"Ma ပေးပေး . . ၊ ကျွန်တော် သယ်မယ်"
ဒေါ်စန္ဒာခင် မယူလာသည့် လက်ဆွဲအိတ်ကြီးကို နေသူရိန်မင်းခန့် ဆွဲယူလိုက်သည်။ ထို့နောက် ဘီးနှင့် တွန်းလို့ ရသည့် ခရီးဆောင်အိတ်များနှင့် အတူ ကားနောက်ဖုံးထဲသို့ ထည့်လိုက်သည်။ အိတ် အားလုံးက ဝေယံ၏ အဝတ်အစားများနှင့် အသုံးအဆောင် ပစ္စည်းများ ထည့်ထားသော အိတ်များပဲ ဖြစ်သည်။
သတင်းစာထဲ ထည့်ပြီး အမွေ မဖြတ်ရုံတမယ် သားအဖြစ်မှ ပစ်ပစ်ခါခါ စွန့်လွှတ်လိုက်သော ခင်ပွန်းဖြစ်သူ ဦးဝေယံဟိန်းကြောင့် သူမ သား ဝေယံအောင်မှာ အိမ်တွင် ဆက်ပြီး နေဖို့ မဖြစ်နိုင်တော့။ ထို့ကြောင့် မတတ်သာသည့် အဆုံး သားငယ် ဖြစ်သည့် နေမင်းကြီးနှင့် ဂျပန်ကို ထည့်ပေးလိုက်ဖို့သာ ဒေါ်စန္ဒာခင် ဆုံးဖြတ်လိုက်ရသည်။ တကယ်တော့ သားဖြစ်သူကို သူမ မခွဲနိုင်သေး။
အိမ်ကြီးထဲမှ ထွက်လာသည့် ဝေယံ့ကို ကြည့်ရင်း ဒေါ်စန္ဒာခင် မျက်ရည် ဝဲမိသည်။ သူမ သားဟာ ငယ်ငယ်က ပြုစု စောင့်ရှောက်ခဲ့ရသော ကလေးလေး တစ်ယောက် မဟုတ်တော့။ မျက်စိ ရှေ့မှာတင် ကြီးပြင်းလာပြီး ချစ်ရသူနှင့် နိုင်ငံခြားကို သွားတော့မည့် လူကြီးလေး တစ်ယောက်ပင် ဖြစ်လို့နေပြီ။
ကိုယ် ချစ်သော သူနှင့် ပေါင်းဖက်ပြီး တစ်အိုးတစ်အိမ် ထူထောင်နိုင်ခြင်းအပေါ် သားဖြစ်သူအတွက် သူမ ဝမ်းသာမိပေမယ့် ရေခြားမြေခြားကို ထွက်ခွာပြီး မိသားစုနှင့် အပြီးတိုင် ခွဲခွာရခြင်းအတွက်တော့ ဒေါ်စန္ဒာခင် ဝမ်းနည်းရသည်။
"ကျန်းမာရေး ဂရုစိုက်နော် သားယံ၊ ပြီးတော့ . . ဟိုမှာ လိမ်လိမ်မာမာ နေပါ၊ တစ်ပတ် တစ်ခါတော့ မေတို့ဆီ ဖုန်းဆက်ဖို့ မမေ့နဲ့ . . ဟုတ်ပြီလား"
"ဟုတ်ကဲ့ မေ"
"သား Pa ကိုရော နှုတ်ဆက်ပြီးပြီလား"
"ဟုတ်၊ ဒါပေမယ့် Pa က သားကို ထွက်မတွေ့ဘူး၊ အဲ့ဒါကြောင့် စာကြည့်ခန်း အပြင်ကပဲ ကန်တော့ပြီး နှုတ်ဆက်ခဲ့တယ်"
"ဟုတ်ပါပြီ၊ ဟုတ်ပါပြီကွယ်"
ဦးဝေယံဟိန်းမှာ သားဖြစ်သူအပေါ် ရက်စက် စိမ်းကားနိုင်သလောက် ဒေါ်စန္ဒာခင်မှာတော့ သူမ သားအပေါ် သံယောဇဉ် မပြတ်နိုင်သေး။ သို့ရာတွင် သားနှင့် အတူ ဂျပန် နိုင်ငံကို လိုက်သွားမည့် သူမှာ တခြားသူ မဟုတ်ဘဲ နေမင်းကြီး ဖြစ်နေတာကြောင့် သူမ စိတ်ချမိသည်။
"သားကို လေဆိပ်အထိ မေ လိုက်မပို့တော့ဘူးနော်"
"ဟုတ်ကဲ့ မေ၊ ဒါဖြင့် သား သွားတော့မယ်"
"နေမင်းကြီးရော ဂရုစိုက်နော်"
နေသူရိန်မင်းခန့် ပြုံးပြလျက် ခေါင်းညိတ်လိုက်သည်။
"ကားကို ဖြည်းဖြည်း မောင်းခိုင်းပါ"
"ဟုတ်ကဲ့ Ma"
ထို့နောက် သူတို့ နှစ်ဦး စီးနင်းလိုက်ပါလာသော ကားကလေးက သိပ္ပံ လမ်းမကြီးမှ ထွက်ကာ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ တဖြည်းဖြည်း ချဉ်းကပ်လာခဲ့သည်။
ကား ပြတင်းပေါက်မှ လှမ်းမြင်ရသော ပတ်ဝန်းကျင်က အလင်း မရှိတော့။ မှောင်ရိပ်သန်းနေပြီ။ ကောင်းကင်မှာ ကြယ်ကလေးများပင် ထွက်ပြူစ ပြုနေပြီ ဖြစ်သည်။ အနောက် အရပ်မှာတော့ ခုံးမျက်စ သုံးရက် လကလေးကို တွေ့နိုင်သည်။
ညဘက် မိုးချုပ်နေပြီ ဖြစ်၍ လူတိုင်း လူတိုင်း အိမ် ပြန်ဖို့ အလျင်လိုနေကြသည်။ လမ်းပေါ်မှာ ကားတွေ အနှေးပြကွက်ဖြင့် သွားနေကြသည်။ ဆိုင်ကယ် တချို့က စီတန်းနေသည့် ကားများကို ကျော်ဖြတ်လျက်။ ဆူညံကာ လမ်းသွား လမ်းလာများနှင့် လှုပ်ရှား သက်ဝင်နေသော ည တစ်ညပင် ဖြစ်တော့သည်။
သို့ရာတွင် မထင်မှတ်ဘဲ ဝေယံတို့
ကားပါ ကားတန်းကြီးထဲ စီတန်းလိုက်ရသည်။
"ကျွန်တော်တို့ Slow Motion နဲ့ ကား စီးရတုန်းလေး ယံ့ကို တစ်ခုလောက် ပြောဦးမယ်"
နေသူရိန်မင်းခန့် စကားကြောင့် ကားလမ်းမကြီးကို ငေးကြည့်နေရင်းမှ နေမင်းကြီး ရှိရာသို့ ဝေယံ လှည့်လိုက်သည်။
"အရင် ဂျပန်ကို အလည်လာတုန်းက . . ယံ နေသွားတဲ့ ကျွန်တော့် အခန်းကို မှတ်မိသေးလား"
"အင်း . . မှတ်မိတယ်လေ၊ ဘာဖြစ်လို့လဲ"
"အခု အဲ့ဒီအခန်းကို ယံ နေခဲ့တုန်းက ပုံစံအတိုင်း တစ်ထေရာတည်း တူအောင် ပြန်ပြင်ထားတယ်၊ အားလုံးကို ယံ သဘောကျတဲ့ ဆာကူရာ အသုံးအဆောင်တွေနဲ့ ဖြည့်ပြီး Decoration ဆင်ထားပေးတယ် . . သိလား"
"ဟုတ်လား၊ သိပ် လှမှာပဲနော်"
"တကယ်ဆို . . ယံ ထည့်လာတဲ့ အင်္ကျီတွေကိုတောင် ဂျပန်အထိ အလေးခံပြီး သယ်နေစရာ မလိုဘူး၊ ဟိုမှာ အစ်မက ယံ ဝတ်ဖို့ ခေါင်း အစ၊ ခြေ အဆုံး . . လိုလေသေး မရှိအောင် အဝတ်အစား အားလုံး ကြိုဝယ်ပြီး အဝတ်ဗီရိုထဲ အပြည့် ထည့်ထားပြီးသား . . ၊ နောက်ပြီး ကျွန်တော် တက္ကသိုလ် သွားတဲ့အခါ ယံ မပျင်းဘဲ အဖော် ရအောင်ပါ . . ကြောင်မလေးနဲ့ ကြောင်ထီးလေး တစ်ကောင် ဝယ်ပြီး မွေးထားပေးသေးတယ်"
"မမကတော့ တကယ် အပင်ပန်းခံတာပဲ၊ အားနာဖို့ ကောင်းလိုက်တာ၊ ဂျပန်ကို ရောက်ရင် မမအတွက် တစ်ခုခုတော့ သေချာပေါက် ပြန်လုပ်ပေးရမယ်၊ Pa က ပြောဖူးတယ်၊ တစ်ပါးသူ ပေးတဲ့ ပစ္စည်းကို အလကား မယူကောင်းဘူး တဲ့"
ရယ်မောသံ တချို့နှင့် အစ်မဖြစ်သူကို အားနာစရာ မလိုဖို့ နေသူရိန်မင်းခန့် ပြောလာသည်။ မာယာ ကိုယ်တိုင်က ဝေယံ့အတွက် ရက်ရက်ရောရောနှင့်ကို ဝယ်ပေးကြောင်း၊ သူမက သကြား မေမေ ဖြစ်ကြောင်း စသည်တို့ကို ရေပက်မဝင် ပြောသည်။ သို့သော် နေသူရိန်မင်းခန့် ပြောလာသည့် စကားတို့ကို ဝေယံ ကြား တစ်ချက်၊ မကြား တစ်ချက်။
သူ ကြားရတာက ဦးဝေယံဟိန်း၏ စကားများ။
ငယ်စဉ်မှ စကာ အရွယ် ရောက်သည်အထိ ဆုံးမခဲ့သော စကားများ။
သူ နားထောင် လိုက်နာချိန်တိုင်း ဖခင် မျက်နှာထက် အပြုံးပန်းတွေ ဝေနေခဲ့သည်။
သို့ရာတွင် ဝေယံ နောက်ဆုံး မြင်ခဲ့ရသော ဖခင် မျက်နှာမှာ . . ။
"ယံ လာမယ်ဆို အစ်မက တိုကျို အိမ်ကို ပြန်တော့မှာလေ၊ အဘွားကိုပါ ခေါ်သွားမယ် ထင်တယ်"
"သြော် . . ၊ ဟုတ်လား"
ဝေယံ အသိဝင်ချိန် နေသူရိန်မင်းခန့်၏ နောက်ဆုံး စကားကိုသာ ကြားလိုက်ရသည်။ ခေါင်းညိတ် ပြုံးပြရုံသာ တတ်နိုင်ခဲ့သည်။
မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် လူ မများလှ။ ညဘက် မိုးချုပ်နေပြီ ဖြစ်၍ လူ အသွားအလာ ကျဲပါးနေသည်။ တောက်ပသည့် လျှပ်စစ် မီးရောင်များက ခန်းမထဲ၌ လင်းထိန် စူးရှလျက် ရှိသည်။ သို့ရာတွင် ကောင်းကင်ရှိ ရောင်စုံ ကြယ်ကလေးများ၏ အလင်းဓာတ်ကို မမီ။ သေချာတာက ခမ်းနား ထည်ဝါသော ညချမ်း တစ်ခုက သူတို့၏ ထွက်ခွာမှုကို စောင့်ကြည့်နေပုံ ရသည်။
နေသူရိန်မင်းခန့် ကားနောက်ခန်းမှ ခရီးဆောင်အိတ်များကို ဆွဲထုတ်ရင်း ဝေယံနှင့် အတူ လေဆိပ် ခန်းမထဲသို့ လျှောက်လာခဲ့သည်။ လေဆိပ် ဧည့်ခန်းထဲသို့ ရောက်ရောက်ချင်း နေသူရိန်မင်းခန့် မြင်လိုက်ရသော မြင်ကွင်းက အဝတ်အစား ဆင်တူဖြင့် ဘေးချင်း ယှဉ်ရပ်နေကြသည့် အာကာဟိန်းထက်နှင့် မေ Scarlett တို့ မောင်နှမ နှစ်ယောက်ပဲ ဖြစ်သည်။
မေ Scarlett ဝတ်ထားသော ဝတ်စုံမှာ ဆောင်းရာသီတွင် ဝတ်ရသည့် ဝတ်စုံမျိုး ဖြစ်သည်။ အနက်ရောင်မှာ စိန်မှုန်လေးများ လက်နေသော သိုးမွေး အနွေးထည်နှင့် ဒေါနစိမ်းရောင် စကတ်ကျပ်ကျပ်လေးကို ဝတ်ထားသည်။ ဆံနွယ်ထက်တွင် စိမ်းနုရောင် သစ်ခွခက်များအား ပန်ဆင်ထား၏။
အာကာဟိန်းထက်မှာ ညီမဖြစ်သူနှင့် တစ်သားတည်း၊ တစ်ရောင်တည်း တူသော ခပ်စိမ်းစိမ်း ဆွယ်တာ အင်္ကျီလက်ရှည်နှင့် အကွက်စိပ်စိပ်ကလေးများ ပါသော မဟူရာ ဘောင်းဘီရှည်ကို ဝတ်ထားသည်။
နို့နှစ်ရောင် တီရှပ်လက်တို ပါးပါးလေးသာ ဝတ်ထားမိသော နေသူရိန်မင်းခန့်မှာ သူတို့ မောင်နှမ နှစ်ယောက်ကို ကြည့်ပြီး ဆောင်းညကြီးထဲ ကျစ်ကျစ်တောက်အောင် ပူအိုက်သွားတော့သည်။ ထို့နောက် သူတို့ လေးယောက် ခန်းမထဲ၌ မျက်နှာချင်းဆိုင် ဆုံမိကြ၏။
"မင်းတို့ မောင်နှမ နှစ်ယောက်ကို . . ဒီလို တွဲပြီး တွေ့ရတာ ကြည်နူးစရာ ကောင်းသားပဲ"
ဝေယံ နေသူရိန်မင်းခန့်ကို အံ့သြ နားမလည်သော မျက်လုံးများဖြင့် စိုက်ကြည့်လာသည်။ ဝေယံ မသိသေး။ အာကာဟိန်းထက်နှင့် မေ Scarlett တို့ နှစ်ယောက် မောင်နှမ ဖြစ်နေသည့် ပတ်သက် ဆက်နွှယ်မှုကို သူ မပြောပြရသေး။
"အဟမ်း . . မင်း ငါနဲ့ စကား ခဏ ပြောရအောင်"
အာကာဟိန်းထက် နေသူရိန်မင်းခန့် ပခုံးကို ရုတ်တရက် လာဖက်ကာ မလှမ်းမကမ်း နေရာသို့ ဆွဲခေါ်သွားသည်။ လှုပ်ရှားမှုက မြန်လွန်း၍ နေသူရိန်မင်းခန့် နားမလည်လိုက်။
"နေဦးလေ၊ ယံ တစ်ယောက်တည်း . ."
"ပူမနေစမ်းနဲ့၊ မင်း ရည်းစားက ကလေး မဟုတ်ဘူး"
"အား . . ငါ ပူတာ ယံ့ကို မဟုတ်ဘူး၊ မင်း ညီမကိုကွ"
အာကာဟိန်းထက်က ဆွဲလိုက်၊ နေသူရိန်မင်းခန့်က ရုန်းလိုက်ဖြင့် မထင်မှတ်ဘဲ ရုန်းရင်းဆန်ခတ် ဖြစ်သွားသော ကောင်လေး နှစ်ယောက်၏ စစ်အေး တိုက်ပွဲမှ အသံများက လေဆိပ် ဧည့်ခန်းထဲ ကျယ်လောင်စွာ ဆူညံနေသည်။ လေဆိပ်မှ ဝန်ထမ်းများပင် ထိုကောင်လေး နှစ်ဦးအား ထူးဆန်းသလို လိုက်ကြည့်နေကြသည်။ သို့ရာတွင် အာကာဟိန်းထက် ခေါ်ရာ နောက်သို့ နေသူရိန်မင်းခန့် ပါသွားရသည်။
ခန်းမထဲ၌ ဝေယံနှင့် မေ Scarlett တို့ နှစ်ဦးသာ တိတ်ဆိတ်စွာ ကျန်နေခဲ့၏။ ဝေယံ ရှေ့မှာ ရပ်နေသော မေ Scarlett မျက်နှာကို ငေးကြည့်လိုက်သည်။
သူမ စိတ်ဆိုးနေသလား။ သို့မဟုတ် စိတ်နာနေသလား။ မေ Scarlett မျက်နှာက ပြုံးမနေ။ သို့သော် စိတ်ဆိုး ဒေါသထွက်နေသော ဟန်လည်း မရှိ။ မတုန်မလှုပ် မဟုတ်သေး။ မျက်လုံးများမှာ ဝမ်းနည်း ကြေကွဲမှုများ ရှိနေသည်။ မျက်လုံးအိမ်၏ ဟိုးအတွင်း နက်နက်ဆီမှာ ထိရှ နင့်သည်းမှု တစ်မျိုး ရှိနေသည်။ ထိုအရာသည် နှလုံးအိမ်မှ မြစ်ဖျားခံလာပုံ ရ၏။
မေ Scarlett မျက်ဝန်းများက ကြည်လင်နေသော ကန်ရေပြင် တစ်ခုလို။ အောက်ခြေ အနက်ရှိုင်းဆုံးအထိ အရာအားလုံးကို ရှင်းလင်းစွာ လှမ်းမြင် တွေ့ရသည်။ သို့သော် သူမ အကြည့် လွှဲမသွား။ ခေါင်းငုံ့ မထား။ ဝေယံ မျက်လုံးများကို စိုက်ကြည့်လျက်။ သို့ရာတွင် သူမ မျက်လုံးများကို ပြန်ပြီး စိုက်ကြည့်ဖို့တော့ ဝေယံ မဝံ့ရဲ။
"ညီမကို အားနာနေတာလား ကိုကို"
မေ Scarlett ၏ ခပ်တိုးတိုး အသံ။
"ကိုယ့်ကိုယ်ကိုယ် အပြစ် မတင်ပါနဲ့၊ ဒါ ကိုကို့အမှား မဟုတ်ပါဘူး၊ ညီမရဲ့ မိုက်မဲမှုပါ၊ တကယ်ဆို . . ဇာတ်သိမ်းကို ကြိုမြင်နေပြီးသားပါ၊ ကိုကို ဖြစ်နေလို့ကို အမိုက်ခံပြီး ဆက်ချစ်နေခဲ့တာ"
မေ Scarlett စကားကြောင့် သူမအပေါ် ဝေယံ ဝမ်းနည်း စိတ် ဝင်သွားသည်။
"ကိုယ် စိတ်မကောင်းပါဘူး၊ ကိုယ် . . မင်းကို အများကြီး နစ်နာအောင် လုပ်ခဲ့မိတယ်၊ မိန်းကလေး တစ်ယောက်ရဲ့ ဂုဏ်သိက္ခာတွေ၊ ဣန္ဒြေတွေ . . အရှက်တရားတွေ၊ အထူးသဖြင့် မင်း နှလုံးသားကို ကိုယ် နာကျင်အောင် လုပ်ခဲ့မိတယ်၊ ဒါပေမယ့် ကိုယ် မင်းအတွက် ဘာမှ ပြန်မလုပ်ပေးနိုင်ခဲ့ဘူး၊ ဒီအတွက် . . မင်း ကိုယ့်ကို မုန်းချင်မုန်းနိုင်ပါတယ်၊ ကိုယ်က မင်း အချစ်နဲ့ မထိုက်တန်ပါဘူး"
သူမ ခပ်သဲ့သဲ့ ရယ်သည်။
နားဝင်ချိုသော ရယ်သံမျိုး ဖြစ်သည်။
စမ်းချောင်းကလေးဆီမှ ရေ တသွင်သွင် စီးသံနှင့် တောအုပ်၏ သဘာဝ တေးသွားသံတို့ နောက်ခံ ပေါင်းစပ်ထားသော ရယ်သံမျိုး ဖြစ်သည်။ တစ်ဆက်တည်းမှာပဲ ရင်ထဲကို စူးခနဲ ထိုးဖောက်စေနိုင်သော ပူဆွေး ညှိုးငယ်မှုတို့ ရောစွတ်၏။
"ညီမ ကိုကို့ကို ပို မုန်းချင်မုန်းလို့ ရပါတယ်၊ ဒါပေမယ့် လျှော့ချစ်ဖို့ကတော့ မဖြစ်နိုင်ဘူး၊ တကယ်လို့ . . ဘဝကို တစ်က ပြန်စလို့ ရရင်တောင် ကိုကိုနဲ့ ရင်းနှီးဖို့ကိုပဲ ညီမ ရွေးချယ်ဖြစ်လိမ့်မယ်၊ ဒဏ်ရာတွေ အထပ်ထပ် ဆိုပေမယ့် . . ရင်ထဲက နွေးထွေးတဲ့ အမှတ်တရတွေကိုတော့ ကိုကိုက လွဲပြီး ဘယ်သူမှ မပေးနိုင်ခဲ့ဘူးလေ၊ ညီမ ကမ္ဘာထဲ ကိုကို ရောက်လာခဲ့ဖူးတဲ့အတွက် ကျေးဇူးတင်တယ်"
"ကိုယ် မမျှော်လင့်ထားခဲ့ဘူး၊ မင်း ကိုယ့်ကို ဒီလောက်အထိ ချစ်လိမ့်မယ် ဆိုတာ . . ၊ မင်း ကိုယ့်ကို စွန့်လွှတ်ဖို့ တော်တော်လေး ခက်ခဲခဲ့မှာပေါ့နော်"
သူမ ခေါင်းညိတ်သည်။ လှုပ်ခတ်မှု အဆုံး နားဆွဲရှိ ကြယ်ပုံသဏ္ဌာန် ချူလေးမှ တချွင်ချွင် ထမြည်သည်။
"ဒါပေမယ့် ညီမမှာ ကိုကိုနဲ့ ပတ်သက်ပြီး လောဘ တစ်ခုတော့ ကျန်နေသေးတယ်၊ အဲ့ဒါက . . ညီမကို ကိုကို အမြဲတမ်း အမှတ်ရနေစေချင်တာ၊ ကိုကို့ ဘဝထဲမှာ ညီမ တည်ရှိခဲ့တယ် ဆိုတာ . . ၊ ကိုကို့ ဘေးမှာ ဒီလို ရပ်ခဲ့ဖူးတယ် ဆိုတာ . . ၊ ကိုကို အမှတ်ရနေပေးမှာလား၊ ကိုကိုသာ ညီမကို အမှတ်ရနေမယ် ဆိုရင် . . ဒီနာကျင်မှုတွေကို ခဝါချလိုက်ဖို့ ညီမအတွက် လုံလောက်ပါတယ်"
"မမေ့နိုင်စရာ အမှတ်တရတွေပဲ၊ ကိုယ် မေ့မှာ မဟုတ်ပါဘူး၊ သေချာပေါက် အမှတ်ရနေမှာပါ"
လင်းလက်လွန်းသော လျှပ်စစ် မီးရောင်များကြောင့် မေ Scarlett မျက်နှာကို ဝေယံ သေချာ မမြင်ရ။ သို့သော် အလင်းပြန်နေသော သူမ မျက်နှာမှ အပြုံးရိပ်ကိုတော့ သူ သေချာစွာ ခံစားလို့ ရနေသည်။
"ယံ . ."
မေ Scarlett တို့ အနားကို
နေသူရိန်မင်းခန့်နှင့် အာကာဟိန်းထက် ပြန်ရောက်လာသည်။
"အချိန်လင့်နေပြီ ဆိုတော့ သွားကြရအောင်လား"
"Check In ဝင်ခဲ့ပြီလား"
"အင်း . . ၊ အကုန် လုပ်ခဲ့ပြီးပြီ"
အာကာဟိန်းထက် စကားသံကို မကြားရတာမို့ အကဲခတ်ဖို့ မေ Scarlett နောက်သို့ လှည့်ကြည့်လိုက်သည်။
ခဏလောက် မျက်လုံးချင်း ဆုံသွား၏။ သူမ ရင်ထဲ ဒိန်းခနဲ ခုန်သွားကာ မလုံမလဲ ဖြစ်သွားသည်။ အစ်ကိုဖြစ်သူက သူမကို ငေးကြည့်နေသည်။ ထိုအကြည့်က သူမ ရင်ထဲမှ ဝေဒနာတွေကို မြင်နိုင်အောင် ခွဲခြမ်း စိတ်ဖြာနေသော အကြည့်ပဲ ဖြစ်သည်။ သေချာသည်။ သူမ ရင်ထဲက ခံစားချက် အားလုံးကို ရိပ်မိသွားလောက်ပါပြီ။
မေ Scarlett ချက်ချင်းပဲ မျက်လုံး လွှဲပစ်လိုက်ရသည်။
သို့ရာတွင် အာကာဟိန်းထက် အကြည့်များက သူမ မျက်လုံးထဲမှာ ထင်ရှားသော ပုံရိပ်တွေအဖြစ် စွဲထင် ကျန်ရစ်စေသည်။ သနား ကရုဏာသက်သော အကြည့်များပဲ ဖြစ်သည်။
"ကဲ . . ငါတို့ သွားတော့မယ်"
"ဟုတ်ပြီ၊ လုံခြုံတဲ့ ခရီး ဖြစ်ပါစေ"
မေ Scarlett သက်ပြင်း တစ်ချက် ချသည်။
သွားရမည့် လမ်းတွေ မတူညီသည့်အခါ သူမ ပေးနိုင်သော နောက်ဆုံး လက်ဆောင်မှာ အပြုံးနှင့် နှုတ်ဆက်ခြင်းပဲ ဖြစ်၏။
သူမ ပြုံးလျက် နှုတ်ဆက်လိုက်ပါသည်။
"ထပ်တွေ့ကြမယ်နော် ကိုကို"
သူမ အပြောကို ဝေယံ တစ်ချက် ခေါင်းညိတ်ပြီး နေသူရိန်မင်းခန့်နှင့် အတူ ခရီးဆောင်အိတ်များကို တွန်းလျက် ခန်းမထဲသို့ လျှောက်ဝင်သွားသည်။ နေမင်းကြီးက ခပ်ပြုံးပြုံးသာ။ နောက်ဆုံး နှုတ်ဆက်ချိန်မှာ သူမအား လှောင်ပြောင် သရော်သော အပြုံးမျိုးနှင့် မတုံ့ပြန်ခဲ့သည့်အတွက် နေသူရိန်မင်းခန့်ကို မေ Scarlett ဒုတိယအကြိမ် ကျေးဇူးတင်မိသည်။
အေးမြလှသော ဆောင်းဥတုက အမှောင် လွှမ်းတာနှင့် လူခြေတိတ်စပြုနေပြီပဲ ဖြစ်သည်။ ည ဆယ် နာရီခွဲသာ ရှိသေးပေမယ့် လေဆိပ်ထဲမှာ တကယ်ကို လူသွားလူလာ ရှင်းလင်းလွန်းနေပြီ။ သို့ရာတွင် သီချင်းသံ တိုးတိုးကို ရေဒီယိုမှ အေးအေးသက်သာ ဖွင့်ထား၏။
ဘယ်က လာသော သီချင်းသံလဲ သူမ မသိ။ ဘယ်သူ ဖွင့်ထားသော သီချင်း ဆိုတာလည်း သူမ မသိပါ။ သို့သော် ထိုသီချင်း စာသားများက သူမကို လွမ်းဆွေးစေတာတော့ မေ Scarlett သိသည်။
လမ်းခွဲချိန် နောက်ပိုင်းမှာ
ပင့်သက်တွေ ရှိုက်ရင်းသာ
ကိုယ်စီ ကြေကွဲလို့ နေရင်းနဲ့သာ
ဝမ်းနည်း နာကျင်ဆဲပါ
စည်း တစ်ဖက်မှာ ကျန်ခဲ့ရ
အချစ်ဟာ ဘဝအတွက် မလုံလောက်ဘူးလား
မေ Scarlett ရင်ထဲ တလက်လက် တုန်ရီလာသည်။
ဝမ်းနည်း နင့်သည်းစိတ်ကြောင့် ဖြစ်သည်။
"တစ်စုံတစ်ယောက်ကို အရမ်း ချစ်မိတဲ့အခါ အချစ်က ဖြူစင်တဲ့ မေတ္တာအဖြစ် ပြောင်းလဲသွားတယ်၊ မပိုင်ဆိုင်နိုင်ရင်တောင် မမုန်းရက်ဘဲ ချစ်ရသူအပေါ် မင်း အမြဲတမ်း ဂရုစိုက်နေဦးမှာ၊ ဒီမြတ်နိုးမှုကို ကိုရီးယားလို 정 လို့ ခေါ်တယ်"
အာကာဟိန်းထက် စကားသံက သူမ နားထဲသို့ ဖြည်းဖြည်းချင်း တိုးဝင်လာသည်။ မှန်နံရံ နောက်မှတစ်ဆင့် ဝေယံ၏ ကျောပြင်ကို သူမ မြင်နေရသည်။ အရာအားလုံး ဝေဝါးပြီး ထိုကျောပြင်လေး တစ်ခုတည်းကိုပဲ သူမ ထင်ရှားစွာ မြင်နေရသည်။
ထိန်လင်းစွာ . . ၊ တောက်ပစွာ။
နာကျင်စွာ . . ၊ နင့်သည်းစွာ။
မပိုင်ဆိုင်လိုက်ရသော အရာဟာ သိပ်ကို လှပနေတော့သည်။
မှတ်မှတ်ရရ လေဆိပ် ရှေ့က ပန်းခြံတွင် အဖြူရောင် ပွင့်သည့် ပန်းချုံပင်ကလေးများကို မေ Scarlett တွေ့ခဲ့ရသည်။ ပင်လုံးကျွတ် ဝေပြီး မြေပြင်မှာ ဖွေးဥစွာ ကြွေကျနေပုံက သိပ်ကို လှပလွန်း၏။
ထိုအချိန်က ဘာမှန်း မသိသော ယစ်မူးမှု တစ်ခုကို သူမ ခံစားခဲ့ရသည်။ တကယ်တမ်း လွမ်းဆွတ် ကြေကွဲမှု တစ်ခုသာ ဖြစ်မှန်း ယခုမှ မေ Scarlett ရိပ်စားမိတော့သည်။
မြင်လေရာ ပန်းပွင့်များ လွင့်ကြွေကျ
မြင်လေရာ လွမ်းဆွတ် သီချင်းများရဲ့ အပိုင်းအစ
အချစ်ကို ရှာတွေ့ချိန်မှာ လွဲချော်စေတဲ့ ကံတရား
တို့တွေ တကယ် ဝေးလို့ သွား
ဟိုးအဝေးမှာ ငြိမ်သက်စွာ ငေးကြည့်နေရုံလေးသာ
မှန်နံရံလေး တစ်ခု ကာဆီးထား
လူ တစ်ယောက်၏ ဘဝမှာ နာကျင်ရဆုံး အခိုက်အတန့် တစ်ခု ရှိလေသည်။ သူတို့၏ ကမ္ဘာ တစ်ခုလုံး လဲပြိုသွားချိန် သတိလက်လွတ် ငေးကြည့်နေရုံက လွဲပြီး ဘာမှ လုပ်နိုင်စွမ်း မရှိတော့သည့် အချိန်ကာလ တစ်ခုပဲ ဖြစ်သည်။
မှန်နံရံကြီးနှင့် ကပ်လျက်တွင် ဝေယံတို့ ရပ်နေကြသည်။ ဝေယံ၏ ခါး အထက်မှာ နေမင်းကြီး လက်ချောင်းများ မြဲမြံစွာ ရှိနေသည်။
မေ Scarlett ချက်ချင်းပဲ မျက်နှာ လွှဲပစ်လိုက်ရသည်။ ယခုအချိန်မှာ သူမ ခံစားလိုက်ရတာက ဟိုးအဝေးကြီးသို့ လွင့်ထွက်ကျသွားသော အခြေအနေ တစ်ခု။ သူမ လွင့်သွားပြီ။ အဝေးကြီးသို့ သူမ လွင့်ကျသွားပြီပဲ ဖြစ်သည်။
ထို့နောက် သူမ ရောက်ရှိသွားသော နေရာက . . အတိတ်။
ဝေယံနှင့် မေ Scarlett စတွေ့ချိန်က စာကြည့်တိုက်မှာ ဖြစ်သည်။ စာဖတ်နေသော ကောင်ကလေးကို သူမ မြင်မြင်ချင်း စွဲလမ်းခဲ့ရသည်။ မထင်မှတ်စွာ မိဘချင်း သိနေ၍ သူမ ဝမ်းသာခဲ့ရသည်။
မထင်မှတ်ဘဲ . . .
ညီမလေး ဖြစ်လာခဲ့သည်။
သူငယ်ချင်း ဖြစ်လာခဲ့သည်။
ဇနီးလောင်း ဖြစ်လာခဲ့သည်။
နောက်ဆုံး လက်တွဲဖော် တစ်ယောက် ဖြစ်ဖို့အထိ နီးစပ်ခဲ့သည်။ သူမ အနှစ်နှစ် အလလ မျှော်လင့်ခဲ့ရသော လက်ထပ်ပွဲကြီး တစ်ခု ဖြစ်လာခဲ့သည်။ သို့သော် ပျော်ရွှင် ကြည်နူးရသော သူမ အိပ်မက်ထဲ ဗြုန်းခနဲ ဆိုသလို မီးတောက်မီးလျှံများနှင့် အရှိန်အဟုန် ကောင်းစွာ ပြင်းပြ တောက်လောင်သော မုန်တိုင်းကြီး တစ်ခု တိုက်ခတ်သွားခဲ့သည်။
သူမ ကမ္ဘာကြီး ပြိုကျသွားတော့သည်။
အတိတ်က ပုံရိပ်များစွာ မနေ့ကလိုပါပဲလား
တို့တွေ နှလုံးသားမှာ သိမ်းဆည်းထား
ကြယ်တာရာများလည်း လင်းလက်စေသား
ငွေရောင် လမင်းလည်း ထွန်းလင်းစေသား
ချစ်သူရဲ့ ကောင်းကင်မှာ နတ် စီတဲ့ အိပ်မက်များ
စိတ် စေရာ ပြည့်စေသား
ကောင်းကင်မှာ ကြယ်မှုန်ကလေးများ ပြန့်ကျဲနေသည်။
နှင်းငွေ့ လွှမ်းသော လေဟာ အေးစက် ချမ်းမြလျက် ရှိသည်။
ချစ်ရသူ၏ ကျောပြင်ကလေး သူမ မျက်စိ အောက်မှ ပျောက်ကွယ်သွားသည်အထိ မေ Scarlett ရပ်ကြည့်နေခဲ့သည်။ ထိုမြင်ကွင်းကို သူမ လက်လွှတ်မခံချင်။ ဖြစ်နိုင်ပါက မျက်လုံးထဲမှာ ဓာတ်ပုံ ရိုက်ယူပြီး နှလုံးသားထဲအထိ သိမ်းဆည်းထားချင်သည်။
ဝေယံ အထဲသို့ ဝင်သွားပြီ။
နေမင်းကြီးနှင့် အတူ ဝင်ရောက်သွားပြီ ဖြစ်သည်။
မေ Scarlett ခံစားနေရသည်။
လက်လွှတ် ဆုံးရှုံးမှုကြီး တစ်ခုကို ခံစားနေရသည်။ ထို့နောက် နှင်းငွေ့ လွှမ်းသော သူမ ပါးပြင်ပေါ် မျက်ရည်များ လိမ့်ဆင်းကျသွားသည်။
ငယ်ငယ်က တန်ဖိုးထားပြီး သိမ်းဆည်းခဲ့ရသော အရုပ်ကလေး တစ်ရုပ် ရှိခဲ့ဖူးသည်။ အိမ်ကို အလည်လာသော ကလေး တစ်ယောက်အား ထိုအရုပ်ကလေး ပေးလိုက်ရတုန်းက ဖခင်ဖြစ်သူကို သူမ စိတ်ဆိုး စိတ်ကောက်ခဲ့ရဖူးသည်။ ယခု ခံစားချက်ကဖြင့် ထိုခံစားချက်ထက် အဆပေါင်းများစွာ ဆိုးဝါးလွန်းသည်။
ကိုယ် ပိုင်သည်၊ ကိုယ်နှင့် သက်ဆိုင်သည် ဟု ထင်ထားခဲ့သော အရာ တစ်ခုကို နောက်ဆုံးမှာ တခြားတစ်ယောက် လက်ထဲသို့ သူမ လက်ဖြင့် မေ Scarlett ကိုယ်တိုင် လိုလိုလားလား ထည့်ပေးလိုက်ရသည်။ ရင်ထဲမှာ ဖြေဆည် မရအောင်အထိ ထိရှ နာကျင်ရသည်။
မြင်လေရာ ပန်းပွင့်များ လွင့်ကြွေကျ
မြင်လေရာ လွမ်းဆွတ် သီချင်းများရဲ့ အပိုင်းအစ
ချစ်သူရဲ့ ကောင်းကင်မှာ နတ် စီတဲ့ အိပ်မက်များ
စိတ် စေရာ ပြည့်စေသား
ဟိုးအဝေးမှာ ငြိမ်သက်စွာ ငေးကြည့်နေရုံလေးသာ
မှန်နံရံလေး တစ်ခု ကာဆီးထား
သို့သော် ဒီအခြေအနေကို မေ Scarlett ကျေနပ်ပါသည်။
အချစ် ဆိုတာ ချစ်ရသူ ပျော်ရွှင်နေတာကိုပဲ မြင်ချင်သော အရာ တစ်ခု ဖြစ်သည်။ သူမ အချစ်ဟာ တကယ်ပဲ ဖြူစင်ခဲ့သည်။ ဝေယံအောင် ဆိုသော လူသားကို ချစ်တာထက် သူ့ကို ပျော်ရွှင်စေချင်သော သူမ စိတ်ကလေးကို ပို ချစ်ဖြစ်ခဲ့မှန်း နောက်ဆုံးမှာ မေ Scarlett နားလည်လိုက်ရသည်။
အစ်ကိုဖြစ်သူ အာကာဟိန်းထက်ကို မျက်ရည် ပြည့်သော မျက်လုံးများဖြင့် မေ Scarlett ပြုံးပြလိုက်သည်။ သူမ အနားမှာ အာကာဟိန်းထက် ရှိနေသော အချိန်များတွင် လုံခြုံ စိတ်ချမှုကို ခံစားရသည်။ နံဘေးတွင် နီးကပ်စွာ ရပ်နေပေးရုံနှင့်တင် နှစ်သိမ့်မှုတို့ ဖြာဝေရသည်။ အစ်ကိုဖြစ်သူက သူမအပေါ် ဒီလောက်အထိ လွှမ်းမိုးထားသည်။
"မျက်ရည် ကျနေပြန်ပြီလား၊ ကိုယ် မပိုင်ဘူးတာကို ဘာမက်စရာ ရှိလို့လဲ"
အာကာဟိန်းထက် အသံမှာ ခပ်တိုးတိုး။ သို့ရာတွင် နူးညံ့ နွေးထွေးမှု ရှိနေသည်။ သူမ ခေါင်း တစ်ချက် ခါယမ်းလိုက်သည်။
"ဟင့်အင်း၊ မေလေး ဘာမှ မမက်တော့ပါဘူး"
မေ Scarlett စကားပြောချိန် လောကကြီး တစ်ခုလုံး တိတ်ဆိတ် အေးချမ်းလျက် ရှိသည်။ တိုက်ဆိုင်စွာ သူမ ဖတ်ရှုခဲ့ဖူးသော စာသားလေး တစ်ခုကို မေ Scarlett သတိရမိသွားသည်။
ထိုစာသားဟာ ဘာမှမသိသေးသော သူအတွက် မိန်းမ တစ်ယောက်က ချစ်စရာ ကောင်းသည်။ နည်းနည်း သိထားသူ အဖို့တော့ မိန်းမ တစ်ယောက်က ကြောက်စရာ ကောင်းသည်။ အများကြီး သိသွားသူ၏ အမြင်မှာတော့ မိန်းမ တစ်ယောက်က သိပ်ကို သနားစရာ ကောင်းလွန်းသည် ဟူ၍ ဖြစ်သည်။
ဝေယံအောင်အတွက် သူမက ချစ်စရာကောင်း သူ ဖြစ်သည်။
နေသူရိန်မင်းခန့်အတွက် သူမက ကြောက်စရာကောင်း သူ ဖြစ်သည်။
သို့ရာတွင် သူမ အကြောင်းအား အလုံးစုံ သိနေသော အစ်ကိုဖြစ်သူ အာကာဟိန်းထက်အတွက်တော့ မေ Scarlett ဟာ သနားစရာ ကောင်းလွန်း သူ တစ်ယောက်သာ။
"အစ်ကို ပြောတာ မှန်တယ်၊ မေ့လို့ မရဘူး ဆိုတာ မရှိဘူး၊ မေ့ဖို့ အချိန် ဘယ်လောက် ယူရမလဲ ဆိုတာပဲ ရှိတယ်၊ မေ့မရလည်း ဘာဖြစ်လဲ၊ သတိရမိတဲ့အခါ ပြုံးနိုင်ရင် အဆိုးထဲက အကောင်း တစ်ခုပေါ့ . . မဟုတ်ဘူးလား"
"မင်း ဒီလို သဘောပေါက်သွားတာ ကိုယ် ဝမ်းသာပါတယ်၊ အခု အိမ် ပြန်ကြတော့မလား၊ ကိုယ် လိုက်ပို့ပေးမယ်"
မေ Scarlett ခေါင်းညိတ်ပြီး ဖြေလိုက်သည်။
ညဟာ ပို နက်သထက် နက်လာပြီ ဖြစ်သည်။
ဆောင်းလေအေးများက အေးစက်လျက် ရှိသည်။
အာကာဟိန်းထက် လက်မောင်းကို ချိတ်ရင်း ကြွေပြား ကြမ်းပြင်ပေါ် တည့်မတ်စွာ လျှောက်နေသော မေ Scarlett ခြေလှမ်းများမှာ လွတ်လပ်သွားသော ခံစား သိရှိမှု တစ်မျိုး ရှိနေသည်။ သူမ ခြေအစုံဟာ ကြွေပြားများနှင့် မထိလိုက်သလို ပေါ့ပါးနေ၏။
ယခု အချိန်မှာ သူမ ရင်ဝယ် ပိုက်ထားသော အသိဟာ တစ်ခုတည်းပါပဲ။ ချစ်ရသူ ဘာတွေပဲ ဆက်လုပ်နေပါစေ သူ့ကိုသာ ဆက်ချစ်နေဦးမည် ဆိုတာပဲ ဖြစ်သည်။
ဖြူဖြူစင်စင် . . ။
ပိုင်ဆိုင်လို စိတ် ကင်းမဲ့စွာဖြင့်။
သူမ အချစ်က ရယူလို စိတ် ကင်းမဲ့သွားပြီ ဖြစ်သည်။
ဝေယံအောင် ဆိုသော လူသားက မေ Scarlett အတွက် Evangeline ဖြစ်သည်။ သူဟာ သူမ ဘယ်တော့မှ မပိုင်ဆိုင်နိုင်သည့် လူ တစ်ယောက်သာ . . ။
သို့သော် ထိုအရာတွေကို မေ Scarlett ဂရုမစိုက်။
သူမ ဂရုစိုက်တာ . . .
ဝေယံအောင် ဆိုသော လူသားကို
ချစ်သည်။
ချစ်နေသေးသည်။
ချစ်နေဦးမည် ဆိုတာပဲ ဖြစ်သည်။
~•~ S U N ~•~
24 / November / 2020
4 : 29 PM