အး(၄) - သတ္တိရှိအောင်လေ့ကျင့်ခြင်း
ကျန်းဟန်သည် မင်းသမီးလေးအား အမြန်ချော့လိုက်သည်။
သူသည် ဖခင်တစ်ယောက်၏ဘဝအတွေ့အကြုံကို ပထမဆုံးအကြိမ် ခံစားလိုက်ရပြီး ချွေးပြန်သွားသည်။ ကလေးတစ်ယောက်ကို ချော့မော့ခြင်းသည် အမှန်တကယ်ကို လေ့လာသင်ယူရန်လိုအပ်သော အရည်အချင်းတစ်ခုဖြစ်သည်။
"ပူတူးတူးလေး..." ကျန်းဟန် ခနစဉ်းစားပြီး
"ဖေဖေ သမီးကို မေးခွန်းတစ်ခုမေးလို့ရမလား? သမီးက ဘာလူမျိုးလဲ"
"သမီး..က... တရုတ်ပါ"
"အဲ့ဒါသေချာလို့လား?" ကျန်းဟန်ပြောလိုက်သည်။
"သမီးစဉ်းစားကြည့် သမီးနာမည်က အမ်မလီနော်။ သမီးက အမေရိကန်မဟုတ်ဘူးလား"
"မဟုတ်ဘူး"
မင်းသမီးလေးသည် ကျန်းဟန်ပြောသည်အား မကျေမနပ်ဖြင့် နှုတ်ခမ်းလေးစူကာ
"သမီးက ... တရုတ်လူမျိုး" ဟုပြန်ပြောလေသည်။
"သမီးက တရုတ်လူမျိူးဆိုရင် သမီးတရုတ်နာမည်တစ်ခုလိုတယ်မလား?"
"အွန်း...ဟုတ်တယ်"
"ဟဲဟဲဟဲ ... "ကျန်းဟန် ညစ်ကျယ်ကျယ်ရယ်လိုက်ပြီး ပြောလိုက်သည်။
"ဒါဆို သမီးနာမည်ဘယ်လိုခေါ်လဲ"
"အမ်?" မင်းသမီးလေးမှ မည်သို့ပြန်ဖြေရမှန်းမသိတော့။
"သမီးက ကျန်းယွီမုန့် လို့ခေါ်တယ်။ သမီးရဲ့ ချစ်စနိုးနာမည်က မုန့်မုန့်"
ကျန်းဟန်ထပ်ပြောလိုက်သည်။
"သမီးက..." မင်းသမီးလေးသည် သူမကိုယ်သူမညွှန်ပြလိုက်ပြီး ပြောလိုက်သည်။
"ကျန်း...ယွီ...မုန့်...မုန့်မုန့်, မုန့်မုန့်"
"မှန်တယ်!" ကျန်းဟန် ဟက်ဟက်ပက်ပက်ရယ်လိုက်ပြီး မင်းသမီးလေးက 'မုန့်မုန့် မုန့်မုန့်' ဟူသော စကားလုံးကို ထပ်တလဲလဲဆက်ပြောနေသည်။
မင်းသမီးလေး သူမ၏ နာမည်အသစ်ကို လက်ခံအောင်စည်းရုံးပြီးနောက် ကျန်းဟန်သည် စစ်ပွဲတစ်ခုကို အနိုင်ရလိုက်သကဲ့သို့ခံစားလိုက်ရသည်။
"ဖေဖေ့အင်္ကျီတွေက တော်တော်ညစ်ပတ်နေပြီ။ ဖေဖေအရင်ဆုံး အင်္ကျီလဲလိုက်ဦးမယ်နော်"
ကျန်းဟန် မင်းသမီးလေးကို ဆိုဖာပေါ်တင်ပြီး ဗီရိုရှေ့လျှောက်သွားလိုက်သည်။ ဗီရိုတံခါးကို ဆွဲဖွင့်လိုက်ပြီးနောက် သူ၏ခြေလှမ်းများရပ်တန့်သွားသည်။
ဗီရို၏အရွယ်အစားမှာ အသင့်အတင့်ရှိသော်လည်း အဝတ်အစားမှာ လေး ငါး စုံသာရှိသည့်အပြင် ဟောင်းနွမ်းစုတ်ပြတ်နေသေးသည်။
ကျန်းဟန်၏မျက်လုံးများက ရှုပ်ပွနေသော အခန်းတစ်ခုလုံးကို ဝေ့ကြည့်လိုက်သည်။
နောက်ဆုံးတွင် သူ၏အကြည့်သည် ပုံရိပ်ထင်နေသော မှန်သို့ရောက်ရှိသွားသည်။ သူ့ကိုယ်သူ ညစ်ပတ်စုတ်ပြတ်နေသည်ကို ကြည့်ပြီး အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။
'ငါတစ်ချိန်တုန်းက ရှုပ်ပွစုတ်ပြတ်နေခဲ့တာကို ငါတကယ်မေ့သွားတယ်'
'တကယ်လို့ ငါသာ ကျင့်ကြံခြင်းကမ္ဘာကလူတွေကို ဟန်ယန်အင်မော်တယ်ဧကရာဇ်က တစ်ချိန်တုန်းက အခုလိုဆိုးရွားလှတဲ့အခြေအနေမှာနေခဲ့တယ်ဆိုတာ သွားပြောရင် ဘယ်သူမှ ယုံမှာမဟုတ်ဘူး'
ကျန်းဟန်သည် ငယ်စဉ်ကတည်းက အလွန်ချမ်းသာသော မိသားစုတွင် ကြီးပြင်းလာခဲ့ပြီး သူ၏ဘဝရည်မှန်းချက်သည် အကောင်းဆုံးဆိုသောအရာများကို ခံစားရန်ဖြစ်သည်။
လွန်ခဲ့သောငါးနှစ်အတွင်း အခြေအနေဆိုးရွားခဲ့သော်လည်း ကျင့်ကြံခြင်းကမ္ဘာသို့ရောက်ရှိခဲ့ပြီးနောက် ကျန်းဟန်၏လူနေမှုဘဝသည် အဆပေါင်းများစွာ မြင့်တက်လာခဲ့သည်။
နောက်ဆုံး သူနေထိုင်ခဲ့သောနေရာသည်ပင် တုနှိုင်းမဲ့အင်မော်တယ်နန်းတော် ဖြစ်သည်။
သူသောက်သုံးခဲ့သော အရက်များမှာ နှစ်တစ်သောင်းတွင်တစ်ခါသာ ချက်လုပ်နိုင်သော အင်မော်တယ်ဝိုင်များဖြစ်သည်။
သူစားသုံးသော အစားအစာများမှာလည်း မြောက်များစွာသော ဂြိုလ်ကမ္ဘာများပေါ်တွင် အရသာအကောင်းဆုံး အစားအသောက်များဖြစ်သည်။
သူအပြင်ထွက်သည့်အခါ စီးသည့်ယာဉ်သည်ပင် နဂါးကိုးကောင်စစ်ရထားဖြစ်သည်။ သူဖြတ်သွားသည့် နေရာတိုင်းတွင် လူထောင်ပေါင်းများစွာတို့သည့် ၎င်း၏ရှေ့တွင် ဦးညွှတ်လိမ့်မည်ဖြစ်သည်။
လက်ရှိအခန်း၏ မြင်ကွင်းကို ကြည့်ပြီး ကျန်းဟန်သည်းမခံနိုင်တော့ချေ။
"မုန့်မုန့် ဖေဖေသမီးကို အပြင်ခေါ်သွားမယ် အဆင်ပြေလား" ကျန်းဟန် ပေါ့ပါးစွာမေးလိုက်သည်။
"မုန့်မုန့်က ဖေဖေနဲ့ အပြင်သွားပြီး ကစားရတာကို ကြိုက်တယ်" မုန့်မုန့်လေး ပျော်ရွှင်စွာပြောလိုက်သည်။
တစ်ခုပြောရမည်မှာ ကလေးများ၏သင်ယူနိုင်စွမ်းက အမှန်တကယ်ကို ထူးခြားပေသည်။ အချိန်ခဏလေးအတွင်းသာရှိသေးသည် မုန့်မုန့်ကား သူမဖေဖေပေးထားသော နာမည်ကို မှတ်မိသွားပြီဖြစ်သည်။
ကျန်းဟန်ပြုံးကာ ခေါင်းညိတ်လိုက်ပြီး မုန့်မုန့်၏ပစ္စည်းများအားလုံးကိုစတင်ထုပ်ပိုးကာ သူမ၏ ခရီးဆောင်အိတ်ထဲသို့ထည့်ရန်ပြင်လိုက်သည်။
ခရီးဆောင်အိတ်ကိုဖွင့်လိုက်သည့်အခါ အိတ်၏ထောင့်စွန်းတွင် သပ်ရပ်စွာထည့်ထားသော ယွမ်တစ်သိန်း ကို ကျန်းဟန်တွေ့လိုက်သည်။
ထိုငွေများမှာ မုန့်မုန့်၏အမေ ဇီယန်ထားခဲ့ခြင်းဖြစ်သည်။ တကယ်တော့ ကျန်းဟန် ထိုငွေများကို သုံးရန် ရည်ရွယ်ချက်မရှိပေ။ သို့သော်လည်း ထိုငွေများကိုမြင်လိုက်သည်နှင့် ကျန်းဟန် လွန်ခဲ့သောနှစ်ရက်က ဇီယန်နှင့် စကားများခဲ့သည်ကို ပြန်တွေးမိသည်။
အတိတ်က ကျန်းဟန်၏နာမည်ကျော်များအပေါ်အမြင်မှာ နာမည်ကျော်များသည် သရုပ်ဆောင်သက်သက်သာပြီး ဘာမှမဟုတ်ပေ။ ဇီယန်နှင့်စကားများစဉ် သူ၏အမြင်ကို ထုတ်ဖော်ပြောဆိုခဲ့ပြီး ဇီယန်ကို အမှန်တကယ်ဒေါသထွက်စေခဲ့သည်။
သို့သော် ယခုကျန်းဟန်သည် ထို့သို့တူညီသော အမြင်မရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူသည်လည်း မည်မျှအထိနာမည်ကြီးသလဲဆိုရင် "ဟန်ယန် အင်မော်တယ်ဧကရာဇ်" ဟူသည့်နာမည်သည် ကျင့်ကြံခြင်းလောကတစ်ခုလုံးတွင် မသိသူမရှိလောက်အောင် ကျော်ကြားသည်။ သူသည်လည်း နာမည်ကျော်တစ်ယောက်နှင့် မကွဲပြားပေ။
မုန့်မုန့်၏ ခရီးဆောင်အိတ်ကို ထုပ်ပိုးလိုက်ပြီးနောက် ကျန်းဟန်သည် သူ၏ကုတင်ဘေး ဗီရီုထဲမှ ယွမ် နှစ်သောင်း ထုတ်ယူလိုက်သည်။ ထိုငွေများမှာ သူ၏ညီမက ပေးထားခြင်းဖြစ်သည်။ ကျန်းဟန်သည် သာမာန်အားဖြင့် အိမ်ပြင်သို့ထွက်လေ့မရှိသဖြင့် အချိန်ကြာလာသည်နှင့် အမျှ ငွေများ များပြားလာသည်။
"ဖေဖေ သမီးတို့က ပြန်မလာကြတော့ဘူးလားဟင်"
မုန့်မုန့်သည် ကျန်းဟန်၏လက်ထဲရှိ ခရီးဆောင်အိတ်ကို ညွှန်ပြရင်း မေးသည်။
"ဖေဖေတို့က ပြန်မလာကြတော့ဘူး။ ဖေဖေက သမီးကို ပျော်စရာကောင်းတဲ့ ဘဝကြီးဆီခေါ်သွားပေးမယ်"
ကျန်းဟန် ခရီးဆောင်အိတ်ကို ဘယ်လက်တွင်ကိုင်ကာ မုန့်မုန့်အား ညာလက်တွင်ချီလိုက်သည်။
"ကောင်းပြီ။ ပျော်စရာဘဝကြီးဆီသွားကြစို့"
မုန့်မုန့် ပျော်ရွှင်စွာအော်လိုက်ပြီး သူမလေး၏ လက်သေးသေးလေးများကို မြှောက်လိုက်သည်။
တိုက်ပေါ်မှ ဆင်းလာပြီးနောက် ခရီးဆောင်အိတ်ကို နောက်ခန်းတွင်ထည့်ကာ မုန့်မုန့်အား ရှေ့ခရီးသည်ထိုင်ခုံတွင် တင်လိုက်ပြီး ထိုင်ခုံခါးပတ် ပတ်ပေးလိုက်သည်။ ထို့နောက်သူသည် ကားကိုမောင်းကာ ထွက်ခွာသွားသည်။
ကားမောင်းနေစဉ် ဆံပင်ညှပ်ဆိုင်တစ်ခုကို တွေ့လိုက်၍ ထိုဆီသို့ မောင်းသွားလိုက်သည်။
ဆံပင်ညှပ်ဆိုင်သို့ရောက်သည်နှင့် ကျန်းဟန်သည် မုန့်မုန့်အား ကားထဲမှ ခေါ်ထုတ်ကာ ဆိုင်ဆီသို့ လျှောက်သွားလိုက်သည်။
ဆိုင်ထဲရှိဝန်ထမ်းများသည် ထိုအဖေနှင့်သမီးပေါင်းစပ်မှုကို တွေ့သည့်အခါ သူတို့အားလုံးသည် အနည်းငယ်ထူးဆန်းသည်ဟုခံစားရကာ သူတို့ဟာသူတို့စဉ်းစားလိုက်ကြသည်။
'လူမိုက်လိုလို ဦးလေးကြီးနဲ့ ချစ်ဖို့ကောင်းတဲ့ မင်းသမီးလေးတို့က အတူတူတစ်တွဲဖြစ်နေကြတယ်။ ဘယ်လောက်ထူးဆန်းတဲ့ ပေါင်းစပ်မှုလဲ။ ဒါမှမဟုတ် ကလေးသူငယ် လူကုန်ကူးမှုများဖြစ်နေမလား'
သို့သော် ကျန်းဟန်၏ ဆံပင်အားညှပ်လိုက်ပြီးနောက် အားလုံး၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။
'ဒီကောင်ရဲ့ အသွင်အပြင်က လုံးဝကို ပြောင်းလဲသွားတာပဲ'
လူတိုင်းက ကိုယ့်ဟာကိုယ်တွေးလိုက်ကြသည်။
သူ၏ဖုံးအုပ်နေသော ဆံပင်များကို ရှင်းလင်းလိုက်ပြီးနောက် ကျန်းဟန်၏ချောမောခန့်ညားသည့်မျက်နှာက အခြားလူများအား ခံစားချက်ကောင်းတစ်ခုကို ပေးစွမ်းနေသည်။ သူ၏ရုပ်ရည်မှာ လမ်းဖြတ်သွားသူတိုင်း နောက်ပြန်လှည့်ကြည့်ရလောက်အောင် အလွန်ချောမောနေသည်မဟုတ်သော်လည်း သူ၏မျက်နှာမှာ ကြည့်ကောင်းနေဆဲပင်ဖြစ်သည်။
"ဖေဖေ အရမ်းမိုက်တာပဲ" ဟု အနီးရှိထိုင်ခုံပေါ်တွင် ရှက်ကိုးရှက်ကန်းဖြင့် ထိုင်နေသော မင်းသမီးလေးက ချီးကျူးလိုက်သည်။
ကျန်းဟန်ပြုံးကာ ခေါင်းယမ်းလိုက်သည်။ ဆံပင်ညှပ်ပြီးနောက် ကျန်းဟန်သည် မုန့်မုန့်အားချီကာ ဆံပင်ညှပ်ဆိုင်မှ လျှောက်ထွက်လာသည်။
ကားထဲတွင်ထိုင်လိုက်ပြီးနောက် ကျန်းဟန်လေးနက်သောမျက်နှာနှင့်ပြောလိုက်သည်။
"မုန့်မုန့်"
"အမ်?"
" သမီးအပြင်ကိုသွားတဲ့အခါ ရဲရင့်ရမယ်။ သမီးက ဖေဖေ့ရဲ့သမီးပဲ။ သမီးဘာကိုပဲလုပ်ချင်လုပ်ချင် သမီးလုပ်နိုင်တယ်။ သမီးက ကောင်းကင်ကို အပေါက်ဖောက်ထားမယ်ဆိုရင်တောင် သမီးရဲ့ဖေဖေက အဲ့ဒါကို ပြန်ပြင်ပေးနိုင်တယ်။ သမီးနားလည်လား?"
"အိုး...ဖေဖေ...ဒါပေမဲ့ ကောင်းကင်က အရမ်းမြင့်လွန်းတယ်။ သမီး အဲ့ဒီအထိ မရောက်နိုင်ဘူး" မုန့်မုန့်သည် ချစ်စဖွယ်ပြောလိုက်သည်။
"အိုး...ဒါကဘာမှမဖြစ်ပါဘူး။ အနာဂတ်မှာ ဖေဖေက သမီးကို ခေါ်ပြီး ကောင်းကင်ဆီပျံသန်းသွားတဲ့အခါ သမီးအဲဒီကို ရောက်လိမ့်မယ်" ကျန်းဟန်ပြုံး၍ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
" ဖေဖေပြောတာက သမီးဘယ်နေရာပဲ ရောက်နေပါစေ ဘာကိုမှကြောက်စရာမလိုဘူးလို့ပြောတာ။ သမီးဘာပဲပြောချင်ပြောချင် ရဲရဲဝံ့ဝံ့ပြောလို့ရတယ်။ခဏနေလို့ ရှော့ပင်းမောလ်ကို ရောက်တဲ့အခါကျရင် ဖေဖေက သမီးကို သတ္တိရှိအောင် လေ့ကျင့်ပေးမယ်"
"ဟုတ်ပြီ။ ရှော့ပင်းမောလ်ကိုသွားမယ်။ သတ္တိရှိအောင်လေ့ကျင့်ကြမယ်" မုန့်မုန့်သည် သူမလေး၏ လက်သေးသေးလေးများကို မြှောက်ကာပြောလိုက်သည်။
ထို့နောက် ကျန်းဟန်သည် မုန့်မုန့်အား အနီးအနားရှိ ရှော့ပင်းမောလ်တစ်ခုသို့ ခေါ်ဆောင်လာသည်။
ရှော့ပင်းမောလ်တွင် ကျန်းဟန်သည် အဖြူရောင်တီရှပ်တစ်ထည်၊အနက်ရောင်ဂျာကင်တစ်ထည်၊ ပေါ့ပေါ့ပါးပါး ရှူးဖိနပ်တစ်ရံနှင့် အဝတ်အစားအသစ်တစ်စုံ ဝယ်ခဲ့သည်။ ထိုအဝတ်အစားများအားလုံးမှာ နိုင်ငံတကာအမှတ်တံဆိပ်များဖြစ်ကြပြီး ယွမ် နှစ်သောင်းနီးပါးကုန်ကျသည်။
လူတစ်ယောက်သည် သူ၏အဝတ်အစားပေါ်တွင်မူတည်ပြီး မြင်းတစ်ကောင်သည် သူ၏ကုန်းနီးပေါ်တွင် မူတည်သည်။ အဝတ်အစားအသစ်များလဲပြီးနောက် ကျန်းဟန်၏ စိတ်အခြေအနေမှာ အတော်လေးကောင်းမွန်လာသည်။ ယခုအခါတွင် အခြားသူများ၏အမြင်၌ အောင်မြင်ကျော်ကြားသောအမျိုးသားတစ်ဦးသည် သူ၏ချစ်စရာကောင်းသောသမီးလေးအား ရှောပင်းမောလ်သို့ခေါ်ဆောင်လာသည်နှင့် တူသွားလေ၏။
ရှောပင်းမောလ်မှ မထွက်ခင် ကျန်းဟန်သည် မင်းသမီးလေးအားပြောလိုက်သည်။
"မုန့်မုန့် ဖေဖေတို့ သမီးရဲ့ ရဲစွမ်းသတ္တိအတွက် ခနလောက် လေ့ကျင့်ကြမယ်"
"ဟုတ် လေ့ကျင့်ကြမယ်" မုန့်မုန့်သည် ကျန်းဟန်၏လက်မောင်းထက်တွင် လဲလျောင်းရင်း ပြောလိုက်သည်။
"အခု သမီးရှေ့မှာရှိတဲ့ လူတွေကို ကြည့်လိုက် မုန့်မုန့်။ ပြီးရင် သူတို့ကို 'မင်းတို့အင်းစက်လေးတွေ ငါ့ရှေ့မှာ အသက်ကျယ်ကျယ်မရှုရဲကြဘူးလား' လို့ကျယ်ကျယ်လေး အော်ပြောလိုက်။ လုပ်ထား . သမီးလုပ်နိုင်ပါတယ်" ကျန်းဟန်အားပေးလိုက်သည်။
"အိုး..." မုန့်မုန့်သည် ပါးစပ်လှုပ်ပြီး စကားပြောတော့မည်ဖြစ်သော်လည်း သူမရှေ့တွင် လှုပ်ရှားနေကြသော လူများနှင့် သူမကို ကြည့်နေသောလူများကို ကြည့်ပြီး ရုတ်တရက် ကျန်းဟန်အားပွေ့ဖက်ကာ ပုန်းကွယ်ရင်း ရှက်ရွံ့စွာ ပြောလိုက်သည်။
"သမီး ... သမီး. မလုပ်ရဲဘူး"
ကျန်းဟန်၏အမူအရာသည် အေးခဲသွားသည်။ သူသည်မုန့်မုန့်လေးအား စတင် ချော့မော့ပြောဆိုတော့သည်။ နောက်ဆုံးတွင် ရေခဲမုန့်၏ လွှမ်းမိုးမှုအောက်တွင် မုန့်မုန့်သည် သူမ၏ကြည်လင်သည့်မျက်လုံးလေးများကို မှိတ်ပြီး သတ္တိများကို စုစည်းကာ ချစ်စရာကောင်းသော အသံကြီးဖြင့် ရဲရဲဝင့်ဝင့်ပြောလိုက်သည်။
"မင်း...မင်းတို့အင်းစက်တွေ မင်းတို့...မင်းတို့..ငါ့ရှေ့မှာ အသက်မရှူရဲကြဘူးလား"
ထိုစကားသံများထွက်လာသည့်အခါ ကျန်းဟန်နှင့်မုန့်မုန့် ပတ်ဝန်းကျင်ရှိလူများ၏အကြည့်များကို ချက်ချင်းစွဲဆောင်သွားခဲ့သည်။ မုန့်မုန့်ကိုတွေ့လိုက်သည်နှင့် မုန့်မုန့်၏ချစ်စဖွယ်ကောင်းမှုကြောင့် လူအများစုသည် မရယ်ပဲမနေနိုင်ကြပေ။
"ခစ်ခစ်..."
လူများစွာက သူမကိုကြည့်နေသည်ကိုမြင်တော့ မင်းသမီးလေးသည် ကျန်းဟန်၏အဝတ်အစားများဖြင့် သူမလေး၏ဦးခေါင်းကို ဝှက်ထားပြန်သည်။
ဒါကိုမြင်တော့ ကျန်းဟန်သည် မုန့်မုန့်၏ခေါင်းလေးကို ငုံ့ကြည့်ပြီး တွေးတောလိုက်သည်။
'သူမလေးကို သတ္တိရှိရဲရင့်ဖို့ကြိုးစားတာက တကယ်ကို ခက်ခဲတဲ့ကိစ္စဖြစ်ပုံပဲ'
လူအုပ်ထဲမှ အစအဆုံးမြင်လိုက်သော အဒေါ်ကြီးတစ်ယောက်သည် ကျန်းဟန်အား ဒေါသတကြီးအော်ဟစ်လိုက်သည်။
"ကလေးကို ဘယ်လိုတွေသင်ပေးနေတာလဲ။ မင်းမှာ လူမှုရေး အမူအကျင့်တွေနားမလည်ဘူးလား။ ကလေးရဲ့နေ့စဉ်ဖြတ်သန်းတဲ့ အမူအကျင့်တွေက တကယ်ကို ပျက်စီးနေတော့မှာပဲ"
၎င်းကိုကြားသည့်အခါ ကျန်းဟန်မည်သည်မျှတုန့်ပြန်ခြင်းမရှိပေ။ နူးညံ့စွာရယ်လိုက်ကာ ကျန်းဟန်သည် မုန့်မုန့် အတွက်ရေခဲမုန့်တစ်ခုဝယ်လိုက်ပြီး သူမလေးအား ချီဆောင်၍ ရှောပင်းမောလ်မှထွက်လာသည်။
အမှန်တော့ ကျန်းဟန်၏ရည်ရွယ်ချက်မှာ မုန့်မုန့်အား ရဲရင့်ပြီး မရှက်ကြောက်ရန် သင်ပေးဖို့ဖြစ်သည်။ သို့သော် အဖေတစ်ယောက်အဖြစ် ပထမဆုံးအကြိမ်ဖြစ်ခြင်းကြောင့် ကလေးတစ်ယောက်ကို မှန်ကန်အောင် ဘယ်လိုသင်ပေးရမလဲ မသိပေ။ ဒီအတိုင်းသာ ဆက်သွားလျှင် ကျန်းဟန်သည် နတ်ဆိုးလေးတစ်ကောင်ကို ဖန်တီးမိလိမ့်မည်။
ကံကောင်းစွာဖြင့် ကျန်းဟန်၏သင်ကြားမှုများမှာ ရက်အနည်းငယ်အကြာတွင် ဇီယန်ရောက်လာပြီး ရပ်တန့်ခဲ့သည်။ သို့သော် ကျန်းဟန်၏သင်ခန်းစာများကို ရက်အနည်းငယ်သာ သင်ယူခဲ့သော်လည်း မုန့်မုန့်သည် နောက်ပိုင်းတွင် သူ့အားလှည့်စားသည့် အရာများလုပ်ခဲ့သေးသည်။
သို့သော်လည်း ကျန်းဟန်သည် နတ်ဆိုးလေးတစ်ကောင်ကိုဖန်တီးမိလျှင်တောင်မှ စိတ်ထဲမရှိပေ။ သူ၏အမြင်တွင် သူ့သမီးလေးသည် ကမ္ဘာပေါ်တွင် ကံအကောင်းဆုံးနှုင့် အရဲရင့်ဆုံးဖြစ်စေချင်သည်။
ကျန်းဟန်သည် ဖယ်ရာရီအသစ်ကလေးကို မောင်းပြီး မုန့်မုန့်အား လင်းယွဲ့ဆိုသည့် ကြယ်ငါးပွင့်ဟိုတယ်တစ်ခုသို့ခေါ်လာသည်။
ပြိုင်ကားတစ်စီး၊ အထက်တန်းဆန်ဆန်ဝတ်စားဆင်ယင်မှုနှင့် မင်းသမီးလေးကို ပွေ့ချီထားသော ကျန်းဟန်သည် လှပသော ဟိုတယ်ဧည့်ကြိုစားရေးမလေးများ၏ အကြည့်များကို ဆွဲဆောင်နိုင်ခဲ့သည်။
အကယ်၍ ကျန်းဟန်သာ စိတ်ဝင်စားမည်ဆိုပါက ထိုလှပသောဧည့်ကြိုလေးများသည် သူနှင့်အတူနေရပါကလည်း မည်သို့မျှစိတ်ရှိမည်မဟုတ်သည်ကို မြင်နိုင်ပေသည်။
သိုသော် သူတို့မသိခဲ့သည်က ကျန်းဟန်၏ပိုက်ဆံအိတ်ထဲတွင် စုစုပေါင်း ယွမ် ၆,၀၀၀ သာရှိသည်ဆိုတာပင်။ ဒီငွေများမှာ ယခု သူ့တွင်ရှိသမျှအကုန်ဖြစ်သည်။
သူ့တွင် ငွေအများကြီးမကျန်တော့သော်လည်း ဇိမ်ခံခန်းတစ်ခုအတွက် ယွမ် ၂၈၀၀ ကို စိတ်ချလက်ချ သုံးနေဆဲဖြစ်သည်။
"လောလောဆည်တော့ ဒီမှာပဲဖြစ်သလိုနေရမယ်"
ကျန်းဟန်သည် တုနှိုင်းမဲ့အင်မော်တယ်နန်းတော်တွင် ဆက်မနေရတော့သဖြင့် စိတ်ပျက်နေသည်။ သို့သော် သူ၏စကားများသည် ဧည့်ကြိုစာရေးမလေး၏အမူအရာကို အေးခဲသွားစေသည်။
'ဇိမ်ခံခန်းထဲမှာနေရတာကို စိတ်မကျေနပ်နိုင်ဘူးလား'
တကယ်တော့ မိမိကိုယ်ကို တခြားသူများနှင့် နှိုင်းယှဉ်ကြည့်ခြင်းသည် ကိုယ့်ကိုယ်ကိုယ် နာကျင်စေသည်။
လှပသောဧည့်ကြိုစာရေးမလေးသည် ကျန်းဟန်၏ အခန်းသို့ ကိုယ်တိုင်ကိုယ်ကျ ပို့ဆောင်ပေးခဲ့သည်။ လမ်းတစ်လျှောက်တွင် သူမသည် ကျန်းဟန်ကို ချစ်စဖွယ်အကြည့်များဖြင့် စိုက်ကြည့်နေခဲ့သည်။ ဘာပဲဖြစ်ဖြစ် ချမ်းသာသောသူနှင့်မိတ်ဆွေဖွဲ့ထားခြင်းသည် သေချာပေါက်အကျိုးရှိပေသည်။
သို့သော်လည်းပဲ မင်းသမီးလေးသည် အလွန်သတိရှိနေသည်။ သူမလေး၏ ရှက်ရွံ့မှုများမှာ ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည်။ ကျန်းဟန်ကို တင်းတင်းကြပ်ကြပ်ဖက်ထားရင်း သူမလေး၏မျက်လုံးရွဲကြီးများဖြင့်စိုက်ကြည့်ကာ ပြောလိုက်သည်။
"ဒါ သမီးရဲ့ဖေဖေ။ မင်း....အနားကို အရမ်းလာမကပ်နဲ့"
သူမလေးသည် ကိစ္စတော်တော်များများကို နားမလည်သော်လည်း သူ့မ မေမေကလွဲလျှင် သူမ၏ဖေဖေကို လုယူဖို့ကြိုးစားသည့် အမျိုးသမီးတိုင်းသည် ဆိုးသွမ်းသည့်သူများဖြစ်သည်ကိုတော့ နားလည်ပေသည်။
"ခစ်ခစ်..."
လှပသောဧည့်ကြိုလေးသည် မတတ်နိုင်ဘဲ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်၏။ ရွေးချယ်စရာမရှိပဲ သူမသည် ကျန်းဟန်နှင့် ခပ်ခွာခွာနေခဲ့သည်။
အခန်းသို့ရောက်သည်နှင့် ကျန်းဟန်သည် ခရီးဆောင်အိတ်ကို သပ်သပ်ရပ်ရပ်ထားကာ မုန့်မုန့်အား ညစာစားရန် နောက်ထပ် စားသောက်ဆိုင်တစ်ခုသို့ခေါ်ဆောင်သွားသည်။ အနောက်တိုင်းစားသောက်ဆိုင်တွင် သူသည် မုန့်မုန့်အတွက် အသားကင်ကောင်းကောင်းကိုမှာလိုက်ပြီး သူ့အတွက် အသင့်အတင့်သာ မှာယူလိုက်သည်။
ကျန်းဟန်သည် မိဘအုပ်ထိန်းမှုနှင့်ပတ်သက်၍ အတွေ့အကြုံမရှိသော်လည်း ယေဘူယျဗဟုသုတအချို့ကိုတော့ သိနားလည်သည်။ ကလေးငယ်များ၏ ကိုယ်ခံအားနှင့် အစာခြေစနစ်သည် အားနည်းသည့်အတွက် ကောင်းကောင်းမချက်ထားသော အသားကင်များကို စားသုံးရန် မသင့်တော်ပေ။
-C 4 End