*Fiction ထဲတွင်ပါဝင်သော အကြောင်းအရာများ၊
ရိုးရာဓလေ့များ၊ အယူအဆများသည်
စာရေးသူ၏ စိတ်ကူးသက်သက်သာ
ဖြစ်ပြီး နေရာဒေသများမှာလည်း
စာရေးသူ၏ own universe သာဖြစ်ပါသည်*
စကြာဝဠာ၏ တောင်ဘက်စွန်းတွင် လွင့်မျော၍
စိတ်ကူးယဉ်ဆန်စွာ တည်ရှိနေသော
ကျွန်းမျောကြီး တစ်ခုရှိသည်။
ထိုကျွန်းကြီးသည် ထာဝရမပျက်စီးနိုင်သော
အရာများစွာနှင့် စုပေါင်းဖွဲ့စည်းထားပြီး
သေမျိုးလောကနှင့် အဝေးဆုံးတွင်
တည်ရှိနေသည်။
ဂျောင်ဆန်ကျွန်း။
တိုင်းယူလို့ပင်မရသော ဂျောင်ဆန်ကျွန်းမျောကြီး
သည် စိတ်ကူးယဉ်၍ မရလောက်အောင်
ကျယ်ဝန်းခန်းနားလွန်းသည်။
ထိုကျွန်းကြီးပေါ်တွင် ပြည်ထောင်စုနှစ်ခုတည်ရှိနေသည်။
ထိုနှစ်ပြည်ထောင်မှာ
၁။ "မိစ္ဆာတိုင်းပြည်"နှင့်
၂။ "အင်အားစုတိုင်းပြည်"တို့ ဖြစ်သည်။
ထိုနှစ်ပြည်ထောင်၏ ကြားတွင်
နက်ရှိုင်း၍ကြောက်မက်ဖွယ်ရာ ဒင်မ်ဆန်းသမုဒ္ဒရာကြီးက ခြားနားထားသည်။
၁။ မိစ္ဆာတိုင်းပြည်။
ထိုတိုင်းပြည်မှာ အမှောင်ထုများ၊ မိစ္ဆာဒိဌိများဖြင့်
ဖုံးလွမ်းနေသည်။
ထိုတိုင်းပြည်မှ လူများ၏ ကျင့်ကြံရေးလမ်းစဉ်များမှာလည်း မိစ္ဆာကျင့်ကြံရေးလမ်းစဉ်များသာ
ဖြစ်သည်။
အင်အားစုတိုင်းပြည်နှင့် မိစ္ဆာတိုင်းပြည်တို့မှာ
လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ခန့်က
ကြီးမားပြင်းထန်သော တိုက်ပွဲကြီး
တစ်ခုဖြစ်ပွါးခဲ့သည်။
မသေမျိုးလောကများ၏ တိုက်ပွဲမှာ
ပြင်းထန်၍ သွေးချောင်းတွင်တွင်စီးခဲ့သည်။
တစ်နှစ်ကြာတိုက်ပွဲဖြစ်အပြီးတွင်
နှစ်ဖက်လုံး အရေးမလှသဖြင့်
ငြိမ်းချမ်းရေးပြန်လည်ရယူကာ
အလယ်တွင် ဒမ်င်ဆန်းသမုဒ္ဒရာကြီးကို
ခြားလိုက်ပြီး တစ်သီးတစ်သန့်နေခဲ့ကြသည်။
၂။ အင်အားစုတိုင်းပြည်။
အင်အားစုတိုင်းပြည်တွင်
အလင်းအင်အားစု နှင့် အမှောင်အင်အားစုဟူ၍
နှစ်ပိုင်းကွဲပြားနေသည်။
အလင်းနှင့် အမှောင် ဟူသော အဓိပ္ပာယ်သည်
စကားလုံးမျှသာဖြစ်ပြီး
အင်အားစုနှစ်ခုလုံးမှာ မိစ္ဆာဒိဌိများ မဟုတ်ကြ။
ထိုပြင် မသိမသာနယ်မြေလု၍
အားပြိုင်နေကြသော အင်အားစုနှစ်ခုဖြစ်သည်။
အလင်းအင်အားစု၏ နယ်နိမိတ်နှင့်
အမှောင်အင်အားစု၏ နယ်နိမိတ်ကြားတွင်
အင်အားစုနှစ်ခုလုံး၏ အသက်စုဗူးများ
ထားရှိသော မိုယောင်း ဥယျာဉ်ကြီးတစ်ခု
ရှိလေသည်။
******************
အလင်းအင်အားစု၏ အကြီးအကဲဖြစ်သော
ကင်မ်မျိုးနွယ်စု နေထိုင်ရာ
ကင်မ်ဗြောလ်အိမ်တော်။
ကင်မ်ဗြောလ် အိမ်တော်တွင် လူအများအပြား
စည်ကားစွာ သွားလာလှုပ်ရှားနေကြသည်။
နောက်နေ့တွင် ကျင်းပမည်ဖြစ်သော
ဘိုးဘွားပူဇော်ပွဲအတွက်
အလုပ်ရှုပ်နေကြခြင်းဖြစ်သည်။
ပန်းအလှဆင်နေကြသည့်လူများ၊
ချက်ပြုတ်နေကြသည့်လူများဖြင့်
ရှုပ်ယှက်ခက်နေတော့သည်။
"ဒါမီ ကိုယ့်ကို ဒါလေးခဏကိုင်..."
ခွမ်း!
"ရားးး ကင်မ်ဆောင်ဂူ ရှင်နဲ့ ကျွန်မနဲ့တွေ့မယ်
ပန်းအိုးကို သေချာကိုင်ပါဆိုတာကို"
အသံမဆုံးခင် ထိုအမျိုးသမီး၏ လက်ထဲမှ
ယပ်တောင်က ဝဲတက်သွားကာ
ပန်းအိုးကို လွှတ်ချလိုက်မိသောသူ၏
ကျောကို တဖျန်းဖျန်းနှင့် ရိုက်နှင့်နေပြီးဖြစ်သည်။
"မကူချင်နေ မနှောက်ယှက်ပါနဲ့လို့
ပြောထားတာကို "
"အ့ နာတယ်လေ ဒါမီရဲ့ ကိုယ်က မတော်တဆ
အား"
ထိုသူမှာ လာရိုက်နေသော ယပ်တောင်ကို
လက်ဖြင့်ကာ၍ ပြန်ချေပပြောဆိုနေသည်။
ထိုလင်မယားနှစ်ယောက်မှာ တစ်ခြားသူများ
မဟုတ်။
အလင်းအင်အားစု၏ အကြီးအကဲဖြစ်သော
သခင်ကြီးကင်မ်ဆောင်ဂူနှင့်
သူ၏ ချစ်လှစွာသောဇနီး ယွန်းဒါမီ တို့ပင်။
သခင်ကြီးက သူ့ဇနီးအချောအလှလေးကို
သိပ်ချစ်သလို အလိုလည်း လိုက်သည်။
ဒါမီကလည်း နည်းနည်းလေး လက်ပါနိုင်စား
ချင်တာကလွဲလျှင် တော်တော်ချစ်ရှာပါသည်။
"အ့ ရပြီလေ ဒါမီရေ"
ရှုံ့မဲ့နေသော ခင်ပွန်းဖြစ်သူ၏ မျက်နှာကြောင့်
လက်ကို ပြန်ဖြန့်လိုက်ရာ
ယပ်တောင်လေးက သခင်မ၏
လက်တွင်းသို့ ပြန်ဝင်ရောက်လာသည်။
"ဟွန်း ပန်းအိုးကို ပြန်ပြင်လိုက်အခု"
ထိုအခါမှ သခင်ကြီးကင်မ်ဆောင်ဂူ လက်ထဲမှ
ရောင်စဉ်တန်းလေးထွက်လာ၍
မြေပြင်ပေါ်တွင် အစိတ်စိတ်အမွှာမွှာဖြစ်နေသော
ပန်းအိုးလေးက အကောင်းပကတိအတိုင်း
ပြန်ဖြစ်သွားတော့သည်။
အလင်းအင်အားစုတွင် အိမ်တော်တိုင်းက
ကျင့်ကြံသူများမှာ စွမ်းအားကိုယ်စီပိုင်ဆိုင်ထား
ကြသည်။
ထိုထဲတွင်မှ အင်အားစု၏ အကြီးအကဲဖြစ်သော
ကင်််မ်အိမ်တော်က ပို၍ စွမ်းအင်ရှိသည်။
သခင်ကြီးမှာ ပျက်စီးဒဏ်ရာမှန်သမျှကို
အကောင်းအတိုင်းဖြစ်အောင်
ပြန်လုပ်ပေးနိုင်သော စွမ်းအင်ရှိ၍
သခင်မ မှာမူ ပစ္စည်းများကို ရပ်တန့်နိုင်၊
ထိန်းချုပ်နိုင်စွမ်းရှိပြီး အဝတ်အစားများကို
လိုသလို ပြောင်းလဲနိုင်သော စွမ်းအင်ရှိလေသည်။
ထိုအဖြစ်အပျက်ကို အလုပ်လုပ်နေကြသော
အိမ်တော်မှ လူများက
တိုးတိုးတိတ်တိတ်ဖြင့် ကြိတ်ရယ်နေကြသည်။
ထိုသို့ ကြိတ်ရယ်ရဲခြင်းမှာလည်း
သခင်ကြီးနှင့် သခင်မ မှာ အိမ်တော်တွင်ရှိကြသော
အိမ်တော်ထိန်းမှစ၍ အစေခံများကိုပါ
အဆင့်အတန်းခွဲခြားခြင်းမရှိ။
ချစ်ခင်ကြင်နာကြသည်။
စွန့်ကြဲပေးကမ်းကြသည်။ မိသားစုအရင်းအချာများ
သဖွယ် သဘောထားကြသည်။
ထိုကြောင့် ကင်မ်အိမ်တော်တွင် အလုပ်လုပ်ကြရသော သူများမှာ ဆင်းရဲဒုက္ခအလျင်းမရှိ။
ပျော်ပျော်ရွှင်ရွှင်ဖြင့်
သခင်ကြီးနှင့် သခင်မကို ချစ်ကြောက်ရိုသေကြသည်။
ထိုပြင် သူတို့ ချစ်ကြသော
အိမ်တော်၏ တစ်ဦးတည်းသော သခင်လေး
တစ်ယောက်လည်း ရှိပေသည်။
"သခင်လေးရော မတွေ့မိပါလား"
အထိန်းတော်ကြီးခါအွန်းက ဘေးမှပန်းထိုးနေသော
ကောင်မလေးနှစ်ယောက်ကို မေးလိုက်သည်။
"ကျွန်မတို့လည်း သခင်လေးကို
မနက်ကတည်းက မတွေ့ဘူး"
"အော် ဒီကလေးနှယ့် ဘယ်တွေသွားနေသလဲမသိဘူး"
"ဒီမှာပါ ခါအွန်းရဲ့"
"အမလေး!"
အနားတွင် ဖြုတ်ခနဲပေါ်လာသောသူကြောင့်
အထိန်းတော်ကြီးမှာ လန့်ပင်သွားရသည်။
"သခင်လေးရယ် ကိုယ်ယောင်ဖျောက်ပြီး
မလာပါနဲ့လို့ ပြောထားရက်နဲ့"
"ဟီး"
ဟီးခနဲ ပြုံးပြလိုက်သောအခါ
အပြစ်ကင်း၍ နှစ်လိုဖွယ်၊
စူးရှ၍ ထက်မြက််သော မျက်နှာလေးပေါ်တွင်
သွားတန်းညီညီကလေးများ အစီအရီဖြင့်
လေးထောင့်ဆန်သော အပြုံးလေးတစ်ခု
ဖြစ်တည်လာသည်။
အိမ်မက်ဆန်စွာ ချောမော၍ နှစ်လိုဖွယ်ကောင်းသော
ထိုသူမှာ ကင်မ်အိမ်တော်၏
(၇) ကြိမ်မြောက်ဆက်ခံသူသခင်လေး
"ကင်မ်ထယ်ယောင်း"ပင်။
ပယင်းရောင် တလက်လက် တောက်နေသော
မျက်လုံးဝိုင်းများ၊
ငွေမျှင်ရောင်ဆံနွယ်ရှည်ကြီးများဖြင့်
နှာတံစင်းစင်း၊မျက်နှာသွယ်သွယ်၊
လေးထောင့်ဆန်သော အပြုံးလေးကို
ပိုင်ဆိုင်ထားသည့် ထိုသူမှာ...
လှသည်ဟူသော စကားဖြင့်
သုံးနှုန်းရလျှင်လည်း
ထက်ထက်မြက်မြက် သခင်လေးတစ်ယောက်မို့
အရမ်းနူးညံ့ရာ ကျသွားလေမလား။
ချောမောသည်ဟူသော စကားဖြင့်
သုံးနှုန်းရလျှင်လည်း
ဖော်ကြူးသည့်စကားလုံးက
မပြည့်မစုံဖြင့် လိုပင်လိုနေမလား။
မည်သို့မည်ပုံစာဖွဲ့ရမည်ကို မစဉ်းစားတတ်လောက်အောင် ရင်သက်ရှုမောစရာ အလှဟု
ပြောလျှင် ပိုမှန်ပေလိမ့်မည်။
သခင်လေးကင်မ်ထယ်ယောင်းမှာ
လေပေါ်တွင်ပျံဝဲနိုင်သော သက်ရှိသတ္တဝါ
ကျေးငှက်သာရကာ မှန်သမျှကို
ပိုင်စားသော စွမ်းအင်ရှိသူ ဖြစ်သည်။
ထိုအပြင် စိုက်ကြည့်လိုက်ရုံဖြင့် လူတိုင်းက
သူ၏ နှုတ်ထွက်စကားတိုင်းကို
အမိန့်လိုနာခံအောင် လုပ်ယူနိုင်သည့်
ပယင်းရောင် ညှို့မျက်ဝန်းတစ်စုံရှိသည်။
လှပ၍ ထက်မြက်သည်။
နူးညံ့၍ ပါးနပ်သည်။
အိမ်တော်၏ တစ်ဦးတည်းသော
အဆိုးလေးလည်း ဖြစ်ပြန်သည်။
"ဗိုက်ဆာတယ် ခါအွန်းရား"
"စားဖိုဆောင်ထဲမှာ အကုန်ရှိတယ်
ဘာစားမလဲ "
"ပေါင်မုန့် ပေါင်မုန့်"
ပါးလေးဖောင်းကာ တတွတ်တွတ်ပြောနေသော
ကောင်ငယ်လေးကို အထိန်းတော်ကြီးမှာ
အသဲယားစွာ ကြည့်လိုက်သည်။
မျက်စိရှေ့တင် ပေါက်စလေးကနေ
ယခုဆို အိမ်တော်ကို ဆက်ခံရမည့်သူတောင်
ဖြစ်နေပြီဖြစ်သည်။
အသက်ပြည့်သည်နှင့် အိမ်တော်ကို
အုပ်ချုပ်ပြီး အလင်းအင်းအားစု၏
အကြီးအကဲ သခင်ဖြစ်လာတော့မည် ဖြစ်သည်။
"သခင်လေးကတော့ ပေါင်မုန့်တွေစားလွန်းလို့
ပေါင်မုန့်လုံးလေးနဲ့တောင်
တူနေပြီပဲ"
ပန်းထိုးနေသော အိမ်တော်မှ အပျိုလေးများက
လှမ်း၍ စနောက်လိုက်သည်။
သခင်လေးကင်မ်ထယ်ယောင်းမှာမူ
သူတို့မျက်လုံးထဲတွင် ကလေးလေးလိုပင်
ဖြစ်နေသည်။
"ထယ်ထယ်"
"မယ့်"
ဒါမီက လှမ်းခေါ်လိုက်သောအခါ
ထယ်ယောင်းမှာ လှစ်ခနဲ သူ့မယ်မယ်နားသို့
ရောက်သွားတော့သည်။
"ဘယ်တွေပျောက်နေတာလဲ ပြောပါဦး"
"ထယ် အိပ်ရာထနောက်ကျသွားတာပါ"
ဒါမီမှာ ခါးလေးကို ဖက်၍ ပြောလာသော
ကောင်လေးကို ချစ်စနိုးဖြင့်
ခေါင်းလေးကို ပွတ်သပ်လိုက်သည်။
"ဝတ်ထားပြန်ပြီ ဒီအညိုရောင်ကို..."
"အာ ထယ် ဒီဟာပဲ ဝတ်..."
ထယ်ယောင်း စကားပင်မဆုံးသေး။
ဒါမီမှာ ယပ်တောင်ကို ဝတ်ရုံပေါ်တွင်
တစ်ချက်ဝှေ့ရမ်းလိုက်တာ
အညိုရောင်မှ အဖြူရောင်အဖြစ်
တစ်ခဏချင်း ပြောင်းလဲသွားတော့သည်။
"ဟာ မယ့်"
"မမယ့်နဲ့ မယ် ဘာပြောထားသလဲ
ထယ်ထယ့်ကို ကိုယ်က အလင်းအင်အားစုရဲ့
ဆက်ခံသူဖြစ်လာတော့မှာလေ
ကိုယ့်အင်အားစုရဲ့ အမှတ်အသားဖြစ်တဲ့
အဖြူရောင်တွေပဲ ဝတ်ရမှာပေါ့
အိမ်တော်မှာလည်း အကုန်လုံးက
အဲ့လိုတွေပဲ ဝတ်ကြရတာကို"
ထယ်ယောင် နှာခေါင်းလေးရှုံသွားသည်။
"ဒါပေမဲ့ ထယ်က အညိုရောင်ပဲ ကြိုက်တဲ့ဟာကို"
"မယ် ပြောနေရင် နားထောင်ရမယ်လေ"
"အွန်းပါ အွန်းပါ"
"ကဲ ဘာစားပြီးပြီလဲ တစ်ခုခုသွားစားပြီး
လာလုပ်ကူနော် ကြားရဲ့လား
လျှောက်သွားမနေနဲ့ ဖမ်းလို့ကို မမိဘူး"
"ဟုတ်ကဲ့ပါ ခဏလေး မုန့်စားပြီးရင်
လာလုပ်ကူမှာ အဟမ်း"
ချောင်းတစ်ချက်ဟန့်ရင်း ယပ်တောင်လေးကို
ဖြန့်ကာ မီးဖိုဆောင်သွားရာလမ်းသို့
ထွက်လာလိုက်သည်။
ထိုနောက် ဘေးဘယ်ညာကြည့်၍
လူရှင်းနေသောအခါ အားရပါးရပြုံးလိုက်သည်။
ထိုအပြုံးကား မဟုတ်တာ လုပ်တော့မည့်အပြုံး။
ထိုနောက် ပါးစပ်လှုပ်ရုံလေးဖြင့်
နာမည်တစ်ခုကို တိုးတီးစွာ
ခေါ်လိုက်သည်။
"ဒယ်ဆော့..."
"သခင်လေး ကျွန်တော်ရောက်ပြီ"
"အမလေး!"
အသားဖြူဖြူ၊အရပ်အတော်အသင့်ဖြင့်
အဖြူရောင်ဝတ်စုံဝတ်ထားပြီး
ဆံပင်ရှည်များကို စု၍ စည်းထားသော
နုနုနယ်နယ် ကောင်လေးတစ်ယောက်
ချက်ချင်းပေါ်လာသည်။
ထိုသူမှာ ဂန်ဒယ်ဆော့။
သခင်လေး ကင်မ်ထယ်ယောင်း၏
တစ်ဦးတည်းသော ငယ်စဉ်ဘဝကတည်းက
အခြွေအရံဖြစ်သည်။
ဒယ်ဆော့မှာ လူစင်စစ်မဟုတ်။
ဇီးကွက်ဖြူလေးဖြစ်သည်။
သို့သော် သခင်လေးက အခြွေအရံအဖြစ်
ရွေးထားသောကြောင့် လူခန္ဓာကိုယ်ရော၊
ဇီးကွက်ပုံပါ ပြောင်းလို့ရသော
အမြူတေဓာတ်လုံးလေး ရှိပေသည်။
"မြန်လိုက်တာကွာ..."
"ဟဲဟဲ သခင်လေးအသံကြားတာနဲ့
ရောက်ရာအရပ်ကနေ ပြေး.."
"တိတ်တိတ် စာစီစာကုံးတွေ မကြားချင်ဘူး
အခု မယ်မယ်မတွေ့တုန်း မိုယောင်းဥယျာဉ်ကို
သွားကြမယ်"
"နေပါဦး ဘိုးဘွားပူဇော်ပွဲအတွက် လုပ်ကူရမှာကို
ပြီးတော့ သခင်လေးကို မသွားခိုင်းဘူးလေ
မသွားဖို့ အတန်တန်မှာထားတာကို"
မိုယောင်းဥယျာဉ်မှာ အမှောင်အင်အားစုနှင့်
အလင်းအင်အားစု နှစ်ခုကြားရှိ
ဥယျာဉ်ဖြစ်သည်။
ထိုဥယျာဉ်တွင် အင်အားစုနှစ်ခုလုံးမှ လူများ၏
အသက်စုဗူးများထားရှိသော
နေရာရှိသည်။
ထိုကြောင့် ထိုဥယျာဉ်ကို သာမန်လူများ
ဖြတ်သန်းသွားလာ၍ မရ။
အစောင့်အကြပ်များ တင်းကြပ်စွာ
ချထားသည်။
ထိုပြင် အင်အားစုနှစ်ခု၏ နယ်နိမိတ်ဖြစ်တာကြောင့်
မည်သူမျှ မသွားကြ။
"အဲ့မှာ ခုချိန်ဆို
မက်မွန်သီးတွေ ပြွတ်သိပ်နေလောက်ပြီ
ငါတို့မှ မစားရင် ဘယ်သူသွားစားမှာလဲ"
ထယ်ယောင်းမှာ ဝတ်ရုံကို တစ်ချက်ခါ၍
မျက်ခုံးပင့်ကာ ပြောလိုက်သည်။
ဒီဇီးကွက်ကောင်ကို ဘယ်လိုမြူစွယ်ရမလဲဆိုတာ
သူကောင်းကောင်းကြီးသိသည်လေ။
"မင်းပဲ စဉ်းစားကြည့် မက်မွန်သီးတွေ အခိုင်လိုက်
သီးနေမှာကိုကွာ...
အလုံးကလည်း အကြီးကြီးနဲ့
အရည်ရွမ်းရွမ်းလေးကိုမှ ကိုက်စားလိုက်ရရင်
ဘယ်လောက် ကောင်းလိုက်မလဲ
အင်းလေ မင်းမသွားချင်ရင်လည်း
အတင်းမပြောပါဘူး"
ထယ်ယောင်း မျက်လွှာလေးကိုချ၍
စိတ်လျော့သလို ပြောလိုက်သည်။
"သခင်လေး သခင်လေး"
"ဘာလဲ"
"သွားပါမယ်ဆို လာလာ"
သခင့်အမိန့်ကို ငယ်စဉ်ကတည်းက
တသွေမသိမ်းနာခံသော
အူကြောင်ကြား ဇီးကွက်ဖြူလေးမှာ
မက်မွန်သီးဆိုသည့် အသံကြားတာနဲ
ဖျက်ကနဲ ကြီးမားသော ဇီးကွက်အဖြူရောင်
သဏ္ဍာန်ဖြစ်သွားသည်။
ထိုအခါ ထယ်ယောင်းက
ဆွေ့ခနဲ ခုန်တက်လိုက်သည်။
"ကဲ သွားကြမယ်..."
"ထယ်ထယ်..."
"အိစ့်"
သွားဖို့ အသင့်ပြင်ပြီးခါမှ နောက်ကျောမှ
အသံတစ်သံကြောင့် ဇက်လေးပုသွားသည်။
"ဒယ်ဆော့ အမြန်သွားလေ"
လေသံတိုးတိုးဖြင့် ပြောလိုက်သောလည်း
သကောင့်သားက လှုပ်တောင် မလှုပ်။
"ဟေ့ကောင် မြန်မြန်သွားပါဆို.."
မျက်နှာငယ်လေးဖြင့် ပြန်လှည့်ကြည့်ကာ
သူလည်း မသွားရဲဘူးဆိုတဲ့ပုံစံဖြင့်
ကြည့်နေသေးသည်။
အားကိုးရတဲ့ကောင်ကြောင့်
ထွက်ပြေးလို့မရတော့။ မျက်နှာချိုသွေးရန်သာ
ပြင်လိုက်ရသည်။
"ဟီးဟီး ပါး"
လေးထောင့်အပြုံးလေးဖြင့် အစွမ်းကုန်ပြုံးပြရင်း
ဒယ်ဆော့အပေါ်ကနေ လှည့်ကြည့်လိုက်သည်။
အနောက်တွင် သခင်ကြီး ကင်မ်ဆောင်ဂူက
ခါးထောက်၍ ရပ်နေပေသည်။
"ပြောပါဦး ဒါက ဘယ်လဲ"
"ဟီး ဟိုဟာလေ... ထယ်က..."
"မိုယောင်းဥယျာဉ်ကို သွားမလို့မလား"
"ဟဲဟဲ"
မျက်နှာချိုသွေးရလွန်း၍ လေးထောင့်အပြုံးလေးမှသည် သွားကြီးတစ်ခုလုံးဖြီးထားရတဲ့အဖြစ်
ရောက်သွားသည်။
"သွားမယ်ဆို အဲ့က စပျစ်သီးနည်းနည်းလောက်ခူးခဲ့ပေးပါလား သေရည်လုပ်မလို့"
အပါးဖြစ်သူ၏ စကားကြောင့်
ထယ်ယောင်း ဟက်ခနဲရယ်ချလိုက်သည်။
"ဟုတ်ပြီ ခူးလာပေးမယ် စိတ်ချ"
"ရော့ ဒါက ပေါင်မုန့်တွေ ဘာမှမစားရသေးဘူးမလား ပြီးရင် ဝတ်ရုံအညိုရောင်လည်း
ပါတယ်"
အထုတ်တစ်ထုတ်ကို ပစ်ပေး၍ ထယ်ယောင်းကို
မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
"ယေး ပါးအကောင်းဆုံးပဲ"
ထယ်ယောင်းမှာ ဒယ်ဆော့၏
အတောင်များဖြင့်ကွယ်ကာ
အညိုရောင်ဝတ်ရုံကို ပြန်ဝတ်လိုက်သည်။
"မြန်မြန်သွား မင်း မယ်မယ်သိရင်
မိုးမီးလောင်မယ်"
"Nae သွားပြီနော် ပါး စပျစ်သီးတွေ
ခူးခဲ့မယ် စိတ်ချ"
"ဟုတ်ပြီ"
သူ့ကိုပင် လက်ပြနေလိုက်သေးသည်။
ကင်မ်ဆောင်ဂူမှာ အဲ့သည်လိုပင်။
တစ်ဦးတည်းသော သားလေးကို
အလိုလိုက်လှသည်။
အဲ နောက်မှ ချစ်ဇနီးဒါမီရဲ့ ယပ်တောင်နဲ့
တွေ့ရတာက တစ်ကြောင်းပေါ့လေ...။
ထယ်ယောင်းလည်း ဒယ်ဆော့ဖြင့်
အတူပျံသန်းကာ အိမ်တော်၏
ဂိတ်တံခါးနားရောက်လုဆဲဆဲတွင်
နှစ်ကောင်လုံးကို ကိုယ်ယောင်ဖျောက်လိုက်သည်။
အဲ့ဒါမှ အစောင့်တွေ မမြင်ဘဲ
ထွက်လို့ ရမှာကိုး။
"ဒယ်ဆော့ တံခါးအပေါ်က ကျော်ထွက်နော်"
ဒယ်ဆော့မှာ အတောင်ပံကို အားယူ၍
အစောင့်တပ်သားများရှေ့တွင်ပင်
အပေါ်ကို ထိုးတက်လိုက်သည်။
ကိုယ်ဖျောက်ထားသော သူတို့နှစ်ယောက်ကို
ဘယ်သူမှ မြင်ကြမည်မဟုတ်။
"ဒုန်း!"
"အာလားလား သေပါပြီ"
အိမ်တော်၏ ဂိတ်တံခါးအပေါ်မှ
ကျော်ထွက်ရာ မမြင်ရသည့် အရာတစ်ခုနှင့်
တိုက်မိပြီး အောက်သို့ နှစ်ယောက်သား
တလိမ့်ခေါက်ကွေး ပြန်ပြုတ်ကြလာကြသည်။
"ဘုတ်!"
ဂိတ်တံခါးမှ အစောင့်စစ်သားမှာ
မိုးပေါ်မှ ပြုတ်ကျလာသော သခင်လေးနှင့်
ဇီးကွက်တစ်ကောင်ကို
ကြောင်အစွာ ရပ်ကြည့်နေကြသည်။
"အိုက်ဂူး နာလိုက်တာ ဂိတ်တံခါးအပေါ်မှာ
ဘာတွေတက်ထားတာလဲ"
အရှိန်ဖြင့်ကျ၍ နာသွားသော
ခါးလေးကို ပွတ်ကာ ဂိတ်စောင့်ကို
သွားမေးလိုက်သည်။
"အော် သခင်လေး ခိုးထွက်ပြန်ပြီကို
အဲ့တာကြောင့် သခင်မကြီးက မမြင်ရတဲ့
အကာအကွယ်တပ်လိုက်တာ
ဟဲဟဲ ကောင်းလိုက်တာ သခင်လေးခိုးမထွက်တော့
ကျွန်တော်တို့လည်း အဆူမခံရတော့ဘူးပေါ့"
အစောင့်မှာ စိတ်ချသွားဟန် ရယ်၍ပင်
ပြောလိုက်သေးသည်။
"ဟိုလေ...အပေါ်က ဘာကြီးလဲ"
"အဲ့တာလား သခင်မကြီးက
သခင်လေး ဂိတ်တံခါးက ကျော်ပြီး
ခိုးထွက်လွန်းလို့ မမြင်ရတဲ့ အကာအကွယ်တပ်ထားတာတဲ့"
"အော် မယ့်လက်ချက်ကိုး ဟီးဟီး ဒါဆို
တံခါးလေးဖွင့်ပေးပါလား"
ထယ်ယောင်း မျက်လုံးရွဲကြီးများဖြင့်
ပြုံးပြရင်း အသနားခံသလိုပြောလိုက်သည်။
"အိုက်ဂူး သခင်လေးရယ် ပူဇော်ပွဲရှိတာကို
ခိုးထွက်ဦးမလို့လား သခင်မက
မထွက်ရဘူးလို့ မှာထားလို့ပါ"
"မဖွင့်ပေးဘူးပေါ့လေ"
ထယ်ယောင်း ခံပြင်းသွား၍ နှာခေါင်းလေး
ရှုံ့လိုက်သည်။
ထိုနောက် ဘာမှမဖြစ်သလိုဖြင့်
ယပ်တောင်ကို ဖြန့်၍ တဖျတ်ဖျတ် ခတ်ကာ
ထိုအစောင့်နားသို့ တစ်လှမ်းချင်းလျှောက်လာလိုက်သည်။
ထိုနောက် အစောင့်တပ်သား၏ မျက်လုံးကို
စိုက်ကြည့်လိုက်သည်။
"အာ...မရဘူးနော် သခင်လေး
သုံး လေး ငါးခါ ခြောက် ခုနစ်ခါပဲ ခံမယ်
ဒီတစ်ခါတော့ လုံးဝမရဘူး"
ထိုအစောင့်တပ်သားလေးမှာ မျက်လုံးကို
အုပ်၍ တွင်တွင်အော်နေတော့သည်။
မျက်လုံးကို မအုပ်လို့လည်း မရ။
သခင်လေး၏ ပယင်းရောင်မျက်လုံးများနှင့်
တဒင်္ဂဆုံသွားသောသူများသည်
သမုဒ္ဒရာကြီးထဲ ပြုတ်ကျသွားသလို
ခံစားချက်ဖြင့် သခင်လေး၏
နှုတ်ထွက်စကားတိုင်းကို အမိန့်သဖွယ်နာခံပြီးသား
ဖြစ်သွားကြသည်။
"ဟွန်း"
မျက်လုံးအုပ်၍ အော်ကြီးဟစ်ကျယ်လုပ်နေသော
သူကြောင့် ထယ်ယောင်းစိတ်မရှည်တော့။
"ဟိုမှာ ဟိုမှာ ဂိတ်တံခါးပွင့်နေပြီ"
"ဟင် ဘယ်မှာလဲ ဘယ်မှာလဲ"
ထယ်ယောင်းမှာ
မျက်လုံးမျက်ဆံပြူး၍ အုပ်ထားသည့်လက်ကို
ဖယ်ကာ လိုက်ကြည့်နေသော
အစောင့်တပ်သားကို မျက်လုံးချင်း
မစုံစုံအောင် လိုက်ကြည့်လိုက်သည်။
တစ်ခဏတွင်မူ သနားစရာ အစောင့်တပ်သား
လေးမှာ ကာကွယ်ချိန်ပင် မရတော့ဘဲ
ပယင်းရောင်ညှို့မျက်ဝန်းကြီးထဲသို့
ပြုတ်ကျမှန်း မသိ ကျသွားတော့သည်။
"လာပါ... ကျွန်တော့်ကို တံခါးဖွင့်ပေးပါ"
မျက်လုံးကို စိုက်ကြည့်၍ သေချာပြောလိုက်သော
အသံမှာ အာဏာသံများပါဝင်မနေသော်လည်း
ထိုတပ်သားလေးမှာ မောင်းခလုတ်ကို
တင်ကာ ဂိတ်တံခါးဖွင့်ပေးပြီးသား
ဖြစ်သွားသည်။
"ဟဲဟဲ ဒယ်ဆော့ သွားကြမယ်"
အလည်လေးမှာ ညှို့ခံထားရ၍
ကြောင်အစွာ ရပ်ကြည့်နေသောတပ်သားလေးကို
သဘောကျစွာ ကြည့်၍
ထွက်သွားတော့သည်။
ခဏအကြာတွင်မူ ရှစ်ကြိမ်မြောက်လှည့်စား၍
ညှို့ခံလိုက်ရခြင်းကို ယူကျုံးမရဖြစ်နေမည့်
အစောင့်တပ်သားလေးကို တွေ့ရပေဦးမည်။
"မိုယောင်းဥယျာဉ်"
ဒယ်ဆော့နှင့် အတူပျံသန်းလာသော
ထယ်ယောင်းမှာ မိုယောင်းဥယျာဉ်ဟူသော
ဆိုင်းဘုတ်ကို တွေ့သည်နှင့် စိတ်ရွင်လန်းလာရသည်။
ငယ်စဉ်ကတည်းက မိဘတွေတားမြစ်သော်လည်း
ခဏခဏ လာကာ ဆော့ကစားနေကျ
ဥယျာဉ်ကြီးလည်း ဖြစ်သည်။
ဥယျာဉ်ကြီး၏ ထူးခြားချက်မှာ
ဥယျာဉ်မှ အသီးအနှံပင်များနှင့် ပန်းပင်များမှာ
အချိန်တိုင်းမျိုးတုံးသည်ဟူ၍ မရှိ။
အစဉ်မပြတ် သီးပွင့်ဝေဆာနေသော
ဥယျာဉ်ကြီးဖြစ်သည်။
ဒယ်ဆော့နှင့် ထယ်ယောင်းမှာ
ဥယျာဉ်တံခါးဝနားတွင် မြေပြင်သို့ ဆင်းကာ
အထဲဝင်ရရန် ကြံဖန်ရဦးမည်။
"ကင်မ်သခင်လေး ဒီတစ်ခါရော
ဘာတွေများ လှည့်စားဦးမလို့ပါလဲ"
"အဟဲဟဲ"
တွေ့တွေ့ချင်း တံခါးအစောင့်စကားကြောင့်
ကြောင်အမ်းအမ်းပင်ဖြစ်သွားရသည်။
အစောင့်တွေမှာ သူ့အကြောင်း
နောကျေနေပြီဖြစ်သည်။
အိမ်တော်က ခိုင်းလို့၊ ဥယျာဉ်အကြီးအကဲ
ဂူဆွန်ကို အမှာစကားပြောခိုင်းလိုက်လို့
စသော အကြောင်းပြချက်ပေါင်း
တစ်သောင်းခြောက်ထောင်ဖြင့်
လိမ်ညာကာ ဥယျာဉ်ထဲ ဝင်ခွင့်တောင်းပြီး
ရအောင်ဝင်သော သခင်လေးကို
မသိဘဲ ရှိပါ့မလားလေ။
"အဟမ်း ဒီတစ်ခါအတည်..."
ချောင်းဟန့်၍ ရုပ်တည်ကာ ပြောနေပုံမှာ
အကြောင်းမသိသူဆို အဟုတ်ပင်ထင်လိမ့်မည်။
"သခင်မကြီးကလည်း သခင်လေးကို
ပေးမဝင်ဖို့ မှာထားတာပါ သခင်လေး"
"ဟုတ်ပြီလေ
အခု ပါးက အကြီးအကဲဂူဆွန်ကို
မနက်ဖြန် ဘိုဘွားပူဇော်ပွဲကိစ္စအရေးတကြီး
ပြောခိုင်းတာ... မပြောရဘူးဆိုလည်း
ဒီက အစောင့်ကြီးကို လွဲချလိုက်ရုံပဲ
မဟုတ်လား ကဲ ဒယ်ဆော့ သွားကြမယ်"
ဒယ်ဆော့ပေါ်သို့ ခပ်တည်တည်ဖြင့်
ဆွေ့ခနဲ ခုန်တက်လိုက်သည်။
"အဲ နေ.. နေပါဦး သခင်လေး သေချာရဲ့လား"
"အစောင့်ကြီးမှ မယုံတာ ကဲပါ သွားတော့မယ်
တကယ်လို့ တစ်ခုခုဖြစ်ရင်လည်း
ပေးမဝင်တာကို လွဲချလိုက်ရုံပဲပေါ့"
ဝတ်ရုံကို တစ်ချက်ခါရင်း စောင်းကြည့်ကာ
ပြောလိုက်တော့ ထိုအစောင့်မှာ
လှုပ်လှုပ်ရွရွဖြစ်လာသည်။
"ဟို... သခင်လေး ဝင်ပါ ရပါတယ်"
"သေချာလို့လား"
"ဟုတ်ပါတယ် ခုနကပြောမိတာကို
စိတ်ထဲမထားပါနဲ့"
"အဟမ်း ကောင်းပြီလေ ဒါဆို...
ဒယ်ဆော့ရေ သွားကြစို့"
ထယ်ယောင်းမှာ မှိုရသော မျက်နှာဖြင့်
ဥယျာဉ်ထဲသို့ ဝင်လာတော့သည်။
နောက်မှ အဆူခံရတာက တစ်ကြောင်းပေါ့လေ။
"ဟဲဟဲ သခင်လေး ဒါဆို ကျွန်တော်..."
"သွားပါ မက်မွန်သီးသွားခူးစားမလို့မလား
မင်းပြီးရင် ပါးအတွက် စပျစ်သီးတွေပါ
ခူးပေးလိုက်နော်"
"ဟုတ်ပါပြီ စိတ်ချ"
သခင့်ခွင့်ပြုချက်ရသည်နှင့် ဇီးကွက်ဖြူလေးမှာ
လူပုံသဏ္ဌာန်ချက်ချင်းပြောင်းကာ
မက်မွန်သီးပင်ရှိရာဘက်သို့ ခုန်ပေါက်
ထွက်သွားတော့သည်။
ထယ်ယောင်းလည်း ပေါင်မုန့်ထုတ်ကို
ကိုင်ကာ ဥယျာဉ်ကြီးကို
လှည့်ပတ်ကြည့်နေလိုက်သည်။
မရောက်တာ တစ်ပတ်လောက်အတွင်း ဘာမှ
ထူးထူးခြားခြားပြောင်းလဲသွားသည်မရှိ။
ဥယျာဉ်ကြီးမှာ မျက်စိတစ်ဆုံးကျယ်ပြန့်၍
ကျေးငှက်သာရကာ၊ ပန်းမန်များဖြင့်
လှချင်တိုင်းလှနေတော့သည်။
လမ်းလျှောက်ရင်း ဥယျာဉ်စောင့်ရှောက်သူ
အကြီးအကဲဂူဆွန်၏ အဆောင်အနောက်သို့
ရောက်လာသည်။
အဆောင်အရှေ့တော့ သွားလို့မဖြစ်။
အကြီးအကဲက သူ့ကိုမြင်လျှင်
သူ့အိမ်တော်ကို ပြန်ပြန်တိုင်တတ်သောကြောင့်
ဖြစ်သည်။
အကြီးအကဲ ဂူဆွန်၏ အဆောင်နောက်တွင်
ကြီးမာသော ချောက်ကြီးရှိသည်။
ထိုချောက်ကမ်းပါးလေးမှာ
သူငယ်စဉ်ကတည်းက
သွားထိုင်နေကြနေရာလေးပင်။
တောနှင်းဆီရိုင်းများ ပေါက်နေသောအခင်း၏ဘေးမှ မျက်ခင်းစိမ်းများပေါ်တွင်
ချောက်ကမ်းပါးအောက်သို့
ခြေထောက်ချကာ ထိုင်ချလိုက်သည်။
ထိုနောက်ပေါင်မုန့်လေးကို တစ်မြုံမြုံဝါးရင်း
ကျေးငှက်အသံလေးများကို
နားထောင်နေသည်။
ထယ်ယောင်းမှာ မိုယောင်းဥယျာဉ်ကြီးကို
သိပ်သဘောကျသည်။
သာယာလို့လား၊ အသီးအနှံပင်တွေ မျိုးစုံရှိလို့လား၊
တိတ်ဆိတ်ငြိမ်သက်လွန်းသောကြောင့်လားတော့
မပြောတတ်။
တိတ်ဆိတ်သည်ဆိုသော်လည်း
ယခုတွင်မူ သာယာသော ဂီတသံလေးတစ်ခု
ကြားနေရသလိုခံစားနေရသည်။
အကြီးအကဲ တစ်ခုခုတီးခတ်နေတာ
ဖြစ်မှာပါလေ။
ဟိုးငယ်ငယ်လေးကတည်းက ပြေးလွှားကစားရာ၊
ခိုလှုံသဘောကျစရာလေးဖြစ်သည်။
"ဒီက မိန်းကလေး..."
အတွေးထဲ လွင့်မြောနေသော ထယ်ယောင်းမှာ
အနောက်မှ ဩရှရှအသံကြောင့်
ဆတ်ခနဲ လန့်သွားသည်။
ထိုနောက် ကမ်းပါးမှ ထကာ နောက်လှည့်၍
ကြည့်လိုက်သည်။
မြင်လိုက်ရသည်မှာ အနက်ရောင်ဝတ်ရုံရှည်ကို
ဝတ်ထားသော လူတစ်ယောက်။
ဆံနွယ်နက်နက်များကို တစ်ခြားသူများကဲသို့
အရှည်မထားဘဲ နှဖူးပေါ်တွင်သာ
ခပ်အုပ်အုပ်ချထားပုံမှာ အဆန်းဖြစ်နေသည်။
ထိုထက် ဆန်းသည်မှာ
ကျောက်စိမ်းရောင် တောက်နေသည့် မျက်ဝန်းတစ်စုံ။
အေးစက်၍ ထက်မြက်သည့် အရိပ်အယောင်များ
တစ်ငွေ့ငွေ့ထွက်နေသော ထိုအစိမ်းရောင်
မျက်ဝန်းသည် အရိုင်းဆန်စွာ
ချောမော ပြေပြစ်သော မျက်နှာနှင့်
သာလွန်၍ပင် လိုက်ဖက်နေသေးသည်။
ထယ်ယောင်း ချက်ချင်းသိလိုက်သည်။
သူဟာ အလင်းအင်အားစုတိုင်းပြည်မှ
မဟုတ်လောက်။
အလင်းအင်အားစုတိုင်းပြည်ထဲတွင်
သူရှိန်ရလောက်အောင်အထိ ချောမောတဲ့သူ
မတွေ့ဖူးသေး၍ ဖြစ်သည်။
စားလက်စပေါင်မုန့်ကို ပါးစပ်ထဲသို့
ထည့်ရင်း ခေါင်းဆတ်ကာ မေးလိုက်သည်။
"မင်းဘယ်သူ့ကို ခေါ်လိုက်တာလဲ"
ထိုသူ၏ အစိမ်းရောင်မျက်ဝန်းတောက်များမှာ
ထယ်ယောင်းကို ကြည့်၍ မျက်ခုံးပင့်ပြလိုက်သည်။
"ဟမ့် ငါ့ကို ဟုတ်လား ဘာကွ!
ငါက ယောကျ်ားလေးလေ ဘာကို
ဒီမှာ မိန်းကလေးလဲ"
ထယ်ယောင်း ရှူးရှူးရှဲရှဲပင် ဖြစ်သွားရသည်။
သူကိုများ ဒီမှာ မိန်းကလေးတဲ့လေ။
"အဟမ်း နောက်ကနေကြည့်တော့
မိန်းကလေးထင်သွားတာမို့"
သူများကို မိန်းကလေးဟု မှားပြောလိုက်သည်ကို
လည်း အားနာဟန်မပြ။
မမှိတ်မသုတ်မျက်နှာထားဖြင့်
ပြောင်တင်းတင်းပြောလာသူကို
ထယ်ယောင်း စိတ်ထဲ ကတောက်ကဆဖြစ်လာသည်။
"မင်းမှာ ယဉ်ကျေးမှုမရှိဘူးလား
သူများကို မှားပြောရင် တောင်းပန်ရကောင်းမှန်း
မသိတာလား နည်းနည်းပါးပါးတော့..."
"တောင်းပန်ပါတယ် ဆိုတဲ့စကားနဲ့
ကျေးဇူးတင်ပါတယ် ဆိုတဲ့စကားကို
ကိုယ် လွယ်လွယ်နဲ့ မပြောတတ်ဘူး
မင်းသာ မိန်းကလေးဆို ဒီဥယျာဉ်ထဲမှာ
တစ်ယောက်ထဲ ဘာလာလုပ်တာလဲလို့
မေးမလို့ သာမာန်လူဝင်လာတာကို
အစောင့်တွေကလည်း
ဘာမှမပြောကြဘူးလား
ဒီဥယျာဉ်က တိရစ္ဆာန်တွေအကုန်ကို
ဘေးမဲ့ထားတာမလို့ မင်းအတွက် အန္တာရယ်ရှိနေလို့
အခုတော့ မင်းက ယောကျ်ားလေးဆိုတော့
ကိုယ့်ကို ကာကွယ်နိုင်မှာပေါ့"
သာမာန်လူဆိုသည့်စကားကြောင့်
ထယ်ယောင်းမှာ ဤချောမောသည့်
လူ့ဂွစာကို ရန်ထောင်ရန်ပြင်လိုက်တော့သည်။
"ဘာကိုသာမာန်လူလဲ ငါဘယ်သူလဲ သိလား"
ထိုအခါ ထိုမျက်ဝန်းစိမ်းကောင်က
မှင်သေသေဖြင့် စိုက်ကြည့်၍ ခေါင်းခါပြလာသည်။
ထယ်ယောင်းပို၍ ဒေါသထွက်သွားသည်။
တော်ရုံဆို ထယ်ယောင်းမှာ
ဆက်ခံသူသခင်လေးဆိုတာကို
ဂုဏ်မောက်တတ်သူမဟုတ်။
သိုသိုသိပ်သိပ် ရိုးရိုးရှင်းရှင်းသာ နေသည့်သူပင်။
ယခု သူ့ကို အထင်သေးစွာ လာပြောသောသူကြောင့်
နဂါးမှန်း သိအောင် အမောက်ထောင်ပြရတော့ပေမည်။
"အေး မင်းမသိရင် ငါပြောမယ် ငါက... အားးး"
ဝတ်ရုံကို ခါ၍ ဟန်ပါပါပြောရန် ပြင်လိုက်သော
သူမှာ ချောက်ကမ်းပါးအစွန်းတွင် ရပ်နေသည်ကို
မေ့ကာ နောက်ကို ဆုတ်မိသွားသောကြောင့်
ရုတ်တရက် အရုပ်ကလေးလို
ချော်ကျသွားတော့သည်။
"ဟာ ဟေ့"
ထိုမျက်ဝန်းစိမ်းနှင့်သူမှာ လျင်မြန်သောအဟုန်ဖြင့်
ထယ်ယောင်းလက်ကို ပြေး၍ ဆွဲထားလိုက်သည်။
"အားးး"
"ဟေ့ အော်မနေနဲ့လေ ကိုယ်မင်းကို ဆွဲထားတယ်
အပေါ်တက်ခဲ့တော့"
ထိုအခါမှ မျက်လုံးများဖွင့်ကြည့်လိုက်သောအခါ
ကမ်းပါးတွင် တွဲလောင်းဖြစ်နေသောသူ့ကို
သန်မာပြီး အကြောများ ယှက်ပြေးနေသော
လက်အစုံက အားစိုက်၍ ဆွဲထားပေးသည်။
လက်တွင် ဆေးမှင်ကြောင်များနှင့်
လက်ညိုးတွင် ထိုသူ၏ မျက်ဝန်းများနှင့်
အရောင်တူသော မျက်ဝန်စိမ်းများရှိသည့်
မြွေတစ်ကောင်ရစ်ပတ်နေသော
အနက်ရောင်လက်စွပ်ကို
ဝတ်ထားသေးသည်။
"ဘာတွေ ငေးနေတာလဲ တက်ခဲ့တော့လေ
ဒီအတိုင်းနေမလို့လား"
ငုံမိုး၍ ကြည့်လာသော အစိမ်းရောင်မျက်ဝန်း
တောက်များကို မခံချင်စွာ ပြန်ကြည့်လိုက်သည်။
"ဒီမှာ...ငါ မင်းအကူအညီမလိုဘူး"
ထိုအခါ မျက်ဝန်းစိမ်းများနှင့်လူမှာ
ဖျက်ခနဲပြုံးလိုက်သည်။
"ဒီမှာ အခုအချိန် မင်းသိထားရမဲ့
အချက် သုံးချက်ရှိတယ်
ပထမတစ်ချက် ကိုယ် မင်းကိုလွှတ်လိုက်ရင်
မင်း ပြုတ်ကျသွားတော့မယ်
ဒုတိယအချက် ဒီလိုအခြေအနေမှာ
မာနမထားသင့်ဘူး
နောက်ဆုံးတစ်ချက်က
မင်း အခု ကိုယ့်အကူအညီလိုနေတယ်"
မျက်ဝန်းစိမ်းစိမ်းများဖြင့်
ချောက်ကမ်းပါးတွင် တန်းလန်းဖြစ်နေသည်ကို
လှမ်းဆွဲထားပေးရင်း တည်ကြည်စွာ
ပြောလာသူကို ပြုတ်ကျလုဆဲဆဲ
အခြေအနေတွင်ပင် ပြန်၍ စူးရဲစွာ
ကြည့်လိုက်သည်။
အလကား လူ့ဂွစာ။
"အော် ဟုတ်လား"
တွန့်ချိုး၍ ပြုံးကာ လက်ကိုဖြုတ်ချလိုက်သော
အညိုရောင်သဏ္ဍာန်လေးမှာ
ချောက်ကမ်းပါးအောက်သို့
ပေါ့ပါးစွာ ပြုတ်ကျသွားတော့သည်။
"ဟာ့.."
အနက်ရောင်ဝတ်ရုံဖြင့် မျက်ဝန်းစိမ်းများနှင့်သူမှာ
ထိုအညိုရောင်လေးကို ကြည့်၍
ထိပ်လန့်သွားသည်။
တကယ်ကြီး ခုန်ဆင်းသွားခဲ့သည်တဲ့။
ထိုနောက် ချက်ချင်းပင် ကြီးမားသော
နဂါး အနက်ရောင် တစ်ကောင်ရောက်လာသည်။
နဂါးမှာ မြွေမျိုးစိတ်ပင်ဖြစ်ရာ
သေချာပေါက် မြွေတို့၏ အရှင်သခင်ထံမှ
ဆင့်ခေါ်ခြင်း ခံလိုက်ရတာဖြစ်သည်။
ထိုနဂါးပေါ်သို့ လျှင်မြန်စွာ ခုန်တက်ကာ
အမြန်လိုက်ဆင်းရန်ပြင်ရတော့သည်။
"ကျစ်! ရူးနေတာများလား"
"ဝုန်း!..."
ထိုအချိန်တွင်ပင် ချောက်ကမ်းပါးထံမှ
ငှက်တစ်ကောင်၏ အတောင်ပံခတ်သံကို
ကြားလိုက်ရသဖြင့် ပို၍
ထိပ်လန့်သွားပေသည်။
ချောက်ထဲတွင် ငှက်ဆိုးတွေ
အများကြီးရှိနေနိုင်သည် မဟုတ်လား။
ထိုကောင်လေးကို သုတ်ချီပြီး
စားလိုက်လျှင်..။
ထိုသူ၏ ခန့်မှန်းမှုမှာ တပ်တပ်ဆင်အောင်
မှားနေတော့သည်။
ချောက်ကမ်းပါးပေါ်မှာ ထိုးတက်၍
ပျံသန်းလာသော ကြီးမားသည့်
သိန်းငှက်ကြီး၏ ကျောပေါ်တွင်
ထိုအညိုရောင်သဏ္ဍာန်လေးက
အေးဆေးစွာ ပြန်ပါလာသည်။
ထိုမြင်ကွင်းကို အံ့ဩစွာဖြင့် တဒင်္ဂငေးမော
နေမိသည်။
နဂါးပေါ်တွင် ထိုင်ကာ ကြောင်အနေသော
သူ့ထံသို့ ထိုသိန်းငှက်ကြီးက
ပျံသန်းရင်း တိုးကပ်လာသည်။
သိန်းငှက်ပေါ်တွင် ထိုင်နေသော
အညိုရောင်လေးမှာ ယပ်တောင်ကို
ဖြည်းညှင်းစွာ ခပ်ရင်း တစ်ခွန်းချင်း
ပြန်ပြောလိုက်သည်။
"ပထမအချက်... မင်းငါ့ကို လွှတ်လိုက်လည်း
ငါပြုတ်ကျမသွားနိုင်ဘူး
ဘာလို့လဲဆိုတော့ ငါက မိုးပေါ်မှာ
ပျံသန်းနိုင်တဲ့ သက်ရှိတိုင်းရဲ့ အရှင်သခင်ပဲ
ဒုတိယအချက်... ငါက မာနထားချင်တဲ့
အချိန်တိုင်း ထားလို့ရတယ်
ဘာလို့လည်းဆိုတော့ အလင်းအင်အားစုရဲ့
ခုနစ်ကြိမ်မြောက် ဆက်ခံသူသခင်လေးဖြစ်နေလို့ပဲ
နောက်ဆုံးအချက်...
ငါမင်းအကူညီကို ဘယ်တော့မှ
လိုအပ်မှာ မဟုတ်ဘူး"
နဂါးပေါ်မှ အနက်စွေးစွေးဝတ်ရုံဖြင့်
ထိုင်နေသောသူ၏ အစိမ်းရောင်မျက်ဝန်းများနှင့်
သိန်းငှက်ပေါ်တွင် ရှိနေသောသူ၏
ပယင်းရောင် မျက်ဝန်းများ အရှိန်အဝါကား
မိုယောင်းဥယျာဉ်ကြီးကို မှိန်ကျသွားစေသည်။
အနက်ရောင်ဝတ်ရုံဖြင့် ထိုသူမှာလည်း
ပယင်းရောင်မျက်ဝန်းများဖြင့်
စိုက်ကြည့်၍ ပြောနေသော
သိန်းငှက်ပေါ်မှ မာနခဲလေးသည်
အလင်းအင်အားစုရဲ့ ဆက်ခံသူသခင်လေးမှန်း
သိသွားရတော့သည်။
"ကဲ ပြောပါဦး ငါက သာမန်လူမဟုတ်မှန်း
မင်းသိသွားပြီမလား မင်းကရော
ဘာလို့ ဒီမိုယောင်းဥယျာဉ်ထဲ ဝင်ခွင့်ရှိနေရတာလဲ"
ထိုအခါ သူစီးနင်းနေသည့်နဂါးကို
ထယ်ယောင်း၏ သိမ်းငှက်ထက်
မြင့်ရာသို့ ဝဲပျံလိုက်သည်။
ထိုနောက် ပယင်းရောင်လဲ့နေသည့်
မျက်ဝန်းများကို အစိမ်းရောင်
တောက်နေသည့် မျက်ဝန်းများဖြင့်
စိုက်ကြည့်ရင်း တစ်ခွန်းချင်း ပြောလိုက်သည်။
"ကိုယ့်နာမည် ဂျွန်ဂျောင်ကု
အမှောင်အင်အားစုရဲ့
ခုနစ်ကြိမ်မြောက်ဆက်ခံသူ သခင်လေး"
နားလည်ကြလားဟင် ဟီး><
လက်စွပ်ပုံလေး