ဖွဲ့နှောင်ရစ်သည် [ Complete ]
By yeiksaryar
370K 10.9K 420
ခရမ်းရောင်ဟာ အာရှတိုက်ရဲ့ မဟာအဆန်ဆုံးအရောင်တစ်ရောင်တဲ့။​ခရမ်းရောင် မိဖုရားကတော့ကိုယ့်တစ်ဘဝလုံးအတွက် မဟာအဆန်ဆု... More
အခန်း (၁)
အခန်း (၂)
အခန်း (၃)
အခန်း (၄)
အခန်း(၅)
အခန်း (၆)
အခန်း (၇)
အခန်း (၈)
အခန်း (၉)
အခန်း (၁၀)
အခန်း (၁၁)
အခန်း (၁၂)
အခန်း (၁၃)
အခန်း (၁၄)
အခန်း (၁၅)
အခန်း (၁၇)
အခန်း (၁၆)
13.2K 639 42
By yeiksaryar
အခန်း (၁၆)
"ဟဲလို"
"သန့် ငါပါ မေမီ"
"သြော်...နံပါတ်အစိမ်းမို့ ဘယ်သူများလဲလို့"
"ဟုတ်တယ်၊ငါ မြန်မာပြည် ရောက်နေတယ်"
"ဟုတ်လား၊ဘယ်တုန်းက ရောက်တာလဲ။အန်တီတို့ရောလား"
"မာမီတို့မပါဘူး၊ကိုရှင်း ရယ် ငါရယ် နောက်ထပ် သူ့ ဘော်ဒါတစ်ယောက်ရယ်"
"အင်း"
"ကုမ္ပဏီမှာလား။ငါတို့လာခဲ့မယ်"
"ဧည့်သည်တွေနဲ့ ကုမ္ပဏီတော့ မလာခဲ့နဲ့ဟ။မပြန်ခင် ဆုံမယ်လေ တစ်ရက်"
"အခုက ငါတို့နှစ်ယောက်တည်းမို့ ခဏ ဝင်ခဲ့မယ်။ဘာရယ်မဟုတ်ဘူး။ကိုရှင်းက နေ့လည်မှ တွေ့စရာလူနဲ့ချိန်းထားလို့ ဒီကြားထဲ အားနေတာ"
"အင်း အင်း ပြီးရော "
.................
မေမီက အရင်တစ်ခါ သန့်ဆီ လာခဲ့ဖူးပြီးသားမို့ ကုမ္ပဏီရောက်သောအခါ ရုံးခန်းကို တန်း လာခဲ့သည်။
"ဟိုင်း သန့်"
"ဟဲလို ကိုရှင်း"
သန့် နိုင်ငံခြားသွားစဥ် နောက်ဆုံးအခေါက်တုန်းက သန့်နှင့် ကိုရှင်းကို မိတ်ဆက် ထားပေးပြီးသားမို့ တစ်ယောက်နှင့် တစ်ယောက် သိနေကြသည်။ကို ရှင်းက သန့်ကို ခဏတဖြုတ် လှမ်းဖက်ကာ နှုတ်ဆက်လိုက်သည်။ မေမီ့က သန့် လက်မောင်းကို သူ့လက်ဖြင့်ချိတ်ထားကာ တွယ်ကပ်နေသည်။
"ကိုကြီးရော "
"ကိုကြီးက အခုအိမ်မှာ။ခဏနေမှ ဒီရောက်မှာ"
"ဟုတ်လား။ဒီမှာ အခု နင် တစ်ယောက်တည်းလား သန့် "
"မဟုတ်ဘူး။ငါ့အခန်းထဲ သွားကြမယ်။ဒီမှာက အလုပ်စားပွဲပဲရှိလို့"
သန့်က ဦးဆောင်ကာ အခန်းထဲ ခေါ်သွားသည်။ အခန်းထဲတွင် ကုတင်ကို တန်းမြင် ရပြီး ကုတင်ဘေးတွင် စားပွဲခုံသေးသေးလေးတစ်ခု ခြားကာ တစ်ဖက်တွင် ဆိုဖာနဲ့စားပွဲ တစ်ဆက်တင်ရှိသည်မို့ ဝင်ထိုင်လိုက်ကြသည်။
"ထိုင်ကြဦးနော်။ကော်ဖီ ပဲ မို့လား မေမီ"
"အင်း"
သန့် ပြန်ထွက်လာကာ ထမင်းစားခန်းထဲသို့ဝင်လိုက်သည်။ ဧည့်သည်အတွက် စားစရာတစ်ခုခု ပြင်ဆင်ဖို့ လုပ်နေသည့် ခင်မင်းကို အနောက်ဘက်မှ ခပ်ဖွဖွလေး သိုင်းဖက်လိုက်သည်။
"မ"
"အင်း။ ကော်ဖီနှင့် ဒီမှာရှိတဲ့ဟာတွေဆို အဆင်ပြေလောက်လား"
"ပြေတယ်လေ။ သူတို့က ခဏပဲ"
ဆံပင်ကို ကလစ်ဖြင့် တစ်ဝက်သိမ်းညှပ်ထားကာ ကျန်သည့်ဆံနွယ်အရှည်တွေကို ဒီအတိုင်းဖြန့်ချထားသည့် ခင်မင်းပုံလေးမှာ ဘယ်လိုကြည့်ကြည့် ယဥ်လိုက်သည့် အလှပင်။
"ဖယ်ဦး ဒီမှာ အပူလောင်မယ်"
သန့်က ဆံပင်တွေ လက်ဖြင့် အသာသိမ်းဖယ်လိုက်ကာ ဂုတ်သားလေးကို ငုံ့မွှေး လိုက်ပြီးမှ ဖက်ထားတာကို လွှတ်ပေး လိုက်သည်။
"တို့ လိုက်ခဲ့မယ်။ဒါ အရင်ယူသွား။ဘယ်နှယောက်လဲ"
"မ ရောဆို လေးယောက်"
သန့်က မုန့် ပန်းကန်တို့ကို ယူကာ အခန်းထဲ ပြန်ဝင်သွားသည်။ ခင်မင်းလည်း ကော်ဖီအိုးလေးယူကာ ဆိုဖာတွင်ထိုင်၍ စကားပြောနေကြသော သန့်တို့ဆီ လျှောက်လာသည်။ ထိုင်နေကြပုံမှာ မေမီက သန့်ဘေးတွင် ပူးကပ်ထိုင်နေပြီး မျက်နှာ ချင်းဆိုင်တွင် ကိုရှင်း တစ်ယောက်တည်း ထိုင်နေသည်။
"ကော်ဖီ သောက်ကြပါဦးရှင်"
ဟင် ။ သူ့ဘေးတွင် ပေါ်လာသော အသံလေးကြားရမှ သူမကို ကိုရှင်း သတိပြု မိသည်။ ခင်မင်းဝင်လာတာကိုစကားပြောနေ၍ ကိုရှင်း မသိလိုက်။ ကော်ဖီအိုးကို စားပွဲပေါ် ချပေး၍ ခွက်လေးတွေထဲ ငဲ့ပေးနေစဥ် ငိုက်ကျသွားသော ဆံနွယ်ရှည် တွေကို လက်ဖြင့်သပ်ယူကာကျောပေါ်ပြန်ပို့လိုက်သော ထိုအမျိုးသမီး၏ပုံစံကို မြင်လိုက်ရစဥ်။ ထိုအချင်းအရာကို မြင်လိုက်ရစဥ်။
တစ်ခါမှ မဖြစ်ဖူးသော ခံစားမှုက ရင်ထဲ ဆောင့်ဝင်လာသည်။ နှလုံးခုန်နှုန်းမှာ ဒိန်းခနဲ။ အသံတွေ အရိပ်တွေ၊ စကားတွေ အကုန် နှေးကုန်ကာ မကြားရ တော့သလို ဖျော့တော့ ကုန်သည်။ တစ်လောကလုံး သူ့ဆီက ပျောက်ကွယ် သွားသလို ဘေးတစ်စောင်းမြင်နေရသည့် ထိုမျက်နှာလေးသာ ကျန်သည်။
နောက်ပြီး ကြည်စင် စိုလဲ့နေသော၊ အဖြူထက် အဝါဘက် အနည်းငယ် ပိုရောက်သော စိုဝင်းသည့်အသားအရေ။ ဝတ်ထားသည်ကကြက်သွေးရောင် မြန်မာဝတ်စုံမို့ ထိုဝင်းစိုပြေပြစ်မှုနှင့် လိုက်ဖက် ထည်ဝါလိုက်သည့်ဖြစ်ခြင်း။ ကျက်သရေရှိလှသည့်အမျိုးသမီးဆီက ကိုရှင်း မျက်လုံးများ မခွာမိ။
သူမ သူမ ဘယ်သူလဲ။ သူကိုယ်တိုင်တောင် မသိတဲ့ ကမ္ဘာထဲ ကျွံကျသွားရတဲ့လူ တစ်ယောက်လို အရာရာ မှော်ဆန်စွာ ထိုပုံရိပ်လေးသည်သာ ဝေ့ဝဲနေသည်။ အာရုံမှာ သူမ နဲ့သူသာ ရှိပြီး ပတ်ဝန်းကျင်တစ်ခုလုံး ကန်းသွားသလို၊ ဆွံအ သွားသလို သူ့ဆီမှာ ငြိမ်လွန်းသော ထိုမျက်နှာလေးသာ ရှိတော့သည်။
"မေမီကတော့ သိပြီးဖြစ်မှာပါ။ ဒါ သန့်ရဲ့အမျိုးသမီး ပါ ကိုရှင်း။ ဒေါ်ခင်မင်းရှိန် လို့ခေါ်ပါတယ်။  "မ" ဒါ မေမီ့ချစ်သူ ကိုရှင်းခန့်လီရို တဲ့"
"ဟုတ်ကဲ့ရှင့်။ တွေ့ရတာ ဝမ်းသာပါတယ်"
သန့် ပြောလိုက်သော အသံက ကိုရှင်းကို မှော်ရုံတောထဲမှ ပြန်ဆွဲခေါ်လိုက်သလို ဖြစ်သွားသည်။ သူ ဘယ်လောက်ထိ နစ် သွားသလဲ။ ဘယ်လိုမျိုး မျောနေခဲ့မိ လိုက်တာပါလဲ။ သတိဝင်လာပြီးသည့်နောက်မှာ "ဒါ သန့်ရဲ့အမျိုးသမီးပါ ကိုရှင်း" တဲ့။
သန့်ရဲ့ အမျိုးသမီးပါတဲ့။ အို...။ ဒါ သူတစ်ပါးပိုင်သည့် မိန်းကလေးပါလား။ မြင်မြင်ချင်းပင် ဘုရင်မလို ထင်မှတ် ဦးညွတ်လိုက်မိသည့် စိတ်တွင် သူတပါး၏ ပိုင်ဆိုင်ရာဟူသည့် သိမှုက ဦးနှောက်ထဲထိ ပြေးကန်သည်။"သန့်ရဲ့ အမျိုးသမီးပါ" ဆိုသည့်နောက်တွင် ချောက်ထဲ ပြန်ထိုးကျသွားသူလို ရင်ထဲတလှပ်လှပ် လစ်ဟာ သွားသည်။
ကမ္ဘာထဲတွင် ထိန်းကိုင်ထားစရာတစ်ခုမှ မရှိသည့်လူလို စိတ်ခံစားမှုဟာ ခြေလွှတ်လက်လွှတ်။ အမည်မသိသည့် တစ်စုံ တစ်ခုဖြင့် ရင်အုံတည့်တည့်ကို ထိုးစိုက်ခံလိုက်ရသလို စူးနစ်သွားသည်။ ထိုစူးနစ်နာကျင်မှုအပြင် တစစ်စစ် ကိုက်ခဲနေသလိုလည်း အဖျားခတ် ကျန်နေခဲ့သေးသည်။
"ဟုတ်ကဲ့ရှင့်၊တွေ့ရတာ ဝမ်းသာပါတယ်" တဲ့။ကိုယ်ကတော့ ဝမ်းသာရရုံ ဘယ်ဟုတ်မလဲ မိန်းခလေးရယ်။ ကိုယ် ကျရှုံးသွားပါတယ်။ မြင်မြင်ချင်း ကျရှုံးပြီး ခေါင်းငုံ့မိပါတယ်။ တုန်လှုပ်စွာ ရင်တစ်ခုလုံးနဲ့ ရင်းနှီးလိုက်မိပါတယ်။ ဘုရင်မတစ်ပါး လို ဒူးထောက်မိပြီး ကိုယ့်ကြင်ဖက် မိဖုရားလိုလည်း ပိုင်ချင် မိပါတယ်။ ကြောက်မိရင်းနဲ့ ရဲလည်း ရဲရင့်နေမိပါတယ်ကွယ်။
တစ်ဖက်တည်း တစ်ယောက်တည်းပါပဲ။ဘယ်လို စစ်ချီပြီးတိုက်ယူရ တိုက်ယူရ ရယူပစ်လိုက်ချင်ပါရဲ့။ ဝတ်ကျေ တန်းကျေ ပြုံးပြပြီး အသိအမှတ်ပြု နှုတ်ဆက် လိုက်သည့် မျက်လုံးတွေထဲထိ ကိုယ် ပြုတ်ကျသွားရပါတယ်။ အဲ့ဒီ မျက်ဝန်း ကြည်လဲ့လေး။ အဲ့ဒီ တည်ငြိမ် လင်းလက်မှုလေး။ကိုယ့်အတွက်တော့ စင်္ကြာဝဠာ ပါပဲ။
ပြောစရာ မလိုလောက်အောင် သူမ တစ်ကိုယ်လုံးဟာ အိန္ဒြေအပြည့်ပါပဲ။ ဒီ ဆံနွယ်ရှည်လေးတွေကို တို့ထိ မိချင်ပါရဲ့။ ဖွဖွလေး ယူကိုင်ပြီး ရှိုက်နမ်း ကြည့်ချင် ပါရဲ့။
အမှန်တကယ်က နှုတ်ဆက်အပြုံးလေးကို တစ်ချက်စိုက်ကြည့်ကာ ကိုရှင်း ခေါင်းကိုငုံ့ချလိုက်မိသည်။ အဲဒီ တဒင်္ဂ ဟာ အချိန်နာရီ စက္ကန့်လက်တံတွေနဲ့ ဘယ်လိုမှ မသက်ဆိုင်တဲ့ သီးခြားအချိန်ဖြစ်စဥ်တစ်ခုလိုပါပဲ။ သူ့ဆီမှာပဲ ဖြစ်သွားတဲ့ အချိန်ကာလရှည်ကြီးတစ်ခုလိုဖြစ်ပြီး ဝမ်းသာ နဲ့ ဝမ်းနည်း ကို ချက်ချင်း ခုန်ကူးလိုက်ရသူလို စိတ်အာရုံဟာ ရှော့ခ် ပါပဲ။
ငုံ့ထားသည့် မျက်လုံးအောက်ကို ဖြူသွယ်လှသည့် လက်ကလေးနှင့် ကော်ဖီ ခွက်ကလေး ဝင်ရောက်လာသည်။ လက်ပြန်ရုတ်သွားသည့်နောက်တွင် သူ့မှာ ကော်ဖီခွက်ကို မြင်သော်လည်း မတွေ့။ လက်ချောင်းလေးတွေကို မတွေ့တော့ သော်လည်း မြင်နေမိသေးသည်။
ဒီလက်ဖဝါးလေးကို ဆုပ်ကိုင်ကာ ဖြန့်ကြည့်ချင်မိသည်။နုရဲရဲလေး ဖြစ်နေမလား။ လက်ဖမိုးလေးကို ဆွဲယူ၍လည်း ကြည့်ချင်မိပြန်သေးသည်။ ဖြူမို့မို့လေးမို့ မထိရက်ချင်လောက်အောင်ကို သူ ကြင်နာမိမလား။ ကော်ဖီခွက်ကို ကိုင်ထား ရင်းမို့ လက်ကလေးနဲ့ပတ်သက်ပြီး လက်ဖမိုးကိုလည်း သေချာ မတွေ့ လိုက်ရ။ လက်ဖဝါးကိုလည်း သေချာမတွေ့လိုက်ရ။
သို့သော် နောက်ဆုံးမြှားချက်လို သူ့ခံစားသက်ဝင်မှုကို နှုတ်ယူသွားသယောင်ပင်။ သူ ရှုံးခဲ့ပြီ။ အဲ့ဒီအရှုံးကိုပင် ပိုင်ဆိုင်ရအောင် လုပ်ယူရပါမည်။ အဲ့ဒီ အရှုံးကိုပင် သူ အဆုံးရှုံးမခံရဲ။ မိန်းကလေးရယ်။ဒေါ်ခင်မင်းရှိန်လို့ ခေါ်ပါတယ် တဲ့လား။
........................
ကော်ဖီခွက်လေးတွေ လိုက်ချပေးပြီး ခင်မင်း သန့်၏ လွတ်နေသော ဘေး တစ်ဖက်တွင် ဝင်ထိုင်လိုက်သည်။ သို့သော် မေမီ့လို ပူးကပ်မနေ။ ခပ်ခွာခွာလေး ထိုင်သည်။
"ပြောပါဦး။နင်တို့က ဘာကိစ္စရှိလို့ လာတာလဲ။အလည်သက်သက်လား"
သန့်က မေမီ့ကို ဦးတည်၍မေးပေမယ့် ကိုရှင်း ဝင်ဖြေသည်။
"မဟုတ်ဘူး။ ကျွန်တော့်ကိစ္စပါ။ဒီမှာ အမွေရတဲ့ ဘိုးဘွားပိုင် စံအိမ် ကိစ္စနဲ့ လာတာ ပါ။ မေမီက ဒီအတိုင်း ကျွန်တော့်အတွက် သက်သက် လိုက်လာပေးတာပါ"
"သြော် ဟုတ်ကဲ့"
"သန့်ရော ဘယ်လိုလဲ ဒီမှာ အဆင်ပြေလား "
"ပြေပါတယ်။ကိုယ့်ရေ ကိုယ့်မြေမှာဆိုတော့ တစ်မျိုးကောင်းပါတယ်။ ဒါပေမယ့် ဖွံဖြိုးမှုအနေနဲ့ဆို မတူတာတွေ အများကြီးပေါ့။ အားသာချက် အားနည်းချက် ကတော့ အမြဲရှိနေတာပါပဲ"
"ဟုတ်တာပေါ့ဗျာ"
"မပြန်ခင်ဆုံကြဦးမယ်လေ။ဒင်နာစားကြမလား"
"ဟုတ်ကဲ့။ ကျွန်တော်တို့ မနက် ပဲခူးဘက်သွားဖို့ရှိတယ်။ ဆွေမျိုးနီးစပ် တစ်ယောက်ကို စုံစမ်းရဖို့ပါ။ အဲ့ကနေမှ တခြားမြို့ကို အမွေကိစ္စနဲ့ ထပ်ခရီးဆက်ရမယ်။အဲ့ဒီနောက်ပိုင်း ဆုံကြ မယ်လေ"
"ကိုရှင်းတို့အဆင်ပြေတဲ့နေ့ ဖုန်းဆက်လိုက်ပါ"
"ဒါနဲ့ မမခင်မင်းက လှလိုက်တာ။ မေမီတောင် သဘောကျမိတယ်"
"ကျေးဇူးပါ ညီမလေး"
မေမီဝင်ပြောတော့ ခင်မင်း အေးအေးဆေးဆေးလေး ပြန်ပြောသည်။
"သန့်နဲ့ ဘယ်လိုတွေ့တာလဲဟင်"
ထိုမေးခွန်းကိုကျ ခင်မင်း ချက်ချင်းမဖြေမိသေးခင် သန့်ကဝင်ပြောသည်။
"ငါက အရင်တွေ့တာလို့ ပြောရမလားပဲ။ မ က ငါ့ကိုတွေ့ခဲ့ပေမယ့် မသိခဲ့ဘူးဟ။ ငါက တွေ့ပြီးပြီးချင်းကို ချစ်သွားတာလေ"
ပြောပြီး သန့်က ခပ်ပြုံးပြုံးလေးလုပ်နေသည်။သို့သော် ကျန်လူများမှာ အကုန် တိတ်ဆိတ်နေကြသလိုပင်။ ကိုရှင်းမှာ စကားဝိုင်းတွင် ထိုင်နေပေမယ့် ခင်မင်းကို လုံးဝ ထပ်မကြည့်။ တွေ့ဖြစ်ကြသည့်အကြောင်းကို မည်သူမှ ထပ်မမေးကြ တော့သလို သန့်ကလည်း ဆက်မပြောတော့။ ကောင်းမြတ်တောင် မရောက် လာသေးခင် ပြန်သွားကြသည်။
သန့်တို့ဆီကနေ ထပြန်သည့်အချိန်ထိ ကိုရှင်း ခင်မင်းကို တစ်ချက်မှ ကြည့် မသွားပေ။ သန့်ကိုသာ နှုတ်ဆက်စကားဆိုသည်။ ကိုယ် မကြည့်ဘူးနော် မိန်းကလေး။ ကြည့်ဖို့ ကိုယ်အတွက်က လုံလောက်ပြီမို့ မြင်နေဖို့သာ ကိုယ် လုပ်ရပါတော့မယ် မိန်းကလေး။
.....................
အိမ်ခန်းထဲမှ သီးသန့်ဝရံတာလေးတွင် ခင်မင်းနဲ့ သန့်တို့ရှိနေကြသည်။ ည ရှုခင်းကို ကြည့်နေကြရင်း အဝေးက လွင့်လာသည့် ပုဇဥ်းရင်ကွဲ အော်သံ တွေလည်း  သူတို့ဆီ ရောက်လာတတ်သည်။
တစ်ခါ တစ်ခါကျတော့ လည်း ဘာသံမှ မကြားရသည်အထိ တိတ်ကျသွား တတ်သည်။ ဝှေ့တိုက်လာသော လေပြည်ထဲတွင် ပန်းတို့၏ ထုံသင်းမွှေးပျံ့သည့် ရနံ့လည်း လိုက်ပါလာတတ်သည်။ ထိုည ကောင်းကင်တွင် လရောင်မရှိ။ မော့ကြည့်လိုက်တိုင်း ပိန်းပိတ်အောင်မှောင်နေသည့် ထုထည်လွှာတစ်ခုကိုသာ တွေ့ရသည်။
"လ လည်းမထွက်ဘူးနော် ဒီည"
"ကိုယ်က လမိုက်ညတွေကို ပိုကြိုက်တယ် မ"
"ဘာလို့လဲ"
"ကောင်းကင်ကြီး မှောင်နေတော့ ကြယ်တွေကို ပိုမြင်ရတယ်လေ"
"သြော် ဒါတော့ဟုတ်သားပဲ"
"ဟိုမှာ ဘာကြယ်လဲ သိလား မ"
"ဘယ်မှာလဲ"
"ဟိုမှာလေ အဲ့ဒီ ကြယ်စုလေး"
"အဲ့ဒါ သိတယ်လေ။ ခွန်ဆန်လော ကြယ်။ မောင်ရင်ဆိုင်းထမ်း ကြယ်လို့လဲ ခေါ်ကြတယ် မဟုတ်လား"
"မ က သိတယ်ပေါ့။ရာဇဝင်ကိုရော သိလား"
"သိတယ်။ ရှမ်းလူမျိုးတို့ရဲ့ ရာဇဝင် မဟုတ်လား။ ပုံပြင်စာအုပ်တွေထဲလည်း ပါတာပဲ"
"မ ကပုံပြင်စာအုပ်တွေလည်း ဖတ်တာပဲလား"
"တို့က အကုန်ဖတ်တယ်။ မကြိုက်တဲ့စာအုပ် တချို့ ကျတော့လည်း အချိန် မပေးနိုင်ဘူးပေါ့"
"အင်း။ဒါနဲ့ ကိုယ်လေ အဲ့ဒီ ခွန်ဆန်လောနဲ့ နန်းဦးပြင် တို့ကို သင်္ဂြိုလ်ပေးလိုက်တဲ့ နေ့လေးကို အရမ်းသဘောကျတာပဲ။ ဝမ်းနည်းစရာ အဖြစ်လေးပေမယ့်ပေါ့"
"ဘာလဲ မီးခိုးတွေကနေ ကြယ်လေးတွေ ဖြစ်သွားကြလို့လား"
"ဟုတ်တယ် မ။ ဝါးဆစ်လေးတွေကိုတောင် မမူကြဘူးကွယ် သူတို့"
"အင်း"
"အဲ့ဒီကြယ်နှစ်လုံးမှာ အနီရောင်ပိုတောက်တဲ့ကြယ်က ဘယ်သူလဲ သိလား"
"အဲ့ဒါ တို့ မသိဘူး"
"မသိရင် အနမ်းပေး။ ပြောပြမယ်"
"မပေးပါဘူး။မသိချင်နေ"
"သိချင်စရာကောင်းတယ်နော် မ။အဲ့တော့ နမ်းမလား"
ပြီတီတီလုပ်ကာ ခင်မင်းဆီ နည်းနည်းတိုးကပ်လာသော သန့်ကို တွန်းထုတ်ကာ ဖြေသည်။
"မနမ်းပါ"
သန့်က ပို၍ ပို၍ လိုက်စသည်။ခင်မင်းလည်း နည်းနည်းမှ အလျော့မပေး။ သူတို့ ဆီက ရယ်သံလေးတွေ လျှံထွက်လာကြသည်။ ထိုအချင်းအရာမှာ ညရောင်ထဲမှ ကြည်နူးစရာ အသိုက်အမြုံကလေးလို ဖြစ်နေလေရဲ့။
"ဒါနဲ့ မ ၊ Munch ရဲ့ The Scream ကို ကြိုက်လား"
"ကြိုက်တယ်လေ။ဘာဖြစ်လို့လဲ"
"အိမ်မှာ ချိတ်ချင်လား ဝယ်ပေးမလို့"
"မူကွဲတွေမို့လား။ အဲ့ကား ကြိုက်ပေမယ့် အိမ်မှာတော့ မချိတ်ချင်ဘူး"
"ဒါဆို ဘယ်လိုကားမျိုးလေး သဘောကျလဲ။ အိမ်မှာချိတ်ဖို့ ပန်းချီကားတချို့ ဝယ်မလို့"
"နိုင်ငံခြား ပန်းချီတွေက ကားအစစ်တွေမဟုတ်တောင် ဒီကနေဆို ရှာဝယ်ရ မခက်ဘူးလား။ ပြည်တွင်းက ဆရာမ နုနုရဲ့ကားဖြစ်ဖြစ် ဆရာ ကြီးမြင့်စောရဲ့ ကားဖြစ်ဖြစ် ကြည့်ရမလား မသိဘူး"
"အင်း မ သဘောကျတာ ရွေးထားလေ ။ ဒါမှမဟုတ် ကိုယ် သဘောကျတာ ဝယ်ပေးရမလား"
"မင်းသဘောကျတာပဲ ဝယ်လိုက်လေ။ ဆရာမ နုနုရဲ့ ကားတွေထဲက ဆို အရောင်လေးတွေ အရမ်းအေးချမ်းတယ်။ ပုံလေးတွေကလည်း ချစ်စရာ ကောင်းလို့"
"ဟုတ် မ"
ညအိပ်ယာဝင်ကြတော့လည်း သန့်က ခင်မင်းကို ယုယချင်မိသည်။ ကြင်နာ ချင်သည်။ အရင်လို ပြန်ငြင်းဆန် တွန်းကန်မှုများ မရှိတော့ပေမယ့် ခင်မင်းက လွယ်လွယ်နဲ့ခေါင်းမညိတ်။
သန့်က ခေါ်ဆောင်ပြီဆိုလည်း ခရီးလမ်းကြမ်းကို လိုက်ပါရသူလို မောပမ်းရစမြဲ။ ခက်ခဲနေရစမြဲပင်။ ဤ လမ်း ဤ ခရီးဟာ ခင်မင်းအတွက် အသားမကျသေးပေ။
သို့သော် ရောက်အောင်တော့လိုက်သွားရစမြဲ။ လမ်းခရီးတစ်လျှောက်ပန်းရနံ့တွေ ရှူရှိုက်ရသည့်အခါ တမေ့တမော ငေးနေမိပြီး လိပ်ပြာကလေးများ တွေ့ရင် လိုက်ဖမ်းဆုပ်ဖို့ ကြိုးစားရရှာသည်။ ပျားပတုန်းကောင်လေးများ တွေ့ရင်ဖြင့် ကြောက်သလို ရှောင်မိသည့်အခါလည်းရှိသည်။
ထိုအခါမျိုးတွင် သန့်က တိုးတိုးလေး အမိန့်ပေး၏။ မကြောက်ဖို့၊စိတ်လျှော့ထားဖို့ သူ့လက်ကို ကိုင်ထားဖို့ သန့်ပြောသမျှ နားထောင်ပေးရှာသည်။ တစ်ခါတလေ သန့်အင်္ကျီရင်ဘတ်ဟာ ခင်မင်း၏ အားကိုးတကြီး ဆုပ်ကိုင်ထားစရာ ဖြစ်သလို သန့်၏ ပုခုံးလိုနေရာကို မှီတွယ်ထားမိတာမျိုးလည်း ရှိသည်။ အားလုံးပြီးပြီဆို ဆံပင်လေးများသပ်ပေးကာ သန့်က အမြတ်တနိုးပြုမူမြဲပင်။
* * * * *
Yeik Hsar Yar
ဖတ်ပြီးရင် Vote ပေးကြပါဦးနော် 😉🖤
မန်ဘာဝင်ပြီး fb paid group မှာ စ/ဆုံးဖတ်လို့ရပါတယ်။
မန်ဘာဝင်ချင်သူများ အောက်က Paradi Thant fb page ကိုဆက်သွယ်ပေးပါနော်🖤
https://www.facebook.com/profile.php?id=100077713401928&mibextid=ZbWKwL
Continue Reading
You'll Also Like
224K 15.8K 45
ဘယ်သူပိုချစ်တာလဲလို့ မမေးနဲ့.. အချစ်ဆိုတဲ့ အရာကို ကိုယ်ဖော်ပြတတ်သလို ဖော်ပြခဲ့တာချည်းပဲ... ..................................
126K 10.2K 44
53.9K 7.3K 110
မပိုင်း၄၅၆ကနေစပြီးဖတ်ပေးကြပါဦး
208K 8.2K 54
"ရှင့်ကိုသိပ်မုန်းတယ် ဒေါ်မြတ်သဒ္ဒါသွေး"