"ဖုန်းမကိုင်ဘူးလား"
တဂျွီဂျွီမြည်နေသောဖုန်းကို ဘုန်းလျှံမောင် လျစ်လျူရှူထားတာမို့ ရှေ့တွင်ထိုင်နေသောကိုကြီးအေးချမ်းမောင်က လှည့်မေးလာသည်။ ကိုကြီးတို့စုံတွဲနှင့် တစ်ကားတည်းစီးနေချိန် ကိုးကိုးဖုန်းခေါ်တာကို သူ ဘယ်လိုကိုင်ရပါ့မလဲ။ ကွေးကောက်ချင်နေသည့် သူစိတ်ကလေးကလည်း မကိုင်စေဖို့ တွန်းအားပေးလျက်ရှိ၏။
"သားသူငယ်ချင်းဆက်နေတာ၊ အမြင်ကတ်ကတ်လို့မကိုင်တာ ဟဲ"
"သူငယ်ချင်းရော ဟုတ်ရဲ့လားနော် ... ကောင်လေး"
ကားမောင်းနေသည့် ကိုကြီးအိမ်ထောင်ဖက် ကိုမြတ်ဟန်သာကပါ နောက်ကြည့်မှန်ကတဆင့် စနေချေပြီ။ သည်အစ်ကိုကြီးကလည်း ရုပ်ကြီးတည်သလောက် အတော်နောက်တိနောက်တောက်။
"ငါ့ညီလေး ရည်းစားရနေပြီလား၊ ကိုကြီးနဲ့ မိတ်ဆက်ပေးလေ"
"အာ..."
စကားသံဝဲဝဲနှင့် သူ့ကိုကြီး Ice ပါ ရိပ်မိလာပုံပင်။ မေးလက်စရှိတုန်း ကိုးကိုးနဲ့သူ့အကြောင်း ထုတ်ပြောပြလိုက်လျှင် ကောင်းမည်လား။ ထိုအခိုက် ဝင်လာသောစာတစ်စောင်...။
'အရေးကြီးပြောစရာရှိလို့ စိတ်မကောက်ဘဲ ဖုန်းကိုင်ပါတော့ ... တေးတေးရာ' တဲ့။ လူကိုဆူတုန်းကဆူပြီး အခုမှတေးတေးရာ လုပ်နေသည်။ ဖုန်းကိုဖြတ်ခနဲအမြန်ပိတ်ပြီး ကိုကြီးကိုပဲ အာရုံစိုက်လိုက်၏။
"ဟို ... သား နောက်ကျမှပဲအိမ်ခေါ်လာပြီး မိတ်ဆက်ပေးမယ်နော်"
"ပြောပါတယ်၊ အချစ်ရေးမှာ မြတ်ဟန်သာတို့မှန်းရင် လွဲခဲတယ် ဟာဟား"
"လျှောက်ရွှီးမနေပါနဲ့ ... Eric တို့အတွဲတုန်းက အစ်ကိုနောက်ဆုံးမှသိတာ။ ငါ့ညီလေးကလည်း အဆင်ပြေတဲ့နေ့ကျရင် ရည်းစားကိုအိမ်ခေါ်ခဲ့နော်"
ဂုဏ်ယူစွာပြောနေသော ကိုမြတ်ဟန်သာနှင့် ညီဖြစ်သူရဲ့ရည်းစားကို တွေ့ချင်နေတဲ့ကိုကြီး Ice။ ရည်းစားကို အိမ်ခေါ်ချလာပြီးမှ ကိုးကိုးမှန်းသာသိကြရင် ဘယ်လိုတုန့်ပြန်ကြမလဲမသိ။ ရင်ခုန်စရာကောင်းနေမှာပဲဟုတွေးရင်း ဘုန်းလျှံ ပြုံးနေမိ၏။
သည်လိုနှင့် အိမ်ရောက်ကြတော့ သူနှင့်မတွေ့ရတာကြာပြီဖြစ်သော ကိုကြီးမေမေ ဒေါ်လေးသီရိက ဝမ်းပန်းတသာကြိုဆိုသည်။ သီပေါအိမ်ကြီးမှာ ဘာမှမမြင်မစမ်းနှင့် နှစ်တွေအကြာကြီး ပိတ်လှောင်မိနေခဲ့သော ဒေါ်လေးက အခုတော့လည်း အပြုံးတွေလတ်ဆတ်လို့ပါပဲ။ အကြည့်တွေပါ ရွှင်ပြလာပြီမို့ သူ့ဒေါ်လေးအတွက် တကယ်ပင်ဝမ်းသာမိသည်။ သားနဲ့ပြန်ဆုံတွေ့ရတာ တကယ့်ကိုကောင်းချီးတစ်ခု။
"သားငယ်လေးက တစ်ခါတွေ့တိုင်း တစ်ခါပိုချောလာသတော်"
"မြှောက်ပြောနေရင် မုန့်ဖိုးတောင်းမှာနော် ဒေါ်လေး"
"အမလေး ပေးချင်လွန်းလို့ခေါ်နေတာ ဘယ်လောက်ကြာပြီလဲ။ ဆွမ်းကပ်တောင်မလာမှာစိုးလို့ သားကြီးအေးချမ်းတို့ကို တစ်ခါတည်းဝင်ကြိုခိုင်းရတာ"
"သားကလာချင်တာပေါ့ဗျာ ... ဂျူတီဝင်ရတော့ သိပ်မအားလို့ပါ။ ဒေါ်လေးကိုမြင်ရရင် သီပေါကိုအလွမ်းပြေသလိုပဲ သိလား။ တစ်ခါတစ်ခါ မေမေနဲ့မေမေကြီးကို အရမ်းသတိရတာပဲ"
ဘုန်းလျှံမွေးကတည်းက အတူနေခဲ့ရသောဒေါ်လေးမို့ သားအရင်းထက် ပိုရင်းနှီးခဲ့ကြသော တူဝရီးနှစ်ယောက်ပင်။ အခုလည်း ဒေါ်လေးမွေးနေ့မို့ မနက်ဖြန်မနက်ကျလျှင် ဆွမ်းကပ်ကြမယ်တဲ့။ မနက်ခင်းစောစောမှ ထလာပါမယ်ဆိုလည်းမရ၊ ရုတ်တရက်ကြီး သူ့ကိုလာကြိုကြတော့ ကိုးကိုးကိုလည်း ဘာမှမပြောခဲ့ရပါချေ။
"ကဲပါ ... ရေမိုးချိုးလိုက်ဦး၊ ထမင်းစားပြီးမှ မေမေကြီးတို့နဲ့ Video call ပြောကြတာပေါ့"
'ဟုတ်' တစ်ခွန်းဆိုကာ ကိုကြီးပို့ပေးသောအခန်းတွင် ဒီည နေဖို့ဝင်ခဲ့ရသည်။ ဒေါ်လေးနှင့်ကိုကြီးမြတ်ဟန်သာအမေတို့က တစ်ခန်း၊ ကိုကြီးနှစ်ယောက်က တစ်ခန်းနှင့် သူကတော့ဝရန်တာဖက်က အခန်းတွင်နေရသည်။ နဂိုထက်ပိုကျယ်သွားသော ကွန်ဒိုအခန်းမို့ နေရာကျပ်ကျပ်တည်းတည်းမရှိ၊ အဆင်ပြေလှ၏။
ဘုန်းလျှံ အခန်းထဲရောက်လို့ အိတ်လေးချကာမှ ထပ်ခေါ်လာသည့်ဖုန်းမှာ သူ့ကိုးကိုးဆီကပါပဲ။ စိတ်ကောက်ချင်ပေမဲ့ ဖုန်းကိုင်ပြီးမှဆက်ကောက်ဖို့ စိတ်ကူးလိုက်သည်။ အရေးတကြီးပြောစရာရှိတယ်ဆိုတာလည်း သိချင်သေးတာမို့။
"တေးတေး"
"..."
"ဟဲလို တေးတေးကြားလား"
"..."
အသံမပြုဘဲ ခပ်ကြာကြာနေလိုက်တော့ စိတ်ကောက်နေမှန်း ရိပ်မိသွားပုံပါပဲ။
"Ice တို့လာခေါ်သွားတာဆို၊ အခုရောက်နေပြီလား"
"အင်း"
"ကိုယ်တို့တစ်ဆေးရုံတည်း အတူတူဆိုတာပြောလိုက်သေးလား၊ တွဲနေတယ်ဆိုတာရော..."
ဖုန်းဆက်တာဟာ စိတ်ကောက်တာကို ချော့ဖို့မဟုတ်ဘူးမှန်းသိတော့ ပိုစိတ်ကောက်ချင်သွားတာ ဘုန်းလျှံမောင်ပင်။
"ပြောမှာ၊ ပြောမှာ ... ကိုးကိုးနဲ့တေးတေးက ကိုကြီးမိတ်ဆက်ပေးပြီးနောက်ပိုင်းကတည်းက တွဲနေကြတာပါဗျာလို့ ပြောမှာ"
"တေးတေး နောက်စရာမဟုတ်ဘူး"
ဟူး ... ဘုန်းလျှံ သက်ပြင်းရှည်တစ်ချက်ချရင်း ဘာမှပြန်မပြောဖြစ်သေး။ ကိုးကိုးအသံက စိတ်တိုသလိုလိုနှင့် မောဟိုက်နွမ်းနယ်နေပုံရှိသည်။ သူတန်းပြန်လာခဲ့လို့ စိတ်ခုလေသလား၊ ဒါမှမဟုတ် တစ်ခုခုကို စိုးရိမ်နေသည့်အသံများလား။ ဝေခွဲမရသေးပါပေ။ ဒါမို့ ဘုန်းလျှံကပင် လေသံအေးအေးသုံးကာ၊
"ကိုကြီးတို့ကို မပြောစေချင်ဘူးလား"
"Sorry ... ကိုယ်စကားပြောလောသွားတယ်၊ တစ်ချိန်ချိန်တော့ ထုတ်ပြောကြတာပေါ့ တေးတေးရယ် ... ဒီကြားထဲ ကိုယ် ပြောပြစရာတွေ ရှိသေးတယ်"
"ဘာအကြောင်းတွေလဲ၊ အခုပြောပြလေ"
"ပြောပြဖို့တောင် ကိုယ့်အတိတ်တွေက မင်းအတွက် နားဝင်ချိုမှာမဟုတ်လောက်ဘူး"
အတိတ်ကိုပြောမပြသေးတောင် အားပြတ်နေသည့် ကိုးကိုးအသံကြားရုံနှင့် ချက်ချင်းထွေးပွေ့ချင်စိတ်တွေ သူ့ဆီမှာဖြစ်ပေါ်လေရဲ့။ ဘာတွေများဖြစ်ခဲ့လို့လဲ ချစ်ရသူရယ်...။
သေချာတာတော့ အိမ်နီးနားချင်းဖြစ်ခဲ့ဖူးသော ကိုကြီးတို့သိမယ်ထင်တာပါပဲ။
"ကိုးကိုး မပြောစေချင်သေးရင် တေးတေး ဖွင့်မပြောတော့ပါဘူး"
"လိမ္မာလိုက်တာ၊ ကိုးကိုး မနက်လာကြိုမယ်နော်"
"ဟင် ... ကိုကြီးတို့ မသိစေချင်သေးဘူးဆို"
"တိတ်တိတ်လေးလာကြိုမှာပေါ့"
တိုးတိတ်သောလေညင်းတွင် စိုးထိတ်သောစကားပျိုးသံတွေ ရောနှောနေလေပြီ ... သူမြင်နေရသည့်ကောင်းကင်တွင် မိုးသားမည်းမည်းတွေ စတင်ရစ်သိုင်းလာသလိုပေါ့။
......................
"SME (Small and Medium Enterprises - အသေးနှင့်အလတ်စားလုပ်ငန်းများ) တွေခက်ခဲနေကြတာက အရင်းအနှီးများများ မထည့်နိုင်တာရယ်၊ အရည်အသွေးကို ဦးစားမပေးနိုင်သေးတာရယ်ကြောင့်ပဲ ... ဟန်သာ။ လုပ်ငန်းကြီးတွေ များများထုတ်ပြီး ဈေးချိုချိုရောင်းနေချိန်မှာ ဒီနိုင်ငံက SME တွေ အရင်းမပြုတ်ဖို့အရေး မနည်းရုန်းကန်နေရတယ်"
"ဟုတ်တယ် ... ဒီမှာအရည်အသွေးကို ဦးစားပေးပြန်တော့လည်း ကုန်ကျစရိတ်က သွားစကားပြောသေးတာကိုး။ ဒါမို့ ပလပ်စတစ်ပစ္စည်းလေးကအစ ကား၊ ဆိုင်ကယ်အဆုံး အကုန်ပြည်ပသွင်းကုန်တွေချည်းပဲ။ နိုင်ငံအခြေအနေ ဒီထက်ကောင်းလာရင်တော့ Local Brand (ပြည်တွင်းဖြစ်) တွေ များများထုတ်နိုင်လာဖို့ မျှော်လင့်ရတာပါပဲ ... Eric ရာ"
ငါးပေနီးနီးသာကွာသော ဟိုဖက်စားပွဲဝိုင်းကအသံတွေ ဘုန်းလျှံမောင်ဆီ ပျံ့လွင့်လာတာဖြစ်သည်။ ဘုန်းကြီးတွေ ဆွမ်းကပ်ပြီးချိန်ရောက်လာသော ဧည့်သည်နှစ်ယောက်အား ကိုကြီးတို့အတွဲက ဧည့်ခံနေကြတာဖြစ်၏။
သူနှင့်တစ်ဝိုင်းထဲထိုင်နေသော ဒေါ်လေးပြောပုံအရတော့ နိုင်ငံခြားသားကြီးက ကိုကြီးတို့ CEO ဆိုပဲ၊ ဘေးကဆံပင်ရှည်နှင့် အစ်ကိုကြီးကလည်း ခပ်မိုက်မိုက်။ သူတို့အတွဲကလည်း တစ်မျိုးလိုက်ဖက်ကြသည်။
ဘုန်းလျှံမောင်ခမျာလည်း ဒေါ်လေးတို့နှစ်ယောက် ပြောနေတာတွေမကြားနိုင်၊ အလိုလိုနားစွံ့နေမိတာက ဟိုဖက်ဝိုင်းဆီသာ။ အကြောင်းက လူလေးယောက်ထိုင်နေသော စကားဝိုင်းတွင် နောက်နှစ်ယောက်ကလည်း မဆိုင်တဲ့အကြောင်းအရာတစ်ခုကို ရအောင်အလုအယက် ပြောနေကြတာကိုး။
အခြားသူတွေမဟုတ် ... ကိုကြီးအေးချမ်းနှင့် ဆံရှည်အစ်ကိုကြီးတို့ပင်။
"ကြာဇံချက်ပန်းကန်ထဲမှာ ကြက်ခြေထောက်(၅)ချောင်းတောင်ပါလာတာ သိပ်အဓိပ္ပါယ်မရှိဘူးနော် Ice"
"ဘာလို့အဓိပ္ပါယ်မရှိရမှာလဲ ကိုသူရိန်ကလည်း ... ကျွန်တော်ကိုယ်တိုင် စားစေချင်လို့ သေချာထည့်ပေးလာတဲ့ဟာ"
"အဲဒါဆိုလည်းတော်ရုံပေါ့ ... ခုဟာ မိုးထိမတက် ထိုးထိုးထောင်ထောင်နဲ့ (၅)ချောင်းတောင်ပဲ"
ဘုန်းလျှံမောင် နားထောင်ရင်းမနေနိုင်လို့ လှမ်းကြည့်တော့ တကယ်ပဲ ကြက်ခြေထောက်တွေက ပန်းကန်လုံးအပြည့်။ ခွီခနဲ မရယ်မိအောင် အတော်ထိန်းလိုက်ရသည်။
"ဟောဗျာ ... လုစားနေရမှာစိုးလို့ တစ်ယောက်တစ်ချောင်းစီ တွက်ပြီးထည့်လာတာပါဆို"
"အဲလိုဆိုရင်တောင် ငါတို့ဝိုင်းက လူ(၄)ယောက်ပဲရှိတာလေ၊ ဘာလို့(၅)ချောင်းလဲ"
"ကိုသူရိန် မသိပါဘူး။ ကျွန်တော်က ကြက်ခြေထောက်စားရင် ဘယ်ခြေရော၊ ညာခြေရော နှစ်ဖက်လုံးစားရမှကျေနပ်တာ"
"နေပါဦး ... မင်းက ဒီကြက်ခြေထောက်တွေကို ဘယ်၊ ညာ ဘယ်လိုခွဲမှာလဲ"
စရင်းနောက်ရင်းကနေ အသံတွေကျယ်လာတော့ ကျန်နှစ်ယောက်ပါ စကားပြောရပ်သွားကြလေပြီ။
"ကဲ တော်ကြပါတော့ကွာ။ သူရိန် ငါ ကြာဇံချက်အသစ်ထပ်ယူပေးမယ်။ Ice လည်း ဧည့်သည်နဲ့ပြိုင်ပြီး ရန်မဖြစ်နဲ့တော့"
"အစ်ကိုကလည်း ရန်ဖြစ်တာမဟုတ်ပါဘူး။ ကိုသူရိန်ကြီးကိုက Eric ကလွဲရင် အကုန်ပတ်ချေးများနေတာ"
ကိုကြီးဟန်သာထသွားသည့်တိုင် ထိုနှစ်ယောက်မှာ ပွစိပွစိမပြီးနိုင်ပါပေ။ ခါတိုင်းလည်း စနောက်နေကျမြဲထင်၏။ နိုင်ငံခြားသားကြီးကလည်း ရန်ဖြစ်နေတာကြည့်ပြီး ပြုံးလို့မဆုံးပါပဲ။ အသက်ကြီးပုံရပေမဲ့ သေချာသတိထားကြည့်မိမှ ခံ့ခံ့ညားညားရှိလှသည်။
"ညီလေး ဒီဖက်လာခဲ့ ... လာ၊ မေမေတို့နဲ့ထိုင်ရင် ပျင်းစရာကြီး။ ဒီအတွဲနဲ့ မိတ်ဆက်ပေးမယ်"
"အေးလေ ဟုတ်သားပဲသားရဲ့။ ဒေါ်လေးတို့ဘေးခန်းတွေ ဒန်ပေါက်ပို့ဖို့ ပြင်လိုက်ဦးမယ် ... သွားထိုင်၊ သွား"
သည်တွင် ကျန်ခဲ့သည့်အစ်ကိုသုံးယောက်က ဘုန်းလျှံအတွက် နေရာပေးပါ၏။ ဒန်ပေါက်စားဖို့ ပြင်လက်စရှိသေးတာမို့ အထူးအထွေတော့ အလုပ်ရှုပ်မနေ။
"ညီဝမ်းကွဲဆိုတာလား Ice ... မင်းနဲ့တူတယ်"
"Eric လူကဲခတ်တော်သားပဲ။ ဒါ သီပေါက ကျွန်တော့်ညီလေးလေ ... ဘုန်းလျှံမောင်တဲ့၊ House surgeon ပေါက်စလေး"
"ဟုတ်ကဲ့"
"ညီလေး ဒါက Eric၊ ဒါကတော့ အဟင်း လင်းခေးကလူမိုက်လေး ကိုသူရိန်ခေတ်တဲ့"
ဆံရှည်အစ်ကိုကြီးကို ရွှတ်နောက်နောက်စတော့ ဟိုကခပ်တည်တည်နှင့်။ အကြည့်တွေက သူ့ကို တောင် အေးခဲသွားစေသယောင်။ သို့ပေမဲ့ နှုတ်ခမ်းကပြုံးစစမို့ တော်ပါသေး၏။ ရှူတည်တည်ကိုက သူ့ပုံစံပဲထင်ပါသည်။
"House surgeon ဆိုတော့ ဘယ်မှာဆင်းနေတာလဲ"
"YGH မှာပါ"
စကားဝဲဝဲနှင့်မေးလာသော Eric အကြည့်တွေက သူ့ထံတွင်ပဲ ရုတ်ချည်းရပ်တန့်သွားသည်။ YGH မှာဆင်းနေတယ်လို့ပြောတာ ဘာအံ့ဩစရာပါနေလို့ပါလဲ။
"ကဲ ... ကြာဇံချက်အသစ်ရပါပြီ၊ ဘုန်းလျှံလည်း ကြက်ခြေထောက်မစားချင်ရင် ဒီပန်းကန်ထဲကပဲနှိုက်တော့"
ကိုကြီးမြတ်ဟန်သာပြန်ဝင်လာတော့ သူတို့ဝိုင်းက ပြန်ရွှင်သွားပြန်သည်။ နိုင်ငံခြားသားကြီး၏ အကြည့်တွေလည်း သူ့ထံမရှိတော့။ ဘေးက ကိုဆံရှည်နှင့် ဒန်ပေါက်ပန်းကန် အလဲအလှယ်လုပ်ရင်း ရှုပ်နေကြလေပြီ။
"အကဲလေးက ဖြည်းဖြည်းသောက်၊ ဟိုတစ်ခါလို လျှာကျက်မယ်"
"အဟွတ်! စောက်ပိုတွေ"
တိုးတိုးပြောသည့် ကိုဆံရှည့်စကားကို အားလုံးပြိုင်တူရယ်ကြပါ၏။ ညကတည်းကကြည့်နေတာ ... ကိုမြတ်ဟန်သာဆိုတာလည်း ကိုကြီးကို အရိပ်တကြည့်ကြည့်နှင့် တကယ်ဂရုတစိုက်ချစ်တာပင်။ ထိုအချိန်တွင် Eric က တစ်ရှူးစလေးဆွဲယူကာ နှုတ်ခမ်းတစ်ဝိုက်သုပ်ရင်း၊
"ဂျာမန်စကားပုံတစ်ခု ရှိတယ်။ တစ်ခါလျှာအပူလောင်ဖူးသူက ဟင်းချိုကိုမှုတ်သောက်ဖို့ လုံးဝမမေ့တော့ဘူးတဲ့။ ပူမနေပါနဲ့"
ဘုန်းလျှံတစ်ယောက် လူအသစ်အသစ်တွေနှင့်တွေ့ရတော့ စကားအသစ်တွေလည်း ကြားရသည်။ နေ့စဉ်ကဲ့သို့ ခန္ဓာဗေဒအကြောင်းတွေမဟုတ်။ မှတ်ရခက်သည့် ရောဂါအမျိုးအမည်တွေမဟုတ်။
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှောသည့် ဗဟုသုတတွေ၊ ရယ်စရာဟာသတွေပဲ ဖြစ်သည်။ ဘာရယ်မဟုတ်၊ နိုင်ငံခြားသားကြီး ခပ်ဝဲဝဲပြောသော ထိုစကားပုံသည်လည်း ဘုန်းလျှံမောင်နားထဲ စွဲမြဲနေခဲ့တော့၏။
..................
ဦးဝီစာရလမ်းတစ်လျှောက် မောင်းနှင်လာခဲ့သော ညီမိုးလွင်မှာ မြေနုလမ်းကိုကူးဖို့အရေး ဗျာများနေသည်။ ဥဒဟိုသွားလာနေကြသော ကားလမ်းတွင် ဘယ်၊ ညာကြည့်မောင်းရလို့ဆိုတာထက် မြတ်ဟန်သာအိမ်ကို ဦးတညါသွားနေရတာမို့ ပိုစိတ်လှုပ်ရှားနေတာပင်။
တေးတေးကြိုဖို့ ကွန်ဒိုအောက်မှာပဲ ရပ်မယ်၊ ကားထဲကကားပြင် မထွက်ရုံပေါ့ ... သည်လိုတစ်လမ်းလုံး တွေးလာပေမဲ့ ရောက်ခါနီးမှ စိတ်ကတစ်မျိုးဖြစ်နေသည်။ အရင်စီးနေကျ Caldina လေးကို ပြောင်းထားတာမို့ အခု Belta လေးမြင်ရုံနှင့်လည်း မသိနိုင်ပါပေ။
သည်လိုနှင့် မြေနုလမ်းထဲက ကွန်ဒိုရှေ့ရောက်တော့ ကောင်လေးကို ဖုန်းဆက်ရပါတော့၏။
"အင်း ကိုယ်ရောက်နေပြီ၊ ကားက နဂါးရုံဘုရားရှေ့မှာ ရပ်ထားတယ်နော်"
"..."
"ရပါတယ်၊ သေချာနှုတ်ဆက်ပြီးမှ ဆင်းလာခဲ့"
တက်ကြွနေသောကောင်လေးကြောင့် သူလည်းတဖန် စိတ်ပြန်ရွှင်လာသည်။ အသံအရတော့ မနေ့ကသူစာမေးလိုက်တာကို စိတ်ကောက်တာမျိုး ရှိပုံမပေါ်တော့။ အင်းလေ ... အသက်ကလေး နှစ်ဆယ်ကျော်စဆိုတော့လည်း စိတ်ဆိုး၊ စိတ်ကောက်တတ်တာ ဘယ်ဆန်းပါ့မလဲ။ တကယ်လို့ ကောက်တယ်ဆိုလည်း သူ ချော့ရတာပေါ့။
ကားပေါ်ထိုင်စောင့်နေရင်းက နဂါးရုံဘုရားကို သူအပြင်က ဖူးမြှော်ဖြစ်သည်။ အဝင်ဆိုင်းဘုတ်တွင် ပတ္တမြားဘုရားဟူ၍လည်း အမည်နာမတပ်ထားသေး၏။ ဘုရားဆင်းတုတော်ကို ကားပေါ်ကမြင်နေရသည့်တိုင် ကိုယ်တိုင်ကိုယ်ကျ ဆင်းဖူးမြှော်လို့မဖြစ်။ Ice တို့ပါဆင်းလာရင် အခက်ရှိနေဦးမည်။
စိတ်ကပဲမှန်းမျှော်ပြီး ရှိခိုးဦးတင်လိုက်ပါ၏။ အခြေအနေမပေးတောင် ရင်ထဲ၊ နှလုံးထဲမှာ ဘုရားရှိနေရင် ပြီးတာပါပဲ။
ညီမိုးလွင် ဦးတင်အပြီး အရှေ့ပြန်လှည့်ခိုက် မြင်လိုက်ရတာက သူ့ချစ်သူဟောင်း Eric ... ပြီးနောက် ဘေးကထပ်ကြပ်မခွါပါသော သူရိန်ခေတ်။
ဘာရယ်မဟုတ်ဘဲ ကားစတီရင်ပေါ် ခေါင်းမှောက်လိုက်မိတာ ညီမိုးလွင်။ ဘာအပြစ်မှ ဆက်လုပ်မထားပါဘဲ သူ ဘာလို့ခေါင်းမှောက်လိုက်မိသည်ကို နားမလည်နိုင်။ သေချာတာတော့ မမြင်ချင်တော့တာပင်၊ သူ့မှာ တေးတေးရှိနေပြီ။ အနာဟောင်းတွေလည်း အတော်ကုစားခဲ့လို့ အမာရွတ်သာရှိတော့၏။ ဒါမို့ ထပ်မဆုံလိုတော့ပေ။
သွားပြီအမှတ်နှင့် မှောက်ထားသောခေါင်းကို အသာကြွကြည့်တော့ ညီမိုးလွင်ကိုယ်ကို မိုးကြိုးသွားစီးဝင်သလို ဒိန်းခနဲ။
"တေးတေး!"
ရယ်ရယ်ပြုံးပြုံး နှုတ်ဆက်နေလိုက်ကြတာ မခင်မင်သင့်သည့် သူတို့သုံးဦးသား။ ဘာလဲ ... မြတ်ဟန်သာအိမ်မှာဆုံပြီး သိကျွမ်းသွားကြတာလား။
ညီမိုးလွင်နားထင်တွင် သွေးကြောတို့ တဒုန်းဒုန်းဆောင့်တက်ပြီး မူးဝေလာသည်။ မှောင်မိုက်နေသည့် အတိတ်တချို့ ခေါင်းထဲပြန်ဝင်လာတာ ရိပ်ခနဲ၊ ရိပ်ခနဲ။ ပြန်မမြင်ယောင်ချင်၍ မျက်လုံးနာနာမှိတ်မိသည်။ ခေါင်းကို အခါခါယမ်းရသည်။ စတီယာရင်ကိုတောင် လက်ဖြင့်ဆုတ်ခဲထားမိတာ ကျားကုတ်ကျားခဲ။
သူ အကျဉ်းကျခဲ့သည့်အတိတ်တွေ၊
ဆေးရုံမှာ ကုန်ဆုံးခဲ့ရသည့်အချိန်တွေ၊
မျက်ရည်ထုတွေ မိုးထိလျှံစေခဲ့သော နေ့ရက်တွေ...။
"ကိုးကိုး"
အချိန်ဘယ်ရွေ့ ကုန်သွားသည်မသိ၊ သူ့ကောင်လေး မှန်တံခါးကို လာခေါက်နေချေပြီ။ ညီမိုးလွင်မျက်နှာကို စတီယာရင်မှာ အပ်ထားမိဆဲ။
"ကိုးကိုး တံခါးဖွင့်မရဘူး"
အသက်ဝဝရှူကာ ဟန်မပျက် တံခါးလော့ခ်ကို ဖွင့်ပေးလိုက်၏။ အရှေ့ကိုကြည့်တော့ ဟိုအတွဲမရှိတော့။ ခပ်လှမ်းလှမ်းမှာ Ford အနီလေးရပ်ထားတာကို အခုမှမြင်မိသည်။
"ကိုကိုး ဘာဖြစ်လို့လဲ။ မျက်နှာကြီးရဲလို့၊ ဟာ ... ချွေးစေးတွေပါ ထွက်နေပါလား"
ချက်ချင်းဝင်ထိုင်သော ကောင်လေးက သူ့ကိုစိုးရိမ်တကြီး ကြည့်ရှာပါသည်။ ဘာမှမသိ၊ အပြစ်ကင်းစင်တဲ့ ကောင်ကလေး။ Eric နဲ့ ဆိုးဆိုးရွားရွား ပတ်သက်ဖူးတာသိရင် ရူးနေတယ်လို့များ ထင်သွားမလား။ သူ့အစ်ကိုဝမ်းကွဲကို ဆေးခတ်ဖူးမှန်းသာသိရင် 'ကိုးကိုး' လို့ရော ခေါ်ချင်ပါဦးမလား။
"ရုတ်တရက်ကြီး ခေါင်းမူးလာလို့ ... အခုအဆင်ပြေပါပြီ"
"အအေးမိတာများလား။ စမ်းကြည့်ရအောင် ကန်တော့နော် ... အင်း ဖျားတော့မဖျားပါဘူး"
နဖူးကိုစမ်းသပ်ချင်တာတောင် ရိုသေတဲ့တေးတေးပါပဲ။
"အင်း အဆင်ပြေပါတယ်၊ ဒါနဲ့ ခုနကနှစ်ယောက်က"
"ဪ ... ကိုကြီးတို့ရုံးက CEO အတွဲတဲ့။ ကိုးကိုး မြင်လိုက်တယ်မလား ... နိုင်ငံခြားသားကြီးကလည်း ရှယ်ချော၊ ဆံရှည်အစ်ကိုကြီးလည်း ရှယ်မိုက်ပဲ"
"တေးတေး"
"ဗျ"
"ဟို ကိုးကိုးကိုရော ... ဘယ်လိုမြင်လဲ"
ထစ်ထစ်အအ မေးလိုက်သောသူ့မေးခွန်းတွင် သိမ်ငယ်ခြင်းတွေစိမ့်ဝင်နေတာ တေးတေး မရိပ်မိရင်ကောင်းလိမ့်မည်။
"ကိုးကိုးလား။ အင် ... ရင်ခွင်မှီစရာ အရပ်ရှည်ကြီး ရှိတယ်၊ ယောကျ်ားဆန်တဲ့ ဟောဒီမေးရိုးလည်းရှိတယ်၊ ကြင်နာတတ်တဲ့ မျက်လုံးသွယ်သွယ်လေးလည်း ရှိသေးတယ်၊ နောက်ပြီး တေးတေးကိုချစ်ပေးတဲ့ ဒီနေရာကနှလုံးသားလေးပါရှိတော့ ကိုးကိုးက ဒီကမ္ဘာမှာချစ်စရာကောင်းဆုံးပဲ"
"တကယ်ပြောတာလား"
"တကယ်ပေါ့ ... ကိုးကိုးက တေးတေးရဲ့အချစ်ဆုံး"
ကောင်လေးစကားအဆုံးတွင် ညီမိုးလွင် နစ်သိမ့်နေအောင် ဖက်ထားလိုက်မိ၏။ အပြစ်တွေလုပ်ခဲ့ပေမဲ့၊ အတိတ်တွေဆိုးဝါးခဲ့ပေမဲ့ ဒီကလေးကို သူ့ဆီပို့လိုက်တာ ဘုရားက သူ့ကိုညှာတာနားလည်သွားလို့ပဲလား။ ဒါမှမဟုတ် သနားသွားလို့ပဲ ဆုတောင်းတွေပြည့်စေခဲ့သလား။
တေးတေးအပေါ် သဘောကျမိတယ်ဆိုတာထက် ပိုတွယ်တာလာသည်။ မြတ်နိုးမိတယ်ဆိုတာထက် ပိုတန်ဖိုးထားမိလာသည်။
"ဘာပဲဖြစ်ဖြစ် ကိုးကိုးဘေးမှာ ရှိပေးနော်"
"စိတ်ချ၊ ခွါထုတ်ရင်တောင်မသွားဘူး"
ထိုအခိုက် အနီရောင် Ford ကားလေး ဘေးကဖြတ်မောင်းသွားပေမဲ့ ညီမိုးလွင် မနာကျင်တတ်တော့ဘဲ တေးတေးကိုသာ ဖတ်ထားမိတာ တလုံလဲလဲ။
22.5.2022
•••••••••••••••••••••••••••••••••