" ငါကတော့ ဇာခြည်ကို မင်းနဲ့ပဲ သဘောတူတယ် "
" ကျွန်တော်က ဘာလို့လဲ "
" ဇာခြည်ကို ကြည့်ရတာ
မင်းနဲ့အတူရှိနေချိန်နဲ့ မိုးနဲ့ရှိနေချိန် မတူဘူးကွ "
" ဘယ်လိုမျိုးလဲ "
ကိုနေမင်းက ရှေ့က ကော်ဖီတစ်ခွက်ကို သောက်ရင်း ခဏစဥ်းစားနေသည်။ ပြီးတော့ တိတ်ဆိတ်
ငြိမ်သက်နေသော ကော်ဖီဆိုင်လေးကို လက်ပိုက် ကြည့်နေရင်း ပြုံးနေ၏။
" ငါနဲ့အဆု သိပ်မကြာခင် ယူတော့မယ်
နှစ်ယောက်အတူ ဖွင့်ထားတဲ့ ဆိုင်လေးကလည်း အခုဆို တော်တော့်ကို အဆင်ပြေနေပြီလေ "
" အကိုကလဲဗျာ ကျွန်တော်တို့အကြောင်းပြောရင်း ဒီဘူတာကို လာစိုက်နေပြန်ပြီ "
ဒီတော့ ကိုနေမင်းက ဟက်ဟက်ပက်ပက် ရယ်မောကာ
" လူဆိုတာ ကိုယ်ချစ်တဲ့သူနဲ့မှ မျှော်လင့်ချက် အိမ်မက်တွေကို ဖန်တီးချင်တာကွ "
" အင်း "
" ဇာခြည်တစ်ခါပြောဖူးတယ်
ငါနဲ့ဒိတ်လည်း ဆိုင်လေးတစ်ဆိုင် ဖွင့်မယ်လို့ သူပြောဖူးတယ်ကွ "
ကျွန်တော် ကျေနပ်သလိုတော့ ရှိမိသည် ဒါပေမယ့် မဖြစ်နိုင်ပါ။
" ဒါပေမယ့် သူက မမမိုးရဲ့အချစ်ကို လက်ခံလိုက်ပြီလေ "
" အင်း "
ကျွန်တော်နဲ့ကိုနေမင်း ခဏတိတ်ဆိတ်နေကြသည်။
" မပိုင်ရလည်း နေပါဗျာ သူ့စိတ်ထဲ ကျွန်တော်ရှိနေတာနဲ့ပဲ လုံလောက်ပြီ "
ကိုနေမင်းက ဘာမှပြန်မပြော။ ခဏကြာမှ
" အင်း သူဘယ်လိုဆုံးဖြတ်မလဲ ငါမသိဘူး "
" ကျွန်တော်ပြန်အုန်းမယ်ဗျာ ညကလည်း မအိပ်ရသေးဘူး "
" အင်း "
ကိုနေမင်းကို နှုတ်ဆက်ရင်း အိမ်သို့တန်းပြန်လာခဲ့သည်။ နောက်လဆို မမတို့ယူကြတော့မည် မဟုတ်ပါလား။ ချက်ချင်းမပြန်ချင်သေးတာမို့ ခြံထဲသွားအိပ်ဖို့ တွေးထားသည်။
တစ်နေ့ကျရင် အရာရာဟာ နေသားတကျဖြစ်သွားမယ်လို့ ကိုယ့်ကိုယ် ပြန်လိမ်ရင်း.........
...................................................
မမပြန်ရောက်တော့ ညနေအတော်စောင်းနေပြီ။
" ဒိတ် အဆင်ပြေရဲ့လား "
" ဘာကိုလဲ "
" တစ်နေကုန် တစ်ယောက်ထဲမို့လေ "
" အင်း ပြေပါတယ် "
မမနဲ့ကျွန်တော်ကြား နည်းနည်းသူစိမ်းဆန်နေသလို ခံစားရသည်။ လမ်းခွဲစကားပြောစရာမလိုပဲ ကျွန်တော်တို့ နှစ်ယောက် ဝေးခဲ့ကြပါသည်။
" မမရေချိုးအုန်းမယ် "
" ကော်ဖီဖျော်ထားပေးရမလား "
" သောက်ခဲ့ပြီးပြီ "
ကျွန်တော် မတ်တပ်ရပ် ခါးထောက်ပြီး စိုက်ကြည့်နေလိုက်သည်။ ပြောစရာစကားတွေ များနေပေမယ့် ပြောခွင့်မရှိတော့ပြီမို့ တံတွေးကို အကြိမ်ကြိမ် မျိုချရင်း
" အရင်လို ပြန်နေပေးပါလားဗျာ
ချစ်သူလို မဟုတ်ဘူး မောင်တစ်ယောက်လို "
" နေပါတယ် "
"အင်း "
စိတ်ထဲကနေ သက်ပြင်းကို အကြိမ်ကြိမ်ချရင်း ဒီအခြေအနေကြီးကို မုန်းနေမိသည်။ ဒီလိုဖြစ်မယ်ဆိုတာ ကြိုတွေးထားမိပါတယ်။ ဒီလိုခံစားရမယ်ဆိုတာတော့ ကြိုမသိခဲ့ဘူး။
ဒီလိုအချိန်မှာ လေညှင်းလေး အနားကတိုက်ခတ်ရင်တောင် ဓားနဲ့ရှပ်ထိသလို နာကျင်ရပါသည်။ အလွမ်းသီချင်းသံလေး ခပ်သဲ့သဲ့ ကြားချိန်မှာတော့ ကျွန်တော့်ရင်ဟာ ပြောမပြတတ်အောင် နာကျင်နေရသည်။
ညဘက်ထမင်းဝိုင်းမှာ မမက ကျွန်တော့်ဖို့ ဟင်းတွေ ခူးခပ်ပေးနေပါသည်။ ကျွန်တော်လည်း အရင်လို ဆက်ဆံရေးကို သတိရလာမိပြီး စနောက်ချင်စိတ် ပေါ်လာမိသည်။
" မောင့်ကို ဦးချတာလား "
" ဟင် "
မမ အထိတ်တလန့်ဖြစ်သွားပုံလေးက ချစ်စရာကောင်းနေသည်။ ကျွန်တော်က ပြုံးစိစိ လုပ်နေပြီး
" မောင်ပြောတဲ့ အထဲ ဘာများအမှားပါသွားလို့လည်း ခင်ရယ် "
ဒီတော့မှ သူက ပြုံးပြုံးရယ်ရယ် ဖြစ်လာပြီး
" ခင်မဟုတ်ပါဘူး ဇာခြည်ပါ မောင့်ရဲ့ " ဟုဆိုကာ မိန်းကလေးမဆန်စွာ ရယ်မောနေခဲ့သည်။ ( ဒါပေမယ့် ချစ်စရာကောင်းနေသည် )
အဲ့ဒီအချိန် ကျွန်တော်သိလိုက်သည်။ ဘာလဲဆိုတာတော့ မရှင်းပြတတ်။
ကော်ဖီနှစ်ခွက်ဖျော်ရင်း မမကို တစ်ခွက်ကမ်းပေးသည်။ မမက ကောင်းကင်ကို မော့ကြည့်ပြီး ငြိမ်သက်နေသည်။
" ကြယ်တွေ ကြည့်နေတာလား မမ "
" အင်း "
" ကြယ်တွေက ဘာပြောလဲ "
" မမကို အသုံးမကျဘူးတဲ့ "
မမဘာကိုဆိုလိုတယ် ကျွန်တော်မသိပါ။ မေးလည်း မမေးချင်ခဲ့။ မမဘေးမှာ ကပ်ထိုင်ရင်း ကြယ်တွေကို ကြည့်နေမိသည်။
" အမြဲလိုလို ကြယ်တွေချည်း ကြည့်လာရတာ ရိုးနေပြီ "
" ဒါဆို လကို ပြောင်းကြည့် "
" သူ့လည်း ရိုးနေပြီ "
" ဒါကို ဘာကိုကြည့်ချင်တာတုန်း "
" ကမ္ဘာကြီးကို ကြည့်လို့ မရိုးနိုင်တဲ့ ကမ္ဘာကြီး "
မမဘက်လှည့်ပြီး စိုက်ကြည့်နေလိုက်သည်။ မမရဲ့ နှဖူးပေါ်ကျနေသော ဆံနွယ်တစ်ချို့ကို ဖယ်ရှားလိုက်ရင်း
" မမက ကျွန်တော့်ရဲ့ ကမ္ဘာကြီး ". .
သစ္စာတရားတွေ စောင့်ထိန်းရမယ့် စည်းတွေကို ခဏမေ့ထားကာ မမနှဖူးထက် အနမ်းပွင့်တွေ ခြွေချလိုက်သည်။
ထိုအချိန် ကျွန်တော့်ရဲ့ ရင်ခုန်သံတွေ ကျယ်လောင်နေသလို မမရဲ့ အသက်ရှုသံကလည်း မြန်နေခဲ့သည်။
မမကို ရင်ခွင်ထဲထွေးပိုက်ထားချင်ပေမယ့် မမငြင်းကန်မှာကို စိုးရိမ်စိတ်ကလေး ဝင်မိသည်။ အခွင့်အရေးက်ို ရရင် ရသလို ယူတတ်သူလို့ မမထင်သွားမှာကိုတော့ ကျွန်တော်စိုးရိမ်မိပါသည်။ မမကို ကြည့်ရင်း အတွေးတွေ များနေချိန်
" မမကို ဖက်ထားချင်လို့လား "
" ဗျာ "
" မဖက်ချင်ဘူးထင်တယ် "
ကျွန်တော့်ရင်ခွင်ထဲ မမရောက်နေပါပြီ။ မမရဲ့ ဆံနွယ်လေးတွေကို နမ်းရင်း ကျွန်တော့်စိတ်ထဲ မရိုးမရွ ဖြစ်နေခဲ့မိသည်။ ဖြူစင်တဲ့အချစ်လို့ ခေါင်းစဥ်တပ်ထားသော်လည်း မမကို စိတ်ထဲကတော့ ပစ်မှားနေမိခဲ့သည်။
ဒါဟာ အရိုးသားဆုံး ဝန်ခံခြင်းပါ။
..........................................................
ဖုန်းကို အဆက်မပြတ်ခေါ်နေချိန် လာမကိုင်တာကြောင့် မိုးစိတ်ဆိုးနေမိသည်။ မတ်ဆေ့တွေ များစွာ ပို့ထားသော်လည်း စာပြန်မလာ။
အစက စိတ်ဆိုးဒေါသ ဖြစ်မိပေမယ့် ကြာတော့ နည်းနည်းစိုးရိမ်လာသည်။ ဒါ့ကြောင့် ဒိတ်ဖုန်းကို ခေါ်လိုက်သော်လည်း ထိုနည်းတူ။
စိုးရိမ်နေစိတ်တွေ ပြင်းထန်လာပြီမို့ အမေ့ကိုပြောပြီး ဆိုင်ကယ်နဲ့ထွက်လာခဲ့တော့သည်။ လမ်းတစ်လျှောက် ဆိုင်ကယ်ကို ဂရုတစိုက်မောင်းရင်း ချစ်သူအတွက်လည်း စိုးရိမ်ပူပန်စိတ် ဖြစ်နေမိသည်။
အိမ်ရှေ့လမ်းမီးတိုင်အောက်က လူနှစ်ယောက်ကို ခပ်လှမ်းလှမ်းက လှမ်းမြင်နေရတာကြောင့် ဆိုင်ကယ်ကို ထိုနေရာမှာပဲ အရှိန်သတ်လိုက်သည်။ ပတ်ဝန်းကျင်ကိုမေ့ပြီး အရမ်းချစ်နေကြတဲ့ လူနှစ်ယောက်။
ဒီလိုမြင်ကွင်းကို မြင်ရလိမ့်မယ်လို့ လုံးဝမထင်ထားပါ။ ဒါ့ထက် လုပ်ရပ်လိမ့်မယ်လို့ မထင်ထားခြင်းဖြစ်သည်။ နောက်တစ်လနေရင် သူနဲ့လက်ထပ်မယ့် အမျိုးသမီးက အခုတခြားသူ ရင်ခွင်ထဲမှာ။
ရင်ထဲမှာ စို့နင့်လာပြီး ပါးပြင်ပေါ်သို့ မျက်ရည်တွေက တလိမ့်လိမ့်ကျဆင်းလာသည်။
လုပ်ရက်လိုက်တဲ့ ချစ်သူလို့ သိလိုက်ရုံကလွဲပြီး အပြစ်မတင်ရက်ပါ။ သူ့ကို ကျွန်မသိပ်ချစ်သလို သူသိပ်ချစ်တဲ့သူကလည်း ကျွန်မပဲ ဖြစ်ချင်သည်။
ထိုမြင်ကွင်းကို မမြင်ချင်တော့တာကြောင့် ကျောခိုင်းလှည့်ထွက်ခဲ့သည်။ သို့သော် သူတို့ရဲ့ ပုံရိပ်လေးက ကျွန်မမျက်ဝန်းထဲက ပျောက်ပျက်မသွားပါ။ သူ ကျွန်မအသဲကို ခွဲခဲ့သည်။
ဆက်ရန်..................
January. 1