စိုင်းမင်းခန့် နေ့လယ် အတန်းချိန်တွေ အကုန်တက်ပြီးတဲ့နောက် အဆောင်ကိုပဲ ပြန်လာခဲ့သည်။
ဓာတ်လှေကား ပြင်နေပါသဖြင့် လှေကားက တက်ပါရန် ဆိုတဲ့ ဆိုင်းဘုတ်ကိုကြည့်ရင်း အသည်းအသန် သေးပေါက်ချင်နေသော စိုင်းသည် လေးထပ်အထိ လှေကားနှင့် တက်ရမည့် ဒုက္ခကို မှန်းဆကာ ရယ်ရမလို ငိုရမလို စိတ်ညစ်သွားရလေသည်။
သေးက နေ့ခင်းတနေ့လုံး မပေါက်ခဲ့ရ။
တွေးလေတွေးလေ ပို ပေါက်ချင်လာလေလေဖြစ်လာ၏။ ထို့ကြောင့် စိုင်း လှေကားထစ်တွေကို အပြေးအလွှားနင်းတက်လာခဲ့သည်။ အခန်းထဲရောက်ပြီဆိုလျှင်ပဲ ရေချိုးခန်းတံခါးကို ခပ်ကြမ်းကြမ်း ဆွဲဖွင့်ကာ မျက်စိမှတ်လျက် ဘိုထိုင်အိမ်သာကြွေခွက်ထဲသို့ အားရပါးရ ပန်းချလိုက်ပါတော့သည်။
“ အား ... အခုမှပဲ နေသာထိုင်သာရှိသွားတော့တယ် ”
စိုင်း ကိုယ့်ပစ္စည်းကိုယ် ဇစ်ပိတ်ပြန်သိမ်းရင်း
မိမိကို စူးစူးဝါးဝါး စိုက်ကြည့်နေသော လူအရိပ်တစ်ခုကို မျက်လုံးထောင့်ကနေ အမှတ်မထင် သတိပြုမိသွား၏။ တဖြည်းဖြည်းနဲ့ ဘေးဘက်ကို ခေါင်းလှည့်ကြည့်လိုက်တော့ အပေါ်ပိုင်းအကျီဗလာနဲ့ ဆရာ့ ကို စိုင်း တွေ့ရသည်။ ရုတ်တရက်ဆိုတော့ စိုင်း အားခနဲ အော်လိုက်မိသည်အထိ လန့်ဖျပ်သွားပါသည်။
“ ဟာ ဆရာ ။ ဘယ်အချိန်ကတည်းက ရောက်နေတာလဲ ”
“ မင်းဝင်မလာခင်ကတည်းကပဲ ”
စိုင်းမင်းခန့် တဒင်္ဂ ထွန်းကိုကိုရဲ့အမြောင်းမြောင်းထနေသော ကျစ်ကျစ်လျစ်လျစ် ဝမ်းဗိုက်ကြွက်သားများနှင့် မို့မောက်တောင့်တင်းနေသော ရင်ဘတ်ကြွက်သားများဆီ ဖျပ်ခနဲ အကြည့်ရောက်သွားပြီး ချက်ချင်း မျက်နှာပြန်လွှဲလိုက်ရသည်။
“ ကဲ မင်းကိစ္စပြီးပြီမဟုတ်လား ထွက်တော့။
ငါဒီမှာ ရေချိုးတော့မယ် ”
“ ဟုတ်ကဲ့ ဟုတ်ကဲ့ ”
စိုင်း တံခါးဆီသို့ ဖြေးလေးစွာ လျှောက်လာခဲ့၏။ ထို့နောက် အခန်းပြင်မထွက်ခင်
တံခါးလက်ကိုင်ဘုသီးကိုကိုင်ထားရင်း ချိတုံချတုံဖြစ်နေပြီး နောက်ဆုံးမှာတော့ ခပ်ရှက်ရှက်ဖြင့် လှည့်မေးရသည်။
“ ဟိုလေ ... ဆရာ ။ မြင်လိုက်သေးလား ”
“ ဘာကိုလဲ ”
“ ဟိုလေ ... ကျနော့်ဟာ ... ”
ဆရာသည် ပထမတော့ စိုင်းမင်းခန့်မေးတာကို ချက်ချင်း သဘောမပေါက်သေးဘဲ ခပ်တွေတွေဖြစ်နေပြီး နောက်မှ နားလည်သွားပုံဖြင့် ခပ်တည်တည် ပြောချလိုက်လေသည်။
“ အော် ... အဲတာလား ။ စိတ်ချပါ ။ မင်းဟာက
ခါကျက်ဥ လောက်တောင်မရှိတဲ့ အကြောင်းကို
ငါလျှောက်မပြောပါဘူး ”
စိုင်း တစ်ကိုယ်လုံး ရှိန်းဖိန်းပူထူ သွား၏။
“ ကဲ အခု အပြင်ထွက်တော့ ။ ငါ ရေချိုးတော့မယ် ”
စိုင်း ရေချိုးခန်းထဲကနေ ရှက်ရွံ့ထူအမ်းစွာ ထွက်လာပြီးနောက် ကိုယ့်ဟာကိုယ်
စမ်းကြည့်ကြည့်မိသည်။
“ အဲလောက်လဲ မသေးဘဲနဲ့ ။ သူ့ဟာကရော
ဘယ်လောက်ကြီးနေလို့လဲ ”
ခဏကြာတော့ ဆရာ ရေချိုးခန်းထဲကနေ
ပြန်ထွက်လာသည်။ ရေချိုးပြီးကာစမို့ ခန္ဓာကိုယ်က စိုအိနေကာ ခါးအောက်ပိုင်းကို တဘက်ပတ်ထား၏။
ဆရာက ရေစိုနေသော အနက်ရောင် ဆံပင်တွေကိုတဘက်နှင့် ပွတ်သပ်နေရင်း
“ မင်း အသံလေး ဘာလေး မပေးတတ်ဘူးလား
ဝင်လာမယ်ဆိုရင်လည်း တံခါးလေး
ဘာလေးခေါက်ပေါ့ကွ ” ဟု စပြီး အပြစ်တင်ပါတော့သည်။
“ ကျနော် ခေါက်ချိန်မရလို့ပါ။
သေးအရမ်းပေါက်ချင်နေလို့လေ။
ကြားဘူးတယ်မလား
အချစ်နဲ့ သေး က အောင့်ထားလို့မရဘူးတဲ့ ”
“ မကြားဖူးဘူး ပေါက်တတ်ကရတွေ ”
“ ဒါနဲ့ ဆရာကလဲ ဘာလို့ ရေချိုးခန်း တံခါးကို
ပိတ်မထားတာလဲ ”
“ ငါ ပိတ်ထားတာပဲ ဘယ်လိုဖြစ်လို့ ပွင့်သွားတာလဲမသိဘူး။ တံခါးပျက်နေပြီ ထင်တယ် ”
ထို့နောက် ဆရာသည် သနပ်ခါးရောင်ခပ်ဖျော့ဖျော့ ရှပ်အင်္ကျီလက်ရှည်တစ်ထည် လက်လျှိုဝတ်လိုက်ပြီး အင်္ကျီကြယ်သီးများ တစ်လုံးချင်းလိုက်တပ်နေရင်းက ရုတ်တရက်ထပြောပါသည်။
“ ဒါနဲ့ . . ငါမင်းသိအောင် တခုပြောထားရမယ်။ဒီ အခန်းက ငါ့အခန်း။ ငါက ဒီ အခန်းပိုင်ရှင်။
မင်းက ဒီ အတိုင်းလာနေတဲ့သူသက်သက်ပဲ။ငါပြောတာ လက်ခံလား ”
ဆရာ့စကားကို ဧည့်သည်က ဧည့်သည်လိုနေဟု စိုင်း နားလည်လိုက်သဖြင့် မကျေမနပ်ဖြစ်သွားကာ
“ အာ ... အဲတာတော့ ဆရာလွန်တာပေါ့ ” ဟု
အော်ပြောလိုက်၏။ ထိုအခါ
ဆရာက စူးရှစွာ စိုက်ကြည့်လျက် ဟောက်ပါသည်။
“ မင်း စကားကို တိုးတိုးမပြောတတ်ဘူးလား ”
စိုင်း ဇက်ကလေးပုသွား၏။ ထို့နောက်ဆရာစိတ်ဆိုးသွားမှာကို မလိုလားသောစိတ်ကြောင့်လား၊ ဒါမှမဟုတ် ပြဿနာကို မကြီးထွားစေလိုသောကြောင့်လား ဝေခွဲ၍ မရသေးခင်မှာပဲ စိုင်း
လက်ဖဝါးနှစ်ဖက်မြှောက်လိုက်ပြီး “ အိုကေ အိုကေ ကျနော် ဆရာပြောတာ လက်ခံတယ် လက်ခံတယ် ” ဟု စိတ်မပါ တပါနဲ့ လိုက်လျောလိုက်တော့လေသည်။ ဒီတော့မှ ဆရာ့ မျက်နှာက အနည်းငယ် ကျေနပ်သွားသယောင်ဖြစ်သွားသည်။
“ ဒါနဲ့ ကျနော် မေးစရာရှိလို့ ဆရာ ”
“ ဘာလဲမေး ”
“ ကျနော့် အဝတ်အစားတွေနဲ့ ပစ္စည်းတွေကိုဘယ်မှာထားရမလဲ ။ ဗီဒို တစ်ခုလုံး ဆရာ့အဝတ်အစားတွေနဲ့ ပြည့်နေတော့ ကျွန်တော့်အဝတ်အစားတွေကို ခရီးဆောင် သေတ္တာထဲမှာပဲ ထားနေရတယ် ”
“ အဲတာ မင်းကိစ္စ။
ငါပြောပြီးပြီပဲ ဒီအခန်းက ငါ့အပိုင် မင်းပိုင်တာ မဟုတ်ဘူး ။ ငါ့ပစ္စည်းတွေကို မင်း မသုံးရဘူး ”
“ အဲတာတော့ သပ်သပ်မတရားတာပဲ၊ ကျွန်တော်လဲ ဒီအခန်းမှာနေတာပဲ ။ ပစ္စည်းတွေကို တစ်ယောက်တစ်ဝက် သုံးရမှာပေါ့ ”
ဆရာ မျက်မှောင်ကုပ်သွားသည်။
“ ဒီပစ္စည်းတွေက မင်းဝယ်ထားလို့လား ။ ငါ့ပိုက်ဆံနဲ့ ငါ ဝယ်ထားတဲ့ ပစ္စည်းတွေချည်းပဲ ”
“ မတရား ဗိုလ်ကျတဲ့လူပဲ ”
စိုင်း က မကျေနပ်နိုင်ဘဲ ပွစိပွစိ တီးတိုးပြောမိသည်။
“ မင်းဘာပြောလိုက်တာလဲ ”
စိုင်း ဆရာ့ဒေါသကို ကြောက်ရွံ့မိသဖြင့် လိမ်ပြောရသည်။
“ ဘာမှ မဟုတ်ပါဘူး ။
ဟို . . ဆရာအအေးပက်တော့မှာပဲလို့ ပြောတာ ”
“ အဲတာ မင်းနဲ့ မဆိုင်ပါဘူး ”
စိုင်း ဘာမှကို မပြောတော့ဘဲ
ပါးစပ်ပိတ်နေလိုက်ရ၏။ ထို့နောက် ဆရာသည် အတွင်းခံဘောင်းဘီတစ်ထည်နှင့် ဂျင်းဘောင်းဘီတစ်ထည်ကို ဗီဒိုထဲကထုတ်ယူ ကိုင်ထားရင်း စိုင်းကို စိုက်ကြည့်နေပြန်သဖြင့်
“ ဘာ ... ဘာဖြစ်လို့လဲ ” ဟု
စိုင်း က မလုံမလဲမေးရသည်။
“ ငါ ဘောင်းဘီဝတ်မလို့ ”
သည်တော့မှ စိုင်း သဘောပေါက်သွားပါသည်။
“ အောအော် ... ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ။
ကျနော် ဟိုဘက် လှည့်ထားပါ့မယ် စိတ်ကြိုက်လဲပါ ”
စိုင်း ဆရာ့ကို ကျောပေးကာ ဝရံတာဘက်သို့ မျက်နှာလှည့်ထားလိုက်သည်။ဝတ် ပြီးပြီဟု ထင်ရလောက်သော အချိန်ကျမှ ပြန်လှည့်လိုက်သည်။ ရှပ်အင်္ကျီလက်ရှည်ကို ဂျင်းဘောင်းဘီထဲသို့ ခါးသွင်းလျက် ခါးနားတစ်ဝိုက် အင်္ကျီစအား အနည်းငယ်ပြန်ဖွ၍ ဝတ်ဆင်ထားသော စတိုင်သည် ဆရာနှင့် အင်မတန်လိုက်ဖက်စွာ အထာကျနေ၏။
ဆရာသည် မှန်တင်ခုံ၌တင်ထားသောခေါင်းလိမ်းဆီဗူးထဲမှာ ခေါင်းလိမ်းဆီအနည်းငယ်ကို လက်ဖဝါးထဲသို့ လောင်းချလိုက်ပြီးနောက် လက်ဖဝါးနှစ်ဖက်ကို ပွတ်သပ်ကာ ရှုပ်ပွလျက်ရှိသော ဆံပင်တွေမှာ လိမ်းကျံလိုက်ပြီး ခေါင်းဘီးဖြင့် သပ်သပ်ရပ်ရပ် ဖြီးသင်နေသည်။ မျက်နှာကို ဘာမှမလိမ်းသော်လည်း ဆရာ့မျက်နှာသည် ညိုညက်စွာ ဝင်းပလျက်ရှိသည်။
cosmetic တွေစုံလင်များပြားစွာ သုံးသော်လည်း ဆရာ့လောက် Skin မကောင်းသော မိမိကိုယ်မိမိ စိုင်း အားငယ်သွား၏။ စိုင်း ဆရာ့ကို ငေးကြည့်ပြီး ကိုယ် ရုပ်ချောတာဆိုတာ ဘာမှ မဟုတ်တော့ပါလား လို့တောင် ခံစားမိသည်။ ဟီးဟီး။
“ မင်း အဲတာ ဘာလုပ်တာလဲ ”
စိုင်း ပင့်သက်ရှိုက်လျက် အိပ်ရာပေါ် ပက်လက်လှန်၍ ခြေပစ်လက်ပြစ် လှဲအိပ်ပစ်လိုက်သောအခါ
ဆရာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။
“ ဗျာ ”
စိုင်းက ထိတ်ခနဲလန့်သွားပြီး ကြောင်တောင်တောင်ဖြစ်နေ၏။ ဆရာက ထပ်မေးသည်။
“ မင်းအဲတာ ဘာလုပ်လိုက်တာလဲ ”
“ အော် အိပ်မလို့လေ။ ပင်ပန်းလို့ ”
“ မင်း အိပ်မှာကို မသိလို့ မေးတာမဟုတ်ဘူး။
ဒါ ငါ့မွေ့ရာ ငါ့ကုတင် ”
“ ဟုတ်တယ်လေ ဆရာ့ကုတင်ပဲလေ
ကျနော့်ကုတင်လို့ မပြောပါဘူး ”
“ အေး ငါ့ကုတင်။ အဲတာကြောင့်
မင်းငါ့ကုတင်ပေါ်ကဆင်း ”
စိုင်း ဝုန်းခနဲ ထထိုင်လိုက်၏။
“ အဲကျတော့ ကျွန်တော်က ဘယ်မှာ
သွားအိပ်ရမလဲ ။ အိပ်ယာက ဒီအခန်းမှာ
ဒီတစ်ခုတည်း ရှိတာ ”
ထွန်းကိုကို က ကုတင်ဘေးမှာရှိနေတဲ့
ဆိုဖာအရှည်ကြီး ဆီကို လက်ညှိုးထိုးပြလိုက်သည်။
“ အမ် ... ကျနော် အဲပေါ်မှာ အိပ်ရမှာလား။
လုံးဝ မအိပ်နိုင်ဘူးနော် ”
“ အဲပေါ်မှာ မအိပ်ချင်ရင် ကြမ်းပြင်မှာ အိပ်လည်းရတယ် ”
“ အမ် ... ဘာလို့ ကြမ်းပြင်မှာ အိပ်ရမှာလဲ ”
“ အေး အဲတာဆို အဲဆိုဖာပေါ်မှာ အိပ်။
စကားမများနဲ့ ”
စိုင်းက ဆောင့်အောင့်ပြီး ဆရာ့ ကုတင်ပေါ်ကနေ ဆင်းလိုက်သောအခါ ဆရာက ဟန်ကျပန်ကျ ခါးထောက်လျက် စိုင်းကို စူးရှစွာ ကြည့်နေသည်။
“ ချာတိတ် မင်း ဆောင့်အောင့်မနေနဲ့။
ငါ့အခန်းမှာနေမယ်ဆိုရင် ငါ့စည်းကမ်းတွေကို
လိုက်နာမှ ဖြစ်မှာပဲ ”
ထို့နောက် ဆရာက ဘယ်တုန်းက စဉ်းစားလိုက်မှန်းမသိသော စည်းကမ်းချက်တွေကိုရွတ်ပြပါတော့သည်။
“ နံပါတ်တစ် ငါ့ ပစ္စည်းတွေကို လုံးဝ မထိပါနဲ့။
နံပါတ်နှစ် စကား ကျယ်ကျယ် မပြောနဲ့။
နံပါတ်သုံး တစ်နေ့တစ်ခါအခန်း သန့်ရှင်းရေးလုပ်ရမယ်။
နံပါတ်လေး အပြင်သွားရင် ည ၉နာရီ အမှီပြန်လာရမယ်။ ၉နာရီ ကျော်တာနဲ့ လုံးဝ တံခါးဖွင့်မပေးဘူး။ မင်းဒီ စည်းကမ်းတွေကို လုံးဝ လိုက်နာရမယ် ”
စိုင်းယောင်တောင်တောင်နဲ့ ပြီးပြီးရော ခေါင်းညိတ်လိုက်ရသည်။ အဲနောက်
ဆိုဖာပေါ်ပဲ ဗုန်းခနဲ ပစ်လှဲလိုက်ပြီး
မျက်စိမှိတ်လိုက်ပါသည်။ မကြာခင်
တံခါးပိတ်သံကြားရသည်။ ဆရာ အခန်းထဲက ထွက်သွားပြီ။ သည်တော့မှပဲ စိုင်း မောဟိုက်နွမ်းလျစွာ သက်ပျင်းမိတော့သည်။ ဆရာ့ ရဲ့စည်းကမ်းချက်တွေကလဲ များလိုက်တာ။ ဒီပုံစံအတိုင်းဆို ငါ ဒီအခန်းထဲမှာ ဆရာနဲ့ ရှေ့ဆက်နေထိုင်ဖို့ အဆင်ပြေနိုင်ပါ့မလား ။
+++
“ မွန်မွန် ကျနော်ပြန်တော့မယ် ”
“ ဟုတ်ကဲ့ ဒေါက်တာ ”
လူနာတွေကို အကုန်ကြည့်ပြီးတာနဲ့ Nurse မလေး မွန်မွန်ကို နှုတ်ဆက်ပြီး သူ ပြန်လာခဲ့ချိန်မှာ ခါတိုင်းအိမ်ပြန်ချိန်ထက် အတော်နောက်ကျနေခဲ့ပြီ။
ငွေရေးကြေးရေးမမှုဘဲ စေတနာထားကုသပေးမှုကြောင့်လည်းကောင်း၊ ပါချုပ်ကြီးရဲ့ သူ့လူနာရှင်တချို့ကို လက်လွှဲပေးမှုကြောင့်လည်းကောင်း
သူ့ဆေးခန်းက စဖွင့်သည့်အချိန်မှစ၍ ခြောက်လအတွင်း တစ်စတစ်စနဲ့နာမည်ရလာပြီး လူနာတွေ တဖြေးဖြေးများလာခဲ့သည်။ ဆေးခန်းရှေ့ရောက်သည်နှင့် အနည်းဆုံး လူနာသုံးလေးယောက်လောက်က အဆင်သင့်စောင့်ကြိုနေတာနဲ့ကြုံရလေ့ရှိသည်။ အခုရက်ပိုင်းမှာတော့ ဆေးခန်းပိတ်ချိန်နီးလာလေလေ လူနာက ပိုကျလာလေလေဖြစ်သောကြောင့် အမြဲတမ်း သူ တရားဝင်ကြေငြာထားသော ဆေးခန်းပိတ်ချိန်ထက် နာရီဝက်ကျော်ကျော်လောက်တိုးဖွင့်ခဲ့ရသည်ချည်းဖြစ်လို့နေတော့သည်။
အဆောင်နဲ့အနီးတစ်ဝိုက်က စားနေကျစားသောက်ဆိုင်တစ်ခုမှာ ညစာဝင်စားပြီး မိမိအခန်းကိုပြန်လာတဲ့လမ်းမှာတော့ သူ တော်တော်လေး စိတ်ကသိကအောက်ဖြစ်နေမိ၏။ လူနာတွေနဲ့ပြောဆိုဆက်ဆံနေရချိန်နဲ့
စာသင်ရချိန်ကကလွဲပြီး ကျန်တဲ့အချိန်တွေမှာ တစ်ယောက်တည်း သီးသန့်နိုင်စွာနေရသည့်အခြေအနေမှာ ပျော်ဝင်နေခဲ့မိတာ နှစ်အတော်ကြာခဲ့ပြီ။ အခု သူ့အခန်းမှာ ကောင်လေးတစ်ယောက်ရောက်နေသည်ကို
သူ့အနေနဲ့ ဘယ်လိုမှ အသားကျနိုင်လိမ့်မည်မဟုတ်ချေ။
“ ဘိုဘီဘတ်သီနဲ့ကွာ ဒီကလေးကတော့ ”
အခန်းထဲရောက်ရောက်ချင်းမှာပဲ ဆိုဖာရှည်ပေါ်မှာ လက်ကားယား ခြေကားယားနဲ့ အိပ်ပျော်နေတဲ့ စိုင်းမင်းခန့်ကို မြင်ပြီး သူအတော်လေး စိတ်ရှုပ်သွားရပါသည်။
ဆေးကျောင်းသားဘဝကတည်းက ယခုလိုထူးချွန်ထက်မြက်ပြီး စမတ်ကျတဲ့ ဆရာဝန်တစ်ယောက်ဖြစ်လာအောင် ကူညီထောက်ပံ့ပေးခဲ့သော
ပါချုပ်ကြီးရဲ့ ကျေးဇူးတွေသာသူ့အပေါ်မှာ မရှိနေခဲ့ဘူးဆိုလျှင် သူ ဒီကလေးကို မိမိအခန်းမှာ လုံးဝနေထိုင်ခွင့်ပြုမိမည်မဟုတ်ပါ။ သူ စိတ်အနှောင့်ယှက်ဖြစ်မိတာတော့အမှန်ပဲ။ စိုင်းမင်းခန့် ရာ မင်းနဲ့ငါ နဲ့ အဆင်မှ ပြေပါ့မလား။