နက်ပြာရောင်ကတ္တီပါစပေါ်က ကြယ်ကလေးတွေဟာ ဒါလီအောင်ဆိုသော အရှုံးသမားတစ်ယောက်ကို သနားငဲ့ညှာစွာလှမ်းကြည့်နေသည်ဟုပင် မလုံမလဲဖြစ်ရသည်။ တစ်ခါတစ်လေတော့လည်း နိုင်ငံခြားမှာပညာဆက်သင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကို ပြန်ပြီးနောင်တရသလိုလိုတော့ရှိသား....။
အခုဆိုရင်ကိုယ့်ဘက်ကနေအရင် လက်ပြနှုတ်ဆက်ခဲ့တဲ့ ဟိန်းသန့်ကိုဆိုတဲ့သူငယ်ချင်းတစ်ယောက်မှာ သိပ်ကိုချစ်မြတ်နိုးရတဲ့သူတစ်ယောက် ရှိနေခဲ့ပြီ...။ ဒါတွေအားလုံးဟာ ဒါလီကြိုတွေးခဲ့ပြီးသားဖြစ်ပေမယ့် လက်တွေ့ကိုရင်ဆိုင်ရတဲ့အခါမှာတော့ နည်းနည်းတော့နာကျင်သလိုလိုရှိရသည်။
အခုဆိုသိပ်ချစ်ကြတဲ့သူနှစ်ယောက်ကြားမှာ ဒါလီအောင်ဟာဗီလိန်လုံးလုံးဖြစ်ခဲ့ရပြီ...။
ဟိန်းနဲ့စေ့စပ်ဖို့ဒက်ဒီ့စီစဉ်ပေးခဲ့တုန်းက ဘာကြောင့်များဒါလီတစ်ခွန်းမှ မငြင်းခဲ့မိပါလိမ့်....။ အဲ့တုန်းကသာပြတ်ပြတ်သားသား ငြင်းပယ်ဖြစ်ခဲ့ရင် အခုလိုရှေ့တိုးရခက် နောက်ဆုတ်ရခက်တဲ့ အခြေအနေမျိုးရောက်မလာခဲ့လောက်ဘူး ဟုထင်သည်...။
လေပြည်ဟာအေးစက်ခြောက်သွေးလွန်းသဖြင့် ဝရံတာကစတီးလက်ရန်းများကို ဆုပ်ကိုင်ထားမိသောလက်များကိုခွာကာ နှစ်ဖက်ကိုယှက်ပူးလိုက်ရသည်။ တိမ်မြူကင်းစင်သော ညကလေးတစ်ညမှာတော့ ကြယ်အချို့မှာတောက်ပစွာ လောင်ကျွမ်းလျက်ရှိသော်လည်း အချို့သောကြယ်ကလေးများမှာတော့ တောက်ပသောကြယ်တို့၏ကိုမယှဉ်ပြိုင်နိုင်သဖြင့် မှေးမှိန်၍နေရသည်။
ထိုစဉ်နောက်ဘက်မှခြေသံကြားလိုက်သဖြင့် ဖျတ်ခနဲလှည့်ကြည့်မိလိုက်တော့ ဝါးခနဲတစ်ချက်သမ်းကာ ဒါလီဆီလျှောက်လာနေသော ဉာဏ်လင်းကိုမြင်လိုက်ရသည်။
ဒါလီ့မျက်စိထဲမှာတော့ ဉာဏ်လင်းဟာသနားစရာကောင်းလှသည်။ အသက်ခန္ဓာနဲ့ရင်းပြီး ကာကွယ်စောင့်ရှောက်ပေးရလောက်အောင် ချစ်မြတ်နိုးရတဲ့အမျိုးသမီးတစ်ယောက်ကို ခပ်ဝေးဝေးကနေရပ်ငေးကျန်ခဲ့ရတဲ့ ဉာဏ်လင်းရဲ့ပုံစံကဒါလီ့ကို စိတ်မကောင်းဖြစ်စေသည်။ ဉာဏ်လင်းအခုလိုပြောင်းလဲခဲ့ရတာ ဒါလီရဲ့တာဝန်မကင်းဟု တွေးမိလိုက်လေတိုင်း နောင်တရရသည်။ အမှန်ဆိုသူဟာဒီထက်ပိုပြီး လိမ္မာတဲ့ကောင်လေးတစ်ယောက် ဖြစ်ခဲ့မှာပါ....။
"ဒီနားကလေတိုက်တယ်နော်......၊"
ပုံမှန်စကားလုံးမျိုးနဲ့စကားစလာပြီး ဒါလီဘေးမှာဝင်ရပ်သဖြင့် တစ်ခုခုပြောစရာရှိနေမှန်း သဘောပေါက်လိုက်သည်။
"မကြာခင်လက်ထပ်တော့မယ် အစ်မကြီးကဘာတွေများ လွမ်းဆွေးနေပါလိမ့်......၊"
မထိတထိခနဲ့လိုက်လေသော ဉာဏ်လင်းရဲ့စကားကြောင့် ဒါလီပြုံးလိုက်မိပါသည်။
"မင်းပြောချင်တဲ့စကားကိုတည့်တည့်ပြော........၊"
"အစ်ကိုဟိန်းသန့်ကို ကိုတကယ်ဘဲချစ်သလား.......၊"
ဒီမေးခွန်းအတွက်အဖြေကတော့ အဆင်သင့်ရှိမနေခဲ့ပါ၊ ဆစ်ခနဲနာကျင်လှုပ်ခတ်သွားသော နှလုံးသားလေးကို ဥပက္ခာပြုရင်း သက်ပြင်းရှည်ကြီးကိုလေးပင်စွာချလိုက်မိသည်။
"ကောင်းကင်ကိုကြည့်လိုက်စမ်း မောင်လေး......."
ဉာဏ်လင်းကဒါလီ့ကို မျက်မှောင်ကုပ်ကာတစ်ချက်ကြည့်ရင်း အဆုံးအစမရှိကျယ်ပြောလှသည့် ကောင်းကင်ကြီးကိုမော့ကြည့်လိုက်မိသည်။
"မျက်စိထဲအရင်မြင်တဲ့ကြယ်တစ်လုံးကို လက်ညှိုးထိုးပြ....."
ဒါလီအောင်တစ်ယောက် ရူးသွားပြီဟူသောအကြည့်မျိုးနဲ့ ခပ်တွေတွေကြည့်ရင်း မျက်စိထဲမြင်မိမြင်ရာ အရောင်တောက်တောက် ကြယ်တစ်လုံးကိုလက်ညှိုးထိုးပြလိုက်သည်။
ဒါလီအောင်ကတော့ လှစ်ခနဲပြုံးလိုက်သည်။
"တွေ့လား....၊ ထင်ရှားတောက်ပတဲ့ကြယ်ပွင့်ကလေးတွေနဲ့တွေ့ရင် အရောင်မှိန်မှိန်နဲ့ကြယ်လေးတွေဟာ ရှိမှန်းမသိအာရုံစိုက်မခံရဘဲ မှေးမှိန်သွားကြရတယ်.......။
အဲ့လိုပါဘဲဉာဏ်လင်း......၊ သိပ်ကိုကြီးမားနဲ့ချစ်ခြင်းမေတ္တာနဲ့ ယှဉ်လိုက်ရင် သေးငယ်ပျောက်ကွယ်သွားရတဲ့ မထင်မရှားချစ်ခြင်းတွေက တည်ရှိနေပေမယ့် အရေးမပါဘူး......။"
ထိုအခါဉာဏ်လင်းသည်အလိုက်တသိ အကြည့်လွှဲရင်းတိတ်ဆိတ်နေလိုက်သည်။ ဉာဏ်လင်းသိတဲ့ဒါလီအောင်ဆိုတာက တစ်စုံတစ်ယောက်ကို မေတ္တာမပါဘဲလက်ထပ်ဖို့ စိတ်ကူးထဲတောင်မထည့်တဲ့သူမျိုးလေ.....၊
အစ်ကိုဟိန်းကလရိပ်သစ်ကိုချစ်တဲ့ ချစ်ခြင်းမျိုးနဲ့ မမဒါလီကိုဘယ်တော့မှ ချစ်လာမှာမဟုတ်တာကိုတော့ နားလည်လက်ခံထားရသည်။ ဘာတွေဆက်ဖြစ်မလဲတွေးရင်းနဲ့ပင် ခေါင်းတွေနောက်လာရင်း ဒဏ်ရာရထားသော ဝမ်းဗိုက်နေရာကအောင့်လာတာမို့ အံကိုကြိတ်ကာကျိတ်မှိတ်နေလိုက်ရသည်။
"မင်းဒဏ်ရာကသက်သာရဲ့......၊"
ထိုအခါဉာဏ်လင်းက ဗိုက်ကိုဖိကာမှုန်ကုပ်ကုပ်ပြန်ကြည့်ရင်း ရေရွတ်လိုက်သည်။
"ဘယ်ဒဏ်ရာကိုပြောတာလဲ.......၊"
ဉာဏ်လင်းပြောချင်တဲ့အဓိပ္ပာယ်ကို ကောင်းစွာသဘောပေါက်သော ဒါလီကတဟားဟားနဲ့ အော်ရယ်ပါသည်။ နှလုံးသားမှာလည်းဒဏ်ရာတွေနဲ့ ဗိုက်မှာလည်းဒဏ်ရာနဲ့......၊ ကိုယ့်မောင်လေး သိပ်ကိုသနားစရာကောင်းပါဘိ...။
"မင်းဒေါက်တာဆီမသွားဘူးလား......၊"
ဒါလီကတစ်စုံတစ်ယောက်ကို ရည်ညွှန်းရင်းပျော်စေပျက်စေ စနောက်လိုက်သော်လည်း ဉာဏ်လင်းကတော့မရယ်ပေ....။
"ကျွန်တော့ဒေါက်တာ......၊ ဟုတ်လား.........။
အဟက်.........၊ ကျွန်တော်ဘာတစ်ခုမှမပိုင်ပါဘူး........။
သူ့ဘာသာသူအေးဆေးနေပါစေ......၊ ကျွန်တော်ဝင်မပါတော့ဘူး........"
တတ်နိုင်သမျှအသံကိုထိန်းရင်း ရေရွတ်လိုက်သော်လည်း အဖျားမှာတုန်ရီစွာတိုးဝင်သွားသဖြင့် ချောင်းတစ်ချက်ဟန့်လိုက်ရသည်။ သူ့ဘဝထဲဝင်မပါဖို့ ဆုံးဖြတ်လိုက်တာအကောင်းဆုံး ဖြစ်ပါလိမ့်မည်။ ကိုယ်တိုင်ကမကောင်းတဲ့သူဆိုပေမယ့် သူမကိုတော့လူကောင်းတစ်ယောက်နှင့်သာ တွေ့ဆုံစေချင်လိုက်ပါသည်ဟု တွေးမိသည့်အချိန် စီးကရက်နံ့တွေကြားက ခပ်နွေးနွေးနှုတ်ခမ်းပါးတစ်စုံကို ဖျတ်ခနဲသတိရမိလေတော့ လှုပ်ခနဲတုန်သွားသောနှလုံးသားလေးကို ဖုံးဖိ၍ထားရသည်။
သိပ်ကိုဖြူစင်ရိုးသားလွန်းတဲ့သူတစ်ယောက်ကို ဉာဏ်လင်းတစ်ယောက် မူးမူးရူးရူးနဲ့ဘာတွေများ လုပ်ခဲ့မိပါလိမ့်....။
သနားငဲ့ညှာစွာလှည့်ကြည့်လာသော မျက်ဝန်းတစ်စုံနှင့်မဆုံချင်သဖြင့် မျက်နှာကိုတစ်ဖက်ကိုလှည့်ထားလိုက်သည်။ သနားစရာသိပ်ကောင်းပေမယ့် အသနားတော့မခံချင်ခဲ့....။
"တောင်းပန်ပါတယ်......၊ ပုံသွင်းလွယ်တဲ့ဆယ်ကျော်သက်အရွယ်မှာ မမ မင်းကိုတစ်ယောက်ထဲထားခဲ့မိတယ်....."
"အဟင်း......၊ ဘာမှတောင်းပန်စရာမလိုပါဘူး.......။
ကျွန်တော်ရွေးချယ်ခဲ့တဲ့လမ်းဘဲ.......၊ ကျွန်တော်လုပ်ခဲ့တဲ့အရာတွေအတွက် အကျိုးဆက်ကတော့ခံရမှာပါဘဲ......။"
"မင်းပြောင်းလဲလိုက်လို့ရပါတယ်.......၊"
"အကျင့်ဆိုတာပြင်ရခက်တယ် အစ်မတော်ရဲ့.......၊"
အို ....ဉာဏ်လင်းမသိလိုက်ခင်မှာဘဲ ဦးအောင်မင်းရဲ့စကားတွေကို ယူသုံးနေမိပါလား...၊ တစ်ယောက်ထဲတွေးမိရင်း ခပ်ခြောက်ခြောက်ရယ်လိုက်လေတော့ ပိုလို့တောင်သနားစရာကောင်းသွားလေသလား...။
ညဟာမှောင်သော်လည်း မေဇင်မင်းမပါတဲ့ဉာဏ်လင်းအောင်ရဲ့ဘဝလောက် ဘယ်မှောင်နိုင်ပါ့မလဲ....။
ကြယ်တွေဘယ်လောက်များများ မျက်စိထဲမှာတော့ ထင်းခနဲတောက်ပနေတဲ့ ကြယ်ပွင့်များကိုမြင်မိပါသည်...။
တစ်ချိန်မှာတော့ဉာဏ်လင်းဟာ စင်္ကြဝဠာထဲကမှေးမှိန်နေတဲ့ ကြယ်လေးတွေလို မေဇင်မင်းရဲ့ဘဝထဲမှာ မထင်မရှားနဲ့ပျောက်ကွယ်သွားမှာပါဘဲ......။
*********************************
စီးကရက်ငွေ့များကိုရှိုက်သွင်းပြီး ဟူးခနဲမှုတ်ထုတ်လိုက်သည့်အချိန် ဘယ်အရပ်ဆီကနေ တိုက်ခတ်လာမှန်းမသိသော လေပြင်းတစ်ချက်က သယ်ဆောင်ကာသွားသည်။ လက်ကြားထဲကစီးကရက်တိုလေးဟာ မီးစလေးတောက်လောက်လျက်....။
မျက်စိရှေ့တွင်ဖြတ်သွားကြသော ကားပေါ်မှတောက်ပြောင်စွာ ပြင်ဆင်ချယ်သထားသူများ ဣန္ဒြေရှိရှိကြွမြန်း၍လာပါသည်...၊ ဉာဏ်လင်းအောင်သည် ထိုသူများစွာကိုကြည့်ရင်း စီးကရက်ငွေ့များကိုရှူရှိုက်ဆဲ....၊ ထိုသူများစွာတို့တွင် မခန့်မှန်းနိုင်သောငွေပမာဏကို ပိုင်ဆိုင်ထားကြသော်လည်း ပျော်ရွှင်မှုပမာဏကတော့ အောက်ဆုံးထိထိုးကျနေမှန်း ခန့်မှန်း၍ရနိုင်ပါသည်...။ ကိုယ်ပိုင်တဲ့နှစ်ဆယ့်လေးနာရီလုံးကို အသည်းအသန်ငွေရှာနေရတာ ဘယ်လောက်တောင်ပင်ပန်းလိုက်သလဲ....။ မချစ်မနှစ်သက်တဲ့သူကို လက်ထပ်ယူပြီး စီးပွားတိုးအောင်ကြံဖန်ကြတယ်...၊ အခုတော့ဉာဏ်လင်းရဲ့အစ်မဖြစ်သူ ဒါလီအောင်ကတော့ ရှုပ်ထွေးလှတဲ့လူကုံထံအသိုင်းအဝိုင်းရဲ့ သားကောင်ဖြစ်နေခဲ့ပေါ့...။ သို့သော်လည်းသူကတော့ တစ်ဖက်သက်ချစ်မြတ်နိုးရသော ယောက်ျားတစ်ယောက်ကို လက်ထပ်ယူရမည်ဖြစ်သဖြင့် မသိစိတ်ကပျော်၍နေမလားမသိ....။ မင်္ဂလာပွဲကိုကြွရောက်လာခဲ့သည့်သူများကတော့ ဂုဏ်ပြုပေးဖို့ထက် မကောင်းတတ်လို့သာ လာကြရတဲ့သူတွေ ခပ်များများရယ်....။
"အထဲမှာရှိနေမယ်ထင်တာ........၊"
ကားပါကင်ဘေးကပလက်ဖောင်းတစ်ခုမှာ ဆေးလိပ်ဖွာရှိုက်နေသော ဉာဏ်လင်းဘေးမှာလာရပ်သည်...။ ဖျတ်ခနဲသာမြင်လိုက်ရပေမယ့် မေဇင်နှာခေါင်းရှုံ့သွားတာကိုတော့ သတိထားမိလိုက်ပါသည်...။ ဆရာဝန်တစ်ယောက်ဆိုတော့လည်း ဆေးလိပ်ငွေ့ကိုဘယ်ကြိုက်ပါ့မလဲ...။ ကိုယ်တောင်ကြိုက်လွန်းလို့ သောက်နေတာမဟုတ်ဘဲ စွဲလွန်းလို့သောက်နေရတာလေ...။
မေဇင်ကဉာဏ်လင်းကိုမကြည့်ဘဲ ခပ်ဝေးဝေးကိုသာငေးရင်း ဘေးမှာယှဉ်ရပ်နေခဲ့သည်...။
ဟိုတစ်နေ့ကအဖြစ်အပျက်ပြီးတဲ့နောက်မှာ ပုံမှန်ဆိုရှက်သလိုလို ကြောက်သလိုလို ချောင်းတဟန့်ဟန့်နှင့် ပြုံးတုံ့တုံ့လေးဖြစ်နေကြရမှာဆိုပေမယ့် ဉာဏ်လင်းတို့နှစ်ယောက်လုံးကတော့ အတတ်နိုင်ဆုံးမျက်နှာကိုတည်ထားရင်း မျက်နှာချင်းမဆိုင်မိအောင်ကြိုးစားနေကြသည်...။
"ဆေးလိပ်သောက်ချင်လို့ အပြင်ခဏထွက်လာတာ......."
ဟုဆိုကာအနီးနားကအမှိုက်ပုံးတစ်ခုမှာ ဆေးလိပ်မီးသတ်ပြီး ဆေးလိပ်တိုကိုလွှင့်ပစ်လိုက်သည်။ မေဇင်မင်းကဆေးလိပ်ငွေ့ဆို သိပ်မုန်းမဟုတ်လား...။
"ငါပြောခဲ့တာမှတ်မိလား...၊ ဒီမင်္ဂလာပွဲကိုငါရအောင်ဖျက်မှာလို့...."
မေဇင်ကခပ်တည်တည်ပင် လိုရင်းကိုတန်းသွားလိုက်တော့ ဉာဏ်လင်းကရယ်ပါသည်။ တကယ်လည်းရယ်သင့်ပါသည်၊ မင်္ဂလာပွဲကစတောင်စနေပါရောလား....။
"ဘာ plan ရှိသလဲ...."
မေဇင်အတည်ပြောနေမှန်းသတိထားမိသဖြင့် ဒီတစ်ခါတော့ဉာဏ်လင်းရဲ့လေသံက ပြန်တည်သွားပါသည်၊
"ငါနင့်ရဲ့အကူအညီကိုလိုအပ်တယ်......၊"
စူးရှထက်သန်သောအကြည့်နှစ်ခု ဖျတ်ခနဲဆုံလိုက်သည့်အချိန် ရင်ဘတ်ထဲနွေးခနဲဖြစ်သွားသော်လည်း ချက်ချင်းပင်ပြန်လွှဲရင်း ကိုယ့်စိတ်ကိုယ်ပြန်ထိန်းရသည်။ ဟိုတစ်နေ့ကပြောခဲ့သလို လိုအပ်ရင်သုံးလို့ရတဲ့ ဆက်ဆံရေးမျိုးလေ....။
မေဇင်ကအကျိုးအကြောင်းပြောကာ ရှင်းပြလိုက်တော့ ဉာဏ်လင်းကခေါင်းတစ်ချက်ညိတ်ကာ လက်ခံသည်။ ထို့နောက်အိတ်ကပ်ထဲက ဖုန်းကိုထုတ်ကာ တစ်ယောက်ယောက်ဆီ ခေါ်နေသည်။
"ဘာတုန်း...ပြော..."
တစ်ဖက်ကကျယ်လောင်စွာထွက်လာသည့်အသံသည် မမဒါလီရဲ့အသံဖြစ်ကြောင်း သေချာပေါက်သိလိုက်ရပါသည်။
"ခဏတွေ့လို့ရမလား.......၊ အခန်း 207 ကိုလာခဲ့ပါ"
ခပ်ပြတ်ပြတ်ပြောကာ တီခနဲဖုန်းချလိုက်သော ဉာဏ်လင်းရဲ့ပုံစံကြောင့် မေဇင်နည်းနည်းတော့ ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။
"သူလာမယ်ထင်လား.......၊"
"လာမှာပေ့ါ......"
ဟုခပ်ပေါ့ပေါ့လေးပြောကာ သူပြုံးလိုက်သည်။ ထိုအပြုံးကိုမေဇင်မဖတ်တတ်ခဲ့ပါ......။
မေဇင်ကအိတ်ကပ်ထဲက ခပ်သေးသေးဘူးအဖြူလေးကိုထုတ်ကာ ဉာဏ်လင်းရှေ့မှာလှုပ်ရမ်းပြလိုက်သည်။ ခိုးကြောင်ခိုးဝှက်သယ်လာခဲ့သော အိပ်ဆေးမှုန့်များသည် တစ်နေကုန်အိပ်မောကျနေပါစေလိမ့်မည်...။ မေဇင်နဲ့ဒါလီနဲ့တွေ့သည့်အခါ ဟိုတယ်ဝန်ထမ်းလာချပေးမည့် ရေတစ်ခွက်တွင်ဖျော်ထည့်ပေးလိုက်မည်ဟု တွေးဆထားသော်လည်း အောင်မြင်နိုင်သည့်ရာခိုင်နှုန်းကတော့ နည်းလှပါသည်။
"သူသောက်မယ်ထင်လား...၊"
"သောက်မှာပေါ့......၊"
"သူရိပ်မိမယ်လို့ထင်လား....."
"သေချာပေါက်ရိပ်မိမှာပေါ့၊ ငါ့အစ်မကအရူးမှမဟုတ်တာ...."
မေဇင့်စကားကိုဟာသလုပ်ကာ ရယ်မောလိုက်သော ဉာဏ်လင်းကိုထောင်းခနဲဒေါသထွက်သွားပြီး အမှုန့်ကြိတ်လိုက်ချင်သော်လည်း ပြန်၍စိတ်ထိန်းကာ ရွယ်ထားသောလက်သီးကို ပြန်ချလိုက်ရသည်။
"ဒါပေမဲ့သူသောက်မှာပါ၊ ငါ့ကိုယုံလိုက်စမ်းပါ....."
ဉာဏ်လင်းကကိုယ့်ကိုယ်ကိုယ် မြှောက်ပင့်ကာပြောလိုက်ရင်း ဟားခနဲရယ်လိုက်သည့်အခါ ဝင်းလက်သွားသောမျက်ဝန်းများကို ငေးကြည့်ရင်း ပြုံးလိုက်မိပါသည်။ လောလောဆယ်မှာတော့ သူ့စကားကိုယုံလိုက်ဖို့သာ တတ်နိုင်ခဲ့သည်။
"ဒီပွဲသာတကယ်ပျက်သွားရင် ဉာဏ်လင်းအောင်တို့တော့ မီးပွင့်ပြီဘဲ....၊
ဒက်ဒီသာသိရင် မြန်မာပြည်ကနှင်လွှတ်လောက်တယ်....ဟဲဟဲ....."
ဉာဏ်လင်းကတစ်ကိုယ်တည်းရေရွတ်ကာ သက်ပြင်းတစ်ချက်ချရင်း မေဇင့်ကိုလက်ပြကာ ထွက်ခွာသွားခဲ့သည်....။
ဒီထက်ပိုပြီးဝေးရအုံးမှာပါလား ဆိုတဲ့စိတ်ကာ မေဇင့်ကိုခြောက်လှန့်၍နေသော်လည်း ဒီထက်ပိုပြီးနီးမရပါလား ဆိုတဲ့အသိကတော့ ခံစားချက်တွေကိုနွမ်းလျသွားစေပါသည်။
လူတစ်ယောက်ကိုချစ်ရတာပင်ပန်းလိုက်တာလို့ တွေးမိတိုင်း မေ့ပစ်ရတာပိုပင်ပန်းကြောင်း နားလည်၍လာရသည်။
အနာဂါတ်မှာဘာတွေဆက်ဖြစ်မလဲ မခန့်မှန်းမိသော်လည်း ထပ်ပြီးဝေးကြရဦးမည်ဆိုသည့် ခါးသက်သက်ခံစားချက်ကြီးတစ်ခုကတော့ အာရုံခံမိနေခဲ့ပြီ....။
***********************
ဉာဏ်လင်းရဲ့စကားအတိုင်းဘဲ မေဇင်စီစဉ်ထားခဲ့သည့်အတိုင်းဖြစ်လာခဲ့သည်။ တစ်နည်းပြောရရင် သတို့သမီးပျောက်နေတဲ့ မင်္ဂလာပွဲတစ်ခုကတော့ ပျက်သွားခဲ့သည်ပေါ့...။
သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်ဆိုတဲ့စကားက လက်တွေ့မှာသိပ်မှန်ကြောင်း လက်ခံလိုက်ရတဲ့နေ့ရက်တွေပေါ့....။ ထို့အတွက်ထိုက်တန်သည့် အရင်းအနှီးတစ်ခုကို ပြန်လည်ပေးဆပ်ခဲ့ရပါသည်...။
မကြာခင်မှာဘဲဉာဏ်လင်းတစ်ယောက် Aussie ကိုပြန်တော့မည်...။ ထိုအတောအတွင်းမှာဘဲ ဆိုရှယ်မီဒီယာတွေမှာ အလုပ်သင်ဆရာဝန်လေးမေဇင်မင်းနဲ့ Morning Group ပိုင်ရှင်ရဲ့သားဉာဏ်လင်းအောင်တို့ရဲ့ dating သတင်းကဟိုးလေးတကျော်ကျော်ဖြစ်လာခဲ့သည်။ အခြေအမြစ်မရှိသတင်းများစွာကို ဖတ်ကာယမ်းသမ်းဆဲဆိုကြသော လူတို့ကြောင့်ကိုယ့်စိတ်ကိုယ် မညစ်နွမ်းစေချင်သဖြင့် ဆိုရှယ်မီဒီယာနှင့်ခပ်ဝေးဝေးတွင် နေခဲ့သော်လည်း ထိုသတင်းသည် လူပေါင်းများစွာမျှဝေခြင်းဖြင့် တစ်နိုင်ငံလုံး၏အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။
မေဇင် house ဆင်းရာဆေးရုံတွင်လည်း ဘယ်နားသွားသွား ထိုအကြောင်းကိုတိုးတိုးတိတ်တိတ် အတင်းဆိုကြပြီး မေဇင့်ကိုမြင်လျှင်တော့ လက်တို့ကာခိုးခိုးကြည့်ရင်း နှာခေါင်းရှုပ်ကြသည်။
လရိပ်သစ်ကတော့ ကောမန့်တွေဖတ်ရင်း ဒေါသအလိပ်လိပ်ထွက်ကာ ပြောဆိုနေသော်လည်း မေဇင်ကတော့ အတတ်နိုင်ဆုံးမသိချင်ဟန်ဆောင်၍သာနေသည်။
ဆရာဝန်လခနည်းသဖြင့်စပွန်ဆာ ရှာသည့်အကြောင်း...၊ မိဘတွေမွေးရကျိုးမနပ်သည့် သမီးတစ်ယောက်ဖြစ်ကြောင်း...၊ ပညာဘယ်လောက်တတ်တတ် ငွေမြင်ရင်ပါသွားတတ်ကြောင်း...၊ ကာယကံရှင်မေဇင့်အစား ကူ၍ဗိုက်နာပေးနေကြသော သူများအားအံ့လည်းအံ့သြသလို ချီးလည်းကျူးမိပါသည်။ မေဇင့်အတွက်တော့ ၂၄နာရီတောင်အချိန်မလောက်သည်ကို သူတို့ကတော့များလှစွာသော ဝေဖန်ချက်တွေကို တစ်နေကုန်ထိုင်ပေးနေကြသည်။ ဒက်ဒီ့နဲ့မာမီကတော့ မဟုတ်မမှန်သတင်းကြောင့် စိတ်မကောင်းဖြစ်ရုံမှတစ်ပါး မေဇင့်ကိုဘာမှမစွပ်စွဲခဲ့ပါ...၊ ဉာဏ်လင်းသည်လည်းမေဇင့်ကို မဆက်သွယ်ခဲ့သော်လည်း ထိုသတင်းတွေကိုတော့ ကြားမိလောက်ပါပြီ...။
ဉာဏ်လင်းအောင်သည် ဘယ်သောအခါမှ ထိုကဲ့သို့သောသတင်းများကို ပြန်လည်ဖြေရှင်းခြင်းမရှိသဖြင့် မေဇင်လည်းမသိချင်ဟန်ပင်ဆောင်ကာ ကိုယ့်အလုပ်ကိုယ်ဆက်လုပ်နေလိုက်သည်...။ လူတွေဆိုတာ သွေးပူတုန်းခဏပါဘဲ၊ ပြီးရင်ထိုကိစ္စသည် အစဖော်မရအောင်မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြမှာမဟုတ်လား...။
အလုပ်မရှိအကိုင်မရှိသူများအတွက်တော့ မေဇင်မင်းဟာပုတ်ခတ်ပြောဆိုစရာ တစ်ခုအဖြစ်အချိန်တစ်ခုအထိသာ ရှိနေပါလိမ့်မည်..။
မေဇင့်အတွက်တော့ လူတကာရဲ့ဝေဖန်ကဲ့ရဲ့ခြင်းကို ခံရသည်ထက် ဉာဏ်လင်းအောင်နဲ့ ထပ်ပြီးဝေးကွာသွားခြင်းသည် ပို၍ခံစားရစေတာမို့ ဒီရက်ပိုင်းသိပ်တော့ နေလို့ထိုင်လို့မကောင်းလှပါ...၊ လရိပ်သစ်ကတော့ မေဇင့်ကိုသိပ်ကိုကြံ့ခိုင်လွန်းသည်ဟု ချီးကျူးခဲ့သော်လည်း မေဇင်ကတော့ ကိုယ့်ကိုယ်ကိုယ် မပြတ်သားလွန်းသူတစ်ယောက်ဟုပင် ထင်မှတ်ရသည်။
ဒီတစ်ခါဝေးသွားပြီးရင်တော့ မေ့နိုင်ကောင်းပါရဲ့.........။
*******************