Dear My Savior || Jayke ||

By Meraki_001

959 71 11

My savior, did the one above send you to me? More

Dear My Savior

959 71 11
By Meraki_001

"ဘိုမီရေ ငါပြန်ပြီနော်...ကားကိုstudioမှာပဲထားခဲ့မယ်...ဦးလေးကြီးကို ကြည့်ထားပေးဖို့ တစ်ချက်ပြောလိုက်ဦး "

"စိတ်ချပါ ဂျုံဆောင်းရယ်...မြန်မြန်ပြန်ပါတော့...ခုနောက်ပိုင်း ဂျယ်ယွန်းနဲ့မဒိတ်ဖြစ်တာ ကြာပြီမလား...studioမှာပဲသောင်တင်နေတဲ့ကောင်...သွား သွား ရည်းစားလေးကို အချိန်ပေးချည်"

​ပြောမနာဆိုမနာ သူငယ်ချင်းလေးကတော့ ခုနောက်ပိုင်း ဂျုံဆောင်းတစ်ယောက် အလုပ်တွေဖိလုပ်နေခြင်းအပေါ် သိပ်အမြင်ကြည်ပုံမရ။ အိမ်ပြန်ကာ ဂျယ်ယွန်းကိုအချိန်ပေးဖို့ ကြုံရင်ကြုံသလို ဆုံးမတတ်သေးသည်။

Studio၌ကားထားပစ်ခဲ့သည့် ဂျုံဆောင်းက ခုတော့ နေဝင်ခါစ ပုစွန်ဆီရောင်ကောင်းကင်ကြီးအား ငေးမောရင်း အေးအေးလူလူ လမ်းလျှောက်နေခဲ့သည်။

ညနေ၅နာရီ၌ ဂျယ်ယွန်းနဲ့အတူ ညစာစားဖို့ချိန်းထားပေမဲ့ အလုပ်မပြီးသေးဟု ဂျယ်ယွန်းကဖုန်းဆက်လာ၍ ၇နာရီသို့ ရွှေ့ဖြစ်လိုက်ကြခြင်း။ ဂျုံဆောင်းကတော့ ပိုလျှံနေသည့်အချိန်များအား လမ်းလျှောက်ထွက်ပစ်လိုက်မည်ဟုတွေး၍ စောထွက်လာခဲ့သည်။

ယခု ချိန်းဆိုထားသည့်ဆိုင်က ဂျုံဆောင်းတို့ တက္ကသိုလ်ကျောင်းသားဘဝကတည်းက တူတူသွားစားနေကျ tonkatsuဆိုင်ဖြစ်သည်။ ရည်းစားသက်တမ်း၆နှစ်အတွင်း ထိုtonkatsuဆိုင်သည်ပင် ဆိုင်လေးမှဆိုင်ကြီးအဖြစ်သို့ ကူးပြောင်းခဲ့ချေပြီ။

"ဟင်း...ဒီလိုကျလည်း အချိန်တွေကုန်တာ မြန်လိုက်တာ...လကုန်ခါနီးတိုင်း သုံးစရာပြတ်သွားလို့ဆိုပြီး နှစ်ယောက်တစ်ပွဲ ဝင်ဝင်စားခဲ့ကြတာ မနေ့တစ်နေ့ကလိုပဲ"
ဂျုံဆောင်းက တစ်ကိုယ်တည်း ခပ်တိုးတိုး ရေရွတ်မိပါသည်။

ဒီလမ်း...ဒီရပ်ကွက်...အရာအားလုံးက အမှတ်တရတွေကို သယ်ပိုးထားသလို။

လမ်းထိပ်မှာ ဂျုံဆောင်းတို့ ဝင်စားနေကျ တော့ပုကီဆိုင်လေးမရှိတော့ပေမဲ့...

ဂျုံဆောင်းနဲ့ရန်ဖြစ်တိုင်း ဂျယ်ယွန်းတစ်ယောက်တည်း သွားသွားငိုတတ်တဲ့ စာအုပ်အငှားဆိုင်လေးမရှိတော့ပေမဲ့...

နွေပူပူရက်တွေမှာ ဂျယ်ယွန်းနဲ့အတူ ဖရဲသီးစိတ်ဝင်ဝယ်နေကျ အသီးဆိုင်သေးသေးလေးလည်း မရှိတော့ပေမဲ့...

နေရာတိုင်းမှာတော့ အမှတ်တရတွေက ထင်ကျန်နေဆဲ။

သူကဂျယ်ယွန်းလက်ကိုတွဲလို့... ဂျယ်ယွန်းကသူ့လက်ကိုတွဲလို့... ဒီလမ်းတွေထဲ ခြေရာချင်းထပ်အောင် သွားခဲ့ကြဖူးသည်။

ကျောင်းနဲ့နီးတယ်ဆိုပြီး နှစ်ယောက်လုံး လက်မလွတ်နိုင်ခဲ့ကြတဲ့ ဒီရပ်ကွက်ထဲက အခန်းကျဉ်းကျဉ်းဟာ တစ်ချိန်က ဂျုံဆောင်းတို့နှစ်ယောက်ရဲ့ အချစ်ရိပ်မြုံလေးဖြစ်ခဲ့ဖူးတာပင်။

အတိတ်တွေက ပြန်လှည့်ကြည့်တော့မှ ပိုတောက်ပနေသယောင်။ မတောက်ပနိုင်တော့တဲ့ပစ္စုပ္ပန်နဲ့ ယှဉ်ကြည့်မိတော့ ဂျုံဆောင်းမှာ ရင်ထဲမချိ။

ဘာတွေကများ မှားနေခဲ့လို့လဲ။ ဘယ်နေရာက စမှားခဲ့ကြလို့ ဒီအခြေအနေထိ ရောက်ခဲ့ကြပါလိမ့်။

ငယ်ရွယ်ခဲ့ကြတဲ့ သူတို့နှစ်ယောက်...တောက်ပခဲ့တဲ့ အတိတ်နေ့တွေ...အပြိုပြိုအလဲလဲနဲ့ အတိတ်ကဂျုံဆောင်းကို စိတ်လိုလက်ရ ပွေ့ဖက်ပေးခဲ့တဲ့ သူ့ရဲ့ကယ်တင်ရှင်...ဂျုံဆောင်းရဲ့ မှတ်ဉာဏ်တွေတိုင်းမှာ ဂျယ်ယွန်းက အဲ့လိုမျိုး တောက်တောက်ပပရှိနေခဲ့တဲ့ ဖြစ်တည်မှုမျိုးဖြစ်သည်။ ဒါပေမဲ့လည်း အခုတော့ ဒီလောက်နဲ့သာ ဂျယ်ယွန်းကို လက်လွှတ်ရတော့မယ်ထင်ရဲ့။

ဘယ်ကစလို့ မှားခဲ့မှန်းမသိပေမယ့် သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ အခွံသက်သက်ချည်း ကျန်နေခဲ့တော့သည်။ ဂျုံဆောင်းဟာ သူရဲ့ တစ်ခုတည်းသောအိပ်မက်လေးဖြစ်တဲ့ ဂျယ်ယွန်းကိုတော့ တတ်စွမ်းသလောက် ဖက်တွယ်ထားခဲ့ပါသေးသည်။ ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ တဖြည်းဖြည်း ဝေးသထက်ဝေးလာခဲ့သည်သာ။ အရာအားလုံးကို ဂျယ်ယွန်းနဲ့စခဲ့ပြီး အဆုံးသတ်ထိတိုင် ဂျယ်ယွန်းဖြစ်နေဖို့ကိုသာ မျှော်လင့်ခဲ့ပေမဲ့ သူ့ဆုတောင်းဟာမပြည့်ခဲ့။

သံယောဇဉ်လို့ပြောရမလား...ဂျယ်ယွန်းရဲ့ အချစ်မီးစာလေး တဖြည်းဖြည်း ခန်းခြောက်လာနေတာကို မြင်နေရပေမဲ့ နွေးထွေးလွန်းတဲ့ဂျယ်ယွန်းဟာ ဂျုံဆောင်းကိုတော့ ဂရုတစိုက်ရှိမြဲ။ ဂျုံဆောင်းသဘောကျတဲ့ အပြုံးနုနုတွေကိုလည်း ပြုံးပြတတ်ဆဲ။ ထိုအပြုံးနွေးနွေးတွေကြောင့် သူ့မှာ ပိုနာကျင်ရတာပင်။ မျက်ဝန်းတွေထဲ အချစ်ဆိုတာကို ရှာမတွေ့တော့ပေမဲ့ ချစ်ရသူဟာ သူ့ကိုတော့ ပစ်မသွားခဲ့။

​ဒီနှစ်ပိုင်းမှာပဲ သူတို့နှစ်ယောက်ရဲ့ ဗလာဆက်ဆံရေးက ပိုအဓိပ္ပာယ်မဲ့လာသယောင်။

ဘိုမီပြောသလိုမျိုး သူက အလုပ်တွေရှုပ်နေခဲ့တာမဟုတ်ဘဲ ဂျယ်ယွန်းကသာ သူ့ကို မေ့နေခဲ့တာဖြစ်သည်။

Producerဖြစ်တဲ့ဂျုံဆောင်းဟာ အများတကာလို အချိန်ပြည့် အလုပ်တက်ရန်မလိုခဲ့။ အသံသွင်းစရာရှိမှသာ studioသို့သွားတတ်ပြီး ကျန်တဲ့အချိန်တွေမှာတော့ အိမ်ရှိအလုပ်ခန်း၌သာ အချိန်ကုန်လေ့ရှိသည်။ ဂျယ်ယွန်းကတော့ ဒီနောက်ပိုင်း အလုပ်များသည်ဟုဆိုကာ တော်တော်ကြာမှ အိမ်ပြန်လာတတ်ပြီး ဂျုံဆောင်း​ကိုတော့ မေ့လျော့နေသလိုပင်။

မှတ်မှတ်ရရ ဒီapartmentဆီရောက်စက နှစ်ယောက်သား ပိတ်ရက်တွေမှာ ဂိမ်းတူတူဆော့မည့်အကြံဖြင့် PlayStation ဝယ်ဖြစ်ခဲ့ကြသေးသည်။ နောက်ကျတော့လည်း ရက်သတ္တပတ်တွေကို ဂျုံဆောင်းတစ်ယောက်တည်း အထီးကျန်စွာ ဖြတ်သန်းရတော့သည်သာ။

ဂျုံဆောင်းစိတ်ထဲတော့ ငယ်ငယ်က အခန်းကျဉ်းလေးထဲ နှစ်ယောက်အတူပူးကပ်ရင်း စိတ်အေးလက်အေး အိပ်ဖြစ်ခဲ့တဲ့ညတွေက ပိုချိုမြိန်သလို။ အခုများတော့ ညရောက်တိုင်း ဘေးကနေရာလွတ်အားကြည့်ရင်း ဂျုံဆောင်းတစ်ယောက် သွေးပျက်ရတာ အကြိမ်ကြိမ်။

•••
ရပ်ကွက်ပန်းခြံ၌ ဝင်ထိုင်ကာ တောင်တောင်အီအီ တွေးတောနေသော ဂျုံဆောင်းက ၇နာရီထိုးလုနီးမှသာ ထထွက်မိခဲ့တော့သည်။

စားသောက်ဆိုင်ဆီ ဂျုံဆောင်းရောက်တော့ ကြိုရောက်နှင့်နေပြီဖြစ်တဲ့ ဂျယ်ယွန်းက ချောင်ကျကျ စားပွဲဝိုင်းဆီကနေ လက်ပြလို့လှမ်းခေါ်သည်။

"ဂျုံဆောင်း...မင်းနားရွက်ဖျားတွေနီနေတယ်...ကားနဲ့လာခဲ့တာမဟုတ်ဘူးလား...ဧကန္တ heaterဖွင့်မောင်းဖို့ မေ့ပြန်ပြီလား"

ဂျယ်ယွန်းက မျက်မှောင်လေးကြုံ့လျက် ဂျုံဆောင်းအား ဆူသလိုမေးလာခြင်း။

"ဟက် မဟုတ်ပါဘူးကွာ...ကားကဘာဖြစ်တယ်မသိ ထဖောက်နေလို့ studioမှာပဲ ထားခဲ့ရတယ်...အဲ့တာနဲ့ ဘက်စ်နဲ့လာခဲ့တာ"

ကားပျက်လို့မဟုတ်ပေမဲ့ လမ်းလျှောက်လာဖြစ်ခဲ့တဲ့ အကြောင်းရင်းမှန်ကို သူမပြောပြချင်။

"မင်းကတော့လေ...ငါ့ကိုဖုန်းဆက်တာမဟုတ်ဘူး...ငါဝင်ခေါ်မှာပေါ့...ဒီtonkatsuဆိုင်ကိုလည်း ကြိုက်လိုက်တာလွန်ရော အထူးအဆန်းလုပ်လို့ လာစားချင်နေသေး"

ဆူနေတဲ့ဂျယ်ယွန်းဟာ သူကိုယ်တိုင်ကမှ ဤဆိုင်အား တမ်းတမ်းစွဲဖြစ်ခဲ့တဲ့သူဆိုတာကို မေ့ပစ်လိုက်သလို ဒါမှမဟုတ် မေ့သွားခဲ့သလို။

"မင်းကမှ ဒီဆိုင်ရဲ့ အမာခံပရိသတ်ပါနော်...အရင်ကဆို တစ်နေ့တစ်နေ့ ဘာစားမလဲမေးရင် tonkatsuချည်းဖြေနေရောလေ"

"ဟော... မင်းကတော့ ဘယ်ခုနှစ်ကဟာတွေ လာပြောနေပြန်တာတုန်း...အဲ့တာ အရင်ကပါနော်...အခုများ မင်းသာစားချင်ရင် 5stars hotelမှာတောင် လိုက်ကျွေးချင်သေး...မင်းကသာ ဒီဆိုင်ပဲ လာချင်နေတယ်"
ဂျယ်ယွန်းက ခပ်ရွှတ်ရွှတ် ပြန်ဖြေလာခဲ့သည်။

ဟုတ်ပါသည်။ သူကသာ အတိတ်တွေထဲက ရုန်းမထွက်နိုင်ကာ လက်ရှိအခြေအနေအား လက်ခံနိုင်ရန် ခက်ခဲနေတာဖြစ်သည်။

အဲဒီညက စားသောက်ဝိုင်းမှာ ဂျုံဆောင်းက အတိတ်နေ့ရက်တွေအကြောင်း ဖောဖောသီသီ ပြန်ပြောဖြစ်ခဲ့သည်။ ဂျယ်ယွန်းကတော့ နားထောင်သူဖြစ်ပြီး ဂျုံဆောင်းပြောသမျှကို ပြုံးပြုံးလေး ခေါင်းငြိမ့်ထောက်ခံနေသည်သာ။

"မင်းကတော့ တကယ်ပါပဲ... ဒီအကြောင်းတွေကို အလွတ်ကျက်ထားသလိုကို အကုန်မှတ်မိနေတော့တာ"

မှတ်ဉာဏ်ကောင်းသည်ဟု ဂျယ်ယွန်းကချီးကျူးလာတော့ နှလုံးသားနဲ့မှတ်ရတဲ့အရာတွေဆိုတာ ပိုလို့တောင်မမေ့နိုင်တဲ့အကြောင်း သူမပြောဖြစ်လိုက်တော့...။

ထိုညအပြန်လမ်းမှာတော့ ဂျုံဆောင်းဖက်မှစ၍ ဂျယ်ယွန်းအား လမ်းခွဲစကားပြောခဲ့ပါသည်။ တဖြည်းဖြည်း ပြောင်းလဲလာတဲ့ ဒီဆက်ဆံရေးကို ဆက်ကြည့်နေဖို့ ဂျုံဆောင်းဟာ မဝံ့ရဲခဲ့။ လက်လွှတ်လိုက်ဖို့သာ ရွေးချယ်ရတော့သည်။ ဂျယ်ယွန်းကတော့ ရုတ်တရက်ဆိုလာတဲ့စကားကြောင့် အံ့ဩသွားပုံရပေမဲ့ သူကိုယ်တိုင်ဟာလည်း ဒီအဆုံးသတ်ကို ကြိုသိနေခဲ့တာဖြစ်နိုင်သည်။ ဂျုံဆောင်းအား တောင်းပန်စကား အထပ်ထပ်ဆိုကာ ကျောခိုင်းသွားသည့် ချစ်ရသူဟာ မသိရင် ဟိုးအဝေးကြီးထိ ထွက်သွားတော့မယောင်။

ဂျုံဆောင်းကိုယ်ပေါ်မှာတော့ ဂျယ်ယွန်းခြုံပေးခဲ့သည့် ကုတ်အင်္ကျီတစ်ထည်ကသာ နှုတ်ဆက်လက်ဆောင်အဖြစ် ကျန်နေခဲ့တော့သည်။

•••

တစ်ခါက ဂျုံဆောင်းတစ်ယော​က် ဂျယ်ယွန်းအား ပေါက်ပေါက်ရှာရှာ မေးကြည့်ခဲ့ဖူးသည်။

"ဂျယ်ယွန်း...တကယ်လို့လေ တကယ်လို့ပေါ့နော်...နောင်တချိန်ကျ ငါက အရမ်းဆိုးလာလို့ မင်းက သည်းမခံနိုင်တော့ရင် ဘယ်လိုလုပ်မလဲ...ငါ့ကိုပစ်သွားမှာလား"

"ပေါက်ပေါက်ရှာရှာ ဂျုံဆောင်းရာ...မင်းက ဘယ်လောက်ဆိုးနိုင်မှာတဲ့လဲ...ခုတောင် လူဆိုးဂျစ်တူးလေးဖြစ်နေပြီကို...ဟား ဟား..."

ဂျုံဆောင်းကတော့ ဂျယ်ယွန်းအော်ရယ်နေသည်ကို မျက်စောင်းထိုးပစ်ကာ ဆက်မေးခဲ့သည်။

"ဒါဆို...ငါကမင်းကို လမ်းခွဲစကားပြောရင်ရော...အဲ့ကျရင်ရော မင်းက ငါ့ကို ဆွဲထားမှာလား...ဟင်လို့...ဂျယ်ယွန်းနီး...ငါမေးတာကို မသိချင်ယောင်မဆောင်နဲ့ကွာ...ခုဖြေ"

ဂျယ်ယွန်းလက်မောင်းတွေကို ခပ်ချွဲချွဲလှုပ်ရမ်းရင်း ဂျုံဆောင်းက မဖြေမချင်း ဂျစ်တိုက်ပစ်ခဲ့သည်။ ဂျယ်ယွန်းကတော့ အသည်းတယားယားဖြင့် ဂျုံဆောင်းပါးမို့မို့နှစ်ဖက်အား အုပ်ကိုင်ပြီး မျက်နှာအနှံ့ အတင်းကာရော လိုက်နမ်းပစ်လိုက်သည်သာ။

​စလို့ဝသွားမှသာ ဂျုံဆောင်းနှာခေါင်းအား ခပ်သာသာဆွဲညှစ်ရင်း ဂျယ်ယွန်းက အဖြေပေးလာခဲ့ပါသည်။

"ဂျစ်တူးရယ်...မင်းကိုငါက ဆွဲထားရမှာပေါ့...ငါ့မှာရည်းစားဆိုလို့ ဒီတစ်ယောက်လေးရှိတာ...မင်းငါ့ကို စိတ်ကုန်သွားလို့ ကန်ထုတ်ရင်တောင် ခြေထောက်ကိုဆွဲထားပြီး ကုတ်ကတ်နေဦးမှာ...သိပြီလား"

•••

ဂျုံဆောင်းဟာ တွေးရင်း တစိမ့်စိမ့် ဝမ်းနည်းလာပြန်သည်။ ထိုအချိန်က ဂျယ်ယွန်းဖြေခဲ့သလိုမျိုး အခုလည်း သူကပဲ ရူးရူးမိုက်မိုက်နဲ့ ဂျယ်ယွန်းအား ဆွဲထားချင်မိသည်။ ပြဿနာအားလုံးကို မသိချင်ယောင်ဆောင်ကာ ဂျယ်ယွန်းလက်ကိုပဲ မလွှတ်တမ်း ဆုပ်ကိုင်ထားချင်မိသည်။

ချစ်ရသူရဲ့အငွေ့အသက်တို့မရှိဘဲ ရှေ့ဆက်လျှောက်ရမည်ကို တွေးမိတိုင်း သူကြောက်မိပါသည်။

ဒီနှစ်တွေအတွင်း သူဟာ ဘဝရဲ့ အနိမ့်အမြင့်တချို့ကို ကြုံတွေ့ခဲ့ရပြီး လဲကျသွားခဲ့သည့် အချိန်များလည်း ရှိခဲ့ပါသည်။ ထိုအချိန်များ၌ ချစ်ရသူရဲ့ရင်ခွင်က သူ့အား အသင့်စောင့်ကြိုနေခဲ့ပြီး နွေးထွေးမှုကိုပေးခဲ့သည်။ ဂျယ်ယွန်းက သူ့အတွက်တော့ နွေဦးနေရောင်ခြည်လို ​ဖြစ်တည်မှုမျိုးပင်။ နံဘေးနားရှိနေရုံနဲ့တင် နွေးထွေးမှုကို ခံစားရပြီး အားအင်ပြည့်ရပါသည်။

အခုတော့ သူ့အပိုင် နွေးထွေးမှုလေးကို သူမပိုင်ရတော့...။

သူသဘောကျတဲ့ အပြုံးနုနုတွေဟာ သူ့အတွက် မဟုတ်တော့...။

သူ့ရဲ့အိမ်မက်ကလေးဟာ သူနဲ့ဝေးရာမှာ...။

ကြေကွဲမှုအလုံးအရင်းနဲ့ ကျန်နေခဲ့တဲ့ဂျုံဆောင်းဟာ တစ်ချိန်ချိန်မှာတော့ ဂျယ်ယွန်းအား အမှန်တကယ် ကျောခိုင်းလို့ ချန်ထားခဲ့နိုင်ရန် မျှော်လင့်ပါသည်။ ခက်ခဲပေမဲ့ ဂျုံဆောင်းကတော့ သူ့ထံကျန်နေခဲ့တဲ့ အမှတ်တရတွေကို အားပြုရင်း ဘဝကို ရှေ့ဆက်ရဦးမည်ဖြစ်သည်။

ပြီးပါပြီ။

Continue Reading

You'll Also Like

128K 7.6K 92
"Great news! Wei WuXian has died!" "Wait- WHAT?!" "But I'm still here." The juniors (Lan Sizhui, Lan Jingyi, Jin Ling, and Ouyang Zizhen) accidentall...
1.9M 83.5K 127
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
741K 20.2K 74
မင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခ...
83.8K 2.4K 38
Francesca Astor came to Love Island to find her soulmate, and once she sets her eyes on him, she's never letting go. Rob Rausch x Fem!oc #1 robertrau...