား"
တစ်ဖက်လူ၏အသံသည် တိတ်ဆိတ်လွန်းနေသည်။ အားနာနာနဲ့ တောင်းပန်ချင်လို့ အရဲစွန့်ပြမေးလိုက်တဲ့လေသံမျိုး။ ရောင်စဥ်စိတ်မဆိုးပါဘူး။ အစ်ကိုလာပေးတုန်းက ရောင်စဥ်ကိုယ်တိုင်ပျော်နေခဲ့တာပဲ။ ခုဟာကအခန့်မသင့်လို့ပါ။ မီးဆိူတာကလေ သေးလိူ့မတားတော့ပါဘူးလုပ်ကာမှ ထလောင်တတ်တဲ့အမျိုး။
"ပြေ ပြေပါတယ် အစ်ကို။ ရောင်စဥ်တို့ဘယ်လိုလုပ်ကြမလဲ"
"ရောင်စဥ် ဘယ်လိုလုပ်ချင်လဲ။ ဒါမှမဟုတ် အစ်ကိုတိူ့တကယ်....."
"ရောင်စဥ်ငြင်းမယ် အစ်ကို"
အို....ငါ အစ်ကို့ကို့ကိူငြင်းလိုက်မိတာလား။
"အစ်ကိုတို့တစ်ကယ်တွဲကြမယ်"လို့များ ပြောမလို့လား။ သူပြောမပြီးခင် ကိုယ်ကနှုတ်အရင်ကျွံခဲ့ပြီ။ ကိုသက်ထင်ဘက်ကဖွင့်ပြောနေပါလားလို့ ရင်ခုန်နေရမယ့်အချိန် ကိုယ့်အပူနဲ့ကိုယ်လောင်နေခဲ့ပြီ။ နှစ်ခါမကြုံနိုင်တဲ့အခွင့်အရေးကို ရောင်စဥ်လက်လွှတ်လိုက်ရပြီထင်သည်။
ရောင်စဥ်ငြင်းရခြင်းဟာလည်း ဒယ်ဒီတို့ကို ရောင်စဥ်ရိုးသားကြောင်းသက်သေထူခြင်းလို့သာပင်။ မဟုတ်မှ ကိုသက်ထင်က သူ့ကိူမချစ်နိုင်ဘူးလို့ ထင်သွားပြီလား။ ဒီလိုကျတော့လည်း ရောင်စဥ်တို့ပြန်ရှင်းပြရန်လုပ်ရပြန်သည်။
"ဟို ရောင်စဥ်ပြောတာကလေ နှစ်ယောက်လုံး
ဘက်ကို ထိမှာစိုးလို့ပါ။ ခုတောင် ဖန်တွေက နှစ်ယောက်လုံးကိုပြောနေကြလို့ ခုချိန်မှာငြင်းလိုက်တာကောင်းမယ်ထင်လို့"
သေစမ်း။ အမှားမှားအယွင်းယွင်းနဲ့ ထွက်ကုန်တဲ့စကားတွေမှာ ရောင်စဥ့်စိတ်ထဲကအကြောင်းတွေပါကုန်ပြီ။ ခုချိန်ငြင်းလိုက်တာကောင်းမယ်တဲ့။ နောက်ကျမငြင်းဘူးဆိုတဲ့သဘောပေါ့လေ။ နောက်ကျမငြင်းရအောင် ကိုယ်တွေကဘာတွေဖြစ်နေလို့လဲ။ ဒီကောင်မလေးစိတ်ထဲမှာ ငါ့ကိုအပိုင်တွက်ထားတာလားလို့များ ထင်သွားရင်ဒုက္ခ။
"အင်းပါ အစ်ကိုလည်းအဲ့လိုတွေးမိတယ်။ ဒါဆို အစ်ကိုတို့တစ်ခုခုဖြေရှင်းချက်ထုတ်ကြမယ်လေ"
"ဟုတ် ရောင်စဥ်စာစီလိုက်ပါ့မယ်။ ရောင်စဥ်ပြောတာကို တစ်မျိုးမထင်ပါနဲ့နော်"
"ဟုတ်ပါပြီဗျာ ဘိုင့်နော်"
"ဟုတ်"
ဖုန်းချသွားသည်နှင့် ရင်ဘတ်ထဲကတစ်နေရာမှာ ကျင်ပြီးကျန်ခဲ့သည်။ စတောင်မစရသေးတဲ့ဆက်ဆံရေးတစ်ခုက မစခင်တည်းက ပျက်ခဲ့ချေပြီ။ ရင်ခုန်သံမှန်ရင် အချစ်စစ်မှန်ရင် အစ်ကိုကထပ်ကြိုးစားမှာပါ။ ဒါပေမယ့် တစ်ခါငြင်းခံထားရဖူးလို့ ထပ်မကြိုးစားတော့ရင်ရော။ ကြားထဲ အစ်ကိုက ငါမဟုတ်ဘဲတခြားသူတစ်ယောက်ထပ်တွေ့သွားရင်ရော ငါကျန်ခဲ့တော့မှာလား။
ရင်တွေတုန်လိုက်တာ။
ကုတင်ပေါ်ကဖုန်မွေ့ယာပေါ်သို့ပြောင်းထိုင်လိုက်ရင်ပဲ မှန်တင်ခုံထဲက ကိုယ့်မျက်နှာလေးကိုမြင်လိုက်ရသည်။
ရောင်စဥ်လှိုင်းမပီသလိုက်တာ ရောင်စဥ်ရယ်။
နင်တုန်လှုပ်နေလိုက်တာ။ ဆံပင်တွေပွစာကြဲနေပြီး အပူတွေသယ်ထားရတဲ့အပူသည်ရုပ်ကြီးပေါက်နေလိုက်တာ။ မနက်က မာမီတို့ကိုပြန်ပြောခဲ့တဲ့စကားတွေကို နင်ရှက်တတ်ရင်လဲသေလိုက်စမ်း ရောင်စဥ်လှိုင်း။
ဒါမျိုးတွေက ကြုံရမှာပါ ကြုံကိုကြုံမှာပါဆိုတာကို သိရဲ့သားနဲ့၊ ကြုံလာတဲ့အခါကျ မတုန်မလှုပ်သွေးပွက်မနေဘဲနဲ့ သွေးအေးအေးဖြေရှင်းရမယ်ဆိုတာကိုလည်း သိရဲ့သားနဲ့ နင်ဗျာတွေများနေလိုက်တာ။ စကားတွေလည်း အမှားတွေပါ၊ အတွေးပေါင်းသောင်းခြောက်ထောင်တွေးပြီး နင့်စိတ်နင်ပြန်နှိပ်စက်နေလိုက်တာ။ ဒါနင့်ပုံစံမှမဟုတ်ဘဲ။
လူတွေကနင့်ကိုအချေမင်းသမီးတဲ့။ ရင့်ကျက်တဲ့မင်းသမီးပေါက်စတဲ့။ မာချင်ယောင်ဆောင်နေပြ တကယ်တမ်း အပ်ချည်ကြိုးလေးလို ပျော့ဖတ်နေတာကိုမြင်ရင် နင့်ကိုဝိုင်းလှောင်ကြမှာပေါ့။
ခုမှအစပဲရှိသေးတာ။
အနုပညာလမ်းကိုစတက်ရုံရှိသေးတာ။ တွန်းချတဲ့လက်တွေကြောင့်ကျသွားရမှာမဟုတ်ဘဲ အဲ့ဒီ့လက်တွေကို နင်းတက်နေရမှာ။
ပြန်ထိန်းစမ်း စိတ်တွေပြန်ထိန်းစမ်း။ အသိတွေပြန်ကပ်စမ်း။ ခေါင်းအေးအေးနဲ့စဥ်းစားစမ်း။ ဘာလုပ်ရမလဲဆိုတာ။ အနုပညာနဲ့ချစ်ရသူမှာ အနုပညာလမ်းကိုရွေးခြယ်မှာလား။ ချစ်ရသူကိုရွေးခြယ်မှာလားဆိုတာကို။
ရောင်စဥ်ဘယ်နှစ်ခါတွေးတွေး အဖြေကတစ်မျိုးတည်းပင်။
ကိုသက်ထင်ရယ်။ ရောင်စဥ်အကို့ကိုချစ်တာမှန်ပါတယ်။ ဒါပေမယ့် အကို့ကိုခုချိန်မှာဦးစားမပေးသင့်တဲ့ အကြောင်းတွေ ရောင်စဥ့်မှာအများကြီးပဲ။
တစ်။ ရောင်စဥ်တို့နှစ်ယောက်လုံး အရွယ်မရောက်သေးဘူး။
နှစ်။ ရောင်စဥ်တို့ကိုယ့်ခြေထောက်အပေါ်ကိုယ်ရပ်နိုင်တဲ့အချိန်မရောက်သေးဘူး။
သုံး။ အနုပညာလမ်းမှာ နေရာတစ်ခုမြဲဖို့က အရင်ကြိုးစားကြရဦးမယ်။
ဒါကြောင့် အစ်ကို့ကို ရောင်စဥ်မရွေးခြယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။
ရောင်စဥ်အစ်ကို့အချစ်ကိုယုံတယ်။ ဖွင့်မပြောပေမယ့် ခံစားချက်တွေကိုမြင်နေရတာမို့ အကြွင်းမဲ့ယုံတယ်။ နှစ်တွေကြာလည်း အစ်ကိုရောင်စဥ့်ကိုချစ်နေဦးမယ်လို့ထင်တယ်။ အစ်ကိုသာ နောက်တစ်ခါဖွင့်ပြောဖြစ်အောင် ပြောပါနော်။ အဲ့အခါကျရင် အစ်ကိုလိုချင်တဲ့အဖြေ အစ်ကိုဖြေစေချငိတဲ့အဖြေ၊ ရောင်စဥ်ပေးချင်ခဲ့တဲ့အဖြေကို အစ်ကိုကိုပေးပါ့မယ်။
ခိုင်မာသညိ့ဆုံးဖြတ်ချကိနှင့်အတူ ဖုန်းကိုဖွင့်၍ စာရိုက်နေလိုက်သည်။ "တက် တက်" ဟူ၍ ခဏအကြာတွင် ပိုစ့်တစ်ခုတက်သွားခဲ့လေပြီ။
ကွန်မန့်တွေမှာဘယ်လိုတွေဝင်ရေးကြမလဲမသိရဲသေးတာမို့ တင်ပြီးပြီးချင် လိုင်းပြန်ပိတ်လိုက်သည်။ ဖုန်းပါပိတ်ထားလိုက်တော့သည်။
ဒီနေ့ နားပါရစေတော့....။
"သမီးရေ ဒယ်ဒီကအောက်ဆင်းခဲ့ဦးတဲ့"
အခန်းပြင်ကမေမေ့အသံကြောင့် ငယ်ထိပ် သွေးစောင့်တက်သလို ဒိန်းခနဲ။
.........
#Thurein