လူတစ်ယောက်ကို အချိန်ခဏလေးအတွင်းမှာ ချစ်နိုင်ပါသလား။
ဒီမေးခွန်းဟာ ရှိုင်းထက်အတွက်တော့ ခေါင်းညိတ်ရုံမှတစ်ပါး တခြားအဖြေမရှိသည့် မေးခွန်းပင်။ မန်ကျည်းတစ်ပွင့်ကြွေချိန်အတွင်းမှာလည်း ချစ်သွားနိုင်သလို မိုးတစ်စက်ဝေချိန်အတွင်းမှာလည်း ချစ်သွားနိုင်၏။ စက္ကန့်ပိုင်းလေးအတွင်းမှာလည်း ချစ်သွားနိုင်သလို နှစ်လဆိုတဲ့ အချိန်လေးအတွင်းမှာလည်း ဘဝကြီးဖြစ်သွားနိုင်သည်။
အချစ်ကို ကဗျာဆန်ဆန်ရေးဖွဲ့၊ပြောတတ်ကြသူတွေကို အရင်က အပိုတွေချဲ့ထွင်ရေးတယ် ထင်ခဲ့သော်လည်း 'မယုံဘူး ကြုံဖူးမှသိ'ဆိုတဲ့စကားက ရှိုင်းထက်ဆီ ချိန်ရွယ်ပြီးပစ်လိုက်သော ခဲတစ်လုံးလို လာမှန်ကာမှ နားလည်ရလေပြီ။
အချစ်ဆိုတာ ကာရံညီတဲ့ကဗျာတစ်ပုဒ်...။
အချစ်ဆိုတာ ကာရံညီတဲ့ကဗျာတစ်ပုဒ်...။
ရင်ထဲမှာ အထပ်ထပ်ရေရွတ်ရင်း အကြင်သူ့အတွက် ကဗျာတစ်ချို့ရေးဖွဲ့လိုက်သည်။ အကြင်သူမသိသော်ငြား နှလုံးသားထဲမှာတော့ ပဲ့တင်ထပ်နေပါ၏။
လေတစ်ချက်အဝေ့မှာ တစ်ချက်လွင့်သွားသော ဆံနွယ်ပင်လေးတွေမှာ ရှိုင်းထက်၏စိတ်အစုံ အခြေတည်သည်။ စာအုပ်ကို စိတ်ဝင်တစားကြည့်နေသော ရှည်မျောမျော မျက်လုံးတစ်စုံက ရှိုင်းထက်၏ရှင်သန်ရာပင်။ စာရွက်တွေကို တစ်ရွက်ပြီးတစ်ရွက် လှန်လှောနေတဲ့ လက်သွယ်သွယ်လေးတွေက ရှိုင်းထက်၏ အသက်သွေးကြော။ ခပ်တင်းတင်းစေ့ထားသော နှုတ်ခမ်းတစ်စုံက ရှိုင်းထက်၏ ပျော်ရွှင်ခြင်းရိပ်မြုံ။
လေတဖြူးဖြူးဖြစ်နေသည့် ညနေခင်းလေးမှာ ကြွေကျလာသောသစ်ရွက်များကြားမှ အကြင်သူ့ကို မြင်နေရခြင်းသည် ရှိုင်းထက်အတွက် တန်ဖိုးမဖြတ်နိုင်သည့် ပန်းချီတစ်ချပ်ကို ကြည့်နေရခြင်းပင်။ မနေ့တနေ့ကမှ ဝှီးချဲနှင့် မိတ်ဆွေဖွဲ့လိုက်ရခြင်းကြောင့် အနီးအနားမသွားနိုင်သော်လည်း မြင်နေရခြင်းလေးကိုပဲ သူကျေနပ်သဖြင့် သဘောတကျပင် နှုတ်ခမ်းထက် အပြုံးတစ်ပွင့်ကို ပန်ဆင်လိုက်သည်။
"နောက်နှစ်ရက်နေရင် လက်ထပ်ရတော့မယ့်သူက တခြားသူကိုကြည့်နေတာ မသင့်တော်ပါဘူး"
စကားသံကြောင့် သူလှည့်ကြည့်လိုက်တော့ သူရှိရာသို့ လျှောက်လာနေသည့် ကိုဇေယျာ။ အရပ်ရှည်ရှည် အသားဖြူဖြူ ချောမောသော မျက်နှာကျနှင့် ကိုဇေယျာက အလုပ်သမားတစ်ယောက်ပင်။ သို့သော်လည်း အိမ်ပိုင်ရှင်မောင်နှမနှစ်ယောက်အတွက်တော့ ငယ်စဉ်ကတည်းက အတူရှိခဲ့သည့် မိသားစုဝင်။
ကိုဇေယျာက သူ့ဘေးရှိ မြေပေါ် ,ပေါ်ထွက်နေသော သစ်ပင်အမြစ်ပေါ်တွင်ဝင်ထိုင်ကာ သူ့ကိုရော၊ သူထိုင်နေသည့်ဝှီးချဲကိုပါ တစ်ချက်မျှသာကြည့်ပြီး တခြားနေရာသို့ အကြည့်ပို့သည်။
"မသင့်တော်ဘူးတဲ့လား"
ခပ်ဟဟရယ်ကာ မကျေမချမ်းရေရွတ်လိုက်မိသည်။ အနားကို သွားခွင့်မရှိရင်တောင် အဝေးတစ်နေရာကနေ ငေးကြည့်နေရရုံနဲ့ ကျေနပ်နေတဲ့သူ့စိတ်ကို ပတ်ဝန်းကျင်ဆိုတဲ့ အရာကြီးနဲ့ ရိုက်ချချင်နေတာလား။
"အဲ့တုန်းက အကိုလေးမင်းဆက်က အသက်ခြောက်နှစ်ပဲရှိသေးတာ"
သူပြောနေသည်နှင့် ဆန့်ကျင်ဘက်စကားတို့ကို ကိုဇေယျာဆိုနေသော်လည်း သူဂရုတစိုက်နားထောင်လိုက်သည်။ အကြောင်းမှာ 'အကိုလေးမင်းဆက်'ဟူသောစကားကြောင့်။ ကိုဇေယျာရဲ့ မျက်လုံးအကြည့်တို့က ဝရန်တာတွင် စာဖတ်နေသော သူ'အကို'ဟုခေါ်ဆိုသည့် မင်းဆက်ဆီရောက်သွားလေသည်။
ယခု ရှိုင်းထက်ရောက်ရှိနေသော ကျယ်ဝန်းလှသော ခြံကြီးထဲတွင် ပင်မအိမ်ကြီးတစ်လုံးနှင့်အတူ ကမ်းခြေရှိဘန်ဂလိုလေးများလို အဆောင်ငယ်လေးများကို ဆောက်လုပ်ထားသည်။ အိမ်တွင် သူအပါအဝင် စုစုပေါင်း လူငါးယောက်ရှိသော်လည်း သူရောက်နေသည့် နှစ်ရက်အတွင်း တစ်ယောက်နှင့်တစ်ယောက် ဟက်ဟက်ပက်ပက်စကားပြောသည်ကို မတွေ့ဖူး။
အိမ်ရှင်မောင်နှမနှစ်ယောက်က တစ်ယောက်တစ်ဆောင်ဆီနေကြပြီး ကိုဇေယျာနှင့် ထမင်းချက်အဒေါ်ကြီးက တစ်ဆောင်ပင်။ ရှိုင်းထက်ကတော့ ဧည့်သည်တွေအတွက် ဆောက်လုပ်ထားသော အဆောင်များထဲမှ တစ်ခုတွင်နေရသည်။
အိမ်ရှင်အဒေါ်ကြီးမှလွဲရင် သူ့ကိုဘယ်သူမှ စကားလာမပြောကြခြင်း မရှိခဲ့ချေ။ ယခုကိုဇေယျာ လာပြောသည်က ပထမဆုံးဖြစ်ပြီး သူချစ်ရတဲ့ အကိုကတော့ သူ့ကိုစကားလာပြောဖို့ နေနေသာသာ မျက်နှာချင်းပင်မဆိုင်။
"အကိုလေးရဲ့အဖေ အသတ်ခံရတုန်းကလေ"
ကိုဇေယျာ့ရဲ့ စကားဆက်သံကိုကြားမှ အဖြစ်အပျက်တစ်ခုနှင့် စကားတစ်ချို့က အာရုံထဲဝင်ရောက်လာလေသည်။
သူ့ကို ခုံတစ်ခုနဲ့ရိုက်ဖို့ ရွယ်နေတဲ့အကို...။
'မင်းကလူသတ်သမားရဲ့သား'...အကိုရေရွတ်နေခဲ့တဲ့ စကားလေးတစ်ခွန်း...။
သူတုန်လှုပ်ခြောက်ခြားစွာ မင်းဆက်ကိုလှမ်းကြည့်လိုက်မိသည်။ စာဖတ်နေတဲ့အကိုက ဘာကိုမှသတိထားမိပုံမပေါ်။ ကြည့်နေရင်းပင် သူ့ရင်တွေနာလာရသည်။ သူဟာ အကို့အဖေကိုသတ်တဲ့ လူသတ်သမားရဲ့သား။
အသက်ခြောက်နှစ်အရွယ် နုနယ်သေးတဲ့ နှလုံးသားမှာ ဘယ်လောက်တောင်ဒဏ်ရာတွေများပြီး ဘယ်လောက်တောင် ကြောက်လန့်နေခဲ့လိမ့်မလဲလေ။
"နောက်ပြီး အကိုလေးကိုယ်တိုင်မြင်ခဲ့တာ သူ့အဖေ အသတ်ခံရတာကို"
ရှိုင်းထက်မကြားဝံ့တော့ပါ။ အကိုနှင့်ရော ကိုဇေယျာနှင့်ပါ ဝေးရာဆီသို့ မျက်နှာလွှဲရင်း စိတ်ကိုပြန်ထိန်းနေမိသည်။ ယခု အကို့ကိုမကြည့်ဘဲနဲ့တောင် အကို့ရင်ထဲက ဒဏ်ရာကြီးကို သူမြင်နေရသည်လေ။ သို့သော်လည်း သူဘာမှမတတ်နိုင်။ ဆုံးရှုံးခဲ့ရသည်က ဘယ်အရာနဲ့မှ အစားထိုးလို့မရတဲ့ ဖခင်ပင်။ သူတတ်နိုင်တာဘာမှမရှိ။ ထိုအချိန်...
"ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်ချင်နေတာပါအေ"
"ဘယ်ကသာ ညီမကိုချိန်ရင်း အစ်ကိုစားတာခံလိုက်ရတာဟ"
ပါးစပ်စည်းမစောင့်တတ်သော အလုပ်သမားနှစ်ယောက်က သူတို့ပြောချင်တာပြောပြီး လျှောက်လာရင်းမှ သူနှင့်ကိုဇေယျာ့ကိုတွေ့တော့ အိုးတိုးအမ်းတမ်းဖြစ်ကာ သူတို့သွားရမည့်လမ်းအတိုင်း ခေါင်းငုံ့ကာ ခပ်သွက်သွက်လျှောက်သွားကြသည်။ သူတို့ကို မောင်းထုတ်မည်ကိုလည်း ထိုအလုပ်သမားနှစ်ယောက်မှာ စိုးရိမ်သွားပုံပင်။
နောက်နှစ်ရက်နေရင် ကျင်းပမည့်ပွဲကြီးအတွက် ပြင်ပမှ အလုပ်သမားများကို ငှားကာ ပွဲအတွက် စီစဉ်နေခြင်းဖြစ်သည်။ အစောလေးက ပြောနေကြသော စကားများကိုလည်း အလုပ်သမားများကြား ပြောနေကြသည်မှာ မကြားချင်မှအဆုံးပင်။ သို့သော်လည်း သူ့ရှေ့ပေါ်တင်လာမပြောရဲသည့် အတင်းအဖျင်းမျိုးကို ရှိုင်းထက်အာရုံစိုက်မနေပါ။ သူအာရုံစိုက်သည်က...
"ကျွန်တော့်ကို ဘာလို့အဲ့တာတွေပြန်ပြောပြနေတာလဲ"
သူ့ခြေထောက်ကို အကိုရိုက်ချိုးသည့်နေ့က အကိုပြောပြ၍ အားလုံးကို သူသိပြီးဖြစ်သည်။ ဒါကိုဘာလို့ ကိုဇေယျာက ပြန်ပြောပြနေရသလဲလေ။
"အကိုလေးက ငယ်ငယ်ရွယ်ရွယ်နဲ့ လောကဓါဏ်ကိုအများကြီးခံခဲ့ရတာ သူ့မှာပျော်ရွှင်မှုဆိုလို့ မမလေးနှင်းဆက်ပဲရှိတော့တယ်"
အဓိပ္ပာယ်အတိအကျမပါသော်ငြား ကိုဇေယျာဆိုလိုသည်ကို ရှိုင်းထက်သဘောပေါက်ပါသည်။
"ဒီပွဲကို အကိုကဖြစ်စေချင်တာတဲ့လား"
ကိုယ့်ကိုယ်ကို ပြောနေသလို ရှိုင်းထက်ရေရွတ်လိုက်သည်။ သူ့အကြည့်တို့ကတော့ အကိုထံပါး ခစားလျက်ပင်။ ကိုဇေယျာသည်လည်း သူနှင့်ထပ်တူညီသည့် နေရာကိုသာ တစိုက်မတ်မတ်ကြည့်ရှုနေလေသည်။
"အကို့ရဲ့ပျော်ရွှင်မှုက နှင်းဆက်ဆီမှာဆိုရင် ကျွန်တော့်ရဲ့ပျော်ရွှင်မှုကလည်း သေချာပေါက်နှင်းဆက်ဆီမှာပဲပေါ့"
ပြောပြီး ကိုဇေယျာ့ကို လှည့်ကြည့်လိုက်တော့ သူ့ကိုကြည့်နေသည့် ကိုဇေယျာ့ရဲ့ မျက်ဝန်းတွေနဲ့ ရင်ဆိုင်လိုက်ရသည်။ ဒီစကားကြားရင် ကိုဇေယျာသေချာပေါက် ပျော်သွားလိမ့်မည်ဟု ထင်ထားသော်လည်း ကိုဇေယျာ့ရဲ့အကြည့်တို့က သူထင်သလိုမဟုတ်ခဲ့။ အဓိပ္ပာယ်ဖော်ရခက်သည့် မျက်ဝန်းတွေထဲ အဖြေရှာနေမိသော်လည်း မတွေ့။
"ကျွန်တော်လည်း ကိုဇေယျာ့လိုပဲ အကို့ကိုပျော်စေချင်တယ်"
ကိုဇေယျာရဲ့ မျက်လုံးအိမ်အနည်းငယ် လှုပ်ခတ်သွားသည်။ သို့သော်လည်း တကယ့်ကိုအနည်းငယ်ပင်။ နဂို အဓိပ္ပာယ်မရှိသည့် မျက်ဝန်းတို့ကိုသာ ပြန်တွေ့လိုက်ရသည်။
'မြွေမြွေခြင်း ခြေမြင်'တယ်တဲ့လေ။ ကိုဇေယျာက အကို့ကိုဘယ်လိုစိတ်ထားလဲ သူသိတာပေါ့။ အကို့ကို ကြည့်နေတတ်တဲ့ ကိုဇေယျာ့ရဲ့ နက်ရှိုင်းတဲ့ မျက်ဝန်းတို့က သက်သေပဲလေ။
ရုတ်တရက် လွန်ခဲ့သောနှစ်လကျော်က သူ့အိမ်မီးလောင်မှုကို သွားသတိရမိသည်။ ထိုနေ့က မီးခိုးတွေကြောင့် အသက်ရှူရခက်နေသည့်သူ့ကို ရပ်ကြည့်နေခဲ့သည့် အေးစက်စက်မျက်ဝန်းတစ်စုံရဲ့ ပိုင်ရှင်က...
"မကြာခင်မိုးရွာတော့မယ်"
"ကိုဇေယျာမဟုတ်လား အဲ့နေ့ ကျွန်တော့်အိမ်မီးလောင်တုန်းက..."
နေရာမှထကာ ဝှီးချဲကိုတွန်းရင်း သူ့အားအိမ်ထဲပို့ပေးတော့မည့် ကိုဇေယျာ့ရဲ့ လှုပ်ရှားမှုမှန်သမျှ အားလုံးရပ်တန့်သွားလေသည်။
ရှိုင်းထက်၏ဖခင်ဟာ ရှိုင်းထက်ငယ်စဉ်ကတည်းက ဆုံးပါးသွားတာဖြစ်သည်။ အတိအကျပြောရလျှင် အသတ်ခံခဲ့ရတာပင်။ မင်းဆက်၏ဖခင်ကို သတ်ပြီး အပြန်လမ်းတွင် အသတ်ခံခဲ့ရတာပင်ဖြစ်သည်။ ထို့နောက်ပိုင်းတွင် အမေမရှိအဖေမရှိသည့် ရှိုင်းထက်လေးအား ဂေဟာတစ်ခုကိုပို့ခဲ့ရသည်။
သနားစရာသူ့ဘဝလေးကို ဘယ်သူကမှ တရေးတယူလုပ်ပြီး မမေးကြသလို အထူးတလည်လည်း စိတ်မကောင်းမဖြစ်ပေးကြပေ။ 'ဝဋ်'ဆိုတဲ့ စကားကိုသုံးရင်း သူ့ဘဝရဲ့ ကြုံခဲ့ရသမျှ အခက်အခဲအားလုံးကို လျစ်လျူရှုကြတော့သည်။ ထိုအရာများကြောင့်ပဲ သူ့အဖေပြန်လာအခေါ် မျှော်နေတတ်သော ကလေးငယ်ကို အချိန်တွေအတော်ကြာသည်အထိ မွေးစားမယ့်သူမရှိခဲ့ပေ။
ဒီလိုနဲ့ ရှိုင်းထက်အသက်ဆယ့်ရှစ်နှစ်အရွယ်တွင် ဂေဟာမှထွက်ခဲ့သည်။ လုံးချင်းအိမ်ငယ်လေးတစ်လုံးငှားနိုင်အောင် ဂေဟာမှူးက ပိုက်ဆံပေးလိုက်ခြင်းကြောင့် အိမ်ငှားဖို့ရန် မပူခဲ့ရပေ။ ဂေဟာမှူးဟာ ရှိုင်းထက်ကို သနားဂရုဏာပိုကာ ချစ်ပေးခဲ့သော တစ်ယောက်တည်းသောသူပင်။
ဒီလိုနေထိုင်လာခဲ့ရင်းမှ တစ်နေ့တွင် လူတစ်ယောက်နှင့်ဆုံခဲ့ရသည်။ သူ့ကိုသိပ်ချစ်သည့် နှင်းဆက်ဆိုသည့် အမျိုးသမီးလေးပင်။နှင်းရည်နှင်းစက်တွေလို အေးချမ်းသည့် မိန်းမလှလေးတစ်ဦးပင်ဖြစ်သည်။
သူမနဲ့ ခင်မင်လာခဲ့ရင်း တစ်နေ့တော့ နိုင်ငံခြားမှာ အနေများသည့်ထိုအမျိုးသမီးလေးက သူ့အားချစ်ကြောင်း ပေါ်တင်ဝန်ခံခဲ့သည်။ ညီမလေးတစ်ယောက်လို ချစ်ရသည့်ထိုမိန်းကလေးအား ချစ်သူအဖြစ် ရှိုင်းထက်မသတ်မှတ်လို။ အဖြူထည်လေးတွေကို အရောင်မဆိုးချင်သောကြောင့် ငြင်းခဲ့သည်ကိုလည်း ထိုမိန်းကလေးက စိတ်မဆိုးသည့်အပြင် သူ့အားအခင်အမင်မပျက် ဆက်ချစ်ပေးနေခဲ့သေးသည်။
သို့သော်လည်း တစ်နေ့တော့ သူမ သူ့အနားမှ ရုတ်တရက်ပျောက်သွားခဲ့သည်။ အကြောင်းပြချက်ဟာ ဘာမှန်းမသိသော်လည်း နောက်ထပ် ထိုမိန်းကလေးကို မတွေ့ရတော့ချေ။ သို့ပေတည့် သူမသည် ရှိုင်းထက်ကို ချစ်ပေးခဲ့သော သူတစ်ဦးဖြစ်ခဲ့သည်။
ကျောင်းလည်းတက်ရင်း အချိန်ပိုင်းအလုပ်တွေကိုလည်း နေကုန်အောင်လုပ်ခဲ့ရသည်။ သူ့အတွက်ဘဝဆိုတာ မချောမွေ့သော်လည်း အငြိုးအာဃာတကင်းသော ဘဝပေမို့ သူကျေနပ်ခဲ့သည်။ သို့သော် တစ်နေ့သ၌...
သူ အိမ်ထဲရှိနေသည့်အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။ မတော်တဆမဟုတ်သော ရှို့မီးပင်။ အပြင်ထွက်သော တံခါးကို ထုတ်တန်းကြီးက ပိတ်သလိုဖြစ်သွား၍ အပြင်သို့လည်း ထွက်လို့မရခဲ့။ ဘေးပတ်ဝန်းကျင်က ဝိုင်းဝန်းကာ ရေဖြန်း၍ မီးငြိမ်းအောင် ကူညီပေးကြသော်လည်း မီးတောက်ကြီးများ၏ တစ်ချက်ဝါးမြိုစာသာရှိသော သစ်သားအိမ်လေးကို ဘယ်သူကမှ အလျင်မှီအောင် မကယ်တင်နိုင်လိုက်ကြ။ တအိအိပြိုဆင်းလာပြီဖြစ်သော သစ်သားများနှင့်အတူ သူ့အဆုတ်ထဲတွင်လည်း အောက်ဆီဂျင်များ တအိအိပြိုဆင်းလာကာ မီးခိုးများဖြင့် တစ်စတစ်စပြည့်နှက်လာပြီး အသက်ရှူလို့မဝတော့ပေ။
မီးငြိမ်းအောင် ဝိုင်းကူနေကြသော လူများကြားတွင် အေးစက်စက်မျက်လုံးတစ်စုံနဲ့ သူဒုက္ခရောက်နေသည်ကို ရပ်ကြည့်နေခဲ့သော လူတစ်ယောက်ကို ဝိုးတဝါးအမြင်ကြားမှ သူမြင်ခဲ့သည်။ လူတစ်ယောက်လုံး သေအံ့ဆဲဆဲ ဖြစ်နေသည်ကိုပင် ကိုယ်နှင့်မဆိုင်သလို ရပ်ကြည့်နေခဲ့သည့် ထိုလူ့မျက်နှာကိုတော့ ရှိုင်းထက် သေချာမမြင်လိုက်ရပါ။ ကူပါကယ်ပါ မအော်နိုင်တော့သည်အထိ မီးခိုးလုံးများက ခန္ဓာကိုယ်ထဲ ပြွတ်သိပ်၍ဝင်လာသောအခါ သူတောင့်မခံနိုင်တော့ပြီမို့...။
တဖြည်းဖြည်းမှေးဆင်းလာသော မျက်လုံးတို့မမှိတ်ခင် နောက်ဆုံးသူမြင်လိုက်ရသည်က သူ့ထံသို့ အပြေးအလွှားလာကယ်ပါသော လူတစ်ယောက်။ သူအသက်ရှင်သန်ခဲ့သည်။ သူ့ကိုကယ်တင်ခဲ့သည့်သူဟာ သူချစ်ရသည့် 'အကို'။
အကိုနဲ့စတွေ့ခဲ့သည့် ထို့နေ့ကအဖြစ်အပျက်အားလုံးကို သူသေချာလေးမှတ်မိပါသော်လည်း ထိုမျက်လုံးပိုင်ရှင်ကိုတော့ မေ့နေခဲ့သည်ပင်။
ရုပ်ရှင်တွေထဲမှာဆို ဖခင်ကိုသတ်တဲ့ လူသတ်သမားရဲ့ သားမှန်းလည်းသိတယ်။ ညီမတစ်ယောက်လုံးကို ခံစားရအောင်လုပ်ထားတဲ့ သူမှန်းလည်းသိတယ်။ လက်စားချေဖို့အတွက် ၊ သူ့စိတ်ကိုရဖို့အတွက် အသက်သခင်ကျေးဇူးရှင်ဆိုတဲ့ ဂုဏ်ပုဒ်ဟာ အလွယ်ကူဆုံးနည်းပင်။
သို့သော်လည်း သူ့အနားရှိစဉ်က အကို့ရဲ့ပြုမှုပြောဆိုပုံတွေကို ပြန်စဉ်းစားမိတော့ မီးရှို့သူဟာ အကိုမဟုတ်မှန်း စိတ်ကအလိုလို ခံစားသိလာသည်။ ထိုအသိကို ကိုဇေယျာ့ရဲ့ စကားတို့က ထပ်လောင်းကာ အတည်ပြုပေးလိုက်သည်။
"ငါ့ကိုပြန်ရွေးချယ်ခိုင်းမယ်ဆိုရင် ငါမင်းအိမ်ကို မီးရှို့ခဲ့မှာမဟုတ်ဘူး။ ငါ့ရဲ့လုပ်ဆောင်မှုက မင်းကို အကိုလေးရဲ့သနားကြင်နာမှုကို ရစေခဲ့လို့။ အဲ့အစား ငါမင်းကိုသတ်ပစ်မယ်။ အကိုလေးရဲ့ဘဝထဲကိုရော မမလေးရဲ့ဘဝထဲကိုပါ ဝင်မလာနိုင်အောင် မင်းကို အစဖျောက်ပစ်မယ်"
ခြိမ်းခြောက်နေခြင်းမဟုတ်ပေ။ အဲ့နေ့က ရှိုင်းထက်မသေခဲ့တဲ့အတွက် နောင်တရနေတာပဲဖြစ်သည်။
တကယ်လို့များ ရှိုင်းထက် သေသွားခဲ့ရင်...
တကယ်လို့များ မမလေးနှင်းဆက်ကို ရှိုင်းထက်နဲ့မတွေ့ဖို့ တားနိုင်ခဲ့ရင်....
တကယ်လို့များ ဖခင်ကိုသတ်တဲ့တရားခံရဲ့သားကို အကိုလေးအတွက် သူ မရှာပေးခဲ့ရင်...
'တကယ်လို့များ'ဆိုတဲ့ မေးခွန်းပေါင်းများစွာက သူ့ခေါင်းထဲ နောင်တတွေနဲ့အတူ နေရာယူနေသော်လည်း သူတကယ်တတ်နိုင်တာ ဘာမှမရှိ။ သူချစ်ရတဲ့ အကိုလေးနဲ့ မမလေးနာကျင်နေရတာကိုသာ မြင်နေရသည်။
"လူတွေက အချစ်နဲ့တွေ့ရင် ရူးသွားတတ်ကြတာပဲနော်"
ထိုစကားကိုပြောရင်း ရှိုင်းထက်ရယ်နေသည်။ အားရပါးရရယ်နေသည်။ မျက်ဝန်းထက်မှာ ဝေ့သီနေသော မျက်ရည်တို့နဲ့အတူ ဟက်ဟက်ပက်ပက်ကို ရယ်မောနေလေသည်။
'ထိုရယ်သံထဲ နာကျင်မှုတို့ ပါဝင်နေသည်ကို အကိုသိပါစေ...'
ဆုတောင်းမိသော်လည်း သူပြန်ရလိုက်သည်က စိတ်ရှုတ်ဟန် စာအုပ်ကိုပိတ်ပြီး အခန်းထဲဝင်သွားသော အကို့ရဲ့တုန့်ပြန်မှုပင်ဖြစ်သည်။
* * * * *