ဝေယံ ဘေးမှာ ရှိနေသော ငုဝါပင်တွေ၌ ခံစားတတ်သော နှလုံးသား ရှိပါက ဘယ်လို ဒဏ်ရာမျိုးက သူတို့ကို နာကျင်စေနိုင်မလဲ။ သို့မဟုတ် နှလုံးသား ရှိနေသည့် ဝေယံ့အတွက်ရော ဘယ်လို ဒဏ်ရာမျိုးက သူ့ကို နာကျင်စေနိုင်မလဲ။
ခြံထဲရှိ ဒန်းကလေးပေါ်တွင် ဝေယံ ငြိမ်သက်စွာ ထိုင်နေမိသည်။
တစ်ဖက်ခြံ၌ လှမ်းမြင်ရသော ငုဝါပင်တို့တွင် ထိန်ထိန်ဝါသည့် ငုဝါပန်းများ ရှိနေသည်။ ငုဝါ ပွင့်ချိန် ဖြစ်တာကြောင့် အစိမ်းရောင် အကိုင်းအခက်တို့ကို မမြင်ရလောက်အောင် ငုဝါပန်းများ ပြွတ်သိပ်စွာ ဖူးပွင့်နေကြပြီ ဖြစ်သည်။
တစ်ချက်တစ်ချက် တိုက်ခတ်လိုက်သည့် လေအရှိန်ကြောင့် ငုဝါ ဝတ်မှုန်တို့က ကာရံထားသည့် အုတ်တံတိုင်းကိုပင် ကျော်လွန်လာကြသည်။ လွင့်မျောလာသော ဝတ်မှုန် တချို့က အလှစိုက်ထားသည့် မြက်ခင်းပေါ်မှာ။ တချို့က ဝေယံ၏ ပခုံးပေါ်၊ ဆံစပေါ်မှာ။
ငုဝါ ပန်းကြွေတွေသည် သူ့အလှနှင့် သူ၊ သူ့တန်ဖိုးနှင့် သူ မြတ်နိုးစရာ ကောင်းနေခဲ့တာချည်း ဖြစ်သည်။ တစ်ခုပဲ ဝမ်းနည်းစရာ ကောင်းတာက သူတို့ အားလုံးသည် မိခင် သစ်ပင်ကြီးဆီသို့ ဘယ်တော့မှ ပြန်မသွားနိုင်တော့ခြင်း ဖြစ်သည်။ လေနှင်ရာ လွင့်ရင်း ဟိုးအဝေး၊ ဟိုးအဝေးကြီးဆီမှာ အမှိုက်စ တစ်စ အဖြစ် မှိုန်ပါး ပျောက်ကွယ်သွားရသည်။
တစ်ခါ စွန့်ခွာမိရုံနှင့် တစ်သက် ဝေးကွာသွားရသည်။
တစ်သက်
တစ်သက်တာ
ထာဝရ . . ဘယ်တော့မှ
ဦးနှောက်ထဲ တိုးဝင်လာသည့် အသိနှင့် အတူ နှလုံးသား တစ်နေရာမှ တဆစ်ဆစ် နာကျင်လာခဲ့သည်။
သူသာ နေသူရိန်မင်းခန့်ကို စွန့်ခွာခဲ့မိပါက . . ။
ဟင့်အင်း။ ဝေယံ ရှေ့ဆက် မစဉ်းစားနိုင်တော့။
လက်ထဲတွင် ကိုင်ထားသော ဖုန်းမှ အနွေးဓာတ် သဲ့သဲ့ကလေးကို ဝေယံ ယခုထိ ခံစားလို့ ရနေသည်။ လွန်ခဲ့သည့် မိနစ်ပိုင်းလောက်က ပြီးဆုံးသွားခဲ့သော နေသူရိန်မင်းခန့်၏ မိခင်ဖြစ်သူ ဟာနကိုထံမှ ကြားလိုက်ရသော စကားများဟာ ဝေယံ့ နားထဲတွင် ပဲ့တင် ထပ်နေဆဲ ဖြစ်သည်။ ဟာနကိုနှင့် ဖုန်းပြောပြီး နောက်ပိုင်းမှာ ရေ စိုသွားသည့် စက္ကူစ တစ်ခုလို ဝေယံ ပျော့ဖတ်သွားခဲ့သည်။
သူမ ပြောခဲ့တာ ရှင်းရှင်းလေးပါပဲ။
သားဖြစ်သူနှင့် လမ်းခွဲပေးရန် ဖြစ်သည်။
သူသည် . . .
နေသူရိန်မင်းခန့်၏ အနာဂတ်ကို ဖျက်ဆီးနေသည့် သူ။
နေသူရိန်မင်းခန့်၏ ကိုယ်ပိုင် ဘဝကို နှောင့်ယှက်နေသည့် သူ။
စသည့် စသည့် . . စကားများအပြင် နောက်ဆုံးမှာ ကြားလိုက်ရသော နေသူရိန်မင်းခန့်၏ လက်တွဲဖော် နေရာမှာ သူ ရှိနေဖို့ မသင့်တော်ဘူး ဆိုသော စကား အဆုံးမှာ ဝေယံ အရာအားလုံးကို နားလည် သဘောပေါက်မိသွားသည်။
နာကျင် နင့်သည်းလွန်းသော ဝမ်းနည်းမှုနှင့် အတူ စိတ်ထိခိုက်စွာ ပင့်သက် ရှိုက်လိုက်မိသည်။
သူ စိုးရိမ်နေခဲ့သော ကိစ္စသည် ယခုတော့ ဖြစ်ပေါ်လာခဲ့ပြီ။
မိဘတွေ၏ တားမြစ်မှု။
သဘောမတူနိုင်ခြင်းနှင့် လက်မခံနိုင်ခြင်းတွေ။
သိသိရက်နှင့် ရူးမိုက်ခဲ့တာပါပဲ။
ယခုအချိန်မှာ ဝေယံနှင့် နေသူရိန်မင်းခန့် အကြား တံတိုင်း တစ်ခု ထပ်မံ ခြားလာခဲ့ပြန်ပြီ။ နေသူရိန်မင်းခန့်ရော ဒီကိစ္စကြောင့် ဘယ်လောက်များ ဝမ်းနည်း အားငယ် နာကျင် ကြေကွဲနေရမလဲ။ ဝေယံ စိတ်ပူမိသည်။
ဝေယံ့ ဘဝတွင် နေသူရိန်မင်းခန့် ဆိုသည့် လူသားကို ဘယ်သောအခါမှ အဆိုး မလိုလားစေချင်ခဲ့။ အရိပ် တကြည့်ကြည့်နှင့် စောင့်ရှောက်ပြီး အမြဲ ပျော်နေစေချင်တာ သူ့ဆန္ဒ ဖြစ်သည်။
တကယ်လို့များ လက်တွဲဖော် နေရာမှ နောက်ဆုတ်လိုက်လို့ နေသူရိန်မင်းခန့်သာ ပျော်နိုင်မည်ဆို ဝေယံ နောက်ဆုတ်ပေးလိုက်မှာ အမှန်ပဲ ဖြစ်သည်။ သို့သော် ဒီလို နောက်ဆုတ်ပေးလိုက်တာက ချစ်ရသူကို တကယ်ပဲ ပျော်ရွှင်စေနိုင်မှာလား။ ဝေယံ မပြောတတ်။
သေချာတာက . . ယခုအချိန်မှာ နေသူရိန်မင်းခန့်၏ အနာဂတ်နှင့် ကိုယ်ပိုင် ဘဝကို ဖျက်ဆီး နှောင့်ယှက်နေမိသူမှာ သူသာ ဖြစ်သည်။ ရှေ့ဆက် တိုးမိပါက ယခုထက် ဆိုးဝါးသည့် ကိစ္စများနှင့် ကြုံတွေ့ရတော့မှာ အသေအချာ။
နှစ်ဖက် မိဘတွေ မျက်နှာပျက်မည့် ကိစ္စ။
လက်ထပ်ပွဲ ပျက်မည့် ကိစ္စ။
မေ Scarlett နှင့် သူမ ဖခင် အရှက်ရမည့် ကိစ္စ။
ထိုမျှမက သဘာဝတရားကို လွန်ဆန်မိတာကြောင့် အမြဲ ချစ်ကြောက် ရိုသေရသည့် ဖခင်ဖြစ်သူ ဦးဝေယံဟိန်း၏ စိတ်ပျက် ရွံရှာမှုကို အကြီးအကျယ် ခံရနိုင်သည်။
သူ ဘယ်လိုလုပ်ရမလဲ။
တစ်ဖက်က ချစ်ရသူ။
တစ်ဖက်က မိသားစု။
ဆုပ်လည်း စူး၊ စားလည်း ရူးမည့် အခြေအနေသာ ဖြစ်တော့၏။
သို့သော် ဆုံးဖြတ်ရခက်သည့် အခြေအနေနှင့်ပဲ နှစ် လ နီးပါး ကြာအောင် ဝေယံ နေခဲ့မိသည်။ တစ်ဖက်မှာလည်း နေသူရိန်မင်းခန့်အပေါ် ထားရှိသော အချစ်စိတ်များ လျော့နည်းသွားအောင် သိမ်းဆည်းလိုက်ဖို့ အားယူနေမိသည်။
နေသူရိန်မင်းခန့်ကတော့ ဝေယံ့အပေါ် ကိန်းဝပ်နေသည့် အချစ်စိတ်တို့ကို မပစ်ပယ်နိုင်။ မိခင် တားမြစ်နေသည့် ကြားမှ သူ့ကို ရုတ်တရက် ရှောင်ဖယ်သွားသော ဝေယံ့ကို သံယောဇဉ် မပြတ်စွာ ဆက်သွယ်နိုင်ဖို့ အမြဲ ကြိုးစားသည်။ နေ့တိုင်းနီးပါး ဖုန်းဖြင့် စကားပြောဖို့ အကြိမ်ကြိမ် ဆက်သွယ်ဆဲ ဖြစ်သည်။
ဇွန်လပိုင်း ကျောင်း ဖွင့်ရက်တွေမှာ တက္ကသိုလ်၌ ဝေယံ ရှိနေခဲ့သည်။ ကျောင်း တက်နေရတာမို့ နေသူရိန်မင်းခန့်ကို ရှောင်ဖယ်ဖို့ အကြောင်းပြချက် ရသည်။ သို့သော် စနေနှင့် တနင်္ဂနွေ နေ့တွေမှာ နေသူရိန်မင်းခန့် ဆက်သည့် ဖုန်းကို မကိုင်လို့ မရတော့။
"ဟဲလို"
"ယံ"
မကြားရတာ ကြာသည့် နေသူရိန်မင်းခန့်၏ လေးနက် တည်ကြည်သော ခေါ်သံ အောက် ဝေယံ ဘာဖြစ်သွားမှန်း သေချာ မသိ။ ဝမ်းနည်းစိတ်ကို မထိန်းနိုင်စွာ ငိုချင်နေသည့် ကလေး တစ်ယောက်အား ဆူပူသလို ဖုန်းကို ဆုပ်ကိုင်ထားရင်းမှ မျက်ရည်တွေ ဝေ့ဝဲလာသည်။
"နေကောင်းရဲ့လား . . ၊ အခုတလော ကျွန်တော့်ကို ရှောင်နေတယ်နော်၊ ဘာလို့လဲ၊ စကား မပြောချင်ဘူးလားဟင်"
ဖုန်း စပီကာကို ဖွင့်ထားပြီး တစ်ဖက်က အသံကို နားထောင်ကာ မလှုပ်မယှက် ဝေယံ ရပ်နေခဲ့မိသည်။ သူ ရှောင်နေခဲ့မှန်း နေသူရိန်မင်းခန့် သိနေသည်။ သို့သော် ဘာကြောင့် ရှောင်နေမှန်းတော့ ရိပ်မိပုံ မပေါ်။
"ယံ နေကောင်းလား သိချင်မိလို့ ကျွန်တော် ဆက်တာပါ၊ အခုတလော ယံ ထူးဆန်းနေလို့လေ၊ တကယ်လို့ အခုအချိန်မှာ ကျွန်တော်နဲ့ စကားပြောဖို့ ပင်ပန်းနေခဲ့ရင် မပြောပါနဲ့၊ ကျွန်တော် ပြောတာကိုပဲ နားထောင်ပါ"
ဝေယံ စကား မပြောချင်မှန်း နေသူရိန်မင်းခန့် သိနေခဲ့တာလား။ ဟုတ်ပါသည်။ သူ သိနေခဲ့ပါသည်။
နေမင်းကြီးသည် ချစ်ရသူနှင့် သက်ဆိုင်ပါက အရာရာကို အကင်းပါးစွာ သိရှိနိုင်သူ ဖြစ်သည်။ ထို့ကြောင့် ဝေယံ့ကို အခက်အခဲ မဖြစ်စေဘဲ သူကိုယ်တိုင်ပါ စိတ်ဖြေသာအောင် နေထိုင်နိုင်မည့် အခြေအနေ တစ်ရပ်ကို ဖန်တီးခဲ့သည်။ ဖုန်းဖြင့် တိုက်ရိုက် စကား မပြောရဘဲ ဝေယံ အသံကို ကြားရနိုင်မည့် နည်းလမ်း တစ်ခုကို နေသူရိန်မင်းခန့် ကြံဆခဲ့သည်။
"ဒါပေမယ့် ကျွန်တော် စိတ်ချရအောင် ဒီတစ်ခုတော့ လိုက်လျောပေးပါ ယံ၊ နောက်နေ့တွေမှာ . . ကျွန်တော့်ဆီ ယံ အဆင်ပြေကြောင်း အသံ သွင်းထားတဲ့ ရီကော့ခ်ကို မနက်တိုင်း ပို့ပေးပါ၊ ယံ့အသံကို ကျွန်တော် ကြားချင်ရုံပါပဲ၊ ဒါဆိုရင် ကျွန်တော် ယံ့ဆီ နေ့တိုင်း ဖုန်း မခေါ်တော့ပါဘူး"
နေသူရိန်မင်းခန့် ဝေယံ့ကို စိတ်ပူနေသည်။ နေမင်းကြီး ပြောသလို သူ လုပ်သင့်သလား။ အဆင်ပြေကြောင်း အသိပေးဖို့လေ။
သို့ရာတွင် ဝေယံ မလုပ်နိုင်။ အတ္တကို ရှေ့တန်း မတင်ဘဲ မြူမှုန်လေး တစ်မှုန်စာလောက်ပင် စိတ်နှလုံးကို မထိခိုက်စေအောင် အသေးစိတ် အရာကလေးတွေက အစ တိတိကျကျ ဂရုစိုက်ပေးနိုင်သည့် လူကို သူ ဘယ်လို စိတ်နှင့်များ ညာရက်ပါ့မလဲ။ ဘာမှမဖြစ်သလို သူ ဟန်ဆောင်နိုင်မှာ မဟုတ်။
ပြင်းသက်သော ထိခိုက်စရာ ဒဏ်ရာများက နှလုံးသားမှာ နာကျင်စွာ အစီအရီ ခြေကုပ်တွယ်နေခဲ့ပြီ ဖြစ်သည်။ ဘာမှ မခံစားရသလို ' အဆင်ပြေပါတယ် ' ဆိုသည့် စကား တစ်ခွန်းကို မနက်တိုင်း နေသူရိန်မင်းခန့်ဆီ ဘယ်လို စိတ်နှင့်များ သူ ပို့ရမလဲ။ သူ လုပ်နိုင်မှာ မဟုတ်။ အသံ စာတို ပို့ဖို့ ရီကော့ခ် သွင်းသည့်အခါ အသံတွေ တုန်ရီ မနေပါဘူးလို့ ကိုယ့်ကိုယ်ကိုယ် ဝေယံ အာမ မခံနိုင်။
"ငါ အဆင်ပြေပါတယ် သူရိန်၊ ဂုဏ်ထူးတန်း နောက်ဆုံးနှစ် ဆိုတော့ . . ကျောင်းစာတွေ သိပ် များနေလို့ပါ"
"သေချာရဲ့လား . . ယံ"
သူ အဆင်ပြေသည် ဆိုတာ နေသူရိန်မင်းခန့် သိအောင် ဘယ်လို ပြရပါ့မလဲ။ ဖုန်း မျက်နှာပြင်က ကင်မရာကို ဖွင့်။ ဗီဒီယိုနှင့် တိုက်ရိုက် ဖုန်း ခေါ်ဆိုပြီး မျက်နှာကို မော့။ ဘာမှမဖြစ်တဲ့ အပြုံးကလေးနှင့် ဟန်ဆောင်လိုက်ရမလား။ ပြုံးပြုံးရွှင်ရွှင် ကြည်ကြည်နူးနူးပေါ့။ သူ အဆင်ပြေကြောင်း၊ နေကောင်းနေကြောင်း အသိပေးဖို့လေ။
ထိုအချိန် နေသူရိန်မင်းခန့်က စိတ်ချသွားသည့် မျက်လုံးမျိုးနှင့် ခပ်ငေးငေး ပြုံးကြည့်နေလိမ့်မည်။
ဟင့်အင်း . . ။
အဲ့ဒီ အပြုံး။ အဲ့ဒီ မျက်လုံး။
ဝေယံ၏ ဟန်ဆောင်မှုတွေကို ကွာချစေနိုင်သည့် အရာ။
သူ ဆက်ပြီး ဟန်ဆောင်နိုင်မှာ မဟုတ်။
ခါတိုင်းလို ကြင်နာစွာ ယုယတတ်သည့် မျက်လုံးမျိုးနှင့် စိုက်ကြည့်ခြင်း ခံရပါက ဝေယံ မျက်ဝန်းမှာ ပုလဲတွေ ချက်ချင်း ကြွေကျသွားမှာပဲ ဖြစ်သည်။ ဖုန်း ပြောနေချိန် ထိုပုလဲဥတွေကို နေသူရိန်မင်းခန့် မမြင်အောင် သူ ဘယ်လို ဝှက်ရမလဲ။ ခွဲခွာခါနီး နှုတ်ဆက်ချိန်မှာ ကရုဏာ အပြုံးနှင့်များ ပြုံးပြလိုက်ပါက ယခု ခံစားနေရသည့် ဝေဒနာတွေကို ဖွင့်မပြောနိုင်ဘူးလို့ ဝေယံ အာမခံနိုင်သလား။
ဟင့်အင်း . . ။ မဖြစ်ပါဘူး။
ဖုန်းဖြင့် မျက်နှာချင်းဆိုင် စကားပြောဖို့ မဖြစ်နိုင်။
နေသူရိန်မင်းခန့် ရှေ့မှာ ပိပိရိရိ ဟန်ဆောင်ဖို့ အင်အားတွေ ဝေယံ့မှာ ရှိမနေ။ အရိပ်အကဲ သိလွန်းသော နေသူရိန်မင်းခန့်ကို လိမ်ဖို့ကလည်း မဖြစ်နိုင်။ ချက်ချင်း ရိပ်မိသွားလိမ့်မည်။
"ယံ ကျွန်တော့်ကို ချစ်သေးရဲ့လား"
လုံးဝ ထင်မထားချိန်မှာ မေးလာခဲ့သည့် မေးခွန်း တစ်ခု။
ဝေယံ ရင်ထဲ စူးအောင့်စွာ နာကျင်လာခဲ့သည်။ ထိုအချိန်မှာပဲ အဖြေဟာ နှုတ်ခမ်းဝမှ တိုးတိမ်စွာ ထွက်သွားခဲ့သည်။
"ငါ မင်းကို အမြဲတမ်း ချစ်ခဲ့တာပါ၊ အခုလည်း ချစ်တယ်၊ နောင်လည်း ချစ်မယ်၊ တကယ်လို့ မင်းကို ငါ မချစ်တော့တဲ့ တစ်နေ့ဟာ ဒီကမ္ဘာမှာ ငါ မရှိတော့တဲ့ နောက်ပဲ ဖြစ်လိမ့်မယ်"
ဝေယံ ချက်ချင်းပဲ ဖုန်းချလိုက်ရသည်။
မျက်လုံးတွေ ကျိန်းစပ်ပြီး ငိုချင်လာတာကြောင့် ဖြစ်သည်။
နေသူရိန်မင်းခန့် ဝေယံ့ဆီ ထပ်ပြီး ဖုန်းခေါ်လာသည်။ ဖုန်းကို ကောက်ကိုင်လိုက်မိမှာ စိုး၍ ဖုန်းနှင့် ဝေးရာကို ထွက်လာခဲ့မိသည်။ ထိုအခိုက် ကြာကြာ မရပ်နိုင်တော့ဘဲ ခြေ မခိုင်တော့တာကြောင့် ကြမ်းပြင်ပေါ် ဒူးထောက် ချလိုက်ရသည်။ လက် နှစ်ဖက်ကို တင်းကျပ်နေအောင် ပိုက်ထားချိန် ပြင်းရှသော စိတ်ဒဏ်ရာကြောင့် မျက်ရည်တို့ လျှံကျလာသည်။ ချက်ချင်းပဲ ပခုံးစွန်းဖြင့် ပွတ်တိုက်ပစ်လိုက်ရ၏။ သူ ထပ်ပြီး မငိုချင်တော့။
နောက်ရက်တွေမှာ အသံ စာတိုကို ဝေယံ မပို့ခဲ့သလို ဖုန်းပါ မကိုင်ဖြစ်တော့။ မန္တလေး တက္ကသိုလ်ကို အချိန်မှန် သွားပြီး လက်ချာတွေနှင့်ပဲ တစ်ချိန်လုံး လုံးပမ်းခဲ့သည်။
သို့ရာတွင် ဘယ်လိုပဲ ရှောင်တိမ်းနေပါစေ နေသူရိန်မင်းခန့်ထံမှ ဝေယံ မလွတ်မြောက်နိုင်ခဲ့။ ဘယ်ကိုပဲ သွားသွား၊ ဘယ်မှာပဲ ရှိရှိ ဝေယံ ဘေးနားမှာ အရိပ် တစ်ခုလို ခွဲမရအောင်အထိ နေသူရိန်မင်းခန့် အမြဲလိုလို လိုက်ပါနေခဲ့သည်။
နေမင်းကြီးနှင့် အတူ လျှောက်ခဲ့ဖူးသော မန္တလေး တက္ကသိုလ်၏ အဓိပတိ လမ်းမ၊ ခမ်းနားသည့် ပင်မ အဆောက်အဦးကြီး၏ တိုင်ကြီး ခြောက်တိုင်နှင့် အတူ ပြေးလွှား ဆင်းခဲ့သော လှေကားထစ်များ၊ ရောင်စုံ စက္ကူ ပန်းရုံတွေ ဝန်းရံနေသည့် ရာဇတ်ဟောလ် အပေါ်ထပ်က ကျောင်းစာကြည့်တိုက်၊ ကုက္ကိုပင်ကြီးတို့ ပတ်လည်က ထိုင်ခုံ ဝိုင်းကလေးတွေ၊ အတူ မုန့်စားနေကျ ရတနာပုံ ကန်တင်း . . ။
ဝေယံ ခြေ တစ်လှမ်း လှမ်းတိုင်း နံဘေးမှာ နေသူရိန်မင်းခန့် အရိပ်ပါ ပူးကပ် လိုက်ပါနေတော့သည်။ ပင့်သက် ရှိုက်မိတိုင်းလည်း ရင်းနှီးခဲ့သည့် ကိုယ်သင်းနံ့က ရစ်နှောင် မွှေးပျံ့နေ၏။ စာကြည့်တိုက်ထဲမှာလည်း ရယ်မောသံ တိုးတိုး၊ စကားသံ သဲ့သဲ့က ပဲ့တင်ထပ်လျက် ရှိသည်။ အင်္ဂလိပ်စာ ဋ္ဌာန၏ စာသင်ခန်း အတွင်း လူအုပ်များ ကြားထဲမှာပါ နေမင်းကြီး၏ ကြင်နာ နူးညံ့သော အပြုံးရိပ်ကို မြင်ယောင်လျက် ရှိသည်။
ဘယ်လိုပဲ နေသူရိန်မင်းခန့်နှင့် ဝေးကွာဖို့ ကြိုးစား အားယူပါစေ နေမင်းကြီး၏ အရိပ်တို့ စိုးမိုးခြင်းမှ မလွတ်မြောက်နိုင်ခဲ့။ ဒီလိုနှင့် တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားခဲ့ပြန်သည်။ တက္ကသိုလ် ဆင်းလို့ အိမ် ပြန်သည့်အခါ အခန်းထဲမှာ တစ်ယောက်တည်း ငြိမ်သက်စွာ တိတ်တဆိတ် ဝမ်းနည်း နာကျင်ရဦးမည်။
သို့သော် . . .
သူ နားခိုရမည့် အိမ်ကြီးဆီမှာပါ
အမှတ်တရတွေက ရှိနေပြန်သည်။
အကယ်၍များ တတ်နိုင်ပါက အမှတ်တရတွေကို စည်သွပ်ဘူးထဲ ထည့်သိမ်းထားချင်သည်။ စည်သွပ်ဘူးတွေမှာ သက်တမ်း ကုန်ဆုံးရက် ရှိနိုင်သလား။ ရှိသည် ဆိုလျှင်တောင် ရာစုနှစ်ပေါင်း များစွာ ကြာသည်အထိ သိမ်းဆည်းထားနိုင်ဖို့ ဝေယံ မျှော်လင့်မိသည်။
သိပ္ပံ လမ်းထောင့်သို့ ကား ချိုးကွေ့လိုက်သည့်အခါ ဝေယံ တစ်ခု တွေးမိသွားသည်။ အာကာဟိန်းထက်ဆီ သွားအိပ်ပါက ကောင်းမလား ဟူ၍ ဖြစ်သည်။ စိတ်ထွက်ပေါက်အဖြစ် တစ်ယောက်ယောက်နှင့် ခြေဦးတည့်ရာ အကြောင်းတို့ကို တစ်ညလုံး မအိပ်ဘဲ မနားတမ်း ပြောနေချင်မိသည်။ သို့ရာတွင် အာကာဟိန်းထက်ဆီ သွားတာကို နေသူရိန်မင်းခန့် မကြိုက်မှန်း ဝေယံ သတိရသွားသည်။
ဘယ်လောက်ပဲ ရင်ထဲ ဆို့နင့် ကျပ်ခဲနေသည် ဆိုဦးတော့ မျက်ကွယ်ရာမှာ နေသူရိန်မင်းခန့် မကြိုက်တာကို သူ မလုပ်သင့်။ သူ့အပေါ် ကြင်နာစွာ ဂရုစိုက်ပေးခဲ့သည့်၊ ယုယစွာ စောင့်ရှောက်ပေးခဲ့သည့် ချစ်ရသူကို ဒီလိုတော့ ဒေါသ မဖြစ်စေသင့်ပါဘူးလေ။ ဘယ်သူနှင့်မှ စကား မပြောဘဲ အိပ်ရာထဲမှာသာ တိတ်တဆိတ် ဝမ်းနည်းရဖို့ ဝေယံ ဆုံးဖြတ်လိုက်တော့သည်။
အိမ် ပြန်ရောက်တော့ အခန်းဆီသို့ ဝေယံ ပထမဆုံး ပြေးသွားမိသည်။ ထို့နောက် မျှော်လင့်ခြင်းများစွာဖြင့် စာကြည့်စားပွဲမှ ဟန်းဖုန်းကို အပြေးအလွှား ကောက်ကိုင်မိသည်။
ဝေယံ ရင်ထဲ ရုတ်တရက် တင်းကျပ်ကာ နာကျင်သွားသည်။ ဖုန်းထဲမှာ ပြည်ပ ခေါ်ဆိုမှု ရှိမနေခဲ့။ စာတိုလည်း ရောက်မနေခဲ့။ နေသူရိန်မင်းခန့် သူ့ဆီ ဖုန်း ထပ်မဆက်တော့။ နေသူရိန်မင်းခန့် သူ့ကို စိတ်ဆိုးသွားပြီ။ ငြိမ်သက်နေသည့် ဖုန်းကလေးကို စိုက်ကြည့်ရင်း ရင်ထဲ ဗလာဖြစ်ကာ ထိရှစွာ မောနွမ်းသွားသည်။
နေသူရိန်မင်းခန့် သိသင့်တာပေါ့။
ဝေယံ နေမင်းကြီးကို မျှော်လင့်တကြီး လွမ်းနေရတာတွေ။
အသံလေးပဲ ဖြစ်ဖြစ် ကြားချင်လွန်းလို့ ရူးမတတ် ဖြစ်နေရတာတွေ။
အလွန် ထူးဆန်းသည့် ဖြစ်ရပ် တစ်ခုပါပဲ။
စကား မပြောမိအောင် ရှောင်တိမ်းနေခဲ့သည့် သူဟာ။ ရှိသင့်သော အကွာအဝေးထက် ဝေးကွာဖို့ အားယူနေခဲ့သည့် သူဟာ . . . ။ တစ်ချိန်တည်းမှာပဲ နေသူရိန်မင်းခန့် ဆိုသည့် ချစ်ရသူကို မက်မက်မောမော တမ်းတနေခဲ့မိတာ။
ဝေယံ ဝန်ခံပါသည်။
နေသူရိန်မင်းခန့်ကို မမြင်ရသည့် နေ့တွေ ရှိသည်။
နေသူရိန်မင်းခန့်ကို မထိတွေ့ရသည့် နေ့တွေ ရှိသည်။
နေသူရိန်မင်းခန့် အသံလေး မကြားရသည့် နေ့တွေ ရှိသည်။
သို့သော် နေသူရိန်မင်းခန့်ကို
သတိမရသည့် နေ့ကတော့ တစ်နေ့မှ မရှိခဲ့။
လွမ်းတယ်၊ မဟုတ်ဘူး၊ တွေ့ချင်တယ်
မျက်နှာလေးပဲ ဖြစ်ဖြစ် . . . မြင်ချင်တယ်
နာကျင်လှသော ရင်ထဲက ဝေဒနာကို သက်သာသွားအောင် တစ်ခုခုနှင့် ဖြည့်တင်းဖို့တော့ လိုနေပြီ။ ဝေယံ တတ်နိုင်သော အရာမှာ ဂီတသာ ဖြစ်သည်။ သီချင်းတွေက ဖြေဆည်မရသော နှလုံးသား ဒဏ်ရာကို အနည်းငယ် နှစ်သိမ့် ပေးနိုင်စွမ်း ရှိသည်။
ယခုအချိန်မှာ ဝေယံက ရေနစ်နေ သူပဲ ဖြစ်သည်။ မြင်ကွင်းထဲ ဝင်လာသော မြက် တစ်ပင်ကပဲ ဖြစ်စေ၊ ကောက်ရိုး တစ်မျှင်ကပဲ ဖြစ်စေ ကူညီ ကယ်ဆယ်နိုင်မည် ဆိုပါက အမြစ်မှ ကျွတ်မထွက်မချင်း သူ ဖမ်းဆုပ်ထားမှာပဲ ဖြစ်သည်။
ခုတင် ဘေး စားပွဲပေါ်မှ ဖုန်းကို ဆွဲကာ သီချင်းတွေကို ကြည့်မနေဘဲ ထိမိထိရာကို နှိပ်လိုက်သည်။ ခံစားနေရသည့် နှလုံးသား ဒဏ်ရာကို ကုသဖို့ သင့်တော်သည့် သီချင်း တစ်ပုဒ်လောက် ထွက်လာလိုက်စမ်းပါ။
တိုးညင်းစွာ ဖြည်းဖြည်းလေး ထွက်ပေါ်လာသော သီချင်းမှာ . . .
ဒါ အချစ်လားကွယ်
ရင်မှာ ဖန်ဆင်းတယ်
သူ မသိဘူးလား
အချစ်ဆုံး သတိရနေ
နေ့စဉ်တိုင်းလေ စိုးမိုးတဲ့ အရိပ်တွေ
လွမ်းတတ်တဲ့ ရင်ကို တူးဖော်
လှည့်ကြည့်တိုင်းလေ ဝိုးတဝါးနဲ့ စိတ် အထင်
ဟိုးအဝေးက လှမ်းကြည့်သလိုပဲ
ဒါဟာ အချစ်လား
အချစ် တကယ်ပါ
ရင်မှာ ခံစား သူ ဝေးသွားတိုင်း
ရင်ဆိုင်မယ် အခု အတူ ပျော်ရဲလား
ဝေးမှာ မလိုပါ
အချစ်ရယ် နားလည်
ယခုအချိန်မှာ ဝေယံ ခံစားရတာ နင့်သည်းသော နာကျင်မှုလည်း မဟုတ်သလို သိပ်သည်းသော ဝမ်းနည်းမှုလည်း မဟုတ်။ နှလုံးသားက ဗလာသက်သက်ဖြင့် တုန်ရီ မူးဝေနေမိသည်။
အစဉ် ခိုင်မြဲဖို့ ဆိုတာ အလိုအပ်ဆုံး အရာ
ဖြူစင်တဲ့ အချစ် ပြောင်းလဲ မသွားတတ်ပါ
သိပ် ချစ်လွန်းရင် အသည်းထဲက အပြစ် မမြင်
ဝေးသွားမှ သိလိုက်သလိုပဲ
အဆွေး အိပ်မက်တွေ အဆုံးအစမဲ့ ညတွေ
နွေးထွေးတဲ့ အချစ် ရှိမှပဲ
ဒါဟာ အချစ်လား
အချစ် တကယ်ပါ
ရင်မှာ ခံစား သူ ဝေးသွားတိုင်း
ရင်ဆိုင်မယ် အခု အတူ ပျော်ရဲလား
ဝေးမှာ မလိုပါ
အချစ်ရယ် နားလည်
နေသူရိန်မင်းခန့် ပုံရိပ်တွေ စိုးမိုးခံရပြီး မကြာခဏ မျက်ရည်မိုး စွေသွန်းရလွန်း၍ ပင်ပန်းလှပြီ ဖြစ်သော မျက်လုံးတို့ကို အနားပေးဖို့ ဝေယံ မှိတ်လိုက်မိသည်။
တို့ရင် ကျွမ်းလောင်ဆဲ နေ့ရက်များ
အချစ်တွေ ဟောင်းမသွားဘူးကွယ်
တကယ် ချစ်လာသော အချိန်တွေလဲ
မျှော်နေဆဲ ဘယ်မှာလဲ
ဒါဟာ အချစ်လား
အချစ် တကယ်ပါ
ရင်မှာ သိပ် လွမ်း သူ ဝေးသွားတိုင်း
ရင်ဆိုင်မယ် အခု အတူ ပျော်ရဲလား
ဝေးမှာ မလိုပါ
အချစ်ရယ် နားလည်
ဝေးရင်
သူ မုန်းသွားရင်
သူ ခံစားသွားရင်
မပျော်ဘူး အချိန်တိုင်း . . .
သီချင်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
ရင်ထဲက ဝေဒနာဟာ ပျောက်ကွယ် မသွား။
နွမ်းနယ်လှသော နှလုံးသား တစ်နေရာက လှိုက်ဟာမှု တစ်ခုနှင့် အတူ နင့်နင့်သည်းသည်း နာကျင်လာခဲ့သည်။ နှလုံးသား ရှိရတာ အရမ်း နာကျင် ခံစားရမည်ဆို ဝေယံ နှလုံးသား မရှိချင်တော့။
ဟုတ်သည်။
ဝေယံ နှလုံးသား မရှိချင်တော့ပါ။
အချစ်ရေ . .
ငါ မှားတော့မှာပဲလို့ ပြောဖို့
ငါ့အနားမှာ မင်း ရှိမနေခဲ့ဘူးနော်
~•~ S U N ~•~
28 / September / 2020
12 : 45 PM