အချိန်ကား မနက် ခြောက် နာရီ။
လိမ္မာရောင် နေလုံးကြီးကို မမြင်ရသေး။
ရာသီဥတု အခြေအနေက အနည်းငယ် တိမ် ထူထပ်သည်။
ယနေ့ မနက်ခင်းတွင် ပုံမှန်ထက် နေသူရိန်မင်းခန့် အိပ်ရာ စောစော နိုးနေခဲ့သည်။ သို့ရာတွင် အခန်းတွင်းမှာ ဝေယံ့ကို မတွေ့ရတာမို့ ရေချိုး၊ အဝတ်အစား လဲပြီးနောက် အောက်ထပ်သို့ ချက်ချင်း ဆင်းလာခဲ့သည်။
နေသူရိန်မင်းခန့် လှေကားမှ ဆင်းလာစဉ် အိမ်ကြီး တစ်ခုလုံး ထူးထူးခြားခြား ပြောင်းလဲနေတာကို သတိထားမိလိုက်သည်။ သူ ကြမ်းခင်းကို နင်းလိုက်သည့်အခါ ဆူညံသံ တချို့ အချိန်ကိုက် ထွက်ပေါ်လာခဲ့သည်။ မီးဖိုခန်းဆီမှ ဖြစ်သည်။ ပန်းကန်နှင့် ဇွန်းများ ထိခတ်သံ။ တစ်စုံတစ်ရာ လွတ်ကျသံ။
ပုံမှန်ဆို ဝေယံ မီးဖိုချောင် ဝင်ချိန်တိုင်း ဒီလို အသံမျိုး ဘယ်သောအခါမှ မကြားရ။ ဟင်းအမယ်တို့ ကြော်လှော် ချက်ပြုတ်သံ။ ဟင်းသီးဟင်းရွက်တို့ လှီးဖြတ်သံ။ ဟင်းပွဲတို့ ထမင်းစားပွဲပေါ် နေရာချသံ။ ထိုအသံတို့မှ လွဲ၍ တခြားသော ဆူညံသံတို့ သိပ်ပြီး ကြားရလေ့ မရှိ။ အမြဲလိုလို စေ့စပ် တိကျကာ ငြိမ်သက် တိတ်ဆိတ်လေ့ ရှိသည်။
ယခုတော့ ဘယ်လိုများ ဖြစ်ပါလိမ့်။
နေသူရိန်မင်းခန့် ခြေလှမ်းများကို မီးဖိုခန်းဆီ ဦးတည်လိုက်သည်။ မီးဖိုချောင်သို့ သူ ရောက်သည့်အခါ အထူးဆန်းဆုံး မြင်ကွင်းကို မြင်လိုက်ရသည်။
မိန်းကလေး တစ်ယောက်။
ကျော ပေးကာ ထမင်းအိုး တည်နေသည်။ သူမ ကိုယ်ဟန်က သက်သောင့်သက်သာ မရှိ။ ယခုမှ မီးဖိုချောင် ဝင်ဖူးသည့် ပုံစံဖြင့် တောင့်တောင့်ကြီး ဖြစ်နေသည်။ အနက်ရောင် ကုပ်ဝဲ ဆံပင်တို့က ပခုံးပေါ် မထိတထိ ကပိုကရို ဝဲကျနေသည်။ တစ်ချက် တစ်ချက် ဘေးတစ်စောင်း လှမ်းမြင်ရသော သူမ ပါးပြင်တို့က ပြင်ဆင် ခြယ်သမှု မပါတပါ။ နုဖတ် နွမ်းဖျော့စွာ လှနေခဲ့သည်။
သူမကို နေသူရိန်မင်းခန့် သိသည်။
ထိုမိန်းကလေးကို သူ မြင်ဖူးသည်။
"ယုဝေ"
နှုတ်မှ မမျှော်လင့်ဘဲ နာမည် တစ်ခု ထွက်ကျသွားသည်။
"အာ . . ဖေဖေကြီး၊ အိုးဟားယိုး ဂိုးဇိုင်းမတ်စ်"
နန်းယု လှည့်ကြည့် နှုတ်ဆက်လာသည်။
ခါးထိ ရှည်သော နန်းယုဝေ၏ ဆံနွယ်များက ရုတ်ခြည်း ပျောက်ရှလို့ ယခုအခါ ပခုံးပေါ် မရောက်တရောက် တိုတိသော ကုပ်ဝဲ ဆံပင်များသာ ဖြစ်လို့ နေသည်။ သမီးဖြစ်သူကို နေသူရိန်မင်းခန့် ချက်ချင်း မမှတ်မိတာ ကိုက်ဖြတ်လိုက်သော သူမ ဆံပင်တွေကြောင့်ပဲ ဖြစ်ရမည်။ မထူးဆန်းတော့။
"ဆံပင်တွေ ညှပ်ပစ်လိုက်တယ်"
နေသူရိန်မင်းခန့် မေးတော့ သူမ တစ်ချက် ပြုံးသည်။
ထို့နောက် တိုတိသော ဆံနွယ်များကို ခါသပ်လိုက်သေး၏။
"ဘာလို့ ညှပ်လိုက်တာလဲ၊ လှရဲ့သားနဲ့"
"ဒီလိုပါပဲ၊ လှရတာ ပင်ပန်းလာလို့လေ"
"ဘာပြောတယ်"
သမီးဖြစ်သူ၏ အဖြေကို ကြားလိုက်ရသည့်အခါ နေသူရိန်မင်းခန့် ဘာပြောရမလဲ ဆိုတာ သေချာ မသိတော့။ တောင့်တင်း ကြောင်အစွာ ငြိမ်နေမိတော့သည်။ ထိုခဏမှာပဲ ဝေယံ၏ နှုတ်ခွန်းဆက်သံ ထွက်ပေါ်လာခဲ့သည်။
"မောနီး ဒါလင်"
ဝေယံ အနားကို လျှောက်လာ၏။
"မောနီး ဘေဘီ"
နေသူရိန်မင်းခန့် ပြန်လည် နှုတ်ဆက်ပြီးနောက် မနက်ခင်း အနမ်းအဖြစ် ချစ်ရသူ၏ နှုတ်ခမ်းများကို ထိရုံကလေး နမ်းလိုက်သည်။ သမီးဖြစ်သူ၏ ရှေ့မှာပဲ ဖြစ်သည်။
"သမီး ဆံပင်တွေက ဘယ်လိုဖြစ်တာလဲ၊ ပြီးတော့ . . ထူးထူးဆန်းဆန်း မီးဖိုချောင် ဝင်လို့ပါလား"
"ဟုတ်တယ်၊ အပြောင်းအလဲပေါ့၊ မလှဘူးလား"
"မဆိုးပါဘူး၊ ဒါပေမယ့် ယံ့ကိုတော့ မမီဘူးပေါ့"
ဝေယံ မသိမသာ ပြုံးမိသွားသည်။
"နောက်ပြီး . . မီးဖိုချောင် ဝင်တာက သမီး ဆန္ဒပါ၊ ဟိန်းထက်ကို ကျေးဇူးတင်တဲ့အနေနဲ့ မနက်စာ လုပ်ကျွေးချင်တာတဲ့လေ၊ ဟိန်းထက်က သမီးကို တိုကျို လိုက်ပို့ထားတာ မဟုတ်လား"
သမီးဖြစ်သူ၏ အချစ်ရေးနှင့် ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း မပြောသင့်ဘူး ထင်တာမို့ သွယ်ဝိုက်စွာ ဝေယံ ပြောပြလိုက်သည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး နေသူရိန်မင်းခန့် ဆုံးဖြတ်ချက်ကို ဝေယံ စိုးရိမ်မိသည်။ ဘာကြောင့်ဆို အာကာဟိန်းထက်အပေါ် ထားသော နေသူရိန်မင်းခန့် အမြင်ကို သူ သိနေတာကြောင့် ဖြစ်သည်။
"ကျေးဇူးတင်လို့ ဟုတ်လား ယုဝေ"
ဖခင် နှစ်ယောက်အား သဘောကျစွာ ပြုံးပြုံးဖြီးဖြီး မော့ကြည့်နေသော နန်းယုဝေကို နေသူရိန်မင်းခန့် တစ်ချက် စောင်းငဲ့ မေးလာသည်။
"ဟုတ်တယ်လေ ဖေဖေကြီးရဲ့ . . ၊ တစ်လုတ် စားဖူး သူ့ကျေးဇူး ဆိုတဲ့ စကားတောင် ရှိသေးတယ် မဟုတ်လား"
"ဒါဖြင့် ဖေကြီးရဲ့ ကျေးဇူးတွေကရော ဘယ်ရောက်သွားလဲ"
"အဲ . . ၊ အဲ့ဒါကတော့ ဖေဖေကြီးဆီက အလုတ်ပေါင်း များစွာ စားဖူးတော့ မေ့သွားတာပဲ ဖြစ်မယ် . . ဟဲဟဲ"
နန်းယုက သူမ နားထင်ကို လက်ညှိုးဖြင့် ကုတ်ရင်း တဟဲဟဲ ရယ်သည်။
"ကောင်းရော . ."
နေသူရိန်မင်းခန့် မျက်နှာက အလိုမကျမှုကြောင့် ချက်ချင်း သုန်မှုန်သွားတော့သည်။
"လွန်တယ်လို့ မထင်ဘူးလား"
သို့ရာတွင် ဝေယံက ဝင်မပါသေး။ အေးဆေး တည်ငြိမ်စွာ ရပ်ရင်း သားအဖ နှစ်ယောက်၏ ဖြစ်အင်ကို ငေးကြည့်နေဆဲ။ သို့ရာတွင် ဝေယံ နှုတ်ခမ်းတွေကဖြင့် ပြုံးချင်နေသည်။
"မနက်စာကို တစ်ယောက်တည်း ဘက်လိုက်ပြီး ချက်ကျွေးလို့တော့ ဘယ်ရမလဲ၊ ဖေကြီးအတွက် မပါဘူးဆို တီဗွီမှာ ပြနေတဲ့ ဒရမ်မာတွေထဲကလို စားပွဲကို မှောက်ပစ်မယ်၊ ဘာမှတ် . ."
နေသူရိန်မင်းခန့် ခြိမ်းခြောက်လိုက်သည်။
သို့ရာတွင် နန်းယု မျက်နှာ တစ်ချက် မပျက်။
"အဲ့ကျမှ ဖေဖေကြီး ဆိုးတယ် မလုပ်နဲ့နော် . . ဟွန့်"
ဝေယံ ထပ်ပြီး မျိုသိပ်ဖို့ မတတ်နိုင်တော့တာမို့ အသံ ထွက်ပြီး ရယ်လိုက်မိသည်။ မသိပါက နေသူရိန်မင်းခန့် ပုံစံက သမီးဖြစ်သူကို ခြိမ်းခြောက် ဆူပူ မာန်မဲနေသည် ဟု ထင်နိုင်သည်။ တကယ်တမ်း သူက သမီးဖြစ်သူနှင့် အပြိုင် ကလေးဆန်နေတာပဲ ဖြစ်သည်။
တကယ့်ကို . . .
ချစ်ဖို့ ကောင်းလွန်းသည်။
"ပြောလိုက်လေ သမီး၊ ဖေဖေကြီးကိုရော ချက်ကျွေးမှာပေါ့လို့ . ."
ဝေယံ သမီးဖြစ်သူကို စကား ကူပြောပေးသည်။
"ဒါပေါ့၊ နန်းက ချစ်ဖေဖေကြီးကို ချန်ခဲ့စရာလား၊ သေချာပေါက် ချက်ကျွေးမှာပေါ့၊ အချစ်တွေ ထည့်ပြီး ချက်ကျွေးမှာမို့ ကောင်းကောင်း စားရမယ်နော်"
ထိုအခါမှ နေသူရိန်မင်းခန့် ကျေနပ် ပြုံးပျော်သွားတော့သည်။
"စားမှာပေါ့၊ အရသာတော့ ရှိပါစေ"
"ဒိုက်ဂျောဖု . . ဒိုက်ဂျောဖု၊ ဘဝက စားသောက်ဆိုင်ကြီးဆို သမီးက စားဖိုမှူးပဲ၊ စိတ်ချလိုက်"
နန်းယု မျက်စိ တစ်ဖက် မှိတ်ပြလိုက်၏။
မနက်စာ စပြင်သည့်အခါ မီးဖိုခန်းမှာ ဝေယံနှင့် နန်းယုသာ ကျန်ရစ်ခဲ့သည်။ နေသူရိန်မင်းခန့်က ဧည့်ခန်းမှာ ထိုင်စောင့်ရင်း သိုးမွေးလုံး ချူတံကလေးကို ကိုင်ကာ ကြောင်မလေး ဂျင်းနီနှင့် အေးအေးလူလူ ဆော့ကစားနေခဲ့သည်။
"ယုလေး . . စောစောက သမီးကို ဖေဖေ ထမင်းအိုး တည်ခိုင်းခဲ့တယ်မလား၊ ဘယ်လိုလဲ အဆင်ပြေရဲ့လား"
"ဟုတ်ကဲ့ . . ၊ အဆင်ပြေပါတယ်၊ ဖေဖေ ပြောခဲ့သလို တစ်သဝေမတိမ်း လုပ်ထားတယ်"
"ဟုတ်လား၊ ပြပါဦး"
မီးဖိုခန်းထောင့်မှ ကြွေပြားများ ကပ်ထားသည့် စင် ရှိရာသို့ ဝေယံ လျှောက်သွားလိုက်သည်။ ထိုနေရာတွင် ပုလဲရောင် ထမင်းပေါင်းအိုးလေး ရှိသည်။ သူ ခလုတ်ကို ဖိနှိပ်ပြီး ထမင်းပေါင်းအိုး အဖုံးကို ဆွဲဖွင့်လိုက်သည့်အခါ မထင်မှတ်ထားသော အရာ တစ်ခုကို ဗြုန်းခနဲ မြင်လိုက်ရသည်။ ထိုအရာကြောင့် နှုတ်ခမ်းလွှာတို့ အလိုလို ပွင့်ဟသွားသည်အထိ အံ့သြ ကြောင်အသွားတော့သည်။
ထမင်းပေါင်းအိုးထဲ ရှိနေသော အရာက ရေ ထည့်ထားသည့် ဖန်ခွက် သုံးခွက်နှင့် ဆန် တစ်ဘူးပဲ ဖြစ်သည်။
ဝေယံ စက္ကန့် အတော် ကြာအောင်အထိ စွန့်အနေမိသည်။
"ယုလေး . ."
သမီးဖြစ်သူကို သူ လှမ်းခေါ်လိုက်သည်။
"ထမင်းပေါင်းအိုးထဲ ဘာတွေ ထည့်ထားတာလဲ"
သူမ ဖျတ်ခနဲ ရောက်ချလာသည်။ ထို့နောက် ခုံပေါ် တက်ကာ ထမင်းအိုးကို လှမ်းငုံ့ကြည့်၏။
"ဖေဖေပဲ ထမင်း တည်မယ်ဆို . . ရေ သုံးခွက်နဲ့ ဆန် တစ်ဘူး ထည့်ရမယ်လို့ ပြောခဲ့တာမလား၊ အဲ့ဒါကြောင့် သမီး ထည့်ထားတာလေ၊ ဘာမှားသွားလို့လဲ "
ကောင်းပါပေရဲ့ . . . ။
ဝေယံ ကိုယ့်နဖူးကိုယ်သာ ပြန်ပြီး ရိုက်ချင်သွားသည်။ သူ့ကို မော့ကြည့်နေသော သမီးဖြစ်သူက ဘာမှမသိ နားမလည်သည့် မျက်လုံးများနှင့်။ သိပ်ကို အပြစ် ကင်းစင်လွန်းသည်။
ဟုတ်ပါသည်။
အရွယ် မရောက်သေးသည့် ကလေးငယ်ကို မီးဖိုခန်းမှာ လက်လွတ်စပယ် ပစ်ထားမိသည့် သူ၏ အမှားသာ။ တကယ်ဆို ပန်းပင် ရေ လောင်းသည့် အမှုကိစ္စကို နောက်မှ လုပ်ဖို့ ကောင်းသည်။ သမီးဖြစ်သူနှင့် နေသူရိန်မင်းခန့် စကားပြောနေသည့် အချိန်က ခြံတွင်း ပန်းခြံမှာ ဝေယံ ရှိနေခဲ့တာပဲ ဖြစ်သည်။
"ဟုတ်ပါပြီ၊ ဖေဖေ အမှားပါ၊ ဖေဖေ ပြောတာ လိုအပ်ချက် ရှိသွားတယ်၊ တကယ်တော့ ထမင်းအိုး တည်တဲ့အခါ ဆန်ကို အရင် သန့်ရှင်းအောင် ဆေးပေးရတယ်၊ ပြီးမှ ရေ ထည့်ပြီး ထမင်း ချက်ရတာ၊ အခုလို ဆန် သပ်သပ် . . ရေ သပ်သပ် ဖန်ခွက်တွေထဲ ထည့်ပြီး ထမင်း ချက်ရတာ မဟုတ်ဘူး၊ နားလည်လား ယုလေး"
"သြော် . . အဲ့လိုလား၊ သမီး မှတ်ထားပါ့မယ်၊ ဟီး . ."
နန်းယုက မျက်လုံးများ မှိတ်သွားအောင်အထိ ဖခင်ကို ပြုံးပြသည်။ ဒါပါပဲ။ လုပ်ချင်တာ လုပ်ပြီးပါက အလှဆုံး ပြုံးနေတတ်တာ။ ဝေယံ မဆူရက်တော့။
"ပြီးတော့ အရေးကြီးဆုံးက ထမင်းအိုး တည်တဲ့အခါ ခလုတ် နှိပ်ဖို့ မမေ့ရဘူး၊ အခု သမီးက ခလုတ် နှိပ်ဖို့ မေ့သွားတယ်၊ ဒါ . . တော်တော်လေး ကံကောင်းတယ်လို့ ပြောရမယ်၊ မဟုတ်ရင် သမီး ထည့်ထားတဲ့ ဖန်ခွက်တွေနဲ့ . ."
ဝေယံ စကားပြောနေရင်းမှ ခဏ ရပ်ပြီး တစ်ချက် ရယ်လိုက်သည်။ စိတ်ညစ်သည့် ရယ်မောခြင်းပဲ ဖြစ်သည်။
"ဘယ်လို ပုံစံ ဖြစ်သွားမယ် ဆိုတာ ဖေဖေလည်း မခန့်မှန်းတတ်တော့ဘူး"
"သမီး သိတယ်၊ သမီး သိတယ်၊ အဲ့ဒါကလေ . . ဖေဖေကြီး ကြည့်နေတဲ့ ဟောလီးဝုဒ် ဇာတ်ကားတွေထဲကလို ဝုန်း ဒိုင်း ဆိုပြီး မီးတွေနဲ့ ပေါက်ကွဲမှု အကြီးကြီး ဖြစ်သွားမှာ . ."
"အဲ့လိုသာ ဖြစ်သွားရင်တော့ . . သမီး ကြည့်နေကျ ကြွက်နဲ့ ကြောင် ကာတွန်းထဲကလို တုတ်ကောက်မှာ အထုပ်လေး နှစ်ထုပ် ချိတ်ပြီး ဖေဖေကြီးက တို့နှစ်ယောက်ကို အိမ်ပေါ်က နှင်ချလိုက်မှာ သေချာပေါက်ပဲ"
"အား . . ပျော်စရာကြီး၊ ပျော်စရာကြီး"
နန်းယု လက်ခုပ်လက်ဝါး တီးရင်း တခစ်ခစ် ရယ်သည်။
"အာ့ကျရင် ဖေဖေနဲ့ အတူ ကမ္ဘာ ပတ်လို့ ရပြီပေါ့၊ ကစားကွင်း သွားမယ်၊ မုန့်ဆိုင် သွားမယ်၊ ရုပ်ရှင်ရုံ သွားမယ်၊ တိုကျို သွားမယ်၊ ကျောင်း တက်စရာလည်း မလိုတော့ဘူး၊ အာဂူး . . မိုက်"
ဝေယံ ခပ်သဲ့သဲ့ ရယ်လိုက်သည်။
ကလေး အတွေးကတော့ လွယ်ကူလိုက်တာ။
ထို့နောက် သူ ကိစ္စ တစ်ခုကို သတိရသွားသည်။ သမီးဖြစ်သူကို အာလူးတွေ အခွံ နွှာခိုင်းခဲ့သည့် ကိစ္စ။ ဘယ်လိုတွေ ဖြစ်နေဦးမလဲ မသိ။ ဝေယံ ထပ်ပြီး စိတ်ပူရပြန်သည်။ ထမင်းအိုးကို အသစ် ပြန်ပြောင်း တည်နေရာမှ သမီးဖြစ်သူ၏ လက်ချောင်းများကို ဝေယံ လှည့်ကြည့်ပြီး မေးခွန်း တစ်ခု မေးလိုက်သည်။
"အာလူးတွေ နွှာတုန်းက သမီး လက် ဓားရှသွားသေးလား"
"ဟင့်အင်း"
ဝေယံ စိတ်ချသွားသည်။
ကလေးတွေ ကိုင်ဖို့ အထူးပြုလုပ်ထားသည့် အခွံနွှာ ကိရိယာ ဆိုတော့လည်း သိပ်ပြီး စိတ်ပူစရာ မရှိလှပါဘူးလေ။ ကိရိယာမှာ ပလတ်စတစ် လောင်းထားတာမို့ ဓားရှဖို့ ရာခိုင်နှုန်း သိပ်ကို နည်းသည်။ ဓားသွားကို လက်ဖြင့် ပွတ်ကြည့်မှသာ ထိရှနိုင်သည်။ အလွန် စပ်စုတတ်သော ကလေးတွေသာ လုပ်လိမ့်မည်။
"ဒါဖြင့် . . အခွံ နွှာထားတဲ့ အာလူးတွေ ယူခဲ့ပါဦး"
"ဟိုက် . ."
ဝေယံ ရေခဲသေတ္တာကို ဖွင့်လိုက်သည်။ အထဲမှာ ပင်လယ်စာ အချို့ ရှိသည်။ ဒီနေ့အတွက် မနက်စာကို ပင်လယ်စာ၊ အရွက် အသုပ် တစ်မျိုးနှင့် အာလူး ကတ်သလိပ်ကြော် လုပ်ဖို့ သူ စိတ်ကူးသည်။ အရည်သောက်အတွက် ဘယ်လို ဟင်းရည်မျိုး ချက်ရမလဲ ဆိုတာ သူ မတွေးရသေး။ ကြက်ပြုတ်ရည်ပဲ ချက်လိုက်ရမလား။ ဒါမှမဟုတ်။ အမဲရိုး . . ။
"ဖေဖေ ဒီမှာ . ."
ဝေယံ နောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။
အာလူးတွေ ထည့်ထားသည့် ရေဇလုံ အကြီးကြီးကို သယ်လာသော နန်းယုဝေ မျက်နှာမှာ ပြုံးရယ်လျက် ဖြစ်သည်။ မနိုင်မနင်း ဖြစ်နေတာမို့ ရေများမှာ ဘောင်ဘင်ခတ်နေသေး၏။ ဝေယံ အမြန် လှမ်းယူပြီး ကျောက်ပြား စားပွဲပေါ် တင်လိုက်ရသည်။
"ဒီတစ်ခါတော့ စိတ်မပူနဲ့တော့နော်၊ ဖေဖေ ပြောတဲ့အတိုင်း အာလူးတွေကို တိတိကျကျ တစ်ဝက် အခွံ နွှာထားတယ်"
"ဟုတ်လား၊ သမီးက တော်လိုက်တာ"
ရေဇလုံထဲမှ အာလူးတွေကို ငုံ့ကြည့်လိုက်သည့်အခါ ဝေယံ မျက်နှာက ပြိုတော့မည့် မိုးလို ဖြစ်သွားသည်။
တကယ်ဆို သမီးဖြစ်သူ စကားကို သူ မယုံခဲ့သင့်။
ရေပေါ် ပေါလောပေါ်နေသော အာလူးသီးများမှာ တစ်ခြမ်းက အခွံ ချွတ်ထားပြီး ကျန်တစ်ခြမ်းမှာ အခွံများ ရှိနေဆဲ။ စုစုပေါင်း အလုံး နှစ်ဆယ်။ အားလုံးက ထိုပုံစံအတိုင်း ဖြစ်သည်။ ထို့ပြင် ပွန်းပဲ့ ပိန့်ချိုင့်ကာ ဓားရာ ဗရပွနှင့် ဖြစ်သည်။
ဒီတစ်ခါတော့ ဝေယံ မရတော့။
သက်ပြင်း အရှည်ကြီး ချပြီး စိတ်ညစ်သွားသည်။
"ယုလေး . . ဘယ်လိုဖြစ်ရပြန်တာလဲ၊ ဖေဖေ ပြောတာက အာလူးတွေ အရမ်း များနေလို့ အကုန် မလုပ်ဘဲ တစ်ဝက်ကို ချန်ထားပြီး . . ကျန်တဲ့ တစ်ဝက်ကို အခွံ နွှာခိုင်းခဲ့တာလေ၊ အခုလို အာလူး အကုန်လုံးကို တစ်ဝက်တိတိ အခွံ နွှာခိုင်းတာ မဟုတ်ဘူးကွယ့်"
"အယ် . ."
နန်းယုက ဂျပန် လူမျိုးတွေ အံ့သြသည့်အခါ သုံးတတ်သော စကားလုံးဖြင့် အာမေဋိတ် အရှည်ကြီး စွဲလိုက်သည်။ ထို့နောက် သူမ ပြုလုပ်နေကျ အပြုအမူမျိုးဖြင့် ခပ်ပြုံးပြုံး မျက်နှာချိုသွေးသည်။
"သမီး မှားသွားတယ်၊ ဂိုမဲန့် . ."
မျက်လုံးများက သနားကမား။
မတတ်နိုင်။
တောင်းပန်တော့လည်း ခွင့်လွှတ်ရမှာပေါ့။
"ကိစ္စ မရှိပါဘူး၊ ဖေဖေက သမီးကို အပြစ် မတင်ပါဘူး"
အချိန်ကား မစောတော့။
တစ်ယောက်နှင့် တစ်ယောက် နားလည်မှု ယူပြီးနောက် မနက်စာ စချက်ရသည်။ သို့ရာတွင် မီးဖိုခန်း ဝင်သည့်အခါ ပြဿနာပေါင်း သောင်းခြောက်ထောင်က ဖြစ်ပြန်သည်။
မနက်စာ ပြင်ချိန် နန်းယုမှာ ဝေယံ ပြောသမျှကို လက်မခံ။ ပြောတုန်းသာ ခေါင်း တညိတ်ညိတ်။ တကယ်တမ်း ကလေး အတွေးဖြင့် သူမ လုပ်ချင်ရာ လုပ်သည်။ မီးဖိုထဲမှာ မနက်စာအတွက် ဝေယံ အလုပ်ရှုပ်နေတာကို အခွင့်ကောင်း ယူပြီး အာကာဟိန်းထက်နှင့် နေသူရိန်မင်းခန့် စားဖို့ ချက်ထားသည့် သူမ ဟင်းပွဲများကို အသစ် ပြန်ပြီး မွမ်းမံသည်။ အလှဆင်သည်။ ပါဝင် ပစ္စည်းများကို ထည့်ရာတွင် ဟုတ်တာရော၊ မဟုတ်တာပါ သုံးသည်။
အစပိုင်းတော့ ဝေယံလည်း တားပါသေးသည်။ သို့သော် ပြောလို့ မနိုင်တာမို့ ပျော်ပါစေတော့ ဆိုပြီး လွှတ်ထားလိုက်ရသည်။ သို့ရာတွင် နန်းယုဝေ၏ ဟင်းပွဲများကို စားမည့် လူနှစ်ဦးအတွက်တော့ ဝေယံ ကြိုပြီး စိတ်မကောင်း ဖြစ်ပေးထားသည်။
ရှစ် နာရီ ထိုးသည့်အခါ မနက်စာ ပြင်လို့ ပြီးသွားသည်။
"ဖေဖေ သမီး ချက်ထားတာတွေ ဦး ကြိုက်မှာပါနော်"
ဟင်းပွဲများကို စားပွဲပေါ် နေရာချရင်း နန်းယု မေးလာသည်။ သူမ မျက်လုံးများက စိတ်လှုပ်ရှားမှု အပြည့်။ လဲ့ရွှန်းသော အချစ်စိတ်တို့ကိုပါ ကြည်လင်သော ကန်ရေပြင် တစ်ခုအလား အတားအဆီး မရှိ ထွင်းဖောက် မြင်နေရသည်။
"ကြိုက်မှာပါ"
ထိုအဖြေအတွက် ဝေယံ သိပ်တော့ မသေချာ။
"ကောင်းတယ်၊ ကောင်းတယ်၊ ဦးကို သွားခေါ်လိုက်ဦးမယ်"
ရွှင်မြူး ခုန်ပေါက်ရင်း အာကာဟိန်းထက် အိပ်ခန်းဆီသို့ သူမ ပြေးထွက်သွားသည်။
နေသူရိန်မင်းခန့် ဧည့်ခန်းမှ လျှောက်လာပြီး ထမင်းစားခန်းသို့ ဝင်လာခဲ့သည်။ ထိုင်ခုံမှာ နေရာ ယူလိုက်သည့်အခါ ထမင်းစားပွဲပေါ် ရှိနေသော ဟင်းပန်းကန် နှစ်ချပ်သာ သူ တွေ့လိုက်ရသည်။ ထိုဟင်းပွဲများက နန်းယုဝေ လက်ရာ ဖြစ်သည်။ ဝေယံ ပြင်ဆင် ချက်ပြုတ်ထားသည့် မနက်စာများကိုတော့ မတည်ခင်းရသေး။
"ယံ . . ၊ ဒါ သမီး ချက်ထားတာတွေလား"
နေသူရိန်မင်းခန့် ဘေးနားမှာ ရပ်နေသည့် ဝေယံ့ကို လှည့်မကြည့်ဘဲ မေးလာသည်။ နေသူရိန်မင်းခန့် အကြည့်များက ဟင်းပန်းကန် တည့်တည့်ဆီသို့။ မျက်နှာထားက နွေခေါင်ခေါင်မှာ မိုးကြိုး ပစ်ချခံထားရသလို။ သို့မဟုတ် အစိမ်းရောင် ဖားပြုတ်ကြီး တစ်ကောင်၏ ပြုံးပြ လှောင်ပြောင်ခြင်းကို ခံထားရသလို။ မယုံကြည်နိုင် အံ့သြ ကြောင်အနေသည့် မျက်နှာမျိုးပဲ ဖြစ်သည်။
"ဟုတ်တယ် ဒါလင်"
"လွန်ခဲ့တဲ့ နာရီပိုင်းက သမီး ချက်တာ စားမယ်လို့ ပြောမိတဲ့ စကားကို ပြန်ရုပ်သိမ်းလို့ ရသေးလား"
စကားပြောဟန်က စိတ်ညစ်ညူးစွာ။
မျှော်လင့်ချက် တချို့တစ်ဝက်တော့ ပါသေးသည်။
"ဘယ်ရမလဲ၊ သမီး စိတ်မကောင်း ဖြစ်သွားမှာပေါ့"
"အူး . . ပြောမိတာ နောင်တရလိုက်တာ"
မျက်နှာကို လက်ချောင်းများဖြင့် အုပ်မိုးရင်း နေသူရိန်မင်းခန့် စိတ်ပျက်လက်ပျက် ညည်းတွားသည်။ ဝေယံ ရယ်ချင်ပေမယ့် မရယ်ရက်။ နှုတ်ခမ်းကို ကိုက်ရင်း ထိန်းထားရသည်။
ထိုအချိန် ရွှင်မြူးနေသည့် ကလေးသံ သေးသေးလေး တစ်ခုနှင့် အတူ အာကာဟိန်းထက် ထမင်းစားခန်းသို့ ဝင်လာခဲ့သည်။ နောက်မှာ နန်းယုဝေ ပါလာ၏။ သူမက သိပ်ကို ပျော်ရွှင် တက်ကြွနေပုံ ရသည်။ လူကို မမြင်ရခင်ကတည်းက အသံကို ဦးစွာ ကြားရတာကြောင့် ဖြစ်သည်။
"မင်္ဂလာ နံနက်ခင်းပါ"
ဝေယံ၏ နှုတ်ဆက်မှုကို အာကာဟိန်းထက် အပြုံးဖြင့် တုံ့ပြန်လိုက်သည်။ ထို့နောက် စားပွဲမှာ အေးဆေး တည်ငြိမ်စွာ ဝင်ထိုင်သည်။ သို့သော် ရှေ့တည့်တည့်မှ ဟင်းပွဲကို မြင်ချိန်မှာတော့ အပြုံးက ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
"နန်း ချက်ထားတာလေ၊ ဦး ကြိုက်ဖို့ မျှော်လင့်ပါတယ်"
"မင်း ချက်ထားတာ . . ၊ အင်း မျှော်လင့်မထားမိဘူးဘဲ"
နန်းယုမှာ အာကာဟိန်းထက်နှင့် ဘေးချင်းကပ်ရပ်တွင် ထိုင်သည်။ သူမ ပုံစံက သိပ်ကို စိတ်လှုပ်ရှား၊ တက်ကြွနေပုံ ရသည်။
"ဖြစ်နိုင်ရင် မနက် အိပ်ရာထတဲ့ အချိန်တိုင်း ဦး စားမယ့် မနက်စာလေးကို ပြင်ပေးမယ့် သူက နန်းပဲ ဖြစ်ချင်တာ"
သမီးဖြစ်သူ၏ စကားကို ကြားတော့ နေသူရိန်မင်းခန့် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် မျက်နှာချင်းဆိုင်မှ အာကာဟိန်းထက်ကို ထူးဆန်းသည့် မျက်ဝန်းများဖြင့် စပြီး လှမ်းကြည့်သည်။ အကြည့်က လုံးဝ စူးစမ်း အကဲခတ်သည့် အကြည့်။ ဝေယံက မသိချင်ယောင် ဆောင်နေ၏။
"ကျေးဇူးတင်ပေမယ့် လောလောဆယ်တော့ အိမ်အကူ မလိုသေးဘူး"
နန်းယု ရင်ထဲ နင့်ခနဲ။
အာကာဟိန်းထက်က သူမ အပြောကို ဂရုစိုက်ပုံ မရ။ ဇွန်းကို ကောက်ကိုင်ပြီး ဟင်းပွဲကို စူးစမ်းနေသည်။ စားလို့ ရ၊ မရ သူ သိချင်သည်။
ဟင်းပွဲက အဆိပ်သင့်မလားတောင် မပြောတတ်။ ဟင်းအမယ်များက မျိုးစုံ။ နို့နှစ်ရောင် ဟင်းရည်ထဲမှာ ဂျယ်လီတွေ၊ ချိုချဉ်တွေ ပေါလောပေါ်နေသည်။ အသားတုံး တစ်တုံးစ၊ နှစ်တုံးစ မြင်ရသည်။ ထို့ပြင် ရွှေရောင် အမှုန်ကလေးများကပါ ဟင်းပွဲထဲ တလက်လက် ထနေသေးသည်။ ထိုအရာတွေက စားလို့ ရတာလား။ အာကာဟိန်းထက် မပြောတတ်။
ပန်းကန်ပြားထိပ်မှာ ပန်းပွင့်များဖြင့် အလှဆင်ထားသေးသည်။
သေချာတာက စားလို့ မရသည့် ပန်းတွေ။
Hydrangea
အာကာဟိန်းထက် ထိုပန်းနှင့် ပတ်သက်ပြီး လေ့လာခဲ့ဖူးသည့် အကြောင်းအရာများကို တစ်ခဏ စဉ်းစားလိုက်သည်။ အချက်အလက်များက ဦးနှောက်တွင်းမှာ ချက်ချင်း ရုပ်လုံး ကြွသည်။
Hydrangea ပန်းခိုင်။ ပန်းစည်းသဖွယ် အစုလိုက်၊ အခိုင်လိုက် ပွင့်သည်။ အရောင်က ခရမ်း၊ အပြာ၊ ပန်းရောင်၊ အဖြူ ဆိုပြီး ရှိသည်။ ခြောက်လ ခံသည့် ပန်းပင် ဟူ၍ လူအများစု သိကြသည်။ ထို့ပြင် လူနှင့် အိမ်မွေး တိရစ္ဆာန်များကို အဆိပ်သင့်စေသည်။ အမြင်အရတော့ အတော်လေး လှပါသည်။ သို့ရာတွင် စားဖို့တော့ မသင့်တော်။
အာကာဟိန်းထက် ထိုပန်းများကို ဖယ်ထုတ်လိုက်သည်။ မျက်စိ ရှေ့မှ ဟင်းပွဲကို သူ မစားချင်။ သို့သော် နန်းယုဝေကို စိတ် မညစ်စေချင်။
သူ ဘယ်လိုလုပ်ရမလဲ။ ရွေးချယ်စရာက မရှိ။
"အဟမ်း . ."
အာကာဟိန်းထက် ချောင်း တစ်ချက် ဟန့်လိုက်သည်။
"ဟင်းပွဲက မစားရက်အောင်ကို လှလွန်းနေတယ်"
"ဒါပေမယ့် ဦး စားဖို့ နန်း လုပ်ထားတာလေ"
အာကာဟိန်းထက် သက်ပြင်း တစ်ချက် ချသည်။
သူ သိသည်။
လမ်းကတော့ ဆုံးပြီ။
ခိုင်မာသည့် ဆုံးဖြတ်ချက် တစ်ခုကို ခပ်လောလော ချပြီးနောက် ဟင်းရည် တစ်ဇွန်းကို ခပ်ပြီး သူမ ကျေနပ်အောင် အာကာဟိန်းထက် စားပေးလိုက်သည်။ သို့ရာတွင် အရသာက ဆိုးဝါးလွန်း၏။ ကြိုတင် ခန့်မှန်းထားသည့်အတိုင်း ချိုအီပြီး ခါးသက်လွန်းသည်။ လုံးဝ အဆီအငေါ် မတည့်။ တစ်ပွဲလုံး စားပါက စားနေရင်းနှင့်တောင် လိပ်ပြာ လွှင့်သွားနိုင်သည်။ သို့ရာတွင် နန်းယုဝေ၏ ပျော်ရွှင်မှုကို မဖျက်ဆီးချင်တာမို့ အမူအရာ မပျက် အာကာဟိန်းထက် ဟန်ဆောင်ထားလိုက်သည်။
"ဖေဖေကြီးရော မစားဘူးလား"
နန်းယု အာရုံက အာကာဟိန်းထက်ဆီမှ ဖခင်ဆီသို့ ပြောင်းလာသည်။ နေသူရိန်မင်းခန့် ဇောချွေးပြန်ချင်သွားသည်။
"အော . . စားမှာ၊ စားမှာပေါ့"
ဇွန်းဖြင့် ခပ်ပြီး ပါးစပ်ထဲသို့ နေသူရိန်မင်းခန့် အမြန် ကောက်ထည့်လိုက်သည်။ အရသာက ထင်ထားတာထက် အဆမတန် ဆိုးရွားနေသည်။ မျက်နှာ မဲ့ချင်သွားပေမယ့် အတင်း ပြုံးယူနေရသည်။
ဒုက္ခပဲ။
ပြဿနာတော့ တက်ပြီ။
ဟင်းရည်များက လည်ချောင်းဝမှာ တစ်နေသည်။ မျိုချလို့ မရ။
"ပါးစပ်ထဲမှာ ငုံထားမယ်၊ ကောင်းလွန်းလို့ မျိုချဖို့တောင် နှမြောတယ်"
စကား အဆုံး ဝေယံ ခိုးခိုးခစ်ခစ် ရယ်လိုက်မိသည်။ နေသူရိန်မင်းခန့်က မကျေနပ်သလို စူစူပုပ်ပုပ် မျက်လုံး လှန်ကြည့်သည်။ သိပ်တော့ စိတ်မကောင်း။ သို့သော် ဆက်ပြီး ဟန်ဆောင်ဖို့ မတတ်နိုင်တာမို့ အသံထွက် ရယ်မောလိုက်တော့သည်။ ဒီအတော်အတွင်း မရယ်မိအောင် အံကြိတ် သည်းခံလာခဲ့တာကြောင့် ဝေယံ၏ ဗိုက်သားတွေ နာလှပြီ ဖြစ်သည်။
"ယံကတော့ ကျွန်တော့်ကို သေအောင် သတ်နေတော့တာပဲ၊ နောက်နေတာကို ချက်ချင်း ရပ်ပြီး မနက်စာ ကျွေးလိုက်ပါတော့ . ."
"အိုကွယ် . . ၊ ကျွေးမှာပေါ့"
နေသူရိန်မင်းခန့် ပါးပြင်ကို ဝေယံ ချစ်စနိုး ဆွဲဖဲ့လိုက်သည်။
"ဘုရားသိကြား မလို့ ကံကောင်းတာပဲ၊ ကိုယ်ဖြင့် မနက်စာကို ဒီမအိုဆေးနဲ့တင် ပြီးတော့မယ် ထင်နေတာ"
"မအိုဆေး . . ၊ ဘာကိုပြောချင်တာလဲ ဟိန်းထက်"
"ကိုယ် ပြောတာ ရိုးရိုးကလေးပါပဲ၊ စားနေရင်းနဲ့ အသက် ပျောက်သွားနိုင်လို့ အိုချိန်တောင် မရလိုက်တဲ့ ဟင်းလေ"
ထိုအပြောကို ကိုရီးယား ဘာသာစကားနှင့် အာကာဟိန်းထက် ပြောခြင်း ဖြစ်သည်။ နန်းယုဝေကို မသိစေလို၍ ဖြစ်သည်။ သို့သော် ဝေယံက ကိုရီးယား စကားကို နားမလည်တာမို့ နေသူရိန်မင်းခန့်၏ ဘာသာပြန်ပြမှု အကူအညီဖြင့် သဘောပေါက်လိုက်ရသည်။
"သြော် . . အဲ့ဒီလိုကိုး"
နန်းယုက တစ်လုံးမှ သဘောမပေါက်။
ဟိုကြည့် ဒီကြည့်။ ကြောင်တောင်တောင်နှင့်။
"သမီး၊ ယုလေး မီးဖိုထဲမှာ ရှိနေတဲ့ ဟင်းပွဲတွေ ဖေဖေ့ကို ကူသယ်ပေးမလား"
ဝေယံ စကားလမ်းကြောင်း လွှဲလိုက်သည်။
"ဟိုက်"
"ဒါဖြင့် အာလူး ကတ်သလိပ်ကြော် ထည့်ထားတဲ့ ကြွေ ပန်းကန်လေး ယူခဲ့ပေးနော်"
သူ သမီးဖြစ်သူကို အပြုံးဖြင့် မှာသည်။
"အပူလောင်ဦးမယ်၊ သတိထားဦး"
"ဟုတ်ကဲ့ ဖေဖေ"
နန်းယု ဟင်းပန်းကန် သွားသယ်တာကို အခွင့်ကောင်း ယူပြီး သမီးဖြစ်သူ ချက်ထားသည့် ဟင်းပွဲများကို ဝေယံ အမြန် သိမ်းလိုက်သည်။ သူမ ထမင်းစားပွဲသို့ ပြန်ရောက်လာသည့်အခါ ဟင်းပွဲများကို သတိမထားမိတော့။ အာရုံက အာလူး ကတ်သလိပ်ကြော်ထံတွင်သာ ရှိနေတော့သည်။
ကတ်သလိပ်ကြော်က နန်းယုဝေ အကြိုက် ဖြစ်သည်။ ဝေယံက ထိုဟင်းပွဲကို ပြုလုပ်ရာတွင် အာလူးချည်း မသုံး။ အထဲမှာ ပုစွန်နှင့် ကင်းမွန်တို့ကို ထည့်ကြော်ပေးထားသည်။ တို့စရာ အချဉ်ကပါ သင်းပျံ့ လတ်ဆတ်လျက်။ အိမ်မှာပဲ ကြိတ်စက်ဖြင့် ကိုယ်တိုင် ဖျော်စပ်ထားခြင်း ဖြစ်သည်။ နန်းယု သဘောကျတာ မဆန်းတော့။
"ကတ်သလိပ်ကြော်က အရမ်း များနေတယ်နော် ယံ"
"ဟုတ်တယ်"
ဝေယံ သမီးဖြစ်သူကို မေးငေါ့ပြရင်း နေသူရိန်မင်းခန့်နှင့် နှစ်ကိုယ်ကြား ကြားရုံ စကား တစ်ခွန်း ခပ်တိုးတိုး ကပ်ပြောသည်။
"သမီး လက်ချက်လေ၊ အာလူးတွေ အကုန် နွှာပစ်တော့ မထင်မှတ်ဘဲ အများကြီး ဖြစ်ကုန်တာ"
"စားလို့ရော ကုန်ပါ့မလား"
"ကုန်ပါတယ်နော်၊ အားလုံးကို သမီးက မြမူ မြမူ ဆိုပြီး စားပစ်မှာ . . ၊ ဖေဖေ့လက်ရာကို အားကြီး ကြိုက်တာလေ"
ဝေယံ တစ်ချက် ပြုံးရင်း ကျန်နေသည့် ဟင်းပွဲများ သယ်ယူဖို့ မီးဖိုခန်းသို့ လျှောက်သွားလိုက်သည်။ နောက်ဘက်မှာတော့ စကားပြောသံတွေ ကြားနေရဆဲ။
"ဖေကြီးကိုရော မကျွေးတော့ဘူးလား"
"ကျွေးမှာပေါ့၊ ဖေဖေကြီးက တစ်ခု . ."
ကတ်သလိပ်ကြော်များကို ပလုတ်ပလောင်း စားနေရင်းမှ ဖခင်ဖြစ်သူ၏ ထမင်း ပန်းကန်ထဲသို့ နန်းယု တစ်ခု ထည့်ပေးလာသည်။
"ဦးက ငါးခု"
"ဟေ . ."
နေသူရိန်မင်းခန့် အာမေဋိတ် တစ်ခုသာ ပြောနိုင်တော့သည်။
ဒီကောင်မလေး တစ်ခုခုတော့ တစ်ခုခုပင်။
"အရိဂတိုး"
နန်းယု ပေးသည့် အကြော်များကို အာကာဟိန်းထက် တူဖြင့် ညှပ်ယူပြီး ဘေးနားမှ ပန်းကန်လုံးထဲသို့ သေသေသပ်သပ် စီထည့်လိုက်သည်။ ဟင်းပွဲများ လာပါက ထမင်းဖြင့် အတူ တွဲစားနိုင်ဖို့ ဖြစ်သည်။ ခဏကြာတော့ ဟင်းပွဲများ နေရာချလို့ ပြီးသွားသည်။
ဝေယံ ထမင်းစားပွဲမှာ ဝင်ထိုင်လာသည်။
မနက်စာက ရိုးရိုးရှင်းရှင်း ဖြစ်သည်။
ကျောက်ပွင့်သုပ်။ ပင်လယ်ငါး တစ်မျိုးကို ကျက်အောင် ကင်ထားပြီး အပေါ်မှာ နှမ်း ဖြူးထားသည်။ ထို့ပြင် ကဏန်းဖြင့် ရောချက်ထားသည့် ရေဘဝဲ ချဉ်စပ် ပန်းကန်။ ပူပူစပ်စပ်လေး ဖြစ်သည်။ အမွှေးအကြိုင်အဖြစ် ကြက်သွန်မြိတ် အနည်းငယ် ထည့်ဖြူးထားသည့် အမဲရိုး ဟင်းရည်ကတော့ စားချင်စဖွယ် ဖြူဖြူစိမ်းစိမ်း။
အလယ်မှာ ဝက်သား အပြားကြော်။ အသားချည်း သီးသန့် ကြော်ထားခြင်း ဖြစ်သည်။ ဘေးစွန်းမှ အာလူး ကတ်သလိပ်ကြော် ပန်းကန်ကတော့ တစ်ဝက်တိတိ လျှော့နေပြီပဲ ဖြစ်သည်။
"အရသာက အဆင်ပြေလား"
"ယံ့လက်ရာက အမြဲ ကျွန်တော့်အကြိုက်ပါပဲ"
"ဟိန်းထက် . . စားလို့ ဖြစ်ရဲ့လား၊ လိုချင်တာ ရှိရင် ပြောနော်"
အိမ်ရှင်ပီပီ ဧည့်ဝတ် ကျေပွန်စွာ ဝေယံ မေးသည်။
"အရမ်း ကောင်းတယ်၊ ကိုယ် ကြိုက်ပါတယ်"
နန်းယုက ငါးကင်ကို ပယ်ပယ်နယ်နယ် စားနေသည်။ အရိုး စူးမည် စိုးတာကြောင့် အာကာဟိန်းထက်က ဂရုတစိုက် အရိုး နွှင်ပေးနေသည်။ အာကာဟိန်းထက် ထမင်း ပန်းကန်ကဖြင့် အရာ မယွင်းသေး။
အားလုံး စားပြီးသည့်အခါ ဆယ် နာရီပင် ထိုးနေလေပြီ။ အချိန်က တော်တော်လေး နောက်ကျနေပြီ ဖြစ်သည်။ ကျောင်း မတက်ရသည့် ကြားကာလ ကျောင်း ပိတ်ရက် ဖြစ်တာကြောင့် တော်သေးသည် ဟု ပြောရမည်။ မဟုတ်ပါက သမီးဖြစ်သူ၏ ကျောင်းကိစ္စနှင့် ဝေယံ ထပ်ပြီး အလုပ်ရှုပ်ရဦးမည်။
လက်ဆေးကန်၌ ဝေယံ ပန်းကန် ဆေးနေသည့်အခါ အနားသို့ အာကာဟိန်းထက် ရောက်လာခဲ့သည်။ အမူအရာက အရေးတကြီး၊ အလျင်စလို။ ပြောမှ ဖြစ်မည့် ကိစ္စ တစ်ခုခုအား အသိပေးချင် ပုံ ရသည်။ ရေ စိုနေသည့် လက်များကို လက်ကိုင်ပဝါဖြင့် သုတ်ရင်း ဝေယံ ပြုံးပြလိုက်သည်။ ထိုအခါမှ အာကာဟိန်းထက် စကား တစ်ခွန်း ပြောလာခဲ့သည်။
တစ်ခွန်းတည်းသာ။
သို့သော် သူ မျှော်လင့်ခဲ့ပြီးသား စကားပဲ ဖြစ်သည်။
"ဝေယံ . . နန်းကို ဘယ်တော့မှ ဟင်း မချက်ခိုင်းနဲ့တော့၊ ကိုယ် ပြောတာ သဘောပေါက်လား"
ဝေယံ သဘောပေါက်ပါသည်။
အာကာဟိန်းထက် မပြောလည်း သူ သဘောပေါက်နှင့်ပြီးသား ဖြစ်သည်။
"ငါ သဘောပေါက်ပါတယ်ကွာ"
ထိုအပြောကို လိုလိုလားလား
ဝေယံ ခေါင်းညိတ် သဘောတူလိုက်မိသည်။
~•~ S U N ~•~
18 / April / 2021
8 : 28 PM