အိမ်ရှေ့ ဧည့်ခန်းတွင် နေသူရိန်မင်းခန့်နှင့် အာကာဟိန်းထက်တို့ နှစ်ယောက်၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာ ထိုင်ကာ ဆိုင်ရာ အလုပ်များအား ကိုယ်စီ လုပ်လျက် ရှိသည်။
နေသူရိန်မင်းခန့်က ဆိုဖာပေါ် ခြေဆင်း ထိုင်ပြီး လက်ကိုင်ကို ကျော မှီထားသည်။ ဘေးပတ်ပတ်လည်၌ မှတ်စု စာအုပ်များ၊ စာရွက်စာတန်းများနှင့် ပြည့်နှက်လျက် ရှိသည်။ ကွန်ပျူတာကို ပေါင်ပေါ် တင်လျက် Assignment ရေးနေသော နေသူရိန်မင်းခန့် မျက်လုံးများက အာရုံ စူးစိုက်မှု အပြည့်။
"စာရွက်တွေက ရှုပ်လိုက်တာ၊ နည်းနည်းလောက် ရှင်းစမ်းပါ"
အာကာဟိန်းထက် အပြော။
ကွန်ပျူတာကို ငေးစိုက် ကြည့်နေရာမှ နေသူရိန်မင်းခန့် အနေအထား မပျက်။ တစ်ချက်ကလေး ဝေ့ဝဲရုံသာ အကဲခတ်သည်။
ဇာပါးပါး အခင်းဖြူ ခင်းထားသော ကျွန်းသား စားပွဲပုပေါ်မှာ စီးပွားရေး မေဂျာနှင့် ပတ်သက်သည့် မိတ္တူ စာရွက်များ ပြန့်ကျဲလျက် ရှိသည်။ တချို့က အာကာဟိန်းထက် သပ်ချထားတာမို့ ကြမ်းပြင်ပေါ် ကျနေသေးသည်။ သိပ်တော့ အရေးမကြီး။ သူ ရေးနေသည့် Assignment ပြီးတာနှင့် စာရွက် အများစုက အမှိုက်ပုံးထဲသို့ ဒိုးရမှာပဲ ဖြစ်သည်။ မသိချင်ယောင် ဆောင်ရင်း ကွန်ပျူတာ လက်ကွက်ကိုသာ တတောက်တောက် ဆက်နှိပ်နေလိုက်သည်။
"ရှုပ်နေရင် ကိုယ်တိုင် ရှင်းလေ၊ လက် မပါဘူးလား"
အာကာဟိန်းထက် မျက်မှောင်ကြုတ်သည်။ အစကတော့ တစ်ခုခုကို ပြန်ခံ ပြောဦးမလို့ဘဲ။ သို့ပေမယ့် ရန် မဖြစ်ချင်တာမို့ စိတ်လျှော့ပြီး ခေါင်း တစ်ချက်သာ ခါယမ်းလိုက်ရသည်။
နေသူရိန်မင်းခန့်နှင့် တုပြိုင်ပြီး ရန်ဖြစ်ပါက လေကြော ရှည်နေဦးမည်။ သူတို့ ရန်ပွဲက ယောကျာ်း ပီပီသသ လက်သီးတွေနှင့် ဖြေရှင်းမည့် ပွဲ မဟုတ်။ စကားတွေဖြင့်သာ အထိ နာအောင် အပြိုင်ကြဲမည့် ပွဲ တစ်ပွဲ ဖြစ်သည်။ ကိုယ်က ပြန်ခံပက်၊ သူက ပြန်ပြောနှင့်။ တော်တော်နှင့် ပြီးမှာ မဟုတ်။ ဒီတော့ ကိုယ့်အလုပ်ကိုယ် လုပ်တာပဲ ကောင်းသည်။ မဟုတ်ပါက တန်ဖိုး ရှိသည့် အချိန်တွေ ကုန်၏။
"စိတ်လျှော့ . . ၊ စိတ်လျှော့"
အာကာဟိန်းထက် ခပ်တိုးတိုး ရေရွတ်ရင်း ကင်မရာထဲမှ ဓာတ်ပုံများကို ပြန်ပြီး စစ်ဆေးလိုက်သည်။ သူက နေသူရိန်မင်းခန့်နှင့် လက်တစ်ကမ်း အကွာမှ ကြမ်းပြင်တွင် ဒီအတိုင်း ဖင်ချ ထိုင်နေသည်။ ရှေ့က စားပွဲပုပေါ်မှာ စာရွက်စာတန်းများဖြင့် ရှုပ်ပွနေတာမို့ ကင်မရာ တစ်လုံးနှင့် ကွန်ပျူတာ တစ်ခုသာ သူ တင်ထားသည်။
အာကာဟိန်းထက်၏ ကွန်ပျူတာ မျက်နှာပြင်တွင် တည်းဖြတ်လက်စ ဓာတ်ပုံ တစ်ပုံ ရှိသည်။ ထိုပုံက ဥယျာဉ် ခုံတန်းမှာ ထိုင်ရင်း Nemophila ပန်းခင်းကြီးနှင့် ပစိဖိတ် သမုဒ္ဒရာ၏ နေဝင်ချိန်အား ရိုက်ယူခဲ့သည့် နောက်ဆုံး ဓာတ်ပုံ ဖြစ်သည်။ ပုံထဲမှ ပန်းခင်းနှင့် နေဝင်ချိန် တိမ်တိုက်က အရောင် အတွဲအစပ် အတော်လေး လှ၏။ အလင်း နည်းနည်း တင်ပေးဖို့သာ လိုတော့သည်။
"ရှစ် နာရီတောင် ခွဲနေပြီ၊ သမီးက အခုထိ မနိုးသေးဘူး၊ မနက်စာတွေတော့ အေးကုန်တော့မှာပဲ"
သစ်သီး ပန်းကန်ကို ချလျက် စားပွဲပေါ်မှ စာရွက်များကို ကောက်သိမ်းလာသည့် ဝေယံ အသံကြောင့် လုပ်လက်စ အလုပ်ကို အာကာဟိန်းထက် ခဏ ရပ်လိုက်သည်။
နေသူရိန်မင်းခန့် ဝေယံ ရှိရာသို့ စောင်းငဲ့ ကြည့်လာသည်။
"ဒီနေ့က တနင်္ဂနွေနေ့ပဲ၊ ပေးအိပ်လိုက်ပါ၊ ပြီးတော့ . . မနေ့ကမှ တိုကျိုကို သွားထားတာ မဟုတ်လား၊ ပင်ပန်းနေမှာပေါ့"
"ဒေါက်တာ မိုက်ကယ် ခရိုဆက်တီ အမ်ဒီက ပြောဖူးတယ်၊ ဆယ်နှစ် အောက် ကလေး တစ်ယောက်ဟာ တစ်နေ့ကို ကိုး နာရီပဲ အိပ်သင့်တယ် တဲ့၊ ဒီထက်ပိုပြီး အိပ်ခိုင်းမယ်ဆို ဉာဏ်ထိုင်းစေလိမ့်မယ်၊ မဟုတ်တောင် . . အကြာကြီး အိပ်မိလို့ ခန္ဓာကိုယ် တစ်ခုလုံး လေးလံ ထိုင်းမှိုင်းနေဦးမှာ"
အမြင်ကတ်စရာ ကောင်းလောက်အောင် စာသံပေသံဖြင့် လူတတ်ကြီး ပုံစံ ပြောလာသည့် အာကာဟိန်းထက် စကားကြောင့် နေသူရိန်မင်းခန့် မကျေမချမ်း စိုက်ကြည့်လိုက်သည်။
"ဝေယံ . . သားသမီးကို အလိုလိုက်တဲ့ နေရာမှာ နည်းစနစ်ကျဖို့ အများကြီး လိုတယ်၊ နည်းလမ်း အမှားတွေနဲ့ အလိုလိုက်မိရင် ချစ်ရာ မရောက်ဘဲ နှစ်ရာ ရောက်လိမ့်မယ်၊ ကိုယ် ပြောတာ နားလည်လား"
စကား ဆုံးသည့်အခါ နေသူရိန်မင်းခန့်၏ မကျေမချမ်း အကြည့်ကို အာကာဟိန်းထက်က ခနဲသည့် အကြည့်ဖြင့် ပြန်ပြီး စိုက်ကြည့်လိုက်သည်။ စကားတွေ မပါဘဲ မျက်လုံးချင်း တိုက်သည့် အသံတိတ် စစ်ပွဲ ဖြစ်သည်။ သို့ရာတွင် သူတို့ နှစ်ယောက်၏ အကြည့် စီးချင်းက ဝေယံ့ဆီသို့ အရှိန်အဟုန် ပြင်းပြင်း လွင့်စဉ်လာတော့သည်။ စိတ်ညစ်စွာဖြင့် မျက်ခုံး နှစ်သွယ်ကြားက နေရာလွတ်ကို လက်ညှိုးဖြင့် ပွတ်သပ်မိသွားသည်။
ဝေယံ တွေးသည်။
သူ ရှောင်ထွက်မှ ကောင်းလိမ့်မည်။
"သမီးကို သွားနှိုးလိုက်ဦးမယ်၊ အချိုပွဲ ချပေးထားတယ်နော်၊ စားကြဦး"
ဝေယံ အပေါ်ထပ် လှေကားဆီသို့ ဦးတည်လိုက်သည်။ ထို့နောက် ကိစ္စ တစ်ခုကို သူ စိတ်မချတာမို့ နောက်သို့ ချက်ချင်း လှည့်ပြီး စကား တစ်ခွန်း အော်ပြောလိုက်သည်။
"ရန်လည်း မဖြစ်ကြနဲ့"
ထိုစကားက သူတို့ နှစ်ယောက်အား သိပ်ကို စပ်ဖျဉ်းသွားစေပုံ ရ၏။ ကိုယ်စီ ငြင်းဆိုချက်များ ချက်ချင်း ပေးလာတော့သည်။
"ဟက် . . ဖြစ်စရာလား၊ ရေခဲ ရိုက်ထားတဲ့ ကျောက်ရုပ်လို ခန္ဓာကိုယ်နဲ့ ဦးနှောက်ထဲမှာ စာတွေပဲ ရှိတဲ့ ဂေါက်ကြောင်ကို ဘယ်လို လူကများ ဖက်ပြိုင်နေမှာလဲ၊ သေချာတာက . . ကျွန်တော်တော့ မဟုတ်ဘူး"
"ဒီကိစ္စကို စိတ်ပူစရာ မလိုဘူး ဝေယံ၊ မင်း ရည်းစားက ကိုယ့်ကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်ဖို့ အရည်အချင်း မရှိဘူး"
ဝေယံ စိတ်ညစ်ညစ်ဖြင့် ရယ်လိုက်မိသည်။
တကယ်ပါပဲ . . . ။
ကလေးတွေလည်း မဟုတ်ပါဘဲ။
ဝေယံ အပေါ်ထပ်သို့ လျင်မြန်စွာ တက်လာခဲ့သည်။
သူ လှေကားမှ နန်းယုဝေ၏ အိပ်ခန်းဆီသို့ လျှောက်လာစဉ် စံအိမ် အပေါ်ထပ် တစ်ခုလုံး တိတ်ဆိတ်နေသည်။ သို့ရာတွင် အတည်တကျ ငြိမ်သက်နေတာတော့ မဟုတ်။ ရံဖန်ရံခါ ကြားရတတ်သည့် အောက်ထပ် ဧည့်ခန်းမှ နေသူရိန်မင်းခန့်နှင့် အာကာဟိန်းထက်တို့၏ စကား ပြောသံများက ဝေယံ နားစည် အတွင်းသို့ စက္ကန့်၊ မိနစ် မခြား ပျံဝဲလာလျက် ရှိသည်။
အမှန်တော့ စကားများသံတွေပဲ ဖြစ်သည်။
ထို့နောက် ထပ်ပြီး ကြားရတာက ကြောင်ကလေး နှစ်ကောင် ဖြတ်ပြေးသွားသည့် အသံ။ မြန်ဆန်လွန်း၍ အမြီး ရှည်ရှည်၊ အမွေးအမျှင် ပွပွကလေးများကိုသာ ဝေယံ မြင်လိုက်ရသည်။ အိမ်မှာ မွေးထားသည့် ကြောင်ကလေးတွေက အပေါ်ထပ် စာကြည့်ခန်းမှာ တစ်ခါတလေ လာဆော့တတ်သည်။
ဝေယံ၏ ညာဘက်ခြမ်းမှ တံခါး ခပ်ဟဟ ပွင့်နေသည့် အခန်းက စာကြည့်ခန်းပဲ ဖြစ်သည်။ တံခါးဟ အကြားမှ ခပ်သဲ့သဲ့ လှမ်းကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်း ဒီဒီစံနှင့် ဂျင်းနီကို တွေ့ရသည်။ နှစ်ကောင်သားက နေသူရိန်မင်းခန့် စာ ကြည့်သည့် စားပွဲပေါ် နပန်းလုံးလျက် ရှိသည်။
ကျကွဲစရာ လျှပ်စစ်သုံး ပစ္စည်းတွေတော့ မရှိ။ တော်တော်လေး ထူသည့် စီမံခန့်ခွဲရေးနှင့် စီးပွားရေးဆိုင်ရာ လမ်းညွှန် စာအုပ်တွေလောက်သာ ရှိသည်။ အတန်းလိုက် ကပ်ထားသည့် စင်ပေါ်ရှိ စာအုပ်ပေါင်း ရာချီကဖြင့် အနည်းငယ် ရှုပ်ပွချင်သလို ရှိ၏။ နောက်မှ အိမ်အကူတွေကို ရှင်းခိုင်းရမည်။
စာကြည့်ခန်းက လှည့်ထွက်ပြီး အနည်းငယ် ဆက်လျှောက်လိုက်သည့်အခါ သူတို့ အိပ်ခန်းနှင့် ထောင့်ချိုး အကွာမှ နန်းယုဝေ၏ အခန်းကို ရောက်သည်။ ဝေယံ တံခါး နှစ်ချက် ဆင့်ခေါက်လိုက်သည်။ ပြန်ထူးသံ မလာ။ တစ်ခဏ စောင့်ပြီးနောက် အိပ်ခန်းထဲသို့ တန်းဝင်လိုက်သည်။
စိမ်းနုရောင် သုတ်ထားသည့် ခုတင်ထက်မှ စောင်ဖြူဖြူထဲတွင် နန်းယုဝေကို မြင်ရသည်။ သူမက ပိုးတုံးလုံးလေးအလား လှုပ်စိလှုပ်စိ ဖြစ်နေသည်။
"ယုလေး . . ၊ နိုးရင်လည်း ထတော့နော်၊ နေမြင့်နေပြီ"
Clover သစ်ရွက်များ ပါသည့် ခန်းဆီး လိုက်ကာစကို ဝေယံ ဆွဲတင်လိုက်တာနှင့် တစ်ပြိုက်နက် အိပ်ခန်း တစ်ခုလုံး လင်းထိန်သွားတော့သည်။
သမီးဖြစ်သူ၏ အခန်းက အလင်းဓာတ် ဆောင်သည့် အဖြူနှင့် သခွားမွှေး အစိမ်းကို သုတ်ထားတာမို့ ပုံမှန်ထက် ဖွေးဥ ကြည်လင်နေ၏။ ထို့ပြင် စာအုပ်စင်က အဖြူ၊ လိုက်ကာက အဖြူ၊ စာကြည့်စားပွဲက အဖြူ၊ အသုံးအဆောင် ပစ္စည်း အားလုံးနီးပါးက အဖြူရောင်ပဲ ဖြစ်နေသေး၏။
နန်းယုဝေ ကိုယ်တိုင် ရေးဆွဲထားသော နံရံပေါ်ရှိ ပန်းချီကားများကမူ သဘာဝတရား၏ အလှကို ဆောင်သည့် ပန်းပွင့်၊ တောင်တန်း၊ ပင်လယ်နှင့် နေမင်း၊ Clover သစ်ရွက်များသာ ဖြစ်၏။ စုစုပေါင်း သုံး ကားလောက်တော့ ရှိသည်။ ပန်းချီကား အားလုံးကို အဖြူရောင် ဘောင်များဖြင့် အနားကွပ်ပြီး စိမ်းနုရောင် နံရံထက် ခမ်းခမ်းနားနား ချိတ်ဆွဲပေးထားသည်။
"ယုလေး မထသေးဘူးလား"
"ဟိုက်"
"အချိန်က မစောတော့ဘူး၊ ဆက်အိပ်ဦးမှာလား"
ဝေယံ ခုတင်ပေါ် ကိုယ်တစ်ခြမ်း စောင်းထိုင်လာသည်။
"သမီး ကြိုက်တဲ့ မနက်စာတွေ ဘယ်လိုလုပ်မှာလဲ၊ ဖေဖေက ထမင်းဆုပ်တွေ လုပ်ပေးထားတာ၊ သမီး သဘောကျတဲ့ ဟဲလို ကစ်တီလေးလေ၊ ဝက်အူချောင်းဆို ရေဘဝဲ ပုံစံလေးပါ ကြော်ပေးထားတယ်၊ ကြက်ဥပြုတ်လည်း လှလှလေးတွေ လှီးပေးထားတာနော်၊ လခြမ်းလေးရော၊ ကြယ်ကလေးတွေရော . . ၊ ပြီးတော့ အချိုပွဲပါ ပါသေးတယ် . . သိလား၊ သမီး ပူဆာတဲ့ ဒိန်ချဉ်နဲ့ စတော်ဘယ်ရီ ဖျော်ရည်လေးလေ၊ သောက်လိုက်ရင် အေးသွားမှာပဲ"
ဝေယံ သမီးဖြစ်သူကို အစားအသောက်တွေနှင့် ဖြားယောင်းနေသည်။
ကလေးတွေ အစား မက်တာ သူ ကောင်းကောင်းကြီး သိသည်။ ပြောရပါက လူကြီးတွေလည်း အစားအသောက်နှင့် ပတ်သက်လာသည့်အခါ ဟန်မဆောင်နိုင်ကြ။ မြန်မြန်ဆန်ဆန် ဗိုက်ဆာလာတတ်ကြသည်။ သွားရည်ယိုတတ်ကြသည်။ လူ မှန်ပါက အစားအသောက်နှင့် မကင်းနိုင်။ ဒါကို ဝေယံ အတပ်သိသည်။
သို့ရာတွင် နန်းယုဝေမှာ ဒီကမ္ဘာမြေမှ လူသား မဟုတ်သည့် အလား။ အစားအသောက်နှင့် မြူဆွယ်တာတောင် တုတ်တုတ်မှ မလှုပ်။ စောင်ပုံထဲ ငြိမ်သက်နေ၏။
"တကယ်လို့ . . သမီး မထဘူးဆို သမီး မနက်စာတွေကို ဖေဖေကြီး စားသွားမှာနော်"
"ရပါတယ်၊ ဖေဖေကြီးကို ကျွေးလိုက်ပါ"
စောင်ပုံထဲမှ နန်းယု၏ ဖြေသံ။
ဝေယံ တစ်ခုခု မှားယွင်းနေတာကို ချက်ချင်း သိလိုက်သည်။ သူမ ခြုံထားသည့် စောင်ကို ဆွဲမလိုက်သည်။ သို့သော် နန်းယုက အပါ မခံ။ ပြန်ပြီး တင်းခံထားသည်။
"ယုလေး . . သမီး ဘာဖြစ်နေတာလဲ"
"ဘာမှမဖြစ်ပါဘူး၊ သမီး အဆင်ပြေပါတယ်"
"အဆင်မပြေပါဘူး၊ သမီး တစ်ခုခု ဖြစ်နေပါတယ်၊ ဒါကို ဖေဖေ သိတယ်၊ ဖေဖေ့ကို မညာရဘူးလေ"
သမီးဖြစ်သူကို အချိန်တွေ အကြာကြီး စောင့်ရှောက်လာခဲ့တာ။ ဒီလောက်ကတော့ ဝေယံ သိသည်။ နန်းယုဝေနှင့် ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေပါက ထိုချွတ်ယွင်းမှုကို ဝေယံ ချက်ချင်း ရိပ်စားမိသည်။ ဒါကိုမှ သူ မသိပါက မိဘ ဟု ဘယ်ခေါ်ထိုက်မလဲ။
အထူးသဖြင့် မိခင် ဟု မခေါ်ထိုက်။
သို့သော် ဝေယံက မိခင် ဟူသော နေရာနှင့် လိုက်ဖက် တင့်တယ်အောင် နေထိုင် ပြုမူနေသူ မဟုတ်လား။ သမီးဖြစ်သူကို သူ သိပ် ချစ်တာ သူသာ သိသည်။
"ယုလေး . ."
"လောကကြီးမှာ တစ်ခါတလေကျ လူတိုင်းကို ပြောပြလို့ မရတာတွေ အများကြီးပဲ မဟုတ်လား"
"ဖေဖေကိုတော့ ပြောပြလို့ ရတယ်လေ၊ ဖေဖေကိုတော့ ပြောပြပါ . . နော်"
ထိုအခါ စောင်ပုံထဲ ပုန်းနေရာမှ နန်းယု ထွက်လာတော့သည်။ သူမ မျက်လုံးများက ငိုထားတာ မဟုတ်သည့်တိုင်အောင် ဝမ်းနည်းနေသည့် အရိပ်အယောင်များ အနည်းငယ် စွန်းထင်းနေ၏။
"တကယ်တော့ . . မနေ့က ဦးနဲ့ ပြဿနာ ရှိခဲ့တယ်"
"ဦးနဲ့ . . ၊ ဟိန်းထက်ကို ပြောတာလား"
ဝေယံ အတွေး နည်းနည်း ရှုပ်သွားသည်။
မနေ့ည . . . ။
တိုကျိုက သူတို့ နှစ်ဦး ပြန်ရောက်တော့ ည ကိုး နာရီ ဝန်းကျင်လောက်တော့ ရှိမည်။ လေယာဉ် စီးရင်း တစ်လမ်းလုံး အိပ်ပျော်လာသည့် သမီးဖြစ်သူကို စံအိမ် ရောက်သည်အထိ အာကာဟိန်းထက် ပွေ့ချီလာခဲ့သည်။ ထိုအချိန်က သမီးဖြစ်သူကို ပြန်ပြောင်း ချီယူရင်း အားနာ စကားနှင့် ကျေးဇူးတင် စကား ဝေယံ ဆိုဖြစ်ခဲ့သည်။
သို့သော် အာကာဟိန်းထက်မှာ . . .
"ဒီလို လုပ်ရတာ လုပ်သင့်လုပ်ထိုက်လို့ပါပဲ၊ တကယ်တော့ နန်း ကျေးဇူးနဲ့ စိတ်လှုပ်ရှားစရာ နေ့ တစ်နေ့ကို ပိုင်ဆိုင်ခွင့် ရခဲ့တာပါ"
ဟူ၍သာ ခွန်းတုံ့ပြန်ခဲ့သည်။
ထိုအချိန်က အာကာဟိန်းထက် မျက်နှာထားမှာ ပကတိ တည်ငြိမ်လျက် နှုတ်ခမ်းများက မသိမသာ ကွေးညွှတ်နေခဲ့သည်။ သစ်ပင်ထိပ်ဖျား ဟိုးကောင်းကင်ဆီမှ ဝိုင်းစက်နေသော လ၏ အလင်းရောင်ဟာ အာကာဟိန်းထက် မျက်နှာထက်သို့ ဖြာကျနေခဲ့သည်။ လရောင်များ ပြည့်ဝန်းနေသော ထိုမျက်ဝန်းတွေထဲမှာ နက်ရှိုင်းသည့် အာရုံ ခံစားမှု တစ်ခုကို ဝေယံ မြင်ခဲ့ရသည်။
ဝေယံ မှန်းဆချက်အရ . . .
အာကာဟိန်းထက်နှင့် နန်းယုဝေ အကြားမှာ
ပြဿနာ တစ်စုံတစ်ရာ ရှိခဲ့ပုံပင် အနည်းငယ်မှ မထင်ရ။
သို့ရာတွင် သမီးဖြစ်သူ၏ စကားကို သူ နားထောင်ရဦးမည်။
တစ်ဖက်သတ် အပြုအမူဖြင့် ကောက်ချက်ချဖို့ သိပ်ကို စောလွန်းသေးသည် မဟုတ်လား။
"ဒါဖြင့် ပြောပါဦး၊ သမီးနဲ့ ဟိန်းထက်ကြားမှာ ဘယ်လို ပြဿနာတွေ ရှိခဲ့တာလဲ"
"ပြောရမယ်ဆို . . ပြဿနာက ဟိတချီ ပန်းခြံ နေဝင်ချိန်က စရမှာပဲ"
ဟိတချီ ပန်းခြံ . . ။
Nemophila ပန်းခင်းကြီး၏ ခုံတန်း တစ်နေရာ။
သူတို့ နှစ်ယောက်စလုံး ဘာစကားမှ မပြောဖြစ်ကြ။ ဘယ်လို လှုပ်ရှားမှုမှ မပြုလုပ်မိကြ။ တိတ်တဆိတ် မလှုပ်မယှက်သာ။
နန်းယုဝေ၏ အမြင်အာရုံမှာ ပစိဖိတ် သမုဒ္ဒရာ၏ နေဝင်ချိန်။ ခံစားမှု အာရုံမှာ နောက်ကျောဆီက ပြာလဲ့လဲ့ ပန်း လွင်ပြင်နှင့် နက်ရှိုင်း ထုံသင်းသည့် မွှေးရနံ့။ လက်ဖျားများဆီမှာ ရေခဲငွေ့တို့ သီးနေသော ကော်ဖီဘူး၏ အေးခဲမှု။ နှုတ်ခမ်းများဆီမှာ ချိုချိုခါးခါး ကော်ဖီ အရသာ။
သူ . . ။
သူက ပြာလဲ့လဲ့ သမုဒ္ဒရာ၏ နေဝင်ချိန်ကို ဓာတ်ပုံ ရိုက်ယူနေ၏။
ကင်မရာပေါ် ကွေးတင်ထားသော လက်ချောင်းများက သွယ်ပြောင်းသော ဖယောင်းရုပ်အလား နူးညံ့ ရှည်စင်းနေသည်။
တဖျတ်ဖျတ် ခတ်နေသော မျက်တောင်ဖျားတွေက ညှို့ဆိုင်းသည့် တောအုပ် တစ်ခုလို နက်မှောင်စွာ ဖြာဆင်းနေသည်။
ထိုမျက်တောင်ဖျား အောက် ကိန်းဝပ်နေသော မျက်ဝန်းတွေဟာ နက်ရှိုင်းသော ရေကန်တွေနှင့် ဆင်တူသည်။ ခုန်ဆင်းလိုက်မိပါက တစ်ချက်လောက် အသက်ရှူဖို့အတွက်တောင် ပြန်ထွက်မလာချင်တော့။
ကွေးညွှတ်နေသော နှုတ်ခမ်းပါးလွှာတွေနှင့် ဖန်တီးထားသည့် သူ၏ အပြုံးတွေဟာ နေမင်းကြီးတောင် ရှက်ရွံ့ပြီး တိမ်တွေ နောက်သို့ ပုန်းနေရလောက်အောင်အထိ စွမ်းဆောင်နိုင်သည်။ ဘာကြောင့်ဆို သူ၏ အပြုံးလောက်တောင် မလင်းလက်နိုင်လို့ပဲ ဖြစ်သည်။
အခုနေများ သူမ လက်ကို အထက်သို့ မသိမသာ ဆန့်ထုတ်ပြီး လက်ချောင်းများကို ဖြန့်လိုက်ပါက သူ၏ ပါးပြင်ဆီသို့ သူမ လက်ထိပ်တို့ ထိကပ်သွားလောက်သည်။ အထူးသဖြင့် ပါးချိုင့်ရာလေး ရှိရာ ဝဲဘက် ပါးပြင်ဆီကိုပေါ့။ သို့သော် အဲ့ဒီလို မလုပ်ကောင်းဘူး မဟုတ်လား။ သူမ မင်းသားလေး စိတ်ဆိုးသွားမှာပေါ့။
နန်းယု၏ ကိုယ်မှာ သွေးတို့ နွေးထွေးစွာ စီးဆင်း လှည့်ဖြာနေသည်။
နှလုံးသားဆီမှာ ရင်ခုန် ကြည်နူးမှု။
အို . . မဟုတ်ဘူး။
ထူးခြားသော ယုယ တမ်းတမှု။ မဟုတ်သေးဘူး။
အသက်ရှူမှားဖွယ် မြတ်နိုးမှု။ နွေးထွေးသော အချစ် တစ်ခုရယ်ပါ။
သူမ စိုက်ကြည့်နေတာ အချိန် တစ်ခုအထိ ကြာလွန်သွားသည့်အခါ သူ သတိထားမိစွာ စောင်းငဲ့ ကြည့်လာသည်။
"ဘာများဖြစ်လို့လဲ၊ ကိုယ့်မျက်နှာမှာ တစ်ခုခု ပေနေလို့လား"
"ဟုတ်တယ်၊ ဦး မျက်နှာမှာ ချောမော ကြည့်ကောင်းမှုတွေ ပေနေတယ်"
အာကာဟိန်းထက် အမှတ်တမဲ့ ပြုံးလိုက်သည်။
"ဟော့ဒီနားလေးမှာပေါ့ . ."
နန်းယု ထိန်းချုပ်မထားနိုင်တော့ဘဲ ပါးချိုင့်ခွက်လေးကို လက်ညှိုးဖြင့် ထောက်လိုက်သည်။ အာကာဟိန်းထက် ပြုံးရယ်နေရာမှ ဗြုန်းခနဲ ရပ်သွားသည်။ သို့သော် သူမ ထင်ထားသလို စိတ်ဆိုးမသွား။ ပုံမှန်အတိုင်း တည်တည်ကြည်ကြည် ပြန်လည် ပြုမူရင်း နန်းယု လက်ညှိုးကို သူ၏ လက်ချောင်းများဖြင့် နူးညံ့ ကြင်နာစွာ ဆုပ်ကိုင် ဖယ်ရှားလိုက်သည်။
"ကိုယ်က မင်းအပေါ် တစ်ခါပဲ ကြင်နာခဲ့ပေမယ့် . . ဒါဟာ တစ်သက်လုံး ကောင်းနေလိမ့်မယ်လို့ မဆိုလိုဘူးနော်၊ ကိုယ့်ကို လွယ်လွယ် မခင်တွယ်နဲ့၊ ကိုယ်က အန္တရာယ်များတယ်"
"ဒါဖြင့် ဦးက မာန်ဖီ ဟိန်းဟောက်နေတဲ့ ဝံပုလွေဆိုးကြီးလား"
အာကာဟိန်းထက်က အနက်ရောင် ဝံပုလွေကြီး ဖြစ်ပုံရမည်။
သူ၏ နက်ရှိုင်းသည့် မျက်လုံးတွေ။ အရောင်နုသည့် ဆံပင်တွေ။ ကြီးမား ကျယ်ပြန့်သည့် ပခုံးတွေ။ မြင့်သွန်းသည့် အရပ်အမောင်း။ သတိအနေအထား ရှိနေသည့် စိတ်ပိုင်းဖြတ်မှု။
သူဟာ တကယ်ပဲ ဝံပုလွေဆိုးကြီး ဖြစ်မှာလား။
"ဒီလိုဆိုလည်း ကိစ္စ မရှိပါဘူး၊ ဦးကို ယဉ်ပါးသွားအောင် နန်း လုပ်ပေးနိုင်တယ်၊ တန်ရာတန်ကြေးအနေနဲ့ နှလုံးသား တစ်ခုလုံးပဲ ပြန်ပေးလေ"
"ဘယ်လိုလဲ၊ ကိုယ့်ကို ချစ်ခွင့်ပန်နေတာလား"
ပန်းခင်းထဲ ပြေးဝင်လာသည့် လေညင်းက အာကာဟိန်းထက် အင်္ကျီစများကို တဖျတ်ဖျတ် လွင့်ပါးသွားစေသည်။ သူ၏ ဆံနွယ်နုများက ပျော့ပြောင်း လွင့်ဝဲစွာ လေနှင့် အတူ ယိမ်းခါနေသည်။
"တစ်ခုခုကို ချစ်ရင် အဲ့ဒီအရာကို စွန့်လွှတ်တတ်ဖို့ သင်ယူရမယ်"
တိတ်ဆိတ်သည့် စကား။
"ကိုယ့်ကို မချစ်ပါနဲ့ နန်း"
တိုးညင်း ညင်သာသော အသံ။
"ကိုယ့်ကြောင့် မင်းကို မနာကျင်စေချင်ဘူး"
သူမ နှလုံးသားဆီသို့ တစ်ဆင့်ချင်း တစ်ဆင့်ချင်း။ ဖြည်းညင်း စူးရှ ကြမ်းတမ်းစွာ အရှိန်အဟုန် ပြင်းပြင်း ရိုက်ခတ်သွားသည်။
"နောက်ဆုံးမှာ ကိုယ်က မင်းကိုပဲ နောင်တရစေလိမ့်မယ်"
ဘာကြောင့် ဒီလို ပြောရတာလဲ။
တကယ်ပဲ ဦးဆီမှာ ဘယ်လို နာကျင်မှုတွေများ ရှိနေခဲ့လို့လဲ။
သူမ သက်ပြင်း တစ်ချက် ခပ်သဲ့သဲ့ ချလိုက်မိသည်။
"ဒီတော့ အငြင်းခံလိုက်ရတယ်ပေါ့"
ဝေယံ၏ မေးခွန်း။
အသိက လက်ရှိ အချိန်သို့ ပြန်ပြီး ခေါ်ဆောင်လိုက်သည်။
"ဟုတ်တယ် ဖေဖေ"
"အချစ် ဆိုတဲ့ အရာမှာ အချိန်က အဓိကပဲ၊ စောပြီး သိလည်း မကောင်းဘူး၊ သိပ် နောက်ကျမှ သိလည်း မကောင်းဘူး၊ ဒါပေမယ့် သမီးအတွက် အခုအခြေအနေက အသင့်တော်ဆုံး ဖြစ်မှာပါ"
"ဒါပေမယ့် ဦး အဖြေကြောင့် ရှေ့ဆက် တိုးရမလား၊ နောက်ဆုတ်ရမလား၊ ဝေခွဲရ ခက်နေတယ်၊ တကယ်လို့ သမီးရဲ့ ဆုံးဖြတ်ချက်နဲ့ ရှေ့ဆက် တိုးလိုက်ရင် . . ဦးကြောင့် သမီး နာကျင်သွားမှာထက် သမီးကြောင့် ဦးများ ထိခိုက်သွားမလား ဆိုတဲ့ စိတ်နဲ့ . . ဦးအတွက် အများကြီး စိုးရိမ်နေမိတယ်"
"ဖေဖေ့ သမီးက ဖေဖေ ထင်ထားတာထက် အများကြီး ရင့်ကျက်လာတာပဲ၊ နောက်ဆုံးတော့ အရွယ် ရောက်လာပြီပေါ့"
နန်းယုဝေ၏ ဆံနွယ်များကို ဝေယံ အသာ ပွတ်သပ်လိုက်သည်။
သမီးဖြစ်သူ၏ အချစ်ရေးနှင့် ပတ်သက်ပြီး ပိတ်ပင်ဖို့ သူ စိတ်ကူး မရှိ။ သူ့တုန်းကလည်း ပိတ်ပင် တားမြစ်ခံခဲ့ရသည့် အချစ်ရေးကြောင့် အတော်လေး ခံစားခဲ့ရတာ မဟုတ်လား။ သမီးဖြစ်သူအား သူ့လို အဖြစ်မျိုး ဝေယံ လုံးဝ မဖြစ်စေချင်။
"သမီး သိလား၊ ဖေဖေလည်း သမီးလိုပဲ တွေးခဲ့ဖူးတယ်၊ အဲ့ဒီတုန်းက သူ ဖေဖေကြောင့် နာကျင်သွားမှာ၊ ဖေဖေကြောင့် အခက်အခဲ ဖြစ်မှာ၊ စိတ်ညစ်အောင် လုပ်မိသွားမှာကို သမီးလိုပဲ ကြောက်ခဲ့ဖူးတယ်၊ အဲ့ဒါနဲ့ပဲ ဒီထက်ပိုပြီး နောက်မကျခင် ဖေဖေ သူ့ကို အရင် ထားခဲ့မိတယ်၊ ဒါပေမယ့် အဲ့ဒီအမှား တစ်ခုက ဖေဖေ့ တစ်ဘဝလုံး ပြန်ပြင်လို့ မရအောင်အထိ နက်ရှိုင်းတဲ့ ဒဏ်ရာတွေ အများကြီးကို ဖြစ်စေခဲ့တယ်"
ထိုစကားများဟာ ဝေယံ ရင်ထဲက ရိုးသားစွာ ထွက်ပေါ်လာသည့် စကားများသာ ဖြစ်သည်။ သို့သော် သူကိုယ်တိုင် တစ်ဦးတည်း ရေရွတ်နေခဲ့သလား။ သမီးဖြစ်သူကို တိုင်တည် ပြောပြနေခဲ့သလား။ ဝေယံ မဝေခွဲနိုင်ခဲ့။
"လူတွေ ခံစားဖူးသမျှ နာကျင်မှုတွေ အားလုံးထက် ကိုယ် ချစ်တဲ့ သူကို ထားခဲ့မိလို့ နောင်တရတဲ့ နာကျင်မှုက တကယ်တော့ အများကြီး ပို ဆိုးတယ်"
"အခုတော့လည်း အဲ့ဒီသူက ဖေဖေကြီးအဖြစ် ဖေဖေ့ ဘေးမှာ ရှိနေပြီလေ"
"ဟုတ်တာပေါ့၊ တကယ်တော့ ဖေဖေတို့ နှစ်ယောက်မှာ ဖေဖေကြီးက သတ္တိ ရှိခဲ့လို့ပါ၊ မဟုတ်ရင် လွတ်သွားတဲ့ အခွင့်အရေးတွေအတွက် နောင်တရရင်း တစ်ယောက်နဲ့ တစ်ယောက် သူစိမ်းတွေအဖြစ် တစ်သက်လုံး နေသွားကြရတော့မှာ"
ဝေယံ ခုတင်ပေါ်မှ ဆင်းလိုက်သည်။ ထို့နောက် မျက်နှာကို လက်ဖဝါးဖြင့် တစ်ချက် ပွတ်သပ်ပြီးနောက် လျင်လျင်မြန်မြန် ပြုံးလိုက်သည်။
"သမီး အချစ်ရေးအတွက်တော့ တုံ့ဆိုင်းမနေဘဲ လုပ်သင့် လုပ်ထိုက်တာကို လုပ်ပါ၊ မှားတာ မှန်တာတွေကို ဖေဖေ ပြောနေမှာ မဟုတ်ဘူး၊ ဘာကြောင့်ဆို . . ဆုံးဖြတ်ပိုင်ခွင့်နဲ့ လုပ်ပိုင်ခွင့်က သမီးမှာပဲ ရှိတာလေ၊ ဒါပေမယ့် . . သမီး အကူအညီ လိုအပ်လာတဲ့အခါ သမီး နောက်မှာ ဖေဖေ အမြဲ ရှိနေမယ်"
"ကျေးဇူးအများကြီး တင်ပါတယ် ဖေဖေ"
ဝေယံ သမီးဖြစ်သူ နဖူးမှာ ဝဲကျနေသော ဆံစလေးများကို သပ်တင်ပေးပြီး အသာအယာ ငုံ့နမ်းလိုက်သည်။
"နောက်ပြီး အကြံ တစ်ခု ပေးလိုက်မယ်၊ သမီးအတွက် အကျိုး ရှိမှာပါ"
ဝေယံ နှုတ်ခမ်းတွေက ပြုံးမနေပေမယ့် မျက်လုံးတွေက အညိုရောင် တောက်ပကာ ကြည်ကြည်လင်လင် ပြုံးနေသည်။
"ထမင်းဝိုင်း ဆိုတာ ယောကျာ်းတွေရဲ့ စိတ်နှလုံးကို သွားတဲ့ အနီးဆုံး လမ်းပဲ၊ သမီး အတတ်နိုင်ဆုံး ကြိုးစားကြည့်ပေါ့"
နန်းယု ပျော်ရွှင်သွားသည်။ ပျော်ရွှင်သွားတာထက် အတိုင်းမသိ ရင်ခုန် စိတ်လှုပ်ရှားသွားတာပဲ ဖြစ်၏။
ထိုအချိန် လိပ်ပြာလေး တစ်ကောင် သူမ အခန်း ပြတင်းဘောင်သို့ လာနားသည်။ မြူမှုန်ကလေးများ သိမ့်ခနဲ လွှင့်သွား၏။ လိပ်ပြာ၏ ဖြူဆွတ်သော အတောင်ပံမှာ ရှိနေသည့် ရွှေရောင် အမှုန်ကလေးများမှာ နန်းယုဝေ၏ အနာဂတ် တစ်ခုကို မီးမောင်း ထိုးပြနေသည့် အလား ဝင်းဝါ တောက်ပနေခဲ့သည်။
ထိုရွှေမှုန်ကလေးများမှာ သူမ မျက်လုံးထဲ
တလက်လက်ဖြင့် လင်းလက်နေခဲ့တော့သည်။
~•~ S U N ~•~
5 / April / 2021
4 : 49 PM