ဘုရားကျောင်း အလယ် လေဟာပြင် ကွင်းပြင်သို့ ထွက်လိုက်သည့် အချိန်တွင် အေးစက်သော လေက အာကာဟိန်းထက် မျက်နှာအား ဆီးကြို တိုက်ခတ်လိုက်သည်။ နင်းမိထားသော မြက်ခင်းပြင်တွင် ရွက်ကြွေ တချို့ ရှိနေသည်။ ရွက်ကြွေတို့က ရင့်သော အဝါ၊ နုသော အဝါ၊ အရောင်စုံ။ ကွင်းပြင် ဗဟို၌ ရှင်သန် ကြီးထွားနေသော အမျိုးအမည် မသိနိုင်သည့် သစ်ပင်အိုကြီးဆီမှ လာခြင်း ဖြစ်သည်။
အမိုး မပါသည့် ကွင်းပြင် ဖြစ်တာမို့ စင်္ကြံတစ်လျှောက် မြူငွေ့ပါးပါးဖြင့် အုပ်ဆိုင်းနေလေသည်။ ကောင်းကင် တစ်ခုလုံးက အနီရောင် တိမ်တို့ဖြင့် ပြိုလုလုဆဲ ဖြစ်သည်။
အာကာဟိန်းထက် အနားတွင် မေ Scarlett ရှိနေသည်။ မဟုတ်သေး။ သူမ အနားမှာ သူ ရပ်နေတာပဲ ဖြစ်သည်။ နှစ်ယောက်ကြားမှာ ရှိသင့်သော အကွာအဝေးထက် ပိုပြီး နီးကပ်သွားအောင် တိုးဝင်သူမှာ သူသာ ဖြစ်သည်။ မထင်မှတ်ဘဲ ယခုလည်း သူမ ဘေးမှာ အာကာဟိန်းထက် ရှိနေပြန်သည်။
"အစောပိုင်းက မင်း လုပ်ခဲ့တဲ့ လုပ်ရပ်ကို ကိုယ် မျှော်လင့်မထားခဲ့ဘူး၊ ဒီလို သတ္တိ ရှိတဲ့ ဆုံးဖြတ်ချက်ကို ရဲရဲဝံ့ဝံ့ ချနိုင်ခဲ့တာ ကိုယ် မင်းအတွက် ဝမ်းသာပါတယ်"
မေ Scarlett အာကာဟိန်းထက်ကို အပြုံးဖြင့် ငဲ့ကြည့်လာသည်။
သူမ ဝတ်ထားဆဲ ဖြစ်သော သတို့သမီး ဂါဝန်၏ အနားစွန်းတို့မှာ မြက်ခင်းပြင်တွင် ပုံကျလျက် ရှိသည်။ နှင်း ကျနေသော မြက်ခင်းစိမ်းစိမ်းပေါ် လိပ်ပြာတွေ အနားယူနေသည့် မြင်ကွင်း တစ်ခုနှင့်ပင် ဆင်တူနေတော့၏။
"စကား တစ်ခွန်း ရှိခဲ့တယ်၊ အခြား လူကို ပန်း ပေးတဲ့အခါ အရင်ဆုံး ကိုယ့်လက်မှာ ပန်းရနံ့တွေ ကျန်ရစ်သတဲ့၊ ဒါဟာ ချစ်ခြင်းမေတ္တာပဲ မဟုတ်လား"
ဒီလို စကားမျိုး သူမဆီမှ အာကာဟိန်းထက် မျှော်လင့်မထား။ သူ အံ့သြသွားသည်။ အနည်းဆုံး ရင်ထဲ ကမ္ဘာ ပျက်နေမည် ဟု ထင်ထားခဲ့တာ။ ယခုတော့ တည်ငြိမ်နေပါ့လား။
ရင့်ကျက်သွားသည် ဟု ပြောရမလား။
ဟန်ဆောင်ထားသည် ဟု ဆိုရမလား။
သူ မသိတော့။
"အို . . ဟုတ်တာပေါ့၊ စိတ်ရင်းနဲ့ လက်လွှတ်ပေးလိုက်တာဟာ အတင်းအကျပ် ဆုပ်ကိုင်ထားရတာလောက် နာကျင်မှာ မဟုတ်ဘူးလေ"
"ဒီလိုဆိုပေမယ့် . . မေလေး ပေးဆပ်လိုက်ရတဲ့ အဖိုးအခကတော့ သိပ်ကို များလွန်းတယ်၊ တစ်ဘဝလုံးစာပေါ့၊ လိုချင် မက်မောတဲ့ အရာ တစ်ခုကို ဘယ်တော့မှ ပြန်မရနိုင်တော့ဘူးလေ"
"ကိုယ် စိတ်မကောင်းပါဘူး၊ ဒါပေမယ့် တချို့ အရာတွေကို ဘယ်လိုမှ မရယူနိုင်တဲ့အခါ ကိုယ်တို့ တတ်နိုင်တာဟာ မေ့ပစ်တာပါပဲ"
"မေ့ပစ်ဖို့ ဆိုတာ ပြောသလောက် မလွယ်ကူပါဘူး၊ တချို့ အရာတွေက မေ့ချင်လေ ပို မှတ်မိလေ၊ ဦးနှောက်ထဲ . . နှလုံးသားထဲမှာ အမြစ်တွေ တွယ်နေခဲ့ပြီ၊ ဖယ်ထုတ်ဖို့ဆို နှလုံးသားကို သွေးစိမ်းရှင်ရှင် ယိုကျစေလိမ့်မယ်၊ ဒီအတိုင်းလေးပဲ ဖောက်ဝင်လာတဲ့ အမြစ်တွေရဲ့ နာကျင်မှု ဒဏ်ကို ရွေးချယ်တာက ပိုကောင်းမှာပါ"
သူမ အာကာဟိန်းထက်ဆီမှ မျက်နှာ လွှဲကာ ဘုရားကျောင်း စင်္ကြံ အထွက် တံခါးဝမှ ဆူညံစွာ စကားပြောရင်း ထွက်လာကြသည့် လူ တစ်စုကို ငေးကြည့်နေခဲ့သည်။ သူမ မျက်လုံးအိမ်မှ နာကျင် အက်ကွဲမှုဟာ အာကာဟိန်းထက်ထံသို့ ကူးစက်လာသည်။ မထင်မှတ်ဘဲ သူပါ ဝမ်းနည်းသွားသည်။
"နာကျင် ကြေကွဲစရာ ဖြစ်နေရင်တောင်မှပေါ့၊ ဒါ လူ့သဘာဝပဲ၊ မရနိုင်တာကိုမှ ချစ်မိကြတာကိုး"
"မေလေးရဲ့ အကြီးမားဆုံး အမှားက ကိုကို့ကို ချစ်မိတာ မဟုတ်ပါဘူး၊ ကိုကို ပြန်ချစ်လိမ့်မယ်လို့ ထင်ခဲ့မိတာ၊ အခု ကြည့်လေ . . ၊ ကိုကို့ကို ဆုံးရှုံးလိုက်ရပြီ မဟုတ်လား"
"တကယ်တော့ ဆုံးရှုံးတယ် ဆိုတာ ပိုင်ဆိုင်ဖူး သူတွေအတွက်ပါ၊ မင်း သူ့ကို ဘယ်တုန်းကမှ မပိုင်ဆိုင်နိုင်ခဲ့ဘူး မဟုတ်လား"
အာကာဟိန်းထက်၏ တိုးညင်းသော စကားက မေ Scarlett ရင်ထဲသို့ စူးနစ်စွာ ထိုးဖောက် ဝင်ရောက်သွားပုံ ရသည်။ သူမ သူ့ကို ကြည့်နေရင်းမှ မျက်တောင် နှစ်ချက်၊ သုံးချက် ခတ်သည်။ မျက်လုံးအိမ်မှာ မျက်ရည်တွေ စုအိုင်လာတာကြောင့် ဖြစ်သည်။ ထို့နောက် မျက်နှာကို အောက်သို့ ငုံ့စိုက်ပစ်လိုက်ရသည်။
အာကာဟိန်းထက် မေ Scarlett အနားသို့ ခြေ တစ်လှမ်း တိုးလာသည်။ အနက်ရောင် ဖိနပ်ထိပ်ပိုင်း တစ်စွန်းတစ်စကို သူမ မြင်ရသည်။ မျက်ရည်တွေကို သူ မသိအောင် ဘယ်လို သုတ်ရမလဲ စဉ်းစားနေချိန် လက်ကိုင်ပဝါ တစ်ခု ထုတ်ပေးလာ၏။ မြင်လွှာ အောက်သို့ ရောက်လာသော အနက်ရောင် နှင်းဆီပွင့် ပါသည့် လက်ကိုင်ပဝါခေါက်လေးကို မြင်လိုက်ရသည့်အခါ သူမ မော့ကြည့်လိုက်မိသည်။
ကြင်နာသော မျက်ဝန်းများကို တွေ့ရသည်။ ညီမ တစ်ယောက်အား နှစ်သိမ့်ပေးဖို့ အဆင်သင့် ဖြစ်နေသော အစ်ကို တစ်ယောက်၏ မျက်ဝန်းမျိုး ဖြစ်သည်။
"ချစ်ရသူနဲ့ အတူ နေတဲ့အခါ သူကသာ မင်းကို မချစ်ခဲ့ရင် ဒါဟာ ကံကြမ္မာဆိုးပဲ၊ တစ်ယောက် မျက်နှာ တစ်ယောက် မြင်နေရတာတောင် . . တစ်ယောက်တည်း ရှင်သန်ရသလို အဖော် မဲ့ပြီး အထီးကျန်ဆန်နေရလိမ့်မယ်၊ ဒါဟာ . . ကောင်းသော မပိုင်ဆိုင်ရမှုပါ"
"မှန်ပါတယ်၊ ကိုကို့ကို ဘယ်တုန်းကမှ မေလေး မပိုင်ဆိုင်နိုင်ခဲ့ဘူး၊ ဒါပေမယ့် ဆုံးရှုံးလိုက်ရတော့ အသည်းတွေ ကွဲမတတ် ရင်နာရတယ်"
တစ်ဖက်သတ် အချစ် ဟူသည် လူ တစ်ယောက်ကို မပိုင်ဆိုင်ရပါဘဲ ဆုံးရှုံးတတ်ပါ့လား ဆိုတာ မေ Scarlett သင်ယူလိုက်ရသည်။ ထို့နောက် ကမ်းပေးလာသည့် လက်ကိုင်ပဝါခေါက်လေးကို ယူကာ မဖြန့်ဘဲ ပါးပြင်ပေါ်က မျက်ရည်များကို သူမ သုတ်၏။
"လူတွေက သူတို့ ပိုင်ဆိုင်ခွင့် မရှိတဲ့ အရာတွေကို အမြဲတမ်းပဲ ချစ်မြတ်နိုးတတ်လား"
"အဖြေကို မင်း အသိဆုံးပါ"
သူမ ခပ်သဲ့သဲ့ ပြုံးသည်။
"လူတိုင်းက မင်းကို နာကျင်စေမှာပဲ၊ အဓိက အရေးကြီးတာ နာကျင်ဖို့ ထိုက်တန်သူကို ရှာတွေ့ဖို့ပဲ၊ ဒါကြောင့် . . ဆုံးရှုံးမှုကို လက်ခံပြီး ရှင်သန်သွားပါ"
လေပြည် တစ်ချက် ဝေ့ခနဲ တိုက်ခတ်လိုက်သည်။ ပန်းချုံပင်ကလေးများ ယိမ်းသွားကြသည်။ မယိမ်းယိုင်သည့် သစ်ပင်အိုကြီးက သစ်ရွက်ကလေးများအား အစွမ်းကုန် လှုပ်ရှားစေလျက် မေ Scarlett အား ကြည့်နေသည်။ သူမ တုံ့ပြန်မှုကို စောင့်နေသလို။ သို့သော် မေ Scarlett ဘာမှမပြောဖြစ်။
"ဘဝမှာ အခက်ခဲဆုံး ရွေးချယ်မှုက မင်း ချစ်မြတ်နိုးတဲ့ အရာတွေကို လက်လွှတ်ရတာပဲ၊ အဲဒါကိုသာ မင်း လုပ်နိုင်ရင် ကျန်တာတွေက လုပ်ဖို့ အလွယ်လေးပါ"
"ဟုတ်တာပေါ့၊ မေလေးက ကိုကို မပါဘဲ မွေးဖွားလာခဲ့တာလေ၊ ဒီတော့ ကိုကို မရှိလည်း ရှင်သန်နိုင်ရမှာပေါ့"
လိုအပ်တာကို မပိုင်ဆိုင်ရလည်း ဖြစ်သည် ဆိုတာ သူမ သဘောပေါက်သွားသည်။ ဘဝက စိတ်ကူးထဲကလို အမြဲ ဖြစ်မလာနိုင်ပေမယ့် အဆင်ပြေပါသည်။ သူမ ရွေးချယ်မှုကြောင့် ဘယ်လို အဆိုးတွေပဲ ရင်ဆိုင်ရ၊ ရင်ဆိုင်ရ သူမ ပျော်ရွှင်မှုထက် ချစ်ရသူ၏ ပျော်ရွှင်မှုကို ပိုလို့ အလေးထားခြင်းက အချစ်စစ် ဆိုတာမှန်း နောက်ဆုံးတော့ မေ Scarlett နားလည်ခဲ့ရပြီ ဖြစ်သည်။
"ပျော်ရွှင်ခြင်း တစ်မျိုးက ကိုယ် ချစ်တဲ့ သူကို ပေးဆပ်ခြင်းသက်သက်နဲ့ တစ်သက်လုံး ချစ်နေရတာပါပဲ၊ ရယူတာထက် ဖြည့်ဆည်းပေးလိုက်ရတာကြောင့် ဖြစ်တည်လာတဲ့ ပျော်ရွှင်မှုက မင်းရဲ့ စိတ်ဒဏ်ရာကို သက်သာစေပါလိမ့်မယ်"
"မျှော်လင့်ရတာပါပဲ၊ တစ်ခု ကောင်းတာက ခါးသီးတဲ့ အဆုံးသတ်တွေက အဆုံးသတ် မရှိတဲ့ ခါးသီးခြင်းတွေထက် ပိုလို့ အဆင်ပြေတယ် ဆိုတာပါပဲ၊ အနည်းဆုံးတော့ နှစ်ပေါင်းများစွာ ရင်ဝယ် ပိုက်လာခဲ့တဲ့ စွဲလမ်းမှု ဝင်္ကပါထဲက ရုန်းထွက်နိုင်ခဲ့တာပေါ့၊ ဒါပေမယ့် တစ်ခုတော့ စိတ်ပူတယ်၊ လူတွေကို မေလေး ထပ်ချစ်နိုင်ပါဦးမလား မသေချာတော့ဘူး"
အာကာဟိန်းထက် ပြုံးသည်။ စာ မရသည့် ကလေး တစ်ယောက်အား သေချာစွာ ရှင်းပြပေးတော့မည့် စိတ်ရှည်သော ဆရာ တစ်ယောက်၏ အပြုံးပဲ ဖြစ်သည်။
"မင်း အတွေးတွေ သိပ် လွန်နေပြီ ညီမလေး၊ လူသားတွေ ပိုင်ဆိုင်ထားတဲ့ နှလုံးသား ဆိုတာ ပြည့်သွားတတ်တဲ့ အရာဝတ္ထု တစ်ခု မဟုတ်ဘူးလေ၊ မင်း ပို ချစ်လေ အရွယ်အစား ပို ကြီးလာလေပဲ၊ မင်း ထည့်သလောက် နှလုံးသားက ဆံ့အောင် သိမ်းထားပေးနိုင်တယ်၊ မဟုတ်တောင် ဒီကမ္ဘာကြီးက အချစ်တွေ ကုန်ဆုံးသွားတယ်လို့မှ မရှိတာ၊ တကယ်လို့ အချစ်က မင်းဆီက ထွက်သွားခဲ့ရင်တောင် နောက်ထပ် အချစ်သစ်က မင်းဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာမှာ၊ ချစ်ခြင်းမေတ္တာကို မင်း ယုံကြည်နေဖို့ပဲ လိုတယ်၊ အခုတောင် . . မင်း အနားမှာ မင်းကို ချစ်တဲ့၊ မင်းက ချစ်တဲ့ မိသားစုတွေ၊ သူငယ်ချင်း . . ၊ မိတ်ဆွေတွေ ရှိနေသေးတာပဲ မဟုတ်လား"
အထက် ကောင်းကင်တွင် လှုပ်ရှားသွားသော အသံ တစ်ခု အာကာဟိန်းထက် ကြားလိုက်ရသည်။ လေတိုးသံ သဲ့သဲ့လား။ သစ်ရွက်များ ပွတ်တိုက် လှုပ်ခတ်သံလား။ မော့ကြည့်မိတော့ အထူးဆန်းဆုံး မြင်ကွင်း တစ်ခုကို မြင်လိုက်ရသည်။ ဝါနုနု အရောင် နောက်ခံတွင် ဖြူဆွတ်သော တရုတ်စကားပန်း တစ်ပွင့် ဝဲလည်၍ ဖြည်းညင်းစွာ ကျလာနေသည်။
ဘယ်ကလာသည့် ပန်းပွင့်များလဲ။
ဘယ်အပင်က လာတာများလဲ။
ကားစွင့်နေသော ပန်းကလေးက မေ Scarlett ဂါဝန်ပေါ်သို့ ကျသွားသည်။ ထိုခဏမှာပဲ အာကာဟိန်းထက် မျှော်လင့်မထားသော စကား တစ်ခွန်းကို ကြားလိုက်ရသည်။
"မေလေးကို ဒီလို နှစ်သိမ့် စကားတွေ ပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကို"
သူ ကြောင်အစွာ နေရာမှာ မြဲမြဲ ရပ်နေမိသည်။
အစ်ကို
အစ်ကို . . တဲ့လား။
အာကာဟိန်းထက် အံ့သြ ငေးမောမိသွားသည်။
"နောက်ဆုံးတော့ မင်း ကိုယ့်ကို လက်ခံပြီပေါ့"
သူမ အနည်းငယ် ပြုံးသည်။
"ဘာလက်မခံနိုင်စရာ အကြောင်း ရှိလဲ၊ မေလေးတို့က သွေး တစ်ဝက် ရောတဲ့ မောင်နှမတွေပဲလေ . . မဟုတ်လို့လား"
"ကိုယ်က မင်းအတွက်ဆို . . အကူအညီလေး တစ်ခု ဖြစ်ခွင့်ရရင်ကိုပဲ ကျေနပ်နေပါပြီ "
"အို . . မဟုတ်တာ"
"အို . . ဟုတ်တာပေါ့"
သူတို့ နှစ်ယောက်စလုံး ပြိုင်တူ ရယ်မောမိကြသည်။
စကားလုံးတွေနှင့် ဖော်ပြလို့ မရနိုင်သော ပျော်ရွှင်ခြင်း အမှတ်တရများဟာ နှလုံးသားထဲ၌ ဘယ်တော့မှ မေ့ဖျောက်လို့ မရနိုင်သည့် အဖိုးတန် ရတနာတွေပဲ ဖြစ်သည်။
အာကာဟိန်းထက် နှစ်လိုစွာ ပြုံးလိုက်မိတော့သည်။
~•~ ~•~ ~•~
မီးအိမ် အောက်က အမှောင်ဆုံးပဲ ဆိုသော ဆိုရိုး တစ်ခု ရှိ၏။
မီးအိမ်ဟာ ထွန်းလင်းထားသည့် အလင်းရောင် မှန်သမျှကို ဘေးဘီဝဲယာ အလုံးစုံသို့ မျှဝေ ဖြန့်ကျက်နိုင်ပေမယ့် အောက်ခြေ တစ်နေရာက အလင်း မရောက်နိုင်ဘဲ မှောင်ရိပ်ကျနေခဲ့သော အခြေအနေ တစ်ခု ဖြစ်သည်။ ထိုအခြေအနေက ယခု အနေအထားနှင့် သွား၍ ကိုက်ညီနေသည်။
ထို့ကြောင့် လူကြီးတွေ သတိမထားမိနိုင်လောက်သည့် ဘုရားကျောင်း ဝန်းကျင်နှင့် အနီးဆုံး ဖြစ်သော ဟိုတယ်သို့ ဝေယံ့ကို နေသူရိန်မင်းခန့် ခေါ်လာခဲ့သည်။ ယခု အခြေအနေအရ ဟိုတယ်က သူတို့ နှစ်ဦးအတွက် အလုံခြုံဆုံးနှင့် အန္တရာယ် အကင်းဆုံး နယ်မြေ ဖြစ်သည်။
ရောက်ရှိနေသော အခန်းက တံခါး အားလုံး ပိတ်ထားပြီး လေအေးပေးစက် တပ်ထားသည်။ မှန်ပြတင်းတို့ကို အဖြူရောင် ခန်းဆီး လိုက်ကာစ အထူဖြင့် ပိတ်ကာထားတာကြောင့် အပြင်က အလင်းရောင် သိပ် မရနိုင်။ လေအေးပေးစက်မှ ထွက်လာသည့် လေမှာ အေးမြရုံမက မွှေးပျံ့ လတ်ဆတ်နေ၏။
နေသူရိန်မင်းခန့် ပခုံးပေါ်မှ ကုတ်အနီကို ဆွဲချွတ်ရင်း ဆိုဖာပေါ်သို့ ပစ်တင်လိုက်သည်။ နေမင်းကြီးနှင့် လက်တစ်ကမ်း အကွာမှာ ဝေယံ ရပ်နေ၏။ ပုံစံက အနေခက်သလို၊ ကြောက်ရွံ့သလို။ အသက်ပြင်းပြင်း ရှူနေရတာတော့ အမှန်ပဲ ဖြစ်သည်။
နေသူရိန်မင်းခန့် ဝေယံ အနားသို့ နီးနီးကပ်ကပ် လျှောက်သွားလိုက်သည်။ ထို့နောက် ဗြုန်းခနဲ ဆိုသလို ခါးကို တင်းတင်းကျပ်ကျပ် ဆွဲဖက်ပစ်လိုက်သည်။
"သူရိန် . ."
ထိတ်လန့် စိုးရိမ်သော မျက်ဝန်းများဖြင့် တုန်တုန်ရီရီ မော့ကြည့်လာသည်။ နေပါဦး။ ဘာလုပ်မယ်လို့ ဝေယံ ထင်နေတာလဲ။
လက်ထပ်ပွဲ မတိုင်ခင်က အိမ်မှာ ဖြစ်ခဲ့သော အဖြစ်အပျက်။
မဟုတ်မှလွဲရော ထိုအရာကြောင့်များလား။ မရေရာပေမယ့် သေချာသွားအောင် နေသူရိန်မင်းခန့် စနောက်ချင်လာသည်။ ညစ်ကျယ်ကျယ် ပြုံးရင်း ဝေယံ၏ ပါး နှစ်ဖက်ကို အုပ်ကိုင် ဆွဲယူကာ နှုတ်ခမ်းများကို အငမ်းမရ နမ်းရှိုက်ပစ်လိုက်သည်။ ထင်ထားသည့်အတိုင်း ဝေယံ ရုန်းလာသည်။ သူ မဖယ်ပေး။
နှစ်ယောက်စလုံး အရှိန် လွန်ကာ ခုတင်ပေါ်သို့ ဝုန်းခနဲ မှောက်ရက်ကျသွားတော့သည်။ သို့သော် ဝေယံက နေသူရိန်မင်းခန့် အောက်မှာ။ လပြည့်ဝန်းလို ဝိုင်းစက်နေသော မျက်ဝန်းတို့မှာ အံ့သြရိပ်များ ရှိနေ၏။ အသက်ရှူသံတို့ပါ မြန်ဆန်လျက်။
"သူရိန်"
"ရှူး . ."
နှုတ်ခမ်းလွှာတို့ကို လက်ညှိုးဖြင့် ဖိကပ် တိတ်ဆိတ်ချိန် တစ်ခဏ ငြိမ်သက်သွားသည်။ တစ်ခဏပဲ ဖြစ်သည်။ သို့ရာတွင် ဝေယံ၏ နှုတ်ခမ်းတို့ကို သူ ဆက်ပြီး ငုံ့နမ်းမိသည်။
ပထမတော့ နူးညံ့စွာ၊ ကြင်နာစွာ . . ။
ထို့နောက် ပူလောင်စွာ၊ မွတ်သိပ်စွာ . . ။
ထို့နောက် ကြမ်းတမ်းသော အနမ်းတို့အဖြစ် ပြောင်းလဲစွာ . . ။
နေသူရိန်မင်းခန့် သိသည်။
သူ ထိန်းချုပ်မှု ကင်းမဲ့လွန်းနေသည်။
စနောက်မှု တစ်ခု အဖြစ် စတင်ခဲ့သော အနမ်း တစ်ပွင့်ဟာ ဘယ်တော့မှ လမ်းစ ရှာလို့ မရသော ဝင်္ကပါထဲသို့ ပစ်ချခံလိုက်ရသလို လမ်း ပျောက်သွားစေသည်။ သောက်လေ၊ သောက်လေ ငတ်မပြေသည့် ပင်လယ်ရေလို။ စားလေ၊ စားလေ မဝနိုင်သည့် နတ်သုဒ္ဓါလို။ ဒီနှုတ်ခမ်းတွေဟာ သူ၏ အသိစိတ် အားလုံးကို ပျက်စီးသွားစေသည်။
ဒီထပ်ပိုပြီး လိုချင်လာသည်။
ဒီထပ်ပိုပြီး အဆင့်တွေ ကျော်ချင်လာသည်။
သတို့သား ဝတ်စုံ ကုတ်အင်္ကျီ၏ ကြယ်သီးများကို တစ်လုံးချင်း ဖြုတ်ပြီး ဝေယံ၏ လည်တိုင်ကို မက်မောစွာ သူ နမ်းမိသည်။ တစ်ဆက်တည်းမှာပဲ နေသူရိန်မင်းခန့် လက်များက လျင်မြန်လွန်းသည့် မြွေ တစ်ကောင်လို ဝေယံ ခန္ဓာကိုယ်အနှံ့ အစုန်အဆန် ပြေးလွှားနေသည်။
ယခု ကိစ္စမှာ သူ၏ လိုအင်ဆန္ဒ တစ်ခုတည်းကို ဦးစား မပေးဘဲ ဝေယံ၏ ခံစားချက်ကိုပါ ထည့်စဉ်းစားဖို့ သူ ကြိုးစားပေမယ့် တကယ်တမ်း အားကောင်းလွန်းနေသည့် မသိစိတ်၏ လိုချင် တောင်းတမှုကို နေသူရိန်မင်းခန့် မကျော်လွန်နိုင်။
သို့သော် သူ တွေဝေနေချိန် မထင်မှတ်ထားသော တုံ့ပြန်မှု တစ်ခုနှင့် ကြုံလိုက်ရသည်။ ဝေယံက နေသူရိန်မင်းခန့် လည်ကုပ်ကို ဆွဲဖိပြီး နှုတ်ခမ်းများကို မက်မက်မောမော စုပ်ယူ ဝါးမျိုလာတာပဲ ဖြစ်သည်။ နေသူရိန်မင်းခန့် ခေါင်း တစ်ခုလုံး ပေါက်ကွဲထွက်တော့မလို။ ဝေယံက နှုတ်ခမ်းများကို မလွတ်တမ်း နမ်းရှိုက်နေသည်။
နေသူရိန်မင်းခန့်ကို ဝေယံ လိုချင် မက်မောသည် ဟူသော အသိက ရှိသမျှ အသိစိတ် အားလုံးနှင့် ထိန်းချုပ်မှုတို့ကို ချက်ချင်းလိုလို ပျက်စီးသွားစေသည်။
နေသူရိန်မင်းခန့် မျိုသိပ်မနေတော့။ ဝတ်ထားသည့် ရှပ်အင်္ကျီရှိ ကြယ်သီးများကို အဆုံးထိတောင် မဖြုတ်တော့ဘဲ အင်္ကျီကို ခေါင်းမှ ဆွဲချွတ်ပစ်လိုက်သည်။ ထို့နောက် ဝေယံ၏ ရှပ်အင်္ကျီ အနားစကို အားပါပါ ဆွဲဖြဲကာ လည်တိုင်၊ မေးဖျား၊ ပခုံးတို့ကို ဆာလောင်နေသူ တစ်ယောက်လို မွတ်သိပ်စွာ ဖိကိုက် စုပ်ယူသည်။
ဆက်တိုက်ဆိုသလို အနမ်းများအား ရင်ညွှန့် ရှိရာ အချိုင့်ကလေးမှ တစ်ဆင့် ညှပ်ရိုးတစ်လျှောက် ဖြည်းဖြည်းချင်း လျှောဆင်းလာခဲ့သည်။ နှုတ်ခမ်းများက ဖြူဖွေး နီဥသော ရင်ဘတ် အနီးသို့ ဆိုက်ကပ်လာချိန်မှာတော့ အသိစိတ်များ ထိန်းမရအောင်အထိ ကြမ်းလာခဲ့ပြီ ဖြစ်သည်။
"သူရိန်"
တိုးညင်း လှိုက်ခုန် မောပန်းသည့် အသံကလေး ဖြစ်သည်။
နေသူရိန်မင်းခန့် မော့ကြည့်လိုက်မိသည်။ မျက်ဝန်းများမှာ အဖြေ တချို့ ဖြတ်ပြေးနေ၏။ ဒီအဖြေကို သူ နားလည်သည်။ နေမင်းကြီးကို ခွင့်ပြုသည် ဆိုသော ကြည်ဖြူ တောင်းတသည့် လိုက်လျောမှု တစ်ခုပဲ ဖြစ်သည်။
"ချစ်တယ် ယံ"
နီမြန်းလျက် ရှိသော ဝေယံ၏ နားရွက်ဖျား အနား တိုးကပ်ရင်း နေသူရိန်မင်းခန့် ခပ်တိုးတိုး ဖွင့်ဟ ဝန်ခံမိသည်။ ထို့နောက် လက်ချောင်းတို့ကို ကျစ်လျစ် သေးသွယ်သော ဝမ်းဗိုက်မှ တစ်ဆင့် ပေါင်တံတစ်လျှောက် ခုန်ဆင်းလိုက်သည်။ အတွင်းပိုင်းအထိ တဖြည်းဖြည်း နီးကပ်လာချိန် ဆံပင်တွေထဲ ဝေယံ၏ လက်ချောင်းများ မသိမသာ တိုးဝင်လာသည်။
ထိုအချိန် . . ၊ ထိုအချိန်မှာပဲ။
အသံ တစ်ခု ကျယ်လောင်စွာ မြည်ဟိန်းသွားသည်။
တိတ်ဆိတ် လှိုက်မောနေသည့် အချိန်မှာ ဖြိုခွင်းလိုက်သော ဖုန်းသံ တစ်ခုပဲ ဖြစ်သည်။ နေသူရိန်မင်းခန့် ဒေါသစိတ်ဖြင့် တစ်ကိုယ်လုံး ပူလောင်သွားသည်။
ဖုန်းသံမှာ အလိုက် မသိဘဲ
ဆူဆူညံညံ ကျယ်လောင်စွာ မြည်တွန်နေဆဲ။
နေသူရိန်မင်းခန့် ဆိုဖာဆီ လျှောက်သွားပြီး ဖုန်းကို ချက်ချင်း ကောက်ကိုင်လိုက်သည်။
"ဘယ်က ကောင်လဲ"
"မင်း အဖေ"
စကားသံ အဆုံး မျက်လုံး ပြူးကာ ဖုန်း မျက်နှာပြင်ကို စိုက်ကြည့်မိသည်။ တစ်ဖက်က ခေါ်ဆိုသူ၏ အမည်ကို ကြည့်ခြင်း ဖြစ်သည်။
"အာ . . အိုတိုးစံ"
"ခွေးကောင်လေး . . ပြဿနာပေါင်း သောင်းခြောက်ထောင် ရှာပြီး မင်းက ဟိုတယ်မှာ သွားငြိမ့်နေတယ်ပေါ့ ဟုတ်လား"
ဒုတိယအကြိမ် မျက်လုံးက ပြူးခနဲ။
ရင်ပါ ထိတ်ခနဲ ခုန်သွား၏။
"ကျွန်တော် ဟိုတယ်မှာ ရှိနေမှန်း အိုတိုးစံ ဘယ်လိုလုပ်ပြီး သိတာလဲ"
"မင်းက ငါ့သားပါ၊ မင်း ဘယ်လို ခြေလှမ်းတွေ လှမ်းနေသလဲ ဆိုတာ ကြည့်ရုံနဲ့တင် မင်း ရှာတော့မယ့် ပြဿနာကို ကြိုမြင်ပြီးသား၊ နောက်ပြီး . . ဟိုတယ်မှာ တစ်သက်လုံး နေလို့ မရဘူး ဆိုတာ သိတယ်နော်၊ ရှောင်ပုန်း မနေဘဲ ဆက်ရမယ့် ဇာတ်လမ်းကို ဆုံးအောင် ဆက်ပြီးရင် ပြန်လာခဲ့ . . ၊ အိမ်မှာ လူကြီးတွေ စောင့်နေတယ်"
ဦးနေမင်းခန့် အသံမှာ ဒေါသရိပ် မပါ။ တင်းမာမှု မရှိ။ ဆိုလိုရင်းအား အကျိုးသင့် အကြောင်းသင့် နားလည်အောင် ပြောပြသည့် ဟန်ပန်မျိုး ဖြစ်သည်။ ထိုအပြုအမူကို ခံစားကြည့်ရုံနှင့်တင် ဖြစ်ပျက်သွားခဲ့သည့် ကိစ္စတွေအတွက် သားဖြစ်သူအပေါ် အပြစ် မတင်မှန်း သိသာစေသည်။
ဟုတ်ပါသည်။
ဖခင်ဖြစ်သူဟာ မကြာမကြာ ဆူပူ ကြိမ်းမောင်းတတ်တာက လွဲ၍ ဘယ်တုန်းကမှ နေမင်းကြီးကို အပြစ် မတင်ခဲ့။ ငယ်စဉ်ကတည်းက သူ ဖြစ်ချင်တာ မှန်သမျှကို ဖြည့်ဆည်းပေးသည်။ လိုချင်တာကို လိုက်လျောပေးသည်။ ထိုမျှမက အရာရာတိုင်းအတွက် သားဖြစ်သူ လက်ကို တွဲပြီး ရင်ဆိုင်ဖို့ အဆင်သင့် ဖြစ်နေသူ ဖြစ်သည်။
ယခုလို ချစ်ရသူကို မင်္ဂလာပွဲမှ ဆွဲခေါ်လာပြီး နှစ်ဖက် မိဘများအား မျက်နှာ ပျက်စေသည့်တိုင်အောင် နေသူရိန်မင်းခန့်အပေါ် နည်းနည်းလေးမှ စိတ်ဆိုး ဒေါသထွက်တာမျိုး မရှိခဲ့။ နေသူရိန်မင်းခန့် အကြီးကြီး ကျေနပ်သွားသည်။
"အာ . . အာ အရေးကြီးတာ တစ်ခု ကျန်သေးတယ်၊ မင်း ကောင်လေးနဲ့ ပတ်သက်ပြီး လက်လွန်ခြေလွန် လုပ်မလာနဲ့၊ ငါ ဘာကို ပြောချင်တာလဲ ဆိုတာ မင်း သိမှာပါ၊ ဝေယံ့ သားက မိန်းကလေးလို နုနုဖတ်ဖတ်နဲ့ . . ၊ တစ်ခုခု ဖြစ်သွားရင် ငါလည်း ကူနိုင်မှာ မဟုတ်ဘူး"
နေသူရိန်မင်းခန့် မျက်မှောင်ကြုတ်မိသွားသည်။
ခုတင်ပေါ် တစ်ချက် လှမ်းကြည့်တော့ ဝေယံက အဝတ်အစားများပါ သေသေသပ်သပ် ပြန်ဝတ်ထားပြီ ဖြစ်သည်။
"မဟုတ်သေးပါဘူး၊ အိုတိုးစံရဲ့ သားလည်း မဟုတ်ဘဲနဲ့ ဘာလို့ ယံ့ကို မကောင်း ပြောနေတာလဲ၊ နားထောင်နေတဲ့ ကျွန်တော် ဝမ်းနည်းအောင် . ."
တစ်ဖက်က ခဏ ငြိမ်ကျသွားသည်။ ထို့နောက် ဒေါပွစွာ ပြောသည့် ခပ်နောက်နောက် စကား တစ်ခွန်း မဆိုင်းမတွ ထွက်လာ၏။
"သူ့အဖေ ငါ့ မပေးလို့ ဟေ့ . ."
ဦးနေမင်းခန့် ပြောချင်ရာ ပြောပြီး ချက်ချင်း ဖုန်း ချသွားခဲ့သည်။
နေသူရိန်မင်းခန့် ကျေနပ်စွာ ရယ်မောလိုက်မိသည်။
"ဘာတဲ့လဲဟင်"
သူ ဖုန်း ချပြီးပြီးချင်း ဝေယံ မေးလာခဲ့သည်။
"ထွေထွေထူးထူး မဟုတ်ပါဘူး၊ ပြဿနာ ရှင်းဖို့ ကျွန်တော်တို့ကို အိမ်မှာ မိဘတွေ စောင့်နေတယ် ဆိုတဲ့ အကြောင်းပါပဲ"
ဝေယံ ခေါင်း ငုံ့သွားသည်။
အဖြေကို ပါးစပ်မှ ထုတ်ပြောစရာ မလိုအောင် အပြုအမူကို ကြည့်ရုံနှင့်တင် စိုးရိမ် ပူပန်နေမှန်း သိသာလွန်းသည်။ နေသူရိန်မင်းခန့် ခြေလှမ်းများကို ဝေယံ့ဆီ ဦးတည်လိုက်သည်။ အနားသို့ ရောက်ချိန် ဝေယံ၏ လက်ဖျားများအား နေသူရိန်မင်းခန့် လက် နှစ်ဖက်ဖြင့် နွေးထွေးစွာ ဆုပ်ကိုင်လိုက်သည်။
"စိတ်မပူပါနဲ့၊ ကျွန်တော်နဲ့ဆို ယံ လုံခြုံပါတယ်၊ ဘယ်သူမှ ယံ့ကို ထိခိုက်အောင် မလုပ်စေရဘူး၊ ကျွန်တော် ကာကွယ်မယ်"
မျက်ဝန်းညိုများဖြင့် မော့ကြည့်လာသည်။
မျက်ဝန်းအိမ်တို့မှာ ဝမ်းနည်းရိပ်များ တွယ်ငြိနေ၏။
"ငါ တောင်းပန်ပါတယ်"
"ဘာအတွက်လဲ ယံ"
"မင်း ငါ့ကို ဒီလောက် ချစ်ပေး၊ ဒီလောက် ဂရုစိုက်ပေးနေတာတောင် မင်း မဟုတ်တဲ့ တခြား တစ်ယောက်နဲ့ လက်ထပ်ပြီး မင်းကို ဒေါသထွက်စေခဲ့လို့လေ၊ ငါ တကယ် မကောင်းတဲ့ ကောင်ပါပဲ"
"မဟုတ်တာဘဲ၊ လက်ထပ်ပွဲနဲ့ ပတ်သက်ပြီး ယံ့အပေါ် ကျွန်တော် ဒေါသထွက်တာမျိုး မရှိခဲ့ပါဘူး၊ ဒီအတိုင်း ကျွန်တော့်ကို ယံ စွန့်ပစ်ခဲ့တဲ့အတွက် နာကျင်မိသွားရုံ . . ၊ အင်း . . ဒီလိုဆိုပေမယ့် ကျွန်တော်တို့ အကြားမှာ တောင်းပန်ဖို့အထိ မလိုအပ်ပါဘူး၊ အချစ် ဆိုတာ တောင်းပန်တဲ့ စကားတွေ ပြောစရာ မလိုဘဲ နားလည်ပြီးသား ဆက်နွှယ်မှုမျိုးလေ၊ ကျွန်တော် နားလည်ပါတယ်"
နေသူရိန်မင်းခန့် ဝေယံ့ကို ညင်သာစွာ ပွေ့ဖက်လိုက်သည်။ ဝေယံ မျက်နှာက နေသူရိန်မင်းခန့် ဘယ်ဘက် ရင်ညွှန့် အထက်ပိုင်းမှာ ရှိနေသည်။ နှစ်ဦးကြားမှာ ဘယ်လို ကြားခံနယ်မှ မရှိတာမို့ နွေးပူသော ပါးပြင်ကလေး၏ အပူချိန်ကို အတိုင်းသား ခံစားမိသည်။ ဝေယံ လက်ဖျားများက အဝတ် မကပ်သည့် နေသူရိန်မင်းခန့် ခါးပေါ်မှာ။
"ကျွန်တော်က ယံ့ရဲ့ ဘဝမှာ ပထမဆုံး ရွေးချယ်မှု မဖြစ်ခဲ့ပေမယ့် ကျွန်တော် ဝမ်းမနည်းပါဘူး၊ ဘာကြောင့်ဆို ယံက ကျွန်တော် ပထမဆုံး ရွေးချယ်တဲ့ သူ ဖြစ်ခဲ့တယ်လေ၊ ကျွန်တော့် ဘဝမှာ ယံက ဘယ်တုန်းကမှ ဒုတိယ နေရာ မရောက်ခဲ့ဘူး၊ ဘဝ တစ်ရာ၊ ကမ္ဘာ တစ်ရာ ဖြတ်သန်းရလည်း ယံ့ကိုပဲ ရွေးချယ်မယ်၊ ဘယ်ဘဝပဲ ရောက်ရောက် . . ယံ့ကို ရှာပြီး ယံ့ကိုပဲ ရွေးချယ်ဦးမှာ၊ အဲ့ဒီလောက်အထိ ယံ့ကို ကျွန်တော် ချစ်တာမို့ နောက်ဆို ထားသွားမယ့် အတွေးမျိုး လုံးဝ မတွေးပါနဲ့၊ ယံ မရှိဘဲ ကျွန်တော် တကယ် မနေနိုင်ဘူး"
ဝေယံ၏ အသက်ရှူသံ နွေးနွေးက နေသူရိန်မင်းခန့် တစ်ကိုယ်လုံးသို့ ပျံ့နှံ့ စိမ့်ဝင်သည်။ ရင်ခွင်နှင့် ထိနေသော ပါးပြင်ကလေးမှာ ပို၍ ပို၍ နွေးပူလာသည်။ ဝေယံ ရှက်ရွံ့နေတာပဲ ဖြစ်သည်။ သူနှင့် ပတ်သက်ပြီး ဒီလောက်အထိ ခံစားလွယ်လွန်းသော ကောင်ကလေးကို ချစ်မိတာ နေသူရိန်မင်းခန့် ဘယ်တော့မှ နောင်တ မရ။
"ငါ ကတိ ပေးပါတယ်၊ နောက်တစ်ခါ ထပ်ပြီး မင်းကို ထားမသွားတော့ဘူး၊ ငါ တောင်းပန်တယ် ဆိုတာကလည်း နောက်တစ်ကြိမ် ထပ်ပြီး တူညီတဲ့ အမှား တစ်ခုကို ဆက်မလုပ်မိဖို့ ပေးတဲ့ ကတိ တစ်ခုပါပဲ၊ ငါတို့အတွက် ငါတို့ပဲ ရှိနေတဲ့ အချိန်မှာ လက်တွဲ မဖြုတ်ဘဲ မိဘတွေကို ထိပ်တိုက်တွေ့ပြီး ပြဿနာတွေကို အတူတူ ရင်ဆိုင် ဖြေရှင်းကြတာပေါ့"
ဝေယံ စကားကြောင့် နေသူရိန်မင်းခန့် ကြည်နူး ပျော်ရွှင်သွားသည်။ မေးဖျားကို ပင့်ယူရင်း နှုတ်ခမ်းများကို ကြင်ကြင်နာနာ နမ်းရှိုက်မိ၏။ သူတို့ နှစ်ယောက်၏ နှုတ်ခမ်းများ ပေါင်းစပ်မိချိန်တိုင်း ကြည်နူးစရာ ကောင်းလွန်းသည့် တော်ဝင်နန်း တစ်ခုသို့ ရောက်ရှိသွားသလို။ အေးငြိမ့် လှပလွန်းသော ဥယျာဉ်မြေပေါ် ပျော်ပါးမိစေသည်။
သို့ရာတွင် ထိုဥယျာဉ်၌ သူတို့ နှစ်ယောက်သာ ရှိသည်။
သူတို့ နှစ်ယောက်တည်းနှင့်သာ
အရာရာဟာ ပြည့်စုံ ကုံလုံနေခဲ့ပြီ ဖြစ်သည်။
~•~ S U N ~•~
11 / November / 2020
6 : 02 PM