မှိုင်း part 36
မှိုင်းဘေးတစ်ဖက် တစ်ချက်စီတွင် မင်းခနဲ့ မေက ထိုင်နေပြီး 2ယောက်သား အကြည့်ချင်း ပြိုင်နေရသလားဟု ထင်ရလောက်သည်အထိ လေဆာပစ်နေကြ၏။
မှိုင်းကတော့ လာချသမျှ တို့ဟူးကြော် ပုဇွန်ကြော် ငါးကင် များကို အားရပါးရ ဝါးတီးဆွဲနေသည်မှာ တမင် မင်းခတို့ကို ဂရုမစိုက်တာလား တကယ်ကို ဂရုမစိုက်မိတာလား မပြောတတ်။
စားပြီးသောက်ပြီးသည်နှင့် ကားရပ်ထားရာကို ပြန်ထွက်လာတော့ ကားဒရိုင်ဘာ ဦးလေးကြီးက နောက်ခန်းတွင် ထိုင်ကာ စောင့်နေပေးသည်။
မှိုင်းတို့ ကားပေါ်တက်ပြီး မကြာခင် ထိုးရပ်သွားသောကြောင့် ကြောင်တောင်တောင် ဖြစ်နေစဉ်မှာပဲ
"ဒါ အင်းခေါင်းဆည်ရဲ့ ရေထွက်ပေါက်လေ"
ကား ဒရိုင်ဘာ ဦးလေးကြီးရဲ့ စကားအဆုံးမှာပဲ စပ်စုလိုစိတ် အပြည့်ဖြင့် ခြံခတ်ထားသောနေရာလေးကို ဝင်လာခဲ့ကြသည်။
သစ်ပင်များစိမ်းစိုစိုဖြင့် ပြာလဲ့နေသော ရေအိုင်ကြီးမှာ ငါးလေးများ ကူးခတ်နေသည်ကိုပါ မြင်ရသည်အထိ ကြည်လင်နေ၍ အကုန်လုံး အံ့အားတကြီးဖြင့် လှည့်ပတ်ကြည့်နေမိသည်။
လူငယ်များပီပီ ရေကြောတစ်လျှောက် စပ်စုစိန်လုပ်ကာ သစ်ပင်များကြားထဲ အထိ ဝင်ကြည့် ၍ မင်းမြတ်နဲ့ မင်းခ ဝေသစ်တို့က မလှမ်းမကမ်းမှ လိုက်ဝင်လာလိုက်၏။
"အာ ဒီကနေကြည့်ရင် ကျွန်တော်တို့ ဒိုင်ဗင်ထိုးတဲ့နေရာကို လှမ်းမြင်နေရတာပဲ"
သီဟ စကားကြောင့် အကုန်လုံး လှမ်းကြည့်လိုက်တော့ ဟုတ်သား သစ်ပင်များကြားမှ DDတို့ ရေကူးသောနေကာကို လှမ်းမြင်နေရ သော်လည်း သစ်ပင် ခြုံနွယ်များပိတ်နေ၍ အရမ်း ရှင်းရှင်းလင်းလင်းကြီး မမြင်ရ။
"လမ်းဆုံးပြီ ပြန်လှည့်ကြတာပေါ့"
ရေများသာ ရှိတော့သည့်နေရာအထိ ရောက်မှ မင်းမြတ် ပြန်လှည့်ရန် သတိပေးလိုက်တော့ အကုန်လုံး ပြန်လှည့်သွားကာ ဓာတ်ပုံရိုက်သူကရိုက်နဲ့ မေကလည်း ထားနဲ့ ယိင်း နှစ်ယောက်နဲ့အတူ အဖွဲ့ကျနေသည်။
မင်းမြတ်ရှေ့မှ ထော့နင်းထော့နင်းဖြင့် ခြေဖော့သွားနေသော ကောင်လေးကြောင့် မင်းမြတ် စိတ်မရှည်စွာဖြင့် အမှီလိုက်ကာ တွဲပေးလိုက်တော့ စွေကြည့်လာပြီး
"ရတယ် ကျွန်တော် အဲ့လောက် မပျော့ဘူး"
တရွေ့ရွေ့ ထွက်သွားသော DD ကိုကြည့်ကာ မင်းမြတ်လုံးဝ နားမလည်နိုင်တော့။တစ်ခါတစ်ရံ ကျိုးပဲ့ လွယ်သည်အထိ နူးညံ့သော ထိုကောင်လေးမှာ တစ်ခါတစ်ရံ မင်းမြတ် ထက်ကိုပင် မာကျောနေတတ်သေးသည်။
အားလုံးရဲ့ နောက်ကျန်နေသော မှိုင်းက ပြာလဲ့လဲ့ ရေအိုင်ကြီးနဲ့အတူ ကူးခတ်နေသော ငါးလေးများကို အေးအေးဆေးဆေးဖြင့် ဓာတ်ပုံရိုက်နေ၏။
ပတ်ဝန်းကျင်အလှကို ခံစားကာ သဘောတကျပြုံးနေစဉ်မှာပဲ ပုခုံးပေါ်ရောက်လာသော လက်တစ်ဖက်ကြောင့် ရှေ့က ရေအိုင်ထဲ ခုန်ချလုသည်အထိ လန့်ဖြန့်သွားရသည်။
"ဦးမင်းခ! ခင်ဗျား…"
ဦးမင်းခက သူ့မူပိုင် အေးစက်စက် မျက်နှာထားနဲ့အတူ မှိုင်းကို တွေဝေစွာ စိုက်ကြည့်ကာ တစ်ခုခုပြောချင်ဟန်ဖြင့် ပါးစပ်ဟ လိုက်သော်လည်း ဘာစကားတစ်ခွန်းမှ ထွက်မလာ။
မှိုင်း မျက်ခုံးပင့်ပြလိုက်ပြီး မှိုင်းပုခုံးပေါ်က မင်းခလက်ကို ဆွဲဖယ်ကာ ထွက်ခွာဖို့ပြင်လိုက်တော့ မင်းခက မှိုင်းလက်ကို လှမ်းဆွဲကာ မထင်မှတ်ထားသော အပြုအမူဖြင့်
"အွန့်…!"
မှိုင်း စိတ်ထဲ တုန်လှုပ် ခြောက်ခြားကာ ထို ကြမ်းရှရှ အနမ်းတို့ကြားမှ တွန်းထိုးရုန်းကန်မိသည်။
*မတော်တဆ တစ်ယောက်ယောက်ကများ မြင်သွားခဲ့လျှင်…ဒီလူ…ဒီလူ သိပ်ကို ရဲတင်းလွန်းတာပဲ*
မှိုင်း အတွေးပေါင်းစုံဖြင့် ယောက်ယက်ခတ်နေသော်လည်း ထိုရင်ခွင်ကျယ်ကြီးထဲမှ ဘယ်လိုမှ ရုန်းထွက်လို့ မရနိုင်သည်အထိကို မင်းခက သန်မာလွန်း၏။
"ဖယ် ခင်ဗျားကြီး ဖယ်…"
မှိုင်း အသက်ရှူကြပ်ကာ မေ့မျောမတတ် ပျော့ခွေကျသွားမှ ပြင်းရှရှ အနမ်းတို့ကို ရပ်တန့်ကာ မှိုင်းခါးလေးကို ဆွဲဖက်ရင်း ထိန်းပွေ့လိုက်၍ မှိုင်း အသဲအသန် ရုန်းကာ မင်းခ ရင်ဘတ်ကို လက်သီးတစ်လုံး ပစ်သွင်းလိုက်ပြီးမှ အမြန်ထွက်လာလိုက်သည်။
ရှုပ်ပွနေသော ဆံပင်ကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ပြီးမှ ထိုလူကြမ်းရမ်းခဲ့သော နှုတ်ခမ်းပါးပေါ် ဖိဆွဲလိုက်တော့ စပ်ဖျင်းဖျင်း နာကျင်မှု ရလိုက်၍
"ေ-ာက်ချီးပဲ ပေါက်သွားပြီ တစ်ယောက်ယောက် မြင်သွားရင် ပြသနာတက်ဦးမယ်"
မှိုင်း မကျေမနပ် ရေရွတ်ကာ Mask တပ်ပြီးမှ ပြန်ထွက်လာတော့ ယိင်းတို့က ကားပေါ်သို့ပင် ရောက်နေပြီဖြစ်သည်။
မင်းခနဲ့ ယှဉ်လျှင် အားပျော့သလို ဖြစ်နေသော ကိုယ့်ကိုကိုယ်လည်း မကျေမနပ် ဖြစ်ကာ ခပ်တိုးတိုး ကျိန်ဆဲရင်း မှိုင်း ကားပေါ်ခပ်သွက်သွက် တက်လာလိုက်၏။
ဟန်ဆောင်ကောင်းလှတဲ့ ဦးမင်းခကြီးကတော့ မျက်နှာပြောင်တိုက်စွာဖြင့် ဘာဆို ဘာမှ မဖြစ်ခဲ့သည့်အလား မှိုင်းဘေးတွင် ဝင်ထိုင်လာသည်။
မှိုင်းတို့ကားလေးမှာ အိမ်ပြန်လမ်းလေးကို ဦးတည် မောင်းနှင်လိုက်ပြီး အတော်အတန်ကြာ၍ လမ်းခွဲနားရောက်မှ ရွှေညောင်-ညောင်ရွှေ လမ်းထဲသို့ ချိုးဝင်လိုက်သည်။
လမ်းတစ်လျှောက် စိုက်ထားသော သစ်ပင်ကြီးများကြောင့် ပူအိုက်မနေပဲ လေလေးတဖြူးဖြူးဖြင့် ကားပေါ်ပါလာသူများမှာ ငိုက်သူက ငိုက် အိပ်သူက အိပ်ဖြင့် ငြိမ်ကျသွားတော့၏။
မိုင်းသောက် တံတားသို့ သွားရာ လမ်းတစ်လျှောက်တွင် တစ်ခါတစ်ရံ စိုက်ခင်းများ လယ်ကွင်းများ တွေ့ရပြီး တစ်ခါတစ်လေ ကြံခင်းများကိုပါ တွေ့ရ၏။
လမ်းဘေးဝဲယာ တစ်လျှောက် တချို့နေရာများတွင် ချောင်းသေးသေးလေးများကို ဖြတ်ကာ ခင်းထားသော ဝါးတံတားခင်းထားသည့် စားသောက်ဆိုင်များကို တွေ့ရပြီး တချို့နေရာတွင် ဘဲအုပ်လေးများက ရေကူးနေကြသည်။
မှိုင်းအတွက် ယခုမြင်ကွင်းများက အမြဲလိုလို မြင်နေကြ ဖြစ်သော်လည်း မြင်လိုက်တိုင်း မျက်နှာ မလွဲနိုင်လောက်သည် အထိ သစ်ဆန်းသော မြင်ကွင်းများ ဖြစ်နေတုန်းပင်။
လမ်းတစ်လျှောက် မှိုင်း သဘောအကျဆုံး အရာကို ပြပါဟု ဆိုလျှင် ဝါးများဖြင့် ဆောက်ထားသည့် စာသင်ကျောင်း(Inle Heritage School)ကို သဘောအကျဆုံးဖြစ်သည်။
မှိုင်းအနေနဲ့ အနီးကပ် မလေ့လာဖူးသော်လည်း မိုင်းသောက် သွားတိုင်း ကားပေါ်မှ ငေးခဲ့ရသော ဝါးများဖြင့် ဆောက်ထားသည့် စာသင်ကျောင်းလေးမှာ အဝေးကတည်းက မှိုင်းအာရုံကို ဆွဲယူထားဆဲ ဖြစ်၏။
လမ်းတစ်လျှောက် လှပသည့် မြင်ကွင်းများကသာ စိုးမိုးနေ၍ ကမ္ဘာလှည့် ခရီးသွားတချို့မှာ ကား အစား ဆိုင်ကယ် စက်ဘီးများဖြင့် မိုင်းသောက်ကို လည်ကြသည်က များသည်။
နားကြပ်လေးထိုးကာ ဟိုကြည့်ဒီကြည့်ဖြင့် သဘောကျနေသော မှိုင်းကိုကြည့်ကာ မင်းခ သွားမရှုပ်တော့ပဲ အသာငြိမ်နေလိုက်၏။
ကားဒရိုင်ဘာ ဦးလေးကြီးကတော့ လာနေကြ ဖြစ်သည့် အလျောက် မိုင်းသောက်တံတား မရောက်ခင် ခြံဝန်းတစ်ခုထဲ ဝင်ကာ ကားရပ်လိုက်သည်။
ကားပေါ်မှ ဆင်းကာ လှမ်းကြည့်လိုက်တော့ ရေပြင်ကျယ်ကြီးထဲ ထိုးထားသော တံတား တစ်စင်းကို မြင်နေရ၏။
"အနီးအနားမှာရှိတဲ့ အိမ်ခြံဝန်းတွေထဲ ကားတွေ ဆိုင်ကယ်တွေကို ရပ်ခပေးပြီး ရပ်လို့ရတယ်။တချို့ကတော့ စက်ဘီးနဲ့ လာကြတာ။ပြီးတော့ ဒီကနေ စက်လှေငှားပြီး အင်းလေးကို သွားလို့ရသေးတယ်"
Tourist Guide ကြီးလို သေချာရှင်းပြသွားသော မင်းမြတ်စကားကို အကုန်လုံးက ခေါင်းတညိမ့်ညိမ့်ဖြင့် နားထောင်ကာ မိုင်းသောက် တံတားဆီသို့ ချီတက်ကြတော့သည်။
တံတားပေါ်မတက်ခင် လမ်းတစ်လျှောက်တွင် မုန့်သည် အချဉ်ပေါင်းသည်များ အစုံရှိနေပြီး အကုန်လုံး မုန့်စားလာသည်မှာ မကြာသေး၍ ဘာမှဝယ်မနေတော့ဘဲ တံတားတစ်လျှောက်ကိုသာ ဖြေးဖြေးချင်း လျှောက်နေကြ၏။
"DD ခြေထောက်က အဆင်မပြေရင် ဒီနားပဲ စောင့်နေမလား"
မင်းမြတ်က လောကွတ်ချော်ကာ မေးလိုက်သော်လည်း Dလေးက မကျေမနပ်ဖြင့်
"No ပါ မသေနိုင်သေးဘူး နဲနဲ လျှောက်ကြည့်ချင်သေးတယ်"
Dလေးကို စောင့်ပေးနေ၍ မင်းမြတ်နဲ့ Dလေးက နောက်ဆုံးက ကျန်နေပြီး ဝေသစ်ကတော့ ရှေ့ဆုံးမှ ဦးဆောင်နေသည်။
ရံဖန်ရံခါ ဖြတ်သွားသော စက်လှေများက လက်ပြသွား၍ မှိုင်း လက်လေးမြောက်ကာ ပြုံးပြမိ၏။
"မေ လှေစီးမလား"
မှိုင်း အမေးကြောင့် မေ ဆတ်ခနဲ တွန့်သွားပြီး
"No,no,no မဖြစ်ဘူး ရေကြောက်တယ် ဒီတံတားပေါ် တက်တာနဲ့တင် လူက မူးနေပြီ မရဘူး"
အကြောက်အကန် ငြင်းနေသော မေ့ကိုကြည့်ကာ မှိုင်း သဘောတကျဖြင့် ရယ်မိသွားသည်။
"စက်လှေ မဟုတ်ပါဘူး ရိုးရိုးလှေပဲလေ ကိုယ် လှော် ပေးရင်ကော စီးရဲလား"
မှိုင်း စကားကြောင့် မေက မျက်ခုံးပင့်ပြကာ မယုံဘူး ဆိုသည့် အထာဖြင့် ခေါင်းခါပြရင်း မှိုင်း ဘေးမှ ခပ်မြန်မြန် ထွက်သွားကာ ယိင်းတို့နောက် အပြေးလိုက်မိ၏။
*မဖြစ်သေးပါဘူးလေ ရေကြောက်ပါတယ်ဆို မတော် မှိုင်းက လှေပေါ်ဆွဲချ သွားရင် ဒုက္ခ ပြီးတော့ မေက ရေမကူးတတ်ဘူး*
"လှေစီးဦးမလား…ဒီအနီးအနားက ရွာတွေနား လိုက်ပြပေးလို့ရတယ် ကြာကန်တွေဘက်လည်း လိုက်ပို့ပေးလို့ရတယ်နော်"
လှော်တက်ဖြင့် လှော်နေသော လှေငယ်ပေါ်ရှိ အန်တီကြီးက လှမ်းအော်၍ မှိုင်း ခပ်ပြုံးပြုံးဖြင့်
"ဒီနေ့တော့ အချိန်မရတော့လို့ နောက်တစ်ခေါက်မှ အေးဆေးလာမယ်ဗျ"
ဓနုသံ ခပ်ဝဲဝဲဖြင့် ပြောကာ အရွှန်းဖောက်နေသော မှိုင်းကြောင့် အန်တီကြီးက သဘောတကျပြုံးရင်း
"နယ်ခံ လူငယ်လေးမှန်း မသိလို့ပါကွယ်။ဧည့်သည်တွေကို သေချာ ဂိုက် လုပ်ပေးလိုက်ပါဦး"
မှိုင်းသဘော တကျပြုံးကာ လက်ပြလိုက်တော့ အန်တီကြီးကလည်း ပြုံးရင်း ခေါင်းညိမ့်ပြပြီး လှော်တက်ကိုကိုင်ကာ ပြန်လည်ထွက်ခွာဖို့ ပြင်ရင်း ပါးစပ်ကလည်း အော်လိုက်သည်ကား
"လှေစီးကြဦး မလား…အနီးအနားက ရွာတွေ နေရာတွေ လိုက်ပြပေးလို့ ရတယ်နော်…"
ခေါင်းလေးမော့ကာ သွားစွယ်လေးများ ပေါ်သည်အထိ သဘောတကျ ရယ်နေသော မြတ်နိုးရသူလေးကို မင်းခ မလှမ်းမကမ်းမှ ငေးကြည့်နေမိသည်။
တစ်ဖက်မှ မေ့ကို ငေးကြည့်နေသော မှိုင်းကြောင့် မင်းခ နဖူးက အလိုမကျစွာဖြင့် တွန့်ချိုးသွားတော့၏။
မင်းခ မှိုင်းဆီ ခပ်သွက်သွက်သွားကာ မှိုင်းလက်ကို ဆွဲကိုင်ရင်း လမ်းလျှောက်ဖို့ ပြင်တော့ မှိုင်းက ကိုင်ထားသော လက်ကို ဆတ်ခနဲ ရုန်းထွက်သည်။
မင်းခ ဒေါသတကြီးဖြင့် မှိုင်းပုခုံးပေါ် သူ့လက်တံရှည်ကြီးများကို တင်ကာ ခပ်တင်းတင်း ဖိနှိပ်ပစ်ပြီး မှိုင်းနား မသိမသာလေး ကပ်ကာ
"ရုန်းရဲရင် ရုန်းလိုက်လေ။public kiss နော်…မယုံရင် စမ်းကြည့်လိုက်…"
"ဦးမင်းခ!…ကျွတ်စ်…"
မှိုင်း သွားကိုစိကာ အံတကြိတ်ကြိတ်ဖြင့် ဦးမင်းခကို ကြိမ်းလိုက်သော်လည်း မင်းခက ခပ်တည်တည်ဖြင့် ဆွဲခေါ်သွားသည်။
"ဇနီးလောင်း ရှိတဲ့လူနား လိုက်ကပ်နေရအောင် ခင်ဗျားကြီးက လင်ငယ်ဖြစ်ချင်နေတာလား…"
မှိုင်း ဒေါသ မထွက်ထွက်အောင် ဆွ ပေးလိုက်တော့ မင်းခက မှိုင်းလက်ကို ပေါက်ထွက်မတတ် ဆွဲညစ် ပစ်လိုက်ပြီး
"မှိုင်း မင်းဆန္ဒပြည့်တယ်။ကိုယ့်ရဲ့ ကြည်လင်နေတဲ့ စိတ်လေးကို မွှေနှောက်ပစ် နိုင်သွားပြီ…ကိုယ် ပြောပြီးသား မင်းက ကိုယ့်အပိုင်ပဲ…ဒီနေရာမှာတင် လက်ဖျောက် တစ်ချက်တီးလိုက်ရုံနဲ့ သူ့ကို ရှင်းပစ်လိုက်လို့ရတယ်…ဒါပေမယ့် သူက မင်းအတွက် ပျော်စရာလေး ဖြစ်နေလို့ မင်းစိတ်ချမ်းသာအောင် ကိုယ် ကစားခွင့် ပြုထားတာ…"
"ခင်ဗျား လုပ်ရဲရင် လုပ်လိုက်။ခင်ဗျား သဘောကျ ငြိမ်နေမယ့် မြီးကောင်ပေါက်လေး မဟုတ်တော့ဘူး ကျွန်တော်က"
တရွေ့ရွေ့ ထွက်ခွာသွားသော ကျောပြင်ကိုကြည့်ရင်း မင်းခ မကျေနပ်စွာဖြင့် အံကြိတ်ထားမိသည်။
------------------------
နေ့လည်စာ စားချိန် ကျော်နေပြီဖြစ်၍ တံတားအလယ်တွင်ရှိသည့် ရိုးရာစားသောက်ဆိုင်လေးသို့ မင်းမြတ်က ဦးဆောင်၍ ခေါ်လာလိုက်သည်။
Onlineတွင် နာမည်ကြီးသည့် စားသောက်ဆိုင် ဖြစ်၍ လူအပြည့်ဖြစ်နေကာ မင်းမြတ် ကြိုတင် ဘိုကင် ယူထား၍သာ တော်တော့၏။
သီးသန့်တဲလေး တစ်ခုထဲတွင် မင်းမြတ်တို့ နေရာယူကာ မြင်နေရသော ရေပြင်ကျယ်ကြီးကို ငေးကြည့်မိသည်။
ရေပေါ်စားသောက်ဆိုင် ဖြစ်သည့် အားလျော်စွာ ရေပြင်ကျယ်ကြီးနှင့် တောင်ပတ်လည် ဝန်းရံထားသော ရှုခင်းက ပနံသင့်စွာ တည်ရှိလျက်။
သစ်သား လျှောက်လမ်းလေးအတိုင်း ဓာတ်ဖမ်းတဲ့သူက ဓာတ်ဖမ်း သဘာဝအလှအပကို ရှုစားတတ်သူက ရှုစားဖြင့် အချိန်တစ်ခု ကြာပြီးနောက် မင်းခတို့ မှာထားသော အစားအသောက်များကို လာချပေးသည်။
"ဒီဆိုင်က ဟင်းနုနွယ်ခေါက်ဆွဲက နာမည်ကြီးပဲ စားကြည့်မေ"
မှိုင်းက ပြောပြောဆိုဆိုနှင့် ကြာဖက်ခင်းထားသော ပန်းကန်ထဲက ဟင်းနုနွယ် ခေါက်ဆွဲတချို့ကို မေ့ပန်းကန်ထဲ သီးသန့်ထည့်ပေး၏။
ငါးထမင်းနယ် စကောထမင်း ငါးပေါင်း လက်ဖက်သုတ် မှာထားသမျှကို ကြာဖက်လေးများခင်းကာ ပြင်ဆင်ထားသည်မှာ စိမ်းစိမ်းစိုစိုနှင့် မျက်စိပဒေသ ဖြစ်ကာ စားချင်စဖွယ် ကောင်းလွန်းလှ၏။
ထမင်းထည့်သည့် ထမင်းအုပ်အစား မြေအိုးကိုသာ သုံးထား၍ လာချပေးသမျှ ထမင်းပွဲ ဟင်းပွဲများမှာ ရနံ့သင်းသင်းနှင့် ဆွဲဆောင်မှု ရှိနေတော့သည်။
ချဉ်ချဉ်စပ်စပ် အရသာတို့ကြောင့် အကုန်လုံး အားရပါးရ စားနေသော်လည်း ဒီလေးတစ်ယောက်သာ တို့ကနန်း ဆိတ်ကနန်းနှင့် စားမဝင်။
"စားမကောင်းလို့လား"
မင်းမြတ်က ပြောပြောဆိုဆိုဖြင့် ငါးခေါင်းဟင်းရည်ကို ကြွေပန်းကန်လုံးလေးထဲ ခပ်ထည့်ပေးကာ ဒီလေးရှေ့ချပေးသော်လည်း မသောက်နိုင်။
"ကောင်းပါတယ်။နဲနဲ အီလည်လည်ကြီး ဖြစ်နေလို့"
အမြဲလိုလို တက်တက်ကြွကြွ နေတတ်သော ဒီလေး ငြိမ်ကျနေကာ မျက်နှာက ဖြူဖပ်ဖြူလျော် ဖြစ်နေ၍ မင်းမြတ် သံပုရာရည်တစ်ခွက်ကိုသာ မှာပေးလိုက်သည်။
တံတားအလယ်က စားသောက်ဆိုင်လေး ဆိုင်နာမည်က Inle Palace Mein Thauk Traditional restaurant
ကြာဖက်လေးတွေနဲ့ အပြင်အဆင်ကအစ ဓာတ်ဖမ်းချင်စရာ
ဟင်းနုနွယ်ခေါက်ဆွဲ
မှိုင်းသောက်တံတား
တဲလေးတွေကနေလှမ်းကြည့်ရင်မြင်ရတဲ့ ရှုခင်း