ပြတင်းပေါက် ဖွင့်လိုက်သည်။
ခပ်စိမ့်စိမ့် တိုက်ခတ်လာသော လေပြည်ကြောင့် အပြင်သို့ လှမ်းမကြည့်မီ ဝေယံ အသက်ကို ခပ်ပြင်းပြင်း ရှိုက်ပြီး ရှူမိသည်။ အိပ်ရာထစ တစ်ကိုယ်လုံး နွမ်းနယ် ရီဝေနေသမျှ ချက်ချင်း လန်းဆန်းသွားတော့သည်။
ဂျပန် နိုင်ငံ၏ ဆောင်းဦး ရာသီက ချမ်းမြ စိမ့်ခဲသော အအေးဓာတ်ကို ပေးစွမ်းသည်။ လက်ဖျား၊ ခြေဖျားတို့ မသိမသာ အေးကျင်လာသည်။ မနက်ခင်း လေညင်းကို ဝေယံ အံတု ယှဉ်ပြိုင်နိုင်ခြင်း မပြုသာတာမို့ ခပ်လှမ်းလှမ်းရှိ အဝတ်ချိတ်ပေါ်မှ ဆွယ်တာ အနွေးထည်ကို ဖြုတ်ယူလိုက်သည်။ ထို့နောက် ပါးလှပ်လှသော နက်ပြာရောင် ညဝတ် အင်္ကျီပေါ် ထပ်ရုံလျက် အနားစ နှစ်စကို ရင်ဘတ် အထက်၊ လည်တိုင်အထိ ခပ်တင်းတင်း ဆွဲစိလိုက်သည်။
ပန်းနုရောင် အဖြူစပ် ဆာကူရာ ပန်းခိုင်များ ပန်းထိုးထားသည့် ခန်းဆီး လိုက်ကာစကို ဖယ်ပြီး အပြင်သို့ ဝေယံ လှမ်းကြည့်သော အချိန်တွင် ပတ်ဝန်းကျင် တစ်ခုလုံး ရောင်စုံ ရွက်ကြွေများဖြင့် လွှမ်းခြုံလျက် ရှိသည်။ နီညိုရောင် ဖြန့်ကျက်လျက် တွဲလဲခိုနေသော သစ်ရွက်တို့က ရိုးတံကျဲကျဲ အကိုင်းအခက်များတွင် နီ တစ်လှည့် ညို တစ်လှည့် ပြန့်ကြဲနေတာမို့ အလှပဆုံး မြင်ကွင်းကို ပေးလေသည်။
မြင်လေရာရာ အရောင်စုံ။
လိမ္မော်၊ အနီ၊ အညို၊ အဝါနှင့် မီးခိုး။
သဘာဝတရားကြီး ဖန်ဆင်းထားသော စုတ်ချက်ရာများသဖွယ်။
နိုဝင်ဘာလ၏ ဆောင်းဦးလေတွင် ထုံသင်း နူးညံ့သော မွှေးရနံ့ တစ်ခု ပျံ့လွင့်နေသည်။ အဝေးဆီမှ နွေဥတု၏ တိတ်တဆိတ် နှုတ်ခွန်း ဆက်သမှုပဲ ဖြစ်သည်။
ဘဝမှာ တစ်ခါမှ မျှော်လင့်မထားခဲ့မိသော ဂျပန် နိုင်ငံ ကျိုတိုမြို့၏ ဆောင်းဦး ပတ်ဝန်းကျင် အလှဟာ ဝေယံ့အတွက် ကဗျာဆန်လွန်းလှသည်။ ထိုမျှမက စိတ်အာရုံ တစ်ခုလုံးကို လွှမ်းခြုံ စိုးမိုးထားနိုင်သည်။
ခန်းဆီး လိုက်ကာစကို အဆုံးထိ ဆွဲတင်ရင်း ပတ်ဝန်းကျင် အလင်းနှင့် ဆောင်းဦး အလှများအား အိပ်ခန်း အတွင်းသို့ မြိုင်ဆိုင် ပျံ့နှံ့စေချင်ပေမယ့် ခုတင်ပေါ်တွင် နေသူရိန်မင်းခန့် နှစ်ခြိုက်စွာ အိပ်မောကျနေဆဲ ဖြစ်သည်။ ဆန္ဒကို ဝေယံ ခဏ မျိုသိပ်လိုက်သည်။
တိုင်ကပ် နာရီကို လှမ်းကြည့်တော့ မနက် ငါး နာရီ။ ရေချိုးဖို့ အကောင်းဆုံး အချိန် ဖြစ်သည်။ ရေနွေးဖြင့် ရေချိုးဖို့ ဝေယံ တွေးသည်။
ရေချိုးခန်းတွင် ကြွေ ရေချိုးကန် ရှိသည်။ ရေပန်းဖြင့် ချိုးနိုင်သော လှပသည့် မှန်နံရံ အခန်းကျယ် တစ်ခုပါ ပါသည်။ မှန်နံရံကို ကားစွင့်နေသော ဆာကူရာ ပွင့်ဖတ် ပွင့်ချပ်တို့ဖြင့် အလှဆင်ထားလျက် ရှိသည်။ ကျောက်ပြားဖြူများ ကပ်ထားတာကြောင့် အခန်းက သာမန်ထက် ပိုလင်းနေသလို။ နင်းမိထားသော ကြမ်းပြင်မှာတော့ ကျောက်စရစ်ခဲ အလှလေးများကို မြှုပ်ထားသည်။ ချော်မလဲစေဖို့ ဖြစ်သည်။ ထိုမျှမက သေးသေး ပိစိလေးများဖြင့် အရောင်စုံသည်။
ရေပန်း ခလုတ်ကို ဖွင့်ကြည့်တော့ ရေပူ၊ ရေအေး နှစ်မျိုး ရသည်။ အခန်းထောင့် နံရံထက်တွင် နှစ်ထပ် စင်အသေးလေး တစ်ခု တပ်ဆင်ထားတာကို ဝေယံ တွေ့ရသည်။ အပေါ်စင်၌ ဂျပန်ဘာသာဖြင့် ရေးထားသော ရေချိုး ဆပ်ပြာရည်ဘူးများ။ အပြာ၊ အဖြူ၊ အနက် ဟူ၍ သုံးမျိုး ရှိသည်။ အနက်သည် ခေါင်းလျှော်ရည် ဖြစ်ပုံရသည်။ シャンプー ( Shampoo ) ဟု ရေးထားသည်။ ဆာကူရာ ရေချိုး ဆပ်ပြာရည်ဘူးများက အောက်ထပ်က စင်မှာ။
တခြား ရေချိုးရာတွင် သုံးရသည့် အသုံးအဆောင် ပစ္စည်းများကို ကြည့်မှန် အကြီးကြီးနှင့် ကပ်လျက် လက်ဆေးကန် ဘေးတွင် အစီအရီ ထားရှိထားသည်။ မုတ်ဆိတ် ရိတ်သည့်အခါ သုံးသော အမွှေးရည်ဘူးပါ ရှိနေသည်။ မျက်နှာသစ် ဆပ်ပြာကို လိုက်ရှာတော့ မက်မွန်သီးနှင့် ဆာကူရာ ဆိုပြီး နှစ်မျိုး တွေ့ရသည်။ နှစ်ခုစလုံးက ဝေယံ့အတွက် အဆင်ပြေသည်။ နောက်မှ နေသူရိန်မင်းခန့်နှင့် မျှသုံးရမည်။
ကြွေခွက်ထဲရှိ သွားတိုက်တံက ဆင်တူ။ အရောင်သာ ကွဲသည်။ ထို့ပြင် ပလတ်စတစ်အိတ် မဖောက်ရသေးဘဲ အသစ်အတိုင်း တွေ့ရသည်။ အနီကို ချန်လျက် အပြာသာ ဝေယံ ယူလိုက်သည်။
ရေချိုးပြီးတော့ နာရီကို ကြည့်လိုက်သည့်အခါ ငါး နာရီ မိနစ် သုံးဆယ် ဖြစ်သည်။ မနက်စာ ပြင်ဖို့ အချိန် အများကြီး ရသေးသည်။
နေသူရိန်မင်းခန့်ကို ဝေယံ နှိုးဦးမှ ဖြစ်မည် ဟု တွေးသည်။ စောနေသေးပေမယ့် ဒီတစ်ရက်တော့ တက္ကသိုလ်ကို အချိန်မီ သွားသင့်သည် ဟု သူ ထင်သည်။ ပျက်ရက်တွေ များခဲ့တာမို့ လွတ်သွားသည့် သင်ခန်းစာတွေကို နေသူရိန်မင်းခန့် အမီ ပြန်လိုက်ရဦးမည် မဟုတ်လား။
ခုတင်ဆီသို့ ဝေယံ လျှောက်သွားလိုက်သည်။
မွေ့ရာပေါ် ထိုင်ချိန် နေသူရိန်မင်းခန့် မျက်နှာကို သူ ငုံ့မိုး ကြည့်မိသည်။ မျက်တောင်ရှည်ကြီးတွေက ဖြာစင်းလျက် ကော့ညွှတ်နေသည်။ ခဏကြာမှ နဖူးပေါ် ဝဲကျနေသော ဆံပင်များကို ကြင်နာစွာ သပ်တင်ပေးရင်း နူးညံ့ နွေးထွေးသော နေသူရိန်မင်းခန့်၏ မျက်ခွံကလေးများကို မြတ်နိုးစွာ ဝေယံ နမ်းရှိုက်လိုက်သည်။ နေသူရိန်မင်းခန့် ချက်ချင်းပဲ လူးလွန့်ပြီး နိုးလာခဲ့သည်။
"အွန်း . ."
"တက္ကသိုလ် သွားရဦးမယ်မလား၊ ထတော့ . . သူရိန်"
အနား ကပ်ကာ ခပ်တိုးတိုး ပြောမိသည်။ ထိုခဏ လည်တိုင်ကို ဆွဲဖိရင်း ပါးပြင်ချင်း ထိအပ်လာသည်။ နေသူရိန်မင်းခန့်၏ အနွေးဓာတ်ကို ဝေယံ ကောင်းစွာ ခံစားလိုက်ရသည်။
"ယံ့ပါးတွေ အေးနေတယ်"
"အင်း . . ၊ အခုပဲ ရေချိုးလာတာ"
"ဆံပင်တွေ ရေ ပြောင်အောင် သုတ်ဦးနော်"
နေသူရိန်မင်းခန့် လက်ချောင်းများက ဝေယံ ဆံပင်တွေထဲ ခုန်ကူးလာသည်။
"အာ့ . . သူရိန်"
ကျန်လက် တစ်ဖက်က အင်္ကျီထဲ တိုးဝင်ပြီး ကျောပြင်တစ်လျှောက် ပြေးလွှားနေတာမို့ ဝေယံ အော်လိုက်ရသည်။
"မနက်စာ ပြင်ရဦးမယ်၊ မလုပ်နဲ့"
"မနက်စာ မစားဘဲ ယံ့ကိုပဲ စားမယ် ဆိုရင်ရော . ."
ဝေယံ မျက်စောင်း ခဲလိုက်မိသည်။ ဖက်ထားရာမှ သူ ရုန်းထွက်ချိန် နေသူရိန်မင်းခန့်ပါ ခုတင်ပေါ်မှ ထလာသည်။
"ဒါနဲ့ မနက်စာ ဘာစားချင်လဲ"
"ယံ အဆင်ပြေရာ လုပ်လေ၊ ကျွန်တော်က ဘာဖြစ်ဖြစ် စားတယ်"
"ဒါဖြင့် အချစ်တွေ ဆိုရင်ရော . ."
ဝေယံ နောက်ပြောင်တော့ အိပ်ချင်မူးတူး ဖြစ်နေရာမှ နေသူရိန်မင်းခန့် ပြူးကြည့်လာသည်။ ထို့နောက် တစ်ခုခုကို အတွေးပေါက်ပုံဖြင့် မျက်နှာကြီး တစ်ခုလုံး ပြုံးဖြီးသွားသည်။ ပြုံးနေပုံက နှုတ်ခမ်းများ နားရွက် တက်ချိတ်တော့မလို။ ကျောချမ်းစရာ လူယုတ်မာ အပြုံးကြီး ဖြစ်သည်။
"အဟမ်း . . အတွေးတွေက မှောင်လိုက်တာ၊ သွားသွား၊ ရေပဲ သွားချိုးပါတော့ . ."
နေသူရိန်မင်းခန့်ထံ မျက်နှာသုတ် ပဝါကို လှမ်းပစ်ပေးရင်း ရေချိုးခန်းထဲ ဝေယံ အတင်း ထိုးထည့်လိုက်ရသည်။ ဒါတောင် ရေချိုးခန်း တံခါးကို ပြန်ဖွင့်ပြီး အထဲက ခေါင်း ထိုးထွက်ကာ လာနောက်နေသေးသည်။
"ဒါ . . ယံ အရင် စတဲ့ ဇာတ်လမ်းလေ၊ ယံ စလိုက်ပေမယ့် ကျွန်တော် အဆုံးသတ်မှ ပြီးမှာနော် ဟင်း . . ဟင်း၊ မလွယ်ဘူးမှတ်"
"တော်ပါတော့ . ."
"ဟင့် . . အကျင့် ပုပ်လိုက်တာ"
ဝေယံ ခေါင်းအုံးဖြင့် လှမ်းထုလိုက်ရသည်။
အိပ်ရာ သိမ်းပြီးချိန် နေသူရိန်မင်းခန့် ဝတ်ဖို့ ဆာကူရာ ပင်တန်းများ အစုလိုက် ဆေးရိုက်ထားသော နံရံကပ် အဖြူရောင် ဗီရိုထဲမှ ဆွယ်တာ၊ အနွေးကုတ်နှင့် ဘောင်းဘီရှည်များ ထုတ်ကာ ခုတင်ပေါ် ဝေယံ တင်ပေးထားလိုက်သည်။
တက္ကသိုလ် ဆောင်းဦး ဖက်ရှင်နှင့် သင့်တော်သည့် အပြင်အဆင်များ ဖြစ်သော နာရီ၊ မာဖလာနှင့် စုံတွဲ ဆင်တူ လက်စွပ်ကိုတော့ ဘူးကလေးများဖြင့် သေချာစွာ ဝေယံ ထားပေးခဲ့သည်။ ဟန်းဖုန်းနှင့် Laptop ကွန်ပျူတာကို နေသူရိန်မင်းခန့် ဘယ်တံဆိပ် ကိုင်သလဲ ဝေယံ သေချာ မသိ။ ဂျပန် နိုင်ငံထုတ်ကို ကိုင်သလား။ အမေရိကန် နိုင်ငံထုတ်ကို ကိုင်မလား။ သူ မရေရာတာမို့ မထုတ်ပေးဖြစ်တော့။
အားလုံး ပြီးမှ နေသူရိန်မင်းခန့်ကို ဝေယံ အသိပေးလိုက်သည်။
"အဝတ်အစားတွေ ထုတ်ပေးထားတယ် . . သူရိန်၊ ရေကို အရမ်း အကြာကြီး မချိုးနဲ့နော်၊ အအေးပက်မယ်"
"အိုကေ . . ယံ"
ဝေယံ အောက်ထပ်ကို ဆင်းသွားတော့ ကြောင်ကလေး နှစ်ကောင်ပင် နိုးနေပြီ။ ရွှေဝါရောင် အထီးလေးက ဧည့်ခန်းမှာ ဝပ်လျက် မှန်နံရံမှ ဖြာကျလာသော နေရောင်ခြည်ကို ခံယူကာ နေပူစာ လှုံနေသည်။ မီးခိုးဖျော့ အဖြူစပ် ကြောင်မလေးကိုတော့ ဆိုဖာမှာ ချည်လုံး တစ်လုံးနှင့် ဆော့ကစားနေတာ ဝေယံ တွေ့ရသည်။
"အိုဟားယိုး ဒီဒီစံ"
ကြောင်ထီးလေးက ညောင် ဟု အော်ကာ နှုတ်ဆက်သည်။
"အိုဟားယိုး ဂျင်းနီ"
အမလေးက နည်းနည်း ချေသည်။
အသိအမှတ်ပြုရုံ တစ်ချက်သာ ကြည့်သည်။
ကြောင်ကလေးတွေနှင့် ပတ်သက်ပြီး ဝေယံ စိတ် ကျေနပ်ရသော အချက်က လူ စကား အတော်အတန် နားလည်ခြင်း ဖြစ်သည်။
ဝေယံ တံခါး ဖွင့်လျက် မီးဖိုခန်းထဲသို့ ဝင်လိုက်သည်။
ယနေ့အတွက် သူ ပြင်မည့် ဟင်းလျာများက ဂျပန် လူမျိုးတွေ အများဆုံး စားတတ်သော ရိုးရိုးရှင်းရှင်း မနက်စာ ဖြစ်သည်။ အရင်ဆုံး ထမင်းအိုး တည်သည်။ ကြက်ဥလိပ်နှင့် Tsukemono ဆားရည်စိမ် သနပ်အချဉ်ကို နောက်မှ လုပ်ဖို့ ဝေယံ စဉ်းစားသည်။
နေသူရိန်မင်းခန့် ရေချိုး အဝတ်အစား လဲပြီး အောက်ထပ်သို့ ဆင်းလာချိန်တွင် ဆော်လမွန် ငါးကင်ပင် ဝေယံ ကင်လို့ ပြီးသွားပြီ။ ထမင်း စားပွဲတွင် နှစ်ယောက်စာ ပန်းကန်ပြား၊ ဇွန်း၊ တူနှင့် ကြွေ ပန်းကန်လုံးများ ချခင်းထားသည်။
အိစက်စက် ပဲပြား တုံးငယ်များနှင့် စားချင်စဖွယ် ပြင်ဆင်ထားသော မီဆို ရေညှိ ဟင်းရည်က ကြွေ ပန်းကန်လုံး ကိုယ်စီနှင့် ထမင်းစားပွဲ တစ်ဖက်တစ်ချက်စီမှာ ရှိနေသည်။ အပေါ်၌ စိမ်းရင့်ရောင် ကြက်သွန်မြိတ်ကလေးများက ရေညှိဖတ်များနှင့် အတူ ဝေ့ဝဲနေသည်။ ဘေးနားတွင် စေးကပ်သော ထမင်းဖြူ ပန်းကန် နှစ်ချပ်က အငွေ့ ဖြိုင်ဖြိုင် ထလျက်။
သို့ရာတွင် စားပွဲထက်မှာ ဟင်းပွဲများ မတည်ခင်းရသေး။
တံခါးကို တွန်းဖွင့်လျက် မီးဖိုခန်းဆီ နေသူရိန်မင်းခန့် ဝင်သွားလိုက်သည်။
"ဘာတွေ ချက်နေတာလဲ ယံ"
"ကြက်ဥလိပ် ခေါက်နေတာ၊ ရတော့မယ်"
နေသူရိန်မင်းခန့် ဝေယံ အနား သွားရပ်ကာ ပြင်ဆင်လက်စ ပန်းကန်ပြားဆီ လှမ်းကြည့်လိုက်သည်။ ကြက်ဥလိပ်မှာ အဝိုင်းသဏ္ဌာန် ဖြစ်ပြီး အထဲ၌ မုန်လာဥနီနှင့် အစိမ်းရောင် အရွက်ကလေးများ ပါသည်။
"သူရိန် အချိန် ရရင် စင်ပေါ်က ဟင်းပွဲတွေ ထမင်းစားပွဲပေါ် သွားထားပေးပါ့လား"
ဝေယံ စကား အဆုံး အနားရှိ စင်ပေါ်သို့ နေသူရိန်မင်းခန့် လှမ်းကြည့်မိသည်။ မီး ကင်ထားသော သံပရာသီး အခြမ်းများဖြင့် အလှဆင်ထားသည့် ဆော်လမွန် ငါးကင်က စင် အလယ်၌ ခန့်ခန့်ကြီး ရှိနေသည်။ ထိုမျှမက သင်းပျံ့သော ငရုတ်ကောင်းနံ့များပါ မွှေးကြိုင်နေလေ၏။
နံဘေးက ပန်းကန်လုံးငယ်ထဲတွင် အရောင်စုံ အသုပ်လို ဖြစ်နေသော Tsukemono ဆားရည်စိမ် သနပ်အချဉ် ရှိသည်။ ခပ်စောင်းစောင်း အဝိုင်း ပုံစံ လှီးဖြတ်ထားသော ခရမ်းသီး၊ မုန်လာဥနီ၊ သခွားသီး၊ မုန်လာဥဖြူနှင့် ကိုက်လန်တို့မှာ ဖြူနီဝါစိမ်း အရောင် အစုံအလင်ဖြင့် စားချင်လာအောင် ဆွဲဆောင်နေလေသည်။
မနက်စာလေးကို ဒီလောက်အထိ အပင်ပန်းခံ ပြည့်စုံ ကုံလုံအောင် ချက်ပြုတ်ပေးနေသော ဝေယံ့ကို ကြည့်ရင်း နေသူရိန်မင်းခန့် အူယားလာသည်။ စင်ပေါ်မှ ဟင်းပွဲများကို ယူပြီး ကမ်းပေးလာသော ဝေယံ ကျောပြင်ကို သူ စိုက်ကြည့်မိသည်။ အရမ်းကို ကျက်သရေ ရှိလွန်းနေသည်။
ရင်ဟိုက်သော ဆွယ်တာကို ဝတ်ထားပြီး သာမန်ထက် ကြီးနေသော အနွေးထည် ဆိုဒ်ကြောင့် ဆွယ်တာ အနားစများမှာ ပခုံးပေါ်အထိ လျော့တိလျော့ရဲ ဖြစ်နေသည်။ ခပ်တိုတို ဖြစ်နေသော ဆံနွယ်များကြောင့် ဖွေးဥလွန်းသော လည်တိုင်မှာ ရှင်းလွန်းနေသည်။
"ပန်းကန်တွေ ယူပါဦး"
ဝေယံ၏ ကျောနောက်မှ သိုင်းဖက်ကာ ဟင်းပွဲများကို နေသူရိန်မင်းခန့် လှမ်းယူလိုက်သည်။ ဝေယံ ငဲ့ကြည့်လာချိန် မျက်နှာကို ပခုံးပေါ် ဖျတ်ခနဲ မှီတင်မိသည်။ လည်တိုင်ကို နှုတ်ခမ်းများဖြင့် ထိရုံကလေး ထိမိချိန် သင်းခနဲ မွှေးပျံ့လာသော ရနံ့ တစ်ခု။
"အာ . . ဆောင်းဦးမှာတောင် ယံ့ဆီက ဆာကူရာ ပန်းရနံ့လေး ရတယ်၊ မွှေးလိုက်တာ"
"ယားတယ်၊ ဟင့် . . ဒီလို မလုပ်နဲ့လေ သူရိန်၊ ထမင်း စားရဦးမယ် မဟုတ်လား . ."
"ထမင်းထက် ယံ့ကိုပဲ စားချင်တာ"
ရယ်သံ သဲ့သဲ့ ကြားရသည်။ နေသူရိန်မင်းခန့် မျက်လုံးများ မဖွင့်ဘဲ ဝေယံ လည်တိုင်ကို နမ်းရှိုက်နေရင်းမှ ခပ်ဖွဖွလေး ကိုက်ခဲလိုက်သည်။ ချိုမြိန် သင်းမွှေးသော ရစ်မူးမှုကို ခံစားရသည်။
"အ . ."
တိုးညင်းသော ညည်းသံ။
လက်ထဲမှ ပန်းကန် လွတ်ကျမသွားအောင် နေသူရိန်မင်းခန့် မနည်း သတိထားလိုက်ရသည်။ ထိုအသံက သူ၏ ခံစားမှု အာရုံ အားလုံးကို လွှမ်းခြုံ ရစ်ပတ်သွားနိုင်ခဲ့သည်။ နေသူရိန်မင်းခန့် ပြန်လွှတ်ပေးချိန် ဝေယံ ပါးပြင် တစ်ခုလုံး နီရဲ ပူလောင်နေတာကို တွေ့ရသည်။
"အကျင့် မကောင်းတဲ့ ကောင်"
ချက်ချင်းပဲ စူစူပုပ်ပုပ် ရန်လုပ်သည်။
"ကြည့်ဦး . . ၊ သွေး ထွက်သွားပြီ"
လည်တိုင် အစပ်မှာ သွားရာ တစ်စွန်းတစ်စနှင့် သွေးစို့နေသည်။ နေသူရိန်မင်းခန့် အသာလေး ငုံကိုက်ခဲ့ရုံသာ။ ဒီလောက်လေး လုပ်မိရုံနှင့် ပွန်းပဲ့ ရောင်ကိုင်းသွားသည်။ ဝေယံ အသားအရေက သိပ်ကို နုဖတ်လွန်းတာပဲ။ သို့သော် နေသူရိန်မင်းခန့် ကျေနပ်သည်။
"ကျွန်တော် တောင်းပန်ပါတယ်"
"တောင်းပန်တယ် ဆိုပြီး ဘာလို့ ပြုံးနေတာလဲ၊ တော်ပြီ၊ မခေါ်တော့ဘူး"
နှုတ်ခမ်းက ကျေနပ် အပြုံးကို သူ အမြန် ဖယ်လိုက်ရသည်။
"နေပါဦး ယံရဲ့၊ ကျွန်တော် နမ်းတာ အဲ့ဒီလောက်အထိ နာသွားစေလို့လား"
"နာ . . မနာ သိချင်ရင် မင်း ကိုက်ခံကြည့်ပါ့လား"
"ရတယ်လေ၊ ယံ မကျေနပ်ရင် ပြန်ကိုက်ပေါ့"
နေသူရိန်မင်းခန့် ချက်ချင်းပဲ နှုတ်ခမ်း ထိုးပေးလိုက်သည်။
ဝေယံ မကျေမနပ် မျက်မှောင်ကြုတ်သွားတော့သည်။
"အရူးကောင်"
နေသူရိန်မင်းခန့် ခန္ဓာကိုယ်ကို ဝေယံ ပခုံးဖြင့် အသာ တိုက်လျက် အချိုပွဲ ပန်းကန် ဆွဲကာ ထမင်းစားပွဲဆီ စူစူအောင့်အောင့် လျှောက်သွားတော့သည်။ နောက်မှ ဟင်းပွဲများ သယ်လျက် ပြုံးစိစိ လိုက်လာသူက နေသူရိန်မင်းခန့်ပဲ ဖြစ်သည်။
စားပွဲမှာ ထိုင်ထိုင်ချင်း အချိုပွဲ ပန်းကန်ကို နေသူရိန်မင်းခန့် နံဘေးသို့ ဝေယံ ချပေးလာသည်။ အချိုပွဲအဖြစ် ဌက်ပျော်သီးနှင့် ကီဝီသီးများကို ခပ်ပါးပါး လှီးထားသည်။ တွဲဖက် သောက်သုံးနိုင်ရန် စိမ်းနုရောင် တောက်နေသော လက်ဖက်စိမ်း ရေနွေးက အဖြူရောင် ခွက်ငယ်ထဲ အခန့်သား ရှိနေသည်။ ခွက် နံဘေး၌ အမည်းရောင် ရေနွေး ခရားအိုးက အငွေ့ တလူလူ ထွက်လျက်။
"စာမေးပွဲ နီးပြီ မဟုတ်လား သူရိန်"
"ဟုတ်တယ်၊ ဘာလို့လဲ ယံ"
"ဒီကြားထဲမှာ လွတ်သွားတဲ့ စာတွေအတွက် စိတ်ပူလို့ပါ"
"နှစ်ပတ်စာလေးပါပဲ"
ရေညှိ ဟင်းရည်ကို ဇွန်းဖြင့် နေသူရိန်မင်းခန့် ခပ်သောက်လိုက်သည်။ ဟင်းရည်က အစ အရသာ ရှိအောင် ချက်ပြုတ်ပေးနိုင်သော ဝေယံ လက်ရာကို သူ မအံ့သြဘဲ မနေနိုင်။ အချဉ်လည်း အချဉ်။ အသုပ်လည်း အသုပ်မို့။ ပင်လယ်စာ ဖြစ်သော ဆော်လမွန် ငါးကင်ပင် သူ စားနေကျအတိုင်း အစပ်အဟပ် တည့်လွန်းသည်။ မွှေးကြိုင်ရုံမက ချိုမြနေတော့၏။
"စာ ပြပေးမယ့် သူလည်း ရှိတယ်"
"ဟုတ်လား၊ အဆင်ပြေသွားတာပေါ့"
ဝေယံ ကြက်ဥလိပ်ကို တူဖြင့် ညှပ်ကာ မစားဘဲ ဟိုရွှေ့ ဒီရွှေ့ လုပ်နေသည်။ သို့သော် အာရုံက ကြက်ဥလိပ်မှာ မရှိ။
"စာ ပြပေးမယ့် သူက ကောင်လေးလား၊ ကောင်မလေးလားဟင်"
ထိုမေးခွန်းကို မေးလိုက်မိတာ သူ မှားသွားမှန်း ဝေယံ ချက်ချင်း သိလိုက်သည်။ နေသူရိန်မင်းခန့် သူ့ကို ပြုံးကြည့်ရင်းမှ သူ တကယ် အတည် မေးနေမှန်း ရိပ်မိသွားသည့်အခါ နားမလည်သော မျက်လုံးများနှင့် တအံ့တသြ ငေးကြည့်လာတာကြောင့် ဖြစ်သည်။
"ယံ ဘာကို ပြောချင်တာလဲ၊ ကျွန်တော် နားမလည်ဘူး"
"ဟင့်အင်း . . ဘာမှမဟုတ်ပါဘူး၊ ထမင်း ဆက်စားပါနော်"
တကယ်တော့ ' စာ ပြပေးမယ့် သူ ရှိတယ် ' ဆိုသော စကားကို ကြားပြီး ဝေယံ ရင်ထဲ နေမထိ ထိုင်မသာ ဖြစ်သွားခဲ့သည်။ ထမင်းလည်း စားချင်စိတ် မရှိတော့။ ရင်ထဲ လှိုက်ဟာပြီး ပြည့်အင့်နေခဲ့သည်။ ဘာကြောင့်မှန်း သေချာ မသိပေမယ့် တိုကျို မပြန်ခင် မှာကြားသွားခဲ့သော အစ်မ မာယာဆူး၏ စကားတွေကြောင့်ပဲ ဖြစ်လိမ့်မည် ဟု ဝေယံ တွေးနေမိသည်။
"သဝန်တိုတာလား ယံ"
ဝေယံ တစ်ကိုယ်လုံး ပူရှိန်းသွားသည်။ စားလက်စ တူကို ပန်းကန်ပေါ် ချထားပြီး မျက်နှာချင်းဆိုင်ကို ရှေးရှုတော့ နေသူရိန်မင်းခန့်က နားလည်စွာ ပြုံးကြည့်နေသည်။
"ပြောပါဦး၊ အစ်မက ယံ့ကို ဘာတွေ ဂျင်း ထည့်သွားတာလဲ"
ကြည့်ဦး။
နေသူရိန်မင်းခန့် အားလုံး ရိပ်မိနေသည်။
"မမက ဘာမှ သိပ် မပြောပါဘူး၊ မင်းက တက္ကသိုလ်မှာ လူ သိများပြီး . . ကောင်မလေးတွေ တန်းတန်းစွဲ ဖြစ်တာမို့ သတိလက်လွှတ် မနေဖို့ပါ၊ မဟုတ်ရင် ဆွဲစားခံရလိမ့်မယ်၊ ဥထား တဲ့"
နေသူရိန်မင်းခန့် ဟက်ဟက်ပက်ပက် ရယ်မိသည်။
မာယာကတော့ အရောက်ကို ပို့တော့တာပဲ။
တစ်ခုတော့ ကောင်းသည်။
အချစ်နှင့် ပတ်သက်ပြီး အမြဲလိုလို ရှက်ရွံ့တတ်သော ကောင်လေးက ယခုတော့ သူ့အပေါ် မသိမသာ သဝန်တိုတတ်နေပြီ။ ဒီထက်ပိုပြီး ပွင့်လင်းသွားအောင် လုပ်ချင်ပါက အစ်မဖြစ်သူကို အိမ်သာ ခေါ်ထားရမလိုပင်။
"ဟုတ်လား၊ ပြီးတော့ရော . . ဘာတွေ ပြောသေးလဲ"
"ဂျပန်မှာ မိန်းကလေးတွေက လင်ယောကျာ်းကို ရိုသေ ကိုင်းရှိုင်းရတယ် တဲ့၊ အဲ့ဒါကြောင့် ဂျပန် လူမျိုးတွေရဲ့ လမ်းစဉ်ကို လိုက်ပြီး . . ကိုယ့်ယောကျာ်းကို ချစ်ခင် လေးစားဖို့ပါ"
"ဒါတော့ အစ်မ မှားသွားပြီ၊ လင်ယောကျာ်းကို ရိုသေ ကိုင်းရှိုင်းတယ် ဆိုတာ . . ဂျပန် လူမျိုးတွေရဲ့ ရှေးရိုးစွဲ ဝါဒ တစ်ခုပဲ၊ ပြီးတော့ . . ဒီအယူအဆက ဂျပန် မိန်းကလေးတွေအပေါ်ပဲ သက်ရောက်တယ်၊ ယံက ဂျပန် လူမျိုး မဟုတ်သလို မိန်းကလေး တစ်ယောက်ပါ မဟုတ်ဘူးလေ၊ အဲ့ဒါကြောင့် . . ကျွန်တော့်ကို ရိုသေ ကိုင်းရှိုင်းစရာ မလိုပါဘူး ယံ"
နေသူရိန်မင်းခန့်က လက်တွေ့ကျသူ ဖြစ်သည်။ စကား အဆုံး ဆုံးဖြတ်ချက် တစ်ခုကို ခိုင်မာစွာ ချလိုက်ပုံဖြင့် စားပွဲမှ ထရပ်သည်။ ထို့နောက် ဝေယံ ရှိရာသို့ လျှောက်လာကာ လက်ဖဝါးတို့ကို နွေးထွေးစွာ ဆုပ်ကိုင်သည်။
"အရေးကြီးဆုံးက . . ချစ်နေပေးဖို့ပဲ လိုအပ်တာပါ"
ဝေယံ စိတ်လက် ပေါ့ပါးစွာ ပြုံးနိုင်သွားသည်။
"ငါ့ဘဝမှာ အဓိပ္ပါယ် အရှိဆုံးက ရှင်သန်နေရတဲ့ နေ့ရက်တိုင်းမှာ မင်းကို ချစ်မြတ်နိုးနေရတာပါပဲ"
ဝေယံ ဝန်ခံမိချိန် လက်ဖမိုးကို ပင့်ယူရင်း နှုတ်ခမ်းများဖြင့် ကြင်နာစွာ နမ်းရှိုက်သည်။ စူးရှ တောက်ပသော မျက်လုံးများဖြင့် နေသူရိန်မင်းခန့် ခပ်စိုက်စိုက် ကြည့်နေတာကို ဝေယံ မြင်ရသည်။ ဖြည်းဖြည်းချင်း ဆွဲငင်ယူတော့မလို နှလုံးသား တစ်ခုလုံး တုန်တုန်ရီရီ နွေးပူလာခဲ့သည်။
"ဒါကို ယုံပါ၊ ကျွန်တော့် ဘဝရဲ့ ကျန်ရှိနေတဲ့ နေ့ရက်တိုင်းကို ယံနဲ့ အတူ ကုန်ဆုံးသွားမယ်၊ ကျွန်တော် အသက် ရှိစဉ် ကာလအထိ ယံ . . ၊ ယံ တစ်ယောက်တည်းကိုပဲ ချစ်မြတ်နိုးသွားမယ်"
ခံစားချက်များကို ဆွဲငင် ရစ်နှောင်နိုင်သော မျက်နှာထားမျိုးဖြင့် နေသူရိန်မင်းခန့် ပြောသည်။ နေမင်းကြီး အနီးသို့ ဝေယံ တိုးကပ်မိသွားသည်။ တစ်ဆက်တည်း နဖူးချင်းပါ ထိကပ်သွား၏။
"ငါ ယုံပါတယ်၊ ငါ့မှာ တွယ်တာစရာ . . တန်ဖိုးထားစရာ ဆိုလို့ မင်း တစ်ယောက်ပဲ ရှိတာလေ၊ မင်းသာ ခေါင်းညိတ်လိုက် . . ၊ ရေမြေ အဆုံးထိ လိုက်ဖို့ ငါ အဆင်သင့် ဖြစ်ပြီးသားပါ"
မနက်စာ စားချိန်က ဒီလို ပြီးသွားခဲ့သည်။
ရှစ် နာရီ ထိုးသွားပြီ ဖြစ်သည်။
နေသူရိန်မင်းခန့် တက္ကသိုလ် သွားခါနီးတော့ အိမ် တံခါးဝအထိ ဝေယံ လိုက်ပို့ကာ အနွေးကုတ်ကို ကိုယ်တိုင်ကိုယ်ကျ လိုက်ဝတ်ပေး ဖြစ်သည်။
ဆွယ်တာဖြူကို အောက်ခံထားလျက် အဖြူရောင် လှိုင်းတွန့်များဖြင့် အနား သတ်ထားသော ရွှေအိုရောင် အနွေးကုတ်ရှည်ကြောင့် ဆွဲဆောင်နိုင်လွန်းသော နေသူရိန်မင်းခန့်၏ ခန္ဓာကိုယ် အချိုးအစားမှာ ထင်းလွန်းနေသည်။ မြင့်မတ်လွန်းသော ခြေတံတို့က အနက်ရောင် စတိုင်လ် ဘောင်းဘီရှည်နှင့် လိုက်ဖက်လျက် ရှိသည်။
အေးလွန်းသော ဆောင်းလေညင်းကြောင့် ပန်းနုရောင် သန်းနေသော နှုတ်ခမ်းများကို နေသူရိန်မင်းခန့် ပိုင်ဆိုင်ထားရသည်။ အညိုရင့်ရောင် မျက်လုံးထက်တွင် ရှိနေသော မျက်ခုံးတို့မှာ လမိုက်ည တစ်ညလို နက်မှောင်နေပြီး ထင်ရှားလွန်းသည်။ နဖူး၊ မျက်ခုံးနှင့် မျက်ခမ်းစပ်တို့ကို လာဦးခိုက်သော ဆံနွယ်တို့မှာ ပိုးသား ပိတ်စ တစ်ခုလို အိစင်း နူးညံ့လျက်။
"ဆံပင်တွေတောင် ရှည်နေပြီ"
မျက်ခုံးပေါ် ရှိနေသော ဆံသား တချို့ကို ဝေယံ သပ်တင်ပေးလိုက်သည်။ တစ်ဆက်တည်း သင်းပျံ့သော မွှေးရနံ့ တစ်ခုပါ ရောပါလာတော့သည်။
"ဆံပင် စည်းမလား . . သူရိန်"
"အင်း . . ၊ စည်းပေးလေ ယံ"
အနွေးကုတ် လက်ရှည်၏ ကြယ်သီးကို ဖိတပ်နေရင်းမှ နေသူရိန်မင်းခန့် ဖြေသည်။
ဝေယံ ချက်ချင်းပဲ အနားရှိ ဝါနုရောင် ဆေးခြယ်ထားသော အထပ်သား သုံးထပ်စင်ဆီသို့ လျှောက်သွားကာ အံဆွဲကို ဆွဲဖွင့်လိုက်သည်။ ထို့နောက် ဘူးကလေးထဲမှ ခေါင်းစည်းကြိုး အနက်ရောင်ကို ထုတ်ယူပြီး နေသူရိန်မင်းခန့် ဆံပင်များကို သေသပ် ကြည့်ကောင်းအောင် စည်းပေးလိုက်သည်။
စည်းနှောင်ခံလိုက်ရသော ဆံစများကြောင့် နီရဲ ဖွေးဥသော နားရွက်ဖျားတို့ ပိုပြီး ထင်ရှားသွားသည်။ ထိုမျှမက ဆွယ်တာဖြူ အောက်မှ လည်တိုင်၏ ဆွဲဆောင်မှုပါ ပိုမို ပြင်းထန်လာတော့သည်။
"ကြည့်ကောင်းသွားပြီ၊ ဘာလို့များ ဒီလောက်အထိ ချောနေရတာလဲ"
"ယံ့အတွက်ပဲလေ"
နေသူရိန်မင်းခန့် အကြည့်က မလှမ်းမကမ်းရှိ နံရံတွင် ချိတ်ဆွဲထားသော စက်ဝိုင်းပုံ မှန်ထက်၌။ မှန်ထဲမှ ပုံရိပ်ကို မိန့်မိန့်ကြီး ပြုံးကြည့်ရင်း အတော်လေး မနောခွေ့နေပုံ ရသည်။
"ဒါ . . ငါ့ရည်းစားလေးပါလို့ ယံ ကြွားတိုင်း . . ယံ မျက်နှာ မငယ်ရအောင် ကျွန်တော် အရမ်းတွေ ချောပေးနေတာလေ"
ဝေယံ စိတ်ညစ်စွာပဲ ရယ်လိုက်မိသည်။
"ဟုတ်ပါပြီ၊ ကျောင်း ဆင်းရင်တော့ . . အိမ်ကို စောစော ပြန်လာနော်၊ တစ်ယောက်တည်း စောင့်နေရမှာ ဆိုတော့လေ . ."
"အဲ့ဒီအတွက်တော့ မစိုးရိမ်နဲ့၊ ယံ မပျင်းရအောင် အိမ်အကူ နှစ်ယောက် ခေါ်ပေးထားတယ်၊ ယံလည်း အဖော်ရ၊ ထမင်း ဟင်းချက် . . အိမ် သန့်ရှင်းရေးအတွက်ပါ ပူစရာ မလိုတော့ဘူးပေါ့၊ မှန်း . ."
လက်မှ နာရီကို နေသူရိန်မင်းခန့် တစ်ချက် ကြည့်သည်။
"ဆယ် နာရီလောက်ဆို သူတို့ ရောက်လာလိမ့်မယ်"
"ကောင်းလိုက်တာ၊ အရမ်း အလိုက်သိတာပဲ"
"ဒါပေါ့"
နေသူရိန်မင်းခန့် ဝေယံ့ကို ထွေးဖက်ရင်း နှုတ်ဆက် အနမ်းအနေဖြင့် နှုတ်ခမ်းများကို မက်မောစွာ နမ်းရှိုက်လာသည်။ မျက်လုံးများ မှိတ်ပြီး ထိုအနမ်းတို့ကို ကြည်နူးစွာ သူ ခံယူမိသည်။
ဤအခြေအနေက သိပ်ကို မြတ်နိုးစရာ ကောင်းလွန်း၏။
တန်ဖိုး ဖြတ်မရသော အချိန်ကာလလေး တစ်ခုပဲ ဖြစ်သည်။ သမားရိုးကျ တည်ဆောက်ထားသည့် နေ့ရက်တို့ကို ဖြတ်သန်းရင်း လက်ခံ ရရှိလာခဲ့သည့် ဘဝထဲက အမှတ်တရ တစ်ခုပဲ ဖြစ်သည်။
ထိုအမှတ်တရလေးကို ဝေယံ မေ့နိုင်မည် မဟုတ်ပါ။
~•~ S U N ~•~
10 / December / 2020
6 : 31 PM