အခန်း(၃၅) ဝမ်းလျှောတဲ့ရေ
"သခင်လေးက တကယ်ကို ခွေးနတ်ဘုရားတစ်ကောင် မွေးထားခဲ့တာပဲ" ပို့ဆောင်သူလူငယ်သည် သူ၏ကားအတွင်းသို့မဝင်ခင် ရှောင်ဟေးအား တစ်ချက်ကြည့်ကာ ချီးမွမ်းသွားသည်။
ခွေးအကောင် ၃၀ ကျော်သည် ရှောင်ဟေး၏ ဩဇာအောက်တွင် မှန်ကန်စွာတန်းစီးပြီး အိမ်မွေးတိရိစ္ဆာန်ဧရိယာသို့ နာခံစွာဖြင့် သွားခဲ့ကြသည်။ ရှောင်ဟေးသည် မုန့်မုန့်နှင့် သွားကစားသည့်အချိန်တွင်တော့ သူတို့သည် လှည့်ပတ်ပြေးကြတော့သည်။
ကံကောင်းစွာဖြင့် အိမ်မွေးတိရိစ္ဆာန်ဧရိယာမှာ အလွန်ကျယ်ဝန်းပြီး ခွေးများသည် အပြင်သို့ ထွက်ပြေးရန် ရည်ရွယ်ချက်မရှိကြချေ။
နာရီဝက်အကြာတွင် အခြားတိရိစ္ဆာန်များကို လခြမ်းတောင်သို့ လာရောက်ပို့ဆောင်သည်။ ယခုအကြိမ် ပို့ဆောင်ပေးသည့် ဝန်ထမ်းဦးရေမှာ ၆ ယောက်ဖြစ်ပြီး ကား ၅ စီးဖြစ်သည်။ တိရိစ္ဆာန်များကို ပို့ဆောင်သည့်အခါ အဖွားလျို ဂရမ်းဗျူးဥယျာဉ်သို့လာရောက်လည်ပတ် သကဲ့သို့ အချိန်အတော်ကြာအောင် ချီးကျူးစကားပြောသွားကြသည်။ ထိုနောက် ဓာတ်ပုံရိုက်ပြီးသည်နှင့် ပြန်သွားကြရသည်။
(ဘာသာပြန်သူ - အဖွားလျိုဆိုတာ ၁၈ ရာစုလောက်က Dream of the Red Chamber ဆိုတဲ့ တရုတ်ဝတ္ထု ထဲက ရိုးသားတဲ့ကျေးတောသူအဖွားအို ဇာတ်ကောင်ပါ။ ဆရာကြီးမြသန်းတင့် ဘာသာပြန်ထားတဲ့ "ခန်းဆောင်နီအိပ်မက်" အခန်းဆက်ဝတ္ထုရှည်ကြီးဖြစ်ပါတယ်။ "အဖွားလျို ဂရမ်းဗျူးဥယျာဉ်သို့လာရောက်လည်ပတ်ခြင်" ဆိုတဲ့ အဓိပ္ပာယ်က အကြမ်းဖျင်းအားဖြင့် သာမန် ရိုးရိုးအအ တောသူတောင်သားတစ်ယောက် တော်ဝင်နန်းတော်လိုမျိုး မြင့်မြတ်ခမ်းနားတဲ့ နေရာတစ်ခုကို ရောက်ရှိလာတဲ့ ပုံစံမျိုးကိုပြောတာပါ)
ကျန်းဟန်သည် ယန်-မိုးကြိုးသစ်ပင်အောက်တွင် ရပ်ကာ ပတ်ဝန်းကျင်ကို မျက်လုံးများဖြင့် ကြည့်လိုက်သည်။
မွေးမြူရေးဧရိယာတွင် အရွယ်ပြီးသောကြက်များသည် ၎င်းတို့အသိုက်ကို ဆော့ကစားနေပြီး အိမ်အတွင်း၌ ဘဲပေါက်လေးများနှင့် ငန်းပေါက်လေးများ အပြန်အလှန် ဆော့ကစားနေကြရင်း ခဏအတွင်း မြက်တောထဲသို့ လှည့်ပတ်ပြေးကာ ရေကန်ထဲတွင် ရေကူးနေကြသည်။ နောက်တခဏအကြာတွင် အစာစားရန် လက်ဝဲဘက်ရှိ အသားမြက်များရှိရာသို့ ပြေးသွားကြသည်။
အရွယ်ရောက်ပြီးသော နို့စားနွားမများသည် ၎င်းတို့၏နယ်မြေအတွင်း စိမ်ပြေနပြေ လမ်းလျှောက်နေကြသည်။ ဂျပန်နွားနက်များသည် အတော်လေးတက်ကြွနေပြီး ပတ်ဝန်းကျင်အသစ်ကို စဉ်ဆက်မပြတ် စူးစမ်းနေကြသည်။ နို့စားသိုးများ ၊ Ujimqin သိုးများနှင့် တိုင်ဟူဝက်နက်များသည် ၎င်းတို့၏ သက်ဆိုင်ရာဧရိယာများတွင် လမ်းလျှောက်နေကြသည်။
အသားမြက်သည် သူတို့၏ အစာဖြစ်သည်ကိုတော့ အားလုံးသိကြ၏။ အသားမြက်က ဘာလဲဆိုသည်ကို မသိလျှင်ပင် အသားမြက်မှထွက်လာသည့် စွဲမက်ဖွယ် ရနံ့ကို အနံ့ခံလိုက်သည့်အခါ အသားမြက်ဆီသွားပြီး မြည်းစမ်းမကြည့်ဘဲ မနေနိုင်ကြပေ။
ကံကောင်းစွာဖြင့် အသားမြက်သည် အဆင့် ၁ စိတ်ဝိညာဉ်ရတနာဖြစ်ပြီး ကုန်အောင်စားပြီးနောက် ရက်အနည်းငယ်အတွင်း ပြန်ပေါက်ကာ ရင့်ကျက်လာမည်ဖြစ်သည်။ ဤစက်ဝန်းသည် အပြန်အလှန်လည်ပတ်နေသဖြင့် အသားမြက် မလုံလောက်မည်ကို ပူပန်နေစရာမလိုအပ်ချေ။
စိုက်ပျိုးရေးဧရိယာကို ကြည့်လိုက်ပါက စပါးပင်များသည် မနေ့ကထက် အနည်းငယ် ပိုမြင့်လာပြီး ဂျုံ၊ ပြောင်း၊ စားတော်ပဲများသည်လည်း လျင်မြန်စွာ ကြီးထွားလာနေသည်။ မျိုးစေ့နှင့် ပျိုးပင်များရောင်းလိုက်သူသာ ဤမြင်ကွင်းကို တွေ့လိုက်ရပါက တုန်လှုပ်သွားမည်မှာ သေချာသည်။
ဤသို့သော အခြေအနေမျိုးက "စိတ်ကူးတောင်မယဉ်ဖူးဘူး" ဟူသည့် စကားဖြင့်သာ ဖော်ပြနိုင်မည်ဖြစ်သည်။ သို့သော်လည်း ကျန်းဟန်သည် ဤသို့သော အခြေအနေမျိုးကို ကျင့်သားရနေပြီးသားဖြစ်သည်။
ကျန်းဟန်၏မျက်လုံးထဲတွင် လခြမ်းတောင်ကို ရတနာနယ်မြေတစ်ခုအဖြစ် မသတ်မှတ်ပေ။ အမှန်တကယ် ရတနာနယ်မြေသာ ဖြစ်ပါက ထိုသို့သော ရိုးရှင်းသည့်အရာ မည်သို့ဖြစ်နိုင်မည်နည်း။
အိမ်မွေးတိရိစ္ဆာန်ဧရိယာသည် အလွန်သက်ဝင်နေသည်။ မုန့်မုန့်သည် မြက်ချုံပုတ်ပေါ်တွင် ထိုင်ကာ အရုပ်များကို ခွေးကလေးများဆီသို့ ပစ်ချနေသည်။
သူမ၏ရင်ခွင်အတွင်း၌ အမွှေးထူသည့် တီးကပ်ပိုဒယ်တစ်ကောင်၊ သူမ၏ဘေးတွင် ဖိနပ်ကြိုးနှစ်ဖက်ကိုကိုက်နေရင်း သူမအားတိုးဝှေ့ပူးကပ်နေသည့် ဂိုးဒင်းရီတရီဗာ၊ ခပ်ခွာခွာနေသည့် ချောင်ချောင်သည်တော့ မြေပြင်ပေါ်တွင်လဲလျောင်းနေပြီး အခြားခွေးများသည် အရုပ်များဖြင့် သူတို့စိတ်ကြိုက် ဆော့ကစားနေကြသည်။
ရှောင်ဟေးဘယ်ရောက်နေလဲ?
အမှန်တော့ သူသည် သူ၏ ဩဇာအာဏာထူထောင်နိုင်မည့် အခွင့်အရေးကို လက်မလွတ်နိုင်ပေ။
မျက်လုံးများပြူးကျယ်စွာဖြင့် ပတ်ဝန်းကျင်ကို သေချာကြည့်နေသည့် ရှောင်ဟေးမှာ သူ၏ပြည်သူများကို ကြည့်နေသည့် အင်ပါယာတစ်ပါးကဲ့သို့ပင်။
တခြားနေရာသို့ ထွက်ပြေးချင်သည့် ခွေးရှိသည့်အခါတိုင်း ရှောင်ဟေးသည် ထိုခွေးကိုအရင်ဦိးစွာစောင့်ကြည့်နေပြီး အိမ်မွေးတိရိစ္ဆာန်ဧရိယာမှ ထွက်ပြေးတော့မည့်အချိန်တွင် ရှောင်ဟေးသည် တစ်ချက်ဟောင်လိုက်ပြီး ခွေးဆီသို့ပြေးကိုက်ချီကာ သူ၏ခေါင်းကို မော့လိုက်ပြီး လေထဲသို့ ပစ်လွှတ်လိုက်သည်။
ဘန့် ဘန့် ဘန့်
ခွေးသည် ချုံပုတ်ပေါ်သို့ ပြုတ်ကျသွားသည်။ မနာကျင်သော်လည်း အနည်းငယ်တော့ မှေးမှိန်းသွားသည်။
တဖြည်းဖြည်းနှင့် ခွေးများသည်လည်း ရိုးသားလာပြီး အိမ်မွေးတိရိစ္ဆာန်ဧရိယာအပြင်ဘက်သို့ ပြေးမထွက်တော့ဘဲ မုန့်မုန့်ကို လှည့်ပတ်ကာ အတူတူ ဆော့ကစားနေကြသည်။
ကျန်းဟန်သည် ထိုအရာများကိုကြည့်ပြီး ကျေနပ်စွာခေါင်းညိတ်လိုက်သည်။
အစီအစဉ်နှင့်အတူ သူ၏ကိုယ်ပိုင်နယ်မြေသည် ဖြည်းညှင်းစွာ ဖွံ့ဖြိုးတိုးတက်လာပြီး လက်ရှိတွင် နယ်မြေ၏ပုံစံမှာ စတင်ပုံပေါ်နေပြီဖြစ်သည်။
ခဏကြာပြီးနောက် ကျန်းဟန်သည် နို့တစ်ပုံးကို ကောက်ယူပြီး သန့်စင်သောယန်ရေ ၂ လီတာကိုဖြည့်လိုက်သည်။ နို့စားနွားများ၊ နို့စားသိုးများနှင့် အရွယ်ရောက်ပြီးသား ကြက်များအား သန့်စင်သောယန်ရေတိုက်ကျွေးပြီးနောက် ကျန်းဟန်သည် အိမ်မွေးတိရိစ္ဆာန်ဧရိယာသို့ ရောက်ရှိလာပြီး မုန့်မုန့်နှင့် အတူလိုက်၍ ကစားနေခဲ့သည်။
မွန်းတည့်ခါနီးအချိန်တွင် ကျန်းဟန်သည် မုန့်မုန့်အား နေ့လည်စာစားရန် တောင်ပေါ်မှ ခေါ်သွားကာ သူ၏စားသောက်ဆိုင်သို့ တစ်ချက်သွားကြည့်သည်။
အိမ်ကို ပြင်ဆင်မွမ်းမံနေဆဲဖြစ်သောကြောင့် အတွင်း၌ ဖုန်မှုန့်များရှိသဖြင့် ကျန်းဟန်သည် မုန့်မုန့်အား အိမ်ထဲသို့ မခေါ်တော့ပဲ သူဟာဟူ ဝင်သွားလိုက်သည်။
တစ်ချက်ကြည့်လိုက်ပြီး ပြင်ဆင်မှုက ပြီးတော့မည်ကို သိလိုက်သည်။
ထင်သာမြင်သာရှိသော ကြာပန်းကျောက်စိမ်း တီဗွီကပ်နံရံကို ဆောက်လုပ်ပြီးစီးသွားပြီး ကြာပန်း၏ပတ်ဝန်းကျင်တွင် ရောင်စုံမီးသီးများ တပ်ဆင်ထားသည်။ မီးများဖွင့်ထားသည့်အချိန်တွင် ကြာပန်းကျောက်စိမ်း တီဗွီကပ်နံရံ၏ပုံရိပ်သည် အလွန်လှပနေမည်မှာ သေချာသည်။
ခေါင်းမိုးပုံစံမှာ တစ်ဝက်ခန့်ပြီးနေပြီး ကြမ်းပြင်နှင့် နံရံများမှာ အားလုံးပြီးသွားပြီဖြစ်သည်။
"သခင်လေးကျန်း ရောက်လာပြီလား" ကျောက်ခိုင်သည် ကျန်းဟန်အားတွေ့လိုက်ပြီး ရှေ့ထွက်ကာ ပြုံး၍နှုတ်ဆက်လိုက်သည်။
"တော်တော်လေးမြန်တာပဲ" ကျန်းဟန်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပါတယ် သခင်လေးကျန်း၊ သခင်လေးပြောတဲ့အတိုင်း ကျွန်တော် သေချာ ကောင်းကောင်းလုပ်ရမှာ ကျွန်တော့တာဝန်ပါ။ နှစ်ရက်ကြာရင်တော့ ပြီးနိုင်လိမ့်မယ်ထင်တယ်။ ဒါနဲ့ သခင်လေးကျန်း စားသောက်ဆိုင်ရဲ့အပြင်ဘက်က ဆိုင်းဘုတ်ကိုရော လဲချင်သေးလား" ကျောက်ခိုင် ပြောလိုက်သည်။
"အင်း လဲဖို့လိုတယ်" ကျန်းဟန်လည်း ဤကိစ္စကို မေ့နေခဲ့သည်။
"ကျွန်တော့်မှာ ဆိုင်းဘုတ်လုပ်တဲ့ ဆွေမျိုးတစ်ယောက်ရှိတယ်။ သခင်လေးကျန်း စားသောက်ဆိုင်နာမည်ကို စဉ်းစားပေးလိုက်လေ။ ကျွန်တော် သခင်လေးအတွက် ဆိုင်းဘုတ်အသစ်တစ်ခု အခမဲ့လုပ်ပေးလို့ရတယ်" ကျောက်ခိုင် ခေါင်းကုတ်ရင်း ရယ်မောလိုက်သည်။
"နာမည်က ... ... မုန့်မုန့်၏အပန်းဖြေရာ စားသောက်ဆိုင် လို့ ပေးလိုက်ပါ" ကျန်းဟန် နာမည်တစ်ခုကို ပေါ့ပေါ့ပါးပါးစဉ်းစားလိုက်ပြီး ရွေးလိုက်သည်။
"ကောင်းပြီ မုန့်မုန့်၏အပန်းဖြေရာ စားသောက်ဆိုင်။ အရောင်နဲ့ စာလုံးပုံစံကိုရော လိုချင်တဲ့ပုံစံရှိသေးလား" ကျောက်ခိုင်မေးလိုက်သည်။
"ပုံမုန် အဖြူအမည်းပဲ လုပ်မယ်။ မုန့်မုန့်၏အပန်းဖြေရာ စားသောက်ဆိုင် ရှေ့မှာ ကာတွန်းဒီဇိုင်းလေးတွေ ထည့်ပေးပါ။ ကျွန်တော် ညကျရင် ဒီဇီုင်းပုံစံပို့ပေးလိုက်မယ်။ ပိုက်ဆံကတော့ ပုံမှန်အတိုင်းပဲပေးမယ်" ကျန်းဟန် အနည်းငယ်စဉ်းစားပြီး ပြန်ဖြေလိုက်သည်။
"ကောင်းပါပြီ။ ဒါဆို သခင်လေးကျန်းကို ကျေးဇူးတင်ပါတယ်" ကျောက်ခိုင် ရယ်ကာ ပြောလိုက်သည်။
ထိုကိစ္စပြီးသွားသည်နှင့် ကျန်းဟန်သည် ကားကိုမောင်းပြီး မုန့်မုန့်အား လခြမ်းတောင်သို့ ပြန်ပို့ပေးလိုက်သည်။
မုန့်မုန့်သည် ခွေးကလေးများနှင့်ဆော့နေရင်း အလွန်ပျော်ရွှင်နေပြီး ကျန်းဟန်သည် မင်းသမီးလေးအနားတွင်ထိုင်ကာ အင်္ဂလိပ်စာ လေ့လာနေခဲ့သည်။
ကျန်းဟန်သည် ၃ နာရီကြာလေ့လာပြီးနောက် အင်္ဂလိပ်စာကို အနည်းနှင့်အများ ပြီးသွာခဲ့သည်။ အဆင့် ၆ အင်္ဂလိပ်ဗီဒီယိုကိုကြည့်ရင်း သူသည် ဗီဒီယိုတစ်ခုလုံးကို အပြည့်အဝနားလည်နိုင်ခဲ့ပြီး အဆင့် ၈ အင်္ဂလိပ်စာစစ်ဆေးခြင်းမေးခွန်းစာရွက်ကိုကြည့်လိုက်ရာ သူ့အတွက် လွယ်ကူသွားခဲ့သည်။
ထို့ကြောင့် ကျန်းဟန်သည် အခြားဘာသာစကားတစ်ခုကို စတင်လေ့လာခဲ့သည်။
နေ့လည်ခင်းတစ်ခုလုံးသည် လျင်မြန်စွာဖြင့်ပင် ကုန်ဆုံးသွားခဲ့သည်။
ရှောင်ဟေးသည် အိမ်မွေးတိရိစ္ဆာန်များနှင့် သူတို့နေထိုင်ရာတစ်ဝိုက်တွင် လှုပ်ရှားသွားလာရင်း သူ၏ ဩဇာအာဏာပြသရန်နှင့် အမိုက်စားသရုပ်ဆောင်ရန် အခွင့်အရေးကို စောင့်မျှော်နေခဲ့သည်။ သို့သော် အချိန်အနည်းငယ်ကြာပြီးနောက် ခွေးများနှင့် တိရိစ္ဆာန်များအားလုံးသည် သင်ခန်းစာရသွားကြပြီး ရှောင်ဟေးသည် နောက်ထပ်အာဏာပြရန် အခွင့်အရေးမရှိတော့ချေ။ ထို့ကြောင့် ရှောင်ဟေးသည် မုန့်မုန့်၏နံဘေးသို့ ပြေးသွားပြီး ဖိနပ်ကို လျှာဖြင့်လျက်ကာ မုန့်မုန်နှင့် အခြားခွေးကလေးများကဲ့သို့ အတူတူကစားတော့သည်။
မိုးကောင်းကင် အနည်းငယ်မှောင်မသွားခင်တွင် ကျန်းဟန်သည် နို့ပုံးနှင့် အခြားကိရိယာများကိုကောက်ယူပြီး နို့စားနွားများနှင့် နို့စားသိုးများထံသို့ နို့ညှစ်ရန်သွားလိုက်သည်။
သန့်စင်သောယန်ရေဖြင့် သန့်စင်ပြီးနောက် နို့စားနွားများနှင့် နို့စားသိုးများ၏ ခန္ဓာကိုယ်သည် ပြီးပြည့်စုံသည်အနေအထားသို့ရောက်ရှိသွားပြီး မုန့်မုန့်နှင့်ဇီယန်တို့ သန့်စင်သောရေသောက်ပြီးချိန်ကကဲ့သို့ ၎င်းတို့၏ခန္ဓာကိုယ်သည် အတော်လေးတိုးတက်ကောင်းမွန်လာသည်။ သူတို့၏ကိုယ်ခံစွမ်းအားနှင့် အခြားအစိတ်အပိုင်းများလည်း အလွန်တိုးတက်လာသည်။
ဤသည်မှာ သန့်စင်သောယန်ရေ၏အကျိုးကျေးဇူးဖြစ်သည်။ နို့စားနွားများနှင့် နို့စားသိုးများမှ နို့ညှစ်သည့်အခါ အလွန်ပြင်းထင်သော နို့နံ့ကို အနံ့ခံနိုင်သည်။
"မုန့်မုန့် ဖေဖေတို့ ပြန်ရမယ့်အချိန်ရောက်ပြီ။ ရှောင်ဟေးနဲ့တခြားသူတွေကို နှုတ်ဆက်လိုက်ဦး။ မနက်ဖြန်မှ သူတို့နဲ့ကစားဖို့ ပြန်လာကြမယ်"
ကျန်းဟန်သည် နို့ပုံးလေးပုံးကို သယ်သွားသည်။
ပုံးကြီး ၂ ပုံးနှင့် အသေး ၂ ပုံး။ ပုံးကြီးသည် နွားနို့များဖြစ်ပြီး ၁ ပုံးကို ၁၅ ကီလိုဝန်းကျင်ရှိပြီး ၂ ပုံး ၃၀ ကီလိုခန့်ရှိသည်။ ပုံးသေးများသည် သိုးနို့များဖြစ်ပြီး တစ်ပုံးလျှင် ၂ ကီလိုခန့်ရှိသည်။
နွားနို့အထွက်နှုန်းမှာ အတော်လေးမြင့်မားသည်။ နို့စားနွားမတစ်ကောင်သည် မနက်ပိုင်းတစ်ကြိမ် နှင့် ညနေတစ်ကြိမ် နေ့စဉ် နွားနို့ ၃၀ ကီလိုဂရမ်ခန့်ထွက်ရှိသည်။ သိုးနို့အထွက်နှုန်းမှာတော့ အတော်လေးနည်းပြီး တစ်နေ့လျှင် ၄ ကီလိုသာ ထွက်နိုင်သည်။
လက်ရှိအကြောင်းအရာကိုပြန်သွားရသော်။
မုန့်မုန့်သည် သူမဖေဖေ၏စကားကိုကြားလိုက်တော့ မတ်တပ်ထပ်ရပ်ပြီး သူမ၏တင်ပါးလေးကိ ပုတ်ခါကာ ပြောလိုက်သည်။
"ကောင်းပြီး မနက်ပြန်မှပြန်လာမယ်။ ရှောင်ဟေးနဲ့ ...အဲ...အာလုံးပဲ ဂွတ်ဘိုင်ပါ။ မနက်ဖြန်မှ တွေ့ကြမယ်"
မင်းသမီးလေးသည် စကားဆုံးသွားသည့်အခါ ကျန်းဟန်၏ရှေ့သို့ပြေးသွားပြီး
"ဖေဖေ ခွေးလေးတွေကအများကြီးပဲ။ သူတို့ကို တစ်ကောင်ချင်း ဘယ်လိုခေါ်ရမလဲ"
"အမ်..."
ကျန်းဟန် အနည်းငယ် မှင်တက်သွားပြီး ခဏစဉ်းစားကာ ကူကယ်ရာမဲ့သည့်လေသံဖြင့် ပြောလိုက်သည်။
"ဖေဖေထင်တာတော့ သူတို့ရဲ့ နာမည်အတိုင်းပဲခေါ်လိုက်ပေါ့။ ဥပမာ ဂျီအာ(Golden Retriver) အထီးကို ဂျီအာကြီး၊ အမ ကို ဂျီအာလေး လို့ခေါ်၊ ဟက်စကီ(Husky) ကို အထီးကို ဟူကြီး၊ အမကို ဟူလေးလို့ခေါ်။ အဲ့လိုများပေါ့"
(ဘာသာပြန်သူ - ဂိုးဒင်းရီထရီဗာကြီး တို့ဘာတို့က ခေါ်ရတာမကောင်းလို့ ခေါ်လို့လည်းကောင်း ချစ်စရာလေးလည်းဖြစ်အောင် သင့်တော်သလိုလေး မြန်မာမှုပြုပေးလိုက်ပါတယ် ဟက်စကီကိုတော့ ဟက်ကြီး ဟက်လေး က ခေါ်လို့မကောင်းလို့ ရှေ့ဆုံးက Hu နှစ်လုံးတည်းယူပြီး ဟူကြီး ဟူလေးလို့ သုံးလိုက်ပါတယ် တရုတ်သံလည်း ပေါက်သွားတာပေါ့။ တခြားခွေးတွေကိုလည်း သူတို့မျိုးစိတ်နာမည်အလိုက် သင့်တော်သလိုလေး သုံးသွားပါမယ်)
"ဟီးဟီး... ဟူကြီး ဟူလေး ချစ်ဖို့ကောင်းလိုက်တာ..." ထိုစကားကို ကြားတော့ မုန့်မုန့်သည် တခစ်ခစ်ရယ်လိုက်သည်။
ပြန်သည့်အချိန်တွင် ယန်-မိုးကြိုးသစ်ပင်ဘေးမှ ဖြတ်သွားသည့်အခါ ကျန်းဟန်သည် ရေသန့်ဘူးကိုထုတ်ပြီး သန့်စင်သောယန်ရေ ၅၀၀ မီလီလီတာခန့်ဖြည့်လိုက်သည်။
သန့်စင်သောယန်ရေသည် ယခုအခါ ၅ လီတာခန့်သာ ကျန်တော့သည်။ သုံးစွဲမှုနှုန်းက အနည်းငယ်မြန်နေသည်ဟု ဆိုရပေမည်။
ကျန်းဟန်သည် ကားကို မောင်းနှင်ပြီး ထုံလောပင်လယ်ကွေ့သို့ မောင်းနှင်သွားခဲ့သည်။
ထိုသို့မသွားခင် ကျန်းဟန်သည် ကျန်းလီအားဖုန်းဆက်လိုက်သည်။ ကျန်းဟန် ကျန်းလီအားဖုန်းဆက်သည့်အချိန်တွင် ကျန်းလီသည် အလုပ်သွားရန် ပြင်နေသော်လည်း ကျန်းဟန်မကြာခင်ရောက်လာမည်ကို ကြားတော့ သူမသည် အိမ်မှာပဲ ကျန်းဟန်အား စောင့်နေခဲ့သည်။
မိနစ် ၂၀ အကြာတွင် ကျန်းဟန်နှင့် မုန့်မုန့်သည် ကျန်းလီ၏အိမ်သို့ ရောက်ရှိလာသည်။
"ဟဲလို အစ်ကိုကျန်း။ အာ့ယို ချစ်ဖို့ကောင်းလိုက်တဲ့ကလေးမလေးပါလား" လီအန်းနာသည် တံခါးပြေးဖွင့်လိုက်သည်။ ကျန်းဟန်ကို တွေ့သည်အခါ သူမသည် ချိုသာစွာနှုတ်ဆက်လိုက်ပြီး ကျန်းဟန်၏ခြေထောက်ဘေးနားတွင် ရပ်နေသည့် မင်းသမီးလေးကိုမြင်လိုက်သည့်အခါ သူမသည် အလွန်ချစ်စရာကောင်းလွန်းသော မုန့်မုန့်အား အံဩသွားခဲ့သည်။
"အစ်ကို မင်းဘာတွေ သယ်လာတာလဲ။ နို့တွေလား" ကျန်းလီသည် လမ်းလျှောက်လာရင်း မေးလိုက်သည်။
"အင်း ပုံးကြီးက နွားနို့တွေ၊ ပုံးသေးက သိုးနို့။ နို့တွေအကုန်လုံးက မင်းတို့အားလုံး သောက်ဖို့။ မသောက်ခင်တော့ ညီမကိုယ်တိုင်ပဲ ကြိုရမယ်" ကျန်းဟန်သည် မီးဖိုချောင်တွင် နို့ပုံး ၂ ပုံးကို ချထားလိုက်သည်။
"အိုက်ယား။ အစ်ကို ငါတို့ရေခဲသေတ္တာထဲမှာ ဝမ်ဒါရှန်နို့နည်းနည်းကျန်သေးတယ်။ ဘာလို့ နို့တွေသွားဝယ်လာတာလဲ" ကျန်းလီသည် ထိသို့ပြောလိုက်သော်လည်း သူမ၏နှလုံးသားထဲတွင်တော့ နွေးထွေးနေသည်။ ၎င်းသည် မိသားစု၏ ဂရုစိုက်မှုကို ခံရသည့် ခံစားချက်မျိုးဖြစ်သည်။
"ငါပေးတဲ့နို့က သာမာန်နို့မဟုတ်ဘူး။ ငါအခု မွေးထားတဲ့ နို့စားနွားတွေ နို့စားသိုးတွေဆီကနေ ညှစ်ထားတဲ့ လတ်လတ်ဆတ်ဆတ် နို့တွေ။ ဝမ်ဒါရှန်နို့က ဘယ်လိုလုပ်ယှဉ်လို့ရမှာလဲ" ကျန်းဟန်ပေါ့ပေါ့ပါးပါးရယ်လိုက်ပြီး ဆက်ပြောလိုက်သည်။
"ဒါကို မကောင်းဘူးမထင်နဲ့နော်၊ တခြားသူတွေလိုချင်လို့ ဝယ်ချင်ပါတယ်ဆိုရင်တောင် မရဘူး"
"ရှောင်လီ နင့်မှာ ဒီလိုအစ်ကိုကြီးတစ်ယောက်ရှိတာ ငါတကယ်ကို မနာလိုဖြစ်တယ် သိလား" လီအန်းနာသည် အနည်းငယ်ပြုံးပြီး "အစ်ကိုကျန်း သူက မင်းရဲ့...."
လီအန်းနာသည် မုန့်မုန့်အား လက်ညှိုးထိုးကာ တွန့်ဆုတ်တွန့်ဆုတ်မေးလိုက်သည်။
"သမီးက မုန့်မုန့် လို့ခေါ်တယ်။ ဖေဖေ့ရဲ့ သမီး" မုန့်မုန့်သည် ချစ်စရာကောင်းသည့်အသံလေးဖြင့် ပြန်ဖြေလိုက်သည်။
"သမီးလား"
လီအန်းနာ အနည်းငယ်မှင်တက်သွားကာ ရယ်လိုက်ပြီး "အစ်ကိုကျန်း အစ်ကို့မှာ သမီးတစ်ယောက်ရှိနေပြီလား"
"အင်း" ကျန်းဟန် ခေါင်းညိတ်ပြလိုက်သည်။ သူ၏လက်ထဲရှိ ရေသန့်ဘူးကို ကျန်းလီထံသို့ ပေးလိုက်ပြီး "သောက်လိုက်" ဟုပြောလိုက်သည်။
"ဘာဖြစ်လို့လဲ။ ငါ ရေမဆာပါဘူး" ကျန်းလီ စိတ်ရှုပ်သွားသည်။
"သောက်ဆိုရင် သောက်လိုက် မြန်မြန်" ကျန်းဟန်သည် ရေဘူးကို ကျန်းလီ၏လက်ထဲသို့ ထိုးထည့်လိုက်သည်။
"မြန်မြန်သောက်လိုက် အန်တီ ပြီးရင် အိမ်သာသွားရမယ်" မုန့်မုန့်သည် သူမ၏ကြည်လင်သည့် မျက်လုံးများကို မှိတ်တုတ်မှိတ်တုတ်ဖြင့် ပြောလိုက်သည်.
"ကောင်းပါပြီး အန်တီသောက်လိုက်ပါ့မယ်" ကျန်းလီသည် အဖုံးကို ဖွင့်လိုက်သည်။ မူလက သူမသည် အကဲပိုလွန်းသောအစ်ကိုအား စိတ်ကျေနပ်စေရန် တစ်ငုံနှစ်ငုံသောက်လိုက်ရန်ရည်ရွယ်ထားသော်လည်း ပထမဆုံးအကြိမ် ပါးစပ်ထဲဝင်လာသည်နှင့် နောက်ထပ်သောက်ချင်စိတ်ဖြစ်လာမည်ဟု မည်သူက ထင်မိမည်နည်း။
တစ်ကျိုက်ပြီး တစ်ကျိုက်ဖြင့် ကျန်းလီသည် ရေဘူးတစ်ဘူးလုံး ကုန်အောင်သောက်လိုက်သည်။
"ဒါဘာတွေလဲ၊ နို့တွေမဟုတ်ဘူးလား။ ဒါက အချိုရည်ထက်တောင် ပိုပြီးသောက်လို့ကောင်းတယ်လို့ ဘာလို့ခံစားရတာလဲ" ကျန်းလီ စိတ်ဝင်တစားဖြင့်မေးလိုက်သည်။
"ဒါက ဝမ်းလျှောတဲ့ရေ" မုန့်မုန့်သည် အရင်ပြန်ဖြေလိုက်သည်။
ကျန်းလီသည် မုန့်မုန့်ပြောသည်အား စိတ်ထဲမထားပဲ ရယ်မောလိုက်ပြီး နောက်အခိုက်အတန့်တွင် သူမ၏ ဗိုက်ထဲမှ တဂွီဂွီမြည်လာတော့သည်။
"အစ်ကို မင်းငါ့ကို ဝမ်းနုတ်ဆေးတွေ တိုက်လိုက်တာလား။ ငါ ဒါကို မှတ်ထားမှာနော်" ကျန်းလီသည် မျက်လုံးများပြုးကျယ်ကာ အော်ပြောလိုက်ပြီး အိမ်သာဆီသို့ ပြေးသွားသည်။
၎င်းကိုမြင်တော့ ကျန်းဟန် ပြုံးကာ ခေါင်းယမ်းလိုက်သည်။ လီအန်းနာကို နှုတ်ဆက်ပြီးနောက် မုန့်မုန့်အား ချီကာ အောက်ဆင်းသွားခဲ့သည်။
မိနစ် ၂၀ ကြာပြီးနောက်။
"အာ့ယိုး။ ဘာလို့ဒီလောက်များနေတာလဲ" ကျန်းလီသည် အိမ်သာထဲမှ ပျော့ခွေစွာဖြင့် ထွက်လာသည်။
"အား!"
ကျန်းလီကိုမြင်လိုက်သည်နှင့် လီအန်းနာ ထအော်လိုက်သည်။
-C 35 End