ဒီနေ့က ကျွန်မအတွက်တော့ထူးခြားတဲ့နေ့တစ်နေ့။ ကျွန်မဘ၀ရဲ့ပျော်စရာကောင်းတဲ့အချိန်တစ်ခုမှာ ကျွန်မကိုချစ်တဲ့အမေရော အမေ့ကိုချစ်တဲ့လူတစ်ယောက်ရော ကျွန်မရဲ့နှလုံးသားဖြစ်တဲ့"မိုင်"ရော အားလုံးကျွန်မဘေးမှာရှိနေကြတယ်။ နှမြောဖို့ကောင်းတာက ကျွန်မသူငယ်ချင်းတွေတော့ ကျွန်မဘေးနားရှိမနေပေးနိုင်ဘူးပေါ့။ ဒါကိုလည်းအပြစ်ဆိုနေလို့မရဘူးလေ။ လူဆိုတာဘယ်လောက်ပဲရင်းနှီးရင်းနှီး အချိန်ကျလာရင် ခွဲခွာရတာမျိုးလည်းရှိတတ်တာပဲလေ။ ဒါမဲ့ တခါတလေစိတ်ကူးယဉ်ကြည့်ဖူးတယ်။ သိမ့်တို့သာ အနားမှာရှိရင်ကျွန်မဒီထက်ဆယ်ဆပိုပျော်မိလောက်တယ်လို့လေ။ ဘာပဲဖြစ်ဖြစ်ပါလေ မနက်ဖြန်ဆို မြန်မာပြည်ပြန်ရမှာပဲကို။ အဲ့ကျရင် သိမ့်တို့နဲ့ကြိုက်သလောက်တွေ့လို့ရတာပဲဟာ။ အဲ့လိုပဲတွေးပြီး ဖြေသိမ့်လိုက်ရတာပေါ့လေ။
"သမီး ဘာတွေစဉ်းစားနေတာလဲ မပျော်ဘူးလား"
မိုး- မပျော်ဘဲနေမလား အမေရယ် ဘွဲ့ရတာကိုမပျော်တဲ့သူဘယ်သူရှိမှာလဲ
"မသိပါဘူးအေ သမီးမျက်နှာကသိပ်မကောင်းဘူးထင်ရလို့"
မိုး- သိမ့်တို့ကိုလွမ်းလို့ပါ အမေရယ် သူတို့သာရှိရင်သိပ်ကောင်းမှာပဲလို့တွေးမိလို့"
"သူတို့လဲသမီးလိုပဲလွမ်းနေကြမှာပါ ဘာမှတွေးမနေနဲ့ မနက်ဖြန်ဟိုပြန်ရောက်ရင် သွားတွေ့လို့ရတာပဲကို"
မိုး- ဟုတ်ကဲ့ပါ သမီးလဲ ရောက်တာနဲ့သွားတွေ့မလို့စဉ်းစားထားပြီးသားပါ
"ဒါနဲ့ သမီး ဟိုကလေးမရဲ့မိဘတွေနဲ့သွားတွေ့မှာကလေ သမီးတစ်ယောက်ထဲဖြစ်ပါ့မလား အမေလိုက်ခဲ့ပေးလို့ရတယ်နော်"
မိုး- တစ်ယောက်ထဲမဟုတ်ပါဘူး အမေရဲ့ မိုင်လည်းပါနေတာပဲဟာ
"ဒါတော့ဒါပေါ့ ဒါမဲ့သမီးကတစ်ရက်လည်းနေမှာမဟုတ် သူတို့သဘောတူတဲ့အထိအဲ့မှာနေမှာဆိုတော့ အမေကစိတ်ပူလို့ပါ"
မိုး- မပူပါနဲ့ အမေရယ် မိုင်ကသမီးကိုစောင့်ရှောက်ပေးမှာပါ မိုင့်မိသားစုကလည်း သဘောကောင်းမှာပါ သမီးအမေ့ကိုနေ့တိုင်းဖုန်းဆက်မှာပဲဟာ နော်
အမေ့ကိုနှစ်သိမ့်ပြီးပြောလိုက်ပေမယ့် စိတ်ထဲမှာတော့ကြောက်မိသား။ မိုင့်ရဲ့မိဘတွေကဘယ်လိုပုံစံလဲမသိပေမယ့် မိုင်ပြောတာကတော့တခြားနေရာတွေမှာသဘောကောင်းပေမယ့် စည်းကမ်းကြီးပြီးတော့ ရှေးရိုးစွဲတွေတဲ့။ မိုင့်ကိုတောင် ဘယ်လိုမှပြောလို့မရလို့လွှတ်ထားတာတဲ့။ ဒါတောင်တခြားမိန်းကလေးတွေကြိုက်မှာစိုးလို့ မေမဒီနဲ့ စေ့စပ်ပေးထားတာပဲကြည့်။ ပြီးတော့ မိုင့်မှာအစ်ကိုနှစ်ယောက် အစ်မနှစ်ယောက်ရှိတယ်တဲ့။ မွေးချင်းတွေထဲမှာ မိုင်က အငယ်ဆုံးနဲ့အဆိုးဆုံး။ အကုန်လုံးကတော့ အိမ်ထောင်ကျသွားကြပြီလို့ပြောတယ်။ သူတို့အားလုံးနဲ့ ကျွန်မရင်ဆိုင်လို့ဖြစ်ပါ့မလားလို့တောင် ခနခနတွေးမိတယ်။ အဲ့လိုတွေးမိတိုင်း မိုင့်ကိုချစ်တဲ့စိတ်နဲ့ပြန်ပြီးသတ္တိမွေးရတာပေါ့။
မိုင်- မိုးရေ လာလေ ဓါတ်ပုံရိုက်ရအောင်
မိုး- လာပြီ လာပြီ
မိုင်- အန်တီနဲ့မိုးကို ဓါတ်ပုံရိုက်ပေးမယ် ဟိုနားသွားရပ်ကြ
မိုး- မိုင် ခနလေး... အန်တီမယ်ရီ တူတူရိုက်ကြမယ် လာပါ
အတိတ်ကကိစ္စတွေကြောင့် မျက်နှာပူနေပုံရတဲ့အန်တီမယ်ရီက အဝေးတစ်နေရာမှာရပ်နေတာတွေ့တော့ ကျွန်မလှမ်းခေါ်မိတယ်။ ကျွန်မကနားမလည်ပေးနိုင်လောက်ဘူးလို့များ ထင်နေလားမသိပါဘူး။
အန်တီမယ်ရီ- နေပါစေ သားအမိနှစ်ယောက်ပဲရိုက်ကြပါ
မိုး- မရပါဘူး အန်တီမယ်ရီကလဲသမီးအမေဖြစ်နေပြီပဲဟာ
ကျွန်မကရိုးရိုးသားသားပြောလိုက်ပေမယ့် အမေရော အန်တီမယ်ရီရောက ရှက်သွားတယ်နဲ့တူပါတယ်။ ကျွန်မ အမေ့ကိုလက်တို့ပြီး မျက်စိရိပ်မျက်နှာကဲပြလိုက်တော့မှ သတိ၀င်ပြီး အန်တီမယ်ရီ့ကိုလာဖို့ခေါ်တယ်။
"မယ်ရီ လာလိုက်ပါ တို့သမီးကမင်းမပါရင် ဓါတ်ပုံရိုက်မယ့်ပုံမပေါ်ဘူး"
အဲ့လိုပြောလိုက်မှ သုံးယောက်သားဓါတ်ပုံရိုက်လို့ရတော့တယ်။ နောက်တော့အမေကလည်း အလိုက်သိစွာနဲ့ ကျွန်မနဲ့မိုင်ကို နှစ်ယောက်ထဲဓါတ်ပုံရိုက်ပေးတယ်။ ဓါတ်ပုံထဲမှာ ကျွန်မကဘွဲ့၀တ်စုံနဲ့ မိုင်ကတော့အကျီလက်ရှည် ဘောင်းဘီနဲ့။ ပြီးတော့ မိုင်ကကျွန်မလက်ကိုတွဲထားပြီး ကျွန်မကမိုင့်လက်ကိုချိတ်ထားတယ်။ ဒီဓါတ်ပုံကကျွန်မတို့နှစ်ယောက်အတွက်တော့ ပထမဆုံးသော နှစ်ယောက်ထဲရိုက်တဲ့ဓါတ်ပုံဖြစ်ပါလိမ့်မယ်။
နောက်နေ့မနက်-
ကျွန်မတို့မြန်မာပြည်ပြန်ခဲ့တယ်။ ကျွန်မတို့ဆိုတာ ကျွန်မနဲ့မိုင်နှစ်ယောက်ထဲပါ။ အမေက အစကပြန်လိုက်လာမလို့အစီအစဉ်ရှိခဲ့ပေမယ့် ကျွန်မကအလိုက်သိစွာနဲ့နေခဲ့ခိုင်းတာပါ။ အန်တီမယ်ရီနဲ့အတူရှိချင်မယ်ထင်လို့လေ။ ထင်ထားတဲ့အတိုင်းပဲ ကျွန်မကနေခဲ့ပါလားလို့ပြောလိုက်တာနဲ့ နှစ်ခါတောင်မငြင်းဘူး။ အမေတို့များ အချစ်ဦးနဲ့တွေ့သွားတော့ သားသမီးတောင်စိတ်ချလက်ချလွှတ်လိုက်တယ်။ မိုင့်ကိုသူတော်စင်များအောက်မေ့နေလားမသိဘူး။ ဟိုကနှာဘူးကြီးဖြစ်နေတာ သူသိရင်ဒီလိုစိတ်ချလက်ချနှစ်ယောက်ထဲလွှတ်လိုက်မှာတောင်မဟုတ်ဘူး။ အခုကြည့် လေယာဉ်ပေါ်မှာငြိမ်ငြိမ်မနေဘဲ လည်ပင်းနားကပ်ပြီး ဖွဖွလေးနမ်းလိုက် မထိတထိလုပ်လိုက်နဲ့။ တော်သေးတာပေါ့ ရတဲ့ထိုင်ခုံက နောက်ဆုံးတန်းထောင့်ကျတဲ့နေရာမို့လို့။ မဟုတ်လို့ကတော့ ကျွန်မရှက်လွန်းလို့ အငွေ့တောင်ပျံသွားမှာ။ တခြားသူတွေကြားမှာစိုးလို့ ရန်တွေ့လို့ကလဲမရဘူး။ မတတ်နိုင်တဲ့အဆုံး ငြိမ်ခံပြီးလိုက်လာလိုက်တာ နောက်ဆုံးတော့ရောက်ပါပြီ။
လေယာဉ်ကွင်းပေါ်ကဆင်းလိုက်တာနဲ့ မြန်မာပြန်ရောက်ပြီဆိုတဲ့အသိကြောင့် ပျော်လဲပျော်ရွှင်ရသလို စိုးရိမ်စိတ်လဲ၀င်မိတယ်။ သူ့မိသားစုနဲ့ရင်ဆိုင်ဖို့ ခြေတလှမ်းပိုနီးလာပြီလေ။ ဒါပေမယ့် ကျွန်မမှာအချိန်တော့ရှိပါသေးတယ်။ မိုင့်မိသားစုက တောင်ကြီးမှာလေ။ အဲ့တော့ ဒီနေ့တစ်ရက်ရန်ကုန်မှာနေပြီး မနက်ဖြန်မှတောင်ကြီးသွားကြမှာ။ ကျွန်မသူငယ်ချင်းတွေနဲ့တွေ့ချင်သေးတယ်လေ။ ဒီနေ့တစ်ရက်ကတော့ ကျွန်မအိမ်မှာပဲတည်းလိုက်ကြတဲ့ အမေကပြောရက်တယ်။ မိုင့်အကြောင်းမသိသေးလို့အဲ့လိုပြောတာနေမှာ။
အိမ်ပြန်ရောက်ရောက်ချင်း ကျွန်မပင်ပန်းလို့နားချင်တာကြောင့်
မိုင့်ဘက်လှည့်ပြီး
မိုး- မိုင် အောက်ထပ်ကအခန်းမှာအဆင်ပြေသလိုနေနော် ငါ့အခန်းကအပေါ်ထပ်မှာ တက်သွားလိုက်တော့မယ် ပင်ပန်းလို့နားချင်နေပြီ
မိုင်ကခေါင်းငြိမ့်ပြတော့ ကျွန်မလဲအပေါ်တက်လာလိုက်တယ်။ အခန်းထဲရောက်တော့ လန်းသွားအောင်ရေချိုးလိုက်တယ်။ တဘက်အဖြူကို ကိုယ်မှာပတ်လိုက်ပြီး ဗီရိုထဲကအကျီထုတ်နေတုန်း အခန်းတံခါးကရုတ်တရက်ကြီးပွင့်လာတယ်။ ဘယ်သူရှိမလဲ မိုင်ဆိုတဲ့နှာဘူးကြီးပဲပေါ့။ ကျွန်မလဲလန့်ပြီး ရင်ဘတ်ကိုလက်နဲ့ကာမိလိုက်တယ်။ သူကအပြင်မထွက်သေးဘဲ လူကိုကြည့်နေတာဆိုတာ ကျွန်မရှက်လွန်းလို့အရည်တောင်ပျော်သွားနိုင်တယ်။
မိုး- မိုင်! ဘာကြည့်နေတာလဲ ငါအ၀တ်လဲရအုံးမယ် အပြင်ထွက်လေ
မိုင်- မထွက်ချင်ပါဘူး
မိုး- ဟမ်! ဘာစကားကြီးလဲ လာစမနေနဲ့နော် ဒီမှာချမ်းနေပြီ အပြင်မြန်မြန်ထွက်
မိုင်- ဘယ်သူကစနေလို့လဲ မထွက်ချင်လို့မထွက်ချင်ဘူးပြောတာကို
မိုး- မိုင် နင်နော် မရဘူး အခုထွက်
ကျွန်မသူ့ကိုပြောရင်းနဲ့ တံခါးအပြင်ဘက်တွန်းထုတ်ပေမယ့် မအောင်မြင်ဘဲ ကျွန်မလက်တွေကိုပါချုပ်လိုက်ပြီး နံရံနဲ့ကပ်ပစ်လိုက်တယ်။
မိုင်- ကိုယ့်ကိုမြူဆွယ်နေတာပဲ
မိုး- ဘာလဲ ဘာမှမမြူဆွယ်ဘူးနော် ရှင့်ဘာသာအသားယူနေတာ
မိုင်- ကြည့်ပါလား တရှင်ရှင်နဲ့ ပိုအသည်းယားဖို့ကောင်းအောင်
မိုး- ဟာ! မိုင်နော် နှစ်ယောက်ထဲရှိတယ်ဆိုပြီးငါ့ကိုအခွင့်အရေးမယူနဲ့နော် ငါအော်မှာ
မိုင်- ဘယ်လိုအော်မှာလဲ
မိုး- ဟောဒီ့မှာ ကျွန်မကိုအနိုင်ကျင့်နေပါတယ်ဆိုပြီးတော့အော်မှာပေါ့
မိုင်- အဲ့တော့ဘယ်သူကကြားမှာတဲ့လဲ
မိုး- ဘေးအိမ်တွေကြားသွားမှာပေါ့
မိုင်- ဘေးအိမ်မှာဘယ်သူရှိလို့လဲ
မိုး- ရှိတာပေါ့ ဘေးအိမ်မှာ....ဟင်!
မိုင်- ဘေးအိမ်ကလူတွေခရီးသွားနေလို့ သမီးတို့ဂရုစိုက်နေကြတဲ့ အန်တီကမှာလိုက်တယ်
ဟုတ်သားပဲ။ အခုကခရီးသွားရာသီမို့ ဘေးအိမ်ကလူတွေအကုန် ခရီးသွားနေကြတာခုမှသတိရတယ်။ ဒုက္ခပါပဲ ဒီနားမှာဖြတ်သွားဖြတ်လာကလည်း မုန့်ရောင်းတဲ့အသည်တွေလောက်ပဲရှိတာ။ ကြံရာမရတဲ့အဆုံး ကျွန်မငိုချလိုက်တယ်။
မိုး- အဟင့် အဟင့် အဟင့်
မိုင်- ဟင် မိုး ဘာလို့ငိုတာလဲ ကိုယ်ဘာလုပ်မိလို့လဲ
မိုး- လူဆိုးကြီး ဟင့် အခုထိသူ့မိဘတွေနဲ့တောင် မတွေ့ရသေးတာကို ဟင့် လူကိုအခွင့်အရေးယူဖို့ကြံနေတယ် ဟင့်
မိုင်- ဟာ! မဟုတ်ရပါဘူးကွာ ကိုယ်ကစနေတာပါ မင်းကိုဘာအခွင့်အရေးမှမယူဘူးနော် မငိုနဲ့တော့ တိတ်တော့
မိုး- တကယ်လား?
မိုင်- တကယ် ကတိပေးတယ် မိုးရဲ့ခွင့်ပြုချက်မရဘဲ ကိုယ်မိုးကိုအပိုင်မသိမ်းဘူး ဟုတ်ပြီလား
မိုး- ပြီးရော
မိုင်- ဒါပေမယ့်အခုလောလောဆယ်မိုးက ကိုယ့်ကိုအရမ်းဆွဲဆောင်နေတယ် အဲ့တော့နမ်းခွင့်လေးတော့ပေး နော်
မိုး- နှာဘူးကြီး
ကျွန်မအဲ့လိုပြောလိုက်ပေမယ့် သူ့အနမ်းတွေကိုတော့မငြင်းဆန်ခဲ့ပါ။ အမြဲတမ်းချိုမြိန်ခဲ့တဲ့ အနမ်းတွေက ဒီတခေါက်မှာလဲ ချိုမြိန်နေတာမို့လို့လေ။ ဒါပေမယ့်လည်း ကျွန်မတစ်ခုခုကိုသတိရသွားတာကြောင့် သူ့ကိုလွှတ်ပေးဖို့ရင်ဘတ်ကိုတွန်းလိုက်ရတယ်။ သူကဘာလို့လဲဆိုတဲ့အကြည့်နဲ့ကြည့်လာတာကြောင့် ကျွန်မနာရီကိုမေးငေါ့ပြလိုက်ရတယ်။
မိုး- တစ်နာရီခွဲနေပြီ သိမ့်တို့နဲ့နှစ်နာရီချိန်းထားတာနောက်ကျနေလိမ့်မယ် အမြန်သွားပြင်ဆင်တော့
မိုင်- မိုးကလဲကွာ သူတို့ကသူစိမ်းတွေမှမဟုတ်တာ နောက်ကျလဲစောင့်ပလေ့စေပေါ့
မိုး- မရပါဘူး သူတို့နဲ့ပြောစရာတွေအများကြီးရှိတယ် မိုင်ကလိမ်မာပါတယ် အမြန်သွားပြင်တော့ နော်
ချော့ပြောလိုက်မှ မသွားချင်သွားချင်နဲ့သွားလေရဲ့။ ပါးစပ်ကလဲ ပွစိပွစိပြောသွားသေးတယ်။ ရင့်ကျက်ပြီလို့ထင်ခဲ့တာ တကယ်တော့အခုထိ ကလေးကြီးဖြစ်နေတုန်း။
_____________"____________