ပဲခူးမြို့တွင်းရှိ ကျယ်ဝန်းသော ခြံကြီးနှင့် ခန့်ညားထည်ဝါလှသည့် အဆင့်မြင့်နှစ်ထပ်တိုက်ကြီးတစ်လုံး...
စိမ်းလန်းကျယ်ပြန့်သည့် ခြံကြီးနှင့် ကြီးမားလှပသည့်အိမ်ကြီး၏ အရှိန်အဝါတို့က အိမ်ပိုင်ရှင်တို့၏ ကြွယ်ဝမှုကို မီးမောင်းထိုးပြနေသည့်နှယ်...
ဒေါက်..... ဒေါက်
"သားသားရေ မှန်သားကြေးမုံ ထတော့လေ "
လော့ခ်ချထားသည့် တံခါးကို ဆင့်ခေါက်လိုက်သံနှင့်အတူ ထွက်ပေါ်လာသည့် ဒေါ်ပန်းမြတ်သဇင်၏ အသံ။
အင်း.......
ခုတင်ပေါ် ကွေးကွေးလေးအိပ်နေသည့် ပုံရိပ်လေးကမူ ပက်လက်အနေအထားဖြစ်သွားသော်လည်း ပြန်ငြိမ်ကျသွားပြန်သည်။
ကာတွန်းဝမ်းဆက်နီနီလေးကိုဝတ်ကာ ဖက်တုံးလေးကို အကျအနခွလျှက် အိပ်ပျော်နေသူသည် အရပ် 5' 9ခန့်ရှိ အသက် 15နှစ်အရွယ်ကောင်လေးဖြစ်ကြောင်း ယုံနိုင်ဖွယ်ပင်မရှိ..
"သားသားရေ သားသား ထတော့နော် "
အင့်......................
ဒီတစ်ခါတော့ ကျွန်းခုတင်လေးပေါ်ရှိ ခန္ဓာကိုယ်သေးသေးမှ ငြီးငြူသံပိစိလေးထွက်ပေါ်လာပါ၏။
ကိုယ်လုံးလေးမှာလည်း အခြားတစ်ဖက်ဆီပြန်စောင်းသွားသည့် အနေအထား...
" ကဲ သားသားရေ ထတော့ "
တံခါးအပြင်ဘက်က အသံရှင်သည် ချစ်ခင်ကြင်နာမှုအပြည့်ဖြင့် စိတ်ရှည်လက်ရှည် နှိုးနေပါ၏။
တတိယအကြိမ်တွင်မှ ဘေးတွင်ကားနေသော မှန်သား၏ လက်တို့က အပေါ်ဘက်သို့ ဆန့်တန်းလာပါလေတော့သည်။
" သားသားရေ..."
" အင့်... ထပြီ ဒေါ်လေးမြတ် "
အိပ်နေရင်းမှ ထွက်လာသည့်အသံလေးသည် မှုံသုန်မနေဘဲ ကြည်လင်လျှက်...
ထို့နောက် ထူထဲကော့ညွတ်နေသည့် မျက်တောင်နက်စွေးစွေးတို့က လှုပ်သည်ဆိုရုံလေး လှုပ်ခတ်လာ၏။
မျက်တောင်လေး တဖျက်ဖျက်လှုပ်နေပုံက ပျံသန်းရန် အားယူနေသည့် လိပ်ပြာပျိုလေးအလား...
မျက်ခွံလေးက အောက်မျက်ခမ်းမှ မခွာနိုင် ခွာနိုင်နှင့် လှုပ်စိလှုပ်စိဖြစ်နေသေးသည်မှာ စက္ကန့်ပိုင်းအထိပင်။
ငုံနေရာမှ ပွင့်အာလာသည့် ပန်းပွင့်လေးနှယ် တဖြည်းဖြည်းချင်း ဖွင့်လာသည့်မျက်ဝန်းလေး
မျက်ဆန်ညိုညိုလေးများက နူးညံ့နေသည်။
အိပ်ရာနိုးစဖြစ်သော်လည်း ကြည်လင်နေ၏။
မျက်လုံးလေးကို လက်နှစ်ဖက်ဖြင့်ပွတ်သတ်ရင်း ခုတင်ပေါ်တွင် စက္ကန့်အနည်းငယ်ငြိမ်သက်နေလိုက်သေးသည်။
ထို့နောက်မှ အိပ်ရာပေါ်မှဆင်းကာ ရေချိုးခန်းဆီဝင်ပြီး သွားတိုက်ရန်ပြင်ဆင်လေတော့သည်။
မှန်ထဲတွင် ပေါ်နေသည့် မျက်နှာလေးက ဖြူစင်နုဖက်နေ၏။
အညိုဖျော့ရောင်မျက်ဆန်လေးတည်ရာ မျက်ဝန်းကြည်ကြည်လေးကို မည်းနက်ကော့ပျံနေသည့်မျက်တောင်တို့က ထူထဲစွာအနားသတ်လျှက်။
သွေးကြောလေးများပင်မြင်နေရသည့် မျက်ခွံမို့မို့လေးပေါ်တွင် မျက်ရစ်ကလေးနှစ်ထပ်။
မျက်ခုံးတန်းတို့က ကြည့်ကောင်းစွာ သွယ်တန်းနေကာ နှာတံလုံးလုံးလေးတို့က မျက်နှာဝိုင်းဝိုင်းနှင့် လိုက်ဖက်စွာ တည်ရှိနေပြန်၏။
ခပ်ပါးပါးနှုတ်ခမ်းတို့က ပြုံးလိုက်ချိန် ပေါ်ထွက်လာသည့် သွားစွယ်ဖွေးဖွေးလေး...
မှန်ထဲရှိ မိမိရုပ်သွင်ကိုမိမိ ပြန်ငေးနေမိပြီးမှ
နဖူးပေါ် ဝဲကျချင်နေသည့် ရွှေအိုရောင် ဆံစအချို့ကို လက်ဖြင့်သပ်တင်ကာ မျက်နှာသစ်ပစ်လိုက်၏။
မျက်ဆန်ညိုညိုနှင့် ဆံပင်ရွှေအိုရောင်တို့က မှန်သား၏ မွေးရာပါအတိုင်းပင်ဖြစ်သည်။
ယခုမျက်ဆန်အရောင်နှင့် ဆံပင်ကိုလည်း မှန်သားသိပ်သဘောကျသည်။
မှန်သားအမည်နှင့်လိုက်အောင်ပင် မှန်သား၏ အသားအရေက တကယ့်ကို ကြည်ကြည်လင်လင်လေးဖြစ်ကာ အသားဖြူသော်လည်း ဖြူစွတ်မနေဘဲ နီပြေပြေဘက်သွားသည်။
အသားဖြူဖြူကိုမှ မျက်ဝန်းနှင့် ဆံပင်အရောင်တို့ကြောင့် မှန်သားပုံစံလေးက နိုင်ငံခြားသားလေးနှယ်ပါ...
ကြာကြာငေးနေချိန်မရဘဲ မျက်နှာသစ်ခြင်းကို အမြန်လက်စသတ်ကာ ညအိပ်ဝတ်စုံကို အဖြူအစိမ်းနှင့်လဲလှယ်ပြီး အောက်ထပ်ဆီဆင်းဖို့ပြင်ရ၏။
ညကတည်းကပြင်ဆင်ထားသည့် အချိန်စာရင်းအတိုင်းထည့်ထားသော ကျောပိုးအိတ်လေးကို ယူခဲ့ဖို့လည်းမမေ့ခဲ့။
အလှဆင်ထားသည့် ကျွန်းသားကြောင်အိမ်လှကားကြီးအတိုင်း ကွေ့ကောက်ပြီးဆင်းလာရတာကပင် ခေါင်းမူးလာသလိုလို။
အောက်ထပ်ရောက်တော့ ထုံးစံအတိုင်း စောင့်နေသူက ဒေါ်လေးမြတ်တစ်ယောက်တည်းသာ...
ဒီအချိန်ဆို ပါပါးက သူ့ကုမ္ပဏီမှာဖြစ်ပြီး မာမားကလည်း သူ(မ)ကုမ္ပဏီမှာဖြစ်လိမ့်မည်။
ယခုလိုခွဲပြောရသည်မှာလည်း အကြောင်းရှိ၏။
ပါပါးနှင့် မာမားက မတူညီသည့် ကုမ္ပဏီတစ်ခုစီတွင် အလုပ်လုပ်ကြသူများဖြစ်သည်။
ဒါဆို ကုမ္ပဏီက အလုပ်သမားတွေလားဟု မေးလာပါက နိုးပါ ဟုဖြေရလိမ့်မည်...
အကြောင်းမှာ နှစ်ယောက်လုံးက မြန်မာနိုင်ငံရှိ နာမည်ကြီး ကုမ္ပဏီကြီးတစ်ခုစီ၏ CEOများဖြစ်နေခြင်းကြောင့်ပင်...
ဖိနပ်ကုမ္ပဏီကြီးက အလွန်နာမည်ကြီးသည့်အပြင် မိသားစုကလည်း ကျိကျိတက်ချမ်းသာသဖြင့် အခွဲထောင်ထားရသည်ဟုထင်မိကြပါကလည်း မဟုတ်ရေးချ မဟုတ်ပါချေ
လင်မယားနှစ်ဦးက အမြဲပြိုင်နေကြသည့် ဖိနပ်ကုမ္ပဏီနှစ်ခု၏ ပိုင်ရှင်များဆိုလျှင် သင် ယုံနိုင်ပါ့မလား?
ပြိုင်တာမှ ဇနီးမောင်နှံအချစ်စမ်းတာမဟုတ်ဘဲ ရန်သူကြီးများသဖွယ် ပြိုင်နေကြခြင်းမျိုးဖြစ်သည်။
သို့သော် ကုမ္ပဏီနှစ်ခုလုံးကလည်း အလွန်နာမည်ရသည့် ဖိနပ်ကုမ္ပဏီကြီးများဖြစ်ကြောင်းကိုမူ ငြင်းချက်ထုတ်၍မရပါလေ...
ပါပါး ခေတ်ဆန်းမဟာ၏ KHIT Brand ဖိနပ်များက နာမည်ကြီးလှသလို
မာမား ပန်းဖွဲ့ကြေးမုံ ၏ PANN Brand ဖိနပ်များကိုလည်း အားလုံးအကြိုက်တွေ့ကြသည်။
KHIT Group, PANN Group ဆိုလျှင် မသိသူမရှိ နာမည်ကြီးလှသော မြန်မာနိုင်ငံ၏ ထိပ်တန်းဒိတ်ဒိတ်ကြဲ company ကြီးများပင်။
မြန်မာ့ဖိနပ်လောကကို အုပ်စိုးထားပါသော အသက် 38အရွယ်အမျိုးသားနှင့် အသက် 35အရွယ် အမျိုးသမီး...
ချောမောပြေပြစ်ကြပြီး ငယ်ရွယ်ထက်မြက်ကြပါသည့် ထိုဇနီးမောင်နှံကို လူတိုင်းအားကျကောင်း အားကျကြပါလိမ့်မည်။
သို့သော် ထိုအထဲတွင် သူတို့၏ တစ်ဦးတည်းသော ရင်နှစ်သည်းချာ သားလှရတနာ မှန်သားကြေးမုံတစ်ယောက်တော့ မပါဝင်ပေ။
ရုပ်ရည်၊ ပညာအရည်အချင်း၊ စီးပွားရေး အားလုံးအားကျစဖွယ် ပါပါးနှင့်မာမား၏ အိမ်ထောင်ရေးကတော့ လှပမနေပါ...
ပါပါးနှင့် မာမားက ချစ်ကြိုက်ပြီး ယူထားကြတာမဟုတ်ဘဲ ဇာတ်လမ်းတွေထဲကလို မိဘချင်းသဘောတူပြီး အတင်းပေးစားထားကြခြင်းပင်...
လုပ်ငန်းတူချင်းထပ်ပြီးမြတ်ချင်ခဲ့သည့် နှစ်ဖက်ဖိုးဖိုးတို့၏ ရလဒ်အဖြစ် တစ်ယောက်နှင့်တစ်ယောက် စိမ်းသက်သော ဆက်ဆံရေးအပြင် အေးစက်သည့်မိသားစုတစ်ခုသက်သက်မျှသာ အဖက်တင်ခဲ့လေသည်။
မှန်သားကိုလည်း ဆုံးသွားကြသည့် ဖိုးဖိုးတို့် ဆန္ဒအရမွေးခဲ့ရကြောင်းကိုလည်း ရန်ဖြစ်တိုင်းကြားရသည့်စကားအရ သိနေခဲ့ရသည်။
"သားသား လာလေ "
အတွေးလွန်ပြီး လှေကားတွင် ရပ်နေမိသည့် သူ့ကို ဒေါ်လေးမြတ်က လှမ်းခေါ်လာသည်။
ဒေါ်လေးဘေးမှ ဖြတ်သွားမိချိန် ရနေကျ သနပ်ခါးနံ့သင်းသင်းလေးက ရင်အေးဖွယ်ပင်။
ခရမ်းရောင် မြန်မာဝတ်စုံသည် သွယ်လျကျစ်လစ်သည့် ဒေါ်လေး၏ ခန္ဓာကိုယ်နှင့်လိုက်ဖက် တင့်တယ်စွာ...
မျက်လုံးမျက်ခုံးလှပြီး မျက်နှာသွယ်သွယ်လေးနှင့် ချောသည့်ဟုဆိုနိုင်သူသည် ရှည်လျားနက်မှောင်သည့် ဆံပင်တို့ကြောင့် မဟာဆန်ဆန်ကြည့်ကောင်းနေပြန်၏။
ပါပါးညီမအရင်း ဒေါ်လေးမြတ်သည် ပဲခူးမြို့ဆေးရုံကြီးမှ နာမည်ကြီး ခွဲစိတ်အထူးကုပါရဂူမကြီး တစ်ဦးပင်။
အသက် 33အရွယ် ပညာတတ် ဥစ္စာပေါသည့် ခပ်ချောချောပါရဂူမလေးမို့ လိုချင်သူများ ဝိုင်းဝိုင်းလည်နေသော်လည်း ဒေါ်လေးမြတ်က ဟင့််အင်းဟုသာငြင်းချက်ထုတ်ထားဆဲ။
ဒါကလည်း အကြောင်းရှိသည်။
သွက်လက်ထက်မြက်ပြီး ရူပါဖြောင့်သူမို့ ဒေါ်လေးငယ်စဉ်ကတည်းက မောင်တိုင်းမွှေးချင်သည့် နှင်းဆီနီလေး ဖြစ်ခဲ့ပါသတဲ့။
ငယ်ရွယ်ရူးနှမ်းစဉ်အခါက ချစ်သူနောက်သို့လိုက်ပြေးကာ တူနှစ်ကိုယ်ဘဝကို ထူထောင်ခဲ့ဖူးသည့် သူဌေးသမီးငယ်လေး ပန်းမြတ်သဇင်...
စိတ်ဆိုးသည့် မိဘများ၏ အမွေဖြတ်ခြင်းကိုလည်းမမှု၊ သူငယ်ချင်းများ နှာခေါင်းရှုံ့သည်ကိုလည်း မတုန်လှုပ်ခဲ့သည့် ပန်းမြတ်သဇင်...
မိဘအိမ်တွင် ပင်တိုင်စံဘဝနှင့်နုရွစွာနေခဲ့သူသည် ယောက္ခမအိမ်ကျဉ်းကျဉ်းလေးဝယ် မီးခိုမွှန်မွှန်ကြား ထမင်းချက်ရင်း ပျော်ရွှင်ခဲ့သော်လည်း...
ဒေါ်လေးတွင်ပါလာသည့် လက်ဝတ်လက်စားတို့ ကုန်သွားသည့်တစ်နေ့တွင် သေခါမှမေ့ပါမည်ဟု ဆိုခံဖူးသော ချစ်သူက ရက်ရက်စက်စက် ပစ်ခွာခဲ့သည့်အခါ...
မိမိကိုယ်တိုင် အချစ်ကိုစိတ်နာခဲ့သည့် ဒေါ်လေး၊
အစ်ကိုကြီး၏ အိမ်ထောင်ရေးကိုမြင်နေသည့်ဒေါ်လေးသည် နောက်ထပ်အိမ်ထောင်ပြုရန် စိတ်မကူးပါလေတော့...
မိဘများဆုံးပြီးချိန်၌လည်း သီးခြားခွဲမနေတော့ဘဲ
အစ်ကို့မိသားစုနှင့်အတူ မှန်သားကိုထိန်းရင်းသာ သူ့ဘဝကို ဖြတ်သန်းနေတော့၏။
မှန်သားက ဒေါ်လေးမြတ်ဘေးတွင် ဝင်ထိုင်လိုက်ရင်း ပါးလေးကိုပါ ရွှတ်ခနဲ နမ်းပေးလိုက်သည့်အခါ ဒေါ်လေးမြတ်က မိန့်မိန့်ကြီးပြုံးသည်။
ဒေါ်လေးကလည်း အားကျမခံ အနမ်းပြန်ပေးလာသည့်အခါ နှာခေါင်းပြန်ရှုံ့ပြရင်း မျက်လုံးကလည်း မနက်စာကိုကြည့်လိုက်ပြီးသား...
အငွေ့တထောင်းထောင်း ထနေသောကော်ဖီအိုး၊ ကိတ်မုန့်အချို့အပြင် ကြက်ဥနံ့သင်းနေသည့် ပေါင်မုန့်ကြက်ဥကြော်တို့က စားချင့်စဖွယ် ဆီးကြိုလျှက်။
ကော်ဖီမသောက်သည့် မှန်သားအတွက်လည်း ဒေါ်လေးမြတ်ကိုယ်တိုင် နွားနို့စီစဉ်ပေးထားပုံရသည်။
" သားသား ဘာစားမလဲ "
ပြောလည်းပြော လက်ကလည်း မှန်သားကြိုက်မည်ထင်ရာမုန့်လေးများကို ယူပေးနေသည့်ဒေါ်လေးမြတ်ရယ်ပါ...
အမှန်ဆိုလျှင် ထမင်းစား စားပွဲခုံက ဆုံလှည်ဖြစ်သည့်အတွက် မှန်သားကြိုက်ရာကို ကိုယ်တိုင်ဆွဲယူ၍ရနေသည်မဟုတ်ပါလား...
" တော်ပါပြီ ဒေါ်လေးမြတ်ရ မှန်သားမစားနိုင်တော့ဘူး "
အနေတော်ညှပ်ထားသော ပေါင်မုန့်ကြက်ဥကြော်ကို လာခွံ့နေသည့် ဒေါ်လေးကိုအတင်းတားရသည်။
" ဟင် ဝပြီလား သားသား "
" ဟုတ် ဪ ဒေါ်လေး နောက်အပတ်ထဲမှာ သား ထူးချွန်ဖြေဖို့ရှိတယ် အဲ့ဒါမေ့နေမယ်... "
" အင်း သားသားကျောင်းကို ဒေါ်လေး လာပေးမယ် သားသားမပြောခင်ကတည်းက ဆေးရုံကကိစ္စတွေကို ကြိုရှင်းထားပြီးသားပါနော်"
မှန်သား လူရည်ချွန်ဖြေသည့်နှစ်တိုင်း ပါပါးတို့အစား အမြဲလိုက်ပါပေးတတ်သည့် ဒေါ်လေးမြတ်ကိုယ်တိုင်က MYAT THAZIN hospital အမည်ဖြင့် ကိုယ်ပိုင်ဆေးရုံဖွင့်ထားသူဖြစ်ပြီး အလုပ်မအားတတ်သူဖြစ်သည် ။
FOUNDER ဖြစ်သော်လည်း အကြောင်းမဲ့ပျက်ကွက်တတ်ခြင်းမျိုးကို မလုပ်တတ်သူမို့ ဒေါ်လေးကိုကြိုတင် သတိပေးထားလိုက်ရခြင်းပင်။
" ဒါဆို သားသွားပြီ"
"အင်း လမ်းကိုကြည့်ကူးနော်. သားသား"
•••••°°°°°•••••
" တိုးတိုးပြောစမ်းပါ မိန်းမရာ သူများတွေ ကြားကုန်လိမ့်မယ် "
" မပိတ်နိုင်ဘူး မပိတ်နိုင်ဘူး တကတည်း ရှင့်ရဲ့အချိုးတွေက ဟုတ်ရောဟုတ်သေးရဲ့လား "
" အေးပါကွာ အေးအေးဆေးဆေးပြောရအောင်ပါ မိန်းမရယ် စိတ်လျော့ မိန်းမ စိတ်လျော့နော်"
" ဘာ စိတ်လျော့ ဟုတ်လား ကိုချစ်ထူးဈာန် ကိုယ့်ယောကျ်ား အပျော်ကျူးနေတာကို ဘယ်မိန်းမက စိတ်လျော့နေနိုင်မှာလဲ ဟမ်"
" တော်ပါတော့ မိန်းမရာ ကိုယ် မဟုတ်ပါဘူးလို့ပြောနေသားနဲ့ကို ပတ်ဝန်းကျင်ကိုလည်း အားနာစရာကြီးကွာ "
" အားနာတယ် ရှင်က အားနာတတ်တယ်ပေါ့ မထင်ရဘူးပဲ "
" မိန်းမရေ မိုးတိမ် မင်းကိုတော်တော့လို့ပြောနေတယ်ကွာ အေးဆေးပြောရအောင် "
" မတော်နိုင်ဘူး ရှင်ရေ ကိုယ့်တရားဝင်ယောကျ်ားက
မိန်းမတကာနဲ့ပွေရှုပ်နေတာကို သိလျှက်နဲ့ ငြိမ်ခံမနေနိုင်ဘူး မိုးတိမ်ပြာတို့ကို ဒီလိုအချိုးမျိုးလာမချိုးနဲ့ ငြိမ်ခံနေမယ့်အထဲမပါဘူးရှင့် "
ရန်ပွဲက တဖြေးဖြေး အရှိန်မြင့်လာ၏။
ခပ်အုပ်အုပ်ပြောနေသည့် အမျိုးသား၏အသံကပါ ပိုမိုကျယ်လောင်လာလေသည်။
" မိုးတိမ်ပြာ မင်းဘယ်လိုဖြစ်နေတာလဲ မင်း ငါ့ကိုစော်ကားတာ တအားများနေပြီနော်
အခုမှ မိုးလင်းရုံရှိသေးတာ သူများတွေကြားမကောင်းဘူးကွ မင်း တော်လိုက်တော့"
" ဪ ဒီလိုတော့လည်း သိတတ်သေးလား ရှက်တော့ရှက်တတ်သေးပုံပဲနော် ကျွန်မက ရှင် မရှက်တတ်ဘူးထင်လို့"
" အေး သိတယ် တကတည်း မင်းလုပ်ပုံနဲ့ ပတ်ဝန်းကျင်မှာ မျက်နှာမပြရဲလောက်အောင် ရှက်ဖို့ကောင်းနေပြီ သိရဲ့လား"
" ရှက်တယ် ဟမ် ရှက်ပေါ့ အဲ့လောက်ရှက်တတ်ရင်လည်း ဆင်ခြင်လေ ဟမ် ရှက်ရမယ်ဆိုလည်း
မယားရှိလျှက်နဲ့ အခြားမိန်းမတွေနဲ့ အပျော်ရှာနေတဲ့ ရှင်ကြီးပဲရှက်ရမှာ မိုးတိမ်ပြာတို့က မရှက်ပါဘူး "
" ဟာ ဒီမိန်းမ..."
ခွမ်း! ချလွမ်း!
ထို့နောက် ဆက်တိုက်ဆိုသလို ကြားလာရသည့်ပစ္စည်းပေါက်ခွဲသံများနှင့် လုံးထွေးရိုတ်ပုတ်နေကြသံများ...
ကြားနေရသည့်အသံများကြောင့် မှန်သား ခြံရှေ့မှာ ကြောင်တောင်လေးရပ်နေလိုက်မိသည်။
တကယ်တော့ မှန်သားက ကျူရှင်သွားရန်အတွက်
သူငယ်ချင်းဖြစ်သူ ချစ်တေးလွင်ပြင် ကို လာခေါ်ခြင်းသာ...
မှန်သားနှင့် လွင်ပြင်က ငယ်ငယ်ကတည်းက သူငယ်ချင်းဖြစ်ပြီး ကျူရှင်လည်းတူသည်။
မှန်သား ကျူရှင်အိမ်ကိုသွားရသည့်လမ်းလည်း လွင်ပြင်တို့အိမ်ဘက်မှ ဖြတ်သွားရကာ လမ်းလည်းသင့်နေသည်မို့ နေ့စဉ်နေ့တိုင်း လွင်ပြင်နှင့်သာ အတူတူသွားဖြစ်နေလေသည်။
ယခုနေ့တွင်မှ မှန်သား ခြံရှေ့ရောက်ချိန်တွင် အိမ်ထဲ၌ ရန်ဖြစ်သံများကို ကြားနေရသည်မို့ လှမ်းခေါ်ရန် မဝံ့မရဲဖြစ်နေမိ၏။
ကျူရှင်ကို တစ်ယောက်တည်းပဲ သွားလိုက်ရင်ကောင်းမလား
မှန်သားက အေးအေးနေတတ်သူပီပီ တစ်ဖက်မိသားစုစကားများနေချိန်တွင် ဝင်မပါချင်မိ။
အတွေးတို့ဖြင့် ဒွိဟဖြစ်နေဆဲ အိမ်ပြင်၌ရပ်နေမိသည့်မှန်သားကို မြင်သွားပုံရသောလွင်ပြင်က
စက်ဘီးလေးတစ်စီးနှင့် ထွက်ပေါ်လာ၏။
Carrier ခုံတွင်လည်း ညီမဖြစ်သူ ချစ်တေးကောင်းကင်ကို တင်ထားလျှက်သား။
ခပ်သုတ်သုတ်ထွက်လာသူ နှစ်ဦး၏ မျက်နှာများကတော့ မရွှင်လန်းလှ...
သွက်လက်ပြီး ပျော်တတ်သည့် သူငယ်ချင်းလေးသည် ဒီနေ့တော့ ငြိမ်သက်နေ၏။
အလိုမကျဟန်ဖြင့် မျက်မှောင်ကြုတ်ထားသည်မှာလည်း မျက်ခုံးစပ်နှစ်ခု ထိလုထိခင်အထိပင်။
အစဉ်သဖြင့်ပြုံးနေတတ်သည့် နှုတ်ခမ်းတို့ကလည်း ကော်ကပ်ထားသည့်ပမာ တင်းတင်းစေ့ထားသည်။
အစဉ်အမြဲ စနောက်ပြုံးရွှင်နေသူက ငြိမ်သက်နေသောအခါ လေထုကပင် သာမာန်ထက် အေးစက်စက်နိုင်လာသယောင်ယောင်...
" မှန်သား လာ သွားကြမယ် "
လွင်ပြင်က မှန်သားကိုပြောရင်း ရှေ့က ဦးဆောင်ကာ
နင်းသွားလိုက်သည်မို့ ငြိမ်ကြည့်နေမိသည့် မှန်သားတစ်ယောက် လွင်ပြင့်စက်ဘီးနောက်သို့ အမီလိုက်ရသည်။
လွင်ပြင့်ညီမ ကောင်းကင်လေးကလည်း ဘေးပတ်ဝန်းကျင်ဆီ ငေးမောရင်း ငြိမ်သက်စွာလိုက်ပါလာ၏။
" ဆောရီး မှန်သား မင်း အာရုံနောက်သွားလား "
တိတ်ဆိတ်နေသည့်အနေအထားကို စတင်ဖျက်ဆီးလာသူက လွင်ပြင်။
" ဟမ်..."
" ဒယ်ဒီနဲ့ မာမီရန်ဖြစ်တာကိုပြောတာ..."
" ဪ အာ ဘာမှမဖြစ်ပါဘူး "
" အင်း ဒယ်ဒီကလည်း ဒယ်ဒီပါပဲ အဟွန့် မာမီကလည်း သိပ်သဝန်တိုတာကိုသိသားနဲ့ မိန်းကလေးတွေနဲ့ အနေအထိုင် မဆင်ခြင်ဘူးထင်ပါရဲ့ကွာ
မာမီတွေ့တာနဲ့ ရန်ဖြစ်တော့တာပဲ"
" အင်း... "
" အခုလည်း မိန်းကလေးတစ်ယောက်ယောက်နဲ့ တွဲနေလို့ မာမီ ဒေါသူပုန်ထနေတာဖြစ်မှာ"
" ......."
" နှစ်ယောက်ရန်ဖြစ်ရင်လည်း အရမ်းကြမ်းပဲ
ရန်ဖြစ်ပြီးသွားရင်တော့ ပစ္စည်းကွဲတွေကို ဒေါ်ကြီးမူတို့ သိမ်းပေတော့ပဲ "
ဒေါ်ကြီးမူကို မှန်သားသိပါသည်။
လွင်ပြင်တို့အိမ်က အိမ်အကူ အဒေါ်ကြီးပင်...
အမှန်ဆိုရပါက လွင်ပြင့်မိဘများကလည်း နယ်နယ်ရရတော့မဟုတ်။
"Best Taste Restaurant " ပိုင်ရှင်ဖြစ်ပြီး နယ်များတွင်ပါ ဆိုင်ခွဲဖွင့်ရသည်အထိ အတော်လေးနာမည်ကြီးသည်။
လွင်ပြင့်ဆီမှကြားရပုံများအရ လွင်ပြင့်ဖခင်ဖြစ်သူက အနည်းငယ်အပျော်အပါးမက်ပုံရ၏။
သူများမိသားစု ကိစ္စမို့ မှန်သားက ထင်မြင်ချက်တို့ကို ဝင်မပြောဖြစ်ဘဲ လွင်ပြင်ရင်ဖွင့်သည်ကို နားထောင်ဖြစ်ရုံသက်သက်သာ...
မည်သို့ပင်ဆိုစေ လွင်ပြင့်ဖေဖေကတော့ အတော်လွန်သည်ဟု မှန်သားထင်သည်။
လွင်ပြင့်မေမေနှင့် ချစ်ကြိုက်ကြပြီးမှ လက်ထပ်ယူထားကြတာမို့ တော်သေးသည်။
နို့မို့ဆို မည်မျှအထိပင် ပွေရှုပ်နေမည်မသိ။
လွင်ပြင့်မိဘများငယ်စဉ်က နှစ်ဖက်မိဘက သဘောမတူကြ၍ ခိုးယူကြရသည့်အကြောင်းကိုပင် လွင်ပြင်ပြောပြဖူးသည်။
အင်း...
သူတို့စုံတွဲကတော့ မှန်သားပါပါးတို့နှင့်ပြောင်းပြန်...
စီးပွားရေးပြိုင်ဘက် မိဘနှစ်ပါးမှမွေးဖွားလာသည့် လွင်ပြင့်ဖေဖေနှင့်မေမေ။
မိဘများ၏အကြောင်းကိုမသိဘဲ တက္ကသိုလ်တွင် အမှတ်မထင်ဆုံမိကြရင်း ချစ်ကြိုးသွယ်ခဲ့ကြရာမှ မိဘများကို ဖွင့်ပြောချိန်တွင်မူ ထုံစံအတိုင်း ပြိုင်ဘက်များဖြစ်နေကြ၍ အပြတ်ငြင်းဆန်ခဲ့ကြပါသတဲ့။
DRAMAများထဲကအတိုင်းပင် အိမ်ထဲမှအိမ်ပြင်မထွက်ရ အမိန့်များအထိထုတ်ကာ တားဆီးခဲ့ကြရင်းမှ လွင်ပြင့်မေမေ မင်္ဂလာဆောင်သည့်နေတွင် အသည်းအသန် ခိုးပြေးကြသည်မို့ ထိုစဉ်က သဘောမတူခဲ့ကြသည့် နှစ်ဖက်မိဘက မိုးမီးလောင်က အမွေပျက်ဘာညာ စွန့်လွှတ်ခဲ့သေးသည်ဟု သိရ၏။
လွင်ပြင့်ကိုမွေးလာချိန်မှပင် မြေးကိုတွေ့ချင်ဇောနှင့် လာတွေ့ကြကာ ပြန်အဆင်ပြေကြသည်တဲ့။
တစ်ခါတုန်းက မှန်သား လွင်ပြင့်ကို ယခုလိုမေးကြည့်
ခဲ့ဖူး၏။
" မင်းဖေဖေနဲ့ မေမေကလည်း ဒီလောက်ချစ်ခဲ့ကြတာကို ပြီးတော့ အခုဆိုရင် ကလေးနှစ်ယောက်တောင် ရနေပြီပဲဟာ
ဟိုစကားရှိတယ်လေ ဘာတဲ့ သုံးလွန်းတင်မှကြိုးတဲ့
မင်းတို့်မိဘတွေဆို ကလေးနှစ်ယောက်နဲ့ဆိုတော့
လေးလွန်းတင်နေပြီပဲဟာ အရင်ကထက် ပိုချစ်ပြီး အချစ်တွေခိုင်မြဲရမှာ မဟုတ်လား "
ရယ်ပါ၏။
လွင်ပြင်က လက်ခုပ်တီးပြီးကို ရယ်ပါလေ၏။
" ဟားဟားဟားဟား မှန်သားရာ ကြိုးဆိုတာလည်း ကြာလာလို့ဆွေးသွားရင် ပြတ်တတ်တယ်လေ"
" ဓားနဲ့ခုတ်ရင်လည်းပြတ်တယ် "
ငြိမ်ငြိမ်လေးထိုင်နေသည့် ကောင်းကင်ကပါ သူသိသလောက်လေးဝင်ပြောလာသည်။
" မှန်တာပေါ့ ငယ်လေးပြောတာလည်းမှန်တယ် ဟားဟားဟား "
သူ့ညီမမှန်ကြောင်း ညီမချစ်အစ်ကိုဖြစ်သည့် လွင်ပြင်က ရယ်သံလေးဖြင့် ထောက်ခံလာ၏။
သူတို့ပြောတာလည်း ဟုတ်သလိုလိုပင်။
ကျူရှင်အိမ်သို့ ရောက်မှ ပြန့်ကျဲနေသော မှန်သား၏ အတွေးစများက ရပ်တန့်သွားရ၏။
သို့သော် မေးခွန်းအချို့ကမူ မှန်သားခေါင်းထဲသို့ တန်းစီကာ ဝင်လာမိလျက်သားပင်...
အချစ်ဆိုတာ တကယ်ရောရှိပါရဲ့လား
ဒါမှမဟုတ်... အမြဲမတည်ရှိနိုင်တာမျိုးလား
ဒါမှမဟုတ် ...ပြောင်းလဲသွားတတ်တာမျိုးလား
ဒါမှမဟုတ်... အချိန်ကြာရင် လျော့နည်းသွားတာမျိုးလား
ဒီအဖြေကိုတော့ တကယ်သိချင်မိပါတယ်လေ
22.2.22
Tuesday
ရွှန်းလဲ့ကျော်
ဒီနေ့ ပါးကွက်လေးကွက် သနပ်ခါးလေးလူးရင်း
3000ဖိုးဝယ်ပြီး လက်သုံးချောင်းနဲ့ နှုတ်ဆက်ကြရအောင်နော်