အပိုင်း(၅၂) အိမ်ချက်ဟင်းလျာ
သူမ၏စကားသည် မင်းသမီးလေးကို အနှိုင်းမဲ့ ပျော်ရွှင်သွားစေသည်။
သူမ၏ဖေဖေ အစွမ်းထက်လျှင် သူမလေးပျော်ရွှင်သော်လည်း အခြားသူများမှ အနည်းငယ် ချီးကျူးသည်ကို ခံရလျှင်ပင် ပို၍ပျော်ရွှင်သည်။
"အိုက်ယိုး..နင်တို့သွားတာ ၃ နာရီကျော်သွားပြီ။ မုန့်ချီ နင် ငါတို့သူဌေးကို မြူဆွယ်လိုက်တာလား"
ယူချင်းချင်းသည် သူမ၏နှုတ်ခမ်းကိုမဲ့ကာ ပြောလိုက်သည်။
"မဟုတ်တာတွေလျှောက်မပြောနဲ့။ လူတိုင်းကို နင့်လို ညစ်တီးညစ်ပတ်ထင်နေလား။ သူဌေးက ဖြောင့်မတ်တဲ့သူပဲ"
လျန်မုန့်ချီသည် အနည်းငယ်နှာမှုတ်လိုက်ပြီး သူမ၏ဘေးတွင်ထိုင်နေသည့် ကျောက်ဒါဟူကို မောင်းထုတ်လိုက်ပြီး ခုံပေါ်ဝင်ထိုင်လိုက်သည်။
"ဟွန့် အနိုင်ကျင့်လိုက်တာ"
ကျောက်ဒါဟူသည် အနည်းငယ်ထေ့လိုက်သည်။
"ချင်းချင်း ငါနင့်ကိုပြောပြမယ်။ သူဌေးက တောင်တစ်လုံးကို ဖန်တီးထားတာ။ အဲဒီမှာ အရမ်းလှတာပဲ။ ဟိုမှာ...."
သူမဝင်ထိုင်လိုက်ပြီးနောက် လျန်မုန့်ချီသည် ယူချင်းချင်းအား ယနေ့ လခြမ်းတောင်တွင် သူမတွေ့ခဲ့ ကြားသိခဲ့သမျှ အကြောင်းများကို စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုနေခဲ့သည်။
ကျန်းဟန်သည် သူတို့အတင်းတုတ်နေသည်ကို လျစ်လျူရှုလိုက်ပြီး မုန့်မုန့်ကို ဆိုဖာပေါ်တွင် တင်လိုက်သည်။
"မုန့်မုန့် တီဗီ ခဏကြည့်နေဦးနော်။ ဖေဖေ ချက်ပြုတ်တော့မယ်"
ကျန်းဟန်သည် အချိန်ကိုကြည့်လိုက်သည်။ ငါးနာရီခွဲနေပြီဖြစ်ပြီး ဟင်းအနည်းငယ်ချက်ရန်မှာ တစ်နာရီခန့်အချိန်ယူရမည်ဖြစ်သည်။
"ဟုတ်ကဲ့ မုန့်မုန့် ကာတွန်းကားကြည့်ချင်တယ်"
မုန့်မုန့်သည် ကလေးဆန်သည့်အသံလေးဖြင့် ချစ်စဖွယ်ပြန်ပြောသည်။
ကျန်းဟန်သည် တီဗီကို ဖွင့်ရင် ရီမုဒ်ကိုသုံးလိုက်ပြီး ကလေးချန်နယ်တစ်ခုကို ဖွင့်လိုက်ပြီး သူ၏လက်ထဲတွင် အိတ်ကိုကိုင်ကာ မီးဖိုချောင်ထဲသို့ လျှောက်သွားသည်။
ပထမဦးစွာ သူသည် ဂျုံမှုန့်အိတ်ကြီး နှစ်လုံးကို ဗီရိုထဲသို့ထည့်လိုက်သည်။ လှည့်ကြည့်လိုက်သည့်အခါ ဗီရိုပေါ်တွင် ထူးခြားသည့် လျှမ်စစ်ထမင်းအိုးကြီး၊ မီးဖိုနှင့် အခြား ပစ္စည်းအသစ်များကိုတွေ့လိုက်သည့်အခါ ကျန်းဟန်၏ပါးစပ်ထောင့်တွင် အနည်းငယ် တွန့်ကွေးသွားသည်။
ကြည့်ရတာ အစားကြူးတယ် ဆိုတဲ့စကားလုံးကို ငါလျှော့တွက်ထားမိပုံပဲ
ကျန်းဟန်သည် ၎င်းမှာ ရယ်စရာကောင်းသည်ကိုတွေ့လိုက်ရသည်။ ဤမီးဖိုချောင်သုံးပစ္စည်းများမှာ ဈေးမပေါပေ။ ကျန်းဟန်သည်လည်း ထိုအစားကြူးသည့်သုံးယောက်သည် အရွယ်အစားကြီးမားသည့် မီးဖိုချောင်သုံးပစ္စည်းများကို မြန်မြန်ဆန်ဆန် လဲပစ်လိုက်မည်ဟု မထင်ခဲ့မိပေ။
လျှပ်စစ်ထမင်းအိုး၏ ဆံ့သောပမာဏမာ ၁၈ လီတာပင်။ ၁၈ လီတာမှာ မည်မျှရှိသနည်း။
၎င်းကိုမသိနိုင်သော်လည်း ၁၈ လီတာဆံ့သော လျှပ်စစ်ထမင်းအိုးသည် ဆန် ၂၈ ခွက် ချက်နိုင်သည်။ ထမင်းအိုးတိုင်းတွင် သူ၏ကိုယ်ပိုင် ဆန်ခြင်ခွက်ပါရှိပြီး ထိုတစ်ခွက်လျှင် ထမင်း ၃ ပန်းကန်နှင့်အထက် နီးပါး ချက်နိုင်သည်။ လူတစ်ယောက်လျှင် ၂ ပန်းကန် နှုန်းဖြင့်တွက်ပါက လူ ၄၂ ယောက်စာ ချက်နိုင်သည်။ လူတစ်ယောက်လျှင် ၃ ပန်းကန်နှုန်းဖြင့်တွက်ပါက ၂၈ ယောက်စာ ချက်နိုင်ပြီး လူတစ်ယောက်လျှင် ကီလိုဝက်ခန့်တွက်ပါက ၁၇ ယောက်စာ ကောင်းကောင်းချက်နိုင်သည်။
ထမင်းပေါင်းအိုး မည်မျှကြီးသည်ကို ထိုသို့ဖြင့် မှန်းဆသိနိုင်ပေသည်။
ကျန်းဟန်သည် ခေါင်းကို အနည်းငယ်ယမ်းကာ ဆန်ကို ဆေးလိုက်ပြီး ၇ ခွက် ချက်လိုက်သည်။
ဥ များကို ဘေးဖယ်ထားလိုက်ပြီး ပဲ၊ အာလူး၊ ခရမ်းချဉ်သီးနှင့် ခရမ်းသီးများကို ယူလိုက်သည်။
သူ၏ပြင်ဆင်မှုပြီးသွားသည့်အခါ ကျန်းဟန်သည် ကိရိယာတစ်မျိုးစီအတွက် လက်စွဲအညွှန်းစာအုပ်ကို ကောက်ယူပြီး အမြန်လှန်ကြည့်လိုက်သည်။
မီးဖိုချောင်သုံးပစ္စည်းများ၏ ဈေးနှုန်းများမှာ မနည်းလှချေ။ ထိုအချက်ကိုကြည့်လျှင် သူတို့ ၃ ယောက်တွင် ပိုင်ဆိုင်မှုအချို့ ရှိသည်ကို သိနိုင်သည်။
ပြောစရာမလိုအောင်ပင် လျန်မုန့်ချီနှင့် သူမ၏အစ်ကိုတို့၏ စကားများမှတစ်ဆင့် သူမသည် စစ်မှန်သည့်မိသားစုကြီးတစ်ခုမှ မိသားစုဝင်ဖြစ်ပြီး သူတို့သုံးဦးတွင် အချမ်းသာဆုံးသူဖြစ်ကြောင်း သိနှင့်ပြီးဖြစ်သည်။
ဒုတိယမြောက် ယူချင်းချင်းသည်တော့ သူမသည် တိုက်ကွမ်ဒိုခါးပတ်နက်လက်ရွေးစင်ဖြစ်ပြီး တိုက်ကွမ်ဒိုကစားသူဖြစ်သည်။ သူမ၏ အပတ်စဉ်အလုပ်ချိန်မှာ စနေနှင့် တနင်္ဂနွေ နှစ်ရက်သာရှိပြီး သူမ၏ လစာမှာ ယွမ် ၂ သိန်းကျော်ဖြစ်သည်။
ကျောက်ဒေါင်ဟူသည် ထိုသုံးယောက်ထဲတွင် အနည်းငယ် အားနည်းသည်။ သူသည် မီဒီယာကုမ္ပဏီတစ်ခု၏ လက်ထောက်ဒါရိုက်တာဖြစ်ပဲပြီး သူ၏တစ်နှစ်တာလစာမှာ ၁.၃ သန်း ပတ်ဝန်းကျင်ရှိသည်။
သူတို့တွင် ပိုက်ဆံမရှားသော်လည်း ၎င်းက ကြုံသလိုသုံးဖြုန်းမည်ဟုတော့ မဆိုလိုပေ။ များသောအားဖြင့် သူတို့သည် အလွန်အကျွံစားသောက် သုံးဖြုန်းလေ့မရှိကြချေ။ ဆိုင်ရှေ့တွင်ရပ်ထားသည့် ယူချင်းချင်း၏ကားမှာလည်း ယွမ် ၂ သိန်းကျော်တန် ဗို့စ်ဝက်ဂန်(Volkswagen) ကားသာဖြစ်သည်။
ထိုအချိန်တွင် စားသောက်ဆိုင်ရှေ့တွင် နေ့လည်က ရောက်ရှိလာသော လန်ခရုဆာကားသည် ကားပါကင်ရှေ့တွင် ဖြည်းညှင်းစွာရပ်သွားသည်။
"ဘန်း!"
ကျောက်ဖုန်းသည် ကားပေါ်မှဆင်းပြီး တံခါးပိတ်ကာ လက်ထဲရှိစီးကရက်ကို လွှင့်ပစ်လိုက်သည်။ ထို့နောက် စားသောက်ဆိုင်ရှေ့ရှိ ဆိုင်းဘုတ်ကို လေးလေးနက်နက်တစ်ချက်စိုက်ကြည့်ကာ အထဲသို့ဝင်လာခဲ့သည်။
ညစာစားချိန်ရောက်သည့်အခါ ကျောက်ဖုန်းသည် ကုမ္ပဏီမှ တစ်ယောက်တည်းမောင်းထွက်လာပြီး ညစာစားရန် စားသောက်ဆိုင်တစ်ဆိုင်ရှာရန်ပြင်လိုက်သည်။ ကားမောင်းနေရင်း တစ်စုံတစ်ရာတွေးမိပြီး အမှုမဲ့အမှတ်မဲ့ဖြင့်ပင် ကျန်းဟန်၏စားသောက်ဆိုင်သို့ ရောက်ရှိလာသည်။
ကျောက်ဖုန်းသည် လမ်းမဘေးတွင်ရပ်ရင်း လန့်သွားသော်လည်း ဤနေရာသို့ သူရောက်နေပြီးဖြစ်သောကြောင့် ၎င်းကိုဂရုစိုက်ပေးရန်ဆုံးဖြတ်လိုက်သည်။
နေ့လည်က ကျန်းဟန် သူအား ဖိအားအများအပြားပေးခဲ့ခြင်းကြောင့် ဤနေရာကို ရောက်လာမိမှန်း သူသိသည်။ ကျန်းဟန်သည် သာမန်လူတစ်ယောက်မဟုတ်ကြောင်းခံစားမိပြီး သိချင်စိတ်ပြင်းပြသည့်အပြင် ယွမ် ၂၈၀ တန် ကြက်ဥထမင်းကြော်ကို မြည်းစမ်းကြည့်ချင်၍လည်း ပါသည်။
လျှောက်လာရင်း ထမင်းစားခန်းထဲသို့ လှမ်းကြည့်လိုက်သည့်အခါ။
စကားပြောနေသည့်ကြားမှ လျန်မုန့်ချီသည် စကားကို ရပ်လိုက်သည်။
"ရှင်ဒီကို ဘာလာလုပ်ပြန်တာလဲ။ ကျွန်မပြောလိုက်မယ် ဒါက တရားဥပဒေရှိတဲ့ လူ့အဖွဲ့အစည်း။ ပြီးတော့ ကျွန်မရှေ့က သူငယ်ချင်းကလည်း တိုက်ကွမ်ဒိုခါးပတ်နက်အဆင့် ကျွမ်းကျင်သူနော်။ ရှင်ဒီမှာ ပြဿနာရှာရှင် ကျွန်မသူငယ်ချင်းက ကူညီပေးလိမ့်မယ်"
"အမ်?"
ကျောက်ဖုန်း အနည်းငယ် ကြောင်အသွားပြီး လျန်မုန့်ချီအား ရယ်ချင်နေသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ တရားမျှတမှုရှိပြီး ရဲရင့်သည် ထိုမိန်းကလေးသည် သူ့ကို ကောင်းမွန်သည့်အမြင်ပေးသဖြင့် ကျောက်ဖုန်းအနည်းငယ်ပြုံး၍ ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော် ဒီကို ပြဿနာရှာဖို့လာတာမဟုတ်ပါဘူး။ စားဖို့လာတာပါ"
"ဟွန့်! ပြီးတော့ ရှင့်ကိုသတိပေးထားမယ်။ ဒီမှာ ရိုးရိုးသားသားပဲနေပါ။ မဟုတ်ရင် ကျွန်မရှင့်ကို ဘာလဲသိအောင် ပြပေးလိုက်မယ်"
လျန်မုန့်ချီသည် အနည်းငယ် နှာခေါင်းရှုံ့လိုက်ပြီး ပြန်ထိုင်လိုက်သည်။
ကျောက်ဖုန်းသည် ရယ်မော၍ဝင်လာပြီး အတွင်းအကျဆုံး ထိုင်ခုံတွင် ဝင်ထိုင်ကာ တိတ်တဆိတ်စောင့်ဆိုင်းရင်း သူ၏မျက်လုံးများသည် တစ်ခါတစ်ရံ ကျန်းဟန်ကို အကဲခတ်နေသည်။
ကျန်းဟန်သည် သာမန်စားသောက်ဆိုင်ပိုင်ရှင်တစ်ယောက်ကဲ့သို့ နွားနို့ကျိုနေလေသည်။
သို့သော် ထိုစားသောက်ဆိုင်ပိုင်ရှင်သည် သူ့အား တစ်မိနစ်အတွင်း အလဲထိုးနိုင်သည်ကို ကျောက်ဖုန်းရှင်းရှင်းလင်းလင်းသိသည်။ ဆိုင်ရှင်၏ခန္ဓာကိုယ်မှ ခံစားရသော ဖိအားသည် သူ၏အဖွဲ့ခေါင်းဆောင်ထက်ပင် ပိုမိုပြင်းထန်သည်။
တစ်ချိန်က သူသည် အဖွဲ့ခေါင်းဆောင်၏ လက်ဝါးကို ၂ မိနစ်နီးပါး တောင့်ခံနိုင်ခဲ့သည်။
သို့သော် ကျန်းဟန်သာ သူ့အား အလဲထိုးချင်ပါက တစ်ချက်လှုပ်ရုံနှင့် လုံလောက်နေပြီဆိုသည်ကို သူမသိခဲ့ပေ။
ကျန်းဟန်သည် ချီသန့်စင်ခြင်းအဆင့်ကို အမှိုက်အဖြစ်မြင်သော်လည်း ၎င်းမှာ အတိဒုက္ခအဆင့် ကျွမ်းကျင်သူတစ်ဦး၏အမြင်ဖြစ်သည်ကို မေ့မထားသင့်ပေ။ တစ်နည်းဆိုရသော် ချီသန့်စင်ခြင်းအဆင့်ကို သိုင်းလောကထဲသို့ပို့လိုက်ပါက ၎င်းအား အတွင်းအား ကျွမ်းကျင်ပညာရှင်တစ်ယောက်အဖြစ် သတ်မှတ်ကြမည်ဖြစ်သည်။
အတွင်းအားအဆင့်သည် မည်မျှရှိသနည်း။ ပေါ်လွင်သည့်ခွန်အား၊ ဖုံးကွယ်ထားသည့်ခွန်အား၊ နောက်ပိုင်းတွင် အတွင်းအားများကို ထုတ်လွှတ်နိုင်ပြီး ၎င်းမှာ စိတ်ဝိဉာဉ်စွမ်းအင်လည်းဖြစ်သည်။
ကျောက်ဖုန်းသည် သူ့အား စိုက်ကြည့်နေရင်း သူကိုယ်သူတစ်စုံတစ်ခု သဘောပေါက်သွားသည်။ ကျန်းဟန်သည် ပုရွက်ဆိတ်တစ်ကောင်၏တည်ရှိမှုကို မည်သည့်အခါကမျှ ဂရုစိုက်မှုမရှိခဲ့ခြင်းပင် ဖြစ်သည်။
အကယ်၍ ကျန်းဟန်သာ ယခင်ကကဲ့သို့ သခင်လေးတစ်ဦး၏ ပင်ကိုယ်စရိုက်မျိုးရှိပါက သူသည် ကျင့်ကြံနိုင်စွမ်းရှိလာသည်နှင့် ကမ္ဘာကြီးကို စိုးမိုးသည့် စစ်မှန်သော ဧကရာဇ်တစ်ပါးဖြစ်လာရန် အရပ်လေးမျက်နှာလုံးတွင် တိုက်ခိုက်နေလိမ့်မည်ဖြစ်သည်။
သို့သော် ထိုသို့သော အခက်အခဲများကို ကြုံတွေ့ပြီးနောက် သူ၏အတိတ်သို့ ပြန်လည်ရောက်ရှိလာခြင်းနှင့်အတူ မုန့်မုန့်၏တည်ရှိမှုတို့ကြောင့် ကျန်းဟန်သည် ပို၍ ပေါ့ပေါ့ပါးပါးဖြစ်လာခဲ့သည်။
သူ၏ခွန်အားကို မြှင့်တင်၍ မိဘများပျောက်ဆုံးသည့် ကိစ္စရပ်များကို ဖြေရှင်းပြီး သူတို့အား ပျော်ရွှင်သည့် မိသားစုဘဝကို မျှဝေခံစားရန် လခြမ်းတောင်သို့ ခေါ်တောင်သွားမည်ဖြစ်သည်။ သူသည်လည်း သာယာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
နို့ကျိုပြီးနောက် ကျန်းဟန်သည် အိုးကို ကောင်တာပေါ်တွင် တင်လိုက်သည်။ ချက်ချင်းပင် မွှေးပျံ့သောရနံ့သည် အခန်းထဲသို့ ဝင်ရောက်လာသည်။
လျန်မုန့်ချီနှင့် အခြားနှစ်ယောက်သည် ယခင်ကသောက်ခဲ့ဖူးသော်လည်း အရူးအမူးဖြင့် မွှေးရနံ့ကို အနံ့ခံနေကြသည်။
ထိုသို့သော ရနံ့မျိုးကို တစ်ခါမျှ မကြုံဖူးသည့် ကျောက်ဖုန်းမှာ အမှန်တကယ် အံဩသွားသည်။
"ဒီအရသာက.....တော်တော်ကောင်းမဲ့ပုံပဲ"
ကျောက်ဖုန်းသည် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
"ဖေဖေ ဖေဖေ မုန့်မုန့် ဗိုက်ဆာနေပြီ"
မွှေးရနံကို ရှူလိုက်ပြီးနောက် မုန့်မုန့်လည်း ဗိုက်ဆာလာသည်။ သူမလေးသည် ကျန်းဟန်ဘက်သို့လှည့်ပြီး "မုန့်မုန့် နို့တစ်ခွက်သောက်ချင်တယ်" ဟု ပြောလိုက်သည်။
"အခုမရသေးဘူး။ နို့က အရမ်းပူတယ်။ စားဖို့က နာရီဝက်ပဲကျန်တော့တယ်။ ခဏလောက် စောင့်လိုက်နော်"
ကျန်းဟန်သည် ရယ်မော၍ပြောလိုက်သည်။
"အာ...ကောင်းပြီ ကောင်းပြီ"
မုန့်မုန့်သည် နှုတ်ခမ်းလေစူကာ ပြန်ပြောသည်။ တီဗီမကြည့်တော့ဘဲ ခြေဗလာဖြင့် ဆိုဖာပေါ်တက်ထိုင်ရင်း သူမလေး၏လက်များကို နောက်ပစ်ထားလိုက်သည်။ ထိုနောက် သူမ ခေါင်းလေးကိုမော့ပြီး အလုပ်ရှုပ်နေသည့် ကျန်းဟန်ကို ကြည့်နေသည်။
ကျန်းဟန်၏ဘက်တွင်တော့ သူသည် အရှိန်ကို မြှင့်လိုက်သည်မှာ ထင်ရှားသည်။
သူသည် ကြက်သွန်နီကို ဘယ်လက်ဖြင့်ယူလိုက်ပြီး ညာဘက်လက်ဖြင့် တရုတ်မီးဖိုချောင်သုံးဓားကို ကိုင်ဆွဲလိုက်သည်။
မူလက ကျန်းဟန်တွင် အိမ်သုံးဓားအနည်းငယ်သာရှိသော်လည်း လျန်မုန့်ချီနှင့် အခြားသူများ ဈေးဝယ်ထွက်ပြီးနောက်တွင် မီးဖိုချောင်သုံးဓားမြှောင်၊ ငါးလှီးဓား၊ အမဲသားလီးဓား၊ အရေခွံခွာဓား စသည်ဖြင့် မီးဖိုချောင်သုံးပစ္စည်းများ အစုံလိုက် ရရှိခဲ့သည်။ သူ့တွင် စုစုပေါင်း ကိရိယာ ၂၀ ကျော်ရှိပြီး ဟင်းချက်ပစ္စည်း မျိုးစုံပင်ရှိသည်။
သို့သော် ကျန်းဟန်သည် မီးဖိုချောင်သုံးဓားများအကြောင်း များများစားစားမသိသခြင့် တရုတ်စတိုင် မီးဖိုချောင်သုံးဓားများသာ အသုံးပြုသည်။
တရုတ်မီးဖိုချောင်သုံးဓားကို အဆင့်မြင့်ကာဗွန်စတီးဖြင့် ပြုလုပ်ထားပြီး ချွန်ထက်သောဓားသွား သစ်သားလက်ကိုင်ရိုးနှင့်ဖြစ်သည်။ ဟင်းချက်စရာပါဝင်ပစ္စည်းများကို လှီးဖြတ်ခုတ်ပိုင်းနိုင်သည်။ အနောက်တိုင်းစားဖိုမှူးများသည် အကြီးစားခုတ်ထစ်သည့်နည်းလမ်းကို သုံးသော်လည်း ကျွမ်းကျင်တရုတ်စားဖိုမှူးများသည် ထိုအရာများအားလုံးနီးပါးကို လုပ်နိုင်ပေသည်။
"ဘန်း ဘန်း ဘန်း..."
လျင်မြန်သည့် ခပ်အုပ်အုပ်အသံများ ထွက်ပေါ်လာပြီး သူ့အား တည့်တည့်စိုက်ကြည့်နေသည့် ကျောက်ဖုန်းမှလွဲ၍ လျန်မုန့်ချီနှင့် အခြားနှစ်ယောက်သည် ခေါင်းလှည့်ကြည့်လိုက်ကြရာ ဓါးရောင် တလက်လက်ကိုမြင်လိုက်ရပြီး အိပ်မက်ဆန်သည့် ခံစားချက်ကို ပေးစွမ်းနေသည်။
နှစ်စက္ကန့်အတွင်း အစိမ်းရောင်ကြက်သွန်မြိတ်တစ်ခုလုံးကို သပ်သပ်ရပ်ရပ် နှစ်ပိုင်းခွဲ ပုံလိုက်သည်။ ဖြတ်လိုက်သော အရှိန်သည် မှန်းဆရခက်သည်။
ကြက်သွန်မြိတ်ကို လှီးဖြတ်ပြီးနောက် ကျန်းဟန်သည် လက်ထဲရှိ မီးဖိုချောင်သုံးဓားကို လှည့်၍ ဓားစင်ပေါ်သို့ ပြန်တင်ထားလိုက်သည်။ ထို့နောက် ကျန်းဟန်မှတ်ထားသည့် အရေခွံခွာဓားတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။
ထိုလှုပ်ရှားမှုသည် မုန့်မုန့်၏မျက်လုံးများတွင် အံ့အားသင့်သွားစေသည်။
သူမသည့် အနှိုင်းမဲ့ လေးစားမြတ်နိုးသည့်အမူအရာဖြင့် ချီးကျူးလိုက်သည်။
"ဝိုး..ဖေဖေက အရမ်းအစွမ်းထက်တာပဲ!"
ထိုစကားသည် ကျောက်ဖုန်း၊ လျန်မုန့်ချီ၊ ယူချင်းချင်းနှင့် ကျောက်ဒါဟူတို့၏ စိတ်ထဲတွင် ရှိနေသည့်အတွေးနှင့် ထပ်တူပင်ဖြစ်သည်။
အရမ်းချောတာပဲ...
မိန်းကလေး ၂ ယောက်သည် သူတို့စိတ်ထဲတွင် တွေးလိုက်ကြသည်။
"အရမ်းမိုက်တာပဲ။ ငါလည်း အဲ့ဒါကို လေ့ကျင့်ရမယ်"
ကျောက်ဒါဟူသည် သူ့အား အားကျစွာကြည့်လိုက်သည်။
"သူ...သူက ဓားကိုင်ကျွမ်းကျင်ပညာရှင်ပဲ!"
ကျောက်ဖုန်း အကြည့်များမှာ ပို၍လေးနက်လာပြီး သူမြင်သည့်ပုံစံမျာ အခြားသူများနှင့် ကွဲပြားသည်။ အခြားအရာများကို ဘေးဖယ်ထားဦး ကျန်းဟန်၏ဓားမှ ကျွမ်းကျင်ပညာရှင်တစ်ယောက်၏ချီကို သူမြင်နိုင်သည်။ ကျန်းဟန်သာ ဤဓားနည်းစနစ်ကို ပြိုင်ဘက်အပေါ်တွင် အသုံးပြုလိုက်ပါက သူသည် ကျန်းဟန်၏ လက်ထဲတွင် မိနစ်ဝက်ကြာအောင်ပင် တောင့်ခံနိုင်မည်မဟုတ်ပေ။
ကျန်းဟန်သည် မင်းသမီးလေး၏ချီးကျူးသံကို ကြားသည့်အခါ ပြန်မဖြေသလို ခေါင်းလည်းလှည့်မကြည့်။ ထိုအစား သူ၏နှုတ်ခမ်းထောင့်များတွင် အပြုံးတစ်ခုပေါ်လာသည်။
သူ၏ဘယ်လက်မှာ အာလူးတစ်လုံးကို ကိုင်ထားပြီး ညာလက်က ဓားကို လျင်မြန်စွာ လှုပ်ရှားနေသည်။ နည်းနည်းချင်းဖြင့်ပင် အာလူးကို အခွံခွာပစ်လိုက်သည်။
အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် ကျန်းဟန်သည် အာလူးကို လုံးဝအခွံခွာ၍ပြီးသွားသည်။ ပဲသီး၊ ခရမ်းချဉ်သီးနှင့် ခရမ်းသီးများကို လျင်မြန်စွာပင် သေသေသပ်သပ် ပြုပြင်လိုက်သည်။
ဒယ်အိုးကိုထုတ်ပြီး ဆီထည့်လိုက်သည်။ ထိုနောက် ပဲများကို ခဏကြော်ပြီး အာလူးကိုထပ်ထည့်သည်။ ခဏအကြာတွင် အငွေ့ပျံလာသည်နှင့် ဟင်းခတ်နံ့သာ ၁၃ မျိုးနှင့် သကြားအနည်းငယ်ထည့်လိုက်သည်။
မီးတောက် ခပ်သေးသေးဖြင့် ချက်လိုက်ပြီး မိနစ်နှစ်ဆယ်အကြာတွင် ဆား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ နှင့် ကောင်းကင်သစ်မွှေးတို့ကို ဖြူးလိုက်ပြီးပါက ချက်ပြုတ်နေသည့် ဟင်းလျာမှာ အဆင့်သင့်ဖြစ်ပေပြီ။
၎င်းမှာ ကျန်းဟန်၏စတိုင်ပင်ဖြစ်သည်။ သူ၏လှုပ်ရှားမှုများမှာ ချောမွေ့ ကြော့ရှင်းကာ အလွန်သက်သောင့်သက်သာဖြစ်စေသည့် ခံစားချက်ကို ပေးစွမ်းသည်။ အလွန်မျက်စိပသာဒဖြစ်လှသည့် မြင်ကွင်းပင်ဖြစ်သည်။
အာလုံးပြီးသွားသည့်နောက် ကျန်းဟန်သည် သူ၏လက်များကို သုတ်လိုက်ပြီး ခါးစည်းကို ချွတ်လိုက်ပြီး မိးဖိုချောင်၏ဘေးတွင် ချိတ်လိုက်ကာ မုန့်မုန့်၏အနားသို့ လျှောက်သွားပြီး ထိုင်လိုက်သည်။
"ဖေဖေက အရမ်းအရမ်းအစွမ်းထက်တာပဲ"
ကျန်းဟန်ထိုင်နေသည့်အချိန်တွင် မုန့်မုန့်မှာ မတ်တပ်ရပ်နေသောကြောင့် ကျန်းဟန်၏မျက်နှာကို မှီပေသည်။ မင်းသမီးလေးသည် သူ၏လည်ပင်းကို သိုင်းဖက်လိုက်ပြီး သူမ၏ချယ်ရီနှုတ်ခမ်းလေးများဖြင့် နမ်းလိုက်သည်။
အကြိမ်အနည်းငယ် နမ်းပြီးနောက် ကျန်းဟန်သည် အူလိုက်သည်းလိုက်ရယ်လိုက်ပြီး မုန့်မုန့်နှင့်အတူ စတင်ကစားနေတော့သည်။
"အရမ်း ကြည်နူးဖို့ကောင်းတာပဲ"
လျန်မုန့်ချီသည် အနည်းငယ် မနာလိုအားကျသည့် လေသံဖြင့် ရေရွတ်လိုက်သည်။
"မုန့်မုန့်က အရမ်းပျော်နေတာ"
ယူချင်းချင်း ရေရွတ်လိုက်သည်။
"ဘယ်လောက်တောင်နွေးထွေးလိုက်လဲ။ ငါလည်း သမီးလေးတစ်ယောက်လောက် လိုချင်လိုက်တာ။ ချင်းချင်း ငါတို့ ဘာဖြစ်လို့...."
ကျောက်ဒါဟူ၏ စကားမှာ မဆုံးလိုက်ပေ။
"တော်စမ်း!"
-C 52 End