အပိုင်း(၇၀)
ပထမတွင် အလွန်စိတ်မရှည်ဖြစ်နေကြသည့် လူအနည်းငယ်ရှိသော်လည်း အလွန်ချစ်စရာကောင်းပြီးလှပသည့်မင်းသမီးလေးကိုတွေ့လိုက်ရပြီးနောက်တွင် သူတို့၏စိတ်ထဲမှ စိတ်မရှည်မှုများမှာ တဖြည်းဖြည်းလွင့်ပြယ်သွားကြသည်။
လူတိုင်းသည် အလှအပကို မြတ်နိုးကြပြီး မုန့်မုန့်သည် သူတို့တွေ့ဖူးသမျှတွင် အလှပဆုံးနှင့်ချစ်စရာအကောင်းဆုံး ကလေးမလေးဖြစ်သည်။ သူမလေးကိုတွေ့လိုက်သည့်အချိန်တိုင်း သူတို့၏ခံစားချက်များကို ပိုမိုကောင်းမွန်စေသည်။
ကျန်းဟန် တံခါးဖွင့်လိုက်သည့်အချိတ်တွင် တန်းစီနေသည့် လူများမှာသည် စိတ်ဆန္ဒစောကာ ပြောလိုက်ကြသည်။
"တစ်ဆိတ်လောက် ကျွန်တော်တို့ နေ့လည် ၂ နာရီကျရင် အလုပ်သွားရမှာပါ။ ကျွန်တော်တို့ အချိန်မလောက်လို့ ပါဆယ်ယူသွားလို့ရမလားမသိဘူး?"
ကျန်းဟန် ၎င်းကိုကြားသည့်အခါ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ"
ယခုမှသာ လူတိုင်း စိတ်သက်သာရာရသွားကြသည်။
အစကတည်းက ကြက်ဥထမင်းကြော်တစ်ပွဲလျှင် ယွမ် ၃၀၀ မှာ လူအများစုအတွက် အလွန်ဈေးကြီးနေပြီးသားဖြစ်သည်။ ထို့ပြင် အလုပ်နောက်ကျနေသောကြောင့် သူတို့၏လစာများ အဖြတ်ခံရမည်ကို စိုးရိမ်ခဲ့ကြသည်။ ကံကောင်းစွာဖြင့်ပင် သူတို့သည် ထမင်းကြော်ကို ဝယ်ပြီး ပါဆယ်ယူသွားနိုင်သည်။
စားသောက်ဆိုင်ထဲသို့ဝင်လာပြီးနောက် လျန်မုန့်ချီ၊ ကျောက်ဖုန်းနှင့် အခြား ၂ ယောက်သည် စားပွဲတစ်လုံးတွင် အတူတူထိုင်လိုက်ကြသည်။ စွန်းဒုန်ဟမ်နှင့် စွန်းအမေတို့သည်တော့ ဘေးစားပွဲတွင် ထိုင်လိုက်ကြ၏။
"သူဌေး ရှင်ဘယ်တွေသွားနေတာလဲ? ဘာလို့ အရမ်းနောက်ကျမှ ပြန်လာရတာလဲ?"
လျန်မုန့်ချီသည် သိချင်စိတ်ပြင်းပြစွာဖြင့်မေးလိုက်သည်။
"ငါ ဓာတ်ပုံဘောင်သွားဝယ်တာ"
ကျန်းဟန်ပြုံး၍ ပြန်ပြောလိုက်ပြီး ဓာတ်ပုံဘောင်များကို ဘေးတွင် ပေါ့ပေါ့ပါးပါး ချထားလိုက်သည်။
"ဖေဖေ သမီး ကာတွန်းကားကြည့်ချင်တယ်"
မုန့်မုန့်သည် ခြေလှမ်းသေးသေးလေးများဖြင့် ဆိုဖာရှေ့သို့ပြေးသွားသည်။ သူမသည် ဆိုဖာပေါ်သို့ ခုန်၍ တက်လိုက်ပြီး နောက်လှည့်ကာ ကျန်းဟန်အား ပြောလိုက်သည်။
"ဖေဖေ ဖွင့်ပေးမယ်"
ကျန်းဟန် ခေါင်းညိတ်လိုက်ပြီး တီဗီဖွင့်ရန် လျှောက်သွားလိုက်သည်။ ချန်နယ်ပင် ပြောင်းစရာမလိုပဲ ၎င်းတွင် ကလေးချန်နယ်တစ်ခုတည်းကိုသာ ဖွင့်ထားခြင်းဖြစ်၏။
ပြီးနောက် ကျန်းဟန်သည် သူ၏ Notebook ကို ဖွင့်၍ သီချင်းဖွင့်လိုက်ပြီး နေ့လည်စာလုပ်ရန် ပြင်ဆင်တော့သည်။
သူသည် မည်သည့်ပါဝင်ပစ္စည်းများကိုမျှ မပြင်ဆင်ရသေးသေးဘဲ သူ၏နေ့လည်စာမှာ ကြက်ဥထမင်းကြော်နှင့် နို့သာရှိသည်။
သူ မနက်က ဆိုင်မှထွက်လာကတည်းက ထမင်းကို ပုံမှန်အတိုင်းချက်ထားပြီးသားဖြစ်သည်။
ထမင်းခူးလိုက်ပြီးနောက် ကျန်းဟန်သည် ဖြည့်စွက်ပစ္စည်းများဖြစ်သည့် ကြက်သွန်နီနှင့် ကြက်ဥကို ပြင်ဆင်လိုက်သည်။
"ဖေဖေ...မုန့်မုန့် ဗိုက်နည်းနည်းဆာနေပြီ...တီဗီကြည့်ဖို့တောင်မှာ အားမရှိတော့ဘူး"
မုန့်မုန့်သည် နောက်လှည့်၍ သူမ၏ အသံချိုချိုလေးဖြင့် ပြောလိုက်သည်။
"စားဖို့က အဆင်သင့်ဖြစ်တော့မှာပါ မုန့်မုန့်။ စိတ်မဆောပါနဲ့"
ကျန်းဟန်သည် ချက်ချင်းပြန်ပြောလိုက်သည်။
သို့သော် မုန့်မုန့်ထိုသို့ပြောလိုက်သည့်အချိန်တွင် လျန်မုန့်ချီနှင့် အခြားသူများ၏ အကြည့်များသည် ချက်ချင်းပင် မီးဖိုချောင်ဘက်သို့ ရောက်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ဖြစ်သွားသည့်အခါတိုင်း ကျန်းဟန်သည် မယုံနိုင်လောက်သည့်အမြန်နှုန်းဖြင့် ချက်ပြုတ်တော့မည်ဖြစ်သည်။ ၎င်းမှာ အလွန်ကြည့်လို့ကောင်းသည့် မြင်ကွင်းပင်။
သူတို့လှမ်းကြည့်လိုက်သည်နှင့် အခြားသူများလည်း စိတ်ဝင်စားစွာဖြင့် လိုက်ကြည့်ကြသည်။
ကျန်းဟန်သည် လျှပ်စစ်မီးဖိုကို လျင်မြန်စွာဖွင့်လိုက်ပြီး နွားနို့ကို စတင်အပူပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ညာဘက်က ဓားစင်ပေါ်မှ မီးဖိုချောင်သုံးဓားကို ဆွဲယူလိုက်ပြီး သူ၏ဘယ်ဘက်လက်ကလည်း တစ်ပြိင်နက်တည်းပင် ကြက်သွန်မြိတ်လေးစည်းကို စင်းတီတုံးပေါ်တင်လိုက်သည်။
"ဘန်း ဘန်း ဘန်း..."
ဓားအလင်းရောင်များတလက်လက်ဖြစ်သွားပြီး ခုတ်ထစ်ဖြတ်တောက်သံများထွက်ပေါ်လာသည်။ ၂ စက္ကန့်အတွင်းမှာပင် ကြက်သွန်မြိတ်အနည်းငယ်သည် နုတ်နုတ်စဉ်းပြီးသားဖြစ်သွားသည်။
ကျန်းဟန်သည် ရုတ်တရက် မီးဖိုချောင်သုံးဓားကို အပေါ်သို့ပစ်လိုက်သည်။
ထိုမြင်ကွင်းမှာ လူတိုင်း၏နှလုံးခုန်နှုန်းများကို မြန်သွားစေသည်။
ဘာ? သူက မီးဖိုချေင်သုံးဓားကို ပစ်လိုက်တာလား? မဖြစ်နိုင်ဘူးမလား?
သို့သော် နောက်ထပ်မြင်ကွင်းကြောင့် လူတိုင်း လေအေးများကို ရှုသွင်းလိုက်မိကြသည်။
မီးဖိုချောင်သုံးဓားသည် ၎င်း၏ဓားစင် အမြောင်းကြားအတွင်းသို့မကျရောက်မီ လေထဲတွင် ၂ ပတ်လည်သွားကာ သူ၏နေရာတွင် အံဝင်ခွင်ကျဖြစ်သွားသည်။
"ဘုရားရေ"
ကျောက်ဒါဟူ၏ ပါးစပ်မှာ ဟောင်းလောင်းပွင့်သွားပြီး ထိတ်လန့်စွာဖြင်ပြောလိုက်သည်။
"ဒီလိုနည်းစနစ်မျိုးကို ငါပထမဆုံးတွေ့ဖူးတာပဲ"
"ဒါက အရမ်းအံ့ဩဖို့ကောင်းတာပဲ"
လျန်မုန့်ချီ၏မျက်လုံးများမှာလည်း ပြူးကျယ်နေပြီး
"ဝိုး...သူက တဖြည်းဖြည်းနဲ့ ပိုပိုပြီး ချောလာသလိုပဲ"
"အမေ"
စွန်းဒုန်ဟမ်သည် စိတ်လှုပ်ရှားစွာပြောလိုက်သည်။
"အမေ အဲဒါကိုတွေ့လိုက်လား? ဟားဟား ကျွန်တော်ပြောပြမယ်။ အမေအခုတွေ့လိုက်တာက ရေခဲတောင်ကြီးရဲ့ ထိပ်ဖျားလေးပဲရှိသေးတာ။ သူက ခန့်မှန်းရခက်လောက်အောင်ကို အရမ်းအစွမ်းထက်တယ်!"
သူတို့ထဲတွင် ယူချင်းချင်းနှင့်ကျောက်ဖုန်းသာ သူတို၏မျက်လုံးများ၌ အနည်းငယ် ရှုပ်ထွေးသည့်အကြည့် ရှိနေသည်။
"သူ..."
ကျောက်ဖုန်းမှာ ကျန်းဟန်၏ နည်းစနစ်ကြောင့် နောက်တစ်ကြိမ် ရှော့ရသွားပြန်သည်။
"ငါ သူ့ရဲ့ခွန်အားကို နားမလည်နိုင်သေးဘူးပဲ။ ဒီလှုပ်ရှားမှုတစ်ခုတည်းနဲ့တင် သူ့ရဲ့ခွန်အားထိန်းချုပ်နိုင်စွမ်းနဲ့ တိကျတဲ့ ရှုမြင်နိုင်စွမ်းကို သက်သေပြပြီးသွားပြီ။ သူက ပြီးပြည့်စုံမှုရဲ့အထွတ်အထိပ်ကိုရောက်နေပြီ။ အရမ်းကြောက်ဖို့ကောင်းတယ်....ဟင်း....ငါအနည်းဆုံးတစ်မိနစ်တော့ သူ့ကို ခုခံနိုင်မယ်ထင်ခဲ့တာ။ ဒါပေမဲ့ သူဌေးပြောခဲ့တာစကားက အမှန်တရားဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့မိဘူး"
သူတို့သာမက စားပွဲခုံဖြူလေးများတွင် ထိုင်နေသည့် လူခြောက်ယောက်သည်လည်း ရင်သပ်ရှုမောသွားပြီး အာမေဋိတ်သံများထွက်လာကြသည်။
သူတို့၏အံဩမှုများကြားတွင် ကျန်းဟန်သည် ကြက်ဥထမင်းကြော် ဒယ်အိုး ၂ လုံးကို စတင်ချက်ပြုတ်နေပြီဖြစ်သည်။
အထဲတွင် အစားသောက်များစွာထည့်ထားသည့် အကြော်ဒယ်အိုးမှာ ပေါ့ပေါ့ပါးပါးမရှိဘဲ ၎င်းမှာ အနည်းငယ်လေးလံသော်လည်း ကျန်းဟန်၏လက်ထဲတွင်တော့ ပေါ့ပါးနေဟန်ရှိသည်။
ဟင်းခတ်အမှုန့်များကို အစဉ်တိုင်းထည့်လိုက်သည်။
၃ မိနစ်ကြာပြီးနောက်တွင် ကြက်ဥထမင်းကြော်မှာ သုံးဆောင်ရန် အဆင်သင့်ဖြစ်သွားပြီဖြစ်သည်။
ကျန်းဟန်သည် သူနှင့်မုန့်မုန့်အတွက် ထည့်လိုက်ပြီးနောက် ၎င်းတို့ကို စားပွဲဝိုင်းပေါ်တင်လိုက်သည်။ အခြားသူများနှင့်ပတ်သက်ပြီး ဘာမျှပြောစရာပင်မလိုတော့ဘဲ သူတို့သည် ကြက်ဥထမင်းကြော် ထည့်ရန် တန်းစီလိုက်ကြသည်။
မုန့်မုန့်သည် ထမင်းစားစားပွဲတွင် ထိုင်လိုက်ပြီး ကြက်ဥထမင်းကြော် တစ်မျိုးတည်းသာရှိသည်ကို တွေ့လိုက်ရသည့်အချိန်တွင် သူမလေးသည် အသံချိုချိုလေးဖြင့်
"ဖေဖေ...ဘာလို့ ထမင်းချည်းပဲလဲ? မုန့်မုန့် ဖေဖေချက်ပေးတဲ့ ဟင်းတွေကိုစားချင်သေးတယ်လေ....မုန့်မုန့်စားချင်တယ်...အဲဒါက...ခရမ်းသီးရှည်ရှည်လေးတွေလေ ပြီးတော့...အမ်...ပြီးတော့...မုန့်မုန့်က ဖေဖေချက်ပေးတဲ့ဟင်းတွေအကုန်လုံးကို စားချင်သေးတယ်"
သူမလေးထိုသို့ပြောလိုက်သည့်အချိန်တွင် လျန်မုန့်ချီ၊ ယူချင်းချင်း၊ ကျောက်ဒါဟူ၊ ကျောက်ဖုန်းနှင့် အခြားသူများ၏ မျက်လုံးများ တောက်ပသွားကြသည်။ သူတို့အားလုံး မုန့်မုန့်အား ကြည့်လိုက်ပြီး မသိစိတ်၏စေ့ဆော်မှုအရ တံတွေးမျိုချမိလိုက်ကြသည်။
"ကောင်းပြီ...ဒါဆို ဖေဖေက ညကျရင် မုန့်မုန့်အတွက် ချက်ပြုတ်ပေးမယ်"
ကျန်းဟန်ရယ်မော၍ ပြောလိုက်သည်။
"ကောင်းတယ် ကောင်းတယ် ဖေဖေက အကောင်းဆုံးပဲ.."
မုန့်မုန့်သည် ကျန်းဟန်အား လေထဲမှတစ်ဆင့် ဖလိုင်းကစ် အနမ်းပေးလိုက်ရာ သူ့ကိုပြုံးသွားစေသည်။
အမှန်ပင်။ နောက်ဘက်ရှိ လူလေးယောက်၏မျက်နှာတွင်လည်း အပြုံးကိုယ်စီရှိနေကြသည်။ သူတို့သည် အချင်းချင်းကြည့်လိုက်ကြပြီး ပျော်ရွှင်စွာပြုံလိုက်ကြရင်းဖြင့် သူတို့၏စိတ်ထဲတွင် တူညီစွာရေရွတ်နေကြသည်။
မုန့်မုန့် က အကြီးမြတ်ဆုံးပဲ။ မုန့်မုန့် ကအကောင်းဆုံးပဲ။ အာ..မင်းသမီးလေးရေ...နောက်ကျရင်လည်း အဲ့လိုမျိုးလေးတွေ များများပြောပေးပါနော်....
သူတို့၏ စကားလုံးပေါင်းတစ်ထောင် စကားအခွန်းပေါင်းတစ်ရာ သည် မုန့်မုန့်၏ စကားလုံးအနည်းငယ်ကိုပင် မယှဉ်နိုင်ကြောင်း လူတိုင်း၏နှလုံးသားထဲတွင် သိနေကြသည်။
မုန့်မုန့်ပြောနေသည်ဖြစ်သရွေ့ သူသည် ကောင်းကင်ပေါ်တွင်ပျံသန်းနေသည်ဖြစ်စေ၊ မြေပြင်ပေါ်တွင် ပြေးလွှားနေသည်ဖြစ်စေ၊ ရေထဲတွင် ရေကူးနေသည်ဖြစ်စေ ပြဿနာမရှိဘဲ ကျန်းဟန်သည် သူ၏သမီးအတွက် အစားသောက်များ အမြဲတမ်း ယူဆောင်လာပေးမည်ဟုပင် သူတို့ခံစားကြရ၏။
"ဟင်း...မုန့်မုန့်က တကယ်ကို ကောင်းချီးပေးတာပဲ"
သူတို့ထဲမှ အနည်းစုသည် စိတ်ထဲတွင် သက်ပြင်းချလိုက်ကြသည်။
စကားသောက်ဆိုင်တွင် အစားသောက်များကို စတင်သုံးဆောင်နိုင်ပေသည်။
အပြင်မှလူများသည်လည်း ပါဆယ်ယူသွားမည့် ၎င်းတို့၏ အစားအသောက်ကို ယူကြရန် တန်းစီနေကြပေပြီ။
အခြေခံအားဖြင့် လူတိုင်းတွင် ကြက်ဥထမင်းကြော် တစ်ပန်းကန်နှင့် နွားနို့ နှစ်ခွက် အနည်းဆုံးရရှိကြပေမည်။
၎င်းမှာ အော်တိုစူပါမားကတ်တစ်ခုကဲ့သို့ပင် လူများသည် စားသောက်ပြီးသည့်အခါ သူတို့၏ ပိုက်ဆံကို ငွေရှင်းကောင်တာတွင် ထားခဲ့ကြပြီး ကျန်းဟန်သည်လည်း ပိုက်ဆံစစ်ရန် ဂရုစိုက်မနေပေ။
သို့သော် ဤနေရာတွင် ပိုက်ဆံမပြည့်ဘဲ ပေးမည့်သူမရှိချေ။ အကယ်၍ သူတို့လှည့်စားမိပါက ၎င်းမှာ နတ်ဘုရားအဆင့်ထမင်းကြော်ကို စော်ကားခြင်းဖြစ်မည်ဟု သူတို ယူဆကြသည်။
စားသောက်ဆိုင် ဖွင့်သည့်အချိန်မှာ အလွန်တိုတောင်းလှသည်။ နာရီဝက်ခန့်ကြာသည့်အခါ ဆိုင်ထဲတွင် စားသုံးသူအများစု ထွက်ခွာသွားကြချေပြီ။ လျန်မုန့်ချီနှင့် ကျန်သူများသည် ၎င်းတို့၏နွားနို့ကို အေးအေးဆေးဆေးပင် သောက်နေကြဆဲဖြစ်သည်။
"အာ? ပုံတွေပြောင်းသွားပြီလား?"
လျန်မုန့်ချီသည် ရုတ်တရက် နံရံပေါ်ရှိ ဓာတ်ပုံများကို တွေ့လိုက်သည်။ သူမသည် သူမ၏နွားနို့ခွက်ကို ချကာ ထရပ်ကြည့်လိုက်ရင်း မအံဩဘဲ မနေနိုင်ချေ။
"ဝိုး..သူမက အရမ်းလှတာပဲ"
ကျောက်ဒါဟူသည် စန္ဒယားဘက်ခြမ်းရှိ မုန့်မုန့်၏ပုံကိုတွေ့သည့်အခါ မနေနိုင်ဘဲ ကျယ်လောင်စွာအော်လိုက်မိသည်။
"မုန့်မုန့်နဲ့သူဌေးရဲ့ပုံတွေက တကယ်ကို အရမ်းကိုနှစ်လိုဖွယ်ကောင်းတာပဲ" ယူချင်းချင်းသည် အားကျမှုများပြည့်နေသည့် မျက်နှာဖြင့်ပြောသည်။
"..."
ထိုလူစု၏ချီးကျူးမှုကို ကြားလိုက်ရသည့်အခါ မုန့်မုန့်သည် အနည်းငယ်ပျော်ရွှင်လာပြီး သီချင်းလေးပင် ညည်းလိုက်သေးသည်။
ထိုပုံများကို မုန့်မုန့်ကိုယ်တိုင်ပင် ရှင်းရှင်းလင်းလင်းမြင်နိုင်ပေသည်။ အထူးသဖြင့် ဖေဖေနှင့်တွဲရိုက်ထားသည့်သူမ၏ပုံများမှာ အမှန်တကယ်ပင် ကြည့်ကောင်းပေသည်။
အချိန်အတော်ကြာ ကြည့်နေလိုက်ပြီးနောက် ကျောက်ဒါဟူနှင့် ကျောက်ဖုန်းသည် စားပွဲထိုးများအဖြစ် ထပ်မံတာဝန်ထမ်းဆောင်ပြီး ထမင်းစားခန်းကို သန့်ရှင်းရေးလုပ်ကြသည်။
ပထမနှစ်ကြိမ်မှာ စေတနာအလျောက်ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ယခုနောက်ပိုင်းတွင်တော့ ထိုအလုပ်နှင့်ရင်းနီးလာပြီဖြစ်သည်။
ဘေးခြံရှိ စီချွမ်အစပ်စားသောက်ဆိုင်တွင်...
"ဂေ့..."
မန်နေဂျာသည် ဆိုင်ထဲသို့လျှောက်ဝင်လာပြီး သူ၏ဗိုက်ကိုပွတ်သပ်ရင်း လေချဉ်တက်လိုက်သည်။
သူသည် ဤနေ့လည်တွင် ကြက်ဥထမင်းကြော် ၃ ပန်းကန်စားပြီး နွားနို့ ၅ ခွက်ပင် သောက်လာခဲ့သည်။ ထိုအစားအသောက်များအတွက် သူသုံးသည့်ငွေမှာ ပွဲတော်တစ်ခုတွင် သုံးသည့် ငွေနှင့်ပင် ညီမျှသည်။
"မန်နေဂျာ သူ့ဆိုင်ရဲ့အစားအသောက်တွေက ဘယ်လောက်အရသာရှိလဲ?"
စားပွဲထိုးတစ်ယောက်သည် တိတ်တိတ်လေး မေးသည်။
"အရမ်းအရသာရှိတယ်...အဟွတ်..အဟွတ်..မင်းဘာလို့ မေးခွန်းတွေအများကြီးလာမေးနေတာလဲ? သွား လုပ်စရာရှိတာသွားလုပ်!"
မန်နေဂျာသည် ချောင်းဟမ့်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။
"အာ ဂျာကြီးကလည်း လုပ်ပါ ကျွန်မတို့ကို အဲ့ကြောင်းလေးပြောပြပါနော်..."
စားပွဲထိုးမလည်းသည် အနည်းငယ် ညုတုတုသည့် လေသံဖြင့်ပြောလိုက်သည်။
"ဟုတ်တယ် ဟုတ်တယ် ဂျာကြီး။ ခင်ဗျားအရမ်း အရမ်းကျေနပ်နေတာတွေ့တယ်။ အဲဒီမှာ တစ်ခုခုဖြစ်နေတာတော့ သေချာတယ်"
"ဂျာကြီး အဲဒီအစားအသောက်တွေက အရသာရှိလား မရှိဘူးလားဟင် ကျွန်မတို့ကို ပြောပြလို့မရဘူးလား?"
သူတို့ထဲမှ အနည်းငယ်သည် မန်နေဂျာ၏ရှေ့တွင် စုပြုံလာပြီး တိုးတိုးလေးပြောလိုက်ကြသည်။
"အာ..."
မန်နေဂျာ၏ အမူအရာမှာ ခဏမျှ အေးခဲသွားပြီး သူ့ဟာသူ စဉ်းစားနေလိုက်သည်။
အခြားသူများ၏အကြည့်များအောက်တွင် သူသည် ခေါင်းညိတ်ပြလိုက်ပြီး
"အဲဒါက အရသာရှိတာမဟုတ်ဘူး...စောက်ရမ်းအရသာရှိတာ! ကြက်ဥထမင်းကြော်က မပြောပြတတ်လောက်အောင်ကို မွှေးနေတာပဲ၊ အိုး...စောက်ရမ်းပဲ...အရမ်းအံ့ဩဖို့ကောင်းတယ်။ အဲဒီစားသောက်ဆိုင်မှာ အဖွဲ့ဝင် ၇ ယောက်တောင်ရှိနေပြီ မင်းတို့သိလား။ အိုး ဘုရားရေ...၇ သန်း! ပြီးတော့ သူဌေးကလည်းအရမ်းတော်တာပဲ အရမ်းလည်းချောတာ။ ဟင်းချက်တယ်ဆိုတာ ပြပွဲတစ်ခုလိုပဲ အိုး.....သူ့ရဲ့သမီးလေးကလည်း မယုံနိုင်လောက်အောင်ကို လှတာနော်။ အဲဒီက နွားနို့ကတောင် အရမ်းအရသာရှိတာ! ဒီလောက် အရသာရှိတဲ့ နွားနို့ကို တစ်ခါမှ မသောက်ခဲ့ဖူးဘူး...ငါမင်းတို့ကောင်တွေကို ပြောပြမယ်...."
မန်နေဂျာသည် ဆုံးဖြတ်ချက်ချလိုက်ပြီးကတည်းက အကုန်လုံးမချွင်းမချန်ပြောပြချင်နေခဲ့သည်။
စားပွဲထိုးများသည် သူ၏စကားကို နားထောင်ရင်း အိမ်မက်ထဲတွင်ရောက်နေသကဲ့သို့ သူတို့၏မျက်လုံးများမှာ အစိမ်းရောင်ပြောင်းသွားကြသည်။ မန်နေဂျာ၏လေသံအရ အင်မော်တယ်များသာစားနိုင်သော ကြက်ဥထမင်းကြော်ဖြစ်နိုင်သည့်အတွက်ကြောင့် သူတို့သည် ညကျလျှင် ဘာပဲဖြစ်ဖြစ် မြည်းစမ်းကြည့်ရန် ကြံစည်ထားကြသည်။
......
စားသောက်ဆိုင်ထဲတွင် လျန်မုန့်ချီနှင့် အခြားသုံးယောက်သည် ပြန်ရန် အစီအစဉ်မရှိချေ။ ယခုမှ နေ့လည် ၂ နာရီသာရှိသေးပြီး ညစာစားချိန်မှာ ညနေ ၆ နာရီမှဖြစ်သဖြင့် သူတို့အားလုံး ထမင်းစားခန်းတွင် နာရီအနည်းငယ် နေရဦးမည်ဖြစ်သည်။
သူတို့သည် ထိုနေရာတွင်ပင် ရပ်နေခဲ့ကြသည်။ ကျန်းဟန်သည်တော့ အရေးကြီးသည့်ကိစ္စအချို့ကို လုပ်ရန်ရှိသည်။
"မုန့်မုန့် အပေါ်ထပ်တက် အဝတ်အစားလဲပြီးရင် လခြမ်းတောင်ကို သွားကစားကြမယ်"
ကျန်းဟန် ပြုံးကာ ပြောလိုက်သည်။
"အယ်?"
မုန့်မုန့်သည် အံ့ဩသွားပြီး မျက်လုံးများတောက်ပလာကာ သူမ၏လက်ကလေးကိုမြှောက်လျက် အော်ဟစ်လိုက်သည်။
"ရေး....ရေး.....ရှောင်ဟေးနဲ့သွားကစားကြမယ်!"
မုန့်မုန့်၏ ကြွေးကြော်သံသည် လျန်မုန့်ချီ၏ အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး သူမ၏ဖုန်းကို ချက်ချင်းဘေးချကာ ပြောလိုက်သည်။
"သူဌေး ကျွန်မလည်း လိုက်ချင်တယ်"
သူမ နောက်ဆုံးတစ်ခေါက် လည်ပတ်မှုအပြီးတွင် ပုံရိပ်ယောင်ကဲ့သို့သော လခြမ်းတောင်၏အကြောင်းကို မစဉ်းစားဘဲ မနေနိုင်ခဲ့ပေ။ ယခု အခွင့်အရေးရပြီဖြစ်သဖြင့် လက်လွှတ်ခံရန် အစီအစဉ်မရှိချေ။
"ကောင်းပြီ"
ကျန်းဟန် ခေါင်းညိတ်လိုက်ပြီး မုန့်မုန့်အား ဒုတိယထပ်သို့ ခေါ်ဆောင်သွားသည်။
"လခြမ်းတောင်က ပျော်စရာကောင်းလို့လား?"
ယူချင်းချင်းသည် ဂိမ်းဆော့နေသည့် သူမ၏လက်ကို မြှောက်ပင်မမြှောက်ပဲ မေးလိုက်သည်။
"ဒါပေါ့ အဲဒါက သူဌေး မုန့်မုန့်အတွက် ဖန်တီးပေးထားတဲ့ ဒဏ္ဍာရီလာ သုခနယ်မြေပဲ"
လျန်မုန့်ချီ ပြန်ပြောသည်။
"သူဌေး အဲဒါကို တည်ဆောက်ထားတာဆိုရင်တော့ သေချာပေါက် ရိုးရှင်းမှာမဟုတ်ဘူး"
ကျောက်ဖုန်းသည် လျန်မုန့်ချီကိုကြည့်ရင်း ပြုံးလိုက်ပြီး မေးသည်။
"ရှင်ဘာလို့ ကျွန်မကို တစ်ယောက်တည်းပေးမနေရတာလဲ?"
လျန်မုန့်ချီသည် နှာခေါင်းရှုံလိုက်ပြီး ပြောသည်။
"ရှင်သွားချင်ရှင် သူဌေးကိုသွားမေးပါလား? ဘာလို့ ကျွန်မကိုလာမေးနေတာလဲ?"
ကျောက်ဖုန်း ပြောစရာစကားမဲ့သွားပြန်သည်။ သူ၏စိတ်ထဲတွင် အနည်းငယ်ရှုပ်ထွေးသွားသည်။ သူမကို မည်သို့စော်ကားခဲ့မိသဖြင့် သူနှင့်စကားပြောသည်အခါတိုင်း သူမ၏လေသံမှာ အမြဲတင်းမာနေခဲ့ရသနည်း။
သူဌေးနှင့်စကားပြောသည့်အခါ သုံးသည့် လျန်မုန့်ချီ၏လေသံကို စဉ်းစားရင်း ကျောက်ဖုန်း မနေနိုင်ဘဲ စိတ်ထဲတွင် ခါးသီးစွာရယ်မောလိုက်မိသည်။
သူဌေးနဲ့စကားပြောတဲ့အခါ သူမက ဘာလို့ အဲ့လောက်ထိ နူးညံ့သွားရတာလဲ?
-C 70 End
-Book 5 End