မြက်ခင်းစိမ်းစိမ်းပေါ်တွင် အဝါရောင် ပန်းရိုင်းပင်ကလေးများ ရောနှောနေသည်။ သစ်ရိပ်ကျသော အပိုင်းတွင် ပန်းများက ဝါရင့်ရောင် တောက်ပကာ စုရုံး ပွင့်လန်းနေ၏။ အနည်းငယ် အဖြူရောင် သန်းသော ပန်းများကမူ နေရောင် ရသော အပိုင်းတွင် ကျိုးတိုးကျဲတဲ ရှိနေကြသည်။
ခရမ်းရောင် ပန်းချုံပင် ခြေရင်းတွင် မေ Scarlett တိတ်ဆိတ်စွာ မတ်တတ်ရပ်လျက် မျက်လွှာ ချထားမိသည်။ သူမ ရပ်နေခဲ့တာ အတော် ကြာပြီ ဖြစ်သည်။
အချိန် ဘယ်လောက် ကြာခဲ့ပြီလဲ။
ဘယ်နှနာရီ ရှိနေပြီလဲ။ သေချာ မသိတော့။
သူမ ငုံ့ကြည့်ရာ မြက်ခင်းပြင်တွင် အဝါရောင် ပန်းရိုင်းပင်များနှင့် အတူ ခရမ်းပြာရောင် ပန်းချုံ ပွင့်လွှာတို့ ကြွေကျနေ၏။
မေ Scarlett နှင့် လက်တစ်ကမ်း အကွာတွင် အာကာဟိန်းထက် ရှိနေသည်။ အစ်ကိုဖြစ်သူဘက်မှ စကား စလာမလား ဟု သူမ စောင့်နေသော်လည်း ယခုအချိန်အထိ စကား စမလာသေး။ အားယူနေဆဲ ဖြစ်သည်။ သူမ မော့ကြည့်မိတော့ အစ်ကိုဖြစ်သူက သူမကို မကြည့်။ သစ်သား လက်ရန်းတွင် နွယ်ရစ် ပေါက်ရောက်နေသော ပန်းချုံပင်၏ သစ်ရွက်များကိုသာ စိုက်ကြည့်နေခဲ့သည်။
ပန်းချုံပင်သည် အထက်သို့ မြင့်တက်ရင်း ဘေးသို့ ဖြာထွက်ကာ ဝန်းဝန်းဝိုင်းဝိုင်း အုပ်ဆောင်းသဏ္ဌာန် အရိပ် မိုးပေးထားသည်။ အရိပ် ကောင်းမွန်စွာ ရသဖြင့် အပင် ခြေရင်း၌ လဲအိပ်မိလျှင်တောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်အာင်အထိ အေးမြ ငြိမ်းချမ်းလှသည်။
သူမတို့ ငြိမ်သက်စွာ ရပ်နေမိဆဲ။ ခရမ်းပြာရောင် ပွင့်လွှာတို့ အကြိမ်များစွာ ကြွေကျလာသည့်တိုင် စကား တစ်ခွန်းမှ မပြောဖြစ်သေး။ အာကာဟိန်းထက် စကား စဖို့ ခက်နေတာ မေ Scarlett ရိပ်မိသည်။ သူမဘက်မှ အလိုက်တသိ စကား စပေးဖို့ လိုအပ်မလား။ သေချာ မပြောတတ်။
"မေလေး ကိုယ်ဝန် ဆောင်တဲ့အခါ အစ်ကို့ဆီက အကူအညီတွေ အများကြီး လိုအပ်မှာပဲနော်"
အာကာဟိန်းထက် အတွေးစကို တစ်ခုခုမှ ဝင်ရောက် နှောက်ယှက်လိုက်သလို သတိဝင်လာမှုမျိုးဖြင့် သူမကို ဆတ်ခနဲ စိုက်ကြည့်သည်။ ထိုအကြည့်တွင် ဘဝင်မကျမှုများ ပါနေသည်။
သူမ ဘာများ စကား မှားလို့ပါလိမ့်။
"တကယ်ပဲ ကလေး မွေးဖို့ စဉ်းစားနေတာလား"
"ခက်လိုက်တာ အစ်ကိုရယ်၊ ဒါက စနောက်စရာ ကိစ္စမှ မဟုတ်ဘဲ"
အာကာဟိန်းထက် လေပူ တစ်ချက် မှုတ်ထုတ်ကာ နဖူးပေါ် ကျနေသည့် ဆံစ အချို့ကို သပ်တင်လိုက်သည်။ အစ်ကိုဖြစ်သူ မျက်နှာ မှုန်မှိုန်းနေတာ သူမ သတိထားမိသည်။
"ဒီကိစ္စကို မင်းဘက်က သေချာနေပေမယ့် ကိုယ်ကတော့ သဘောမကျဘူးနော်၊ ကိုယ်ဝန် ဆောင်တဲ့အခါ ခံစားရမယ့် ဝေဒနာတွေကို ခံနိုင်ရည် ရှိပါ့မလား၊ ကိုယ် မင်းအတွက် စိတ်ပူတယ်"
"အို . ."
မေ Scarlett အံ့သြတကြီး မော့ကြည့်မိသွားသည်။ အာကာဟိန်းထက် မျက်နှာမှာ စိုးရိမ် ပူပန်မှုကို သူမ မြင်ရသည်။
"မိခင် တစ်ယောက် စပြီး ဖြစ်လာတဲ့အခါ ကိုးလစာအတွက် ကြီးမားတဲ့ ဒုက္ခ ဆင်းရဲကို ဖြည်းဖြည်းချင်း ခံစားရလိမ့်မယ်၊ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကိုပါ စွန့်လွှတ်လိုက်ဖို့ အသင့် ပြင်ထားရတာ၊ ပထမဆုံး ကိုယ်ဝန်ကြောင့် အသေးစား ရောဂါလက္ခဏာတွေကို ခံစားရလိမ့်မယ်၊ အော့အန်တာ၊ ဆံပင် ကျွတ်တာ၊ အဖုအဖိန့် ထွက်တာ၊ ခန္ဓာကိုယ်မှာ အကြော ပြတ်တာ၊ နောက်တော့ ဖျားမယ်၊ အအေးမိမယ်၊ ချောင်းဆိုးမယ်၊ ခေါင်း ကိုက်မယ်၊ စိတ်ဓာတ်ကျတဲ့ ဒဏ် . . ၊ စိတ် မတည်ငြိမ်တာ၊ ဒေါသ ထွက်လွယ်တာ၊ အဲ့ဒါတွေ အားလုံးကိုပါ သည်းခံရလိမ့်မယ်၊ ကိုယ်ဝန် ရင့်လာတဲ့အခါ . . မတော်တဲ့အတွက် မင်း ကြိုက်တဲ့ ပိန်ပိန်ပါးပါး အတိုအပြတ် အဝတ်အစားတွေကို ဝတ်လို့ မရဘူး၊ မတည့်တဲ့အတွက် မင်း ကြိုက်တဲ့ အပူအစပ်တွေကို စားလို့ မရဘူး၊ ဗိုက်ထဲက ကလေးက တဖြည်းဖြည်း ကြီးထွားလာတဲ့အခါ ဆီးအိတ်က ဆီးကို မထိန်းနိုင် ဖြစ်လာလိမ့်မယ်၊ အိမ်ထဲမှာတင် တစ်နေရာနဲ့ တစ်နေရာ သွားလာ လှုပ်ရှားဖို့ . . ၊ အထိုင်အထ လုပ်ဖို့ မင်း သိပ်ကို ကြိုးစား အားထုတ်ရလိမ့်မယ်၊ မီးဖွားခါနီး ဗိုက် နာတဲ့ ဒဏ်ကို တခြားသော နာကျင်မှုတွေကတောင် ယှဉ်နိုင်မယ် မထင်ဘူး၊ ဒီအဆမတန် နာကျင်မှုကို မင်း စိတ်ကူးကြည့်လို့တောင် မရနိုင်ဘူး"
"ဒါပေမယ့် အဲ့ဒီဝေဒနာတွေ အားလုံးက မေလေးအတွက် ခံစားဖို့ ထိုက်တန်ပါတယ်၊ ကိုကိုသာ ပျော်မယ်ဆို အဲ့ဒီဒဏ်တွေကို အပြုံး မပျက် ခံယူဖို့ ယုံကြည်ချက် ရှိပြီးသားပါ"
"မင်းရော ပျော်နိုင်မှာလား"
တစ်ခွန်းတည်းသော မေးခွန်း။
သူမ ဘယ်လို ဖြေရမလဲ။ စဉ်းစားရ ခက်နေသည်။ ပျော်သည်၊ မပျော်သည် ဟူသော ခံစားချက်လေး နှစ်ခုကိုပင် တိတိကျကျ အဖြေ ထုတ်ဖော်ဖို့ ဦးနှောက်ဟာ မစွမ်းဆောင်နိုင်။ တကယ်ဆို သူမ ပျော်နေသင့်တာ မဟုတ်လား။ ချစ်ရသူ၏ လိုအင်ကို ဖြည့်ဆည်းပေးနိုင်သည့်အတွက် သူမ ပျော်နေသင့်တာပေါ့။ သို့ရာတွင် သူမ နှလုံးသားမှ ဝမ်းနည်း နာကျင်မှုကို တဆစ်ဆစ် ခံစားနေရသည်။
"ပျော်နိုင်ဖို့ ကြိုးစားကြည့်မှာပါ"
မေ Scarlett ၏ တိုးတိတ်သော စကား အဆုံးမှာ အာကာဟိန်းထက် ဆတ်ခနဲ လှုပ်သွားသည်။ သူ ရပ်နေရာမှ သူမဆီသို့ လျင်မြန်စွာ တိုးကပ်လာပြီး ပခုံး နှစ်ဖက်ကို အားဖြင့် ကြမ်းတမ်းစွာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။
"မင်း ဘယ်လိုလုပ် ပျော်နိုင်မှာလဲ၊ မင်း လုပ်နေသမျှ အားလုံးက သူ ပျော်ဖို့အတွက်ချည်းပဲလေ၊ ကိုယ် နားမလည်လို့ ကိုယ့်ကို ရှင်းပြစမ်းပါ၊ သူ ပျော်ဖို့ လုပ်ပေးရုံနဲ့ မင်း တကယ်ပဲ ပျော်နိုင်မယ် ထင်နေလား"
"မေလေး လိုချင်တဲ့ အရာအားလုံးဟာ ကိုကို ပျော်ရွှင်စေဖို့အတွက်ပါ၊ အဲ့ဒီပျော်ရွှင်မှုမှာ မေလေး မပါခဲ့ရင်တောင်မှ ကိုကို့ကို ပျော်နေစေချင်တာ မေလေး ဆန္ဒပါ"
ဘုရားရေ . . . ။
သူမ ဘာပြောလိုက်တာလဲ။
ကြားလိုက်ရသည့် စကားကို မယုံနိုင်။ ကျယ်လောင် ဆူညံစွာ မိုးထစ်ချုန်း လိုက်သလို အာကာဟိန်းထက် နားစည် အတွင်းသို့ ပြင်းထန်သော ပေါက်ကွဲမှုများ ဆက်တိုက် ဆက်တိုက် မြည်ဟိန်းသွားသည်။ သူမကို ဆုပ်ကိုင်ထားရမှ အံ့သြ တုန်လှုပ်စွာ ဗြုန်းခနဲ လက် လွှတ်ပေးလိုက်မိသည်။
"မင်း . . ၊ မင်းကွာ"
စိတ်ထဲမှာ အားမလို အားမရ ဖြစ်နေသည်။ သို့သော် နီးကပ်စွာ ရပ်နေသည့် မေ Scarlett မျက်လုံးများထဲမှ တောက်ပသော အလင်းတန်းကို သူ သတိထားမိလိုက်သည်။ ထိုအရောင် လက်မှုကြောင့် စိတ် အတွင်းပိုင်းအထိ နှောက်ကျိ မောနွမ်းသွားတော့သည်။
"အခု မေလေး လုပ်နေတာတွေက ကိုယ်ကိုယ်တိုင် လိုချင်တဲ့ အရာနဲ့ . . ၊ ကိုယ်ကိုယ်တိုင် ရွေးချယ်ထားတဲ့ အရာတွေပါ၊ မေလေး နောင်တ မရဘူး . . အစ်ကို၊ မေလေးကို သနားစရာလည်း မလိုဘူး၊ ဘယ်သူမှ သနားတာလည်း မလိုချင်ဘူး"
အာကာဟိန်းထက် စိတ်မောနွမ်းစွာ သက်ပြင်း တစ်ချက် ချမိသွားသည်။
သို့သော် ယခု ကိစ္စသည် မတင်မကျ ခံစားမှုများဖြင့် လျင်လျင်မြန်မြန် ပြီးဆုံးသွားဖို့ မသင့်တော်။ မဖြစ်သင့်တာကို မဖြစ်ရအောင် ပိတ်ပင် တားမြစ်ဖို့ လိုအပ်နေသေးသည်။ ထိုသို့ လုပ်ဆောင်နိုင်သော လူမှာလည်း သူပဲ ဖြစ်သည်။
တစ်ဖန် ပြန်လည် အားယူပြီးနောက် လေးနက်စွာ စကားဆိုဖို့ မေ Scarlett မျက်လုံးများထဲသို့ အာကာဟိန်းထက် စိုက်ကြည့်လိုက်သည်။ သို့သော် ညီမဖြစ်သူမှာ သူ၏ လွှမ်းမိုးနိုင်စွမ်းကို ကောင်းစွာ သိနေသူ ဖြစ်တာကြောင့် အကြည့်ချင်း မဆုံမိအောင် ရှောင်ဖယ်နေသည်။ မျက်လုံးချင်း ဆုံမိဖို့ အာကာဟိန်းထက် အတော်လေး ကြိုးစားယူလိုက်ရ၏။
"မေလေး . . ကိုယ့်ကို ကြည့်စမ်း"
ကရုဏာ ဒေါသဖြင့် သူ အော်လိုက်ချိန်မှာ မေ Scarlett မော့ကြည့်လာသည်။ သူမ မျက်နှာမှာ နာကျင်မှုကို တွေ့ရသည်။ မိုက်မဲသော ဆုံးဖြတ်ချက် ချမှုက သူမအတွက် မလွယ်ကူနိုင်လောက်။ သေချာပေါက် သူမကိုပါ နာကျင်စေလိမ့်မည်။
"တစ်ခါတလေမှာ မင်း လုပ်ချင်တာတွေနဲ့ ဖြစ်ချင်တာတွေဟာ မလုပ်သင့်တာမျိုးလည်း ရှိတယ်"
ညီမဖြစ်သူကို ဖျောင်းဖျဖို့က သိပ်တော့ မလွယ်ကူလှ။ မချစ်သင့်တာကို စွဲစွဲလမ်းလမ်း ချစ်မိနေသော သူအား မချစ်ပါနှင့် ဟု တောင်းဆိုဖို့က ခက်ခဲလှသည်။ တစ်ချိန် မဟုတ် တစ်ချိန်ချိန်မှာ သူမ လက်ခံလာမည်ကို သူ သိပေမယ့် စောင့်ရမည့် အချိန်က သိပ်ကို ကြာလွန်းသည်။ သူ စိတ်ရှည်ဖို့ လိုအပ်သည်။ စောင့်လည်း စောင့်သင့်ပါသည်။
သို့သော် နာကျင်နေသော မေ Scarlett နှလုံးသားကို ဆက်ပြီး မလောင်ကျွမ်းစေချင်တော့။ အအေးဓာတ်ကို ဆောင်ကြဉ်း မပေးနိုင်လျှင်တောင် ညီမဖြစ်သူအတွက် အပူကိုတော့ ငြိမ်းစေချင်တာ အာကာဟိန်းထက်၏ စစ်မှန်သော ဆန္ဒ ဖြစ်သည်။ ထို့ကြောင့် ရှေ့ဆက် တိုးနေမိသည်။
"နှလုံးသားက နာကျင်ပေမယ့် ချစ်ခြင်းမေတ္တာအတွက် စွန့်လွှတ်သင့်ရင် စွန့်လွှတ်ရမယ် . . မေလေး၊ ဆက်ပြီး ဆုပ်ကိုင်ထားမယ်ဆို မင်း လက်မှာ နွေးထွေးမှု မဟုတ်ဘဲ . . နာကျင်မှုတွေ ဖြစ်လာလိမ့်မယ်၊ တစ်ဖက်သတ် အချစ်က တစ်ဖက်လူကို နာကျင်စေတယ်၊ မင်း လက်ရဲ့ နွေးထွေးမှုဟာ တစ်ဖက်လူကို နာကျင်မှုတွေပဲ ဖြစ်စေလိမ့်မယ်၊ အဲ့ဒါကြောင့် ဒီအတိုင်း လက် လွှတ်လိုက်ပါ"
စိတ် ထိခိုက်နေသော မေ Scarlett ကို အာကာဟိန်းထက် မညှာမတာ ဖိပြောမိသည်။ သူမ အစ်ကိုဖြစ်သူကို စိုက်ကြည့်နေရာမှ မျက်နှာ လွှဲသွားသည်။ သူမ မျက်ဝန်းမှာ မျက်ရည်တွေ မြင်ရမလား ဟု သူ အကဲခတ်ကြည့်မိသော်လည်း လုံးဝ မမြင်ရ။ မျက်လုံးများမှာ စိုစွတ် ရွှန်းလဲ့မှုပင် မရှိ။ ညှိုးနွမ်း ခြောက်ကပ်နေသည်။
"မင်းကိုယ်မင်း နာကျင်စေရုံနဲ့တင် လုံလောက်နေပြီ မဟုတ်လား၊ မင်း ချစ်ရတဲ့ သူကိုပါ နာကျင်အောင် မလုပ်ချင်ပါနဲ့"
အာကာဟိန်းထက် သူမထံမှ အကြည့် လွှဲယူကာ စံအိမ်၏ ဝင်ပေါက် တံခါးကို လှမ်းကြည့်လိုက်မိသည်။
ဘဝမှာ ကိုယ့်အတွက် ပိတ်ဆို့ထားသည့် တံခါးများစွာကို လူတွေ ကြုံခဲ့ရလိမ့်မည်။ သို့သော် ဖွင့်မပေးလိုသော တံခါး တစ်ချပ် အရှေ့မှာ အပြီးတိုင် ရပ်နေတာက ကျေနပ်စရာ ကောင်းသည့် အဖြေ တစ်ခုတော့ မဟုတ်ပေ။
"တံခါး တစ်ချပ် ပိတ်သွားတဲ့အခါ နောက်တံခါး တစ်ချပ် ပွင့်လာမယ်၊ ဒါဟာ ဘဝပဲ၊ မင်းမှာ ရွေးချယ်စရာတွေ ရှိပါသေးတယ်"
"ဒါကို မေလေး သိပါတယ်၊ ခက်တာက ပိတ်သွားတဲ့ တံခါး တစ်ချပ်ကိုပဲ တစိုက်မတ်မတ် ရပ်ကြည့်နေခဲ့မိတာမို့ ဘယ်တံခါး ပွင့်သွားတယ် ဆိုတာ မေလေး မသိလိုက်ရတော့ဘူးလေ"
အာကာဟိန်းထက် ညီမဖြစ်သူ၏ စွဲလမ်း နက်ရှိုင်းသော ချစ်ခြင်းတရားကို အာရုံထဲမှာ ပုံဖော်ကြည့်ရင်း သူပါ စာနာမိသွားတာမို့ နင့်နင့်သီးသီး နာကျင်လာသည်။
နက်ရှိုင်းသော မြတ်နိုးမှုနှင့် ဆက်နွှယ်မိသွားသည့်အခါ အချစ်က အချစ် တစ်ခုရယ်ပဲ မဟုတ်တော့။ ဦးနှောက်နှင့် နှလုံးသား အကြားမှာ လွန်ဆွဲနေသည့် ဖြတ်တောက်လို့ မရနိုင်သော ကြိုး တစ်ချောင်း ဖြစ်သွားသည်။ ဦးနှောက်က တားမြစ်သည့်အခါ နှလုံးသားမှာ နာကျင်လာပြီး နှလုံးသားမှ တင်းခံသည့်အခါ ဦးနှောက်ဟာ ကိုက်ခဲလေသည်။ ထိုသို့ နှစ်ဦးနှစ်ဖက်ကို ညီတူမျှတူ နာကျင်စေသော ထက်မြက်လှသည့် ဓားသွား အသွင် ကြိုး တစ်ချောင်းပဲ ဖြစ်သည်။
အာကာဟိန်းထက် သနား ငဲ့ညှာမိတာမို့ ညီမဖြစ်သူကို ထွေးဖက်လိုက်သည်။ ဆံနွယ်များကို သပ်ရင်း ကျောပြင်ကို ဖွဖွ ပုတ်သည့်အခါ မေ Scarlett ခန္ဓာကိုယ်မှာ ပိုးပဝါစ တစ်ခုလို လွင့်ပါး ပျော့ဖတ်နေသည်။
"မချစ်သင့်တဲ့ သူကို မချစ်ပါနဲ့၊ သုံးပွင့်ဆိုင် အချစ်ရေး တစ်ခုက ဘဝ သုံးခုစလုံးကို ဖျက်ဆီးသွားလိမ့်မယ်၊ ဒါကို မင်းရော . . ၊ ကိုယ်ရော ကောင်းကောင်း သိပါတယ်"
အတိတ် အကြောင်းတွေ အာကာဟိန်းထက် ပြန်ပြီး အစ မဖော်ချင်။ သူ ပြန်မပြောချင်တာက ထိုအကြောင်းအရာများဟာ မှိန်ပါး မေ့လျော့ထားသော ထိခိုက် ကြေကွဲမှုများကို ထင်းလင်းလာစေပြီး နာကျင်မှု ဒဏ်ရာတို့ကို သတိရစေလာတာကြောင့် ဖြစ်သည်။
"ကိုယ့်စကားကို နားထောင်ပါ . . ညီမလေး"
"မေလေး နားထောင်မှာပါ၊ စိတ်ချနော်"
မေ Scarlett သဘောတူစွာ ခေါင်းညိတ်ရင်း အစ်ကိုဖြစ်သူကို ပြန်၍ ဖက်တွယ်လာသည်။ အာကာဟိန်းထက် သူမကို ရင်ခွင်ထဲ ထည့်လျက် တင်းကျပ်စွာ ဖက်ထားမိသည်။ သူ ဖက်ထားသည့်အခါ သူမက ရင်ခွင်မှာ မျက်နှာ အပ်လျက် ဝမ်းနည်းစွာ တိုးတိုးတိတ်တိတ် ပြုံးသည်။ ထိုအပြုံးက စွန့်လွှတ်ခြင်း၏ စစ်မှန်သော အပြုံး တစ်ပွင့်ပဲ ဖြစ်သည်။
ထိုခဏမှာပဲ အချိန်ကိုက် မေ Scarlett ထံမှ ဖုန်း မြည်လာခဲ့သည်။
အာကာဟိန်းထက် ဖက်ထားရာမှ ချက်ချင်း လွှတ်ပေးကာ နှစ်သိမ့်သည့် အပြုံးမျိုးဖြင့် မေ Scarlett ဆံပင်ကို ခပ်ဖွဖွ ပွတ်သပ်လိုက်သည်။ သို့သော် သူတို့ နှစ်ဦး၏ အပြုအမူများကို သဘောမကျသလို စောင့်ကြည့်နေသော လူ တစ်ယောက် ရှိနေခဲ့လေသည်။
ထိုသူကတော့ နန်းယုဝေပဲ ဖြစ်သည်။ သူမ သင်တန်း ဆင်း၍ အိမ် ပြန်လာချိန် သူမ ချစ်သော မင်းသားလေးနှင့် သူစိမ်း မိန်းမ တစ်ယောက်တို့ ကြင်ကြင်နာနာ ဖက်နေကြသော မြင်ကွင်းကို အမှတ်မထင် မြင်လိုက်ရသည်။ သူမ မျက်နှာမှာ ပြင်မရအောင်အထိ ပျက်ယွင်းသွားသည်။ ထို့အတူ နှုတ်ခမ်းတို့မှာ အလိုလို စူထွက်လျက် မကျေမနပ် ဒေါသပါ ထွက်သွားတော့သည်။
နန်းယု မျက်စိ ရှေ့တွင် ရှိသော မိန်းကလေးသည် အရပ် ရှည်ရှည်၊ ပေါင်တံ သွယ်သွယ်၊ ဖွေးဥသော အသားအရေနှင့် ကျက်သရေ ရှိသော ဆံနွယ် အရှည်ကြီးကို ပိုင်ဆိုင်ထားသည်။ ထိုမျှမက သေးသွယ်သည့် ခါး၊ တင်းရင်းသည့် တင်၊ ပြည့်ဖြိုးသော ရင်သားတို့ပါ ရှိနေသေးသည်။
နန်းယု သူမကိုယ် သူမ ပြန်ပြီး ငုံ့ကြည့်မိသွားသည်။ သူမမှာ ထိုအရာတို့ မရှိသေး။ သိမ်ငယ်စိတ်က အလိုလို ဝင်ရောက် နေရာ ယူသွားသည်။ ထို့ကြောင့် သူမ မင်းသားလေးက ထိုမမကို ရွေးချယ်လိုက်တာလား။ သူမ မကျေနပ်နိုင်ပါ။
နန်းယု ဒေါသထွက်နေဆဲမှာ အာကာဟိန်းထက်က မမလှလှ၏ ဆံနွယ်ကို ဖျတ်ခနဲ ထိကိုင်လိုက်၏။ ထိုအပြုအမူကြောင့် သူမ အသား တဆတ်ဆတ် တုန်အောင်အထိ စိတ်တိုသွားတော့သည်။
"ဖုန်း ဖြေလိုက်ဦးမယ်နော်"
မမလှလှ၏ စကားသံ။
လူအတိုင်း အသံပါ နားဝင်ချိုသည်။
အာကာဟိန်းထက် ခေါင်းညိတ်ပြလိုက်တာ နန်းယု မြင်သည်။ ထို့နောက် ဖုန်း ကိုင်ဖို့ မလှမ်းမကမ်းသို့ ထိုမိန်းကလေး လျှောက်သွားသည်။
ကဲ . . အခုတော့ နန်းယုဝေ အလှည့်ပေါ့။
နန်းယု အာကာဟိန်းထက် အနားသို့ လျင်မြန်သော ခြေလှမ်းများဖြင့် ရောက်ချသွားသည်။ သူက သူမကို မြင်တော့ ပုံမှန်အတိုင်း ပြုံးပြ နှုတ်ဆက်သည်။ အလင်းတို့ ဖြာထွက်ကာ မြင်ရသူကို ရင်ခုန် လှိုက်မောသွားစေမည့် အပြုံးမျိုးပဲ ဖြစ်သည်။ သို့ရာတွင် နန်းယုဝေတို့ကတော့ ဒီလောက်လေးနှင့် စိတ် မပျော့နိုင်။ လက်ကို ပိုက်၊ ခေါင်းကို မော့ကာ အနည်းငယ် မာကျောသည့် လေသံဖြင့် မေးခွန်း တစ်ခု ကောက်မေးလိုက်သည်။
"ဦးမှာ ရည်းစား ရှိနေတာလား"
သူမ မေးတော့ အာကာဟိန်းထက် အနည်းငယ် အံ့သြသွား၏။ အံ့သြသွားပုံကို အလျင်အမြန် ထိန်းလိုက်သော်လည်း နန်းယု ရိပ်မိလိုက်သည်။ ထို့နောက် တစ်စုံတစ်ရာကို လေးလေးနက်နက် အတွေးပေါက်ပုံဖြင့် ခပ်လှမ်းလှမ်းမှ ပြုံးရယ်လျက် ဖုန်း ပြောနေသည့် မိန်းကလေးကို တစ်ချက် စွေကြည့်သည်။ ပြီးမှ သူမကို ပြန်၍ ကြည့်သည်။
"ကိုယ့်မှာ ရည်းစား ရှိလည်း မင်းနဲ့ မဆိုင်ဘူးမလား"
"ဆိုင်တာပေါ့"
နန်းယု ဒေါသတကြီး ခပ်ကျယ်ကျယ် အော်သည်။
"ဘာကြောင့် မဆိုင်ရမှာလဲ"
"ဒီတော့ ပြောစမ်းပါဦး၊ ဘာတွေ ဆိုင်တာလဲ"
အာကာဟိန်းထက် မေးတော့ သူမ ကိုယ်ဟန် ဖို့လျက် ယုံကြည်ချက် ရှိရှိ မျက်နှာကို မော့၊ ရင်ကို ကော့လိုက်သည်။
"ဦးက နန်းနဲ့ အနေနီးတယ် မဟုတ်လား၊ ဒီတော့ နန်းကို ပစ်ကြွေသွားပြီး . . နောက်ဆုံးမှာ ဦး ကောင်မလေးကို ငြီးငွေ့သွားမှာမို့လို့လေ"
နန်းယု ပိုင်ပိုင်နိုင်နိုင် ပြောတော့ အာကာဟိန်းထက် ဟက်ခနဲ တစ်ချက် ရယ်သည်။ ရယ်လိုက်ပုံက ထူးဆန်းပေမယ့် သူမ သိပ်ပြီး အာရုံ မစိုက်မိ။
"ကောင်မလေးခင်ဗျာ သနားစရာပဲနော်၊ အဲ့ဒါကြောင့် ဦးက နန်းအစား ကောင်မလေးကို တောင်းပန်ပါတယ်လို့ ကြိုပြီး ပြောထားပေးပါ၊ ဟုတ်ပြီလား"
အာကာဟိန်းထက် အဖြေကို နန်းယု မစောင့်တော့။ သူမ ပြောချင်တာကို ပြောလိုက်ရ၍ ကျေနပ်ကာ ပြုံးပြုံးဖြီးဖြီး ထွက်လာခဲ့သည်။ သို့ရာတွင် စံအိမ်သို့ သွားရာ လမ်းမှာ မမလှလှနှင့် ထိပ်တိုက် ဆုံ၏။ နန်းယု နှုတ်ခမ်းပေါ်မှ အပြုံးက ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
"ဟိုင်း . . ၊ မင်းလေးက နန်း ဖြစ်မယ်"
သူမ နှုတ်ဆက်လာသည်။
နှင်းဆီဖူးလို ပန်းနုရောင် သန်းနေသော နှုတ်ခမ်းလွှာ။ တိုကပ်သော စကတ်ဖြူနှင့် ရင်ဟိုက်ကာ အတွင်းသားတို့ မြင်ရသော ခပ်ဟော့ဟော့ ဇာပါးပါး ပုလဲရောင် အပေါ်ဝတ်။ အောက်ဖျားဆီသို့ ရေတံခွန်သဖွယ် နွယ်စင်းကျနေသည့် ဆံနွယ်များကို ဖြန့်ချထားကာ နောက်ဖျားဆီတွင် ပန်းပွင့်အသွင် ဆံထုံးလေးကို ထုံးလို့ အဖြူရောင် ဌက်မွေးတောင်ဖြင့် စီးနှောင်ထားသော သူမ။ ဝန်ခံရပါက သက်ရှိ ကြွေရုပ်လေး တစ်ရုပ်သဖွယ် လှပလွန်းသော မိန်းကလေး တစ်ယောက်ပဲ ဖြစ်သည်။
"မင်း အကြောင်းတွေ တို့ ကြားဖူးတယ်"
သို့သော် ဘယ်လောက်ပဲ လှပနေစေကာမူ မင်းသားလေးက နန်းယု တစ်ယောက်တည်း ပိုင်ဆိုင်ရမည့် သူပဲ ဖြစ်သည်။ ထိုမိန်းကလေး၏ အလှတရားတွေသည် မင်းသားလေးအပေါ် ထားရှိသော သူမ ချစ်ခြင်းတရားတွေနှင့် နှိုင်းယှဉ်ပါက အရှုံးကြီး ရှုံးသွားမည်ပဲ ဖြစ်သည်။
နန်းယု စိတ်ကြီးဝင်စွာ ခပ်မဲ့မဲ့ ပြုံးလိုက်သည်။ ထို့နောက် မမလှလှ၏ မျက်ဝန်းများထဲသို့ စူးရှစွာ စိုက်ကြည့်ရင်း စကား တစ်ခွန်းကို ခပ်မြန်မြန် ပြောပစ်လိုက်သည်။
"ဦးက နန်းရဲ့ အနာဂတ် ခင်ပွန်းလောင်းမို့ အစ်မ စိတ်မဝင်စားပါနဲ့လား"
ရုတ်တရက်မို့ မေ Scarlett အံ့သြ ကြောင်အသွားသည်။
သတိဝင်တော့ နန်းယုဝေမှာ သူမ မျက်စိ အောက်တွင် မရှိတော့။ လျင်မြန်သော အရှိန်ဖြင့် အိမ်ထဲသို့ ပြေးဝင်သွားပြီ ဖြစ်သည်။ မေ Scarlett သဘောကျစွာ နှုတ်ခမ်းကို လက်ဖဝါးဖြင့် အုပ်ကွယ်ရင်း ခပ်သဲ့သဲ့ ရယ်လိုက်မိသည်။
"အစ်ကို . . နန်းလေးက ချစ်စရာပဲ"
အာကာဟိန်းထက် မေ Scarlett အနားသို့ လျှောက်လာသည်။ သို့သော် သူမ အပြောကိုဖြင့် မထောက်ခံ။ မပီမပြင် ပြုံးလျက် ခေါင်းသာ ယမ်း၏။ အပြုံးက စိတ်ညစ်သည့် အပြုံး။
"လက်စသတ်တော့ အစ်ကိုက ဒီမှာ ဘေဘီ သေးသေးလေးနဲ့ လာငြိမ့်နေတာကိုး . . "
"အို . . ကြံကြီးစည်ရာ"
အာကာဟိန်းထက် အံ့သြတကြီး မျက်လုံး ပြူးလျက် ငြင်းသည်။
"အစ်ကို အကြံ ကြီးတာ မေလေး သိပါတယ်"
မေ Scarlett စနောက်ချင် စိတ် ပေါက်လာသည်။ အမြဲလိုလို တည်ငြိမ် အေးဆေးသော အစ်ကိုဖြစ်သူကို တစ်ခါလောက်တော့ မွှေပေးဦးမှ ကောင်းမည်။ ထို့နောက် ရယ်မောကာ လက်သီးလက်မောင်း တန်းလျက် စကား တစ်ခွန်းကို အကျယ်ကြီး အော်ပြောလိုက်တော့သည်။
"နောက်ဆုံးတော့ တို့ကိုကြီး စွန်ပြီဟေ့ . ."
မေ Scarlett အော်သံကြောင့် ခြံထဲမှ ခိုဖြူများပါ ထပျံကုန်သည်။
အာကာဟိန်းထက်မှာ တစ်စုံတစ်ယောက် ကြားသွားမည်ကို စိုးရိမ်သည့် ပုံစံဖြင့် သူမကို တားမြစ်လာသည်။
"ဟေ့ . . အကျယ်ကြီး မပြောရဘူးလေ"
မေ Scarlett ခေါင်း ပုလျက် သဘောကျစွာ ခပ်ကျိတ်ကျိတ် ရယ်သည်။ ထို့နောက် ပါးစပ် အနားသို့ လက်ဖဝါး စုလျက် စောစောက စကားကိုပဲ နှစ်ကိုယ်တည်း ကြားရုံ ခပ်တိုးတိုး ဆိုသည်။
"နောက်ဆုံးတော့ တို့ကိုကြီး စွန်ပြီဟေ့ . ."
စကားသံမှာ ရယ်သံရောတုန်း။ ထို့နောက် သဘောကျစွာ နှစ်ဦးသား အသံ ထွက်လျက် ပြိုင်တူ ရယ်မောမိသွားသည်။
~•~ ~•~ ~•~
ခြံထဲမှ Wisteria ပင်ကြီး အောက်တွင် တည်ခင်းထားသော ညစာ ထမင်းဝိုင်းလေးက ဖယောင်းတိုင်များ ထွန်းညှိထားသော ဂျပန် ရိုးရာ မီးအိမ်ကလေးများကြောင့် ပို၍ ကဗျာဆန်သွားသည်။
ဝန်းဝန်းဝိုင်းဝိုင်း လပြည့်ည အသွင် ဆာကူရာ ပန်းခိုင်နှင့် ပွင့်လွှာတို့အား ဆေးရိုက်ထားသော မီးပုံးကလေး ငါးခုကို Wisteria ပင်၏ အကိုင်းအခက်များတွင် အိပ်မက်ဆန်စွာ ချိတ်ဆွဲထားသည်။ နွေဦးကို ကျော်လွန်လာပြီ ဖြစ်တာမို့ Wisteria အပင်ကြီး၌ ချစ်စဖွယ် ကောင်းသည့် ပန်းနွယ်ကလေးများ မရှိတော့။ သို့ရာတွင် အပင်ကြီးမှာ အစိမ်းရောင် အရွက်ဖားဖားတို့ကို ပန်ဆင်လို့ သူကိုယ်တိုင်က လှပသော အစိမ်းရောင် ပန်းပွင့်ကြီး အသွင် ဖြစ်နေခဲ့သည်။
ရောင်စုံ ကျောက်စရစ်ခဲများ ခင်းကျင်းထားသော မြေပြင်တွင် သစ်သားဘောင်များဖြင့် အနားကွပ်ထားသော ထောင့်မှန်စတုဂံ အဖြူရောင် မီးအိမ်ကလေးတွေကို အလှဆင်ထားသည်။ မီးအိမ်ကလေးတွေက စုစုပေါင်း လေးခု။ ထိန်လင်းသော အလင်းဓာတ်ဖြင့် ညစာ စားပွဲ၏ ထောင့် လေးထောင့် အသီးသီး၌ လှလှပပ ရှိနေခဲ့ကြသည်။
"သိပ် လှတာပဲနော် ကိုကို၊ ဒီပုံစံအတိုင်းဆို လျှပ်စစ်မီးတောင် လိုတော့မယ် မထင်ဘူး"
ညစာဝိုင်း အပြင်အဆင်ကို မေ Scarlett သဘောကျစွာ ချီးကျူးတော့ ဝေယံ ခပ်ဖွဖွ ပြုံးသည်။ သူမတို့၏ ညစာ စားပွဲလေးက လျှပ်စစ်မီး အကူအညီ မပါဘဲ မီးပုံးကလေးများမှ လာသော ဖယောင်းတိုင်၏ အလင်းရောင်ဖြင့် ခပ်ဖျော့ဖျော့ လင်းလက်နေခဲ့သည်။
"မင်း သဘောကျဖို့ ကိုယ် မျှော်လင့်ပါတယ်"
"သဘောကျတာပေါ့ ကိုကိုရာ . . ၊ အပြင်အဆင်က လုံးဝကို ရှယ်ပဲ၊ ဆေးကျောင်း နောက်ဆုံးနှစ် ပထမ ပညာသင် ကာလအတွက် လုံးပမ်းနေခဲ့ရတာ၊ အခုမှပဲ အကြည်ဓာတ် ရတော့တယ်"
သူမ အပြော နောက်မှာ ဝေယံ အံ့သြသွားသည်။
"အချိန်တွေက မြန်လိုက်တာနော်၊ ကိုယ့်ညီမတောင် ဆေးကျောင်း နောက်ဆုံးနှစ်ကို ရောက်နေပြီပဲ"
ကိုယ့်ညီမ ဆိုသည့် အသုံးအနှုန်းကြောင့် မေ Scarlett မျက်နှာချင်းဆိုင်က ဝေယံ့ကို အားမလို အားမရ အပြုံးမျိုးဖြင့် ခပ်ဖျော့ဖျော့ ကြည့်မိသွားသည်။ ဝေယံအောင် ဟူသော လူသားသည် သူမကို ဘယ်တုန်းကမှ ဇနီးမယား တစ်ယောက်အဖြစ် မသတ်မှတ်ခဲ့။ ညီမ တစ်ယောက် အသွင်နှင့်သာ နေသားကျ သူ ဖြစ်သည်။ ထိုအရာအတွက်တော့ ဝမ်းနည်းစရာပါလေ။
မေ Scarlett သူမ ဘေးမှ အာကာဟိန်းထက်ကို မသိမသာ စောင်းငဲ့ ကြည့်မိသည်။ အစ်ကိုဖြစ်သူက သူမကို အရိပ် တကြည့်ကြည့် ဂရုစိုက်နေကျ ဖြစ်တာမို့ မထင်မှတ်စွာ အကြည့်ချင်း ဆုံသွား၏။ သို့ရာတွင် စိုက်ကြည့်နေသော အစ်ကိုဖြစ်သူ၏ မျက်လုံး နက်နက်များက သူမ အတွေးကို ကောင်းစွာ နားလည်သည့် အလား " ဘယ်နှယ့်လဲ " ဟု မေးနေသလိုလို။
မေ Scarlett ရုတ်တရက် ကျေးဇူးတင်မိသွားသည်။
အစ်ကိုဖြစ်သူ စကားကို နားထောင်မိတာ ဘယ်တုန်းကမှ မမှားခဲ့။
"စာမေးပွဲ အောင်ရင် ဘယ်မှာ House Surgeon လုပ်မှာလဲ"
ဝေယံ၏ အမေး။ မေ Scarlett ပါးပြင်ပေါ် ကျလာသည့် ဆံခြည်မျှင်ကလေးကို သပ်တင်ရင်း အဖြေ ပေးလိုက်သည်။
"ဒါကတော့ တွေးတုန်းပါ ကိုကို၊ အခုက ကျိုတို တက္ကသိုလ် ဆေးဋ္ဌာနမှာ ကျင်းပမယ့် . . သားအိမ်ခေါင်း ကင်ဆာ ရောဂါ ကုသခြင်းဆိုင်ရာ လေ့လာမှု ညီလာခံအတွက် စာတမ်း လာဖတ်တာပါ"
"ဒါဖြင့် . . ငါတို့ တက္ကသိုလ်ကို မြန်မာ နိုင်ငံက ဆရာဝန်တွေ လာမယ် ဆိုပြီး သတင်း ကြားထားတာ မင်း ဖြစ်နေတာပေါ့"
နေသူရိန်မင်းခန့် အရွက်သုပ်ကလေးကို ခက်ရင်းဖြင့် ထိုးယူနေရာမှ ခက်ရင်းကို ကမန်းကတန်း ပစ်ချလျက် စကားဖြတ်ပြီး မေးလာသည်။ မေ Scarlett အကြည့်က စားပွဲထိပ်တွင် ထိုင်နေသည့် နေမင်းကြီးဆီသို့ ချက်ချင်း ရောက်သွားသည်။
"ဟုတ်တယ် ကိုနေ"
"ဂျပန်မှာ ဘယ်နှရက်လောက် ကြာမှာလဲ"
"သုံးလေး ရက်ထက်တော့ မပိုပါဘူး၊ ဋ္ဌာနက မေလေးတို့အတွက် အဆောင် စီစဉ်ပေးထားပြီးသားလေ၊ ဒီက ညစာ စားပွဲ ပြီးရင် အဆောင်ကို ပြန်ပြီး . . မနက်ဖြန် စာတမ်းအတွက် ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်ရဦးမယ်"
"အင်း . . ၊ အဆင်ပြေတာပဲ"
နေသူရိန်မင်းခန့် နှုတ်ခမ်း တွန့်လျက် တစ်ချက် ပြုံးမိသွားသည်။ ထိုအပြုံးတွင် ကျေနပ်၊ စိတ်ချမှုများ ပါနေမှန်း မေ Scarlett ချက်ချင်း ရိပ်မိသွားသည်။
"ဘာလဲ ကိုနေ၊ ဒီအိမ်မှာ ညီမ နေဖြစ်သွားမှာကို စိုးရိမ်နေတာလား"
နေသူရိန်မင်းခန့် ဘာမှမပြော။ ဟင်းချိုကို ဇွန်းဖြင့် ခပ်သောက်ရင်း မသိ နားမလည်သည့် ပုံစံမျိုးဖြင့် ပခုံးသာ တွန့်ပြသည်။
"ဦး . . ၊ နန်း ပုစွန် စားချင်တယ်"
နန်းယုက မျက်စိ ရှေ့မှ အာကာဟိန်းထက်ထံ ကျောက်ပုစွန် ပန်းကန်ကို အတင်း ထိုးပေးသည်။ အာကာဟိန်းထက်က နွားနို့နှင့် ပင်လယ်စာများ ရောချက်ထားသော ခေါက်ဆွဲမျှင်များကို ခက်ရင်းဖြင့် ထိုးလိပ်ရင်း ဖြည်းဖြည်းချင်း ဝါးစားနေသည်။ သို့ရာတွင် နန်းယု၏ ပူဆာမှုကြောင့် ညစာ စားနေတာ ပျက်သွား၏။ ဝေယံ သမီးဖြစ်သူ လက်ထဲမှ ပုစွန် ပန်းကန်ကို အမြန် ယူလိုက်ရသည်။
"ဖေဖေ လုပ်ပေးမယ်"
ဝေယံ ကျောက်ပုစွန် အသားစများကို ဇွန်းဖြင့် ကော်ယူကာ သမီးဖြစ်သူ ပန်းကန်ထဲသို့ သေသပ်စွာ ထည့်ပေးလိုက်သည်။ သို့သော် နန်းယုက တို့တောင် မတို့။ မကျေမနပ် နှုတ်ခမ်း စူလျက် ဂျီကျ၏။
"စားဝူး၊ စားဝူး . . ၊ စားချင်ဘူး"
ဆူညံစွာ အသံပြဲဖြင့် အော်တော့သည်။ သို့ရာတွင် အော်ဟစ် ဂျီကျမှုက မိနစ်ပိုင်းတောင် မခံ။ ကျောက်ပုစွန်ကို အာကာဟိန်းထက် ခွံ့ကျွေးလိုက်တာနှင့် တစ်ပြိုင်နက် ချက်ချင်း ငြိမ်ကျသွားတော့သည်။ ထိုမျှမက သဘောကျသလို ခြေထောက် နှစ်ချောင်းကို ယမ်းလျက် ပြည်တည်တည် အမူအရာမျိုးဖြင့် ပြုံးပင် ပြုံးနေသေးသည်။
နေသူရိန်မင်းခန့် မနိုင်သလို ခေါင်း ယမ်းသည်။ ဝေယံက သက်ပြင်းသာ ချ၏။ ရယ်မောသံ သဲ့သဲ့ ကြားရသည်။ မေ Scarlett ထံမှ ဖြစ်သည်။
"သြော် . . ဆရာ တာရာမင်းဝေ ပြောခဲ့သလို ယောက္ခမနဲ့ သားမက် ဆိုတာ တကယ်တော့ အသက် အတူတူပါပဲလား"
မေ Scarlett ဆူရှီ အတုံးကလေးကို တမြုံမြုံ ဝါးရင်း နေသူရိန်မင်းခန့်၊ ဝေယံနှင့် အာကာဟိန်းထက်တို့ သုံးယောက်အား တစ်လှည့်စီ ကြည့်သည်။ နှုတ်ခမ်းများက ထိန်းမရအောင် ပြုံးချင်နေသည်။
"မေလေး ဘာတွေ လျှောက်ပြောနေတာလဲ"
အစ်ကိုဖြစ်သူက သူမကို မျက်လုံး ပြူးကြည့်၏။
"အစ်ကိုပဲ စဉ်းစားကြည့်လေ . . ၊ သားမက်က သားမက် ဖြစ်တဲ့ နေ့မှာမှ ယောက္ခမကလည်း အဲ့ဒီနေ့မှာပဲ ယောက္ခမ ဖြစ်ခွင့်ရတာလေ"
"အဲ့ဒါ ကိုယ်နဲ့ ဘာဆိုင်လဲ"
"အစ်ကိုနဲ့ ဆိုင်တယ်လို့ မေလေး ပြောမိလား"
အာကာဟိန်းထက် မျက်နှာ ရဲတက်သွားသည်။ သို့သော် သူ ရှက်သွားတာကို ဘယ်သူမှ မရိပ်မိအောင် မျက်နှာထားကို ချက်ချင်း ပြင်လျက် စားပွဲပေါ်မှ ရေခွက်ကို ဆွဲယူပြီး အတင်း မော့သောက်လိုက်သည်။ သို့ရာတွင် ရေခွက်ကို ဆုပ်ကိုင်ထားသည့် လက်ချောင်းများမှာ သိသိသာသာ နီမြန်းနေ၏။
ထို့နောက် စားပွဲ တစ်ခုလုံး သိသိသာသာ ငြိမ်ကျသွားသည်။ တော်တော် ကြာသည်အထိ ဘယ်သူကမှ စပြီး စကား မပြောကြ။ ကိုယ်အတွေးနှင့်ကိုယ် နစ်မြောနေကြသည်။ မေ Scarlett မျက်စောင်းထိုးမှ နန်းယုဝေကို လှမ်းကြည့်တော့ နန်းယုက အခွံ နွှာထားပြီးသား ပုစွန်ကို ဝါးစားရင်း သူမကို စိုက်ကြည့်နေခဲ့သည်။ ငေးကြည့်နေသော မျက်ဝန်းများတွင် မနာလို သဝန်တိုဟန်များ ပါဝင်နေ၏။
ဒီညစာဝိုင်းက အချိန် ကြာသည်အထိ တိတ်ဆိတ်နေပုံ ရသည်။ နောက်ဆုံးတော့ သူမကပဲ စကား ပြန်စလိုက်ရသည်။
"စာတမ်း ကိစ္စဆိုမှ . . အစ်ကိုတို့ကို စိတ်ဝင်စားစရာ တစ်ခု ပြောပြရဦးမယ်၊ ဒါက အမွေ ဆက်ခံသူ မွေးဖွားဖို့အတွက် အထောက်အကူ ဖြစ်မှာပါ"
ထိုစကားကြောင့် နေသူရိန်မင်းခန့် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ အာကာဟိန်းထက်က မျက်မှောင်ကြုတ်ကာ ညီမဖြစ်သူကို ကြည့်သည်။ ထို့နောက် နေမင်းကြီးကို တစ်ချက် ပြန်ကြည့်သည်။
"ဆေးကျောင်း ဒုတိယနှစ် တက်ရတုန်းက ဖြစ်မယ်၊ သားဖွား ပညာကို သင်ရတော့ မေလေးတို့ရဲ့ ဆရာက စကားလမ်းကြောင်း သင့်ပြီး . . အနောက်တိုင်း ဆေးပညာရပ် အကြောင်းကို ဗဟုသုတအနေနဲ့ ပြောပြခဲ့ဖူးတယ်၊ ဆရာ ပြောပြခဲ့တဲ့ ဆေးပညာက သိပ်ကို ထူးဆန်းလို့ . . မေလေး အခုအချိန်ထိ မှတ်မိနေခဲ့တာ"
နေသူရိန်မင်းခန့် မသိမသာ ပြုံးမိသွားသည်။ Yang မိသားစုအတွက် အမွေ ဆက်ခံသူ မွေးဖွားပေးမည့် ကိစ္စရပ်အား မေ Scarlett လက်လျော့သွားသည် ဟူသော အသိကို ခန့်မှန်းမိ၍ စိတ်သက်သာရာ ရသွားသည့် အပြုံးမျိုး ဖြစ်သည်။
"အနောက်တိုင်းက လူနာ တစ်ယောက်မှာ ကင်ဆာ ရောဂါ ရှိနေခဲ့တာလေ၊ သူ ခံစားနေရတဲ့ ကင်ဆာက အရမ်းကို ဆိုးဝါးတာမို့ ခန္ဓာကိုယ်က အတွင်းကလီဆာတွေ အားလုံးကို လဲပစ်မှပဲ အသက်ရှင်နိုင်မှာ၊ ဒါပေမယ့် အတွင်းကလီဆာတွေ အားလုံးကို တစ်ချိန်တည်း ရဖို့က ခက်ခဲလွန်းတယ်၊ ဘယ်လိုမှ မဖြစ်နိုင်ခဲ့ဘူး"
မေ Scarlett ပြောပြသည့် အကြောင်းအရာကို ဝေယံ စိတ်ဝင်စားပုံ ရသည်။ တိတ်ဆိတ် ငြိမ်သက်စွာ အာရုံစိုက်လျက် လေးနက်စွာ နားထောင်နေသည်။ သို့သော် နေသူရိန်မင်းခန့်မှာ " အမွေ ဆက်ခံသူ မွေးဖွားဖို့ ဘာတွေ အထောက်အကူ ဖြစ်မှာလဲ " ဟု စကားဖြတ် မမေးမိအောင် တော်တော် မျိုသိပ်ထားရ၏။
"ကြံရာ မရတော့တဲ့ အဆုံး လူနာကို တာဝန်ယူ ကုသပေးနေတဲ့ ဆရာဝန်တွေက လူနာရဲ့ သွေးနဲ့ ဖန်ပြွန်သန္ဓေ ကလေး တစ်ယောက်ကို ဖန်တီးခဲ့တယ်၊ အဲ့ဒီကလေးလေးကို ဆေးပိုက်တွေ၊ သိပ္ပံ နည်းပညာတွေ သုံးပြီး စမ်းသပ် ဖန်ပြွန်ထဲမှာ အသက် ရှင်အောင် မရမက ကြိုးစားပမ်းစား မွေးခဲ့ကြတယ်၊ အချိန် တစ်ခု ရောက်တဲ့အခါ အဲ့ဒီကလေးလေးဆီက အတွင်းကလီဆာတွေ အားလုံးကို ထုတ်ယူပြီး . . ရောဂါ ခံစားနေရတဲ့ လူနာရဲ့ ခန္ဓာကိုယ်ထဲကို ထည့်ပေးမှာလေ"
ဝေယံ မျက်လုံးများ ဝမ်းနည်းရိပ် သန်းသွားသည်။ အတွင်းကလီဆာ ယူဖို့အတွက်နှင့် အပြစ် မရှိသည့် ကလေး တစ်ယောက်၏ အသက်အား ကြက်ကလေး၊ ဌက်ကလေး သတ်သလို လွယ်ကူစွာ လုပ်ရက်နိုင်သော ဆရာဝန်များ၏ ရက်စက်မှုကို ခံပြင်းသွား၍ ဖြစ်သည်။ သို့ရာတွင် ဆက်ပြောလာသော မေ Scarlett စကား တစ်ခွန်းကြောင့် သူ နားမရှင်း ဖြစ်သွားသည်။
"ဒါပေမယ့် ဆရာဝန်တွေ ဖန်တီးခဲ့တဲ့ ဖန်ပြွန်သန္ဓေက ကလေး တစ်ယောက် မဟုတ်ခဲ့ဘူး"
"ကလေး မဟုတ်ဘူး၊ ဘာကို ပြောချင်တာလဲ . . မေလေး"
"တကယ်တော့ . . သူတို့ ဖန်တီးခဲ့တာက အတွင်းကလီဆာတွေ အားလုံး ပါဝင်ပြီး သာမန် လူ တစ်ယောက်လို အသက်ရှင်နိုင်တဲ့ အသားတုံး တစ်တုံးပဲ၊ တပ်ထားတဲ့ ဆေးပိုက်တွေ မဖြုတ်သရွေ့ အဲ့ဒီအသားတုံးလေးက လူ တစ်ယောက်လို အသက်ရှင်နေဦးမှာ"
"တကယ် . ."
ဝေယံ မယုံကြည်နိုင် ဖြစ်သွားသည်။
မေ Scarlett ခေါင်းညိတ်ပြီး အဖြေ ပေးသည်။
"ဘာကြောင့် ဒီလို လုပ်ခဲ့တာလည်း ဆိုတော့ . . အပြစ် မရှိတဲ့ ကလေး တစ်ယောက်ကို အတွင်းကလီဆာ ယူချင်ရုံသက်သက်နဲ့ မသတ်ချင်လို့ဘဲ၊ ဒါကြောင့် ဆရာဝန်တွေက လူနာရဲ့ သွေးနဲ့ ဖန်ပြွန်သန္ဓေ အသားတုံး တစ်တုံးကို ဖန်တီးခဲ့တာ"
ဝေယံ ရင်ထဲ ပေါ့ပါးသွား၍ ခပ်ဖွဖွ ပြုံးလိုက်မိသည်။ နေသူရိန်မင်းခန့်ကို စောင်းငဲ့ကြည့်တော့ နေသူရိန်မင်းခန့်က ဝေယံ ခံစားချက်ကို နားလည်သည့်အလား ကရုဏာ သပ်သလို ငေးကြည့်နေသည်။
"မထူးဆန်းဘူးလားဟင် . . ၊ မေလေးတော့ အံ့သြလွန်းလို့ အခုအချိန်ထိ မမေ့နိုင်ခဲ့ဘူး"
ထိုခဏမှာပဲ စကား တစ်ခွန်းမှ မပြောဘဲ တစ်လျှောက်လုံး ငြိမ်ကာ နားထောင်နေခဲ့သည့် အာကာဟိန်းထက်က ခပ်ဆဆ လေသံဖြင့် သူ သိထားသည့် အကြောင်းအရာ တစ်စွန်းတစ်စကို ဝင်ပြောလာခဲ့သည်။
"ကိုယ် ဂျာနယ် တစ်ခုမှာ ဖတ်လိုက်ရတယ်၊ နှစ်ထောင့် တစ်ဆယ့် ခြောက် ခုနှစ်လောက်က ဖြစ်မယ်၊ ဂျပန် နိုင်ငံမှာ အစမ်းသပ်ခံ ကြွက် အဖိုဆီက အရေပြား ဆဲလ်ကို ထုတ်ယူပြီး . . IVG နည်းပညာနဲ့ သန္ဓေသားလောင်း ဆဲလ် ဖြစ်အောင် ဖန်တီးခဲ့တယ်၊ စိတ်ဝင်စားစရာ ကောင်းတာက အဲ့ဒီဆဲလ်ကို ကြွက် အမရဲ့ သားအိမ်ထဲ ထည့်သွင်းပြီး ကြွက်ကလေး ရှစ်ကောင်ကို အောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့တာပဲ"
အာကာဟိန်းထက် ပြောသည့် အကြောင်းအရာကိုတော့ နေသူရိန်မင်းခန့် စိတ်ဝင်စားသည်။ သူ ရေ ထည့်ထားသော ဖန်ခွက်ကို လက်ထဲမှာ ကိုင်ရင်း လှည့်ပတ် ကြည့်လျက် အတွေး နယ်ချဲ့နေမိသည်။
ဂျပန် နိုင်ငံ ဆိုကတည်းက
စိန်ခေါ်ကြည့်ဖို့ အခွင့်အလမ်း သင့်တာပေါ့။
"ကိုယ်တို့ ကလေး ဘဝက သင်ခဲ့ရသလို မျိုးပွားဖို့ ယောကျာ်းဆီက သုက်ပိုးနဲ့ မိန်းမဆီက မျိုးဥကို မဖြစ်မနေ မလိုအပ်တော့ဘူး၊ အရေပြား ဆဲလ် တစ်ခု ရှိရုံနဲ့တင် . . ဘယ်သူမဆို ကလေး မွေးလို့ ရနေပြီ"
သူတို့ စကားများကို ငြီးငွေ့ဟန် ရှိသော နန်းယုက ကုလားထိုင်မှ ကိုယ်ကို အနည်းငယ် လျှောထိုင်ကာ အိပ်ငိုက်နေပြီ ဖြစ်သည်။
"ဖေဖေ . . ယုလေး အိပ်ချင်ပြီ"
ဝေယံ သမီးဖြစ်သူ၏ နှုတ်ခမ်း တစ်ဝိုက် ပေနေသော ဟင်းအနှစ်များကို တစ်ရှူးဖြင့် သုတ်ပေးကာ သူတို့ ဆွေးနွေးနေသည့် စကားဝိုင်းကို မပျက်စေရန် စားပွဲမှ တိုးတိုးတိတ်တိတ် ထသည်။ ထို့နောက် အိပ်ငိုက်နေသည့် နန်းယုဝေ လက်ကို ဆွဲကာ စံအိမ်သို့ ခေါ်သွားတော့သည်။
"မအိပ်ခင် သွားတိုက်ရမယ်နော်"
"ဟိုက် . ."
နေသူရိန်မင်းခန့် တစ်ယောက်သာ အာကာဟိန်းထက်တို့ မောင်နှမနှင့် ရင်းနှီးသော မိတ်ဆွေများသဖွယ် စကားလက်ဆုံ ကျ၍ ကျန်ရစ်ခဲ့သည်။ အာကာဟိန်းထက်က ကူညီချင် စိတ် ရှိသူပီပီ အခြေခံ အကြောင်းတရားများကို ချက်ကျလက်ကျ ပြောပြပေးသည်။
"သိပ္ပံပညာက လိုက်လို့ မမီအောင် အရှိန်အဟုန် မြင့်မြင့်မားမားနဲ့ တကယ်ကို တိုးတက်နေတာ၊ နှစ်ထောင့် တစ်ဆယ့် ရှစ် ခုနစ်က စပြီး . . IVG နည်းပညာကို လူသားတွေဆီမှာ အသုံးပြုခဲ့တာမို့ . . မင်းတို့လည်း ဒီနည်းလမ်းကို စမ်းကြည့်သင့်တယ်၊ ဘယ်သူ ပြောနိုင်မလဲ၊ ငါ ပြောတဲ့ နည်းပညာနဲ့ မေလေး ပြောခဲ့တဲ့ ဆေးပညာ . . ၊ ဒီနှစ်ခုကို ပေါင်းစပ်ပြီး . . အမွေ ဆက်ခံသူ ကလေး တစ်ယောက် မွေးဖွားလို့ ရနိုင်တာပဲလေ"
စကား ဆုံးသည့်အခါ ပေါ့ပါး တက်ကြွသည့် မျက်လုံးမျိုးဖြင့် နေသူရိန်မင်းခန့်ကို အာကာဟိန်းထက် ငေးစိုက်ကြည့်သည်။
ထိုအချက်အလက်များသည် နေသူရိန်မင်းခန့်၏ စိတ်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ပြီး လိုရာသို့ ရောက်အောင် ဆက်သွယ် ပေါင်းကူးပေးနိုင်သည့် တံတား တစ်စင်း ပဲ ဖြစ်သည်။
နေမင်းကြီး စိတ်ထဲမှာတော့ ဆုံးဖြတ်ချက် ချလိုက်ပြီးသား ဖြစ်သည်။ ထိုနည်းပညာဖြင့် အမွေ ဆက်ခံသူကို မရ၊ ရအောင် မွေးမည်။ အခိုင်အမာ တည်ဆောက်ပေးထားသည့် တံတားကြီး ရှိနေမှတော့ နင်းဖြတ်ပြီး လိုရာသို့ ရောက်အောင် သွားလိုက်ရုံပဲပေါ့။
ည ဆယ် နာရီခွဲလောက်မှာ စကားဝိုင်း ပြီးဆုံးသွားသည်။
မေ Scarlett ပြန်ချိန်ရောက်မှ ဝေယံ ခြံထဲသို့ ပြန်ပြီး ဆင်းလာခဲ့သည်။
"ကဲ . . ဧည့်သည် ပြန်ချိန် ရောက်ပြီ ဆိုတော့ ညီမ ပြန်တော့မယ်နော်"
"အပြင်မှာ မှောင်နေပြီပဲ၊ စိတ် မရှိဘူးဆို ဒီမှာ အိပ်သွားလိုက်ပါ့လား"
အပြင် ဝန်းကျင်က သိပ်ကို မှောင်မိုက်နေ၏။ ကြယ်ရောင်၊ လရောင် လုံးဝ မရှိသော မှောင်မိုက်သည့် ည တစ်ည ဖြစ်ပေသည်။
"ယောကျာ်းသား သုံးယောက် ရှိတဲ့ အိမ်မှာ အပျိုလေး တစ်ယောက် နေဖို့ မသင့်တော်ပါဘူး . . ကိုကိုရယ်"
"ကိုယ်တို့က မင်းကို ဘာမှမလုပ်ပါဘူး"
"ကိုကိုတို့ ညီမကို ဘာမှမလုပ်ဘူး ဆိုတာ ညီမ သိပါတယ်၊ ဒါပေမယ့် . . ပတ်ဝန်းကျင်ကတော့ ဘာမှမလုပ်ဘဲ မနေဘူးလေ၊ ကိုကိုတို့က ဒီမှာ တစ်သက်လုံး နေရမယ့် သူတွေ . . ၊ ညီမက ခဏတာ အလည်လာတဲ့ ဧည့်သည်၊ ညီမကြောင့် ကိုကိုတို့ အနေခက်မှာမျိုး မဖြစ်စေချင်ဘူး"
မထင်မှတ်ထားသော စကားကြောင့် ဝေယံ အလိုက်သင့် ပြုံးမိသွားသည်။ အာကာဟိန်းထက်က မေ Scarlett ခေါင်းကို ခပ်ပွပွ ပုတ်ရင်း သူမ စကားကို မကန့်ကွက်။
"ဒါဖြင့် မင်း တည်းမယ့် အဆောင်ကို ကိုယ် လိုက်ပို့ပေးမယ်"
"အစ်ကို လိုက်ပို့မယ် ဆိုရင်တော့ အားနာနာနဲ့ လက်ခံရမှာပဲ"
သူမ ခပ်ဟဟ ရယ်လိုက်သည်။
"ညီမ ပြန်ပြီ၊ ဂရုစိုက်နော် ကိုကို"
မေ Scarlett နှုတ်ဆက်သည့်အခါ ဝေယံက ပြုံးလျက် ဂရုစိုက်ပါ ဟု ပြန်၍ သတိပေးသည်။
"Good Night . . ကိုနေ"
နေသူရိန်မင်းခန့်က စားပွဲမှ မတ်တတ်ထကာ ခါး အညောင်းဆန့်ရာမှ ခေါင်းညိတ်ရုံသာ ညိတ်သည်။ ကားဆီသို့ သွားသည့် အခိုက်မှာ သူမ ချမ်းနေမည် စိုး၍ အစ်ကိုဖြစ်သူက သူ ဝတ်ထားသော အနွေးထည်ကို သူမ ကိုယ်ပေါ်သို့ ခြုံပေးလာခဲ့သည်။ သူမ ရင်ထဲ ကြည်နူးသွားသည်။
"ကျေးဇူးတင်ပါတယ်"
"တကယ်တော့ ကိုယ်ကသာ ကျေးဇူးတင်ရမှာ"
အနွေးထည်ကို လွှမ်းခြုံထားသည့် အခိုက်မှာ နွေးထွေး သင်းပျံ့သော စိတ်စွမ်းအင် တစ်ခုက မေ Scarlett နှလုံးသားထဲသို့ နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်သွားသည်။ ထိုစွမ်းအင်ကြောင့် ပင်ပန်း မောနွမ်းနေရာမှ သူမ ဖြေဆည်နိုင်သွားသည်။
"ဒီနေ့အတွက် ပင်ပန်းသွားပြီ"
အာကာဟိန်းထက် အသံက မေ Scarlett ကြားနိုင်ရုံကလေး တိုးတိတ်စွာ ညင်သာနေခဲ့သည်။ သို့သော် ထိုစကားသံလေးကပဲ သူမကို ပြန်လည် ရပ်တည်နိုင်ဖို့ လုံလောက်သည့် တွန်းအား တစ်ခု ဖြစ်စေခဲ့သည်။
တစ်ဦးပိုင် တွယ်တာ၊ စွဲလမ်းခဲ့ရသော ချစ်ခြင်းတရားများကို နောက်တွင် အပြီးတိုင် ချန်ရစ်ခဲ့ရခြင်းအတွက် သူမ ဝမ်းမနည်းတော့။
ကျေနပ် အားရစွာသာ ယုယုယယ ပြုံးလိုက်မိသည်။
~•~ S U N ~•~
13 / June / 2021
5 : 17 PM