'ဒါရာ' တစ်ယောက် ကျောင်းကန်တင်းတွင်ထိုင်နေရင်းဒေါပွနေလေသည်။အကြောင်းရင်းမှာ လွန်ခဲ့သည့်တစ်ပတ်ကမှပြောင်းလာသောဆရာအသစ်သည် မိမိ၏ေတးနှင့်အလွန်အမင်းရင်းနှီးနေခြင်း။ အရယ်အပြုံးသိပ်မရှိသော တေးလေးကလည်း တစ်ခါတစ်ရံထိုဆရာနှင့်စကားပြောလျှင်ပြုံးရွှင်လို့။ ဒါရာ ဘယ်လိုသိသည်ဟုမမေးနှင့် တေးလေးသွားသည့်နေရာတိုင်း သန့်စင်ခန်းအထိလိုက်ချောင်းနေမြဲ။
"ဒါဒါ!!!"
မိမိကျောကိုပုတ်ခါအနားတွင်ဝင်ထိုင်သော
'ဒက်စတင်' နှင့် 'ဂျက်' ။ အခန်းတွင်းအဆင့် ၃နှင့်၄။နှစ်ယောက်စလံုးနှင့်ငယ်ငယ်ကတည်းကအိမ်နီးနားချင်းတွေမို့ အကြောင်းသိအစင်းသိများ။
"ဘာတုန်းဟာ ပြီးတော့ဒါဒါမဟုတ်ဘူး ဒါရာကွ!!"
"မင်းကလဲ ငယ်ငယ်လေးထဲကဒီလိုပဲခေါ်လာတဲ့ဟာကို ဒါနဲ့ ငါတို့မင်းမျက်နှာမှာပေါက်ကွဲမယ့်အငွေ့သက်တွေလှမ်းတွေ့လို့အပြေးရောက်လာတာ"
ဟုဂျက်ကပြောတော့
"ဟုတ်တယ်။ဘာလဲ မင်းဆရာသစ်နဲ့ တေးကဗျာ အကြောင်းတွေးနေတာမလား?"
ဟု ဒက်စတင်ကလည်းဝင်ထောက်ခံလေသည်။
"အဲ့လောက်တောင်သိသာနေတာလား"
"ဒါပေါ့!!!!!!"
ဆိုပြီးအသံကျယ်ကြီးနှင့်ခေါင်းငြိမ့်ပြသောသကောင့်သားနှစ်ကောင်ကြောင့် အနားတွင်ရှိသောသူများ၏အာရုံများသည် မိမိတို့ဆီရောက်လာသည်။
"ဖြေးဖြေးပြောပါဟ ခွားမသေးကြီးတွေရ!"
"ဒါနဲ့လေ မင်းကြိုက်နေတာကို တေးကဗျာကလဲသိမယ်ထင်တယ်"
"ကြိုက်တာမဟုတ်ဘူးဟ!!ချစ်တာ!ချစ်တာ!"
ဟုပြောကာ ဂျက်၏ကျောကိုသုံးချက်ဆင့်လောက်ထုလိုက်တော့ ဒက်စတင်ကအားရပါးရရယ်လေသည်။
"အေးပါ ချစ်တာ"
"မင်းကဘာလို့သူသိမယ်ထင်တာလဲ?"
"မင်းစဉ်းစားကြည့်လေ တစ်တန်းလုံးမင်း
တေးကဗျာကိုသဘောကျနေတာသိကြတယ် ဒါကိုသူကုိယ်တိုင်က မသိရအောင်ဒီကောင်ဒက်စတင်လိုငတုံးမှမဟုတ်တာ ..."
စပ်ဖြဲဖြဲမျက်နှာထားမှချက်ချင်းမျက်နှာတည်သွားသောဒက်စတင်က
"မင်းမေကြီးတော်မို့ ငါကပါလာရတာလားကွ!!!!!!"
"အေးဟုတ်သား သူကလူကဲခတ်မညံ့လောက်ပါဘူး နံပါတ်တစ်က လူကဲခတ်တော်လောက်မှာပါ"
"ဟာ ဟေ့ကောင် မင်းကတစ်လေ သူကအဆင့်နှစ်!"
မိမိကိုဂရုမစိုက်ပဲ စကားဆက်ပြောနေသော နှစ်ယောက်ကြောင့် ဒက်စတင်စိတ်ဆိုးဆိုးနှင့်သာ ငြိမ်ထိုင်နေလိုက်သည်။
"အေးဟုတ်သားပဲနော် ငါမေ့သွားတာ"
"ဘယ်လိုတောင်မေ့နိုင်တာလဲ.."
"ဒါကတော့ဟာ ငါကသူ့ကိုငါ့ဘ၀ရဲ့နံပါတ်တစ်နေရာပဲအမြဲဦးစားပေးထားနေတော့ မေ့သွားတာပါ"
မနိုင်ဘူးဟူသောအကြည့်နှင့် ခေါင်းရမ်းနေသော ဂျက်နှင့် "အော့" ဟုအသံထွက်ကာ အန်ချင်သလိုလိုလုပ်ပြလိုက်သော ဒက်စတင်ကိုဥပေက္ခာပြုကာ အစားများကိုကုန်အောင်အမြန်သာစားလိုက်သည်။
ကျောင်းတက်ခေါင်းလောင်းသံမြည်ပြီးငါးမိနစ်ကြာတော့ ဒါရာတို့သုံးယောက်အခန်းဝသို့ခြေချနိုင်ကြပြီဖြစ်သည်။ကံကောင်းသည်ကအတန်းချိန်ဆရာလဲမရောက်သေး။ဒါရာတို့ကိုယ့်နေရာသို့လျှင်မြန်စွာဝင်ထိုင်လိုက်ကြပြီး ရှေ့ဆုံးတွင်ထိုင်နေသောတေးကဗျာကိုလဲလှမ်းကြည့်လိုက်ဖို့မမေ့ကြပေ။
"နင်တို့ကဘာလို့လိုက်ကြည့်ကြတာလဲ" ဟုသကောင့်သားနှစ်ယောက်အားဒါရာမေးမိတော့
"မင်းတစ်ယောက်နေ့တိုင်းကြည့်နေရတာ ရှက်မှာစိုးလို့အဖော်လိုက်ကြည့်ပေးတာပါကွာ" ဟုပြောင်ရွှတ်ရွှတ်မျက်နှာနှင့်ဂျက်ကပြန်ဖြေသည်။
"မလိုဘူး!နောက်တစ်ခါငါ့တေးကိုယောင်လို့တောင်မကြည့်မိစေနဲ့ ငါမကြိုက်ဘူး"
ဒါရာစကားအဆုံးအခန်းထဲဝင်လာသောဆရာကြောင့်ထိုနှစ်ယောက်မှာဘာမှဆက်မပြောတော့ပေ။
"ကျောင်းသားတို့ မူလအတန်းချိန်ဆရာကမအားလို့ ဆရာကအစားဝင်သင်ပေးမယ် ကဲစာအုပ်တွေထုတ်ကြ"
"ဒါဒါ.."
ရှေ့တွင်သင်ပုန်းဘက်လှည့်ကာစာရေးနေသောဆရာကြောင့် ဘေးခုံရှိဒက်စတင်က ဒါရာ့ကိုလေသံနှင့်ခေါ်လိုက်ခြင်းဖြစ်သည်။ဂျက်၏ခုံမှာ ဒါရာ၏နောက်ခုံတွင်ဖြစ်သည်။
"ဘာလဲ"
"မင်းသေချာကြည့် ဆရာသစ်နဲ့ တေးကဗျာနဲ့ကရုပ်ချင်းဆင်သလိုပဲနော်"
"ဟုတ်တယ်ကွ ရုပ်ချင်းဆင်သူတွေကဖူးစာတွေဖြစ်နေတတ်တယ်လို့ကြားဖူးတယ်"
ဒက်စတင်၏အပြောကို ဂျက်ကလဲထိုသို့ဝင်ထောက်ခံသောကြောင့်
"ရှပ်ဒ်အပ်ပ် ဘာမှမတူဘူး လျှောက်ပြောမနေကြနဲ့ ငါ့ရဲ့တေးကငါနဲ့ပဲဖူးစာဆုံမှာ"
ဟုလေသံနှင့်ပြန်ငေါက်၍ ဆရာအသစ်ကိုအကဲခတ်ကာ
(တူတော့တူသားဟ) ဟုတွေးလိုက်မိသည်။
"ရှပ်ဒ်အပ်ပ်လား ငါကစပ်ပ်အပ်ပ်ထင်နေတာ မင်းပြောတာ shut upကိုမလား"
"မင်းတို့နှစ်ကောင် အထက်တန်းတောင်ရောက်နေကြပြီ အသံထွက်အမှန်ကိုမသိကြဘူးလား တစ်ကယ့်အသံထွက်အမှန်က.."
"အနောက်ကကျောင်းသားနှစ်ယောက်"
ဆရာ့ဆီမှထွက်လာသောအသံကြောင့် မျက်နှာပြောင်နေကြသောဒက်စတင်နှင့်ဂျက်တို့မျက်နှာတည်သွားကာကိုယ်ကိုမတ်လိုက်ကြ၍
(နည်းတောင်နည်းသေးတယ်) ဟု ဒါရာတစ်ယောက်တွေးလိုက်သည်။
"ဒက်စတင်နဲ့ ဂျက် ဟုတ်တယ်ဟုတ်"
"ဟုတ်"
"စကားမများကြနဲ့လေ စာဆက်သင်မယ်နားထောင်ကြ"
"ဟုတ်"
ဟုသကောင့်သားနှစ်ယောက်ပြန်ဖြေပြီးတော့ဆရာကစာဆက်သင်လေသည်။
"စကားလေးနည်းနည်းပြောမိတာကို"
"အေ ဟုတ်တယ် ဒါဒါကိုကျမတွေ့ဘူး မိန်းကလေးမို့မတွေ့တာများလား"
"မင်းပြောချင်တာက ဆရာကယောက်ျားလေးပဲတွေ့တာလား "
"ခွီးး ငါကနောက်နေတာပါဒက်စတင်ရ"
ဆရာသတိပေးပြီးတာတောင်ပွစိပွစိလုပ်နေကြသောသကောင့်သားနှစ်ကောင်ကြောင့် ဒါရာမျက်ဖြူလှန်ပြလိုက်သည်။ထိုအချိန်မှာပင်
"ဂျက်!"
"ဗျာ"
"ပစ္စည်းတွေသိမ်းပြီးအရှေ့ကိုလာခဲ့"
"ဟုတ်"
"ကယ်ကြပါအုံးငါ့ကိုအခန်းပြင်မောင်းထုတ်တော့မလားမသိဘူး"
"အခုတော့ဆရာကမင်းကိုပဲမြင်တော့တာထင်တယ်"
ပစ္စည်းသိမ်းကာမိမိတို့အားကူညီပါဟူသောမျက်နှာပေးနှင့်ဂျက်ကို ဒက်စတင်စနောက်လိုက်သလို ဒါရာကလဲအားပေးသည့်သဘောနှင့်အသံတိတ်လက်ခုပ်တီးပြလိုက်သည်။
သို့သော်ဂျက်အတန်းရှေ့အရောက်ဆရာပြောလိုက်သည့်စကားကြောင့် ဒါရာ၏ရင်မှာဒိန်းခနဲ။
"မင်းတေးကဗျာနဲ့နေရာလဲလိုက် တေးကဗျာ မင်းက ဂျက်ရဲ့နေရာကိုသွားနေ "
"ဟုတ်"
ဟုဖြေပြီးပစ္စည်းများသိမ်းကာ မိမိဆီသို့လျှောက်လာသောတေးလေး။ အနားသို့အရောက် မိမိကိုပြုံးပြကာဝင်ထိုင်လိုက်သောတေးလေးကြောင့်ဒါရာ့၏ရင်ထဲဝယ် ဖိုးသိုးဖတ်သပ်နှင့်ပင်။
"ဒီနေ့ကစပြီးဒီနေရာဟာအတည်ပဲပြန်မပြောင်းကြနဲ့တော့"
ဟူသောဆရာ့စကားကြောင့် အတိုင်းမသိပျော်နေသော ဒါရာနှင့် ရှေ့ဆုံးတွင်ထိုင်ရသောကြောင့်ဝမ်းနည်းကာso sadနေသောဂျက် အားတစ်တန်းလုံးမြင်လိုက်ပါသော်လဲ တစ်ဖက်သို့လှည့်ကာခိုးပြုံးလိုက်သော ဆရာ့၏အပြုံးကိုတော့မမြင်လိုက်ကြပေ။