"ဟိတ်..ကိုကိုစောင့်နေရတာကြာသွားလား ဟီး.."
"မကြာသေးပါဘူးကွာ..ကိုယ်လည်းခုမှရောက်တာ"
"Baby အိမ်မှာ မေမေနဲ့ စကားပြောနေတာ ပိစိလေး..နောက်ကျသွားတယ်"
လက်အမူအရာလေးနဲ့အတူ မျက်လုံးလေးတစ်ဖက်မှိတ်ပြီး ပြောလိုက်တဲ့ ကောင်မလေးဟာ မြင်သူတကာ လည်ပြန်ငေးရလောက်အောင် ချစ်ဖို့ကောင်းနေလေသည်
"ဟား..baby ရာ ဘယ်လိုတွေ ချစ်ဖို့ကောင်းအောင် လုပ်နေတာလဲကွာ သူများတွေမြင်ကုန်မှာပေါ့ ကိုယ်သဝန်တိုအောင် လုပ်နေတာလား"
"ဟုတ်ပါဘူး ကိုကိုကလဲ baby က ကို့ကိုအချစ်ဆုံးဆိုတာ သိတယ်မလားလို့ ဟီးဟီး.."
Coffee ဆိုင်တွင်းက စားပွဲဝိုင်းလေး တစ်ခုမှာ ချစ်ကြည်နူးနေကြတဲ့ ကောင်လေးနဲ့ ကောင်မလေးဟာ မြင်ရသူတိုင်း လိုက်ဖက်လှသည်ဟု မချီးမွမ်းဘဲ မနေနိုင်လောက်အောင်ပင် တစ်ကယ် ချစ်စရာကောင်းတဲ့ စုံတွဲလေးပင်ဖြစ်သည်
ကျွန်မထိုချစ်သူနှစ်ဦးထိုင်နေတဲ့ ဝိုင်းလေးကို ဆိုင့်ထောင့်လေးက စားပွဲဝိုင်းကနေ ကြည့်နေမိတယ်
ကျွန်မကလား? ကျွန်မက အရမ်းချစ်ကြပုံရတဲ့ ချစ်သူနှစ်ဦးထဲကကောင်လေး "မာန်ဘုန်းအောင်" ရဲ့ သူငယ်ချင်းပါ
ကျွန်မရဲ့ အထက်တန်းက ယောကျ်ားလေးသူငယ်ချင်း တစ်နည်း ကျွန်မ သိပ်မြတ်နိုးမိခဲ့တဲ့ လူတစ်ဦးပေါ့...ရယ်လိုက်တိုင်း ချိုင့်ဝင်သွားတဲ့ ပါးချိုင့်လေးနှစ်ဖက်ရယ် နှာတံချွန်ချွန်လေးရယ် မျက်ဆံအညိုလေးတွေက ကျွန်မရဲ့ ယစ်မူးဖွယ်ရာလေးတွေ ဖြစ်ခဲ့တာပေါ့..
ကျွန်မတို့နှစ်ယောက်ဟာ အထက်တန်းနှစ်မှာမှ စတွေ့ကြတာ ဆိုပေမယ့်လည်း အကြိုက်နဲ့စရိုက်တူလို့လားမသိ ခုအချိန်ထိကို အခင်အမင်မပျက်သေးပါဘူး
ကျွန်မ၇တန်းနှစ် သူကျောင်းပြောင်းလာတုန်းကသူ့ကို စတွေ့တုန်းကတော့ အဲ့လောက်ထိ သတိမထားမိဘူး သူရုပ်ချောတာလေး တစ်ခုတော့ သတိထားမိတယ်။ ၈တန်းနှစ်ကျမှ စကားစပ်မိကြရင်း သူနဲ့ ကိုယ်နဲ့ အကြိုက်တွေတူနေတာကို သိခဲ့ရတယ် ဗီဒီယိုဂိမ်းတွေ အစားအစာတွေ အို..စုံနေတာပါပဲ နောက်တော့ ငယ်ပေါင်းကြီးဖော်တွေလိုကို ရင်းနှီးသွားကြတော့တာပါပဲ
ရင်းနှီးမှုကနေတစ်ဆင့်သူ့အပေါ် ကျွန်မအချစ်တွေပေါက်ဖွားလာခဲ့ပုံရပါတယ် သူကလည်း ကျွန်မအပေါ် အရမ်းကောင်းပေးခဲ့တော့ ကျွန်မကိုယ့်ကိုကိုယ်မထိန်းချုပ်နိုင်ဘဲ သူ့အပေါ်လုံးလုံးလျားလျား ကျရှုံးသွားတော့တာ..
တစ်နေ့မှာ ဒီဇင်ဘာဆောင်းရာသီ မနက်ခင်းကြီး ကျွန်မအိပ်ရာထနောက်ကျလို့ ကပျာကယာ ထရင်း အမေ့လွန်ပြီး အနွေးထည်ကျန်ခဲ့တယ် ကျောင်းရောက်တော့ ချမ်းလိုက်တာများကျွန်မတစ်ကိုယ်လုံးတုန်နေတာပဲ အဲ့အချိန် သူရောက်လာပြီး..
"သွန်းခ.. နင် အနွေးထည်မပါဘာမပါနဲ့ ချမ်းရချမ်းကိုဟာ နင်ဟာလေ အမြဲမေ့နေတာပဲ ရော့ ငါ့ဆွယ်တာ ဝတ်ထားလိုက်.."
"ငါရပါတယ်ဟာ နင့်ဟာငါဝတ်လိုက် နင်ချမ်းနေမှာပေါ့ နင့်ဘာသာ ဝတ်ပါ"
ကျွန်မတုန်နေအောင်ချမ်းနေပေမယ့်လည်း သူအအေးမိမှာကိုပိုစိုးရိမ်မိတယ်
"ငါနောက်တစ်ထည်ပါသေးတယ် ရော့ ဒါနင်ဝတ်လိုက် ငါသွားပြီ"
"ငါရ..ဟဲ့..မာန်..နေဦးလေ"
လက်ထဲ ဆွယ်တာကြီး အတင်းထိုးထည့်ပြီး ပြေးထွက်သွားတဲ့ သူ့နောက်ကျောပုံရိပ်လေးက အရာအားလုံးကို မေ့မေ့လျော့လျော့ဖြစ်တတ်တဲ့ကျွန်မအတွက် ကျွန်မရင်ထဲမှာတော့ မေ့မရတဲ့ အမှတ်တရလေးတစ်ခုပါပဲ..
ကျွန်မဘေးနားက သူငယ်ချင်းတွေကလည်း ပြုံးစိစိနဲ့ သူတို့ သိနေတယ် ဆိုတဲ့ ပုံစံတွေနဲ့ ကျွန်မကို စနေကြသေးတယ်။ အဲ့တုန်းက ကျွန်မတို့က တစ်ကယ် ဘာမှမဟုတ်တာကို ကျွန်မဘယ်လိုပြန်ဖြေရှင်းရမှန်းကို မသိခဲ့ပါဘူး
ကျွန်မလဲ ဘာမှ ပြောမနေတော့ပဲ သူ့ဆွယ်တာလေးကိုပဲဝတ်လိုက်တယ် ဆွယ်တာမှာ သူ့ကိုယ်သင်းရနံ့လေးတောင်ရနေသလိုလိုပဲ ဆွယ်တာပေါ်က ရနံ့လေးကို လူမသိအောင်ခိုးခိုးနမ်းရတာလည်း ကျွန်မအတွက် ရင်ဖိုစရာတစ်ခု ဖြစ်ခဲ့တာပေါ့
ဘယ်ကနေ ဘယ်လို သူ့ဆီမှာ ကျရှုံးသွားမှန်းတောင် မသိလိုက်ပါဘူး ကျွန်မ သတိထားမိတော့ ကျွန်မနှလုံးသားလေးက သူ့ဆီက ဆွဲထုတ်လို့မရအောင်ကို ကျွံဝင်သွားခဲ့ပြီ
ဘယ်လိုရူးမိုက်စွာ တွေးခဲ့မှန်းတော့မသိဘူး သူဟာ ကျွန်မအတွက်ပဲလို့ပဲ ထင်ခဲ့တာ။ ကျွန်မမှာသူပဲရှိသလို သူ့မှာကျွန်မပဲရှိတယ် ဆိုပြီးတော့ပေါ့..
--------
၈တန်းနှစ်ကိုလွန်လို့ ၉တန်းနှစ်တောင်ရောက်လာပါပြီ ကျွန်မ သူ့ကို ဖွင့်မပြောသေးဘူး ဒီတိုင်းလေးပဲ အဆင်ပြေမယ်လို့ ထင်ခဲ့မိတာ သူမုန်းသွားမှာကို ကြောက်မိတာလည်း ပါတာပေါ့ ကျွန်မသိပ်မှားတယ် သူ့ကို ကျွန်မရဲ့ခံစားချက် ဖွင့်ဟဝန်ခံခဲ့သင့်တာ
၉ တန်းနှစ်စ အဲ့တုန်းက
"လှိုင်းသွန်းခ..ငါနင်နဲ့တိုင်ပင်စရာရှိတယ်"
မာန် ကျွန်မနာမည်ကိုအပြည့်အစုံခေါ်လိုက်ကတည်းက နည်းနည်း အရေးကြီးမှန်း သိလိုက်ရပါတယ်
"အင်း ပြောလေ"
-----------
စာကြည့်စားပွဲမှာ စာလုပ်နေတုန်း နေ့လည်က မာန်ပြောတဲ့ စကားတွေကို ကျွန်မပြန်တွေးမိသွားတယ်
"ငါ..ငါ ကောင်မလေးတစ်ယောက်ကို သဘောကျနေတယ်"
ဘုရား..ဘုရားတမိလောက်အောင်ပင် ကျွန်မရင်ထဲ ဒိန်းကနဲပင် ဖြစ်သွားသည် *ခု..ခု မာန်က ငါ့ကို ရည်ညွှန်းနေတာလား* *ဒါမှမဟုတ် ဘယ်သူ့ကိုလဲ* *ငါ့ကိုဆိုရင်ရော ငါ ဘာဆက်လုပ်ရမလဲ* ဆိုပြီး တစ်ယောက်တည်း အတွေးများနေတုန်း မာန်က...
" သွန်းခ နင်ကြားလား"
"ဟမ် အင်း ဆက်ပြောလေ"
"ငါလေ မိန်းကလေးသူငယ်ချင်းထဲမှာ နင့်ကိုအခင်ဆုံးဆိုတော့ နင့်ကိုတိုင်ပင်ချင်လို့ပါဟာ ငါ့ကို ကူညီလေနော်.. ငါ ၈တန်းကကောင်မလေးကို စိတ်ဝင်စားနေလို့ ငါ့ကိုကူညီပေးပါလား"
ကျွန်မရင်ထဲ တင်းကျပ်သွားသလို ခံစားလိုက်ရတယ် ဝမ်းနည်းမှုကြီးလှိုက်တက်လာကာ နေရာမှာတင် ငိုချချင်စိတ်ပေါက်သွားတယ် ကိုယ်သဘောကျနေတဲ့ လူက သူသဘောကျနေတဲ့ ကောင်မလေးအကြောင်းကိုကိုယ်နဲ့လာတိုင်ပင်တဲ့ခံစားချက် အဲ့ခံစားချက်ကြီးက ဆိုးရွားလိုက်တာများ ရင်ဘတ်ကို ဓါးပေါင်းများစွာနဲ့ အစိမ်းလိုက်ခွဲနေသလိုပါပဲ..
ကျွန်မရှေ့က မာန်ကတော့ သူသဘောကျနေတဲ့ ကောင်မလေးအကြောင်းကို စီကာပတ်ကုံးလို့ ပြောပြနေပေမယ့် ကျွန်မ ဘာမှမကြားနိုင်တော့ဘူး
"ငါဘယ်လိုကူညီပေးရမှာလဲ"
ဝဲတက်လာတဲ့ မျက်ရည်တွေကို အသာထိန်းပြီး သူ့ကို ပြန်မေးလိုက်ပေမယ့် ကျွန်မအသံတုန်နေတာကိုတော့ မထိန်းလိုက်နိုင်ဘူး
"တကယ်..တကယ်လား"
ကျွန်မကူညီမယ်လည်းဆိုတော့ သူ့မျက်နှာလေးက ပြုံးပျော်လို့ ကျွန်မအသံတွေတုန်နေတာတောင် သတိထားမိပုံမပေါ်ဘူး။ ခုဏက ကောင်မလေးအကြောင်းပြောနေကတည်းကသူ့မျက်လုံးထဲက အညိုရောင်မျက်ဆံလေးတွေက တောက်ပနေသလိုပဲ ခုတော့ ထိုမျက်ဆံလေးတွေကို ပိုင်ဆိုင်မဲ့ လူတစ်ယောက်ပေါ်လာတော့မှာပေါ့ ကျွန်မ မနာလို ဖြစ်လိုက်တာ။ ဒါပေမယ့် ဘာတတ်နိုင်ပါ့မလဲ ကျွန်မအတွက်တော့သူပျော်ဖို့က အဓိကပဲ..
"အေး ကျေးဇူးပါဟာ နင်ငါ့ကို ကူညီပေးနော် သွားပြီနော် သူငယ်ချင်း"
သူငယ်ချင်း...ဟုတ်ပါတယ်လေ ကျွန်မဟာ သူ့အတွက် သူငယ်ချင်း တစ်ယောက်ထက်မပိုခဲ့ပါဘူး ကျွန်မသာ တစ်ဖက်သတ်အတွေးတွေနဲ့ ကိုယ့်ကိုကိုယ် အထင်မှားနေမိခဲ့တာပဲ
သူက ကျွန်မအပေါ်မှာသာ ကောင်းတာမှမဟုတ်တာ သူက လူတိုင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံတတ်တာပဲ
"ဟား.."
ကျွန်မတော့ ရူးနေပြီထင်ပါရဲ့..
----------
တွေးရင်းတွေးရင်း ကျွန်မမျက်လုံးတွေ ပူနွေးလာသလိုခံစားလာရတယ်။ ကျွန်မကိုယ့်ကိုကိုယ်မငိုဖို့သတိပေးရင်း မျက်ရည်တွေကို အညှာတာမဲ့ သုတ်နေပေမယ့်လည်း မျက်ရည်တွေက တားလို့မရအောင်ပင် တလိမ့်လိမ့်ကျနေခဲ့တယ်
မာန်ရာ နင်ငါ့ကိုပြုစားနိုင်လိုက်တာ
ဘဝမှာ ပထမဆုံးအသဲကွဲခြင်းက သေမတတ်နာတယ် ဒါပေမယ့် နင်က ငါ့အတွက် တန်ဖိုးထားရတဲ့သူမလို့ ငါမမုန်းပါဘူး နင်ပျော်ဖို့က ငါ့ဆန္ဒပါ ငါနင့်ကို သေချာပေါက်ကူညီမှာပါ....
-----------
ကျွန်မဆုံးဖြတ်ထားသလိုပဲ သူတို့ကိုကူညီခဲ့ပါတယ် မာန်ကြိုက်နေတဲ့ ကောင်မလေးကို သူ့အစား လက်ဆောင်သွားပေးတာမျိုး အရိပ်အမြွက်သွားပြောတာမျိုး အကုန်လုံး ကျွန်မလုပ်ပေးခဲ့တယ် ကောင်မလေးဆီက တုံ့ပြန်မှု တစ်ခုလောက်ပြန်ရလာရင် မာန့်မျက်နှာက ပြုံးပျော်လို့ ဒီလိုလေးသူပျော်နေတာကိုမြင်ရတော့လည်း ကျွန်မ ရင်နာကျိုးနပ်ပါတယ် ကျွန်မကျေနပ်ပါတယ်....
အဲ့ဒီကောင်မလေး "မေသစ္စာနှင်း" ကလည်း ချစ်စရာအရမ်းကောင်းတယ် ကျွန်မသူ့ဆီ တစ်ဆင့်သွားပြီး လက်ဆောင်ပေးတိုင်းလည်း ရှက်ပြုံးလေးနဲ့ အတော်လေးချစ်စရာကောင်းတဲ့ ကလေးမလေး။ အဲ့လိုတွေကြောင့်ပဲလည်း မာန်က သူ့ကို သဘောကျမိသွားတာ နေမှာပေါ့(သူ့ဘေးနားကကျွန်မကို မမြင်နိုင်ဘဲကျော်ပြီးတော့လေ)
မာန်ကလည်းရုပ်ချောပြီး အဘက်ဘက်က ပြည့်စုံနေသူဆိုတော့ သေချာပေါက်ကောင်မလေးက ဘယ်ငြင်းနိုင်မလဲ နှစ်လလောက်အကြာမှာပဲ သူတို့ ချစ်သူတွေဖြစ်သွားကြတယ်
အဲ့နေ့ မာန်သူမကို ဖွင့်ပြောတဲ့နေ့က ကျွန်မ သူတို့အနားမှာ ရှိနေခဲ့တယ်။ အမှန်တော့ အဲ့နေ့က ကျွန်မစာအုပ်ဝယ်စရာရှိလို့ စျေးထွက်ဝယ်ပြီး အပြန် coffee ဆိုင် ဝင်ထိုင်တာ။ မထင်မှတ်ပဲ ခဏကြာတော့ မာန်နဲ့မေသစ္စာနဲ့ ဝင်လာပြီး ကျွန်မနဲ့ သိပ်မဝေးတဲ့ စားပွဲလေးမှာ ထိုင်ကြတယ်။ သူတို့ကတော့ ကျွန်မကို မမြင်နိုင်ပေမယ့် ကျွန်မကတော့ရှင်းရှင်းလင်းမြင်ရ ကြားနေရတယ်...
ဆိုင်ထဲမှာ Conan ရဲ့ Heather သီချင်းလေးက ဆိုင်လေးကို လွှမ်းလို့။ သူတို့ကို သွားနှုတ်ဆက်ရင်ကောင်းမလားတွေးနေတုန်း အချင်းချင်းရယ်မောပြောနေကြတာတွေ့တော့ ရင်နာနာနဲ့ပဲ ဒီအတိုင်းထိုင်နေလိုက်တယ်
"မေလေး ကိုယ်ပြောစရာရှိတယ် သေချာနားထောင်ပေးနော်"
"ဟုတ်ကိုဘုန်း"
"ကိုယ်လေ မေလေးကို သဘောကျနေတာကြာပါပြီ မေလေးလည်း ရိပ်မိမှာပါ ကိုယ်..ကိုယ်လေ အခု မေလေးနဲ့ တရားဝင်ချစ်သူတွေဖြစ်ချင်တယ် ကိုယ်မင်းကိုချစ်တယ် ကိုယ့်ကို လက်ခံပေးပါနော်"
"ကို..ကိုဘုန်း.."
"မေလေး ကိုယ့်ကိုအဖြေပြန်ပေးပါကွာနော်.."
"ဟုတ် ညမ..ညမ ကို..ကိုဘုန်းအချစ်ကိုလက်ခံပါတယ်"
ရှက်ပြုံးလေးနဲ့အတူ ခေါင်းငုံ့သွားသော မေသစ္စာနှင်းသည် မာန်ဘုန်းအောင် မျက်လုံးထဲတွင်တော့ ချစ်စဖွယ်အတိ
"ဟား..ကိုဝမ်းသာလိုက်တာကွာ ဒါဆို ဒါက ကိုယ်တို့ရဲ့ first day ပေါ့နော်"
"ဟုတ်"
ကျွန်မအရာ အရာအားလုံးကို မြင်နေကြားနေရတယ် ကျွန်မရင်ထဲ မွန်းကျပ်လာပြီး လူမရှိတဲ့ နေရာတစ်ခုကိုသွားပြီး အော်ပစ်လိုက်ချင်တယ် ကိုယ့်ကိုကိုယ်အဆင်ပြေနေပြီလို့ ထင်နေပေမယ့်လည်း တကယ်တမ်း လုံးဝအဆင်ပြေမနေပါဘူး
ဖတ်လက်စ စာအုပ်လေးရဲ့အပေါ်မှာ အစက်လေးတစ်စက် ကျွန်မမျက်ရည်လေး ထင်ပါရဲ့
ပြုံးပျော်နေတဲ့ သူတို့နှစ်ယောက်ကိုကြည့်ပြီး
မရည်ရွယ်ဘဲ မျက်ရည်ကျလာမိတယ် ဒီထက်ပိုမဆိုးလာခင် ဆိုင်က ထပြန်ဖို့ပြင်လိုက်တယ် သူတို့နှစ်ယောက်ကတော့ ကျွန်မကို ဘယ်မြင်ပါ့မလဲ
--------
ကျွန်မသူတို့နှစ်ယောက်ကိုကြည့်ရင်း ထိုအချိန်က အတွေးတွေက တစ်စစီတစ်စစီ ပြန့်ကျဲနေတယ် ကျွန်မအတွေးတွေပြန်စုလိုက်ပြီး ဖတ်လက်စ စာအုပ်လေးကို ပိတ်လို့ သူတို့နှစ်ယောက်ဆီနှုတ်ဆက်ဖို့သွားလိုက်တယ်
"မာန်ဘုန်းအောင်၊ မေသစ္စာနှင်း"
"ဟာ..သွန်းခ"
"မမသွန်း"
"မတွေ့တာတောင်ကြာပြီ သူငယ်ချင်း ဟိုတစ်ခါ တွေ့ဆုံပွဲကတည်းက မတွေ့ရတာမလား"
"အင်းလေ ငါနင်တို့ကို တွေ့လို့ လာနှုတ်ဆက်တာ coffeeလာသောက်တာလား"
"ဟုတ်တယ် မမ မမရောလား"
"ဒီဆိုင်က အမဆိုင်ပါ အမဖွင့်ထားတာ သိပ်မကြာသေးဘူး အပြင်အဆင်က အဆင်ပြေရဲ့လာ"
"ဝိုး ဒီဆိုင်ကမမဖွင့်ထားတာလား အပြင်အဆင်လေးက ချစ်စရာလေး ဒီဆိုင်လေးက internet မှာ ရေပန်းစားနေလို့ ကိုကို့ကိုခေါ်ပြီး လာတာ မမဆိုင်မှန်း မသိလိုက်ဘူး"
"ဟင်း..ဟုတ်တယ် အေးအေးဆေးဆေးစားကြနော် မမ လုပ်စရာရှိလို့ အိမ်ပြန်လိုက်အုံးမယ် မာန်နင်လည်း မှာစားနော် ဒီတစ်ဝိုင်းဖိုးငါ 10% လျှော့ပေးမယ်"
"ငါ့သူငယ်ချင်းကပ်စေးကုပ်ကတော့ကွာ အေးပါ 10% ဆိုတော့လည်း အဲ့လိုပဲပေါ့ ဟားဟား"
"Haha အေးပါဟာ ငါသွားပြီ ညမလေး အမ သွားပြီနော်"
"ဟုတ်မမ"
"အေးအေး ဂရုစိုက်သွားအုံး"
သူတို့ကို အပြုံးလေးနဲ့ တုံ့ပြန်လိုက်ပြီး ဆိုင်ကထွက်လာလိုက်တယ် နှစ်တွေကြာသွားလို့ထင်ပါရဲ့ အရင်လောက်မနာကျင်တော့ဘူး အရင်လိုလည်း သူ့အပေါ် မကြင်နာတော့ဘူး ထင်ပါရဲ့ ဒီလောက်ဆို လုံလောက်ပြီမလား ကျွန်မလဲ ဘဝသစ် အချစ်သစ် ရှာဖို့ပဲ စိတ်ဆုံးဖြတ်လိုက်တယ် ဖုန်းထဲက fav playlist က Conan ရဲ့ Heather သီချင်းလေးကိုလည်း ဖယ်ပစ်ဖို့အချိန်တန်ပြီ ထင်ပါတယ်.......
××××××××
28.1.2023
ပြီးပါပြီ ပထမဆုံး one shot လေးမို့ မကောင်းမကန်းအရေးအသားလေးကို ဖတ်ပေးကြလို့ ကျေးဇူးပါလို့ အမှားပါရင်လည်း ထောက်ပြပေးပါ ဖတ်ပေးတဲ့ တစ်ယောက်စီတိုင်းကို ကျေးဇူးပါလို့ ^^
ကိုယ့်သူငယ်ချင်းALinTeeရေးထားတဲ့ bl one shot လေးကိုလည်း အားပေးကြပါအုံးလို့ ကျေးဇူးပါ♡....