ဇံ Canada မှာ ဦးစောရ နဲ့အတူနေရာစုံလျှောက်လည်လာခဲ့တာ နှစ်လကျော်သွားပြီဖြစ်သည်။ မရောက်ဖူးတဲ့နေရာလည်းမရှိသလောက်။
ဒီနေ့တော့ အိမ်အနီးနားက ရပ်ကွက်ပန်းခြံလေးမှာ ဇံ နဲ့ ဦးစောရ တို့အတူထိုင်ဖြစ်ကြသည်။ ဇံ က ဦးစောရ ပခုံးပေါ် ခေါင်းလေးမှီထားကာ နှစ်ယောက်သားလက်ချင်းယှဉ်တွဲကိုင်ထားကြသည်။
''ဇံ......''
ဦးစောရ အသံကြောင့် ပခုံးပေါ်မှီကာမျက်လုံးလေးတွေမှေးစင်းထားတဲ့ ဇံ က ''ဟင်'' ဆိုတဲ့အသံလေးထွက်လာသည်။
ဦးစောရ က ဇံ မျက်နှာလေးကိုခေါင်းအနည်းငယ်စောင်းကာကြည့်လိုက်ပြီး...
'' ဇံ ဦး လို ဒီတိုင်းသာမာန်ဘာမှမဟုတ်တဲ့ သူကိုကြိုက်ရတာ ဇံ့ အတွက်တန်ရဲ့လား''
ဇံ့ မျက်ခုံးလေးတွေတွန့်ကွေးသွားကာ နှုတ်ခမ်းလေးတွေပါဆူသွားသည်။ ချက်ချင်း ဦးစောရ ပခုံးပေါ်ကထလိုက်ပြီး လက်ချောင်းတွေကိုပိုတင်းကြပ်စွာဆုတ်ကိုင်လိုက်သည်။
''မဟုတ်မှလွဲရော ဦးဦး အဲ့လိုအတွေးမျိုးကြောင့် ဇံ့ ကိုနမ်းလည်းမနမ်းနိုင်။ ဇံ နဲ့အိပ်လည်းမအိပ်နိုင်ဖြစ်နေတာလား''
''မဟုတ်ပါဘူး ဇံ ရဲ့။ ဦး က ဇံ ကို အားနာလို့ပါ။ ဇံ က အရမ်းငယ်သေးတယ်။ ဇံ့ အတွက်ရှေ့ဆက်လျှောက်ရမယ့်လမ်းတွေလည်းအများကြီးရှိသေးတယ်လေ......''
ဦးစောရ ပြောနေတဲ့စကားတွေက ဇံ့ ရင်ကိုနာကျင်စေသည်။ နောက်ထပ်နာကျင်စရာ စကားလုံးတွေထွက်လာမယ့် ဦးစောရ နှုတ်ခမ်းပါးကို ဇံ ကသူ့နှုတ်ခမ်းနဲ့ ဖိကပ်လိုက်ပြီး ရပ်တန့်စေလိုက်သည်။
''ဦးဦး ဆက်မပြောပါနဲ့တော့။ ဦးဦး သိလား ဦးဦး ပြောတာတွေက ဇံ့ ကိုဘယ်လောက်နာကျင်စေလဲဆိုတာ''
ဇံ့ မျက်ဝန်းထဲ မျက်ရည်တွေဝိုင်းလည်လာပြီး ပူနွေးနွေး မျက်ရည်တစ်စက်က မျက်ဝန်းအိမ်ထဲကနေ ပါးပြင်ပေါ်ဖြတ်သန်းစီးဆင်းသွားသည်။
ဦးစောရ လည်း သူပြောတာစကားမှားသွားပြီး ဇံ့ ကိုအရမ်းနာကျင်စေသွားတာသိတော၊့ ချက်ချင်းပဲ ဇံ့ ကိုရင်ခွင်ထဲထည့်ကာဖက်ထားလိုက်သည်။
''ဦး ဇံ့ ကိုနာကျင်စေချင်လို့ပြောတာမဟုတ်ရပါဘူး။ ဇံ ဦး ကိုတစ်နေ့ကျထားသွားမှာအရမ်းကြောက်မိတယ်။ ဦး ထက်သာတဲ့သူကိုတွေ့သွားလို့ ဦး ကိုထားခဲ့မှာအရမ်းစိုးရိမ်တယ်''
ဦးစောရ ရင်ခွင်ထဲကနေ ဇံ ကမျက်ရည်တွေနဲ့ခေါင်းခါပြသည်။
''ဟင့်အင်း။ ဇံ က ဦးဦး ကိုဘယ်တော့မှထားမသွားဘူး။ ဇံ ဦးဦး ကိုချစ်တာ ရုပ်ရည်ငွေကြေးဥစ္စာဓာနတွေဘာတစ်ခုအတွက်ကြောင့်နဲ့မှမဟုတ်ဘူး။ ဦးဦး ဖြစ်နေလို့ချစ်တာ။ ဦးဦး မို့။ ဇံ့ ကိုဂရုစိုက်ပြီးချစ်တဲ့ ဦးဦးမို့။ ဦးဦး က Bodyguardပဲဖြစ်နေနေ သူဌေးကြီးပဲဖြစ်နေနေ ဇံ ချစ်တယ်''
ဇံ ရဲ့ စကားလေးတွေက စိုးရိမ်နေတဲ့ ဦးစောရ ရင်ထဲကအပူမီးတွေကို ရေနဲ့ငြိမ်းပစ်သလို ချက်ချင်းညိမ်းသွားကာ အေးချမ်းစေသည်။
''ဦး လည်း ဇံ ကိုချစ်တယ်။ ဇံ တစ်ယောက်တည်းကိုချစ်တာ''
ဇံ က ရင်ခွင်ထဲကထွက်လိုက်ပြီး ဦးစောရ နှုတ်ခမ်းတွေကို နမ်းရှိုက်လိုက်သည်။ အမြဲ နှုတ်ခမ်းကို ထိရုံသာနမ်းတတ်တဲ့ ဦးစောရ က ဇံ ဘက်ကနမ်းရှိုက်လာတဲ့အနမ်းတွေကိုပြန်တုံ့ပြန်ပြီး ပိုမိုနက်နဲ တဲ့အနမ်းတစ်ခုအဖြစ်ပြောင်းလဲလိုက်သည်။
ဇံ ဘက်က စတင်ဦးဆောင် နမ်းခဲ့တာမှန်ပေမယ့်၊ ဦးဆောင်သူက ချက်ချင်း ဦးစောရ အဖြစ်ပြောင်းသွားသည်။ ဇံ ဦးစောရ ရဲ့ ဦးဆောင် နမ်းရှိုက်မှု နောက်ကိုသာ တုံ့ပြန်လိုက်ပါသွားသည်။
ဦးစောရ က ဇံ နှုတ်ခမ်းပါးတွေကို သုံးဆောင်ရတာဝသွားတဲ့အခါ ခံတွင်းထဲ လျှာဝင်ခွင့်တောင်းဆိုလာသည်။ ဇံ ကလည်း ကြည်ကြည်ဖြူဖြူ နဲ့ ခွင့်ပြုပေးလိုက်သည်။
လျှာ ထိပ်နှစ်ခုထိလိုက်တဲ့အခါ ရင်ထဲအေးသွားသလို ပူလောင်ကာ တုန်ယင်သွားသည်။ ဦးစောရ က ဇံ ရဲ့ ခေါင်းနောက်လေးကိုထိန်းကိုင်ထားကာ လျှာကခံတွင်းတစ်ခုလုံးကို လေ့လာနေသည်။
ဇံ ရဲ့ နှုတ်ခမ်းပါးနဲ့ ခံတွင်းလေးတွေက စတော်ဘယ်ရီနံ့လေးသင်းနေကာ သကြားလုံးလေးလိုချိုရဲနေသည်။ ဦးစောရ အတွက် လွှတ်မပေးချင်ဘဲ၊ ဒီ့ထက်ပိုမိုစားသုံးချင်အောင် ဆွဲဆာင်နေသည်။
အနမ်းတွေကတဖြည်းဖြည်းကြာလာ၊ ပိုပိုပြီး နက်ရှိုင်းလာတဲ့အခါ သက်လုံမကောင်းတဲ့ ဇံ အဖို့ အသက်ရှူကြပ်လာသည်။ ဦးစောရ အနမ်းတွေ ကလိုချင်တက်မက်စိတ်တွေငြိတွယ်နေပေမယ့်၊ နူးညံ့ညင်သာသည်။
စီးကရက်တို့ ကွမ်းတို့ အရက်တို့ မသောက်တတ်တဲ့ ဦးဦး ကအနံ့ဆိုးတွေ ရှိမနေဘဲခပ်သင်းသင်းလေး။ အသက်ရှူကြပ်နေပြီ မှန်သော်လည်း ဇံ ဦးကိုမလွှတ်ချင်။
ဦးစောရ ဘက်ကနေ အနမ်းတွေကို အရှိန်သက်လိုက်တော့မှ ဇံ အသက်ဝဝရှူနိုင်သည်။ အနမ်းကြောင့်နီရဲစိုစွတ်နေတဲ့နှုတ်ခမ်းပါးလေးကို ခပ်ဟဟ အသက်ရှူနေတဲ့ ဇံ ကိုကြည့်ကာ ဦးစောရ ကပြုံးလိုက်ပြီး နှာခေါင်းထိပ်လေးကိုတို့ထိလိုက်သည်။
''အသက်ရှူကြပ်နေတာ ဘာလို့ ဦး ကိုမပြောတာလဲ''
ဇံ ကနှုတ်ခမ်းလေးဆူကာ
''မပြောချင်ပါဘူး။ ဒါ ဦးဦး ဆီ က ဇံ ရတဲ့ပထမဆုံးအနမ်းလေ။ ဇံ ကြောင့်အချိန်တွေလျော့သွားမှာမလိုလားဘူး''
ဦးစောရ ရယ်မိသည်။
''ဒီနေ့လည်း ဇံ ဦးဦး ဆီလာမှာနော်''
ဦးစောရ က ဇံ ကိုခေါင်းညိမ့်ပြလိုက်သည်။ ဇံ မလာရင်တောင် သူကိုယ်တိုင်ပြေးလာခေါ်မှာအမှန်ပင်။ သူ့ညတွေကိုဘေးနားမှာကပ်တွယ်နေတတ်တဲ့အကောင်လေး မရှိရင်အိပ်မပျော်တော့။
''ချစ်တယ် ဇံ''
''ဇံ ကပိုချစ်တယ်''
ဦးစောရ ပြုံးကာ ဇံ ရဲ့နဖူးပေါ်ကိုကြင်နာယုယစွာနမ်းရှိုက်လိုက်သည်။ ကောင်းကင်ပေါ်ကနေမင်းကြီးကတော့နီရဲရဲဖြစ်နေကာ ဇံ အစားရှက်ပေးနေသည်။ ကောင်းကင်ယံ ကတိမ်လေးတွေကလည်း ပန်းရောင်သန်းလို့။
မကြာခင် ရှက်နေတဲ့နေမင်းကြီးလည်း ကောင်းကင်ယံနောက်ဝင်သွားကာ ဇံ လိုမျိုးချစ်ဖို့ကောင်းပြီးထွန်းလင်းဖြူစင်တဲ့ ဖိုးလမင်းကြီးထွက်လာတော့သည်။