အပိုင်း(၁၃) - တံခါးပေါက်များ
ဇီယန်၏အိမ်သည် အရှေ့ပိုင်းခရိုင် ယွမ်ရင် ရပ်ကွက်အတွင်းတွင်ရှိသည်။
ထိုအချိန်ကာလက သူမသည် နာမည်ကျော်ဆယ်လီတစ်ယောက်ဖြစ်သောကြောင့် သူမဝယ်ယူခဲ့သော အိမ်ကြီးမှာ ခမ်းနားသည့် အပန်းဖြေအိမ်ကြီးဖြစ်သည်။
အိမ်သည် မျက်နှာကျက်အမြင့် နှစ်ထပ်ကွန်ဒိုအိမ်ဖြစ်သည်။ ပထမထပ်နှင့် ဒုတိယထပ်၏ စုစုပေါင်း အကျယ်အဝန်းမှာ ၄၀၀ စတုရန်းမီတာခန့်ရှိသည်။
ဇီယန် ထိုအိမ်ကိုဝယ်ယူစဉ်က တစ်စတုရန်းမီတာကို ယွမ်တစ်သိန်းခွဲ ရှိသည်။ အိမ်အတွက် ပြုပြင်မွမ်းမံခြင်းနှင့် ပရိဘောဂများ အပါအဝင် ယွမ်သန်း ၇၀ နီးပါးအသုံးပြုခဲ့သည်။ ဤအိမ်သည် တရုတ်နိုင်ငံမည်သည့်နေရာတွင်မဆို ခမ်းနားသော အိမ်အဖြစ်သတ်မှတ်နိုင်သည်။
ဇီယန် အဲဒီအချိန်က ပိုက်ဆံအမြောက်များရှိသော်လည်း အနားယူပြီး ငါးနှစ်အတွင်း သူမ သုံးခဲ့သည် ငွေပမာဏမှာလည်း အသေးအမွှားမဟုတ်ပေ။ ယနေ့တွင် သူမ၏ဘဏ်စုငွေထဲ၌ ယွမ် ၁၀ သန်းခန့်သာ ကျန်တော့သည်။
ထိုငွေပမာဏသည် သာမာန်လူများအတွက် တစ်သက်လုံးစာ လုံလောက်သည်ထက် ပိုမိုများနေပေမည်။ သို့သော် ဇီယန်၏အမြင်တွင် ထိုငွေပမာဏမှာ မလုံလောက်ပေ။
သူမသည် မုန့်မုန့်အား သာလွန်ကောင်းမွန်သော ဘဝကို ပေးချင်သည်။ ဒါက သူမ အနားယူခဲ့ပြီးမှ ပြန်လာရသည့် အကြောင်းအရင်းများထဲက တစ်ခုဖြစ်သည်။
အမှန်တော့ သူမ အနားယူရာမှပြန်လာရသည့် အကြီးမားဆုံးသော အကြောင်းအရင်းမှာ သူမ၏ ကျော်ကြားလိုသည့် အိပ်မက်ကြောင့်ဖြစ်သည်။ သူမသည် ထိုအိပ်မက်ကို လက်မလျှော့လိုပေ။
အိမ်ထဲတွင်...
"မုန့်မုန့် အန်တီဝမ်နဲ့ ကစားရတာပျော်ရဲ့လား" ဇီယန်ပြုံးပြုံးလေးမေးလိုက်သည်။
မုန့်မုန့်ကိုတွေ့လိုက်ရတော့ သူမ၏နှလုံးသားထဲမှ လေးလံမှုများ ရုတ်ချည်းပျောက်ကွယ်သွားသည်။ မုန့်မုန့်နှင့် အတူရှိချိန်တွင်သာ သူမ၏မျက်နှာပေါ်ရှိအေးစက်မှုကို ပြေပျောက်စေပြီး နူးညံ့ချိုသာသော အပြုံးကို ဆောင်ထားနိုင်မည်ဖြစ်သည်။
အန်တီဝမ်သည် ဇီယန်လစာမြင့်မြင့်ဖြင့် ငှားရမ်းထားသည် ကျွမ်းကျင်ကလေးထိန်းဖြစ်သည်။ အန်တီဝမ်၏နာမည်မှာ ဝမ်ကျွမ့် ဖြစ်ပြီး သူမသည် မုန့်မုန့်အားပြုစုစောင့်ရှောက်ရန်နှင့် အိမ်ကိုသပ်ရပ်အောင် ပြင်ဆင်ရသည့် တာဝန်ယူထားသည်။
"ပျော်တော့ပျော်တယ်....ဒါပေမဲ့...နည်းနည်းလေးမှ တကယ်ကိုနည်းနည်းလေးပဲ။ ဖေဖေနဲ့ကစားတုန်းကလောက် မပျော်ဘူး။ ဖေဖေ့ကို လွမ်းနေပြီ" မုန့်မုန့်သည် သူမ၏နှုတ်ခမ်းလေးကို စူပြီး ပြောလိုက်သည်။
"သူ့အလုပ်တွေပြီးသွားရင် သမီးဖေဖေကို သမီးတွေ့ရမှာပါ" ဇီယန်ရယ်မောစွာပြောသည်။
အခုချိန်မှာတော့ ဇီယန်သည် ကျန်းဟန်နှင့်မုန့်မုန့်အား အရမ်းကြီးတွေ့ခွင့်မပြုဘူး ဟုတွေးထားပြီးသားဖြစ်သည်။
ထိုအချိန်တွင်.....
ဇီယန်သည် မင်းသမီးလေးနှင့်ပျော်ရွှင်စွာကစားနေချိန်တွင် မြို့တွင်းရှိ ဆိုဖာပေါ်တွင်လဲလျောင်းနေသော ကျန်းဟန်သည် မျက်လုံးများကို ဖြေးညှင်းစွာဖွင့်လိုက်သည်။
"ဟမ်...ည ၈ နာရီထိုးနေပြီ"
ကျန်းဟန် ထထိုင်လိုက်သည်။ နေ့ခင်းကတည်းက သူအိပ်ပျော်သွားခဲ့ခြင်းဖြစ်၏။ အချိန်အကြာကြီး အိပ်ပျော်သွားသည်တောင်မှ ပင်ပန်းနွမ်းနယ်နေသေးသည်။
ကျန်းဟန်၏ဗိုက်ထဲက တဂွီဂွီမြည်ကာ ညစာသွားစားရန် လိုအပ်ကြောင်း သတိပေးနေသည်။
ကျန်းဟန် အနီးအနားရှိစားသောက်ဆိုင်တစ်ဆိုင်သို့သွားကာ သွေးအားကောင်းစေသော အစားအသောက်အချို့ကို မှာလိုက်သည်။
ကြက်သားနက်စွပ်ပြုတ်၊ ဟင်းနုနယ်ရွက်ကြော်၊ ဝက်အသည်း နှင့် ဘရောင်းရှူးဂါးခွက်ကြီးတစ်ခွက် ဖြစ်သည်။
ကြက်သားနက်စွပ်ပြုတ်သည် အလွန်လတ်ဆတ်သည်။ သို့သော် ကျန်းဟန်အရသာခံစွမ်းရည်ကြောင့် ကြက်သားအနည်းငယ်စားပြီးနောက်မှာတော့ ကြက်နက်သားသည် လွတ်ကျောင်းကြက် အစစ်မဟုတ်ကြောင်း ချက်ချင်းသိလိုက်သည်။
ကြက်ရူးဟုလူသိများသော လွတ်ကျောင်းကြက်များသည် ကြီးထွားမှုနှုန်းမြန်စေသော ဓာတုအစာများကို မကျွှေးပဲ သဘာဝအတိုင်း အိမ်တွင်းမွေးမြူထားသည့်ကြက်များဖြစ်သည်။ အသားတိုးစေသော အစာကျွေးသည့် မွေးမြူရေး ကြက် ဘဲများမှာ အရွယ်အစားပို၍ကြီးသော်လည်း သင့်တင့်သည့်အာရဟာဓာတ်မရှိသည့်အပြင် ၎င်းတို့တွင် လူ့ခန္ဓာကိုယ်ကို ဘေးဖြစ်စေသည့် ဓာတုပစ္စည်းများ ပါရှိသည်။
လွှတ်ကျောင်းကြက်များသည် ကွဲပြားခြားနားသည်။ ကဏ္ဍတိုင်းတွင် လွှတ်ကျောင်းကြက်များသည် မွေးမြူရေးကြက်များထက် များစွာသာလွန်သည်။ အထူးသဖြင့် လွှတ်ကျောင်းကြက်များက ပိုမွှေးပြီး နူးညံ့သည့် အရသာရှိသည်။
နောက်တစ်ခုကတော့ စူပါးမားကတ်များတွင် ပုံမှန်ဝယ်လေ့ရှိသည့် မွေးမြူရေးကျက်များကို အိုးတစ်လုံးထဲထည့်ပြီး တစ်နာရီလောက်ပြုတ်လိုက်လျှင်ပင် အလွယ်တကူအကျက်လွန်သွားခြင်းဖြစ်သည်။ အခြားတစ်ဖက်တွင်မူ လွတ်ကျောင်းကြက်သားကို တစ်နာရီလောက်ပြုတ်ထားလျှင်ပင် ၎င်း၏အသားက တင်းမာနေဆဲဖြစ်သည်။ ဒါသည် လွတ်ကျောင်းကြက်များက မွေးမြူရေးကြက်များထက် ပိုကောင်းရခြင်း အကြောင်းဖြစ်သည်။
ရလဒ်အနေဖြင့် လွှတ်ကျောင်းကြက်သားပေါက်ဈေးမှာ ယွမ် ၁၀၀ နှင့် အထက်ရှိပြီး မွေးမြူရေးကြက်သားမှာ ပုံမှန်အားဖြင့် ယွမ် ၂၀ ဝန်းကျင်ဖြစ်သည်။ ပြောရလျှင် လွှတ်ကျောင်းကြက်သားကို ယွမ် ၅၀ မှ ၇၀ အထိဖြင့် ရောင်းချသည်များမှာ အများအားဖြင့် အတုများဖြစ်သည်။
ကျန်းဟန် လက်ရှိစားနေသော ကြက်နက်သားကို မီနူးတွင် လွှတ်ကျောင်းအိမ်မွေးကျက်ဟု ဆိုသည်။ သို့သော် ၎င်းမှာ မှားနေသည်ကို သူသိလိုက်သည်။
ရိုးရိုးသားသားပြောရလျှင် ကျန်းဟန် ဒါကိုစိတ်မရှိပေ။ ယန်မိုးကြိုးသစ်ပင်ကို စိုကပ်ပြီးနောက်တွင် သူကိုယ်တိုင် မွေးမြူနိုင်သည်။ ဒါပေမဲ့ အရင်ဆုံး သူ၏လက်ရှိအခြေအနေကို ကောင်းမွန်အောင်လုပ်ရမည်ဖြစ်သည်။
သွေးဆုံးရှုံးမှုလွန်ကဲခြင်းကြောင့် ကျန်းဟန်သည် သူ့ကိုယ်သူ ကြက်နက်တစ်ကောင်လုံးကို ကုန်အောင်စားစေလိုက်သည်။ စွပ်ပြုတ်နှင့် သကြားညိုရေ တစ်ခွက်ကိုသောက်ပြီး ဟင်းနုနယ်ရွက်ကြော်နှင့် ဝက်အသည်းတစ်ပန်းကန်လုံးကုန်အောင်စားလိုက်သည်။ အားလုံးကိုစားသောက်ပြီးနောက် ကျန်းဟန်၏ ဗိုက်သည် ပူဖောင်းလာသည်။
ကျန်းဟန် စားသောက်ဆိုင်တွင် ၁၀ မိနစ်ခန့် အနားပေးရန် ထိုင်နေခဲ့သည်။ ငွေရှင်းပြီးနောက် ကျန်းဟန်သည် စားသောက်ဆိုင်မှ ထွက်သွားပြီး ကျန်းလီကို ဖုန်းဆက်ကာ သူမငှားထားသည့် တိုက်ခန်းသို့ ဦးတည်သွားလိုက်သည်။
ငှားထားသော တိုက်ခန်းသည် ၈၈ စတုရန်းမီတာကျယ်ဝန်းပြီး အခန်းနှစ်ခန်းနှင့် ဧည့်ခန်းပါရှိသည်။ တိုက်ခန်း၏ အပြင်အဆင်သည် မိန်းကလေးနှစ်ယောက်၏ ဂရုစိုက်မှုကြောင့် ကျေနပ်နှစ်သိမ့်မှုရှိသည်။
ကျန်းလီ၏အိပ်ခန်းထဲတွင်
ကျန်းဟန်သည် သူ၏ပါးစပ်ကိုလှုပ်ကာမေးလိုက်သည်။
"ရှောင်လီ မြေယာဌာနက တစ်ယောက်ယောက်ကိုသိလား"
"နေပါဦး ။ အစ်ကို မင်းမျက်နှာက ဘာလို့ဖြူဖျော့နေတာလဲ။ ဖျားနေတာလား" ကျန်းလီ စိုးရိမ်စိတ်ဖြင့် မေးသည်။
"အိပ်နေတုန်း အအေးသွားမိလို့ဖြစ်မှာပါ။ ဘာမှမဖြစ်ပါဘူး စိတ်ပူမနေနဲ့" ကျန်းဟန် ပြုံးကာ ခေါင်းယမ်းလိုက်သည်။
"ဘာလို့ မြေယာဌာနက တစ်ယောက်ယောက်ကို သိလား မေးတာလဲ" ကျန်းလီ စိတ်ဝင်စားစွာ မေးသည်။
"ငါ ... ငါ တောင်တစ်လုံးငှားချင်လို့"
"ဖွီး ..." ကျန်းလီ တံတွေးပင် နင်သွားသည်။ မျက်လုံးကိုပြူးပြီး
"ငါနားကြားမှားတာမဟုတ်ဘူးမလား အစ်ကို။ တောင်ကို ဘာလုပ်ဖို့ ငှားချင်ရတာတုန်း"
"ဘာမှ စိတ်ရှုပ်မနေပါနဲ့" ကျန်းဟန်က ကျန်းလီ၏ ပုခုံးကို အသာအယာပုတ်ပြီး ပြောလိုက်သည်။
"ငါ အပင်တစ်ချို့ စိုက်ဖို့ တောင်ငှားချင်တာပါ"
"အပင်တစ်ချို့စိုက်ဖို့အတွက်နဲ့တော့ တောင်တစ်လုံးငှားဖို့မလိုဘူးမလား။ ဟောင်ကောင်မှာက အစ်ကိုငှားချင်တယ်ဆိုတိုင်း တောင်တစ်လုံးငှားလို့ရမယ်ထင်နေလား။ တကယ်လို့ ငှားလို့ရတယ်ဆိုဦးတော့ ငှားခက မဖြစ်နိုင်လောက်အောင် မြင့်မှာ့သေချာတာ။ အစ်ကို မင်းကတော့ မနိုင်တော့ဘူးပဲ" ကျန်းလီ သံက သံမဏိဖြစ်မလာသည့်အတွက် မုန်းတီးသည့်လေသံ ပြောလိုက်သည်။
[ သံက သံမဏိဖြစ်မလာသည့်အတွက်မုန်းတီးသည် ဆိုတာ တစ်စုံတစ်ယောက်ရဲ့မျှော်လင့်ချက်ကို မဖြည့်ဆည်းပေးနိုင်တဲ့ အတွက် စိတ်ပျက်မိတယ် ဆိုတဲ့ အဓိပ္ပာယ်ပါ။ တရုတ်စကားပုံထင်တာပဲ အင်္ဂလိပ်ဘာသာပြန်ဆရာက အဲ့အတိုင်းပြောထားတယ်]
"အချိန်တန်ရင် မင်းနားလည်လာလိမ့်မယ်။ တောင်နဲ့ပက်သက်ပြီးတော့က ငှားဖို့သေချာတယ်။ ဒါကြောင့် မြေယာဌာနမှာ အလုပ်လုပ်တဲ့ အသိ ရှိလား"
"ငါတော့ တစ်ယောက်မှမသိဘူး။ ခဏနေဦး လီအန်းနာ ကိုသွားမေးလိုက်မယ်" ကျန်းလီ အခန်းထဲမှပြေးထွက်သွားသည်။
လီအန်းနာသည် တိုက်ခန်းအတူငှားနေသည့် အခန်းဖော်ဖြစ်သည်။ သူမသည် ရှန်ဟိုင်းတက္ကသိုလ်တွင် လေးနှစ်ကျောင်းတက်ခဲ့သည်။ ဘွဲ့ရပြီးနောက် ကုမ္ပဏီကြီးတစ်ခုတွင် ရုံးဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ပြီး လူတော်တော်များများနှင့် ရင်းနီးခဲ့သည်။
လီအန်းနာသည် အရပ် ၁.၆ မီတာခန့်ရှိသည်။ သူမအရပ်အမောင်းနှင့် သေးသွယ်သည့်မျက်နှာက ချစ်စရာကောင်းသည့် အသွင်ဆောင်နေသည်။ လီအန်းနာသည် အရပ်ရှည်သော ကောင်လေးများအား နှစ်သက်သည်။ အရပ် ၁.၈ မီတာရှိသည့် ကျန်းဟန်ကို တွေ့တော့ မျက်လုံးများတောက်ပလာပြီး နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ အစ်ကိုကျန်း"
"မင်္ဂလာပါ" ကျန်းဟန် ခေါင်းညိတ်လိုက်သည်။
"အစ်ကိုကျန်းက တောင်တစ်လုံးငှားချင်နေတယ်လို့ ကျွန်မကြားတယ်။ ဘယ်တောင်ကို မျက်စိကျနေတာလဲ" လီအန်းနာ ပြုံး၍မေးလိုက်သည်။
သူမသည် အရပ်ရှည်သောယောက်ျားများကို နှစ်သက်သော်လည်း မြင်ရုံနှင့်ချစ်မိသွားမည် ဟုမဆိုလိုပေ။ ဒီကမ္ဘာပေါ်တွင် မြင်မြင်ချင်းချစ်မိသည် အဖြစ်က ဘယ်လောက်များရှိလို့လဲ။
"လခြမ်းတောင်"
"လခြမ်းတောင်လား" လီအန်းနာ၏မျက်နှာသည် အနည်းငယ်ပြောင်းလဲသွားသည်။ ဒါကိုသူမ မမျှော်လင့်ထားပေ။ သူမ၏လေသံမှာ အနည်းငယ်လေးနက်လာသည်။
"လခြမ်းတောင်က ဒီလောက်မရိုးရှင်းဘူး။ ဟောင်ကောင်ရဲ့ အရာရှိတွေတောင် လခြမ်းတောင်ကို ဖွံ့ဖြိုးရေးလုပ်နိုင်ဖို့ မသေချာဘူး။ ကုန်အောင်ပြောရရင် လခြမ်းတောင်က လခြမ်းပင်လယ်ကွေ့ဘေးမှာရှိတာ။ လခြမ်းတောင်ကို ဖွံဖြိုးစေချင်ရင်တောင် မြေယာလေလံဆွဲရသေးတယ်။ ပြတ်ပြတ်သားသားပြောလိုက်မိလို့ ခွင့်လွှတ်ပါ။ ဒါပေမဲ့ အစ်ကိုကိုယ်တိုင်လည်း ငှားချင်ချင်နေတာဆိုတော့ မျှော်လင့်ထားပြီးသားဖြစ်မှာပါ"
ကျန်းဟန် မျက်မှောင်ကြုတ်လိုက်သည်။
"ဒါဆို ရေတိုငှားရင်ကော။ တစ်နှစ်ကနေ ငါးနှစ်လောက် အထိငှားရမှာပေါ့"
လခြမ်းတောင်အတွင်းရှိ စိတ်ဝိညာဉ်ရေကပင် ကျန်းဟန်အား အလျှော့မပေးစေဖို့ လုံလောက်သည်။
'အဲ့ဒါက တကယ်ကိုမဖြစ်နိုင်ဘူးဆိုရင် ငါတောင်တစ်ခုလုံးကို အတင်းသိမ်းပိုက်ရမှာပဲ။ သေမျိုးကမ္ဘာရဲ့ ဥအဒေတွေက ငါ့ကိုတားဆီးနိုင်မှာတဲ့လား' ကျန်းဟန် တွေးလိုက်သည်။
အမှန်ပင် ဟန်ယန်အင်မော်တယ်ဧကရာဇ်ဖြစ်တဲ့ သူသည် အမှန်ပင် အကျင့်စာရိတ္တကောင်းမွန်သူဖြစ်သည်။
"ရေတိုလား" လီအန်းနာ အနည်းငယ်မင်သက်သွားပြီး "ရေတိုငှားမယ်ဆိုရင်တော့ ဖြစ်နိုင်လောက်ပါတယ်။ ငါ့သူငယ်ချင်းကို အရင်ဆုံး အဲ့အကြောင်း ဖုန်းဆက်ပြီးမေးကြည့်လိုက်မယ်"
"ကျေးဇူးပါ"
လီအန်းနာ သူမ၏ဖုန်းကိုထုတ်လိုက်ပြီး ကျန်းဟန်၏ရှေ့မှာပင် သူမသူငယ်ချင်းကို ဖုန်းခေါ်လိုက်သည်။ သူမသည် အမှန်တကယ်ကို နွေးထွေးသည့်နှလုံးသားရှိသူဖြစ်သည်။
ဖုန်းပြောပြီးနောက် လီအန်းနာ ပြုံးကာပြောလိုက်သည်။
"မနက်ဖြန် မနက် ၇ နာရီကျရင် ဖုန်းဆက်ပြီး သူနဲ့ အဲ့ဒီအကြောင်းပြောဖို့ တွေ့နိုင်တယ်လို့ သူပြောတယ်။ ကြည့်ရတာ အစ်ကိုကျန်း လခြမ်းတောင်ကို ငှားဖို့ မျှော်လင့်ချက်ရှိတယ်ထင်တယ်။ မနက်ဖြန်ကျရင် သူ့ကိုဆက်သွယ်လိုက်ပါ။ သူ့နာမှာက လျူမုံ့ ပါ။ သူ့ဖုန်းနံ့ပါတ်က 555-XXXX ပါ"
"ကောင်းပြီ ကျေးဇူးပါပဲ။ အန်နာ ညစာစားပြီးပြီလား? ညစာလိုက်ကျွေးပါရစေ" ကျန်းဟန် ပြုံးပြုံးလေးပြောလိုက်သည်။
ကျန်းဟန်၏ ယဉ်ကျေးသိမ်မွေ့သော စကားလုံးများနှင့် တောက်ပသောအပြုံးက လီအန်းနာအား ကျန်းဟန်အပေါ်ကောင်းမွန်သည့်အမြင်ကိုပေးစွမ်းသည်။ သို့သော် သူမ ခေါင်းခါကာ ပြုံးလျက်ပြန်ပြောလိုက်သည်။
"ကျွန်မက ညစာမစားဘူး။ ညဘက် အစားစားတာက မြန်မြန်ဝလာစေတယ်လေ။ အစ်ကိုကျန်း မင်းအဲ့လောက်ယဉ်ကျေးနေဖို့မလိုပါဘူး ကျွန်မက ကျန်းလီနဲ့ အရမ်းရင်းနီးပါတယ်"
"ကောင်းပြီ ကောင်းပြီ အဲ့လောက်ကောင်းနေဖို့မလိုပါဘူး။ ငါအလုပ်သွားရတော့မယ်၊ အစ်ကို မင်းဒီမှာနေမှာလား" ကျန်းလီကမေးလိုက်သည်။
ကျန်းဟန်မတ်တပ်ရပ်ပြီးပြောလိုက်သည်။
"ငါ မီလန်ရပ်ကွက်ကို ပြန်တော့မှာ"
သူ့ညီမကိုနှုတ်ဆက်ပြီးနောက် အောက်ထပ်သို့ဆင်းလာပြီး ခရမ်းပြာရောင်ဂျစ်ကားကို မောင်းနှင်ကာ မီလန်ရပ်ကွက်ရှိ သူ၏အိမ်သို့ ပြန်သွားခဲ့သည်။
စူပါမားကတ်တစ်ခုကို ဖြတ်သွားသောအခါ ကျန်းဟန်သည် စူပါမားကတ်ထဲသို့ဝင်ကာ သကြားညိုနှင့် စွန်ပလွံသီးနီများကို ဝယ်ခဲ့သည်။ အိမ်ပြန်ရောက်သည့်အခါ ကျန်းဟန် သကြားညိုနှင့် စွန်ပလွံသီးနီတစ်အိုး ကျိုပြီး သုံးခွက်သောက်လိုက်သည်။ ဒါက သူကို နည်းနည်း အားရှိအောင် ကူညီပေးသည်။
စောစောအိပ်လိုက်ပြီး နောက်တစ်နေ့ မနက် ၇ နာရီတွင်အိပ်ယာထပြီး လျူမုံ့ ကိုဖုန်းခေါ်လိုက်သည်။ သူတို့နှစ်ယောက် မနက် ၈ နာရီတွင် မီလန်ရပ်ကွက်အနီးရှိ စတားဘတ်တွင် တွေ့ဆုံရန် ဆုံးဖြတ်လိုက်ကြသည်။
လျူမုံ့သည် စတားဘတ်သို့ အချိန်မှန်ရောက်ရှိလာသည်။
"မင်္ဂလာပါ မစ္စတာကျန်း"
ကျန်းဟန်ကို တွေ့လိုက်တော့ သူ့လက်ကို စိတ်အားထက်သန်စွာ ဆန့်ထုတ်လိုက်သည်။
ကျန်းဟန်ခေါင်းညိတ်ပြလိုက်သည်။ လက်ဆွဲနှုတ်ဆက်ပြီးနောက် လျူမုံ့ကိုအကဲခတ်လိုက်သည်။ လျူမုံ့သည် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ပိန်ပိန်ပါးပါး အသားညိုညိုနှင့်ဖြစ်သည်။ လျူမုန့်၏အပြုအမူများကြောင့် သူသည် ပါးနပ်သော လူတစ်ယောက်ဖြစ်ကြောင်း မြင်နိုင်သည်။
"လခြမ်းတောင်ကို ငှားချင်တယ်လို့ကြားတယ်"
"ဟုတ်ပါတယ်"
"လာမယ့်နှစ်တွေမှာ လခြမ်းတောင်ကို ချဲ့ထွင်ဖို့ အစီအစဉ်တွေ ရှိလာနိုင်တယ်။ တခြားတောင်ကို ငှားဖို့ရော စဉ်းစားထားသေးလား" လျူမုံ့က ပြုံးပြုံးလေးပြောလိုက်သည်။
"မရှိပါဘူး။ လခြမ်းတောင်ကို ငှားလို့ရနိုင်မလားလို့ မေးချင်ပါတယ်"
"ဒါဆို ကျွန်တော်မေးချင်တာက လခြမ်းတောင်ကို ဘာအတွက်ငှားဖို့ ရည်ရွယ်ထားတာလဲ"
"တစ်ခုခု စိုက်ချင်လို့ပါ"
"ဒီကိစ္စကို ဖြေရှင်းဖို့က မလွယ်ဘူး။ ဒါပေမဲ့ ခင်များက အန်နာ ရဲ့ သူငယ်ချင်းဆိုတော့ ကျွန်တော် ကူညီပြီး မေးပေးနိုင်ပါတယ်။ ဒါပေမဲ့ ငှားလို့ရတယ်ဆိုရင်တောင် ကန့်သတ်ချက်တွေတော့များလိမ့်မယ်။ ဥပမာ - သစ်ပင်ခုတ်လှဲတာ၊ ဒါမှမဟုတ် တောင်ကို ပြင်ဆင်တာမျိုးတွေ လုပ်လို့မရဘူး။ ဒီလိုအခြေအနေမျိုးကို လက်ခံနိုင်ပါ့မလားမသိဘူး" လျူမုံ့ပြောသည်။
"ကျွန်တော်လက်ခံနိုင်ပါတယ်" ကျန်းဟန်ခေါင်းညိတ်လိုက်ပြီး
"ခင်များမှာ တခြားတောင်းဆိုစရာတွေရှိရင် ကျွန်တော့်ကို အခု ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်"
ဤစကားသည် လျူမုံ့ကြားချင်သောစကားဖြစ်သည်။ ပြောရရင် သူက ကျန်းဟန်ကို အလကားမကူညီချင်ပေ။ အခုမှ သူပိုပြီး စိတ်အားထက်သန်လာသည်။ မနက် ၉ နာရီထိ စကားပြောပြီးနောက် လျူမုံ့က နှုတ်ဆက်ဖို့ ထရပ်လိုက်ပြီး ကျန်းဟန်ကို ညကျလျှင် တိကျသည့် အဖြေတစ်ခု ပေးမည်ဟု ပြောခဲ့သည်။
နေ့လည်ခင်းတွင် ကျန်းဟန်သည် သူ၏သွေးကို အားတိုးစေသော အရည်အသွေးမြင့်အမဲသား၊ ပင်လယ်မှော်ပင် နှင့် အခြားသော အစားအသောက်များ သွားဝယ်ခဲ့သည်။ ထိုအရာများ ဝယ်ပြီးသည်နှင့် သူ၏သွေးအားကောင်းစေသည့်တရုတ်တိုင်းရင်းဆေးအချို့ဝယ်ရန် တရုတ်တိုင်းရင်းဆေးဆိုင်သို့သွားခဲ့သည်။ ကျန်းဟန်သည် သူ၏ခန္ဓာကိုယ်ကို အားရှိစေရန် တစ်နေကုန် အိမ်တွင် ကုန်ဆုံးရန် ရည်ရွယ်ထားသည်။ သွေးဆုံးရှုံးမှု လွန်ကဲပြီးနောက် ၎င်းမှာ မဖြစ်မနေလိုအပ်ပေသည်။
မဟုတ်ပါက သူသည် သွေးအားနည်း၍ သေသွားနိုင်သည်။ ၎င်းသည် ရာစုနှစ်၏ဟာသ ဖြစ်လာပေလိမ့်မည်။
......
တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်၌....
အင်ပါယာဖျော်ဖြေရေးကုမ္ပဏီတွင် ဇီယန်နှင့်ကျိုးဖေးသည် သီချင်းနားထောင်ရင်း သီးသန့်ခန်းထဲတွင်ထိုင်နေကြသည်။
သီချင်းတစ်ပုဒ်ပြီးတစ်ပုဒ်နားထောင်ရသည်မှာ အလွန်ပင်ပန်းသည်။
ပင်ပန်းရခြင်း၏ အဓိကအကြောင်းအရင်းမှာ Music Library ရှိ သီချင်းများသည် တစ်ခါတစ်ရံ အလွန်ရိုးစင်းလွန်းပြီး မကြာခဏ အမှိုက်သီချင်းများဖြစ်နေသောကြောင့် ဖြစ်သည်။
သိုသော် ဇီယန်နှင့်ကျိုးဖေးမှာ ရွေးချယ်စရာမရှိပေ။ ဤသည်မှာ တစ်ခုတည်းသော ရနိုင်သည့် သီချင်းများဖြစ်သည်။
ဇီယန်၏ အလွန်ကောင်းမွန်သည့် အသံသည် ဤသီချင်းများ၏ အရည်အသွေးကိုမြှင့်တင်နိုင်သောကြောင့် ၎င်းတို့ကိုရွေးချယ်ရမည်ဖြစ်သည်။ ဤလမ်းကြောင်းသည် ခက်ခဲသောလမ်းဖြစ်သော်လည်း ဇီယန်က ဆက်လက်လျှောက်လှမ်းရန် ဆန္ဒရှိခဲ့သည်။
တစ်နေကုန်ပြီးနောက်တွင် သင့်တော်သော သီချင်းအပုဒ်ရေ ၃၀ ကျော်ကိုသာ ရွေးလို့ပြီးခဲ့သည်။ သင့်တော်သည့် သီချင်း အပုဒ် ၁၀၀ ရွေးပြီး ထိုထဲကမှ ပိုကောင်းသော သီချင်းများကို ပြန်ရွေးထုတ်ရန် ရည်ရွယ်ထားသည်။
-C 13 End