ည ဆယ် နာရီ မထိုးခင် အိမ် ပြန်ရောက်သည်။
တော်သေးသည်။
အိမ် ပြန်နေစဉ် တစ်လျှောက်လုံး မိုးတွေ အများကြီး ရွာနေခဲ့သည်။ လမ်းမတွင် မိုးဒဏ်ကြောင့် ဘာကိုမှ သဲကွဲစွာ မမြင်ရ။ ခြံ ရှေ့ ရောက်ပြီး ကား ရပ်သွားသည့်အခါ သဲကြီးမဲကြီး ရွာနေခဲ့သော မိုးက အနည်းငယ် တိတ်သွားသည်။ မိုးစက်ကလေးများသာ ဖွဲဖွဲလေး ကျဆင်းနေခဲ့၏။ အဆက်မပြတ် ရွာနေသော မိုးစက် ဖွဲဖွဲများက ခြံ ရှေ့တွင် ထွန်းထားသော နီယွန် မီးပွင့်များကြောင့် ဆေးခြယ်ထားသလို အရောင်စုံစွာ လှပနေခဲ့သည်။
အာကာဟိန်းထက်က ဝေယံ့ကို လိုက်ပို့ပေးပြီးတာနှင့် နှုတ်ဆက်ကာ ချက်ချင်း ပြန်သွားသည်။
တရုတ် စကားပင်များကို ဖြတ်ပြီး အိမ်ကြီး ရှိရာသို့ ဝေယံ ခပ်သွက်သွက် သွားနေစဉ်မှာ ပြင်းထန် ကြမ်းတမ်းသော လေစိမ်းများက ဝေါခနဲ တိုက်ခတ်လိုက်သည်။ ပါးလှပ်သော အင်္ကျီက ထိုဒဏ်ကို မခံနိုင်။ ဝေယံ ခန္ဓာကိုယ်ထဲ လေရော၊ မိုးပါ စိမ့်ဝင်သွားသည်။ ကြက်သီး ဖြန်းခနဲ ထအောင် အေးစိမ့် တုန်ခိုက်သွား၏။
"ပြန်ရောက်ပြီလား"
အပေါ်ထပ် အိပ်ခန်းသို့ ရောက်တာနှင့် စကားသံ တစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။ အမှောင်ထဲမှာမို့ အသံရှင်ကို မမြင်ရ။ လေသံက ဘာကြောင့် ဒီလောက်အထိ တင်းမာနေရတာလဲ။ စိတ်ထင့်စွာ နံရံက မီးခလုတ်ကို ဝေယံ ခပ်မြန်မြန် နှိပ်လိုက်သည်။
"သူရိန်"
လင်းလာသည့် လျှပ်စစ်မီးရောင် အောက် နေသူရိန်မင်းခန့်ကို ဝေယံ မြင်လိုက်ရသည်။ သူက ခုတင်ပေါ် လက်ပိုက် ထိုင်နေပြီး တံခါးဝရှိ ဝေယံ့ကို စိုက်ကြည့်နေသည်။ မျက်လုံးများ . . ။ မျက်လုံးများက ကြောက်စရာ။
"ဘယ်သွားနေတာလဲ"
နေသူရိန်မင်းခန့် အသံက တိုတိုပြတ်ပြတ်။
"ကျုံးဘေး . . ၊ ပန်းချီ သွားကြည့်နေတာ"
"ဒီလို မိုးသည်းတဲ့ ညသန်းခေါင်မှာ မြို့ထဲကို သွားနေတယ် . . ဟုတ်လား၊ တစ်ယောက်တည်း သွားတာပေါ့၊ အဖော် မပါဘဲ . ."
"မဟုတ်ပါဘူး၊ အဖော် တစ်ယောက် ပါတယ်လေ"
ဝေယံ အဖြေ အဆုံး နေသူရိန်မင်းခန့် အနည်းငယ် အံ့သြသွားသည်။ တရားခံ စစ်သလို တစ်ခုချင်း ဖိအားပေး မေးနေသော စကားများ အောက် ဝေယံ နားမလည်နိုင် ဖြစ်နေမိသည်။ နေသူရိန်မင်းခန့် ဘာဖြစ်နေမှန်း သူ သေချာ မသိ။
"ဘယ်သူလဲ"
"အာကာဟိန်းထက်ပါ"
"ဘယ်သူ . ."
ဝေယံ စကား မှားသွားမှန်း ချက်ချင်း သိလိုက်သည်။ နေသူရိန်မင်းခန့် မျက်နှာက နည်းနည်းမှ နူးညံ့ သိမ်မွေ့မှု မရှိတော့။
"အာကာဟိန်းထက်"
"ဒီတော့ . . ခင်တာ တစ်လတောင် မပြည့်သေးတဲ့ သူစိမ်း ယောကျာ်းနဲ့ . . နှစ်ယောက်တည်း မြို့ထဲကို သွားတယ်၊ ဘယ်လိုတောင် အကြောက်အလန့် မရှိရတာလဲ၊ ဘယ်က သတ္တိတွေ ရလာတာလဲ . . ဟမ်၊ ယံ မကြောက်တတ်ဘူးလား"
အထင်လွဲနေသော နေသူရိန်မင်းခန့်ကြောင့် ဝေယံ ရှင်းပြဖို့ ကြိုးစားမိသည်။ အလွန်အကျွံ မဖြစ်အောင် လေသံကိုပါ အတတ်နိုင်ဆုံး ပျော့ထားရသည်။
"သူက လူကောင်း တစ်ယောက်ပါ သူရိန်၊ နောက်ပြီး ငါက မိန်းကလေးမှ မဟုတ်ဘဲ၊ ဘယ်သူမှ ဘာမှမဖြစ်ခဲ့ပါဘူး၊ လမ်းသလားနေတာလည်း မဟုတ်ဘူးလေ၊ ဒီအတိုင်း သူ့အိမ်ကိုပဲ . ."
"သူ့အိမ်ကို . . ၊ အခု အဲ့ဒီကောင်ရဲ့ အိမ်ကို ရောက်ခဲ့တယ်လို့ ပြောလိုက်တာလား"
အမှန်ကို ဖြေခြင်း ဖြစ်ပေမယ့် ထိုအမှန်တရားက မှားသွားမှန်း ဝေယံ ချက်ချင်း သိလိုက်သည်။ သို့သော် နေသူရိန်မင်းခန့်ကို သူ မညာရဲ။ နေသူရိန်မင်းခန့်က တင်းမာသော မျက်နှာထားနှင့် သူ့ကို စူးစူးရှရှ စိုက်ကြည့်နေ၏။
"တိုး တိုး . . သူရိန်၊ မေတို့ အိပ်ပျော်နေပြီ"
ဝေယံ၏ တိုးတိတ်သော စကား အဆုံး နေသူရိန်မင်းခန့် ဆတ်ခနဲ လှုပ်သွားသည်။ ခုတင်ပေါ် ထိုင်ရာမှ ဝုန်းခနဲ ထလာပြီး ဝေယံ့ဆီသို့ လျင်မြန် ကြမ်းတမ်းစွာ ရောက်လာသည်။
"Ma တို့ ကြားသွားမှာ ကြောက်သလား၊ သိကျွမ်းတာ တစ်လတောင် မပြည့်သေးတဲ့ ယောကျာ်း တစ်ယောက်ကိုတော့ ကြောက်ရကောင်းမှန်း မသိဘူးပေါ့ . . ဟုတ်လား"
ရှေ့တည့်တည့်မှာ နီးကပ်စွာ ရပ်လိုက်ချိန် နေသူရိန်မင်းခန့် မျက်ဝန်းတွေ အရောင်လက်နေမှန်း ဝေယံ သတိထားမိသွားသည်။ နှုတ်ဖျားမှ ထွက်တော့မည့် စကားတွေ အားလုံး ဆွံ့အကုန်၏။
"ယံ တော်တော် သတ္တိကောင်းပါ့လား . . ဟမ်၊ ဘယ်က သတ္တိတွေကြောင့် ညမိုးချုပ်အောင်ထိ သူစိမ်း ယောကျာ်း တစ်ယောက် အိမ်မှာ ယုံယုံကြည်ကြည် နေရဲရတာလဲ၊ ဘယ်လို အရာတွေကများ ယံ့ကို နေချင်သွားအောင် ပြုစားခဲ့တာလဲ"
တရားလွန်သော စွပ်စွဲချက်ကြောင့် ဝေယံ မကျေမနပ် ဖြစ်သွားမိသည်။ ဘာကြောင့်များ ဖြူစင်သော ဆက်ဆံရေးကို အရောင်တွေ ဆိုးပြီး အထင်မှားချင်ရတာလဲ။ ဒေါသကြောင့် အနည်းငယ် မာကျောသော လေသံဖြင့် နေသူရိန်မင်းခန့်ကို ပြန်ခံပြောဖို့ ဝေယံ သတ္တိ ရှိသွားသည်။
"သူရိန် . . မင်းရဲ့ အထင်အမြင်တွေနဲ့ တစ်ဖက်သားကို ရိုင်းရိုင်းစိုင်းစိုင်း မစွပ်စွဲပါနဲ့၊ ဒီကိစ္စမှာ ဘာမှ မှားတာ မပါဘူး၊ ဘာမှလည်း ကြောက်စရာ မရှိဘူး၊ အဲ့ဒီကို သွားတာကလည်း ပန်းချီကို ခံစားကြည့်ဖို့ပဲ၊ နောက်ပြီး ဟိန်းထက်က အနုပညာကို တန်ဖိုးထားတဲ့ လူကောင်း တစ်ယောက်ပါ၊ ဒါကို ငါ သေချာ သိတယ်"
ဝေယံ စကားများက နေသူရိန်မင်းခန့်ကို ပို၍ ဒေါသ ထွက်သွားစေပုံ ရသည်။ နေသူရိန်မင်းခန့် မျက်နှာ တင်းခနဲ ဖြစ်သွားတော့သည်။
"ယံက အဲ့ဒီကောင်ဘက်က နာတယ်ပေါ့"
ဝေယံ တစ်ခဏ ကြောင်အသွားသည်။
"မဟုတ်ဘူး၊ အဲ့ဒီလို မဟုတ်ပါဘူး၊ မင်း စကားတွေက သိပ် လွန်တာပဲ"
"ကျွန်တော် ယံ့ကို . . ဘယ်လောက် စိတ်ပူခဲ့ရလဲ ယံ သိရဲ့လား၊ ဒီကနေ့ တက္ကသိုလ်မှာ အိမ် ပြန်ဖို့ စောင့်နေမယ့် ကျွန်တော့်ကိုရော ယံ သတိရရဲ့လား၊ ယံ ကျွန်တော့်ကို ဂရုမစိုက်ဘူး၊ အလေးမထားဘူး၊ တစ်နေရာ သွားမယ်ဆို ဖုန်းဆက်ပြီး ပြောပါ့လား၊ ဒါဆို အိမ် အတူ မပြန်ရလည်း ဘာအရေးလဲ၊ ကား အတူ မစီးရလည်း ဘာအရေးလဲ၊ ယံသာ ကျွန်တော့်ကို အလေးထားပြီး ဖုန်းဆက်ခဲ့ရင် ကျွန်တော် ပြန်လိုက်မှာပေါ့၊ အခုတော့ ကျွန်တော် လာကြိုတဲ့ အချိန် ယံ မရှိဘူး၊ ဖုန်းဆက်တော့လည်း မကိုင်ဘူး၊ ဘယ်ရောက်နေသလဲ မသိရဘူး၊ ဒီလို အခြေအနေမျိုးနဲ့ ဒေါသထွက်မိတာ ကျွန်တော် လွန်သလား၊ လွန်သလား ယံ"
ပခုံး နှစ်ဖက်ကို ကြမ်းတမ်းစွာ ဆုပ်ကိုင် လှုပ်ယမ်းပြီး ဆက်တိုက် ပြောချလာသော မျှော်လင့်မထားသည့် စကားများကြောင့် ဝေယံ မျက်လုံးတွေ ပြာဝေသွားသည်။ ဒေါသစိတ်ကြောင့် ဖြစ်တည်လာသော မျက်ဝန်းများသည် နဂါး တစ်ကောင်၏ မျက်လုံးများလို အရာရာအား လောင်ကျွမ်း ပြာကျနိုင်စွမ်း ရှိပါက နေသူရိန်မင်းခန့်၏ ဒေါသ မျက်လုံးများကြောင့် ဝေယံ့ တစ်ကိုယ်လုံး ပြင်းပြသော မီးတွေ တောက်လောင်ပြီး ပြာမှုန့် ဖြစ်သွားနိုင်သည်။
ရှေ့မှာ ရှိနေသည့် နေသူရိန်မင်းခန့်ကို ဝေယံ ကြောက်လာသည်။
မဟုတ်ဘူး။ အဲ့ဒါ သူ မဟုတ်ဘူး။
ဝေယံ သိသည့် နေသူရိန်မင်းခန့် မဟုတ်ဘူး။
"မင်း မျက်လုံးတွေက အရမ်း ကြောက်ဖို့ကောင်းတယ် သူရိန်၊ ငါ့ကို အဲ့ဒီလို မကြည့်ပါနဲ့၊ ဖြစ်နိုင်ရင် မျက်လုံးနဲ့ ကြည့်တာထက် နှလုံးသားနဲ့ ကြည့်ပေးပါ၊ ဒါမှ မင်း ငါ့ကို နားလည်မှာ၊ လူ ဆိုတာ နှလုံးသားနဲ့ ကြည့်မှသာ တစ်ပါးသူရဲ့ နှလုံးသားထဲအထိ မြင်နိုင်တာ"
"ဒါဖြင့် ကျွန်တော့် နှလုံးသားကို ယံ မြင်လား"
အကြည့် စူးစူးများဖြင့် စိုက်ကြည့်၏။
ဝေယံ နေသူရိန်မင်းခန့်၏ အကြည့်ဒဏ်ကို ခံနိုင်ရည် မရှိ။ သို့သော် အကြည့် မလွှဲရက်။ တမ်းတ မက်မောကာ ကြည့်ချင်နေ၏။ နည်းနည်းလေးမှ မကြည့်ရဲဘဲ အမြဲ မြင်ချင်မိသော အရာကို ပြပါလို့များ တစ်စုံတစ်ယောက်က သူ့အား ပြောလာပါက နေသူရိန်မင်းခန့်၏ မျက်လုံးများကိုသာ ဝေယံ ရင်ခုန်စွာ ပြမိလိမ့်မည်။
"ယံ မမြင်ပါဘူး"
နေသူရိန်မင်းခန့် ဆုပ်ကိုင်ထားသည့် ဝေယံ ပခုံး နှစ်ဖက်ကို လွှတ်လိုက်သည်။ ခွန်အား သုံးပြီး လွှတ်ချခံလိုက်ရတာမို့ ပခုံးများမှာ နာလွန်း၍ ထုံသွားသည်။ အရှိန်ဖြင့် လူက ဘေးသို့ ယိုင်သွား၏။
"သူရိန် ငါ . ."
"တော်လောက်ပြီ၊ ပြောဖို့ မလိုတော့ဘူး"
ချက်ချင်း တားမြစ် ဟန့်တားသည်။
နှစ်ယောက်ကြားမှာ လေထုက အေးခဲသွား၏။
အပြင်မှာ မိုးက ခပ်စိပ်စိပ် ရွာနေဆဲ။ သစ်ရွက်ကလေးများပေါ် မိုးစက်ဥများ တင်ကျန်နေသည်။ မိုးဒဏ်နှင့် လေအဝှေ့ကြောင့် ပန်းပင်ကလေးများ ငိုက်ခနဲ၊ ငိုက်ခနဲ ယိမ်းကျနေ၏။ ပတ်ဝန်းကျင် တစ်ခုလုံး မိုးအေးအေးဖြင့် တိတ်ဆိတ်မှုက ဖြာဝေနေသည်။
"ကောင်းကောင်း အိပ်"
ပြောမှ ပြောရက်လေခြင်း . . ။
ဒီလို အခြေအနေနှင့် ဘယ်သူကများ အိပ်ပျော်နိုင်မှာလဲ။
"ကျွန်တော် ပြန်ပြီ"
နေသူရိန်မင်းခန့် အိပ်ခန်း တံခါးကို ဖွင့်လိုက်သည်။ အပြင်မှ မိုး ရနံ့နှင့် လေညင်းဟာ အိပ်ခန်း အတွင်းသို့ ခပ်စိမ်းစိမ်း တိုးဝင်လာ၏။ ထို့နောက် ကျွန်းသား တံခါးက ချက်ချင်း ပိတ်သွားသည်။ အိမ်ကြီး တစ်ခုလုံး တိတ်ဆိတ်သွားပြန်၏။
ထိုငြိမ်သက်မှု အောက် ဝေယံ ကြမ်းပြင်ပေါ် ဒူးထောက် ကျသွားသည်။ မုန်တိုင်းဒဏ်ကြောင့် အမြစ်မှ ကျွတ်ထွက်သွားသည့် သစ်ခြောက် ပင်အိုကြီး တစ်ပင်လို ဗိုင်းခနဲ လဲပြို ကျသွားခြင်းမျိုး ဖြစ်သည်။ ထိုအချိန်မှ ချုပ်ထိန်းထားသော မျက်ရည်ပူများဟာ ဆည်ကန်ကြီး ကျိုးပျက်သွားသလို အထိန်းအချုပ် မရှိ လိမ့်ဆင်းလာတော့၏။
~•~ ~•~ ~•~
"Roll 1 ၊ ဟေ့ . . Roll 1"
ဆရာ၏ စကားသံ။
လေသံက အနည်းငယ် အလိုမကျဟန်။
အာကာဟိန်းထက် ဘေးမှာ ထိုင်နေသည့် ဝေယံ့ကို တံတောင်နှင့် ခပ်ဖွဖွ တို့လိုက်သည်။ ဝေယံ ပုံစံက ယခုမှ အလန့်တကြား အသိ ကပ်သွားသလို။ သတိအနေအထားဖြင့် ဆရာကို ကြည့်၏။
"အခု သင်နေတာ စာမျက်နှာ ဘယ်လောက် ရောက်ပြီလဲ . . သိသလား"
ဆရာက အင်္ဂလိပ်လို မေးသည်။ ဝေယံ ဖတ်စာအုပ်အား ဟိုလှန်၊ ဒီလှန် လုပ်သည်။ ထို့နောက် ရှာမတွေ့ပုံဖြင့် ခေါင်း ယမ်းသည်။
"မသိပါဘူး ဆရာ"
ဆရာက ဖတ်လက်စ စာမျက်နှာ အကြား လက်ညှိုး ညှပ်၍ စာအုပ်ကို ပိတ်လိုက်သည်။ ထိုပုံစံကြောင့် ဆရာ ဝေယံ့ကို အကြာကြီး ဟောက်မည် မဟုတ်မှန်း ခန့်မှန်းမိတာမို့ အာကာဟိန်းထက် စိတ် နည်းနည်း အေးသွားသည်။
"အင်္ဂလိပ်စာ ဋ္ဌာနကို အမှတ် အများဆုံးနဲ့ ဝင်လာပြီး . . စာသင်ချိန် စာ လိုက်မကြည့်တာတော့ မကောင်းဘူး ကောင်လေး"
ကောင်လေး ဟူသည့် အသုံးအနှုန်းကြောင့် အာကာဟိန်းထက် ပြုံးမိသွားသည်။ ဆူတော့မှာ မဟုတ်မှန်း သေချာသွားလို့ ဖြစ်သည်။ ဤအခြေအနေကို တစ်ခန်းလုံးက ငြိမ်သက်လျက် နားထောင်နေကြ၏။ သို့ရာတွင် အင်္ဂလိပ်လို ပြောသော ဆရာ၏ စကားများကို အတန်းသားတွေ လုံးစေ့ပတ်စေ့ နားမလည်ကြ။
"Roll 2 . . သူ့ကို စာမျက်နှာ ပြလိုက်ဦး"
"ဟုတ်ကဲ့ ဆရာ"
"ဘယ်စာမျက်နှာကို သင်နေမှန်း မင်းရော သိပါတယ်နော်"
"ဟာ . . သိပါတယ် ဆရာ"
အာကာဟိန်းထက် တစ်ချက် ရယ်သည်။
တစ်ခန်းလုံး လိုက်ရယ်ကြသည်။
"ကဲ ကဲ . . စာအုပ်ကို ကြည့်"
အာကာဟိန်းထက် ရောက်နေသည့် စာမျက်နှာကို ဝေယံ့အား အမြန် ပြောပြလိုက်သည်။ ထုံထိုင်းစွာ စာ မှတ်နေသည့် ဝေယံ ပုံစံက စိတ် မပါသလိုလို။ ယနေ့ အတန်းချိန် တစ်ခုလုံး ဝေယံ ဘာဖြစ်နေမှန်း အာကာဟိန်းထက် သေချာ မသိ။
ပြောရပါက ဆရာဟာ အသင်အပြ ကောင်းသည်။ နိုင်ငံခြားပြန် ဆရာ တစ်ယောက် ဖြစ်ပေမယ့် အင်္ဂလိပ်လိုချည်း မပြော။ မြန်မာစာကို ကြားညှပ်၍ သုံးသည်။ သင်ပေးသည့် စာများကို မှတ်ရလွယ်အောင် နုတ်လ် ထုတ်၍ မိတ္တူ ဆွဲပြီး ဝေပေးထားသည်။ ဖတ်သည့်အခါ ပိုပြီး နားလည်ရ လွယ်ကူအောင်ပဲ ဖြစ်သည်။ တစ်ခါတစ်ရံ ဟာသများ သုံးပြီး အတန်းသားများ မပျင်းရအောင် အရွှန်း ဖောက်ပေးတတ်၏။ အာကာဟိန်းထက် အမြင်အရ အင်္ဂလိပ် ဆရာ၏ အတန်းချိန်က သိပ်ကို ပျော်စရာ ကောင်းလွန်း၏။
မိနစ် ငါးဆယ် ပြည့်သွားတာမို့ အတန်းထဲမှ ဆရာ ထွက်သွားသည်။ စာအုပ် သိမ်းပြီးတာနှင့် ဝေယံ အနား အာကာဟိန်းထက် ကပ်တော့၏။ အကျိုးအကြောင်း၊ အခြေအနေ မေးရန် ဖြစ်သည်။ သို့ရာတွင် ထင်ထားသလောက် ခရီး မရောက်။
"ဒီနေ့ ဘယ်လိုလဲ ဝေယံ"
"ဘာကိုလဲ"
အသံက လေးလံမှု အပြည့်။
ပုံစံက ကျောက်တောင်ကြီးအား ပခုံးပေါ် ထမ်းထားရသလို။
"တစ်မျိုးပဲ၊ အဆင်ပြေရဲ့လား"
"အဆင်ပြေပါတယ်"
"မင်း သိလား ဝေယံ၊ အဆင်ပြေရဲ့လားလို့ မေးတိုင်း အဆင်ပြေပါတယ်လို့ အမြဲ မဖြေလည်း ရတယ်"
"အင်းပါ"
"ဒီတော့ . . မင်း အဆင်ပြေလား"
"ပြေတယ်"
"မင်း ကြည့်ရတာ အဆင်ပြေတဲ့ ပုံ မပေါ်ပါဘူး"
"ဒါဆိုလည်း ကြည့်မနေနဲ့ကွာ"
ဝေယံ လေသံက မာထန်ပြီး ကျယ်လောင်သွားသည်။ အာကာဟိန်းထက် ပြုံးလိုက်သည်။ ထိုအပြုံးကို ကိုယ်တိုင် ပြန်ပြီး ခံစားလို့ ရနေသည်။ ထိုအပြုံးက မဲ့ပြုံး စစ်စစ် တစ်ခုပဲ ဖြစ်၏။
"အခုတော့ အလှလေးက ကိုယ့်ကို အော်ပြီပေါ့၊ စိတ်မကောင်းလိုက်တာ"
"ဆောရီး . . ဟိန်းထက်၊ ငါ မရည်ရွယ်ပါဘူး၊ စိတ်ညစ်နေတာနဲ့ . . "
စကား မဆုံးခင် ဝေယံ ပခုံးကို အာကာဟိန်းထက် ဖျတ်ခနဲ ဆွဲဖက်လိုက်သည်။ ခန္ဓာကိုယ် ယိမ်းသွားရာမှ နည်းနည်းချင်း ခေါင်း ငဲ့စောင်းကာ ဝေယံ စိုက်ကြည့်မိသည်။ ထိုအခါ အာကာဟိန်းထက်က ပေါ့ပါးစွာ ပြုံးရယ်၏။
"ကိုယ် ပြောပြမယ်၊ ဝမ်းနည်းမှုတွေက . . အဆုတ်ကို အားနည်းစေတယ်၊ စိုးရိမ်စိတ်တွေက အစာအိမ်ကို ပျက်စီးစေတယ်၊ စိတ်ဖိစီးမှုတွေက နှလုံးနဲ့ ဦးနှောက်ကို ထိခိုက်စေတယ်၊ ကြောက်ရွံ့မှုတွေက ကျောက်ကပ်ကို ဆုတ်ယုတ်စေတယ်၊ နောက်ဆုံး . . ဒေါသတွေက အသည်းကို ချွတ်ယွင်းစေတယ်၊ ဘဝ ဆိုတာ . . ရှိတာလေးနဲ့ပဲ ပျော်အောင် နေတတ်ရတာ၊ Stressed ဆိုတဲ့ စိတ်ဖိစီးမှု ဖြစ်လာရင် စိတ်ကို လျှော့ထား . . ၊ ရေခဲမုန့် စား၊ ချောကလက် စား၊ ဘာလို့လဲ သိလား"
"အချိုတွေက စိတ်ခံစားချက် ကောင်းစေတယ်လေ"
"ဒါပေါ့၊ Stressed ရဲ့ ပြောင်းပြန်က Desserts ဆိုတဲ့ အချိုပွဲ မဟုတ်လား၊ လာ . . ထ ထ၊ အချို သွားစားကြမယ်"
အာကာဟိန်းထက် တက်ကြွစွာ ပြော၏။
"အခုလား ဟိန်းထက်"
"လက်ရှိ အချိန်ထက် ကောင်းတဲ့ အချိန် မရှိတော့ဘူး၊ အချိုပွဲ အရင် စားကြမယ်၊ ကမ္ဘာကြီးက ဘယ်အချိန် ပျက်မလဲ မသိနိုင်ဘူး"
ဝေယံ အာကာဟိန်းထက် နဖူးပြင်ကို ဘောပင်နှင့် ချစ်စနိုး ခေါက်လျက် ခန္ဓာကိုယ်ကို အသာ တွန်းလိုက်သည်။
"မင်းကတော့ တကယ့် ကောင်ပဲ"
"ပျော်စရာ အတွေးတွေက ပျော်စရာ ကိစ္စတွေ ဖြစ်စေတယ်၊ အတွေးလွန်ခြင်းက ဝမ်းနည်းမှုဆီပဲ ဦးတည်တယ်၊ ဒီတော့ ပျော်ပျော် နေကြမယ်"
"မင်း ပြောတာ မှန်တယ်၊ ငါ အခု နည်းနည်းတော့ စိတ်ပြေသွားပြီ၊ ကျေးဇူးပဲ ဟိန်းထက်၊ မင်းကို ဘာပြန်လုပ်ပေးရမလဲ"
အာကာဟိန်းထက် ရိုးသားစွာ ပြုံး၍ ခေါင်း ယမ်းသည်။
"တကယ်တော့ ကြင်နာမှုက အခမဲ့ပါ"
အပြုံးတွေက ကူးစက်တတ်သည် ထင်ပါ၏။ အာကာဟိန်းထက် အပြုံးက ဝေယံ့ဆီသို့ ချက်ချင်း ကပ်ငြိသွားသည်။ သူပါ အလိုလို လိုက်ပြုံးမိသွား၏။
သူတို့ နှစ်ဦး သွားဖြစ်သော ဆိုင်ကလေးက ဋ္ဌာနမှ ဆယ် မိနစ်လောက် လျှောက်ရသော ဆိုင်တန်းများ၏ အစပ် ဖြစ်သည်။ အနက်ရောင် ပလတ်စတစ် ထိုင်ခုံ နှစ်ခုံကို စားပွဲ တစ်ဖက်တစ်ချက်တွင် ချထားသည်။ စားပွဲဝိုင်း အလယ်တွင် တစ်ရှူးစက္ကူ သေတ္တာနှင့် မီနူးကတ် တစ်ကတ် ရှိနေသည်။
ထိုင်ခုံမှာ ထိုင်လိုက်တာနှင့် အာကာဟိန်းထက်မှာ မီနူးကတ်ကို ဖတ်ပြီး ရေခဲမုန့်၊ ပူတင်း၊ ချောကလက် ကိတ် စသဖြင့် စုံအောင် မှာတော့သည်။
"အအေးပါ မှာလိုက်မယ်၊ သောက်မလား ဝေယံ"
"နေပါစေ၊ ငါ အအေး မသောက်ဘူး"
"သံပရာရည် တစ်ခွက်ပဲ ပေးပါ"
အာကာဟိန်းထက် စားပွဲထိုးကို မှာနေသည်။
"ရေသန့် တစ်ပုလင်းရော . ."
သူက ဝေယံ့အတွက် ရေသန့် တစ်ဘူးပါ မှာပေးသည်။ မသိပါက အာကာဟိန်းကို ဝေယံ၏ အစ်ကို တစ်ယောက် ဟု လူတွေ ထင်သွားနိုင်သည်။ တကယ်တမ်း အာကာဟိန်းထက်က ဝေယံ့ထက် ရှစ် လ ငယ်သည်။ ဝေယံ့အပေါ် အနွံအတာ ခံချင်လွန်းသူ ဖြစ်၏။
တစ် နာရီတိတိမှာ မှာယူထားသော အချိုပွဲများ လာချသည်။
အာကာဟိန်းထက် သံပရာရည် သောက်လို့ မကုန်ခင်မှာဘဲ ဝေယံ မုန့် စားလို့ ပြီးသွားသည်။
"ဝေယံ ဝါးရော ဝါးရဲ့လား၊ သေချာ မဝါးဘဲ ဒီအတိုင်း မျိုချရင် ရင်ပြည့်မယ်နော်"
"ရပါတယ်"
ဝေယံ ခပ်လေးလေး ဖြေသည်။ သူ့ကို ပြောနေသည် ဟု အာကာဟိန်းထက် ထင်လိုက်မိပေမယ့် တကယ်က မဟုတ်။ ဝေယံ မျက်လုံးများက အာကာဟိန်းထက်ကို ကျော်လွန်ကာ ခပ်လှမ်းလှမ်းသို့ ကြည့်နေသည်။ အကြည့်များက ပခုံးမှ ဖြတ်ပြီး နောက်ကျောဘက်ဆီသို့ သွားသည်။ ထိုနေရာသို့ အာကာဟိန်းထက် လှည့်ကြည့်လိုက်သည်။
အတွဲ တစ်တွဲ . . ။
ကျော ပေးထားသည်။
ကိုယ် တစ်ခြမ်းစောင်း အနေအထား။
ကြင်နာစွာ ပြုံးရင်း စကား ပြောနေကြသည်။ ကောင်လေးက ဂျင်းဘောင်းဘီနှင့် အဖြူရောင် လက်ရှည်ကို ဝတ်ထားသည်။ မျက်နှာကို မသဲကွဲခင်ကတည်းက နေသူရိန်မင်းခန့်မှန်း အာကာဟိန်းထက် သိလိုက်သည်။
နေသူရိန်မင်းခန့် ဘေးမှ ကောင်မလေးက အသား ဖြူဖြူ၊ လူပုံက ခပ်သွယ်သွယ်။ ဆံပင် ရှည်ရှည်များကို လှပစွာ ဖြန့်ချထား၏။ ရင်ဖုံးအင်္ကျီ အဖြူရောင်နှင့် ရှမ်း လုံချည်ဖြူက ပန်းနုရောင် ယှက်ပြေးနေသည့် သူမ ကိုယ်လုံးလေးနှင့် လိုက်ဖက်နေသည်။ သူမက ယောကျာ်းလေးတိုင်း ကျိတ်ကြွေရသော သင်္ချာ မေဂျာ၏ မာနရှင် အလှပကေး ဖြစ်သည်။
အာကာဟိန်းထက် ခပ်မဲ့မဲ့ တစ်ချက် ပြုံးလိုက်သည်။
နေသူရိန်မင်းခန့်ကို နည်းနည်းလေးမှ လျှော့တွက်လို့ မရ။
နေသူရိန်မင်းခန့် လက်ချောင်းများက ဘေးက အလှပကေး၏ ဆံနွယ်များကို ထိတို့နေသည်။ ထို့နောက် နူးနူးညံ့ညံ့ သပ်တင်ကာ ဖြူဝင်းသော နဖူးထက် အနမ်း တစ်ပွင့် သက်ရောက်လိုက်သည်။
အာကာဟိန်းထက် ဝိုးခနဲ အသံတိတ် အော်မိသည်။ ဝေယံ့ကို ပြန်လှည့် ကြည့်တော့ မျက်ရည်ပင် ဝဲနေပြီ။ မထူးဆန်းတော့။ တစ်စုံတစ်ယောက်၏ နှလုံးသား၌ အပျော်တွေ ဖုံးလွှမ်းနေချိန် တခြား တစ်ဖက်မှာ မျက်ရည်တွေ ဝေနေတတ်တာ သဘာဝပဲ ဖြစ်သည်။
"ငါ့နှယ်နော်"
အာကာဟိန်းထက် ခပ်တိုးတိုး ရေရွတ်သည်။
"ဝေယံ . . ကိုယ်တို့ ညနေ ကျူတို ရှိတယ်မလား"
"အင်း . . ၊ နှစ် နာရီ မိနစ် နှစ်ဆယ်လောက် ဖြစ်မယ်"
ဝေယံက ဘာမှမဖြစ်သည့် ပုံစံဖြင့် ဖြေသည်။
"တစ်ယောက်တည်း ပြန်နှင့်မလား၊ ကိုယ် လုပ်စရာလေး ပေါ်လာလို့ . ."
"ရတယ်လေ"
"မေးခွန်း စာရွက် ဝေရင် ကိုယ့်အတွက် ယူထားပေးနော်"
"ဟုတ်ပြီ"
ဆိုင်မှာ ငွေ ရှင်းပြီးနောက် ဝေယံ ပြန်သွားသည်။ လက်မှ နာရီကို အာကာဟိန်းထက် တစ်ချက် ကြည့်သည်။ ထို့နောက် အကောင်အထည် ဖော်ရန် အချိန်တန်ပြီ ဟု ဆုံးဖြတ်လိုက်သည်။
နေသူရိန်မင်းခန့်
တစ်ခါ တွေ့တိုင်း
ထပ်ခါထပ်ခါ အပူ ပေးသော နေမင်းကြီး။
ထိုသူအား ဒီအတိုင်း လွှတ်ထားလို့ မဖြစ်တော့။
~•~ ~•~ ~•~
"နေသူရိန်မင်းခန့်"
နောက်ဖျားမှ ခေါ်သံကြောင့် နေသူရိန်မင်းခန့် လှည့်ကြည့်လိုက်သည်။
အာကာဟိန်းထက်
မျက်နှာကို မြင်တာနှင့် ချက်ချင်း စိတ်တိုသွားသည်။ ကျက်သရေ မရှိသည့် ထိုမျက်နှာကို စုတ်ပြတ်သွားအောင်အထိ ထိုးပစ်လိုက်ချင်သည်။ သို့သော် ဒေါသကို မျိုသိပ်ထားသည်။ လက်ထဲမှ ဆုပ်ကိုင်ထားသည့် ဇွန်းငယ်က ကျွတ်ခနဲ။
"ဘာကိစ္စလဲ"
"ငါနဲ့ စကားပြောမယ်"
"ဘာအတွက်လဲ"
"မသိချင်ယောင် ဆောင်မနေနဲ့၊ ချက်ချင်း ထပြီး . . ငါ့နောက် လိုက်ခဲ့"
နေသူရိန်မင်းခန့် မဲ့ပြုံး ပြုံးလိုက်သည်။ သူလည်း ဒီအချိန်ကို စောင့်နေတာပဲ ဖြစ်သည်။ အာကာဟိန်းထက်နှင့် ပတ်သက်ပြီး မကျေနပ်ချက်တွေ အများကြီး နေသူရိန်မင်းခန့်ထံမှာ ရှိသည်။
"တစ်ယောက်တည်း ဖြစ်တယ်မလား မ"
"ဖြစ်ပါတယ်၊ သွားလေ မောင်"
ရည်းစား အသစ်က အေးဆေးလွန်းသည်။ နေသူရိန်မင်းခန့် အညောင်း ဆန့်ကာ မတ်တတ် ထရပ်လိုက်သည်။ ထို့နောက် အာကာဟိန်းထက် ရှိရာသို့ လျှောက်သွားလိုက်သည်။
အာကာဟိန်းထက် ရပ်နေသော နေရာက အရိပ် ကျပြီး သစ်ပင် များသော တောအုပ်လို ဖြစ်နေသည်။ ထိုင်ခုံများ ရှိနေပေမယ့် ထိုင်သူ မရှိ။ ခပ်လှမ်းလှမ်းတွင် စာလုပ်သူများ ရှိသည်။ သို့ရာတွင် ကိုယ့်အာရုံနှင့် ကိုယ်။ နေရာကောင်းကို ရွေးထားခြင်း ဖြစ်သည်။
ရန်ဖြစ်၍ အသံ ကျယ်သွားတောင် ကြားရနိုင်သည့် ပုံ မပေါ်။ မပြောကောင်း ပြောကောင်း သူ လုပ်လိုက်လို့ အသက် ပျောက်ပြီး အလောင်း ပုပ်ပွလို့ နံတော့မှ သိနိုင်သည်။ ကိုယ့်အတွေးနှင့်ကိုယ် ပြုံးလျက် မျက်စိ ရှေ့က အာကာဟိန်းထက်၏ ကော်လံစကို နေသူရိန်မင်းခန့် ဆောင့်ဆွဲလိုက်သည်။
"ပြောစမ်းပါဦး၊ မင်းက ဘာကိစ္စနဲ့ ယံနဲ့ အတူ ဆိုင်မှာ ရှိနေရတာလဲ"
"ဒါဖြင့် ငါတို့ကို မင်း မြင်တယ်ပေါ့၊ အဟက် . . ကြိုတင် ကြံစည်မှု ဆိုတာ ငါ သိသားပဲ"
နေသူရိန်မင်းခန့် လက်ကို အာကာဟိန်းထက် ဆွဲဖြုတ်လိုက်သည်။ နေသူရိန်မင်းခန့် နည်းနည်းတော့ လန့်သွားသည်။ ဝန်ခံရပါက သူတို့ နှစ်ယောက်ကို ဆိုင်ခန်းထဲက ချောင်းကြည့်နေပြီးမှ တမင်တကာ မြင်ရသည့် နေရာမှာ ထိုင်ပြီး လုပ်ဇာတ်ကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။ အာကာဟိန်းထက် သိနေလိမ့်မည် ဟု နေသူရိန်မင်းခန့် မထင်ခဲ့မိ။
"ငါ ဒီကိုလာတာ မင်းနဲ့ စာရင်း ရှင်းဖို့နော်၊ အပိုတွေ မပြောစမ်းနဲ့"
"ဘယ်လိုလုပ်မလဲ၊ မင်းက ရန်ဖြစ်ချင်ပေမယ့် ငါက ရန်ဖြစ်ချင် စိတ် မရှိဘူး၊ ကိုက်တတ်တဲ့ ခွေးကို လမ်း ဖယ်ပေးလိုက်တာက အကိုက်ခံရတာထက်စာရင် မကောင်းဘူးလား"
"မင်း . ."
သူ့ကို ခွေးနှင့် နှိုင်းလိုက်တာမို့ နေသူရိန်မင်းခန့် မျက်နှာ အကြီးအကျယ် ပျက်သွားသည်။ အာကာဟိန်းထက်က အံ့သြစရာကောင်းအောင် တည်ငြိမ်နေဆဲ။
"လူသား အားလုံးက အမှား လုပ်တတ်ကြတယ်၊ သိပ် ကြီးမားတဲ့ ကမ္ဘာကြီးထဲမှာ ငါတို့က ဘာမှမဟုတ်တဲ့ အမှုန်အမွှားတွေ၊ ဒီတော့ ဒေါသကို ရှေ့တန်းတင် မနေစမ်းနဲ့ . . နေသူရိန်မင်းခန့်"
"ငါ့ကို လာပြီး တရား ချမနေနဲ့၊ အနက်အတွက် အဖြူက အစွန်းအထင်းပဲ"
"ကောင်းပြီ၊ လိုရင်းကိုပဲ ပြောတော့မယ်၊ ငါ့သူငယ်ချင်းကို စိတ်ဆင်းရဲအောင် မလုပ်နဲ့"
နေသူရိန်မင်းခန့် ရယ်ချလိုက်သည်။
အာကာဟိန်းထက် စကားကြီးက စည်းကျော်လွန်းနေပြီ။
"ငါ့ကို ဟိုဟာ မလုပ်နဲ့ . . ဒီဟာ မလုပ်နဲ့ ပြောရအောင် မင်းက ဘာကောင်မို့လို့လဲ . . ဟမ်၊ ဝေယံအောင် ဆိုတဲ့ လူသားကို ငါ ပိုင်တယ်၊ ငါ ပိုင်တဲ့ ဘဝကို ငါ လုပ်ချင်တာ လုပ်မယ်၊ မင်း သောက်ပူ မပါဘူး"
"ဟုတ်တယ် . . ၊ ငါ့အပူ မပါဘူး၊ ဒါပေမယ့် ငါ ပြောလိုက်မယ်၊ ဒီလို လုပ်နေရုံနဲ့ သူက မင်းကို ပွင့်ပွင့်လင်းလင်း ချစ်လာမှာ မဟုတ်ဘူး၊ မင်း လုပ်ရပ်က သူ့ကိုပဲ နာကျင်စေမှာ"
နေသူရိန်မင်းခန့် ရှိန်းခနဲ ဖြစ်သွားသည်။ အာကာဟိန်းထက်ကို မကြည့်ဘဲ တခြား တစ်နေရာသို့ မျက်နှာ လွှဲလိုက်မိသည်။ စလွယ် သိုင်းထားသော လွယ်အိတ်နှင့် စာအုပ်ကို ပိုက်လျက် လမ်းမပေါ် ဖြတ်သွားသည့် ကျောင်းသား တစ်ဦးကို သူ တွေ့လိုက်ရသည်။
"မင်းက သူ မင်းကို ချစ်နေမှန်း သိတယ်၊ ဒါကြောင့် မင်း လုပ်ချင်ရာ လုပ်နေတာ"
အာကာဟိန်းထက်ကို ရဲရင့်စွာ ကြည့်ဖို့ နေသူရိန်မင်းခန့် ကြိုးစားသည်။ သို့သော် ပြောသမျှ စကား အားလုံးက သူ့အတွက် မှန်လွန်းနေတာတော့ ခက်သည်။ စိတ်အစဉ်ဟာ ယမ်း မီးခြစ်ဘူးထဲ ရောက်နေသလို ကျဉ်းကျပ်လွန်း၏။
"ဝေယံ့ အချစ်ကို ရဖို့ နည်းလမ်း အမှားကြီးကို မသုံးချင်စမ်းပါနဲ့၊ သူ မင်းကို မချစ်ရဲတာ မင်း အပြစ် ဟုတ်ချင်မှ ဟုတ်လိမ့်မယ်၊ ဒါပေမယ့် သူ့ကို နာကျင်အောင် နှိပ်စက်နေတာတော့ မင်း အမှားပဲ"
"ငါ နားမလည်တော့ဘူး၊ မင်းမှာ ဘာရည်ရွယ်ချက်တွေ ရှိနေလို့ . . ငါ့ကို ဒီလိုတွေ လာပြောနေရတာလဲ"
နေသူရိန်မင်းခန့် တကယ်ကို နားမလည်နိုင်တော့။ အာကာဟိန်းထက် လုပ်ရပ်က ထူးဆန်းလွန်းသည်။ သူငယ်ချင်းကို ချစ်လွန်းသည် ဟု ထားဦး။ ဘယ်သူမှ ဒီလို ကူညီ ဖြေရှင်းပေးမည် မဟုတ်။ နေသူရိန်မင်းခန့် အထင် အာကာဟိန်းထက်မှာ သေချာပေါက် လျှို့ဝှက်ချက် တစ်ခုတော့ ရှိကို ရှိရမည်။
ဘယ်သူမှ ပေးမသိချင်သည့် လျှို့ဝှက်ချက်။
ဒီလို လုပ်ရသည့် အကြောင်းအရင်း၏ လျှို့ဝှက်ချက်။
"အကူအညီ လိုနေတဲ့ သူတွေ ဆိုတာ တစ်ခါတလေကျ အကူအညီ မလိုတဲ့ ပုံစံမျိုး ပေါက်နေကြတာ များတယ်"
"အဲ့ဒါကြောင့် ငါ့ကို ကူညီတာလား"
"သေချာတာပေါ့"
မဖြစ်နိုင်။ လုံးဝ မဖြစ်နိုင်။
ဘယ်လို နည်းနှင့်မှ မဖြစ်နိုင်။
"ဝေယံ့ကို မင်း အဆုံးရှုံး မခံနိုင်မှန်း ငါ သိပါတယ်၊ ပြောရရင် စွန့်လွှတ် အနစ်နာခံတယ် ဆိုတာမျိုးက နာမည်သာ ကောင်းတာ၊ ခံရတာကျ သက်သာမှာ မဟုတ်ဘူး၊ မင်းလည်း မဖြစ်ချင်ဘူး မဟုတ်လား"
"ဒါဖြင့် မင်းက ငါ့ကို ဘာလုပ်စေချင်နေတာလဲ"
"ကြက်ဥကို အပြင်က အခွဲခံရတဲ့အခါ စားစရာ ဟင်း ဖြစ်လာတယ်၊ အထဲက အခွဲခံရရင်တော့ ဘဝ တစ်ခု အပြင် ရောက်လာတယ်၊ လူ့ဘဝလည်း ဒီလိုပဲ၊ အပြင်က ဖိအားကို စောင့်နေမယ် ဆိုရင်တော့ မင်းက သူများအတွက် စားစရာ ဖြစ်သွားမှာပဲ၊ မဟုတ်ရင် မင်း ပိုင်ဆိုင်ချင်တာတွေ သူများ ဦးသွားလိမ့်မယ်၊ ဒီတော့ ကိုယ့်ကိုယ်ကိုယ် အတွင်းက တွန်းအား ပေးမှ ကိုယ် လိုချင်တဲ့ ဘဝကို ရလိမ့်မယ်၊ Success ဆိုတဲ့ အောင်မြင်မှုမှာတောင် ဒုတိယ စကားလုံး ဖြစ်တဲ့ U အပေါ် မူတည်သေးတာပဲ . . မဟုတ်လား"
နေသူရိန်မင်းခန့် မျက်နှာ တစ်ခုလုံး နီရဲသွားသည်။ အရစ် ရှည်လွန်းသော အာကာဟိန်းထက်အား ကရာတေး ကန်ချက်ဖြင့် ကန်ပစ်လိုက်ချင်သည့် စိတ်ကို မနည်း ထိန်းထားရသည်။
"လူ နားလည်အောင် ပြောစမ်း အာကာဟိန်းထက်"
နေသူရိန်မင်းခန့် စကားကြောင့် အာကာဟိန်းထက် လှောင်ပြုံး တစ်ခု ပြုံးလိုက်မိသည်။
"ဒီလိုကွာ . . ၊ ငါ ဆိုလိုတာက ဝေယံ့ကို ဖွင့်ပြောစေချင်တာ"
နေသူရိန်မင်းခန့် ပခုံးကို အာကာဟိန်းထက် ခပ်ဖွဖွ ပုတ်သည်။
အားပေးသည့် လုပ်ရပ်ပဲ ဖြစ်သည်။
"ငါ ယံ့ကို ဖွင့်မပြောရဲဘူး၊ တကယ်လို့ ယံ ငြင်းလိုက်ရင် . . ဒီကမ္ဘာမှာ သူ့ကို အချစ်ဆုံး လူ တစ်ယောက် ဖြစ်တဲ့ ငါ့ကို လက်လွှတ် ဆုံးရှုံးရလိမ့်မယ်"
အာကာဟိန်းထက် ပြုံးသည်။
စိတ်ညစ်သွားသော အပြုံးပဲ ဖြစ်သည်။
"ရင်ထဲက ချစ်တာ မှန်ရင် ရင်ထဲကို ရောက်တယ်၊ လုပ်သင့် လုပ်ထိုက်တာကို လုပ်ပါ"
အချစ်စစ်တို့ ဟူသည် နှလုံးသားမှ စူးစူးနစ်နစ် ချစ်ခင် နှစ်သက်တာ မှန်ပါက အချစ်ခံရသူ၏ နှလုံးသားသို့ ထိုးထိုးဖောက်ဖောက် ဝင်ရောက်နိုင်သည်။
ထိုအရာဟာ သေချာသော အမှန်တရား တစ်ခုပဲ ဖြစ်သည်။
~•~ S U N ~•~
12 / April / 2020
2 : 00 PM