Believing In Wang(Oneshot)

By AlinkarchoTayy

2K 133 11

'မင်းကိုယုံကြည်ဖို့တွန့်ဆုတ်ခဲ့မိလို့ ကိုယ်သိပ်နောင်တရတယ် ရိပေါ်' More

Tayy's Note
BIW(Zawgyi)

BIW(Uni)

980 100 11
By AlinkarchoTayy

ချွင်~ချွင်

လမ်းကျဥ်းကလေးဘေးမှာရှိနေတဲ့ကော်ဖီဆိုင်ကလေးဆီက အလှချိတ်ဆည်းလည်းသံလေးစည်ညံလာတယ်။ ထုံးစံအတိုင်းကော်ဖီဖျော်တဲ့အဖိုးကြီးဟာ ခပ်ခါးခါးကော်ဖီတစ်ခွက်ကိုအလျင်အမြန်ဖျော်ပြီး ပြတင်းပေါက်နားကစားပွဲဝိုင်းကို ခပ်မြန်မြန်သွားတယ်။ လမ်းမဘက်ဆီမှာတော့ အဂ်လန်ရဲ့မနက်ခင်းဟာလူတွေစည်ကားလို့။

"လူ​လေးကတော့အချိန်မှန်ပါဘဲ"

ကော်ဖီခွက်ကိုချပေးရင်း ပြုံးတုံ့တုံ့စကားဆိုလာတဲ့ကော်ဖီဆိုင်ပိုင်ရှင်အဘိုးကြီးMichaelကို တစ်ချက်ပြုံးပြရင်း ကော်ဖီခါးခါးကိုတစ်ချက်ငုံကြည့်လိုက်တယ်။

"ကျွန်တော်အချိန်မှန်သလို Michaelလက်ရာကလည်းပုံမှန်ပါဘဲ"

ထုံးစံအတိုင်း စကားတစ်ခွန်းနှစ်ခွန်းပြောပြီး Michaelက ဆိုင်ကောင်တာလေးဆီပြန်ရောက်သွားပြီ။ ထုံးစံနဲ့မတူတာက သူ။ ပုံမှန်အတိုင်းဆိုရင် ကော်ဖီလေးတစ်ခွက်ရယ် ခဲတံတစ်ချောင်းရယ် စာရွက်ဖြူတွေရယ်နဲ့အလုပ်ရှုပ်နေကျ။ ပြီးတော့ ကော်ဖီခွက်ကလေးဗလာဖြစ်သွားရင် သူထပြန်နေကျ။ ဒီနေ့တော့ သူ့အလုပ်သက်သက်နဲ့လာခဲ့တာ။

ဒေါက်...ဒေါက်

စားပွဲကိုလက်နဲ့ခေါက်လာတာကြောင့်မော့ကြည့်မိတော့ မီးခိုးရင့်ရောင်ဆံပင်နဲ့လူငယ်ဆန်ဆန်ဝတ်စားထားတဲ့ကောင်လေးတစ်ယောက်။ တစ်နည်းအားဖြင့်ခပ်ချောချောကောင်လေးပေါ့။

"Artist Seanလားခင်ဗျာ"

တရုတ်လိုရည်ရည်မွန်မွန်ပြောလာတဲ့ကောင်လေးကြောင့် သူမျက်မှောင်ကျုံ့မိတယ်။ စမြင်လိုက်တည်းက အနောက်တိုင်းသားနဲ့မတူတာကိုတော့ သူခန့်မှန်းမိပြီးသား။ ဒါပေမယ့် တရုတ်လို့တော့မတွေးဖြစ်ခဲ့မိ။

"အင်း...ဟုတ်တယ် ကိုယ်ကSean"

သူစကားပြန်တော့ ကောင်လေးက မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်တယ်။ ကြည့်ရတာ သူ့ထက်တော့အတော်ငယ်ပုံပါဘဲ။

"ကျွန်တော်က Seanဆီမှာဒီဇိုင်းအပ်ထားတဲ့Leoပါ"

"အင်း...ကိုယ်သိတာမို့ပြန်မိတ်မဆက်လည်းဖြစ်တယ်"

ဖော်ရွေတဲ့စကားလုံးတွေမဟုတ်တာတောင် ကောင်လေးက မျက်နှာတစ်ချက်မပျက်ဘဲပြုံးနေတုန်း။ သူကလည်းတမင်မရည်ရွယ်ပါဘဲ ဒီလိုစကားတွေပြောနေကျမို့ အားနာစိတ်တော့အလျဥ်းမရှိ။

"Seanအဆင်ပြေရင် နမူနာဒီဇိုင်းလေးတွေပြကြည့်လို့ရမလားဗျ"

ကောင်လေးက ရိုရိုကျိုးကျိုးဆိုပါတယ်။ ဟုတ်တယ် သူက Jewelry Design Artistတစ်ယောက်။ အလုပ်ဆိုပေမယ့် သူစိတ်ပါရင်လက်ခံမယ်။ စိတ်မပါရင်လက်မခံဘူးဆိုတဲ့Sean။ *Sean*ဆိုတဲ့အမည်နာမကလွဲရင် သူဘယ်ဇာတိဖွားဆိုတာတောင် လူတွေမသိအောင် သိုသိုသိပ်သိပ်နေနိုင်ခဲ့တဲ့သူ။ အင်း ဒီကောင်လေးကလွဲပြီးပေါ့လေ။

"ကျွန်တော်တော့ အားလုံးသဘောကျတယ်
မနက်ဖြန်ကျရင် ဒီမှာဘဲစာချုပ်ချုပ်ကြမလားဗျ"

ခေါင်းညိမ့်ခေါင်းခါအဖြေမပေးမိပေမယ့် အငြင်းစကားထွက်မလာတာကို သတိထားမိပုံရသွားတဲ့ကောင်လေးမျက်နှာက မကြာသေးခင်ကထက်ပိုပြီးပြုံးယောင်သမ်းတယ်။
တကယ်တော့ စာချုပ်မချုပ်ရရင်လည်း ဒီဆိုင်လေးဟာသူလာနေကျမို့ အထူးတလည်တွေးတောနေစရာအကြောင်းတော့မရှိ။

နမူနာပြပေးထားတဲ့စာရွက်တွေကိုလက်ဆွဲအိတ်နက်ထဲပြန်ထည့်လိုက်တယ်။ ကော်ဖီကလည်းကုန်ပြီ။ ခုမှသတိရတာက ဒီကောင်လေးအတွက် ဘာမှမမှာပေးရသေးဘူးဆိုတာဘဲ။ ဒါပေမယ့် မှာပေးဖို့လည်းစိတ်ကူးမရှိ။ Seanဆိုတာက ဧည့်ဝတ်ကျေတတ်တဲ့လူစားမျိုးမှမဟုတ်တာ။

"စိတ်မရှိရင် ကျွန်တော် ခင်ဗျားကိုပိုးပန်းလို့ရမလားခင်ဗျာ"

လှုပ်ရှားနေတဲ့လက်ချောင်းတွေက ခဏရပ်တန့်သွားတယ်။ အဲ့ဒီအခိုက် လမ်းကျဥ်းကလေးတောင်ခဏငြိမ်သွားသလိုဘဲ။ ကာယကံရှင်ကိုကြည့်မိတော့ သူ့ကိုပြုံးပြီးဘာမှမဖြစ်သလိုကြည့်နေတုန်း။ ပထမဆုံးစတွေ့တဲ့အချိန်မှာဒီလိုပြောရဲတာ နည်းတဲ့သတ္တိမှမဟုတ်တာ။ ပြီးတော့ သူကရောဘယ်သူမလို့လဲ။ သူက Seanဘဲလေ။ 'မင်းငယ်ပါသေးတယ်'ဆိုတဲ့အကြည့်မျိုးနဲ့တစ်ချက်ကြည့်ရင်း

"ကိုယ်က အချစ်ကိုမယုံဘူး ချာတိတ်ရဲ့"

လက်ဆွဲအိတ်နက်လေးကိုဆွဲပြီး ထရပ်ရင်းပြောတော့ ကောင်လေးမျက်ဝန်းတွေကမှိုင်းခနဲ။

"အချစ်ကိုမယုံလည်းဖြစ်ပါတယ်
ဒါပေမယ့် ကျွန်တော့်ကိုတော့ယုံကြည်ပေးကြည့်ပါလား သက်ဝေ
နောင်တဆိုတာဘာလဲလို့မေးရလောက်အောင် ကျွန်တော်မြတ်နိုးပေးမှာ"

စားပွဲဝိုင်းလေးကနေလှည့်ထွက်ဖို့ပြင်တဲ့အခါ အဲ့ဒီကောင်လေးက အဲ့သလိုဆိုလာတယ်။ သူဝန်ခံပါတယ် ရင်ထဲမှာတော့ ရေအိုင်ကိုခဲသေးသေးလေးနဲ့ပစ်ချလိုက်သလိုမျိုးပွက်ခနဲ။

"ကိုယ့်ကိုအဲ့လိုခေါ်ခွင့် မင်းမှာမရှိသေးဘူးထင်တယ် ချာတိတ်"

ပြန်လှည့်ကြည့်ရင်း သူပြောတော့ ကောင်လေးကထိုင်ရာကနေထလာတယ်။ အခုမှသတိထားမိတာက ကောင်လေးရဲ့ဘယ်ဘက်နားမှာရေယက်ပုံနားဆွဲသေးသေးလေးနဲ့ရယ်။

"တရားမဝင်တာကျွန်တော်သိပါတယ်
အဲ့ဒီအပြစ်အစား အများကြီးချစ်ပေးပါ့မယ်"

သူမျက်ခုံးတစ်ဖက်ပင့်မိတယ်။ ဒီချာတိတ်ကသူထင်ထားသလောက်တော့ မလွယ်ကူဘူးဘဲ။ တပ်အပ်မပြောနိုင်ပေမယ့် ဒီဟာလေးက သူ့အတွက်ဖြတ်ရခက်တဲ့ကြိုးထုံးလေးဖြစ်ရင်ဖြစ်လာမှာ။ သံယောစဥ်ဆိုတာ သူ့အတွက်ကော်ဖီတစ်ခွက်ထက်ပိုတယ်။ ဖြတ်တောက်ဖို့ခက်သလိုစွဲလန်းဖို့ကျသိပ်လွယ်ကူတာမျိုး။

"အနှောင်အဖွဲ့တွေကို မင်းသိပ်သဘောကျနေလား ချာတိတ်"

ထိုင်ခုံမှာသူပြန်ထိုင်ရင်းမေးတော့ အဲ့ဒီကောင်လေးကလည်းပြန်ထိုင်တယ်။ ကြည့်ရသလောက်တော့ ကောင်လေးရဲ့မီးခိုးရင့်ရောင်မျက်ဝန်းတွေက လေးနက်တည်ငြိမ်လွန်းနေတယ်။

"သက်ဝေကိုသဘောကျနှစ်သက်ခြင်းမှာ အနှောင်အဖွဲ့တွေကင်းတာမို့ ကျွန်တော့်ကိုယုံကြည်ပေးကြည့်မလားဗျ"

ဟော ကြည့်...ဒီလူယဥ်ကျေးလေးနဲ့တော့ခက်နေပြီ။ ရေအိုင်ငယ်လေးခဏခဏပွက်အောင် ခဲကလေးတွေပစ်,ပစ်ချနေပြန်ပါရောလား။ သိပ်ခက်တဲ့ကလေး။

"ဟုတ်ပြီ သုံးလ...အဲ့ဒီသုံးလအတွင်း မင်းမှာအခွင့်အရေးရှိတယ်"

သူပြောတော့ မျက်ဝန်းတွေကလက်ခနဲ။

"ကျွန်တော်ကသက်သေပြမှာမို့ သက်ဝေကလည်းယုံကြည်ဖို့ကြိုးစားကြည့်စေချင်ပါတယ်"

ခေါင်းတစ်ချက်ညိမ့်ပြရင်း ပြတင်းပေါက်ကနေမြင်နေရတဲ့လမ်းကျဥ်းကလေးကိုငေးဖြစ်တယ်။ ဒီနေ့ကျမှ အတွဲတွေပိုများနေသလိုပါဘဲလား။ ပုံမှန်တွေ့နေကျ ပေါင်မုန့်တွန်းလှည်းကလေးတောင်မတွေ့ရ။

"ကော်ဖီတွေအရမ်းမသောက်ပါနဲ့လား
သက်ဝေ ကျန်းမာရေးအတွက်မကောင်းဘူးဗျ"

တစ်စုံတစ်ယောက်ရဲ့စိတ်ပူသလိုအပြောမှာတော့ ရင်ထဲလှိုက်ခနဲဖြစ်မိသား။ ဒီလိုနဲ့ အချစ်ဆိုတာကိုခဏတာမြည်းစမ်းရတော့မယ်ထင်ပါရဲ့။ မခံစားဖူးတဲ့အရာမို့အချစ်ဟာဘာအရသာရှိလဲ ဘာအရောင်လဲ ဘာပုံစံလဲဆိုတာ သူမသိ။ တကယ်တော့အချစ်ဆိုတာ သူ့အတွက်လူတွေပြောနေကျစကားလုံးတစ်ခုထက်မပိုခဲ့။ မိဘအရင်းကစွန့်ပစ်တယ်။ မိဘမဲ့ကျောင်းမှာကြီးပြင်းလာတယ်။ ဖာသာပြောတာတော့ အချစ်ဆိုတာ လူတွေကြားမှာထားကြတဲ့အနီရောင်ပိုးကြိုးထုံးကလေးပါတဲ့လေ။ သူကတော့ ကြိုးထုံးရဖို့နေနေသာသာ ပိုးကြိုးနီလေးအဖြစ်တောင်မရှိခဲ့။

အဲ့ဒီနေ့က စားပွဲဝိုင်းလေးမှာသူအကြာကြီးထိုင်ဖြစ်ခဲ့သေးတာ။ ဆိုင်ပိတ်ချိန်ရောက်မှMichaelကိုနှုတ်ဆက်ပြီးပြန်ခဲ့ပေမယ့် အဲ့ဒီတစ်ချိန်လုံးနောက်ထပ်ကော်ဖီထပ်မမှာခဲ့တာအံ့သြစရာ။ Michaelကတောင် စနောက်နေသေးရဲ့ 'လူလေးဆိုင်မှာအိပ်မယ်ထင်နေတာ'တဲ့။
အိမ်ပြန်လမ်းတစ်လျှောက် လမ်းမီးတိုင်မှိန်ပျပျကိုကြည့်ရင်း ဘာရယ်မဟုတ်ပြုံးမိတယ်။ သူဒီလိုမပြုံးဖြစ်တာကြာပြီမို့ လမ်းဘေးသစ်ပင်ပုပေါ်မှာအိပ်တန်းတက်နေတဲ့ငှက်ကလေးတွေကတောင် အထူးအဆန်းလိုထကြည့်ကြရဲ့။

မြတ်နိုးရိပ်တပွေ့တပိုက်နဲ့အဲ့ဒီကောင်လေးဟာ အဲ့ဒီညကသူ့အိပ်မက်မှာမျက်ဝန်းတွေမှိတ်ကျအောင် ရယ်ပြနေသေးတယ်။ အခွင့်အရေးရရင် အဲ့ဒီအမျိုးသားရဲ့နှာခေါင်းလုံးလုံးကို အသာဖွဖွညစ်ကြည့်ဖို့သူတေးထားမိတယ်။ ဒီကောင်လေးက သူ့ကမ္ဘာကျဥ်းကျဥ်းမှာပထမဆုံးအလည်ရောက်လာတဲ့ဂြိုဟ်သားလေးဖြစ်မယ်ထင်ပါတယ်။ အဲ့ဒီညရဲ့မိုးလေဝသသတင်းမှာ ရေလှိုင်းတွေပုတ်တဲ့သတင်းပါတယ်။ ငြိမ်သက်လွန်းတဲ့သူ့ပင်လယ်မှာလည်း မီးခိုးရင့်ရောင်ရေလှိုင်းတွေထလာတယ်။

ဘုရားသခင်သာ သူ့ကိုကောင်းချီးပေးခဲ့ရင် သူ့မှာလည်း ပိုးကြိုးနီကလေးတွေရလာတော့မယ်ထင်ပါတယ်။ ကြိုးထုံးကလေးမဟုတ်ရင်တောင် ကြိုးစကလေးအဖြစ်ပေါ့။

***

"သက်ဝေ ကျွန်တော်ဒီမှာ"

ကော်ဖီဆိုင်ကိုသွားတဲ့လမ်းကျဥ်းကလေးဘေးက ကားမှတ်တိုင်ဘေးမှာ အဲ့ဒီကောင်လေးကိုတွေ့ရတယ်။ ဘတ်စ်ကားတွေတစ်စီးပြီးတစ်စီးဖြတ်လို့လေပူတွေတိုက်သွားတတ်တာတောင် ကောင်လေးဆံပင်တွေကပုံပျက်နေတာမျိုးမရှိ။

"ကျွန်တော် သက်ဝေကိုစောင့်နေတာဗျ"

မပြောပြလည်း ဒီလူ့ကိုစောင့်နေတာမှန်းသိပေမယ့် အကြင်နာဝေတဲ့မျက်ဝန်းတွေနဲ့ ဂရုတစိုက်ပြောပါတယ်။

"အင်း...ကိုယ်သိတယ်"

"ကျွန်တော်ကော်ဖီဆိုင်ကိုရောက်ခဲ့ပြီးပြီ
သက်ဝေကိုမတွေ့တာနဲ့ဒီမှာလာစောင့်နေတာ"

အရမ်းအရေးမကြီးတဲ့စကားတွေဖြစ်ပေမယ့်လည်း ဒီကောင်လေးမို့စိတ်ရှည်ရှည်နဲ့နားထောင်မိနေသလားမသိ။ တကယ်ဆိုအရင်ကသူက လူတွေစကားကိုနားထောင်ပေးဖို့နေနေသာသာ ကိုယ်တိုင်တောင်စကားသိပ်ပြောခဲ့တာမဟုတ်။

"ကျွန်တော် သက်ဝေဆံပင်တွေကိုငါးစက္ကန့်လောက်ထိလို့ရမလားဗျ"

ရုတ်တရက်ကြီးခွင့်တောင်းလာလို့လှည့်ကြည့်မိတော့ ထုံးစံအတိုင်းအရိုးခံအပြုံးလေးနဲ့ကောင်လေး။ ရှက်သွေးတွေဖြာပြီးမူနေရလောက်အောင်လည်း သူကမိန်းကလေးမဟုတ်တာကြောင့် ခေါင်းတစ်ချက်ညိမ့်ပြမိတော့ ဆံစတွေပေါ်ကိုမရဲတရဲရောက်လာတဲ့ကောင်လေးလက်ချောင်းတွေကခပ်ဖွဖွ။

"ရပြီဗျ ဟောဒီမှာ"

မြင်ကွင်းရှေ့ရောက်လာတာက မေပယ်ရွက်ကြွေဝါဖန့်ဖန့်လေး။ လမ်းတစ်ဖက်တစ်ချက်စီကမေပယ်ပင်တွေအများကြီးမို့ ဘယ်အချိန်ကပ်ပါလာခဲ့သလဲဆိုတာ သူမသိ။ ဒါကိုမြင်နေရတဲ့ကောင်လေးက လက်စသပ်တော့ ခေါင်းပေါ်မှာရွက်ကြွေတင်နေလို့ဖယ်ပေးဖို့ခွင့်တောင်းတဲ့သဘော။

"မေပယ်တွေအကြောင်း သက်ဝေကြားဖူးလားဗျ"

မေပယ်ရွက်ရဲ့ရိုးတံတိုတိုလေးကိုဟိုလှည့်ဒီလှည့်လုပ်နေရင်းကောင်လေးကမေးလာတယ်။ ဒီဝါဖန့်ဖန့်ရွက်ကြွေကလေးတွေမှာ ဘာများထူးထူးခြားခြားစိတ်ဝင်စားစရာရှိလို့လဲ။ အရိုးခံသဘောနဲ့ခေါင်းယမ်းပြတော့ အဲ့ဒီချာတိတ်ကပြုံးတယ်။

"မေပယ်တွေဆိုတာအတူအိုမင်းခြင်းဆိုတဲ့အဓိပ္ပါယ်လို့ ကျွန်တော်ကြားဖူးတယ်
ဒီမေပယ်ရွက်ကြွေလေးက ကျွန်တော်တို့ကိုအတူအိုမင်းစေဖို့ အဆောင်ဖြစ်မယ်ထင်တယ် သက်ဝေရဲ့"

မေပယ်ရွက်ကြွေလေးကိုတယုတယနဲ့တို့ထိနေပြန်တဲ့ကောင်လေးကြောင့် ခေါင်းအသာယမ်းရင်းပြုံးမိသေးတယ်။

"မင်းအရူးဘဲ ချာတိတ်ရဲ့"

မနိုင်သလိုပြောရင်း ကော်ဖီဆိုင်လေးဆီခပ်သွက်သွက်လျှောက်လာခဲ့တယ်။ ထုံးစံအတိုင်းဘဲ ပြတင်းပေါက်ဘေးကစားပွဲဝိုင်းလေးကလွဲရင် Michaelဆိုင်ကလူပြည့်နေပြီ။ ဒီနေရာလေးကို ကိုယ့်အတွက်တသီးတသန့်ချန်ထားပေးတတ်တဲ့အဘိုးကြီးMichaelကိုကျေးဇူးတင်ခဲ့ရတာလည်း ဟိုးအရင်တည်းက။

"ဟော...ဒီနေ့သူငယ်ချင်းနဲ့ပါလား လူလေး"

ကော်ဖီဆိုင်ကစားပွဲဝိုင်းလေးဆီရောက်တော့ ကော်ဖီတစ်ခွက်နဲ့အတူMichaelကရောက်လာရင်း အံ့သြသလိုပြောတယ်။

"ကျွန်တော် သူ့သူငယ်ချင်းမဟုတ်ဘူးဗျ
သူ့ကိုပိုးပန်းနေတဲ့သူ"

အဂ်လိပ်လိုရည်ရည်မွန်မွန်ဘဲMichaelကိုပြန်ချေပတဲ့ကောင်လေးကြောင့် Michaelက ပါးရေနားရေတွေတွန့်အောင်ရယ်တယ်။

"ကံကောင်းပါစေကွာ
မင်းအဆင်ပြေရင် ငါ့ဆိုင်လည်းဖောက်သည်တစ်ယောက်တိုးလာမှာ"

အဘိုးကြီးMichaelကအရွှန်းဖောက်သလိုပြောရင်း ထွက်သွားတယ်။ ဒီကောင်လေးဟာတကယ့်ကိုမလွယ်ကြောလေး။

"စာချုပ်ချုပ်ကြတော့မလား သက်ဝေ"

စာရွက်စာတမ်းတွေကို စားပွဲလေးပေါ်မှာတင်ရင်း ကောင်လေးကမေးပါတယ်။ Michaelချသွားပေးတဲ့ကော်ဖီခွက်ကိုဇွန်းနဲ့နာနာမွှေနေရင်း ကောင်လေးကိုခေါင်းညိမ့်ပြလိုက်တယ်။

"အင်း စကြတာပေါ့"

အလုပ်အကြောင်းပြောတဲ့အခါကျ ကောင်လေးကချာတိတ်ပုံစံနဲ့ကွဲထွက်ပြီး အတွေ့အကြုံရှိနေတဲ့ Business Manတစ်ယောက်လို။ Jewelry Designတွေရဲ့အရေးပါပုံကိုသေချာလေးမေးမြန်းနေပုံက တကယ့်Gentle Manတစ်ယောက်ပုံစံမျိုး။

"မင်း Jewelry Designတွေကိုအတော်စိတ်ဝင်စားပုံဘဲ ချာတိတ်"

"သက်ဝေကိုပိုစိတ်ဝင်စားတယ်ဗျ"

စာချုပ်ချုပ်ပြီးလို့သူပြောတဲ့အခါ ကောင်လေးကခပ်ပြုံးပြုံးဘဲတုံ့ပြန်ပါတယ်။ ကျားကျားလျားလျားယောကျာ်းသားကြီးမို့ ဒီလိုအချိုသကာစကားတွေကြားရတာ နည်းနည်းတော့ရှိုးတို့ရှန်းတန့်ဖြစ်မိပါရဲ့။

"ဒါနဲ့ စကားမစပ် ကျွန်တော့်တရုတ်နာမည်အရင်းက ရိပေါ်...ဝမ်ရိပေါ်ပါဗျ...ချာတိတ်မဟုတ်ပါဘူး"

သူပြုံးမိတယ်။ ဝမ်ရိပေါ်တဲ့...နာမည်လေးကတော့သဘောကျချင်စရာကောင်းသား။ ဒါနဲ့များ စတွေ့တုန်းက ဝမ်ရိပေါ်ပါလို့နှုတ်ဆက်လိုက်ရင် ပြီးရောမလား။

"ဟုတ်ပြီ ကိုယ်ဘယ်လိုခေါ်ရမလဲ"

မျက်ခုံးတစ်ဖက်ပင့်ပြရင်း သူပြောတော့ ကောင်လေးကပြုံးတယ်။ ရှေ့ကဘယ်ချိန်လာချသွားမှန်းမသိတဲ့ကော်ဖီခွက်ကိုသေချာလေးမွှေနေသေးတယ်။

"သက်ဝေသဘောကျသလိုခေါ်နိုင်ပါတယ် ဒါပေမယ့် ကျွန်တော့်နာမည်ချာတိတ်မဟုတ်ဘူးဆိုတာတော့သက်ဝေသိစေချင်ပါတယ်ဗျ"

အလိမ္မာနည်းနဲ့ပြောနေတဲ့ကောင်လေးကြောင့် ဘယ်လိုခေါ်ရမလဲဆိုတာ ခေါင်းထဲမှာအပြေးစဥ်းစားမိတယ်။ ဒါပေမယ့် ဒီတိုင်းသူ့နာမည်ကလွဲလို့ ဦးနှောက်ထဲကဘာမှထွက်မလာခဲ့။

"အင်း...ရိပေါ် ကိုယ့်နာမည်ရှောင်းကျန့်ပါ"

သူ့ကိုယ်သူဒုတိယအကြိမ်မိတ်ဆက်တော့ ရိပေါ်ဆိုတဲ့ကောင်လေးမျက်ခုံးတန်းတွေက မသိမသာမြင့်တက်သွားတယ်။ အရမ်းကြီးအံ့အားသင့်သွားတာမျိုးလည်းမဟုတ်။

"Seanဘဲဖြစ်ဖြစ် ရှောင်းကျန့်ဘဲဖြစ်ဖြစ်
ကျွန်တော့်အတွက်ကတော့ သက်ဝေပါဘဲဗျ"

ဖာသာပြောဖူးသလို တစ်ခွန်းတည်းနဲ့ရင်ဘတ်ထဲထိနွေးတဲ့စကားမျိုးဆိုတာ ဒါမျိုးဖြစ်မယ်နဲ့တူတယ်။ ကိုယ့်ဘေးမှာတစ်စုံတစ်ယောက်ရှိနေပါလားဆိုတဲ့အသိက ဒီလောက်ထိနက်ရှိုင်းတယ်ဆိုတာ ရှောင်းကျန့်ဆိုတဲ့သူအခုမှသိလာခဲ့တာ။ ပညာစုံလို့အမိမြေကိုကျောခိုင်းဖို့ပြင်ခဲ့တုန်းက ဖာသာကပြောဖူးခဲ့တယ်။

'အချစ်ကိုကျွန်တော်မယုံဘူး ဖာသာ'

အဲ့လိုပြောတော့ ဖာသာက သူ့ဆံစတွေကိုခပ်ဖွဖွပွတ်သပ်ပေးရင်းကနေ ခပ်တိုးတိုးဆိုခဲ့တယ်။

'သား အချစ်ကိုမယုံတာမဟုတ်ပါဘူး ရှောင်ရှောင်းရယ်
သားကမချစ်တတ်သေးတာပါ
သားချစ်တတ်လာတဲ့တစ်နေ့ကျရင် သားကိုယ်တိုင်တွေ့ရပါလိမ့်မယ်'

အဲ့ဒီအချိန်တုန်းကတော့ ဖာသာ့စကားတွေဟာ သူ့ဦးနှောက်ထဲမှာတစ်နေရာစာရှိနေတာကလွဲလို့ ထူးထူးခြားခြားတွေးတောစရာမရှိခဲ့။ တစ်ယောက်နဲ့တစ်ယောက်ချစ်တယ်ပြောပြီး သူဖြစ်လာတဲ့အခါ အသုံးမဝင်တဲ့အမှိုက်တစ်စလိုစွန့်ပစ်ခဲ့ကြတဲ့သူ့မိဘတွေကရော စမ်းချစ်ကြည့်ခဲ့ပြီးမှားယွင်းခဲ့ကြတာလား။ သူ့လိုကလေးတွေကရော စမ်းသပ်ခံပစ္စည်းတွေအဖြစ် မတရားစွာရှိနေရဦးမှာလား။ ဒီလိုအတွေးတွေနဲ့ သူ့အတွက်အချစ်ဆိုတာ အကောင်အထည်မရှိတဲ့ပြက်လုံးတစ်ခုလိုဖြစ်နေခဲ့တာ။ အခုတော့ ဖာသာပြောတာမှန်တော့မလားဘဲ သူ့ပင်လယ်လေးကမငြိမ်သက်တော့ဘူး။ အနီရောင်ပိုးကြိုးမျှင်လေးတွေ ရစ်ပတ်စပြုနေပြီ။

လူတစ်ယောက်အပေါ်စိတ်ယိုင်ခြင်းကို ဘယ်လိုအချင်းအရာတွေနဲ့သတ်မှတ်ကြပါသလဲ။ နှစ်ကြိမ်ဘဲမြင်ရသေးတဲ့မီးခိုးရောင်မျက်ဝန်းတွေလား ဒါမှမဟုတ် ဘယ်ဘက်နားကရေယက်ပုံနားဆွဲလေးလား။ သေချာတာကတော့ နဖူးပေါ်ထိဝဲကျစပြုနေတဲ့မီးခိုးရင့်ရောင်ဆံစတွေဖြစ်မယ်ထင်ပါတယ်...။

***

နေ့ရက်တွေဟာ သာမန်ထက်ပိုပြီးအဓိပ္ပါယ်ရှိလာတယ်။ အရင်ကထက်ပိုပြီးဆန်းပြားလာခဲ့တယ်။ သက်ဝေဆိုတဲ့နာမ်စားကိုကျင့်သားရလာတယ်။ ဗလာသက်သက်​မြင်နေကျဘတ်စ်ကားမှတ်တိုင်ကလေးမှာ သူ့ကိုစောင့်နေကျကောင်လေးတစ်ယောက်ကိုအမြဲတွေ့လာရတယ်။ တစ်ယောက်တည်းလျှောက်နေကျလမ်းကျဥ်းကလေးမှာ အတူတွဲလျှောက်ရင်းစကားတွေပြောမယ့်အဖော်တစ်ယောက်ရှိလာတယ်။ သူထိုင်နေကျပြတင်းပေါက်ဘေးကစားပွဲဝိုင်းလေးမှာ လူတစ်ယောက်အမြဲပိုရှိလာတတ်တယ်။ အထူးသဖြင့် အဘိုးကြီးMichaelရဲ့ကော်ဖီဆိုင်လေးမှာ ဖောက်သည်တစ်ယောက်တိုးလာပြီး အဲ့ဒီစားပွဲဝိုင်းလေးကိုကော်ဖီချတဲ့တာဝန်ဟာ ဒီကောင်လေးရဲ့အလုပ်ဖြစ်လာတာပါဘဲ။

ရိပေါ်က ရှောင်းကျန့်ထင်ထားတာထက်လေးနက်နေတယ်။ ချာတိတ်ကလေးလို့သတ်မှတ်လို့မရလောက်အောင် ရှောင်းကျန့်အပေါ်နက်ရှိုင်းနေပြန်ပါတယ်။ Jewelry Designတွေဆွဲတဲ့အခါ သူကငြိမ်ငြိမ်လေးထိုင်နေပေးတတ်တာမျိုး။ ရှောင်းကျန့်ဆွဲထားတဲ့Designတွေကို သေချာလေးအကဲဖြတ်ဝေဖန်ပေးတတ်တာမျိုးပေါ့။ အဆုံး ရှောင်းကျန့်သောက်မယ့်ကော်ဖီကိုအခါးလျှော့အောင် အဘိုးကြီးMichelဆီကပ်တိုးလေးအကူအညီတောင်းတတ်တဲ့အထိ ရိပေါ်ကရဲတင်းလာပါတယ်။ Michelလက်ရာလည်း ပုံမှန်မဟုတ်တော့သလို ရှောင်းကျန့်နှလုံးသားကလည်းပုံမှန်မဟုတ်တော့ဘူး။

မေပယ်တွေနည်းနည်းကနေများများကြွေလာတာနဲ့အမျှ ရိပေါ်အကြောင်းတွေကို ရိပေါ်ဖွင့်ဟသလောက်ရှောင်းကျန့်နားထောင်တတ်လာတယ်။ အဲ့ဒီအခါတိုင်း သူဟာArtist Seanမဟုတ်ဘဲ ဆယ်ကျော်သက်ကလေးရှောင်းကျန့်လိုခံစားရသေးတယ်။ ရိပေါ်က အဂ်လန်အခြေစိုက်ကျောက်မျက်ကုမ္ပဏီကြီးတစ်ခုရဲ့အမွေဆက်ခံသူဆိုတာသိရတဲ့အခိုက် နည်းနည်းတုန်လှုပ်မိတာကလွဲရင်ပေါ့လေ။

'သက်ဝေ နေမကောင်းဘူးလားဗျ'

'သက်ဝေ ကြည့်ရတာမျက်နှာလေးညှိုးနေသလိုဘဲ'

'ဒီနေ့ သက်ဝေပျော်နေတာလားဗျ'

'ဒီနေ့အလုပ်အခြေအနေဘယ်လိုရှိလဲ သက်ဝေ'

စတဲ့,စတဲ့မေးခွန်းပေါင်းများစွာဟာ ရိပေါ်စပိုးပန်းတည်းက ရှောင်းကျန့်အခါများစွာကြားရတတ်တဲ့စကားတွေပါဘဲ။ ရှောင်းကျန့်မျက်နှာကိုအရိပ်တကြည့်ကြည့်လုပ်ရင်း ရိပေါ်ကမေးခွန်းတွေအများကြီးမေးတတ်ပါတယ်။ တစ်ခါတစ်လေဒီကလေးဟာ အရမ်းအားနေသလားလို့တွေးမိတဲ့အထိ။

"မင်းမှာဘာအလုပ်မှမရှိဘူးလား ရိပေါ်"

အဲ့ဒီလိုရှောင်းကျန့်မေးတဲ့အခါ ပြုံးနေတဲ့မျက်နှာလေးကတည်သွားတတ်တယ်။ ပြီးတော့

"သက်ဝေကိုအမြဲဂရုစိုက်နိုင်ဖို့က ကျွန်တော့်အလုပ်ဘဲလေ"

ကြက်တူရွေးလိုသိပ်စကားတတ်တဲ့ရိပေါ်က ရှောင်းကျန့်မေးလိုက်တိုင်း အဲ့ဒီစကားတစ်ခွန်းနဲ့နှုတ်ပိတ်တတ်ပါတယ်။ အမြဲဆိုတာကိုတမင်ထည့်ထည့်ပြောတဲ့အခါ ဘာရယ်ကြောင့်မှန်းမသိ ဒီကလေးသူ့အနားကပျောက်ကွယ်သွားမှာကို ရှောင်းကျန့်စိုးရိမ်မိပါသေးတယ်။ ဘယ်တစ်ဦးတစ်ယောက်ဆီကမှ မေတ္တာပိုးကြိုးထုံးလေးသတ်သတ်မှတ်မှတ်မရခဲ့ပေမယ့် ရှောင်းကျန့်ကိုယ်တိုင်ကတော့ ရိပေါ်ကိုပိုးကြိုးနီတွေနဲ့ရစ်ပတ်မိသွားခဲ့ပြီ။ ဖာသာပြောခဲ့သလိုပါဘဲ ကိုယ်တိုင်နဖူးတွေ့ဒူးတွေ့ကြုံရမှ ဟောဒီပိုးကြိုးတွေဘယ်လောက်ခိုင်ကြောင်း သိလာရတယ်။ တစ်စထက်တစ်စတိုးဝင်ငြိတွယ်လာတဲ့နှလုံးသားကြောင့် ရှောင်းကျန့်ပူပန်စပြုလာပါတယ်။

သူ့မေတ္တာတွေဟာ ဒီကောင်လေးအတွက် အဆိပ်အတောက်ကင်းနိုင်ပါ့မလားဆိုတာကိုပေါ့...။

***

အိမ်တံခါးပေါက်ကလေးမှာ နှင်းမြူတွေရစ်သိုင်းနေသေးတယ်။ အဂ်လန်ရဲ့ဒီဇင်ဘာလဟာ လမ်းတွေရော၊အိမ်တွေရော နှင်းတွေဖုံးလို့။ ချီတုံချတုံဖြစ်နေတဲ့စိတ်နဲ့ တံခါးဝကိုထိုင်ငေးနေတာ မနက်6:00တည်းက အခုဆို 8:00ထိုးပြီ။ ဟုတ်တယ် ဒီနေ့ရိပေါ် သူ့ကိုပိုးပန်းခဲ့တာသုံးလပြည့်သွားပြီ။ မျက်နှာတစ်ချက်အညှိုးမခံဘဲမြတ်နိုးပေးခဲ့တဲ့ဒီကောင်လေးအပေါ် မချစ်မိခဲ့ပါဘူးဆိုရင် ရှောင်းကျန့်လိမ်ရာကျမှပေါ့။ ဝေခွဲရခက်စွာနဲ့အခန်းပြတင်းပေါက်မှာရပ်ငေးနေတုန်း။ တစ်ချိန်ကတွေးခဲ့သလိုပေါ့ သူ့မေတ္တာတွေကြောင့်ဒီကောင်လေးအနာတရဖြစ်မှာစိုးပါတယ်။ ဒီကောင်လေးမှာတောက်ပလွန်းနေတဲ့အနာဂတ်တွေရှိနေသေးတာ။ သူ့ထက်အလေးထားဖို့လိုတဲ့အရာတွေရှိနေသေးတာကို ရှောင်းကျန့်နားလည်တာမို့ရင်တွေနာရပါတယ်။

Long Coatအညိုရောင်ကိုလက်နဲ့သပ်ချရင်း လက်ဆွဲအိတ်လေးဆွဲပြီး ကော်ဖီဆိုင်လေးဆီကိုဦးတည်ဖို့တွေးရတယ်။ အရင်နေ့တွေကလိုသူမလာမချင်းစောင့်နေမယ့်ကောင်လေးကို ရှောင်းကျန့်အားနာပါတယ်။ ရုပ်ရှင်တွေထဲမှာလိုပန်းပွင့်ဖတ်တွေကိုချွေပြီး မချစ်ဘူး ချစ်တယ်ရွေးနေဖို့လည်း ရှောင်းကျန့်မှာသတ္တိမရှိ။ သူကလည်းချစ်မိနေခဲ့ပြီးပြီကိုး။

ထင်တဲ့အတိုင်းဘဲ ဘတ်စ်ကားမှတ်တိုင်လေးမှာရိပေါ်ကစောင့်နေတယ်။ တစ်ချိန်ကမှတ်ဉာဏ်ကိုဒီလူဆိုးလေးမေ့သွားဖို့ဘဲ ရှောင်းကျန့်မျှော်လင့်ပါတယ်။

"သက်ဝေ နေမကောင်းဘူးလားဗျ"

အနားရောက်တော့ ကိုယ်ပူစမ်းဖို့လက်ဖဝါးလေးရွယ်ပြီးခါမှမချင့်မရဲဖြစ်သွားတဲ့အဲ့ဒီကောင်လေးကို ကိုယ်ငြိတွယ်လိုက်ရတာ။ ခေါင်းအသာယမ်းပြရင်း ရှေ့ဆက်လျှောက်လာပေမယ့် အရင်နေ့တွေကလို ရိပေါ်စကားတွေမပြောတာကို ရှောင်းကျန့်သတိထားမိပါတယ်။ ဟင်းတစ်ခွက်ကိုဆားထည့်ဖို့မေ့သလိုမျိုး ဒီနေ့လမ်းလျှောက်ရတာ ဟာတော့ဟာတာတာ။ ကော်ဖီဆိုင်လေးဆီရောက်တော့ ရိပေါ်ကကော်ဖီခွက်ကလေးကိုမမေ့မလျော့လာချပေးရင်း

"သုံးလပြည့်သွားလို့စိတ်မညစ်ပါနဲ့ သက်ဝေရဲ့ တစ်သက်လုံးပိုးပန်းဆိုလည်းကျွန်တော်ကဖြစ်ပါတယ်"

ခဏတာစိတ်ကစားတာလို့ထင်ခဲ့ပေမယ့် ရိပေါ်စကားကြောင့် ရှောင်းကျန့်ရင်ဆို့ရပါတယ်။ ဖြစ်နိုင်ရင် ဒီကောင်လေးကိုအိတ်ကပ်ထဲထည့်ပြီး သွားလေရာခေါ်သွားချင်လိုက်တာ။

"ကိုယ်တို့နှစ်ယောက်လုံးယောကျာ်းတွေဆိုတာ ရိပေါ်သိတယ်မလား"

နည်းနည်းမျှော်လင့်ချက်လေးလျော့ကျသွားမလားဆိုတဲ့စိတ်နဲ့ပြောလိုက်ပေမယ့် ရိပေါ်ကချက်ချင်းခေါင်းညိမ့်တယ်။

"သိတာပေါ့...ကျွန်တော်သိတာပေါ့
အဲ့ဒီယောကျာ်းက သက်ဝေဖြစ်နေလို့ကို ကျွန်တော်ချစ်ခဲ့တာပေါ့"

တစ်စုံတစ်ခုကိုနားလည်သဘောပေါက်ဟန်ရှိသွားတဲ့ရိပေါ်မျက်ဝန်းတွေကလည်း ပတ်ဝန်းကျင်လိုခပ်မှိုင်းမှိုင်းရယ်ပါ။

"မင်းမှာ အနာဂတ်လမ်းတွေအများကြီးရှိသေးတယ် ချာတိတ်ရဲ့
ဘာလို့ကိုယ့်ကိုမှရွေးချယ်ချင်နေရတာလဲ"

မပြောမဖြစ်လို့ပြောခဲ့ရတဲ့စကားတွေပါဘဲ။ ဒီကလေးကိုထိခိုက်နာကျင်စေလိုခြင်းအလျဥ်းမရှိလို့ ကိုယ့်ရင်ဘတ်ကိုမီးမြှိုက်ရင်းအံကျလာတဲ့စကားတွေပါ။ ကိုယ့်မေတ္တာထွေးလို့ဒီအမျိုးသားအေးပါစေဆိုတဲ့စိတ်နဲ့ရယ်ပါ။

"ကျွန်တော်ပြောပြီးပြီလေဗျာ
အဲ့ဒီလူကသက်ဝေမို့လို့ သက်ဝေဖြစ်နေလို့သာကျွန်တော်ချစ်ခဲ့တာလို့"

စိတ်ရင်းနဲ့ဖွင့်ဟတဲ့ရိပေါ်စကားတွေအောက်မှာ သူပြောစရာစကားကင်းမဲ့ပါတယ်။ 'မချစ်တာမဟုတ်ဘူး ကလေးရဲ့ မချစ်ရဲတာ'လို့ အာခေါင်ခြစ်ပြီးအော်ရင်းငိုပစ်လိုက်ချင်မိတာ အခါခါ။

"သက်ဝေတစ်မျက်နှာဘဲကြည့်ပြီးရှင်သန်ခဲ့တဲ့ကောင်ပါဗျာ
အချစ်ကိုမယုံရင်တောင် ကျွန်တော့်ကိုယုံပေးကြည့်ဖို့တောင်းဆိုထားတယ်လေ သက်ဝေရဲ့"

နှုတ်ဆိတ်နေတဲ့အခါ ယူကြုံးမရသလိုမျိုး အဲ့ဒီကောင်လေးကပြောပါတယ်။ ဒီသုံးလအတောအတွင်းမှာ အချစ်ဆိုတာထက် ဒီကောင်လေးကိုပိုယုံခဲ့တာကို ရှောင်းကျန့်ကိုယ်တိုင်ရော သူ့အငွေ့အသက်နဲ့အခါးပေါ့ခဲ့တဲ့ကော်ဖီခွက်တွေကအစ ဘတ်စ်ကားဂိတ်လေးအဆုံးသိပါတယ်။

"ကိုယ်မင်းကိုယုံပါတယ် ဒါပေမယ့်..."

စကားဆက်ပြောဖို့ရပ်သွားရတာ ရှောင်းကျန့်လက်ချောင်းသွယ်သွယ်တွေကို ခပ်ဖွဖွလာဆုပ်တဲ့လက်နွေးနွေးလေးကြောင့်။ တကယ်ဘဲ ဒီကောင်လေးအတင့်ရဲလွန်းပါတယ်။

"ဒါပေမယ့်ဆိုတာမလိုပါဘူး သက်ဝေရဲ့
ကျွန်တော့်ကိုယုံရင်ရပြီလေဗျာ
ဘာတွေများတွေးပူနေရတာလဲဟင်
တွေးပူချင်ရင် သက်ဝေထားခဲ့တဲ့အခါကျန်ခဲ့ရမယ့်ကျွန်တော့်ကိုသာတွေးပူပေးပါလား"

နောက်ထပ်ဘာမှပြောဖို့မလိုလောက်အောင် ရှောင်းကျန့်နားလည်သွားတယ်။ သူရှိနေတာထက်စာရင် သူမရှိတာက ဒီကောင်လေးအတွက်ခံစားရခက်စေမှာ။ အနာတရကင်းစေဖို့အကြောင်းပြချက်တစ်ခုတည်းနဲ့ ပိုးကြိုးတွေကိုဖြတ်ပစ်ဖို့ သူတွေးခဲ့မိတာ။ လမ်းမဘက်ဆီကိုကြည့်မိတော့ နှင်းတွေပျောက်ပြီးနေရောင်ခြည်ပျပျလေးဖြာကျနေပြီ။ ခက်ခက်ခဲခဲနဲ့ချလိုက်တဲ့ဆုံးဖြတ်ချက်တစ်ခုဟာ ဒီကောင်လေးအတွက်တင်မဟုတ်ဘဲ သူ့အတွက်လည်းပါတယ်ဆိုတာ အရိုးသားဆုံးဝန်ခံပါတယ်။

ရှောင်းကျန့်ဟာ ဒီကောင်လေးအတွက် နေရောင်ခြည်ပျပျလေးဖြစ်စေရပါ့မယ်။ ဘဝတစ်လျှောက်လုံးအတွက် သံသရာတစ်လျှောက်လုံးအတွက်။

***

ချစ်သူရည်းစားဘဝဆိုတာထက် အလုပ်နဲ့ဘဝရေးရာရောထွေးနေတဲ့ဘဝတွေမို့ အလုပ်တွေဖိလုပ်ရင်းနဲ့လွမ်းလာတဲ့အခါ အဘိုးကြီးMichaelရဲ့ကော်ဖီဆိုင်ကလေးဆီမှာ ပြေးတွေ့ဖြစ်ကြတယ်။ ယောကျာ်းသားနှစ်ယောက်ရဲ့ချစ်ခြင်းမို့ ပျားသကာလိုစကားတွေမပြောလည်း နားလည်မှုရှိနေကြတယ်။ အလုပ်အကြောင်း ကျောက်မျက်ရတနာတွေအကြောင်းပြောကြရင်းက အလျဥ်းသင့်သလိုဂရုစိုက်ပေးတတ်တဲ့ကောင်လေးအကျင့်ကတော့မပြောင်းမလဲ။

အားနွဲ့တဲ့မိန်းမသားတွေမဟုတ်တာကြောင့် ဘယ်သူ့ရင်ခွင်ထဲဘယ်သူခိုလှုံရမယ်ဆိုတာတွေစဥ်းစားနေဖို့အချိန်မရှိပါဘူး။ သူလည်းယောကျာ်း ရိပေါ်လည်းယောကျာ်းမို့ အခွင့်အရေးဟာ သူတို့နှစ်ယောက်ကြားမှာသာတူညီမျှ။ တစ်ခါတစ်ခါထိန်းချုပ်ထားရလွန်းလို့ပေါက်ကွဲလာတဲ့အခါတိုင်းလည်း အဲ့ဒီကောင်လေးက ချစ်စရာကောင်းအောင်ခွင့်တောင်းတတ်သေးတာ။

'ကျွန်တော် လက်ကလေးခဏကိုင်လို့ရမလား သက်ဝေ'

'ကျွန်တော့်သက်ဝေ ဒီနေ့နေသာလို့လေ နည်းနည်းနမ်းလို့ရမလားဗျ'

'သက်ဝေ ခေါင်းလျှော်ထားတာလား
ကျွန်တော်နမ်းကြည့်လို့ရမလားဟင်'

ဘာမှမဟုတ်တဲ့အကြောင်းပြချက်တွေကို မဆိုင်ဆိုင်အောင်ဆွဲသွင်းပြီးပြောတတ်တဲ့ ဒီသာလိကာလေးကို တချို့အရာတွေမှာခွင့်တောင်းဖို့မလိုဘဲစိတ်ရှိလက်ရှိပြုမူလိုက်ဖို့ဆုံးမရတတ်ပါသေးတယ်။ ကိုယ့်တစ်မျက်နှာတည်းကြည့်ပြီးရှင်သန်ခဲ့တယ်ဆိုတာ အလိမ်အညာမဟုတ်ခဲ့လို့လည်း သိပ်ဝမ်းသာရသေးတယ်။ မျိုးဆက်လိုချင်တဲ့မိဘတွေက အဆက်အသွယ်ဖြတ်ဖို့အတန်အတန်ပြောဖူးခဲ့တာတောင် ခေါင်းမာလွန်းလို့ မိဘတွေကိုယ်တိုင်အလျှော့ပေးလိုက်ရကြောင်းသိရပြန်တော့ ဒီကလေးဟာကိုယ့်အပေါ်သိပ်နက်ရှိုင်းပါလားဆိုတဲ့အသိက ရင်တစ်ခုလုံးနွေးစေပါတယ်။

ဆေးပေးမီးယူဆိုတာ ကိုယ်ဖျားနာတဲ့အချိန်ဆေးယူပေးတတ်တဲ့ကောင်လေးပါလားဆိုတာမျိုး။ ထမင်းစားချိန်မမှန်တဲ့ကိုယ့်ကို ဂရုဏာဒေါသောနဲ့ဆုံးမပြီးတဲ့အခါ အစားမဝင်ဝင်အောင်အတင်းကျွေးတတ်တဲ့ကောင်လေးက ဘုရားသခင်ရဲ့ကောင်းချီးတစ်ပါးလိုမျိုး ရှောင်းကျန့်ဘဝထဲမှာထည်ထည်ဝါဝါရှိလာပါတယ်။

'အချစ်ကိုယုံလား Mr.Sean'

လုပ်ငန်းရှင်တွေနဲ့တွေ့ဆုံပြီးအဲ့လိုအမေးခံရတိုင်း မဆိုင်းမတွခေါင်းယမ်းမိပါတယ်။

'အချစ်ကိုမယုံဘူး ဝမ်ရိပေါ်ကိုယုံတယ်'

နှုတ်ခမ်းအောက်ကမှည့်နက်လေးမြောက်တက်သွားအောင် အဲ့ဒီလိုဖြေတတ်တာကို ဝမ်ရိပေါ်သိတိုင်း အသည်းယားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ခပ်ဖွဖွနမ်းတတ်သေးတာ။

မေတ္တာတရားနှင့်တကွစိတ်၊ရုပ်၊ခန္ဓာအလုံးစုံကို ဒီကောင်လေးဆီအပြီးအပိုင်နှင်းအပ်ခဲ့တဲ့နေ့က အဖြူရောင်သတို့သားလေးက သိပ်ကိုခန့်ညာလွန်းတယ်။ စတွေ့တုန်းကထက်ပိုတောက်ပတဲ့အပြုံးတွေနဲ့ကောင်လေးက ကျမ်းသစ္စာကျိန်ဆိုတုန်းက မျက်ဝန်းတွေတောက်ပနေပုံများ။ ဘုရားကျောင်းထဲကမဂ်လာစန္ဒယားသံက ကြားဖူးနေကျထက် ကိုယ်တိုင်ကြုံမှညိမ့်ညောင်းနေပြန်ပါရော။

"ကျွန်တော် သက်ဝေကိုချစ်တယ်"

ဘုရားကျောင်းဘေးကမြက်ခင်းပေါ်မှာခဏထိုင်နေတုန်း ရိပေါ်ကအဲ့လိုဆိုတယ်။ သူသိတာပေါ့ ဒီကောင်လေးသူ့ကိုဘယ်လောက်ချစ်တယ်ဆိုတာ ရှောင်းကျန့်သိတာပေါ့။ မြက်ခင်းပေါ်ချထားတဲ့ကောင်လေးလက်ဖဝါးနွေးနွေးကို ခပ်ဖွဖွထွေးဆုတ်မိတယ်။

"ကိုယ်လည်းမင်းကိုချစ်တယ် ရိပေါ်"

***

"သက်ဝေ အပြင်မှာအေးတယ်"

အသံနဲ့အတူပုခုံးပေါ်ရောက်လာတဲ့jacketအက်ျီလေး။ လူရွေးမှန်ခဲ့တယ်ဆိုတာထက် ရှောင်းကျန့်ရွေးချယ်ခဲ့တဲ့လူဟာ ဝမ်ရိပေါ်ဖြစ်နေခဲ့လို့မမှားခဲ့တာဖြစ်မယ်။ ဝမ်ရိပေါ်ဟာ ရှောင်းကျန့်မှမဟုတ်ရင်မဖြစ်တော့တာမျိုး၊ ရှောင်းကျန့်ဟာ ဝမ်ရိပေါ်နဲ့မှဖြစ်တာမျိုး။ ဖဝါးမလပ်ခြေရာထပ်စေတာမဟုတ်ဘဲ ခြေရာတွေယှဥ်ပြီးခင်းခဲ့တဲ့လမ်း။ ပန်းခင်းလမ်းမဟုတ်ဘဲ ဝမ်ရိပေါ်နဲ့အတူရှောင်းကျန့်ဖန်တီးခဲ့တဲ့ဘဝလမ်းပါ။

"ဒီနေ့ ကျွန်တော်တို့မဂ်လာသက်တမ်းနှစ်30ပြည့်ပြီနော် သက်ဝေ"

သတိပေးခြင်းမဟုတ်တဲ့စကားတွေမှန်းရှောင်းကျန့်သိပါတယ်။ အဖြူရောင်နေ့ရက်တွေစတင်ခဲ့တာ နှစ်30တင်းတင်းပြည့်သွားပြီ။ ရှောင်းကျန့်မျက်လုံးထဲမှာတော့ တစ်ချိန်ကဝမ်ရိပေါ်ကလည်းသူ့ဝမ်ရိပေါ်ဘဲ။ အသက်54နှစ်အရွယ်ဆံပင်ဖြူစအဘိုးကြီးပေါက်စဝမ်ရိပေါ်ကလည်း သူ့ချာတိတ်ကလေးဝမ်ရိပေါ်ပါဘဲ။ ခုထိ'ကျွန်တော်'လို့သုံးတုန်း 'သက်ဝေ'ဆိုတဲ့နာမ်စားလေးကို တယုတယခေါ်တုန်း။

"ပျော်ရွှင်စရာ နှစ်30ပြည့်မဂ်လာနှစ်ပတ်လည်နေ့လေးဖြစ်ပါစေ သက်ဝေ"

ရှောင်းကျန့်မျက်နှာကိုသေချာကြည့်ရင်း အဘိုးအိုပေါက်စဝမ်ရိပေါ်ကဆိုလာပါတယ်။ 'မပျော်ရဘဲရှိမလား ငတုံးလေးရဲ့ ကိုယ့်မှာမင်းရှိတယ်လေ'လို့ နဖူးလေးကိုခပ်ဖွဖွထုပြီးပြောပြချင်လိုက်တာ။

"ဆုတောင်းပေးဖို့မလိုပါဘူး
မင်းရှိနေသ၍ကိုယ်ပျော်ပါတယ်"

သူအဲ့လိုပြောတော့ တွန့်စပြုနေတဲ့ပါးရေနားရေတွေနဲ့အဘိုးအိုလေးက နှစ်နှစ်ခြိုက်ခြိုက်ပြုံးပါတယ်။ ပြီးတော့

"နောင်တရလား သက်ဝေ"

ဉာဏ်ကောင်းလွန်းတဲ့ကောင်လေးက တစ်ချိန်က ကတိသစ္စာကိုသိပ်တည်ချင်ပုံပါဘဲ။ အဘိုးအိုလေးရဲ့မျက်နှာကို မြတ်နိုးနှစ်လိုစွာကြည့်မိတယ်။ အခုပြောမယ့်စကားဟာ တစ်သံသရာလုံးစာရည်ညွှန်းတဲ့စကားမို့ သူ့အမျိုးသားကျေနပ်ပါ့မလားမသိပါဘူး။

"အင်း...သိပ်နောင်တရတယ်
မင်းကိုစောပြီးမတွေ့ခဲ့လို့
ယုံကြည်ဖို့တွန့်ဆုတ်ခဲ့မိလို့ ကိုယ်သိပ်နောင်တရတယ် ရိပေါ်"

#TayyYizhan🖤
29.5.2022(Sun)

Continue Reading

You'll Also Like

Fate By v xxxiri v

Short Story

22.7K 1.7K 13
"𝚆𝚑𝚎𝚗 𝚠𝚒𝚕𝚕 𝚝𝚑𝚎𝚢 𝚜𝚝𝚘𝚙 𝚑𝚊𝚝𝚒𝚗𝚐 𝚖𝚎 ?" 𝙰 𝟷𝟻 𝚢𝚎𝚊𝚛 𝚘𝚕𝚍, 𝚅𝚒𝚜𝚑𝚗𝚞 𝚊𝚜𝚔𝚎𝚍 𝚌𝚛𝚢𝚒𝚗𝚐 𝚑𝚒𝚜 𝚑𝚎𝚊𝚛𝚝 𝚘𝚞𝚝. "𝚆...
472K 1.5K 47
🔞🔞🔞 warning sex!! you can cancel if you don't like it.This is only for the guys who have sensitive desire in sex.🔞🔞
94.8K 2.7K 20
Kody takes Lumine out ice skating for the first time! Boy x Boy - Lumine x Kody Disclaimer! I do NOT own any of the characters, or pictures! I only o...
42K 801 45
Short scenarios for your favorite characters! (Well the male characters at least) The characters included are Alastor, Angel Dust, Sir Pentious, Husk...