အပိုင်း(၅၆) ရှေးဟောင်းလမ်းတွင် လမ်းလျှောက်ခြင်း
နာရီဝက်ခန့်ကြာပြီးနောက် မုန့်မုန့်သည် စန္ဒယားခလုတ်များနှိပ်ရင်း ပင်ပန်းလာသည့်အခါ ကျန်းဟန်သည် မင်းသမီးလေးကို ဆိုဖာပေါ်တွင် တင်ပေးလိုက်ပြီး တီဗီဖွင့်ပေးလိုက်သည်။
"သူဌေး ပိုက်ဆံရှင်းတော့မယ်..."
လျန်မုန့်ချီသည် ကောင်တာရှေ့သို့ ဦးဆောင်လျှောက်လာပြီး ပြောလိုက်သည်။
"ဟင်းပွဲတွေက ဘယ်လောက်လဲ?"
လျန်မုန့်ချီ သိချင်စိတ်ပြင်းပြစွာမေးလိုက်သည်။
"အမ်....ပုံမှန်အိမ်ချက်ဟင်းလျာတွေကတော့ တစ်ပွဲကို ယွမ် ၂၀၀၊ အသားဟင်းဆိုရင် ယွမ် ၄၀၀"
"အိုကေ ဟင်းသုံးပွဲအတွက်က ယွမ် ၆၀၀၊ နွားနို့အတွက် ၁၀၀၊ ကြက်ဥထမင်းကြော်အတွက် ယွမ် ၃၀၀ ၊ ယွမ် ၁ ထောင် ကွက်တိပဲ။ အိုး... မန်ဘာကြေးအတွက် ယွမ်တန်သန်း ကျန်သေးတယ်။ အားလုံး ယွမ် ၁ သန်းနဲ့ ၁ ထောင်"
လျန်မုန့်ချီသည် သူမ၏ဖုန်းကိုထုတ်လိုက်ပြီး ကျန်းဟန်ထံမှ ဘဏ်ကဒ်ကို ယူလိုက်သည်။
"သူဌေး ကျွန်မတို့ ဘယ်အချိန်မှ အသားဟင်းစားလို့ရမှာလဲ"
လျန်မုန့်ချီ စိတ်ဝင်တစားမေးသည်။
"ရက်နည်းနည်းအတွင်းပေါ့"
ကျန်းဟန် ပြန်ဖြေလိုက်သည်။
အမှန်တကယ်တွင် ဝက်များနှင့် နွားကလေးများကို စောစောစားနိုင်သော်လည်း လခြမ်းတောင်သို့ ရောက်ရှိပြီးဖြစ်၍ ၎င်းတို့၏အသားကို အဆင့်မြှင့်ရန်အတွက် ထိုနေရာတွင် ခဏကြာကြာထားခြင်းဖြစ်သည်။
ယူချင်းချင်းသည်လည်း ငွေပေးချေပြီး ယွမ် ၁ သန်းနှင့် ၁ ထောင်ကို ချက်ချင်းလွှဲပေးခဲ့သည်။
"သူဌေး မင်းရဲ့အစားအသောက်တွေကို ငါစွဲနေပြီ။ နောက်ကျရင် မင်းဆိုင်မှာ လာမစားခင် ပိုက်ဆံများများရှာရမယ်ထင်တယ်"
ကျောက်ဒါဟူသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ၏ပိုင်ဆိုင်မှု ၃ ပုံ ၁ ပုံကို နာကျင်စွာလွှဲပေးလိုက်သည်။
"တော်တော်အရသာရှိတယ်"
ကျောက်ဖုန်းသည် ရိုးရိုးရှင်းရှင်း ချီးမွမ်းလိုက်ပြီး ငွေကို ပျော်ပျော်ကြီးပင် လွှဲပေးလိုက်သည်။
လျန်မုန့်ချီသည် တံခါးဆီသို့လျှောက်သွားရင်း ရုက်တရက် တစ်စုံတစ်ခုကို သတိရသွားကာ ကျန်းဟန်ဘက်သို့ လှည့်၍အော်လိုက်သည်။
"အော် ဟုတ်သားပဲ။ သူဌေး ကျွန်မတို့က အဖွဲ့ဝင်တစ်ယောက်ဖြစ်နေပြီလေ။ ဗီအိုင်ပီကတ်တော့ ရှိသင့်တယ်မလား"
"အင်း ဒီည ကတ်လုပ်မဲ့သူ ရှာလိုက်ဦးမယ်"
ကျန်းဟန် စဉ်းစားကာ ပြန်ဖြေလိုက်သည်။
"အင်း ကျွန်မသိပြီ။ နှုတ်ဆက်ပါတယ် သူဌေး၊ ဂွတ်ဘိုင် ချစ်ဖို့ကောင်းတဲ့ မင်းသမီးလေးမုန့်မုန့်"
လျန်မုန့်ချီသည် ချိုသာစွာပြုံးပြီး သူမ၏လက်ကို ၂ ကြိမ်ဝှေ့ယမ်းလိုက်သည်။
"ဂွတ်ဘိုင် အစ်မကြီး"
မုန့်မုန့်သည် ဆိုဖာပေါ်မှနေ၍ လက်ပြန်ပြသည်။
"နှုတ်ဆက်ပါတယ် သူဌေး။ ဘိုင့်ဘိုင် မုန့်မုန့်"
ယူချင်းချင်းသည်လည်း လက်ကို ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်သည်။
"မနက်မှတွေ့မယ် မုန့်မုန့်"
ကျောက်ဒါဟူသည်လည်း လက်ဝှ့ယမ်းလိုက်သည်။
"နှုတ်ဆက်ပါတယ်"
ကျောက်ဖုန်းလည်း ခေါင်းညိတ်လိုက်သည်။
သူတို့ထွက်သွားကြပြီးနောက် ရွှေရောင်ဆံပင်လူငယ်နှင့် သူ၏အဖော်မိန်းကလေးတို့ လျှောက်လာကြသည်။
"ကြက်ဥထမင်းကြော် လေးပွဲနဲ့ နို့လေးခွက်။ ကျွန်တော်တွက်ကြည့်တာ အားလုံးပေါင်း ယွမ် ၁၆၀၀ ပါ။ ဒါက ယွမ် ၁၆၀၀"
ဆံပင်ရွှေရောင်လူငယ်သည် ပိုက်ဆံကို လွှဲပေးလိုက်သည်။
"အင်း"
ကျန်းဟန်သည် မထူးမခြားနားပင် ခေါင်းညိတ်ပြသည်။ သူသည် ပိုက်ဆံကိုယူလိုက်ပြီး အံဆွဲထဲတွင် ထည့်လိုက်သည်။
"ဟို...ဟို...မန်ဘာကြေးက ဘာကိုပြောတာလဲ။ ဟင်းပွဲတွေက ယွမ် ၁ သန်းတောင်ကျတာလား"
ရွှေရောင်ဆံပင်လူငယ်သည် မနေနိုင်ဘဲ မေးလိုက်သည်။
"မဟုတ်ပါဘူး"
ကျန်းဟန်ခေါင်းယမ်းလိုက်သည်။
"ယွမ် ၁ သန်းက မန်ဘာကြေးပဲရှိသေးတာပါ။ မန်ဘာကတ်နဲ့မှ မင်းက ငါချက်ထားတဲ့ ဟင်းလျာတွေကို စားလို့ရမယ်။ ဒါပေမဲ့ ဟင်းပွဲတွေအတွက် ပိုက်ဆံက ထပ်ပေးရမှာ"
"မန်ဘာကတ်အတွက် ယွမ် ၁ သန်း"
အရပ်ရှည်ရှည်မိန်းကလေး၏မျက်နှာမှာ ပြောင်းလဲသွားပြီး လျှာကိုထုတ်လိုက်ကာ
"အရမ်းဈေးကြီးတာပဲ"
"ဟုတ်တယ် ဟီးဟီး...။ကျွန်တော်တို့လည်း သွားတော့မယ်။ နှုတ်ဆက်ပါတယ်"
ရွှေရောင်ဆံပင်လူငယ်၏ မုန့်ဖိုးသည် တစ်နှစ်လျှင် ယွမ် ၁.၈၉ သန်းဝန်းကျင်ရှိပြီး ၎င်းကို လစဉ်ပေးခြင်းဖြစ်သည်။ မန်ဘာကတ်ဝယ်ရန်အတွက် သူတွင် ပိုက်ဆံမလောက်သောကြောင့် အိမ်ပြန်ရန်သာရှိသည်။
သူတို့တွေ ဘယ်လိုများ မန်ဘာကတ်ကို ဝယ်ကြသလဲဆိုသည်ကို စဉ်းစားရင်း ရွှေရောင်ဆံပင်လူငယ်သည် သူ့ကိုယ်သူ သူဌေးသားအတုတစ်ယောက်ဟုပင် ရုတ်တရက်ခံစားလိုက်ရသည်။
သို့သော် ရက်အနည်းငယ်အတွင်းတွင် ရွှေရောင်ဆံပင်လူငယ်သည် အစားအသောက်၏သွေးဆောင်မှုကို မခံနိုင်ဘဲ မန်ဘာကတ်တစ်ခုဝယ်ရန် ငွေရှာလာခဲ့သည်။ အမှန်ပင် ၎င်းမှာ နောက်လာမည့် ဇာတ်လမ်းတစ်ခုပင်ဖြစ်သည်။
ရွှေရောင်ဆံပင် လူငယ်ထွက်သွားသည့်အချိန်တွင် လျန်မုန့်ချီနှင့် အခြား ၂ ယောက်သည် တံခါးဖွင့်ကာ ဝင်လာကြသည်။
"တောင်းပန်ပါတယ် သူဌေး။ ကျွန်မ ပန်းကန်တွေ ရှင်းဖို့မေ့သွားလို့"
လျန်မုန့်ချီသည် ပြုံးလိုက်သည်။
သုံးယောက်သား ပန်းကန်ခွက်ယောက်များကို ဆေးကြောပြီး ဗီရိုထဲတွင် ထည့်လိုက်သည်။ ကျောက်ဒါဟူသည် ရွှေရောင်ဆံပင်လူငယ်၏စားပွဲကိုပင် သန့်ရှင်းရေးလုပ်လိုက်သည်။
ယူချင်းချင်း၏ Volkswagen ကားထဲတွင် ထိုင်လိုက်ကြသည်။
"နောက်ဆုံးတော့ စစ်မှန်တဲ့အရသာဆိုတာကို ငါသိသွားခဲ့ပြီ။ အရင်က ငါ့ရဲ့လျှာကို တကယ်ကို စိတ်ပျက်မိတယ်"
လျန်မုန့်ချီသည် 'မုန့်မုန့်၏အပန်းဖြေရာ စားသောက်ဆိုင်' အပြင်ဘက်တွင် သူမ၏ဓာတ်ပုံနှင့်အတူ WeChat တွင် ပို့စ်တင်လိုက်သည်။
ထုံးစံအတိုင်းပင် အလှလေး၏စွဲဆောင်မှုသည် နိမ့်ကျလှခြင်းမရှိသဖြင့် မှတ်ချက်ပေါင်းများစွာကို ချက်ချင်းရေးသားကြသည်။
ကျားကြီး - "အိုး အလှလေးလျန်က ဘယ်လိုစားကောင်းသောက်ဖွယ်တွေ တွေ့ခဲ့လို့လဲ?"
စုန့်ဟူ - " အမှန်ပဲလား ချီချီ။ နင့်ရဲ့ပါးစပ်က တော်တော် ဇီဇာကြောင်တယ်လို့ နာမည်ကြီးတာ။ ဒီစားသောက်ဆိုင်က တကယ်အရမ်းကောင်းမယ်ထင်တယ်"
ဆိုဆိုက်ရတီ - "ငါ့ရဲ့ပါးစပ်ကို ဖွင့်လိုက်တော့ ဒါက ရှေးဟောင်းအနုပညာကမ္ဘာတစ်ခု၊ မုန့်မုန့်ရဲ့စားသောက်ဆိုင် ဆိုတာ သိလိုက်တယ်။ သူတို့ရဲ့ အစားအသောက်တွေကလည်း ချစ်စရာကောင်းနေရမယ်"
လျန်ဟောင် - "ညီမလေး မင်း အရသာရှိတာတွေစားလာတာလား။ မင်းတော်တော်ကို ပျော်နေတာပဲ"
အစ်ကိုဖြစ်သူ၏မှတ်ချက်ကိုတွေ့သည့်အခါ လျန်မုန့်ချီပြုံးလိုက်ပြီး
"အဲ့ဒါက တကယ်အရသာရှိတယ်။ မင်းတစ်ခေါက်လောက်စားမကြည့်ရင် တစ်သက်လုံး နောင်တရနေလိမ့်မယ်။ အစ်ကို နင်လာရင် ငါလိုက်ပို့ပေးမယ်"
လျန်ဟောင် - "ဟာဟား ငါသွားဖို့ မစောင့်နိုင်တော့ဘူး။ ဘယ်လိုညစာတွေစားခဲ့တာလဲ"
လျန်မုန့်ချီ - "ကြက်ဥထမင်းကြော်၊ နွားနို့၊ ကြက်ဥနည်းနည်းနဲ့ခရမ်းချဉ်သီးကြော်၊ ပဲအာလုံးပြုတ်၊ ခရမ်းသီးနှပ်"
ဆိုဆိုက်ရတီ - "ဘာလား...ဒါက ပုံမှန်ဟင်းတွေမဟုတ်လား။ ကိုယ့်အိမ်မှာကိုယ်တောင် လုပ်စားလို့ရတယ်"
လျန်မုန့်ချီ - "မင်းဘာသိလို့လဲ။ သူဌေးရဲ့ဟင်းတွေက ကောင်းကင်နဲ့မြေကြီးလိုပဲ ခြားနားတယ်။ ကြက်ဥထမင်းကြော် တစ်ပန်းကန်ကို ယွမ် ၂၈၀ ၊ နွားနို့တစ်ခွက်ကို ယွမ် ၈၀ တန်တယ်၊ မန်ဘာကတ်က ဘယ်လောက်ကုန်ကျလဲဆိုတာရော သိလား။ မင်းမှာ မန်ဘာကတ်တစ်ခုရှိမှပဲ သူဌေးကိုယ်တိုင်ချက်ထားတဲ့ ဟင်းလျာတွေကို စားနိုင်တယ် ဟမ့်"
ဆိုဆိုက်ရတီ - "..."
ကျန်းဟန်သည် ဈေးနှုန်းပြောင်းလဲလိုက်ပြီးသည်ကို သူတို့ လုံးဝမသိပေ။
နွားနို့တစ်ခွက်လျှင် ယွမ် ၁၀၀၊ ကြက်ဥထမင်းကြော် တစ်ပန်းကန်လျှင် ယွမ် ၃၀၀ ပြောင်းလဲသွားသည်။ ဆိုင်စဖွင့်သည့်အချိန်ကတည်းက ကျန်းဟန်သည် ကြက်ဥထမင်းကြော်တစ်ပန်းကန်ကို ယွမ် ၂၈၀ နှုန်းဖြင့် မရရှိခဲ့ပေ။ ၂၈၀ ထက်ပိုပေးနေကြသည်ဖြင့် အချိန်တိုင်း ဘောက်ဆူးပေးနေခြင်း မကြိုက်သည့်အတွက် ဈေးနှုန်းကို ပြောင်းလဲလိုက်သည်။
ကျန်းဟန်သည် အခြားသူများကို မကြာခဏ မုန့်ဖိုးပေးလေ့ရှိသော်လည်း အခြားသူများက သူ့အား ထိုသို့ပေးသည်ကို မကြိုက်ပေ။ ထို့ကြောင့် နောင်တွင် အစွန်းထွက်မရှိဘဲ အပြည့်ရောင်းရန် ဆုံးဖြတ်လိုက်သည်။
သို့သော် ကျန်းဟန်သည် မကြာမီ စားသောက်ဆိုင်တွင် ပိုက်ဆံရာပေါင်းများစွာ သုံးဖြုန်းလာကြမည်ကို မသိခဲ့ချေ။
ပထမဆုံး မန်ဘာကတ် ၁ - ၁၀ တွင် တစ်ခုလျှင် ယွမ် ၁ သန်း၊ ၁၁ - ၂၀ တွင် တစ်ခုလျှင် ယွမ် ၁၀ သန်း။
သင့်တွင် မန်ဘာကတ်တစ်ခုရှိလျှင် နေ့စဉ် ဟင်းလျာများကို စားသုံးနိုင်သည်။ အိမ်တွင်းဟင်းလျာများတွင်
အသီးအရွက်ဟင်းများ တစ်ပွဲလျှင် ယွမ် ၂၀၀
အသားဟင်း တစ်ပွဲလျှင် ယွမ် ၄၀၀
၎င်းကို ဘုတ်တွင် ရေးလိုက်ပြီးနောက် ကျန်းဟန်သည် အနည်းငယ်စစ်ကြည့်လိုက်သည်။ အမှားအယွင်းမရှိကြောင်းအတည်ပြုပြီးနောက် ထမင်းစားခန်းထဲသို့ပြန်သွားကာ မုန့်မုန့်နှင့်အတူ မန်ဘာကတ်မှာရန် ပြင်ဆင်လိုက်သည်။
လျန်မုန့်ချီတစ်ဦးတည်းသာ WeChat တွင် ပို့စ်တင်သည်သာမက ကျောက်ဒါဟူသည်လည်း သူ၏ WeChat တွင် အလားတူ ပို့စ်တစ်ခုတင်ခဲ့သည်။ သူ၏ WeChat တွင် သူငယ်ချင်းပိုများပြိး လူပြည့်လုနီးပါးပင်ရှိသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ယခင်က မီဒီယာကုမ္ပဏီတစ်ခု၏ လက်ထောက်ဒါရိုက်တာ ဖြစ်ခဲ့ပေသည်။
သူကို့အာရုံစိုက်နေသည့် လူအများအပြားရှိပေသည်။ သူ၏ WeChat Moment ကို တင်ပြီးသည်နှင့် လျန်မုန့်ချီထက် ပိုမိုများပြားသည့် မှတ်ချက်ပေါင်း ၅၀ ပင် ချက်ချင်းကျော်လွန်သွားခဲ့သည်။
ရွှေရောင်ဆံပင်လူငယ်နှင့် အရပ်ရှည်ရှည်မိန်းကလေးသည်လည်း အလားတူပင်ဖြစ်သည်။ သူတို့အားလုံးသည် ၎င်းတို့၏သူငယ်ချင်းများကို အလွန်အရသာရှိသည့် စားသောက်ဆိုင်တစ်ဆိုင်တွေ့ရှိခဲ့ကြောင်း ဖောက်သည်ချခဲ့ကြသည်။
သို့သော် ကျောက်ဖုန်းသည်တော့ ထိုသို့ပြုလုပ်ခြင်းမရှိဘဲ ကုမ္ပဏီသို့ ပြန်လာကာ တိတ်ဆိတ်စွာပင် ပုံမှန်အတိုင်းလုပ်ဆောင်နေခဲ့သည်။
လူအနည်းငယ်၏ သူငယ်ချင်းများအကြား ပရိုမိုးရှင်းလုပ်ပေးခြင်းကြောင့် ကျန်းဟန်၏စားသောက်ဆိုင်သည် နောက်တစ်နေ့တွင် ဖောက်သည်အသစ်များကို ကြိုဆိုရမည့်ဟန်ရှိသည်။
တစ်ချိန်တည်းမှာပင် ရွှယ်ချမ်၏အိမ်တွင်
"အိုက်ယား..ဘာလို့သူစာမပြန်သေးတာလဲ"
လီဖန်းသည် စိတ်ဓာတ်ကျနေပြီဖြစ်သည်။ အစကတည်းက သူ၏ဝဘ်စာမျာနှာကို ၂ စက္ကန့်တစ်ချိန် ရီဖရက် လုပပ်နေပြီး တစ်မိနစ် တစ်ကြိမ် ထိုနောက် ဆယ်မိနစ်တစ်ကြိမ် စသည်ဖြင့် ပြောင်းလဲလာသည်။ ယခုအချိန်ထိ သူ၏ကွန်ပြူတာရှေ့တွင်ထိုင်ပြီး နာရီအနည်းငယ်ကြာအောင် ကြည့်နေခဲ့သည်။
"သူက ဖုန်းနံပါတ်လည်း မပေးထားဘူး။ ၁၃ ရက်နေ့အထိ စာမပြန်ရင် ဒီသီချင်းကို ငါဆိုရမှာလား မဆိုရဘူးလား။ ဒီသီချင်းကို မဆိုနိုင်ဘူးဆိုရင် တော်တော်ဝမ်းနည်းရလိမ့်မယ်"
ရွှယ်ချမ်သည် ခေါင်းညိတ်လိုက်သည်။
ရွှယ်ချမ်သည် ၁၅ ရက်နေ့ ဖျော်ဖြေပွဲအတွက် ပြင်ဆင်ရင် လင်းဟိုင်မြို့တော်သို့သွားရမည်ဖြစ်သည်။ ၇ ရက်မြောက်နေ့တွင် မစ္စတာဟန်ယန် အကြောင်းမပြန်ပါက သီချင်းနှင့်ပက်သက်၍ကောင်းကောင်းဆွေးနွေးနိုင်မည်မဟုတ်ဘဲ သူမသက်အသာခံစားနေရမည်ဖြစ်သည်။
"အိုက်ယိုး...မြန်မြန်အကြောင်းပြန်ပါ အစ်ကိုကြီးရယ် ကျွန်တော်တောင်းပန်ပါတယ်..."
လီဖန်းသည် ခါးသီးစွာရယ်လိုက်ရင်း ဖန်သားပြင်ကိုကြည့်ကာ ရေရွတ်လိုက်သည်။
......
ကျန်းဟန်နှင့်မုန့်မုန့်သည် အဝတ်အစားသပ်သပ်ရပ်ရပ်ပြင်ဆင်ပြီး မန်ဘာကတ်များ ပြုလုပ်ရန် အလယ်ပိုင်းခရိုင်၏ ကြာပန်းလမ်းကြားသို့ သွားခဲ့ကြသည်။ ထိုနေရာတွင် ရှေးဟောင်းလမ်းတစ်ခုလည်းရှိသည်။ ကျန်းဟန်သည် ထိုနေရာသို့ သွားကြည့်ရန် စီစဉ်ထားသည်။
နာရီဝက်ခန့်ကားမောင်းပြီးနောက် ကျန်းဟန်သည် အလယ်ပိုင်းကွင်းလမ်းသို့ရောက်ရှိလာသည်။
ပထမဦးစွာ သူသည် တန်ဖိုးကြီးအထက်တန်းမန်ဘာကတ်ဆိုင်တစ်ခုသို့သွားခဲ့သည်။
ဝန်ထမ်းနှင့် အချိန်အတော်ကြာ ပြောဆိုပြီးနောက် ကျန်းဟန်သည် မန်ဘာကတ်ပုံစံကို ဆုံးဖြတ်လိုက်သည်။
သူလိုချင်သည့်ပုံစံမှာ သတ္တုဖြင့်ပြုလုပ်ထားသည့် မန်ဘာကတ်ဖြစ်ပြီး ကျန်းဟန်၏လက်မှတ်ရှေ့တွင် "မုန့်မုန့်၏အပန်းဖြေရာစားသောက်ဆိုင်" ဟူသောစာလုံးဖြင့် မုန့်မုန့်၏ပုံတူကာတွန်းပုံ၊ စက်ဝိုင်းထဲတွင် နံပါတ် ၁ - ၂၀ ပါရှိပြီး ကတ်၏အနောက်ဘက်တွင် ကြာပန်းတစ်ပွင့်ကို ထွင်းထားသည်။
သို့သော် ကျန်းဟန်သည် သတ္တုကတ်ပြားအတွက် အကောင်းဆုံးသတ္တုကိုရွေးချယ်ခဲ့ပြီး အဖြူရောင်စာလုံးများအတွက် ပလက်တီနမ်ကို သုံးထားသည်။ မန်ဘာကတ်၏ ထောင့်လေးထောင့်တွင် စိန်တစ်လုံးထည့်ရန် ဆုံးဖြတ်ခဲ့သည်။
ထို့ကြာင့် မန်ဘာကတ်တစ်ကတ်ကို ယွမ် ၅ သောင်းဖြင့် မန်ဘာကတ် ၂၀ အတွက် စရံငွေ ၅ သိန်း ပေးဆောင်ရပြီး ကျန်တစ်ဝက်ကို မနက်ဖြန်ပေးရမည်ဖြစ်သည်။
မန်ဘာကတ် ၂၀ သည် ယွမ် တစ်သန်းရှိသော်လည်း ကျန်းဟန်တွင် ပိုက်ဆံမပြတ်လက်ဘဲ လက်ရှိတွင် ယွမ် ၄ သန်းရှိပြီး မကြာသေးမီက ယွမ် ၄ သိန်း ထပ်ပေါင်းကာ ယွမ် ၁ သန်းသုံးလိုက်ရလျှင်ပင် ၃.၄ သန်းကျန်ရှိနေဦးမည်ဖြစ်သည်။
"ပစ္စည်းကောင်းလေးတွေ ဝယ်လို့ရနိုင်မလား သွားကြည့်ကြရအောင်"
ကျန်းဟန်သည် မုန့်မုန့်ကို ချီပြီး ရှေးဟောင်းလမ်းဆီသို့ လျှောက်သွားခဲ့သည်။
"သွားကြမယ် ဝယ်မယ် ဝယ်မယ်!"
မုန့်မုန့်သည် ဈေးဝယ်ခြင်းကို ခုခံနိုင်သည့်အစွမ်း မရှိပေ။ သူမလေးသည် ဈေးသာဝယ်နေမည်ဆိုပါက ဘာပဲဖြစ်ဖြစ် အဆင်ပြေနေသည်။
ရှေးဟောင်းဈေးသို့ရောက်သည့်အခါ လမ်းဘေးနှစ်ဖက်တွင် တန်းစီနေသော ဈေးဆိုင်များစွာရှိနေသည်။ ကြွေထည်များ၊ ပန်းချီကားများ၊ ကျောက်စိမ်းအသုံးအဆောင်များနှင့် ပစ္စည်းအမျိုးမျိုး သောင်းပြောင်းထွေလာပင်ရှိသည်။
ပန်းချီနှင့် လက်ရေးလှသည် တရုတ်ပန်းချီနှင့် လက်ရေးလှဖြစ်သည်။ ကျောက်စိမ်းပန်းပုများသည် ရှေးဟောင်းကျောက်စိမ်းနှင့် ခေတ်မီကျောက်စိမ်းများပါဝင်သည်။ ကျောက်စိမ်းလက်ကောက်၊ ပုတီးစေ့၊ ကျောက်စိမ်းဆွဲသီး၊ အလှဆင်ပစ္စည်း၊ လက်စွပ် စသဖြင့် ပစ္စည်းများစွာရှိသည်။
ဝါး၊ သစ်သား၊ သွားများ၊ ဦးချိုများ၊ စာရေးခြင်း ရတနာလေးပါး၊ ကြေးနီပစ္စည်းများ၊ အလှဆင်ပစ္စည်းများ၊ လက်ကောက်၊ သစ်ကြားသီးများ စသည်ဖြင့် အမျိုးအစားခွဲထားခြင်းမရှိသည့် သောင်းပြောင်းထွေလာများရှိသည်။
ဟောင်ကောင်၏ရှေးဟောင်းဈေးသည် ကမ္ဘာအနှံ့ကျော်ကြားသည်ဟု ဆိုနိုင်သည်။ နိုင်ငံအသီးသီးမှာ စုဆောင်းသူများသည် ရှေးဟောင်းပစ္စည်းလေလံပွဲများတွင် ဝယ်ယူကြသည်။ ထို့ပြင် ဤရှေးဟောင်းလမ်းတွင်လည်း လူအမြောက်အများရှိနေခဲ့သည်။
"လူတွေအများကြီးပဲ။ ပစ္စည်းတွေလည်းအများကြီး ဖေဖေ သမီးတို့ ဘာဝယ်ကြမှာလဲ"
မုန့်မုန့်သည် ပတ်ဝန်းကျင်ကို ကြည့်ရင်း စိတ်ဝင်တစားမေးသည်။
"ဟိုဟိုဒီဒီလိုက်ကြည့်မယ်။ ကြိုက်တာဝယ်ကြမယ်"
ကျန်းဟန်သည် ပေါ့ပါးသောအပြုံးဖြင့် ပြောလိုက်သည်။
မုန့်မုန့်ကို ချီပြီး ကျန်းဟန်သည် သူ၏ရတနာအနံ့ခံနှာခေါင်းကို အသုံးပြုကာ ဈေးအတွင်းသို့ ဝင်လာခဲ့သည်။
ယခုအချိန်တွင် သူသည် ရတနာအနံ့ခံနှာခေါင်းကို တစ်မီတာပတ်လည်ခန့်အထိ ဖုံးလွှမ်းနိုင်သည်။ ကျန်းဟန်သည် ပထမဆိုင်မှီမထွက်ခွာခင်တွင် အကြိမ်အနည်းငယ်မျှ စိတ်ဝိဉာဉ်စွမ်းအင်ကို လှည့်ပတ်လိုက်သည်။
ဆိုင်ရှင်၏ စကားလုံးများမှာ နားဝင်ချိုလှသည်။
"ဒါက တန်မင်းဆက်က ကြွေပန်းအိုးပါ။ ဒါက ယွမ် ၂ သောင်းပဲရှိပါတယ်"
"လူငယ်လေး ဒီလက်ကောက်က အရမ်းထူးခြားတယ်။ သူက ကျောက်စိမ်းအစစ်ပဲ။ လိုချင်ရင် ဈေးလျော့ပေးလို့ရပါတယ်"
"ဘယ်လောက်လဲ"
"ယွမ် ၁၈၀၀ ပါ"
"လူငယ်လေး ဒီဆွဲသီးကိုကြည့်ကြည့်။ အရမ်းကောင်းတယ်..ဟေး..ဟေး...ဟေး...ဘာလို့ထွက်သွားတာလဲ"
-C 56 End
-Book 4 End