မှောင်ရီပျိုးစ ညနေခင်း အချိန်။
ပြာလဲ့လဲ့ ကောင်းကင်မှာ ခရမ်းနုရောင် တိမ်တိုက်တို့ အရောင် တောက်နေသည်။ နေရောင်မှာ လုံးဝ ပျောက်ကွယ်သွားသည်တော့ မဟုတ်။ အလင်း မှိန်မှိန် ထွန်းလင်းပေးထားသည်။ မိုးကုပ်စက်ဝိုင်း ဟိုးအလွန်မှာ ပန်းနုရောင် တိမ်ဆုပ်တို့ကို လှမ်းမြင်ရ၏။
"မင်းရဲ့ ပန်းချီမှာ အရေးကြီးတာ တစ်ခု လိုနေတယ်၊ အိမ်စာက နေဝင်ချိန် မဟုတ်လား၊ နေလုံးကြီး ကျန်ခဲ့လို့ မဖြစ်ဘူးလေ"
အာကာဟိန်းထက် နန်းယုဝေ၏ ပန်းချီကားကို စိတ်ရှည်လက်ရှည် ကြည့်ရင်း အသိပေး၏။
"ဟုတ်ပါရဲ့ . . ၊ နန်း မေ့သွားလို့ပါနော်"
အာကာဟိန်းထက် အိပ်ခန်းတွင်းမှ စာရေး စားပွဲထက်တွင် နန်းယု ပန်းချီ ဆွဲနေသည့်အခါ သူက သူမ ဘေး ကုလားထိုင်တွင် ထိုင်လျက် ရှိနေခဲ့သည်။ အိပ်ခန်း တံခါးကိုဖြင့် ဖွင့်ဟထား၏။
ကျောင်း အိမ်စာ ဖြစ်သည့် နေဝင်ချိန် ပန်းချီကားကို ရေးဆွဲရာတွင် ကူညီ သင်ပြပေးဖို့ အာကာဟိန်းထက်ကို နန်းယု ပူဆာခဲ့သည်။ တကယ်တော့ ပန်းချီ ရေးဖို့က သူမအတွက် သိပ်ပြီး မခက်။ နီးနီးကပ်ကပ် နေချင်၍ အကြံအဖန် လုပ်ထားတာပဲ ဖြစ်၏။
"မင်း လက်ရာကို ကြည့်ရတာ . . အခုမှ ပန်းချီ စဆွဲဖူးတဲ့ သူငယ်နှပ်စားလေးနဲ့လည်း မတူပါဘူး၊ ထူးချွန် အဆင့်ပဲ၊ မဟုတ်မှလွဲရော . ."
သံသယ လေသံဖြင့် ခပ်ဆဆ ပြောလာသည့် အာကာဟိန်းထက် စကားကြောင့် နန်းယု အသက် ခိုးရှူမိသွားသည်။
"ဝါသနာက ပန်းချီ ဆွဲတာလား"
"အိုး . . မဟုတ်ပါဘူး"
တော်သေးတာပေါ့။
သူမ ခပ်ပြုံးပြုံး ရယ်မိသွားသည်။
"ဝါသနာက ဦးကို ချစ်တာပါ"
အာကာဟိန်းထက် နန်းယုကို ငဲ့ကြည့်နေရာမှ အံ့သြသော မျက်လုံးများဖြင့် မပွင့်တပွင့် ပြုံးသည်။ ဒီတုံ့ပြန်မှုက သူမ ထင်ထားသော အခြေအနေထက် နည်းနည်းတော့ ကွဲသည်။
သူမ အားမရ။
"ဒါဖြင့် ရည်မှန်းချက်ကရော . ."
"ရည်မှန်းချက်က မင်္ဂလာဆောင်တဲ့အခါ သတို့သားက ဦး ဖြစ်နေဖို့ပဲ"
နန်းယု စကားသံမှာ ပိုင်နိုင်မှုနှင့် လောဘကြီးမှုလေး အနည်းငယ်တော့ ပါသွားသည် ထင်၏။ သူ ခပ်ဖွဖွ ရယ်လေသည်။
"တကယ့် ကောင်မလေးပဲ"
အာကာဟိန်းထက် စားပွဲပေါ် လက်တင် မေးထောက်လျက် မသိ နားမလည်သည့် ကလေး တစ်ယောက်အား သနား ငဲ့ညှာသော မျက်နှာထားဖြင့် ပြုံးလျက် ကြည့်သည်။ ဝဲဘက် ပါးပြင်မှာ ထင်ပေါ်လာသော ပါးချိုင့်ရာလေးက အဖိုးတန် ကျောက်စိမ်းရိုင်း တစ်တုံးလို သူမ၏ လိုချင် မက်မောစိတ်အား အခါအားလျော်စွာ ဆွဲဆောင်နေတော့သည်။
"ပြောပါဦး၊ ကိုယ့်ကို ဘယ်တုန်းက စပြီး စိတ်ဝင်စားသွားတာလဲ"
"မြင်မြင်ချင်းပဲ"
"တကယ်"
သူ အံ့သြသွားပုံ ရသည်။
"တကယ်ပေါ့၊ ပန်းရောင်စုံတွေ ပွင့်တဲ့ နွေနေ့ တစ်နေ့မှာ ဦးက နန်း ဘဝထဲကို ဝင်ရောက်လာတာ၊ အဲ့ဒီနေ့မှာ ဦးကို စချစ်ခဲ့တာ၊ အဲ့ဒီအမှတ်တရလေးကို နန်း သိပ် ချစ်တာပဲ"
"အချစ်က နည်းနည်းတော့ ရှုပ်ထွေးတယ်နော်"
စကားပြောရင်း ဆွဲလာသည့် ပန်းချီကားက ဖြည်းဖြည်းချင်း ရုပ်လုံး ပေါ်လာသည်။ သူမ အပြီးသတ် ရေးဆွဲပြီးသည့်အခါ မသေမသပ် ဖြစ်နေသော ဆေးရာ တချို့ကို အာကာဟိန်းထက်က ကူဖြည့်ပေးသည်။
"မင်း နားလည်မလား မပြောတတ်ပေမယ့် . . တစ်စုံတစ်ယောက်အတွက် မင်း ဘဝကို စွန့်လွှတ်လိုက်ဖို့ သတ္တိ ရှိလာတဲ့ အချိန်က . . အချစ်ကို မင်း ရှာတွေ့သွားတဲ့ အချိန်ပဲ ဆိုတဲ့ စကား တစ်ခွန်း ရှိတယ်၊ မင်းရော အဲ့ဒီလို လုပ်ဖို့ သတ္တိ ရှိပြီလား"
"ဟင်း . . ဒီစကားက နည်းနည်းတော့ တစ်မျိုးပဲ"
နန်းယုက ပါးဖောင်းဖောင်းလေး စူအစ်သွားအောင် နှုတ်ခမ်း စူပြီး သက်ပြင်း အရှည်ကြီး ချသည်။
"ဘာကြောင့် . . ကိုယ့်ဘဝကိုယ် စွန့်လွှတ်ပြီး ကိုယ် ချစ်ရသူနဲ့ ဝေးဖို့ ရွေးချယ်ရမှာလဲ၊ ဒါက သတ္တိကြောင်တဲ့ လူတွေအတွက်ပါ၊ နန်းကတော့ နန်း ချစ်တဲ့ ဦးကို ရအောင် ယူပြီး . . တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် နေသွားမှာ"
ထိုစကားကို ပြောလိုက်ခြင်းအတွက် သူမ အကြီးကြီး ကျေနပ်သွားသည်။ ရင်ထဲ နွေးခနဲ တုန်ရီကာ လှိုက်ခုန် ရစ်မူးသွားသည်။
"ကျေနပ်စရာပဲနော်၊ ဒါပေမယ့် တစ်သက်လုံး ပျော်ရွှင်စွာ အတူ နေသွားကြလေသတည်း ဆိုတဲ့ ပျော်ရွှင်စရာ အဆုံးသတ်ရဲ့ နောက်ကွယ်မှာ . . တစ်ယောက်နဲ့ တစ်ယောက် နှစ်ပေါင်းများစွာ ချစ်မြတ်နိုးလာရင်း . . ဇရာရဲ့ တိုက်စားမှုကြောင့် အသက်တွေ ကြီးရင့် အိုမင်းလာမယ်၊ အချိန်တန်တဲ့ တစ်နေ့မှာ မခွဲချင်လည်း တစ်ယောက်က တစ်ယောက်ရဲ့ ဘဝထဲကနေ မဖြစ်မနေ ထွက်ခွာသွားရမယ့် . . ကြေကွဲစရာ အဆုံးသတ်မျိုးလည်း ရှိနေနိုင်တာပဲလေ"
"ဒါဆိုရင် မဖြစ်ဘူး၊ ဦး မရှိဘဲ လုံးဝ မနေနိုင်ဘူး၊ နန်း သေသွားလိမ့်မယ်"
အာကာဟိန်းထက် မချိုမချဉ် ပြုံးသည်။
"အချစ်ကြောင့် သေတယ် ဆိုတာ ရုပ်ရှင်ထဲမှာပဲ ရှိတာပါ"
ထိုအပြုံးက လှောင်ပြုံး ဟု ထင်ရ၏။ သို့ရာတွင် အာကာဟိန်းထက် မျက်နှာမှာ နွေးထွေးသော အပြုံးသာ ရှိလျက် လှောင်ပြောင် သရော်မှုတို့ အနည်းငယ်မှ မတွေ့ရ။
"ဦး မရှိတဲ့ ဘဝက နန်းကို ဘယ်တော့မှ ပျော်ရွှင်စေမှာ မဟုတ်ဘူး၊ နန်း နှလုံးသားကိုပါ အမြဲ လစ်ဟင်းနေစေမှာ၊ ဒီကွက်လပ်ရဲ့ လိုအပ်ချက်ကို ဦးက လွဲပြီး ဘယ်အရာကမှ ပြီးပြည့်စုံအောင် ဖြည့်တင်းပေးနိုင်မှာ မဟုတ်မှန်း နန်း သေချာ သိတယ်၊ တကယ်လို့ ဦးသာ မရှိဘူးဆို နန်း တစ်ယောက်တည်း အနှစ် တစ်ရာ အသက်ရှင် နေထိုင်ဖို့ထက် အခုချက်ချင်း သေပစ်လိုက်ဖို့ကိုပဲ ရွေးချယ်မယ်"
"သတ္တိကောင်းလှချည်းလား"
အာကာဟိန်းထက် သူမဘက်သို့ တည့်တည့် မျက်နှာချင်းဆိုင် ကြည့်သည်။ ထိုအခိုက်မှာပဲ သူ၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။ မီးရောင်ကြောင့် ဟု သူမ ထင်မိသော်လည်း ထွက်ပေါ်လာသည့် အလင်းတန်းက နက်ရှိုင်းသည့် ထိုမျက်ဝန်းများထဲမှ စူးစူးရှရှ အရောင် လက်သွားခြင်း ဖြစ်သည်။
"တကယ်လို့ မင်း အချစ်ကို ကိုယ်က လက်မခံရင်ရော . ."
နန်းယု ယုံကြည် စိတ်ချစွာ ပြုံးလိုက်သည်။
"ပြဿနာ မရှိပါဘူး၊ တစ်နေ့ကျရင် ဦးကို သေချာပေါက် နန်း အပိုင် ဖြစ်အောင် လုပ်ပစ်မှာပဲ ဥစ္စာ"
အာကာဟိန်းထက် မနိုင်ဘူး ဟု အပြုံးမှန်း သိသာစွာ ပြုံးလျက် ခပ်မော့မော့ တစ်ချက် ရယ်သည်။ ထို့နောက် အကြည့်များကို သူမ ပခုံးဘက်မှ ဖြတ်ကျော်ပြီး နောက်ဖျားဆီသို့ ပိုင်နိုင်စွာ စိုက်ကြည့်လျက် မေးငေါ့ပြလိုက်သည်။
အဲ့ဒါ ဘာအဓိပ္ပါယ်ပါလိမ့်။
နန်းယု အာကာဟိန်းထက် ကြည့်ရာသို့ စောင်းငဲ့ ကြည့်မိသွားသည်။ ထိုခဏမှာပဲ သူမ ရင်ထဲ အသံ တစ်ခု ကျယ်လောင်စွာ မြည်ဟည်းသွားသည်။
"ဖေဖေကြီး . ."
ဖခင်ဖြစ်သူက တံခါးဝမှာ မတ်တတ်ရပ်နေသည်။ မျက်မှောင်ကြုတ်ထားပုံက အတော်လေး စိတ်တိုနေမှန်း သိသာလှသည်။
ဘယ်ချိန်ကတည်းက ရှိနေခဲ့တာလဲ။
ဘယ်လောက်အထိတောင် ကြားသွားတာလဲ။
စိုးရိမ် ပူပန်မှုတို့ အဆမတန် ဖြာဝေလာသည်။
"ယံ . ."
ခပ်ကျယ်ကျယ် အော်ခေါ်လိုက်သည့် လေသံ။ နန်းယု တစ်ကိုယ်လုံး တုန်တက်ကာ ကျောထဲအထိ စိမ့်သွားသည်။
"ကျွန်တော်နဲ့ စကားပြောမယ်၊ အခု လာခဲ့ . ."
ထို့နောက် အခန်းဝမှ ထွက်သွားသည်။
သွားပြီ။ သွားပြီ။
နန်းယု စိတ်ထဲ အခါခါ ရေရွတ်နေမိသည်။
သူမ မင်းသားလေးကတော့ ပြဿနာ အကြီးကြီး တက်အောင် သူမကို အဆင်းဘီး တပ်ပေးလိုက်ပြီပဲ ဖြစ်သည်။ ဒါကို မသိဘဲ ဝမ်းသာအားရ မပြောသင့်သည့် စကားတွေ အများကြီးကိုပါ မလိုအပ်ဘဲ ထုတ်ဖော် ပြောလိုက်မိသည်။
သေသင့်သည်။
သေသင့်သည့် အပြစ်ကို ကျူးလွန်မိပြီ။
"ကဲ . . ကောင်မလေး၊ ဖေဖေကြီးဆီမှာ ကောင်းကောင်း အဆူခံလိုက်ဦးနော်"
အာကာဟိန်းထက် ပြုံးစစ အကြည့်ဖြင့် သတိပေးသလို ကြည့်ပြီး ခေါင်းကို ခပ်ဖွဖွ ပုတ်သည်။ အပြုအမူက ကြင်နာလွန်းသော် ရည်ရွယ်ချက်မှာ ရက်စက်လွန်းသည်။ နန်းယု မပျော်နိုင်တော့။ ချက်ချင်းလက်ငင်း ငိုချင်စိတ် ပေါက်သွားသည်။
"သေပါပြီ . ."
ထို့နောက် အာကာဟိန်းထက်မှာ ကားသော့ကို ဆွဲလျက် သူမကို တစ်ယောက်တည်း ချန်ရစ်လို့ အခန်းထဲမှ ပေါ့ပေါ့ပါးပါး ထွက်သွားတော့သည်။
~•~ ~•~ ~•~
အာကာဟိန်းထက် အပြင်မှ ပြန်ရောက်ချိန်တွင် ခါတိုင်းလိုပဲ ည ရှစ် နာရီ လွန်ပြီးခါစ ဖြစ်သည်။
ဂျပန်ကို ရောက်စကတည်းက အနီးအနားမှ အနုပညာ ပြခန်းတို့ကို သူ သွားလေ့ရှိသည်။ ဂျပန် နိုင်ငံ၏ အနုပညာ အဆင့်အတန်းနှင့် ပန်းချီ ပညာတို့ကို သွားရောက် လေ့လာခြင်း ဖြစ်သည်။
ခါတိုင်းနှင့် မတူတာက သူ ပြန်ရောက်ချိန်တွင် စံအိမ်ကြီး တစ်ခုလုံး တိတ်ဆိတ်နေခဲ့သည်။ တိတ်ဆိတ်နေပုံက ပုံမှန်နှင့် မတူ။ အနည်းငယ် ကွဲပြားသည်။ ယခင်လို တိတ်ဆိတ် ငြိမ်သက်ခြင်းမျိုး မဟုတ်ဘဲ မူမမှန်သည့် အေးစက် ငြိမ်သက်ခြင်းမျိုး ဖြစ်သည်။
လူ မရှိ၍များလား။
အာကာဟိန်းထက် ခြံထဲသို့ ကားဖြင့် မောင်းဝင်လာခဲ့သည်။
စံအိမ်၏ မီးရောင်ကို ကားပေါ်မှ လှမ်းမြင်ရသည်။
သို့သော် ပတ်ဝန်းကျင်၏ ရာသီဥတုက ဆိတ်ငြိမ်လွန်းနေသည်။ လေယူရာ ယိမ်းနေသည့် ပန်းပင်လေးများ၏ လှုပ်ရှားမှုကိုပါ အတိုင်းသား ကြားနိုင်သည်အထိ ဖြစ်သည်။ တစ်ချက် တစ်ချက် အော်မြည်လိုက်သော ညအကောင်လေးများ၏ တီးတိုးသံက ရှင်းရှင်းလင်းလင်း။
တိုက် ရှေ့မှ ဂိုဒေါင်ထဲတွင် ကား သုံးစီး ရပ်ထားသည်။
Lamborghini ပြိုင်ကား အနီရောင်။
Mercedes Benz ဇိမ်ခံကား အနက်ရောင်။
Toyota ဂျပန် နိုင်ငံ ထုတ် အိမ်စီးကား အဖြူရောင်။
အားလုံးက နေသူရိန်မင်းခန့်၏ ကားများပဲ ဖြစ်သည်။ တစ်စီးမှ မပိုသလို တစ်စီးမှ မလျှော့။ ထိုကားများကို ကြည့်ရုံနှင့် စံအိမ်မှာ လူ ရှိမှန်း သူ ခန့်မှန်းမိသည်။ ပထမတော့ နည်းနည်း အံ့သြသွားသည်။ လူ ရှိရက်နှင့်တောင် စံအိမ်ကြီးက တူမတူအောင် အေးစက် ချောက်ချားနေ၍ ဖြစ်သည်။ နောက်မှ ကိစ္စ တစ်ခုကို သတိရသွားကာ အံ့သြစိတ် ပြေသွားပြီး စိုးရိမ်စိတ်က ဝင်ရောက်လာခဲ့သည်။
ညနေပိုင်းက မီးထွန်း ရှာခဲ့သည့် ပြဿနာ။
ကြည့်ရတာ ကိစ္စက အတော်ကြီး ပုံ ရသည်။
အာကာဟိန်းထက် ကားကို ဂိုဒေါင်ထဲမှ တစ်နေရာတွင် ရပ်လိုက်ပြီး စံအိမ်သို့ လမ်းလျှောက်လာခဲ့သည်။ တံခါး၏ လျှို့ဝှက်ကုဒ်ကို သေချာစွာ ရိုက်ထည့်ပြီးနောက် အိမ်ထဲသို့ ဝင်လိုက်သည့်အခါ ဧည့်ခန်းမှာ တစ်ယောက်တည်း ထိုင်နေသော သူငယ်ချင်းဖြစ်သူကို မြင်လိုက်ရသည်။
သူ ဝင်လာတော့ ဝေယံက ဆိုဖာပေါ် ထိုင်နေရာမှ လှည့်ကြည့်လာသည်။ မျက်နှာမှာ ဝမ်းနည်းမှု အရိပ်အယောင်တို့ကို အတိုင်းသား တွေ့လိုက်ရသည်။ အာကာဟိန်းထက် ဒိန်းခနဲ ဆောင့်ခုန်သွားသော ရင်ဖြင့် ဝေယံ့ဆီ ချက်ချင်း ရောက်ချသွားသည်။
"ဝေယံ . . ဘာဖြစ်လို့လဲ၊ ကိစ္စ တစ်ခုခု ရှိလို့လား"
"ဘာမှမဖြစ်ပါဘူး၊ စိတ်ထဲ မထားပါနဲ့"
ဝေယံက ခံစားချက် အလုံးစုံကို မြန်မြန်ဆန်ဆန် ဖုံးကွယ်ရင်း နွမ်းနယ်သည့် မျက်နှာထားဖြင့် အရေးမကြီးသလို ထိန်း၍ ဖြေသည်။ သို့သော် မပိရိ။ အာကာဟိန်းထက် ရင်ထဲ လေးလံ ပိကျသွားသည်။
"ကိုယ့်ကြောင့်နဲ့များ . ."
"မဟုတ်ပါဘူး၊ ဒီလို မဟုတ်ပါဘူး၊ စိတ်မပူပါနဲ့နော်"
ဝေယံ အာကာဟိန်းထက်ဆီမှ ချက်ချင်းလိုလို အကြည့် လွှဲကာ ထမင်းစားခန်းကို လှမ်းကြည့်သည်။ အမှန်က စကားလမ်းကြောင်း လွှဲဖို့ အရှိန် ယူခြင်း ဖြစ်သည်။
"အချိန်ကလည်း မစောတော့ဘူး ဆိုတော့ . . ညစာ စားတော့မလား၊ ငါ ပြင်ပေးမယ်လေ"
"ကိုယ် မဆာပါဘူး . . ၊ ဘယ်လို ကိစ္စတွေ ဖြစ်ခဲ့သလဲ ဆိုတာပဲ ကိုယ့်ကို ပြောပြပါ"
သူ ဇွတ်အတင်း မေးတော့ မတတ်နိုင်သည့် အမူအရာမျိုးဖြင့် ဖွင့်ဟ ပြောလာခဲ့သည်။
"ထွေထွေထူးထူး မဟုတ်ပါဘူး၊ ဖြစ်နေကျ ကတောက်ကဆလေးတွေပါပဲ၊ မင်းကြောင့် မဟုတ်တာမို့ မစိုးရိမ်ပါနဲ့"
အာကာဟိန်းထက် ဝေယံ့ကို ငေးကြည့်နေမိသည်။ အရောင် မှိန်ချင်နေသော မျက်လုံးများမှာ ဟန်ဆောင်နေသော အရိပ်အယောင်တို့ကို မတွေ့ရ။ သူ ယုံလိုက်ရပါသည်။
"ဒါပေမယ့် ငါ စိတ်ပူတာက သမီးရဲ့ ကလေးဆန်တဲ့ အပြုအမူလေးတွေပဲ၊ သူက သိပ် ငယ်သေးတော့ အမှား တစ်ခုခု လုပ်မိမှာ စိုးရတယ်၊ သူ မင်းအပေါ် တစ်ခုခု မှားယွင်းသွားတာ ရှိခဲ့ရင်လည်း . . ငါကပဲ တောင်းပန်ပါတယ်နော်၊ နားလည်ပေးပါ"
"ကိုယ် နားလည်ပါတယ်၊ စိတ် သဘောထား ကြီးမားတဲ့ ကိုယ့်အမြင်မှာ ဒီအတိုင်း တူမလေးရဲ့ ချစ်စရာ ဆိုးသွမ်းမှုလေးပါပဲ"
"မင်းဆီက ဒီလို စကားမျိုး ကြားရတာ ငါ ဝမ်းသာပါတယ်"
ဝေယံက သူတို့ ဖြစ်ခဲ့သည့် ပြဿနာကို ပြောပြနေတာလား။ သူ့ကိုပဲ နှစ်သိမ့် တောင်းပန်နေတာလား ဆိုတာ အာကာဟိန်းထက် ကွဲကွဲပြားပြား မသိတော့။ ယခုအချိန်မှာ ဝေယံ့ကို နားလည်ဖို့ ကြိုးစားရတာ သူ့အတွက် ပင်ပန်းလှသည်။ ဝေယံနှင့် နေသူရိန်မင်းခန့် အကြားမှာ ဘယ်လို ကိစ္စတွေ ဖြစ်ပျက်ခဲ့မှန်း သူ မသိတာကြောင့်လည်း ပါမည်။ ပြဿနာ အရင်းခံကို မှန်းဆဖို့ ခက်ခဲနေသည်။
ဝေယံ လက်ဖျားတို့ကို သူ ဆုပ်ကိုင်မိတော့ အေးစက်မှုတို့ မရှိ။ သာမန် အပူချိန်အတိုင်း မျှမျှတတ ရှိနေခဲ့သည်။
"ဒီတော့ ကိုယ် မင်းအတွက် စိတ်ပူစရာ မလိုတော့ဘူးပေါ့"
"အစကတည်းက စိတ်မပူဖို့ ငါ ပြောခဲ့ပါတယ်"
"ကိုယ် နားလည်ပြီ၊ ဒီကိစ္စက မင်းတို့ရဲ့ အချစ်စမ်းပွဲပဲ ဖြစ်မှာပါ၊ အချိန် ယူ စဉ်းစားပြီးရင် . . အဆင်ပြေအောင် ပြန်ညှိကြပေါ့၊ မဟုတ်လည်း မင်းတို့က သဲသဲကဲကဲ စုံတွဲပဲ"
"ဒီလို မလုပ်ချင်ပါဘူး"
အာကာဟိန်းထက် အံ့သြသွားသည်။
"ဘာကြောင့်လဲ ဝေယံ၊ အဆင်ပြေအောင် နေမှပေါ့"
အာကာဟိန်းထက် ဖျောင်းဖျမှု စကားက ခဏ ရပ်သွားသည်။ စိတ်ပူရမည့် ကိစ္စ တစ်ခုကို ဖျတ်ခနဲ သတိရသွား၍ ဖြစ်သည်။
ကြားသုံးကြား မဝင်ကောင်းဘူး
ဆိုသည့် ဆိုရိုးစကား တစ်ခွန်း ရှိသည်။
မိဘနှင့် သားသမီး ကြား . . ။
ညီအစ်ကို၊ မောင်နှမ ကြား . . ။
လင်နှင့် မယား ကြား ဟူ၍ . . . ။
မဟုတ်တောင် ဒီစုံတွဲက မျက်စိ ရှေ့မှာတင် အမြဲလိုလို ချစ်ကြည်နူး တစ်တီးတူး နေတတ်တာ မဟုတ်လား။ ပြန်တည့်သွားပါက သူပဲ ဗီလိန် ဖြစ်ပြီး တစ်ကိုယ်တည်း ကျန်နေခဲ့မှာ အသေအချာ။
မဖြစ်သေး။
အာကာဟိန်းထက် အမြန် စိတ်ထိန်းလိုက်ရသည်။
"ပြောသာ ပြောရတာ . . မင်းတို့က ဟုတ်တာလည်း မဟုတ်ဘူး၊ ပြီးရင် ပြန်ခေါ်ကြ၊ ပြန်ချစ်ကြနဲ့ . . ၊ ကိုယ်ပဲ အရူး ဖြစ်ပြီး ကျန်ခဲ့ဦးမယ်"
"ငါက ဘယ်တော့မှ ပြန်စ မခေါ်ဘူး၊ သူပဲ လာချော့ပြီး စခေါ်တာ"
ဝေယံ အံကြိတ်၍ တင်းမာစွာ ပြောသည်။ ကြည့်ရတာ ဝေယံ စိတ်ဆိုး စိတ်ကောက်အောင် နေသူရိန်မင်းခန့် လုပ်ထားပုံ ရသည်။
"အခုလည်း အချော့ ခံချင်လို့ မခေါ်ဘဲ နေတာလား"
"ငါက ဘာလို့ အချော့ ခံချင်ရမှာလဲ"
"ဒါတော့ မင်းပဲ သိမှာပေါ့"
အာကာဟိန်းထက် ခပ်ပြုံးပြုံး ပြောတော့ ပျော့ကွက်ကို အကိုင် ခံလိုက်ရသည့် တရားခံ တစ်ယောက်လို ချက်ချင်း ငြိမ်ကျသွားသည်။ သူ သိသင့်သည်။ အစောကြီးကတည်းက သိဖို့ ကောင်းသည်။ ဒီပြဿနာက သူနှင့် လားလားမှ မသက်ဆိုင်။ အချစ်ဌက် နှစ်ကောင်၏ အချစ်စမ်းပွဲ သက်သက်ပဲ ဖြစ်သည်။
ခဏကြာတော့ တိုင်ကပ် နာရီမှ အချိန်ကို ဝေယံ တစ်ချက် ကြည့်သည်။ ရှစ် နာရီ မိနစ် လေးဆယ်။ ဝေယံ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
"သမီးကို သိပ်ဖို့ အချိန်တောင် ရောက်နေပြီပဲ၊ ခွင့်ပြုပါဦးနော်"
"ကိုယ် ခွင့်ပြုပါတယ်၊ သွားပါ"
အာကာဟိန်းထက် မြန်မြန်ဆန်ဆန်ပဲ ခွင့်ပြုလိုက်ရသည်။
ဝေယံ လှေကားမှ တက်သွားတော့ အလယ်မှာ နေသူရိန်မင်းခန့်နှင့် ဗြုန်းခနဲ ဆုံ၏။ သို့သော် ဝေယံ့ဘက်က စပြီး မျက်နှာ လွှဲသွားသည်။ နေမင်းကြီးခင်ဗျာ ခံရခက်စွာ ကျန်ခဲ့၏။ ရှားရှားပါးပါး တုံ့ပြန်မှု ဖြစ်တာကြောင့် အာကာဟိန်းထက် မယုံနိုင် ဖြစ်သွားသည်။ တစ်ဆက်တည်းမှာပဲ ဝမ်းသာအားရ ခပ်ကျိတ်ကျိတ် ရယ်မိသွားသည်။
စိတ်ထဲမှာ ကျေနပ်နေသည်။
ကြည့်ရတာ အချစ် တိုက်ပွဲမှာ ပြင်းထန်ပုံ ရ၏။
ဘယ်သူက အောင်နိုင်သူများလဲ။
လျော့ရိလျော့ရဲ ခြေလှမ်းများဖြင့် လှေကားမှ ဖြည်းညင်းစွာ ဆင်းလာသော နေသူရိန်မင်းခန့်၏ လှုပ်ရှားမှု အလုံးစုံကို အာကာဟိန်းထက် အကဲခတ်နေမိသည်။ နေသူရိန်မင်းခန့်က အသက် မဲ့နေသည့် ကိုယ်ထည် အခွံလွတ် တစ်ခုအား ပိုင်ဆိုင်ထားသော လူ တစ်ယောက်လို အာကာဟိန်းထက်နှင့် မျက်နှာချင်းဆိုင်က ဆိုဖာမှာ ခပ်လျောလျော ဝင်ထိုင်သည်။ သို့ရာတွင် မျက်နှာမှာ စူပုပ် မဲမှောင်လျက်။
စိတ်တို ဒေါသထွက်နေသလား။
စိတ်ရှုပ် အတွေးများနေသလား။
နည်းနည်းတော့ မှန်းရခက်သည်။
မျက်နှာထားမှာ အောင်ပွဲ ရပေမယ့် တိုက်ပွဲတွင် ကျဆုံးသွားသည့် စစ်သည် တစ်ယောက်၏ ဟန်ပန်မျိုး ဖြစ်နေသည်။
သို့သော် အာကာဟိန်းထက် သတိထားမှ ဖြစ်မည်။ သူနှင့် နေမင်းကြီး အကြားမှာ မရှင်းရသေးသည့် ပြဿနာက လတ်လတ်ဆတ်ဆတ် ရှိနေသေးသည်။ ယခု အခြေအနေက ရန်သူနှင့် သူသေ ကိုယ်သေ စီးချင်းထိုးဖို့ သတ်ကွင်းထဲ ရောက်နေသလို။
"ဘာကြည့်တာလဲ"
သူ စိုက်ကြည့်နေမှန်း သတိထားမိတော့ အနည်းငယ် စိတ် မကြည်သည့် လေသံမျိုးဖြင့် ခပ်ကျယ်ကျယ် မေးသည်။ အာကာဟိန်းထက် စိတ်မှတ်မဲ့ ပခုံး တွန့်မိသွားသည်။
"မင်းဆီက ထွက်လာမယ့် ခပ်ရင့်ရင့် စကားလုံးတွေကို မျှော်လင့်နေတာလေ၊ မင်း အပြုအမူကို ကြည့်ရတာတော့ . . သမီးဖြစ်သူနဲ့ ပတ်သက်ပြီး ငါ့အပေါ် ပြင်းပြင်းထန်ထန် သတိပေးမယ့် ကိစ္စကို မေ့နေတယ် ထင်တာပဲ"
အာကာဟိန်းထက် ပြန်ပြီး အစဖော် ပေးလိုက်သည်။ ရင်ထဲမှာ မတင်မကျ ဖြစ်နေမည့် ကိစ္စမျိုးကို မဆိုင်သလို ပေါ့ပေါ့ပါးပါး ကျော်မသွားချင်။
"ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှပြောစရာ မရှိဘူး၊ ငါ့သမီး အချစ်ရေးမှာ ပါဝင်ဖို့ မင်းက အိုလွန်းနေပြီ"
အဲ့ဒါ ဘာစကားလဲ။
အာကာဟိန်းထက် စိတ်ထဲ ရှုပ်ထွေးသွားသည်။
မဟုတ်မှလွဲရော သဘောထား ကြီးသွားတာလား။ မဖြစ်နိုင်။ နေမင်းကြီးသည် ဘယ်တုန်းကမှ သူ့အပေါ် သဘောထား မပြည့်ဝခဲ့။ ရန်သူ တစ်ယောက်လို သတ်မှတ်ပြီး အမြဲလိုလို နှုတ်ဖြင့် ဖြစ်စေ၊ အပြုအမူဖြင့် ဖြစ်စေ ခံရခက်အောင် ဒုက္ခ ပေးနေကျ ဖြစ်သည်။
တိတ်ဆိတ်နေပုံက အကောင်းတော့ မဖြစ်နိုင်။ ဘာကြောင့်ဆို သူ မဟုတ်သလို ငြိမ်ပြီး ပျော့ကွက်ကို နင်းကာ နောက်ကွယ်မှာ သားကောင် ချောင်းသလို ချောင်းမြောင်းတတ်သည့် မိချောင်း တစ်ကောင်၏ မာယာမျိုးကို ပိုင်ဆိုင်ထားတာကြောင့် ဖြစ်သည်။
"မင်း သိလား၊ ငါ မင်းကို တကယ် စိတ်ပူလာပြီ"
တအံ့တသြ ဖြစ်သွားပုံက နည်းနည်းတော့ ပိုသည်။
"စိတ်ပူတယ်၊ မင်းကလေ . . ၊ ငါ့ကို"
"ဒါပေါ့၊ ခွေး တစ်ကောင်က အစာ မစားတော့ဘူး ဆိုရင် ဘာဖြစ်နေသလဲ ပူပန်ရသလိုပေါ့"
"ဘာပြောတယ်"
နေသူရိန်မင်းခန့် မျက်နှာထားက ချက်ချင်း တင်းမာသွားသည်။
"မဟုတ်လို့လား၊ မင်း ပုံစံက သိပ်ကို ငြိမ်လွန်းနေတယ်လေ၊ အရင်ကဆို ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့တောင် ငါ့ကို ဦးအောင် ဖဲ့နေကျ၊ အထိနာအောင် နှိပ်ကွပ်နေကျ မဟုတ်လား၊ အခုက အဲ့ဒီထက် အများကြီး အရေးပါတဲ့ သမီးဖြစ်သူရဲ့ အချစ်ရေး ကိစ္စပဲ၊ ဒါကို မင်းဘက်က ပြောစရာ စကား မရှိဘူး ဆိုတော့ . . မထူးဆန်းဘဲ နေမလား"
အာကာဟိန်းထက် ပြောတော့ နေမင်းကြီး၏ တင်းမာသော မျက်နှာက ပြေလျော့သွားသည်။ လျော့မည့် လျော့တော့လည်း နွမ်းဖျော့အောင်အထိ လျော့သွားသည်။
"ငါ မှန်းကြည့်မယ်၊ နန်း ကိစ္စနဲ့ ပတ်သက်ပြီး မင်းတို့ နှစ်ယောက် အကြားမှာ သဘောထား မတိုက်ဆိုင်မှုကြောင့် အားပြိုင်ပွဲ တစ်ခု ဖြစ်လာတယ် မဟုတ်လား"
အာကာဟိန်းထက် ဆိုဖာပေါ် ထိုင်ရာမှ ရှေ့သို့ ကိုင်း၍ လက် နှစ်ဖက်ကို ဆုပ်ကာ အလေးအနက်ထားသည့် မျက်နှာမျိုးဖြင့် ပြောလိုက်သည်။
"ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝေယံက သမီးဖြစ်သူကို ဘယ်လို အကြောင်းမျိုးနဲ့မှ ပိတ်ပင် တားမြစ်တာမျိုး မလုပ်ချင်ဘူး၊ ဒါပေမယ့် . . မင်းကတော့ ကလေးကို ငယ်သေးတာကြောင့် ထိန်းထိန်းသိမ်းသိမ်း ရှိစေချင်တယ်၊ အသက်အရွယ် ကွာခြားတဲ့ အချစ်ရေး တစ်ခုက လမ်းမှားကို ရောက်သွားစေနိုင်တဲ့အတွက် မင်း စိတ်ပူတယ်၊ နောက်ဆုံး ဒီပြိုင်ပွဲမှာ မင်း နိုင်သွားတယ်၊ ဒါပေမယ့် ဝေယံကတော့ မင်းကို စိတ်ဆိုးသွားတယ် မဟုတ်လား"
"မင်း ပြောတာ အမှန်ပဲ၊ တစ်ခုလေးတောင် မလွဲဘူး"
နေသူရိန်မင်းခန့်က အာကာဟိန်းထက်၏ စိတ် ဖတ်နိုင်စွမ်းကို အောချသလို ချီးကျူးသည်။ အာကာဟိန်းထက် ခပ်သဲ့သဲ့ ပြုံးမိသွားသည်။
"ဒါပေမယ့် ယုဝေက ငါ့စကားကို နားထောင်ပြီး . . မင်းကို မကြိုက်တော့ဘူး ဆိုရင် ငါ့ရဲ့ ဆုံးဖြတ်ချက်ကို သူပါ လိုလိုလားလား လက်ခံပါ့မယ် ဆိုတဲ့ သဘောတူညီချက် တစ်ခုတော့ ယံ့ဆီက ရလာတယ်"
"ဒါဆို မင်း စွမ်းနိုင်သလောက် တားတော့လေ၊ တစ်ခု ရှိတာက . . မင်း ဆုံးဖြတ်ချက်ကို ငါ လက်ခံတယ်"
အာကာဟိန်းထက် သဘောတူစွာ ထောက်ခံလိုက်သည်။ ထောက်ခံရသည့် အကြောင်းပြချက်က ခိုင်ခိုင်လုံလုံ ရှိသည်။
"အသက်အရွယ် ကွာခြားတဲ့ အချစ်ရေး တစ်ခုက နန်းအတွက် ဘယ်လိုမှ ကောင်းနိုင်စရာ အကြောင်း မရှိဘူး"
သို့သော် ထိုအရာများကို ထုတ်ဖော် ပြောပြနေမည် မဟုတ်။ ယခုလို ဟန်ပြ အကြောင်းအရာ တစ်ခုနှင့်တင် လုံလောက်နေပြီ ဖြစ်သည်။
နေသူရိန်မင်းခန့် သက်ပြင်း တစ်ချက် ချသည်။ ထို့နောက် မျက်နှာကို လက် နှစ်ဖက်ဖြင့် အုပ်ကွယ်ကာ ဆိုဖာ ကျောမှီပေါ် ခေါင်း လှန်ချလိုက်သည်။
"ယံသာ မင်းလို နားလည်တတ်ရင် ဘယ်လောက် ကောင်းမလဲ၊ အခုတော့ ငါပဲ အဆိုး ဖြစ်တယ်၊ ယံက ကလေးဆန်လွန်းတယ်၊ ဒီလို အခြေအနေမျိုးနဲ့တော့ . . မဖြစ်သေးပါဘူး"
"ပြန်ချော့လိုက်ပေါ့၊ အဆင်ပြေမှာပါ . . ၊ မဟုတ်တောင် . . သူက မင်း လာချော့မှာကို စောင့်နေတာပဲ"
ထိုအခိုက် နေသူရိန်မင်းခန့်ဆီမှ ခပ်မြူးမြူး ရယ်သံ တစ်ချက် ထွက်လာသည်။ အာကာဟိန်းထက် စိတ်ထဲ ထင့်ခနဲ ဖြစ်သွားသည်။
"ချစ်စရာလေး . ."
"ဘာပြောတယ်"
အာကာဟိန်းထက် သေချာစွာ စူးစိုက်ကြည့်တော့ မျက်နှာပေါ် တင်ထားသော လက်ချောင်းသွယ်များ အကြားမှ လှမ်းမြင်လိုက်ရသည့် နေမင်းကြီး၏ မျက်လုံးများမှာ ကြည်နူးရိပ်တို့ သန်းနေသည်။
ချည်လုံးကလေးဖြင့် ဆော့ကစားရသည့် ကြောင် တစ်ကောင်၏ ကျေနပ် ပျော်ရွှင်မှုမျိုး။ ထီဆုကြီး ပေါက်လိုက်ရသည့် ကံထူးရှင် တစ်ယောက်၏ အံ့သြ တုန်လှုပ်မှုမျိုး။ တစ်ဆက်တည်းမှာပဲ လိုချင်တာကို ရအောင် တိုက်ယူတော့မည့် စစ်သူကြီး တစ်ယောက်၏ ဝင့်ကြွားမှုမျိုးကိုပါ မြင်လိုက်ရသည်။
"အဲ့ဒါကြောင့် ငါက လက်ထပ်ချင်တာ"
အကြောင်း သိနေပြီးသားမို့ မအံ့သြတော့။
စိတ်ပျက်လက်ပျက်သာ ခေါင်း ခါမိတော့သည်။
"တတ်လည်း တတ်နိုင်တယ်"
"ဒီတော့ ငါ့ကို ကူညီစမ်း အာကာဟိန်းထက်၊ ငါနဲ့ အတူ ယံ့ကို လက်ထပ်ခွင့် တောင်းဖို့ ယံ မသိအောင် စီစဉ်မယ်"
အာကာဟိန်းထက် ခါးခါးသီးသီး ငြင်းသည်။
"မလုပ်ချင်ပါဘူး"
"လုပ်ပါ၊ ကူညီစမ်းပါ၊ အားကိုးပါတယ် . . ငါ့ကောင်ရာ"
နေသူရိန်မင်းခန့် ဇွတ်အတင်း ပြောသည်။
အာကာဟိန်းထက် အင်တင်တင် လုပ်နေမိသည်။
နေမင်းကြီး ဆိုတာ ဒါပါပဲ။ ယခု တစ်မျိုး၊ တော်ကြာ တစ်မျိုး။ မှန်းရခက်သည့် ဖြစ်တည်မှုမျိုး။ လိုအပ်ပါက ပျားသကာထက်တောင် အပြော ချိုသည်။ ဖယောင်းလိုလည်း လိုရာ ပုံပြောင်းနိုင်သည်။ ပြီးမှ သူ မဟုတ်သလို ဖြိုရခက်သည့် ကျောက်ဆောင် တစ်ခု အသွင် ပြန်ပြီး ခက်ထန်သွားသည်။
အာကာဟိန်းထက် ကူညီချင် စိတ် မရှိတာမို့ လွယ်လွယ် သဘောမတူနိုင်သည့် စကား တစ်ခွန်း ကောက်ပြောလိုက်သည်။
"ကောင်းပြီလေ၊ ဝေယံ့ကို တစ်ဝက် ပေးမယ်ဆို စဉ်းစားပေးမယ်"
နေသူရိန်မင်းခန့် စူးခနဲ ကြည့်သည်။ စိုက်ကြည့်လာသော မျက်လုံးတွေက စူးရဲသော တောက်ပမှုထက် ပိုသည်။ ရန်လိုသော မျက်လုံးများပဲ ဖြစ်သည်။
"မင်းကို သေအောင် သတ်ပြီးရင် ငါ စဉ်းစားပေးမယ်လေ၊ ဘယ်လိုလဲ"
ထို့နောက် နေသူရိန်မင်းခန့်၏ ခြိမ်းခြောက်မှုဖြင့် လက်ထပ်ခွင့် တောင်းမယ့် မဟာ အစီအစဉ်ကြီးမှာ ပါဝင် ကူညီပေးဖို့ အာကာဟိန်းထက် မတတ်သာဘဲ သဘောတူလိုက်ရတော့သည်။
~•~ S U N ~•~
15 / May / 2021
3 : 54 PM