မှိုင်း Extra
'ဒုန်း ဒုန်း!'
"ဒီဒီရေ ဒီဒီ!"
မိမိအိမ်ထောင်ဘက်လေးကို ရင်ခွင်ထဲ ထည့်ကာ ဇိမ်ယူနေစဉ် ကြားလိုက်ရသော ဆူညံသံများကြောင့် ဦးမင်းမြတ် တစ်ယောက် မျက်နှာထားမှာ တင်းခနဲ။
"ဒီ အလိုက်ကမ်းဆိုး မသိတဲ့ ကောင်ကတော့ကွာ"
ဦးမင်းမြတ် မကျေမချမ်းရေရွတ်ရင်း အခန်းတံခါးကို ဆောင့်အောင့် ဖွင့်ပေးလိုက်တော့ သကောင့်သားက လစ်ခနဲ ကုတင်ပေါ် ပြေးတက်သွား၏။
"ဒီဒီရေ ထပါတော့ဆို ထတော့ နောက်ကျနေမယ်။ဒီနေ့ သင်္ကြန်အကျနေ့"
ခေါင်းမြီးခြုံကာ ခွေခွေလေး အိပ်မောကျနေသော ဒီဒီ စောင်ကို ဆွဲလှန်ကာ နှိုးလိုက်တော့ ဒီလေးမျက်လုံးများက ဖျတ်ခနဲ ပွင့်လာသည်။
"ပြန်အိပ်မယ် မကြံနဲ့နော် အလှလေး အိပ်ယာပေါ်အထိ ရေလောင်းပစ်မယ် ထတော့ မွ"
ရီပေါက်စ ဒီလေးပါးကို ဖျတ်ခနဲနမ်းပြီးနောက် အပေါ်ပိုင်း ဗလာကျင်းဖြင့် ပေစောင်းပေစောင်း ကြည့်နေသော ခွန်မင်းမြတ်ကို စူးစိုက်ကြည့်ကာ မှင်သေသေ မျက်နှာပေးလေးဖြင့်
"အန်ကယ်ကြီး ခေါင်းပေါ်မှာ ဆံပင်ဖြူ"
"ဟင်"
ရီရီ့ အပြောကြောင့် ခွန်မင်းမြတ် ဟင်ခနဲ ဖြစ်သွားပြီး မှန်ရှေ့ အပြေးအလွှားသွားကာ
"ဘယ်နားမှာလဲ"
"ညာဘက်နားလေးမှာ တစ်ပင်မကဘူးထင်တယ်"
ဟိုလှည့် ဒီလှည့်ဖြင့် ဆံပင်ဖြူ ရှာနေသော ခွန်မင်းမြတ်ကို ကြည့်ကာ ရီရီကြိတ်ရယ်လိုက်ပြီး ပါးပါးနဲ့ ဒယ်ဒီတို့အခန်းသို့ လစ်ထွက်လာလိုက်သည်။
ဒီဒီ အိပ်ရာမှ ကမန်းကတမ်းထ ကိုယ်လက်သန့်စင်ပြီး အခန်းထဲ ပြန်ဝင်လာစဉ် မှန်ရှေ့ ချာလပတ်လည်နေသော လူကြီးကြောင့် မျက်ခုံးပင့်မိသွားပြီး
"ဦးမင်းမြတ် ခင်ဗျား ဘာလုပ်နေတာလဲ"
ဒီဒီ အမေးကြောင့် ခွန်မင်းမြတ် ခေါင်းကုတ်ကာ ဆံပင်ကို ဆွဲဖွလိုက်ပြီး ဟူးခနဲ သက်ပြင်းချရင်း
"ကိုယ် အိုနေပြီလား"
"အင်းလေ…"
"ဘာ!!!"
ဒီဒီ စိတ်ထဲမှ စကားတချို့မှာ ပါးစပ်က လွှတ်ခနဲထွက်သွား၍ ဇက်ပုလိုက်ပြီး
"အဟမ်း ခင်ဗျားဘာသာ အိုအို ပျိုပျို ကျွန်တော့်ရဲ့ အမျိုးသား ဆိုတဲ့ ခင်ဗျားရာထူးက တည်မြဲနေဦးမှာပဲ"
အိမ်ထောင်သက် 6နှစ်နီးပါးကြာပြီ ဖြစ်သော်လည်း မင်းမြတ် အပေါ်စိမ်းသက်နေသော ဒီလေးတစ်ယောက် တနေ့နေ့တွင် မင်းမြတ်အပေါ် စိတ်ကုန်သွားမှာ စိုးလှသည်။မိန်းကလေး တော်တော်များများနှင့် ခြေရှုပ်နေတတ်သောဒီလေးကို မင်းမြတ် တားဆီးဖို့ရာ တတ်နိုင်သည့် အခြေအနေမဟုတ်။ကလောမှာ မနေချင်ဟု ပြောလာစဉ်ကလည်း ဒီဒီအလိုကျ မင်းမြတ် အလုပ်နားပြီး တောင်ကြီးပြောင်းလာပေးသည်အထိကို ဒီဒီ စိတ်မညစ်ညူးရအောင် အလိုလိုက်ပေးခဲ့ပါသည်။တနေ့နေ့ ဒီဒီသာ မင်းမြတ်ကို ကွာရှင်းဖို့ တောင်းဆိုခဲ့လျှင် စိတ်ကူးနဲ့တင် မင်းမြတ် ခေါင်းများ ချာချာလည်ကာ ယိုင်နဲ့လာရ၏။အပေါ်ပိုင်း ဗလာဖြင့် အဝတ်ဗီဒိုဖွင့်ကာ အလုပ်ရှုပ်နေသော ဒီဒီအနားသို့ မင်းမြတ် တိုးကပ်သွားလိုက်ပြီး ယခင်ကထက် ပိုတောင့်လာသော ခါးသွယ်သွယ်လေးကို ဖက်တွယ်ကာ ဒီဒီဂုတ်ပိုးပေါ် မျက်နှာအပ်ထားမိကာ
"ဒီဒီ ကိုယ်…"
'မင်းကို ချစ်တယ်' ဟူသော စကားလေးမှာ လျှာဖျားထိပ်ဝယ် ပျောက်ပျက်သွားကာ ရင်ထဲ ဆို့နစ်လာမိသည်။
'ဒီအချိန်မှာ ပြောလိုက်ရင် သူက ယုံမှာတဲ့လား။ခွန်မင်းမြတ် မင်းသူ့ အပေါ် အများကြီး အစွန်းရောက်တဲ့ လုပ်ရပ်တွေ အများကြီး လုပ်ထားတာ မင်းကိုယ်မင်း သူနဲ့ ထိုက်တန်ပြီလို့ ထင်နေတာလား။သူ့လုပ်ရပ်ကို တားပိုင်ခွင့် ရှိလို့လား။မင်းက သူ့အတွက်တော့ ခင်ပွန်း အမည်ခံထားတဲ့ သူစိမ်းသာသာပဲ'
ပိုင်ဆိုင်လိုစိတ် မနာလို ဝန်တိုမှုများစွာက တစ်ကိုယ်လုံး လောင်မြိုက်နေပြီး မျှော်လင့်ချက်တချို့ ပျောက်ဆုံးကာ ဒီဒီခါးကိုသာ ခပ်တင်းတင်း ဖက်တွယ်ထားမိ၏။
"ပွတ်သီးကပ်သီး မနေစမ်းနဲ့ဗျာ"
မင်းမြတ် လက်ကို အတင်းခွာချရင်း ဆိုလာသူကြောင့် မင်းမြတ် မျက်နှာမှာ ကွပ်ခနဲ ပျက်သွားပြီး ထိုင်းမှိုင်းလေးလံစွာဖြင့် ရေချိုးခန်းထဲကို ဝင်သွားတော့သည်။
------------------------------------------
ဒယ်ဒီတို့ အခန်းရှေ့ ရောက်သည်နှင့် ရီတစ်ယောက် ကိုယ်ရှိန်သပ်ကာ ချောင်းတစ်ချက်ဟန့်လိုက်ပြီးမှ အခန်းတံခါးကို ငြင်သာစွာခေါက်လိုက်၏။
ဒီဒီနဲ့ အန်ကယ်ကြီးကိုချစ်စနိုးဖြင့် စနောက်နေတတ်သော ရီရီမှာ ခပ်တည်တည် မျက်နှာထားနှင့် ဒယ်ဒီကိုတော့ ကြောက်ပါ၏။တံခါးမှာ ချပ်ခနဲ ပွင့်သွားပြီးနောက် မျက်နှာပေါ်တွင် ရေစက်တို့ တွဲခိုနေသော ပါးပါးက ရီလေးကို မ ချီကာမွက်ခနဲနမ်း၏။
"ပါး မနမ်းနဲ့တော့။ရီက ကလေးမဟုတ်တော့ပါဘူးဆို"
ရီပေါက်စ စကားကြောင့် မှိုင်းက တဟားဟားရယ်နေ၍ ရီမကျေမနပ်ဖြင့် လှေကားဘက်သို့ လစ်ခနဲ ပြေးထွက်လာလိုက်သည်။မျက်နှာတစ်ခုလုံးနီရဲကာ ရှက်ရမ်းရမ်းသွားသော သားတော်မောင်ကြောင့် မှိုင်းအားရပါးရ ရယ်လို့ ဝသွားမှ ခပ်တည်တည် မျက်နှာပေးဖြင့် အခန်းထဲ ခေါင်းလှည့်လိုက်ပြီး
"ဦးသျှန်မင်းခ ခင်ဗျားကြီး အခုထိ မထသေးဘူးလား!!!"
အခါကြီးရက်ကြီး ဖြစ်၍ မှိုင်းတို့မိသားစုလေးမှာ မနက်စောစောထ၍ စတုဒိသာ အတွက်ပြင်ဆင်ရ၏။လူစုံကာ အဆင်သင့် ဖြစ်သည်နှင့် အိမ်ရှိအလုပ်သမားများက light truck နှင့်တစ်စီး မှိုင်းတို့ လင်လင်နှင့် ဒီဒီတို့အတွဲ ရီပေါက်စက တစ်စီးဖြင့် မင်းခတို့ ရုံးရှေ့ မဏ္ဍပ်တို့ ထွက်လာခဲ့ကြသည်။
🎶🎶မြူးကြွတဲ့တေးသံ ပြန့်လွင့်လို့နေ
ကူးပြောင်းစ တန်ခူးလေမှာ🎶🎶
ထင်းရှူးပင်တချို့ ကာရံထားသော မဏ္ဍပ်ကြီးထဲတွင် သင်္ကြန်သီချင်းသံတချို့ ပြန့်လွင့်နေပြီး မင်းခတို့ ကားရပ်လိုက်သည်နှင့် မဏ္ဍပ်ထဲမှ ပြူတစ်ပြူတစ်ကြည့်နေကြသည်။ကားနောက်ခန်းထဲမှ ဖော့ဘူးထုပ်များကိုယ်စီ ဆွဲကာ ကသိုက်ကရိုက် ဝင်ရင်း
"ကဲကဲ ကောင်မလေးတွေ ကောင်လေးတွေ ဆာနေကြရောပေါ့။မနက်စာ ရှမ်းသုတ် ယူလာတယ် ခဏနားရင်းစားကြ"
မင်းခစကားကြောင့် ဝန်ထမ်းများမှာခေါင်းထောင်လာပြီး
"ကျေးဇူးပါ ဘော့စ်"
"ဘော့စ် ဦးဝေသစ်က မဆာလောက်တော့ဘူး သူ အိုးထဲက မုန့်လုံးရေပေါ်တွေ နှိုက်နှိုက် မြည်းနေတာ ကျွန်တော်တွေ့တယ်"
မကြာခင်ကမှ ရာထူးတိုးသွားသော မန်နေဂျာပေါက်စ စကားကြောင့် အကုန်လုံး ဝါးခနဲ ပွဲကျသွားသလို 'ခွေးကောင်'ဟု ဦးဝေသစ် ကျိန်ဆဲသံက ဟိန်းခနဲ ထွက်လာ၏။စရင်း နောက်ရင်း စားရင်း သောက်ရင်းဖြင့် ရွှင်မြူးနေကြပြီးနောက် မုန့်လုံးရေပေါ်ဆက်လုံးကြသည်။ယနေ့ စတုဒိသာမှာ မုန့်လုံးရေပေါ်ဖြစ်ပြီး နောက်ရက်များတွင် ကျောက်ကျောရေ အုန်းနို့ကျောက်ကျော အချိုရည် စသဖြင့် တနေ့တမျိုး မထပ်ရအောင် စီစဉ်ထား၏။
အုန်းသီးခြစ်နေသော ဒီဒီအနားသို့ မယောင်မလည် သွားနေသော ဦးမင်းမြတ်ကို ကြည့်ကာ ဝန်ထမ်းတချို့ ခပ်စစ ပြုံးကြပြီး
"အန်ကယ်မင်းမြတ်ရေ သမီးတို့ ဒီဒီကို ဆွဲမ ပြေးသွားမှာ စိုးလို့လား။အောင်မလေး မျက်စိအောက်ကကို အပျောက်မခံပါလားနော်"
ကောင်မလေးများရဲ့ စကားကြောင့် ဦးမင်းမြတ် တစ်ယောက် ရှက်ရယ်ရယ်ရင်း ဒီဒီနှင့် မလှမ်းမကမ်းတွင် ဝင်ထိုင်လိုက်ရသည်။
"ပါးရေ သားလုပ်တာ အလုံးလေးလည်း မဖြစ်ဘူးရော်"
မုန့်လုံးရေပေါ် လုံးမရသော ရီပေါက်စမှာ ရေဆွတ်လိုက် မုန့်ကိုလုံးလိုက်ဖြင့် ချာလပတ်လည်နေသည်မှာ တစ်ခါသုံးလက်အိတ်လေး စွပ်ထားပေး၍သာ တော်တော့သည်။မှုန်ကုပ်ကုပ်ဖြစ်လာသော ရီပေါက်စကြောင့် မှိုင်း ဟက်ခနဲ ရယ်ချလိုက်ပြီး
"ဟော သားက ရေအများကြီး ဆွတ်လိုက်တာကို အာ့ကြောင့် ပျော့ပြီးပြဲကုန်တာလေ။ရေကို နဲနဲလေး စိုရုံပဲဆွတ် ပြီးတော့ ဒီလိုလေး ပြားလိုက် ထန်းလျက်ခဲသေးသေးလေး ထည့်ပြီး လုံးကြည့်လိုက်။ကဲရသွားပြီမလား"
မှိုင်းလုပ်ပြသည့် ပုံစံအတိုင်း လုပ်ရင်း ဘဲဥ မကျတကျ ပုံစံဖြစ်နေသည့် မုန့်လုံးကိုကြည့်ကာ ရီပေါက်စ ကျေနပ်စွာဖြင့် ပြုံးလိုက်ပြီး
"ပါး ရသွားပြီ။သားလုပ်ထားတဲ့ဟာက ဒီဒီကို ကျွေးမှာနော် သပ်သပ်ဖယ်…"
"ငယ်ရေ ပါးစပ်ဟ…"
ရီပေါက်စ စကားပင် မဆုံးလိုက် ဒယ်ဒီဖြစ်သူက အုန်းသီးနိုင်နိုင်ဖြူးထားသော မုန့်လုံးရေပေါ် ပန်းကန်ကြီးမပြေးလာကာ ပါပါးကို လှမ်းခွံ့၍ ရီပေါက်စ နှုတ်ခမ်းကို တွန့်လိုက်ပြီး ဟွန့်ခနဲ အသံပြုကာ ချာခနဲ လှည့်ထွက်လာလိုက်သည်။
'ဒယ်ဒီကြီးကတော့ လူကို နှိပ်စက်နေပြန်ပြီ'
အုန်းသီးခြစ်နေသော ကိုကိုအလှလေးဆီ သွားဖို့ လှည့်လိုက်သော်လည်း
"ကိုယ်ပြောပါတယ် ဒါကြီးမခြစ်ပါနဲ့ဆို အခုတော့ လက်ကိုထိပြီမလား ပြစမ်း"
ဒီဒီလက်ကို တယုတယကိုင်ရင်း သဲကဲနေသော အန်ကယ်ကြီးကြောင့် ရီပေါက်စ မျက်ရည်လည်လာသလိုလို။ရီ နှာခေါင်းရှုံ့လိုက်ပြီး တစ်ယောက်ထဲ ကြိုးစားပန်းစား မုန့်လုံးထိုင်လုံးနေရုံသာ တတ်နိုင်တော့သည်။
"အလှူအထမြောက်အောင် လာစားတာ မုန့်လုံးရေပေါ်တဲ့လား"
လူမရောက်ခင် အသံအရင်ရောက်လာသော အမရာယိင်းကြောင့် ရီပေါက်စ မျက်လုံးလက်ခနဲ ဖြစ်သွားပြီး
"တီတီယိင်းရေ…ဟင်…"
အပြေးလေး ဖက်ရန် စိတ်ကူးလိုက်သော ရီပေါက်စမှာ တီတီယိင်းလက်ကို တွဲထားသော နံ့သာရောင် ရှမ်းဝတ်စုံ အပြည့်နှင့် ပေါက်စလေးတစ်ကောင်ကြောင့် ရီ ကြောင်အကာ ရပ်နေမိသည်။
"ဟာ ရီရှိနေတာနဲ့ အတော်ပဲ သားရေ ညီလေးကို ခေါ်ဆော့လိုက်ပါဦး"
အသားဖြူဖြူ ပါးဖောင်းဖောင်း မျက်လုံးဝိုင်းကြီးများဖြင့် ရီ့ကို စူးစိုက်ကြည့်နေသည်မှာ အရုပ်ကလေးနှင့်တူလွန်း၍ ရီ အသဲယားမိသည်။
"သူက ဘယ်သူကြီးလဲ တီယိင်း"
"တီတီတို့ ဘေးအိမ်က ကလေးလေးပါ။ခွန်းစဝ်မဟာမောင်တဲ့ သားခေါ်ဆော့လိုက်နော်။ခွန်းလေး ဒါက တီတီ့တူ မင်းရီဝေခတဲ့"
ကော့ညွှတ်နေသော မျက်တောင်ရှည်ကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်နေသော ကလေးပေါက်စနားကို ရီကပ်သွားလိုက်ပြီး ပါးကို ဆွဲဖဲ့လိုက်တော့ မျက်လုံးဝိုင်းကြီးများက ပြူးကြည့်လာ၏။
"မုန့်စားမလား ဘေဘီလေး"
ခွန်းလက်လေး ဆွဲကိုင်ကာ မေးလိုက်တော့ ရီ့ကို ခေါင်းလေးစောင်းကြည့်ကာ ခေါင်းညိမ့်ပြ၏။
"ဒါဆို ကိုကိုလို့ခေါ်"
ရီ့စကားကြောင့် ခွန်းတစ်ယောက် ကြောင်အအဖြင့် ပြူးကြည့်ကာ ပါးစပ်က ဟမလာ။
"ကိုကိုလို့ ခေါ်ရင် ဒါတွေအကုန်ကျွေးမှာနော် အုန်းသီးဖြူဖြူလေးတွေ အများကြီး ပါဦးမှာ"
ရီ့လက်ထဲကိုင်ထားသော ပန်းကန်ပြားထဲမှ မုန့်လုံးများကို မေးထိုးပြရင်း ဆိုလိုက်မှ ခေါင်းလေးစောင်းကာ စဉ်းစားနေပြီးနောက် ရီ့လက်ကိုဆွဲကာ
"ကိုကို သား စားချင်တယ်"
"ဟာကွာ…"
မတိုးမကျယ် လေသံလေးမှာ ရီ့နားထဲ ချိုမြမြ ပြန့်နှံ့သွား၍ မုန့်ပန်းကန်ကို ချကာ ထိုကလေး ပါးကို ဆွဲဖျစ်လိုက်ပြီး
"အီး ချစ်စရာလေးကွာ…ဒါက အစိမ်းတွေ အရင်ဆုံး ပြုတ်ရဦးမှာ ကိုကိုနဲ့ လိုက်ခဲ့"
ရီက ကလေးပေါက်စလက်ကို ဆွဲကာ ဦးဝေသစ်နားသွား၍ ရီကိုယ်တိုင် လုပ်ထားသမျှ မုန့်လုံးရေပေါ်များကို ပြုတ်ခိုင်းနေ၏။လက်ဆွဲထွက်သွားသော ကလေးနှစ်ယောက်ကို ကြည့်ကာ မှိုင်း ပြုံးမိသွားပြီး
"ဘယ်သူ့ကလေးလဲ။ရုပ်ရည်က သန့်သန့်ပြန့်ပြန့်လေး"
မုန့်လုံးရေပေါ်ကို ဝါးတီးဆွဲနေသော ယိင်းက ပလုတ်ပလောင်းဖြင့်
"ဘေးအိမ်က ကလေးလေ။ငါနင့်ကို ပြောပြောနေတဲ့ စော်ဘွားမျိုးနွယ်က လင်မယားပေါ့ဟာ။သူတို့က တော်ရုံအပြင်မထွက်ကြဘူး ဒီနေ့လည်း ဥပုသ်စောင့်ရင်း အိမ်မှာပဲနေမယ် ဆိုလို့ ကလေးမပျင်းအောင် ခေါ်ထုတ်လာတာ။နင့်သားက အလှကြိုက်တာနဲ့ တွေ့ဦးမှာ"
တစ်ပန်းကန်ပြီး တစ်ပန်းကန်စားနေသော ယိင်းကြောင့် မှိုင်း မုန့်လုံးရေပေါ်ပန်းကန်ကို ဆွဲလုလိုက်ပြီး
"မအီမသာတွေ ဖြစ်ကုန်တော့မယ် မိယိင်းရယ်။နင့်အမျိုးသားကကော နင့်ကို တစ်ယောက်ထဲ လွှတ်ထားရလား မပေါ့မပါးကြီးနဲ့ကိုလေ"
ယိင်းအမျိုးသားမှာ ယိင်းကို လွန်ကျူးပြီးမှ မိသားဖသား ပီပီ လာမတောင်းရမ်းပဲ ကားတင်ပြေးခြင်း ဖြစ်၍ သူငယ်ချင်းတစ်ယောက် အနေနဲ့ မှိုင်းက သိပ်မကြည်။ထိုအချိန်က ယိင်းအကို သီဟနောင်ထက် မှိုင်းက ပို၍ သွေးဆူပြီး ဓားကျိန်းကျိန်းနေသောကြောင့် ရီရအခက် ငိုရအခက် ဖြစ်ခဲ့ရသေး၏။ဘာပဲဖြစ်ဖြစ် တစ်ဖက်လူမှာလည်း ထူပူကာ လုပ်မိလုပ်ရာ လုပ်ခြင်းဖြစ်ပြီး ယိင်းအပေါ် အတည် မြတ်နိုးခြင်းဖြစ်၍ မှိုင်း စိတ်လျှော့လိုက်ရသည်သာ။
"ငါ့ပါးစပ်ထဲ အရသာတွေ့နေလို့ပါဟာ နင်ကလည်း ငါအစားအသောက်ပျက်နေတာလေ ခံတွင်းတွေ့တုန်း စားပါရစေဟဲ့။ပြီးတော့ ကိုကိုက သူ့ဆိုင်က ကလေးတွေကို တစ်ချက်သွားကြည့်နေတာ။ငါပျင်းလို့ နင်တို့ဆီမှာ ခဏဆင်းကျန်နေတာလေ အပြန်ကြမှ သူဝင်ခေါ်လိမ့်မယ်"
အုန်းသီးကြိုးစားပန်းစား ခြစ်နေသော မင်းမြတ်က ရီပေါက်စကို ကြည့်ကာ ဟက်ခနဲ ရယ်လိုက်ပြီး
"ရီ့အချစ်တော် ရာထူးကနေ ပြုတ်တော့မယ် ထင်တယ် ကိုယ့်ရဲ့ အမျိုးသားလေးကတော့"
မင်းမြတ်စကားကြောင့် ဒီဒီက ကလေး နှစ်ယောက်ကို ကြည့်ကာ
"ရီပေါက်စ လုပ်ထားတာ ဒီဒီ့အတွက်ဆို"
ဒီလေးအော်သံကြောင့် ရီပေါက်စက လှည့်ကြည့်လာပြီး
"ဘေဘီလေးက ကိုကို အလှလေးထက် ပိုပြီးလှတာ သူ့ကိုပဲ ကျွေးတော့မယ်"
"ငါးစိမ်းမြင် ငါးကင် ပစ်တာလား"
ဒီဒီ့ ရန်စကားကို ရီတစ်ယောက် အဖတ် မလုပ်အား။ဦးဝေသစ် ရေနွေးဆူဆူထဲ ထည့်ပြုတ်ထားသော မုန့်လုံးရေပေါ်များကို ပန်းကန်ထဲ ခပ်ထည့်ကာ အုန်းသီးမျှင်လေးများကို လက်တစ်ဆုပ်စာ ဖြူးလိုက်သေးသည်။သွားကြားထိုးတံ တစ်ချောင်း စိုက်ပြီးမှ ခွန်းလေးလက်ကိုဆွဲကာ သင်ဖြူးဖျာပေါ်မျက်နှာချင်းဆိုင် ထိုင်ချလိုက်ပြီး ခွန်းလေးကို မုန့်လုံးရေပေါ်တစ်လုံး ခွံ့လိုက်၏။ပါးဖောင်းဖောင်းလေး လှုပ်တုတ်လှုပ်တုတ်ဖြင့် စားနေသော ခွန်းပုံစံမှာ ဟန်းစတားလေးနှင့်တူလွန်း၍ ရီပေါက်စ အသဲတယားယားဖြင့် ထိုင်ကြည့်နေမိသည်။
"အင့် ကိုကိုစား"
လက်ဖောင်းဖောင်းလေးများက မုန့်လုံးရေပေါ်ကို ထိုးကော်ကာ ရီပေါက်စကို ခွံ့၍ ရီပေါက်စ ပြုံးပြုံးကြီး စားလိုက်၏။ခွန်းလေးကို စလိုက် နောက်လိုက်ဖြင့် ရီပေါက်စ ပြုံးပျာ်နေစဉ် တီတီယိင်း အမျိုးသားက လာခေါ်တော့သည်။ချစ်စရာကောင်းသည့် ခွန်းလေးကို ပြန်မလွှတ်ချင်၍ ရီပေါက်စ မျက်နှာငယ်လေးဖြင့်
"ဘေဘီလေး ကိုကိုနဲ့ နေမလားဟင် မုန့်တွေအများကြီး ကျွေးမယ်လေ။ညနေမှ ကိုကိုအိမ်ကို ပြန်လိုက်ပို့ပေးမယ်လေနော်"
ရီပေါက်စ စကားကြောင့် ခွန်းလေး မျက်လုံးများက လက်ခနဲဖြစ်သွားသော်လည်း မှိုင်တွေကာ ခေါင်းတခါခါဖြင့်
"ဟင့်အင်း မယ်မယ်က မှာထားတယ် ရေအများကြီးစိုပြီး ဖျားရင် ဆေးခါးခါးကြီးတွေ သောက်ရမှာတဲ့"
ခွန်းလေးပေါက်စကြောင့် ရီပေါက်စ မျက်နှာက မဲ့ခနဲ။
"တီတီ နောက်ရက်ကြရင် ခေါ်လာဦးမှာပါ။အဲ့ခါမှ အတူတူဆော့ကြတော့နော်။ခွန်းလေးက အရမ်းချူချာပြီး အရမ်းအားနဲလို့လေ"
တီယိင်း စကားကြောင့် ရီပေါက်စ ခေါင်းသာညိမ့်ပြလိုက်သည်။ထို့နောက် ဖောင်းအိနေသောပါးနှစ်ဖက်ကို ဆွဲဖျစ်ကာ
"မွ…"
"ဟာ…"
"ဟယ်…"
"ဟယ်တော့"
"မင်းရီဝေခ!"
အကုန်လုံး ဟာခနဲ ဟင်ခနဲ ဖြစ်သွားပြီး မှိုင်းရီဝေတစ်ယောက် သွေးတက်သွား၏။ခွန်းလေးခမျာ မျက်လုံးဝိုင်းကြီးမှ မျက်ရည်စတို့ ဝေ့သီလာပြီး
"အဟင့် အီးဟီး…ကိုကို လူဆိုးကြီး မယ်မယ့်နားတိုင်မှာ"
ကလေးနှစ်ယောက် ဖြစ်ပုံကိုကြည့်ပြီး အကုန်လုံးက တဟားဟားရယ်ကြသလို သျှန်မင်းခကတော့ မျက်နှာကြီး နီရဲလျက်။
"ကျန်တဲ့နေရာသာ မတူတာ ဒါကြ သူ့ဒယ်ဒီနဲ့ တချိုးထဲ"
မှိုင်းရဲ့ ခပ်ရွဲ့ရွဲ့ စကားကြောင့် မင်းခ ခမျာ ဒေါသထွက်ရအခက် ရယ်ရအခက် အောင့်သက်သက်ဖြင့်။တအင့်အင့် ရှိုက်ငိုနေသော ခွန်းလေးကို ဒီဒီက မ ချီလိုက်ပြီး
"တိတ်တိတ် ခွန်းလေးကို ကိုကိုက ချစ်လို့ စလိုက်တာ မငိုနဲ့တော့နော်"
"အင့်…ဟုတ်…ကဲ့"
"ဒါဆို ကိုကို့ကို နှုတ်ဆက်လိုက်ပါဦး"
တီယိင်းစကားကြောင့် ခွန်းလေးက ဒီလေးကိုယ်ပေါ်မှ ဆင်းကာ တောက်တောက် တောက်တောက်နှင့် ရီပေါက်စနား ပြေးလာပြီး
"အဟင့် ရွှတ်…ကိုကို မယ်မယ်က ပြောတယ် တွေ့ကရာလူကို မွှေးမွှေး မပေးရဘူးတဲ့"
ရုတ်တရက်ကြီး ထငိုသွားသော ခွန်းကိုကြည့်ပြီး လန့်သွားဟန်ရှိသော ရီပေါက်စမှာ ပြူးကြည့်ကာ ခေါင်းကိုတဆတ်ဆတ် ငြိမ့်ပြ၏။
"ပြန်တော့မယ်နော် တာ့တာ"
ခွန်းလေးက ပါးစပ်ကလည်း ပြောရင်း ရီပေါက်စကို လှမ်းဖက်လိုက်ပြီးမှ တီတီယိင်း လက်ကိုဆွဲကာ ထွက်သွားတော့သည်။ထိုကလေးထွက်သွားမှ ဆူဖို့မောင်းတင်ထားသော သျှန်မင်းခက ထအော်ရန်ပြင်လိုက်သော်လည်း
"ဒီဒီ ခွန်းလေးကို လိုချင်တယ် သားက ချစ်လို့ကို သူက ငိုသွားတယ်တဲ့ အဟင့် သူက သားကိုသဘောမကျဘူးလား…"
ဒီလေး ရင်ခွင်ထဲ ပြေးဝင်ကာ အကျယ်ကြီး ထငိုလာသော ရီပေါက်စကြောင့် မင်းခ ခေါင်းမီးတောက်လာသလိုလို။အကုန်လုံး တဟားဟားထရယ်မိသည်မှာ မှိုင်းဆိုလျှင် နောက်ပြန်လှန်ကျသွားသည်အထိ။
"မင်းရီဝေခ!"
"ခင်ညာ…"
သျှန်မင်းခရဲ့ အံကြိတ်ခေါ်သံကြီးကြောင့် ရီပေါက်စခမျာ အင့်ခနဲ အငိုတိတ်သွားကာ စကားပင် မပီတော့။ဆုံးပါးသွားသော ရီပေါက်စ အဖေရင်း ဖြစ်သူရဲ့ အကျင့်နှင့် တထေရာထဲ တူနေသော ရီကိုကြည့်ကာ မင်းခ မျက်နှာပူလှသည်။
'ဒင်းတော့ ဒင်းအဖေအချိုးမျိုးနဲ့လာရင် ငါခေါင်းမွှေးပြောင်ဦးမယ်'
နောက်ဆုံးတော့လည်း မင်းခဆူဖို့ မောင်းတင်ထားသမျှ မြေကြီးပေါ် လူးလှိမ့်မတတ် အော်ငိုနေသော ရီပေါက်စကိုသာ ချော့လိုက်ရခြင်းဖြင့်သာ အဆုံးသတ်၏။မုန့်လုံးရေပေါ်များကို ဖော့ဘူးလေးနဲ့ထည့်ကာ ဖြတ်သွားဖြတ်လာ ဘုန်းကြီးကျောင်းတက်သူများကို ဝေပေးလိုက်ရုံသာ ဖြစ်၍ အချိန်အများကြီး မပေးရ။မနက်နေမထွက်ခင်ကတည်းက ပြင်ဆင်ထားခြင်းဖြစ်၍ မနက်8နာရီမခွဲခင်တွင် ကုန်သွားတော့သည်။
"ကန်တော့စာတွေ မေ့မယ်နော်။အကုန်လုံးကို ကားပေါ်စုတင်ထား ဆိုင်ကယ်နဲ့လိုက်မဲ့သူတွေက ရှေ့ကသွားကြ"
ရုံးရှိဝန်ထမ်း အိမ်အလုပ်သမား အကုန်လုံးစုပေါင်းကာ ဘုန်းကြီးကျောင်းတက်သည်မှာ အလေ့အကျင့်တစ်ခု ဖြစ်နေ၍ ဆိုင်ကယ်ကိုယ်စီ ကားကိုယ်စီဖြင့် ဘုန်းကြီးကျောင်းသို့ ချီတက်ကြသည်မှာ ပျော်ပျော်ပါးပါး။ယနေ့အတွက်တော့ နေအတော်မြင့်မှ ထွက်လာကြသည်ဖြစ်ရာ မြို့တွင်းကျောင်း 3ကျောင်းသာ ကန်တော့ပြီး ပြန်လာလိုက်ရသည်။ပင်ပန်းသွားဟန်ရှိသော ရီပေါက်စက အိမ်ပြန်လမ်းတွင် ဦးမင်းမြတ်ကိုမှီအိပ်ကာ ပါလာ၏။
"မနက်ဖြန်တော့ ရွာဘက်က ဘုန်းကြီးကျောင်းတွေ သွားကြရအောင် အန်ကယ်လေးတို့ကလည်း နေလက်စနဲ့ ကျွန်တော်တို့ဆီ တစ်ခါထဲ ပြောင်းမလာဘူး"
တစ်မြို့ထဲနေပြီး တောင်စွန် မြောက်စွန်ဝေးနေသောကြောင့် မှိုင်းက ဇွတ်ပြောင်းလာခိုင်းသော်လည်း ဒီလေးရဲ့ သီးသန့်အိမ်တွင်သာ မင်းမြတ်တို့ စုံတွဲအနေများပြီး အခါကြီးရက်ကြီးမှ သျှန်မင်းခတို့ အိမ်ဘက် ခဏနေဖြစ်ကြသည်။ယနေ့အတွက် မနက်အစောထရသောကြောင့် ကားရပ်သည်နှင့် အကုန်လုံး ဧည့်ခန်းထဲပြေးဝင်ကာ ခြေပစ်လက်ပစ်ထိုင်ပြီး အနားယူကြ၏။
"ပါး မလည်ကြဘူးလား"
ဆိုဖာပေါ် ခွေခွေလေး အိပ်မောကျနေသော ရီပေါက်စက နိုးသည်နှင့် ခုန်ဆွ လုပ်နေသောကြောင့် အကုန်လုံး အဝတ်အစားလဲပြီး ပြန်ထွက်ဖို့ပြင်ရသည်။တီရှပ်အဖြူကို ဂျင်းဒူးပြဲ အနက်တွဲဝတ်ထားပြီး မိုးကာအင်္ကျီအနက် ထပ်ဝတ်ကာ ဆင်တူ ဝတ်ထွက်လာသော မှိုင်းနဲ့ ဒီလေးကြောင့် အိမ်ထောင်ဦးစီးနှစ်ယောက်မှာ မကျေမနပ်ဖြင့် မှုန်ကုတ်သွားရသည်။
'နေစမ်းပါဦး ကိုယ့်ယောကျာ်းနဲ့ ကိုယ်ကြ ဆင်တူဝတ်ပြီး ရိုမယ်မရှိဘူး။ဒါဘာသဘောလဲ'
စိတ်ထဲ မကျေမနပ် ဝုန်းဒိုင်းကျဲနေမိသော်လည်း အပြင်တွင် ခပ်ပါးပါးပြုံးပြရင်း ဆိုင်ကယ်ကိုသာ ဂိုဒေါင်ထဲမှ ထုတ်လာလိုက်၏။
"ဦးသျှန် ကလေးပါတာကို ဘီးအမြင့်ကြီး စီးမလို့လား"
"သားကြိုက်တယ် ဒါနဲ့ပဲသွားမယ်လေ ပါး"
နေကာမျက်မှန်ကို ဟန်ပါပါတပ်ထားသော ရီပေါက်စက ထအော်လာ၍ သခင်လေးအလိုကျ နေပေးလိုက်ရသည်။နွေအပူချိန်ကြောင့် တတ်နိုင်သမျှ အလုံထုပ်ဝတ်ပြီး Mask အနက်ရောင်ကို ဆွဲဝတ်လိုက်၏။ပြီးမှ နက်မှောင်နေသော မျက်မှန်ကိုတပ်ကာ ရီပေါက်စကို အလယ်မှထားကာ ခွတက်လိုက်ပြီး
"Let's go ကဲကြစို့ဟေ့"
တစ်ဖက်ဆိုင်ကယ်ရှိစုံတွဲမှာ ဒီဒီက မောင်းပြီး အန်ကယ်လေးက အသေဖက်ထား၍ မှိုင်း တခွိခွိရယ်လိုက်မိပြီး ဒီလေးကတော့ ဆူပုပ်လျက်။လမ်းတစ်လျှောက် ပျိုမဒီများက ရှင်းသန့်နေသော ဒီလေးကျော်ကိုသာ ဦးစားပေးလောင်းနေ၍ အကုန်လုံးထက်ပို၍ စိုရွှဲနေတော့သည်။မှိုင်းတို့ ဆိုင်ကယ်နှစ်စီးမှာ ရုံးရှေ့မဏ္ဍပ်တွင် ရပ်လိုက်သည်နှင့်
"ဘောစ့်တို့လာပြီဟေ့ လောင်းကြ"
ဝေသစ်က ပုံးအပြည့်ရေများနှင့် ဗွမ်းခနဲလောင်းချပစ်၍ ရီပေါက်စခဗျာ ရေစိုနေသော ကြွက်ပေါက်လေး အသွင် ပြောင်းသွားပြီး
"ဦးဝေသစ်က မမိုက်ဘူးဗျာ။သားအပြတ်ရွှိုင်းထားတာကို"
5ယောက်သား စိုစိုရွှဲရွှဲဖြင့် မဏ္ဍပ်ထဲဝင်ကာ အသားကုန်ကဲကြတော့သည်။မဏ္ဍပ်ရှေ့တွင် ရေပီပါ အကြီးများကိုတန်းစီချထားပြီး ပိုက်2ချောင်းနှင့် ဖြည့်ထား၍ ရေများမှာ တကူးတက ခပ်နေစရာမလို။မှိုင်းနှင့် ရီပေါက်စက ရေခွက်ကိုယ်စီကိုင်ရင်း ဖြတ်သွားသမျှ တဗွမ်းဗွမ်း ပက်နေ၏။ဒီလေးကတော့ ဝန်ထမ်းများနဲ့ အဖွဲ့ကျကာ သောက်လိုက် ကလိုက်ဖြင့် ရီဝေလျက်။
"များမယ်နော်ကလေး ခဏနေကြရင် ကလောအထိဆင်းဦးမှာ မူးနေမယ်"
မင်းမြတ်စကားကြောင့် လက်ကျန်မော့ချဖို့ပြင်နေသော ဒီလေးက မကျေမနပ်ဖြင့်
"ကျွန်တော့် limit ကျွန်တော်သိတယ်ဗျ"
အေး၍ ခိုက်ခိုက်တုန်နေဟန်ရှိသော လူသားလေးကို ထွေးပွေ့ချင်သော်လည်း မင်းမြတ်အနေနဲ့ ထိုလူသားလေး စိတ်အနှောက်အယှက် ဖြစ်မည်စိုး၍ ငေးကြည့်ရုံသာ တတ်နိုင်သည်။Big Boss ကြီးဦးမင်းခက ခုံတခုံပေါ် အကျအနထိုင်ကာ Beer လေး တမြမြဖြင့် မြတ်နိုးရသော ကြင်ဖော်နှင့် သားဖြစ်သူကို ကြည့်ရင်း တပြုံးပြုံးဖြစ်နေ၏။တစ်ဖွဲ့လုံး ကလိုက် ရေကစားလိုက်ဖြင့် ပေါ့ပါးနေကြပြီး စိုနေသော အဝတ်များပြန်ခြောက်သည့်အချိန်ကြမှ ဆိုင်ကယ်ကိုယ်စီဖြင့် တောင်အောက်ဆင်းဖို့ပြင်ကြသည်။
"ခင်ဗျားမောင်းတော့ဗျာ ကျွန်တော် မမောင်းချင်ဘူး"
ဇီးရောင်မျက်မှန်ကို ဟန်ပါပါတပ်ကာဆိုလာသူကြောင့် မင်းမြတ် ဆိုင်ကယ်ပေါ်ခွတက်လိုက်တော့ ဒီလေးက နောက်မှတက်ကာ မင်းမြတ်ကို လှမ်းဖက်၏။
"ရီပေါက်စ…"
"သားမလိုက်တော့ဘူး ဒယ်ဒီ ခဏနေကြရင် တီတီယိင်းက လာခေါ်မယ်တဲ့"
သားဖြစ်သူ စကားကြောင့် သျှန်မင်းခ သဘောတကျပြုံးလိုက်မိပြီး
'အလိုက်သိတဲ့ ကောင်စုတ်လေး ပြန်လာမှ ဒယ်ဒီဆုချပစ်မယ်'
မင်းခရင်ထဲမှ ကြုံးဝါးသံကိုမသိလိုက်သည့် မှိုင်းကတော့ တစ်လမ်းလုံး ပွစိပွစိ ရွတ်လို့ မဆုံးတော့။လမ်းမကြီးတစ်လျှောက် မဏ္ဍပ်များကို ကျော်ဖြတ်ရင်း 4ယောက်သား ချစ်ကြည်နူး တစ်တီတူးကာ အားရပါးရကဲကြ၏။တဖြည်းဖြည်း အေးစိမ့်ကာ တုန်ယင်လာသောကြောင့် ဒီလေးကျောပြင်ကျယ်ကြီးကို ပူးကပ်ဖက်တွယ်ထားမိတော့ ဦးမင်းမြတ်က လက်တစ်ဖက်ဖြင့် ဒီလေးလက်ကို ဆုပ်ကိုင်လာသည်။
"ရေစိုနေတာကို သေချာမောင်းစမ်းပါဗျာ"
ဒီလေးအလန့်တကြားဖြင့် ရုန်းမိသော်လည်း တောင့်တင်းခိုင်မာသော လက်တစ်ဖက်က ဒီလေးလက်နှစ်ဖက်ကို ဆုပ်ကိုင်ထားသည်မှာ တင်းကြပ်စွာဖြင့်။
"အရမ်းအေးနေပြီလား။ခဏသည်းခံလိုက် ရှေ့က လက်ဖက်ရည်ဆိုင်မှာ ခဏနားကြတာပေါ့"
ထိုလူရဲ့ ဂရုစိုက်မှုများကြား ဒီလေး နစ်မြောမှန်းမသိ နစ်မြောနေမိပြီး သာယာနေမိသော မိမိကိုယ်ကို မကျေမနပ်ဖြစ်သွားကာ ဦးမင်းမြတ်နဲ့ ခပ်ခွာခွာထိုင်လိုက်သည်။
"ပြုတ်ကျမယ် ဖက်ထား"
မင်းမြတ်ကျောပြင်မှ လစ်ဟာမှုကြောင့် စိတ်မချစွာဖြင့် ဒီလေးကိုယ်ကို နောက်ပြန်လှမ်းစမ်းရင်းဆိုလာသောကြောင့် ဒီလေး ရင်တထိတ်ထိတ်ဖြင့် မင်မြတ်နောက်ကျောကို ပြန်ကပ်ထိုင်လိုက်ရသည်။မတော် ဆိုင်ကယ်မှောက်ကုန်မှဖြင့်။ချစ်ကြည်နူး တစ်တီတူးနေသော မှိုင်းကတော့ ဦးမင်းခကိုယ်ထဲ နှစ်မြှုပ်မတတ် ဖက်တွယ်ရင်း ဒီလေးကိုပါ ပြောင်ပြလိုက်သေးသည်မှာ ဒီလေး ဖိနပ်ချွတ်ကာ ကောက်ပေါက်ချင်လာသည်အထိ။4ယောက်သား အတော်အေးစိမ့်ကာ ခြေလက်များခိုင်သည်အထိ လည်ပတ်ပြီးမှ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ထဲ ဝင်ထိုင်ကာ လက်ဖက်ရည်ပူပူ သောက်ဖြစ်ကြသည်။
"အပြန် ကျွန်တော်မောင်းမယ်"
"လက်ဆစ်တွေယောင်နေတာကို ဘာလို့မောင်းမှာလဲ ကိုယ်ပဲမောင်းမယ် ငယ်ရဲ့"
ဓာတ်ဘူးထဲမှ ရေနွေးတချို့ကို လောင်းထည့်ရင်း ဆိုလာသော မင်းခကြောင့် မှိုင်း မကျေမနပ် ပြူးကြည့်လာသော်လည်း ဘာမှတော့ထပ်မပြော။ဒီလေးလည်း ဦးမင်းမြတ် ဘက်လှည့်ကာ စကားစဖို့ ပြင်လိုက်သော်လည်း ဦးမင်းမြတ်က ခေါင်းခါလိုက်ပြီး
"မရဘူး ဒီဒီ ကလေးရဲ့ ရောဂါဟောင်းတွေ ပြန်ထလာလိမ့်မယ်။ကိုယ်အဆင်ပြေတယ်"
"ဟင့်အင်း ကျွန်တော်မောင်းမှာလို့"
ညနေစောင်းသည့်အချိန်ကြမှ 4ယောက်သားအေးအေးလူလူဖြင့် ပြန်ဖို့ပြင်ကြ၏။ဟိုင်းဝေးလမ်းမကြီးပေါ် ပြေးလွှားနေသော ဆိုင်ကယ် နှစ်စီးမှာ တစ်လှည့်စီ ကျော်တက်ရင်း သာယာနေစဉ်
"ကျွီ…ဒုန်း!"
မင်းမြတ်တို့နောက်မှ ကားတစ်စီးမှာ စူးရှသော ဟွန်းသံနှင့်အတူ မင်းမြတ်တို့ဆိုင်ကယ်နောက် သို့ ပြေးဝင်လာ၍ မင်းမြတ် မျက်လုံးများ ပြာထွက်သွားသည်အထိ။ဘရိတ်ဆွဲသံက လမ်းမတစ်လျှောက် မြည်သွားပြီး ဝုန်းခနဲ မြည်သံကြောင့် မှိုင်း ဆတ်ခနဲတုန်ယင်ကာ
"ယောကျာ်း ရပ်လိုက် အန်ကယ်လေးတို့…"
မှိုင်းတို့ဆိုင်ကယ်က ဒီဒီတို့ထက် ရှေ့ရောက်သည်ဖြစ်ရာ မင်းခက ဆိုင်ကယ်ကို ထိုးရပ်လိုက်သလို မှိုင်းက ဆိုင်ကယ်ပေါ်မှ ခုန်ဆင်းကာ ဒီဒီတို့ဘက် လှည့်ပြေး၏။နောက်မှ ဟွန်းတီးသံ ပွတ်ဆွဲသံကိုကြားလိုက်ရသည်နှင့် မင်းမြတ် ဒီဒီကို ဆွဲပွေ့ကာ ဆိုင်ကယ်ပေါ်မှ ခုန်ချပစ်၍ နှစ်ယောက်သား ကတ္တရာလမ်းတစ်လျှောက် လှိမ့်ထွက်သွားသည်။တုန်ယင်နေသော ဒီဒီကို ရင်ခွင်ထဲ တင်းတင်းကြပ်ကြပ်ဆွဲထည့်ကာ ဒီဒီ့ခေါင်းကို လက်နှစ်ဖက်ဖြင့် တတ်နိုင်သမျှ ကာထားပေးမိကာ မင်းမြတ် ရင်ထဲ စိုးရိမ်ပူပန်လာရသည်။မင်းမြတ်တို့ဆိုင်ကယ်က ကားနဲ့ တရွတ်တိုက်ပါသွားပြီး လမ်းအကွေ့ချောက်နက်ထဲသို့ ထိုးကျသွားတော့သည်။
"ဒီဒီ…"
မင်းမြတ်တစ်ကိုယ်လုံး တုန်ယင်ကာ သတိလက်လွှတ်ဖြင့် ဒီလေးကို ဖက်တွယ်ကာ အကြိမ်ကြိမ်အခါခါ စစ်ဆေးနေ၏။ဒီလေး အဆင်ပြေတာ သေချာမှ ဒီလေးကို ဖက်တွယ်ထားသော လက်အစုံက တင်းကြပ်သွားပြီး မျက်ရည်တို့က ပိုးပိုးပေါက်ပေါက်ကျလာသည်။
"ဦးမင်းမြတ် ခင်ဗျား…"
"မင်းဘာမှမဖြစ်ရင်ရပြီ…တော်သေးတယ် မင်း ဘာမှမဖြစ်လို့…မင်းသာတစ်ခုခု ဖြစ်ရင် ကိုယ် ရူးသွားမှာ"
ပွန်းပဲ့နေသော လက်တစ်စုံက ဒီလေးကို ခပ်တင်းတင်းဖက်ကာ ဆိုလာသူကြောင့် ဒီလေး မျက်ရည်စများ ရစ်ဝဲလာပြီး ဘယ်လို ဖြေသိမ့်ပေးရမလဲမသိ။
"အန်ကယ်လေး…ဒီလေးကျော်!"
မှိုင်းက အပြေးအလွှားရောက်လာကာ နှစ်ယောက်စလုံးကိုယ်ပေါ် ရင်တလှပ်လှပ်ဖြင့် စစ်ဆေး၏။သေစေလောက်သည့် ဒဏ်ရာမရှိတာသေချာမှ မှိုင်း စိတ်တို့တည်ငြိမ်သွားပြီး ပျော့ခွေနေသော ဒီဒီကို နှစ်ယောက်သား လမ်းဘေး အကြော်တဲလေးထဲ ဆွဲသွင်းလိုက်ရသည်။မကြာခင် ဦးဝေသစ်နှင့် အလုပ်သမားတချို့က ကားနှစ်စီးဖြင့် ရောက်ချလာသလို လူနာတင်ယာဉ်ကလည်း ပါလာ၏။
"ကားထဲကလူကို အရင် ဆွဲထုတ်ကြပါ"
ဦးမင်းမြတ်နဲ့ ဒီလေးကျော်က ပြန်ဖို့ကိုသာ ဆန္ဒစောနေ၍ ဝေသစ်ကားနှင့် 2ယောက်စလုံး လိုက်ပြန်လာလိုက်ပြီး ဦးမင်းမြတ်က ဒီလေးကျော်ကို တင်းကြပ်ကြပ် ဖက်တွယ်ထားသည်မှာ တချက်မှ မလွတ်ပေး။
"ကျွန်တော် အဆင်ပြေတယ်လေ။ခင်ဗျားလက်တွေ နာနေမှာပေါ့"
"ဟင့်အင်း မရဘူး"
ဦးမင်းမြတ်မှာ ခေါင်းတခါခါဖြင့်သာ ဒီလေးကို ရင်ခွင်ထဲ ပွေ့ထား၏။
"ခြေထောက် အရိုးကျိုးပြီး လက်အဆစ်လွဲသွားတာရယ် ခန္ဓာကိုယ်ကတော့ ပွန်းပဲ့တာရယ်လောက်ပါပဲ။ရက်ချိန်း ပုံမှန်ပြပြီး ဒဏ်မပိစေနဲ့ ကောင်းကောင်းအနားယူရမယ်"
ဒီလေး အခြေအနေမသိရမခြင်း ဆေးမထည့်ပဲ ငုတ်တုတ်ထိုင်နေသော ဦးမင်းမြတ်ကြောင့် အကုန်လုံး အခက်တွေ့ရသလို ဒီလေးထက် ဒဏ်ရာပိုများသော မင်းမြတ်ကိုကြည့်ကာ ဒေါက်တာက သုန်မှုန်လျက်။
"ခင်ဗျား အမျိုးသားအဆင်ပြေပါတယ် ဦးမင်းမြတ် ခဗျာ အခု ဆေးထည့်ပေးလို့ ရပါပြီလားဗျာ"
မင်းမြတ်နဲ့ ရင်းနှီးသော ဒေါက်တာရဲ့ ခပ်ရွဲ့ရွဲ့ အပြောကြောင့် ဒီလေးခမျာ ရီရအခက် ငိုရအခက်ဖြင့် ငုတ်ထုတ်ထိုင်ကြည့်နေစဉ်
"အား!"
"မင့် ဘိုးအေကို အား ဟကောင် မူယာမာယာတွေ ပိုမနေနဲ့။ခြေထောက် တစ်ချောင်းလုံး ကျိုးသွားတာတောင် ဟီးဟီးဟားဟားတွေ လုပ်နေတဲ့ကောင်က ဒါလေးကို လာနာပြနေတယ်။သူ့မာယာတွေထဲ မျောသွားရင် မှားမယ်နော် ညီ"
ဒေါက်တာက အံတကြိတ်ကြိတ်ဖြင့် ပြာကျမတတ် စိုက်ကြည့်နေသော ဦးမင်းမြတ်ကို အဖတ်မလုပ်အား။ဒီလေးကို တရားချကာ မင်းမြတ်ရဲ့ ငယ်ဂျိုးငယ်နာများကို တစ်ခုမကျန် ဖော်နေ၏။ဦးမင်းမြတ် တစ်ကိုယ်လုံးမှာ ပွန်းပဲ့ စုတ်ပြတ်သွားပြီး လက်တစ်ဖက်က အရိုးအက်သွားကာ ပြင်းထန်သည့် ဒဏ်ရာမရှိ။အကျ မတော်သည့် ဒီလေးကသာ အနာဟောင်းပြန်ဆွလိုက်သလိုဖြစ်ကာ ဒဏ်ပိသွားခြင်း ဖြစ်၏။နှစ်ယောက်စလုံး အိမ်ပြန်ချင်သော်လည်း မှိုင်းက ဇွတ်ချိန်းခြောက်ကာ ဆေးရုံတွင်နားခိုင်း၍ အခါကြီးရက်ကြီးတွင် ဒီလိုကြီး ဖြတ်သန်းရပေဦးမည်။
နှစ်ယောက်သား စုတ်ပြဲနေသော အဝတ်အစားကိုလဲပြီးသည်နှင့် ဒီလေးက တချိုးထဲ အိပ်မောကျသွား၏။မျက်နှာကြီးမဲ့ကာ ညည်းညူနေသော ဒီလေးကိုကြည့်ကာ မင်းမြတ် ရင်ထဲဗလောင်ဆူလာပြီး ဘာလုပ်ပေးရမှန်းမသိ လွတ်နေသော လက်တစ်ဖက်ဖြင့် ဒီဒီ့ခေါင်းလေးကို ခပ်ဖွဖွ ပုတ်ပေးမှ ငြိမ်ကျသွားတော့သည်။တံခါးက ချပ်ခနဲပွင့်ကာ မှိုင်းတို့ နှစ်ယောက် ဝင်လာ၍ မင်းမြတ် အသံတိတ်ရန် အချက်ပြလိုက်ပြီး အခန်းအပြင်သို့ ခေါ်ထွက်လာလိုက်၏။
"ကံကောင်းလို့ တစ်ဖက်လူက အသက်အန္တရာယ်က လွတ်လာတာ ဒဏ်ရာတွေကတော့ တော်တော်လေးပြင်းတယ်တဲ့။အန်ကယ်လေးတို့က အေးအေးဆေးဆေး နားကြပါ။ကျန်တာ ကျွန်တော်တို့ ကြည့်ရှင်းလိုက်မယ်"
မှာစရာရှိတာမှာပြီးသည်နှင့် မင်းမြတ် အပိုစကားမဆိုတော့ပဲ အခန်းထဲ ပြန်ဝင်လာလိုက်တော့ ဒီလေးက ကုတင်ပေါ်ထိုင်နေ၏။
"ပင်ပန်းနေတယ်မလား။နဲနဲထပ်အိပ်လိုက်ဦး"
မင်းမြတ်စကားကြောင့် ဒီဒီက ခေါင်းခါပြလိုက်ပြီး
"တစ်ကိုယ်လုံး တဆစ်ဆစ်ကိုက်နေတာ မအိပ်တော့ဘူး"
ချွေးစေးတို့စီးကျနေသော ဒီဒီ့နဖူးကို မင်းမြတ် တစ်ရှူးလေးဖြင့် ဖိသုတ်ပေးလိုက်ပြီး မင်းမြတ် ပုခုံးပေါ် မှီထားစေသည်။ဖြူဖျော့နေသော မျက်နှာကို မင်းမြတ်က တယုတယငေးကြည့် နေစဉ် မင်းမြတ်ပါးပြင်ထက်ဝယ် နွေးခနဲ အထိအတွေ့က စက္ကန့်ပိုင်းမျှသာ။
"ကလေး ကိုယ့်ကို လက်ခံနိုင်…အ့…"
မင်းမြတ် ဝမ်းသာအားရ ဒီလေးကို ဆွဲဖက်လိုက်စဉ် ညာဘက်လက်မှ အောင့်ခနဲ နာကျင်မှုကြောင့် အားခနဲထအော်မိသည်။
"ခင်ဗျားကတော့လေ ဖွ…ဖွ…မနာတော့ဘူး"
ကျောက်ပတ်တီးကိုင်ထားသော မင်းမြတ်လက်ကို အသာဆွဲကာ တဖွဖွနမ်းရင်း ဆိုလာသူကြောင့် မင်းမြတ်နှုတ်ခမ်းတစ်ခုလုံး ကွေးတက်သွားပြီး ဒီလေးမျက်နှာနား တရွေ့ရွေ့တိုးကပ်လိုက်တော့ ဒီလေးက ပြူးကြည့်လာ၏။မင်းမြတ်မျက်နှာ နီးကပ်လာသည်နှင့်အမျှ ဒီလေးက အယောင်ယောင် အမှားမှားဖြင့် မျက်လုံးကို မှိတ်ချပစ်၍ မင်းမြတ် အကြည့်များက ဖြူဖျော့ဖျော့ နှုတ်ခမ်းပါးလေးနားသို့ ရောက်ရှိလာသည်။အိတုံနေသော ဂျယ်လီတုံးလေးကို မြည်းစမ်းရန် မင်းမြတ် ပါးစပ်ဟလိုက်စဉ်
"ဝုန်း!"
"ဒီဒီ! အန်ကယ်ကြီးရေ…အူးဝါး…"
"အမေ့!"
"တယ် ဒီဖေ…"
ယခုမှ အရမ်းတွေ သိတတ်ပြီး စိတ်ပူပေးနေသည့် တူဖြစ်သူအား မင်းမြတ် ခပ်နာနာသာ ကျိန်ဆဲပေးလိုက်သည်။
"တသက်လုံး မိန်းမ မရမဲ့ကောင်"
Author's note-အမှန်က ဒီအပိုင်းကို အကစ်လေးရဲ့ မွေးနေ့အထိမ်းအမှတ်ဆိုပြီး ရေးထားတာကို အခုမှ တင်ဖြစ်တော့တယ်။မှိုင်းက လုံးဝကို ဇာတ်သိမ်းသွားပါပြီရှင်။S2မှာပါမဲ့ အတွဲလေးကတော့ တချို့ ရိပ်မိကြမှာပါနော်🙄 နောက်ထပ် ပုံစံတမျိုးလေးနဲ့ ရေးမှာမလို့ စိတ်ဝင်စားရင် S2ကို လိုက်ခဲ့ချင်ရင် လိုက်ခဲ့လို့ရပါတယ်ရှင်🥰