အိမ် အောက်ထပ်သို့ ဆင်းသွားချိန် ထမင်းစားခန်းမှ စကားပြောသံများကို နေသူရိန်မင်းခန့် ကြားလိုက်ရသည်။
ဦးနေမင်းခန့် စကားသံနှင့် မရှေးမနှောင်း ထွက်ပေါ်လာတာက မိန်းကလေး တစ်ယောက်၏ ခပ်သဲ့သဲ့ ရယ်မောသံ။ ခြေလှမ်းများ နီးလာလေ ထိုရယ်သံ၏ ပိုင်ရှင်ကို သူ ရင်းနှီးလာလေ ဖြစ်သည်။
ထမင်းစားခန်း အပေါက်ဝမှာ နေသူရိန်မင်းခန့် ခြေစုံ ရပ်လိုက်သည်။ အတွင်းမှ စကားသံနှင့် ဇွန်းသံ၊ ခက်ရင်းသံများ အဆက်မပြတ် ထွက်ပေါ်လာနေဆဲ။ တံခါးမကြီးကို နေသူရိန်မင်းခန့် တွန်းဖွင့်ကာ အခန်းတွင်းသို့ ဝင်လိုက်သည်။
အနောက်တိုင်း စတိုင်လ် ပြင်ဆင်ထားသော မနက်စာ ထမင်းဝိုင်းတွင် ဦးနေမင်းခန့်နှင့် အတူ ထိုင်နေသော သူက . . . ။
"အိုကားစံ"
"Aka . . သား နိုးလာပြီလား"
မပီသသော မြန်မာ စကားသံက ဂျပန်လေသံနှင့် အတူ ထွက်ပေါ်လာသည်။ နေသူရိန်မင်းခန့် ရှေ့က မိခင်ဖြစ်သူ ဟာနကိုသည် ပန်းနုရောင် ဇာဂါဝန်ရှည်လေးကို ဝတ်ထားပြီး ဆယ်ကျော်သက် မိန်းကလေး တစ်ယောက်လို နုဖတ်နေသည်။
ဘဲဥ သဏ္ဌာန် မျက်နှာဝိုင်းနှင့် ဝင်းမွတ်လွန်းသော ပါးပြင်များက ပန်းနုရောင် ခပ်သန်းသန်း။ နဖူးပေါ် ခွေကျနေသော ဆံပင်လိပ်နှင့် ခပ်တိုတို ညှပ်ထားသည့် ကုပ်ဝဲ ဆံပင်လေးက လှပခြင်းထက် ပိုသော ချစ်စရာကောင်းခြင်းကို ပုံပေါ်စေသည်။
"ကြည့်စမ်းပါဦး၊ မမြင်ရတာ ကြာတော့ မေမေ့သားက သိပ် ချောလာတာပဲ"
နေသူရိန်မင်းခန့် စားပွဲဝိုင်းဆီ လျှောက်သွားကာ မိခင်ဖြစ်သူ ဟာနကို၏ မျက်နှာချင်းဆိုင်က ခုံမှာ ထိုင်လိုက်သည်။ မိခင်က သူ့ကို ပြုံး ကြည့်၏။
"ဘယ်သူနဲ့ တူလို့ပါလိမ့်"
"ကိုယ်နဲ့ တူလို့ ဖြစ်မယ်"
ဦးနေမင်းခန့် အဖြေ။ ဘယ်လူးဘယ်ရီ ယိုကို ဓားထိပ်ဖြင့် လှမ်းယူကာ ပေါင်မုန့် မီးကင် တစ်ချပ်ပေါ် သုတ်လိမ်းရင်းမှ ပြောလာခြင်း ဖြစ်သည်။
"မဟုတ်တာ၊ ကလေးတွေက ရှင်နဲ့ တူတာ ဆိုလို့ ဦးနှောက် ကောင်းနေတာလေးပဲ ရှိတာလေ၊ ရုပ်ရည်က ကျွန်မနဲ့ တူလို့ပါ"
"ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတာ အန္တရာယ်များတယ် မိန်းမရဲ့"
"ဖေကြီးနော်၊ ဘာလဲ . . ၊ ကျွန်မကို မလှဘူးလို့ ပြောချင်တာလား"
ဟာနကိုက မျက်စောင်းထိုးရင်း သူမ ဘေးက ဦးနေမင်းခန့်ကို လေသံ ချိုချိုဖြင့် ပြောသည်။
"ဟုတ်ပါတယ်လေ၊ အသက်က လေးဆယ် ကျော်လာပြီ ဆိုတော့ အရင်လို ဘယ်လှနိုင်တော့မှာလဲ၊ ပါးရည်တွေလည်း တွန့် . . ၊ မျက်လုံးတွေလည်း မှုန်ရောပေါ့၊ ရှင် မချစ်တော့တာလည်း မဆန်းပါဘူး"
"ဟောဗျာ . . ၊ မချစ်တော့ဘူးလို့ ကိုယ် မပြောမိပါဘူး၊ ဒီက မိန်းမက အသက်ကြီးလို့ အဖွားကြီး ဖြစ်ပြီး ဆံပင်တွေ ဖြူ၊ သွားတွေ ကျိုးသွားရင်တောင် ကိုယ်က ချစ်နေဦးမှာ၊ ပြီးတော့ မပူနဲ့၊ မေ ဘယ်လို နေနေ . . ကိုယ့်မျက်လုံးထဲမှာ လှပြီးသား"
"အော့ . ."
နွားနို့ သောက်နေရင်းမှ အော့အန်ချင်သလို ပုံစံမျိုး နေသူရိန်မင်းခန့် လုပ်လိုက်သည်။ မျက်နှာကိုပါ အကဲပိုကာ မဲ့ရွဲ့ထားသေး၏။
အိုတိုးစံနှင့် အိုကားစံက အတူ ရှိချိန်တိုင်း ဒီလို ချစ်ကြည်နူးလေ့ ရှိသည်။ အိမ်ထောင် သက်တမ်း နှစ် နှစ်ဆယ် နီးပါး ရှိပြီ ဖြစ်သော်လည်း ကြင်စဦး မောင်နှံတွေလို ချစ်လို့ ကောင်းနေဆဲ။ တစ်ခါတစ်ရံ အခန့်မသင့်လျှင်တော့ ရန်ဖြစ်ကြသည်။ သို့သော် ရန်ပွဲ ပြီးလို့ မခေါ်မပြောနိုင် ဖြစ်နေရာမှ ငါး မိနစ်ပင် မပြည့်။ တည့်သွားကြတာချည်း ဖြစ်သည်။
ငယ်စဉ်ကဆို မျက်စိ နောက်လွန်း၍ မိဘတွေ ရန်ဖြစ်အောင် မောင်နှမ နှစ်ယောက် ပေါင်းပြီး အပျင်းပြေ စနောက်ဖူးသည်။ အိုတိုးစံတို့ကလည်း လွန်သည်။ အလုပ်တွေ များနေတောင် သားသမီးတွေကို ဂရုမစိုက်ဘဲ နေချင်နေမည်။ နှစ်ယောက်သား ချစ်ချစ်ခင်ခင် နေဖို့ကတော့ ဘယ်တော့မှ မမေ့။
သို့ရာတွင် မိဘတွေက ချစ်ခြင်းမေတ္တာနှင့် ပတ်သက်ပြီး သားသမီးအပေါ် လုံလုံလောက်လောက် မပေးအပ်နိုင်ဘူး ဆိုပေမယ့် မာယာဆူးနှင့် နေသူရိန်မင်းခန့်ကိုတော့ တုန်နေအောင် အလိုလိုက်ထားသည်။ ဖြစ်ချင်တာ မှန်သမျှ လိုက်လျောပေးသလို၊ လိုချင်တာ မှန်သမျှကိုပါ ဖြည့်ဆည်းပေးသည်။
ထို့ကြောင့် နေသူရိန်မင်းခန့် ယခုလို ဆိုးနေခြင်း ဖြစ်သည်။
"ငါ့သားရာ . . မင်း အဖြစ် မရှိတိုင်း ငါတို့ကို လာပြောင်မနေနဲ့"
"ကျွန်တော် အဖြစ် မရှိဘူးလို့ ဘယ်သူ ပြောလဲ"
"ငါက မင်းအဖေကွ၊ မင်း အကြောင်း မသိဘဲ နေမလား"
"ဟုတ်လား . . ၊ အဖေ ဆိုတာ သေချာလား၊ ကျွန်တော့် အထင်တော့ . ."
နေသူရိန်မင်းခန့် စကားကို ဆက်မပြောသေး။ စားပွဲပေါ် မေးထောက်ကာ မိခင်ဖြစ်သူ ဟာနကိုအား မျက်လုံး မှေးကြည့်သည်။ ဦးနေမင်းခန့် ယခင်က သားဖြစ်သူ ပြောခဲ့သော စကားကို ချက်ချင်း သတိရပြီး ဒေါပွသွား၏။
"ခွေးကောင်လေး . . မင်း ပါးစပ်ကို မင်းဘာသာ ပိတ်မလား၊ ငါ ပိတ်ပေးရမလား"
"အိုတိုးစံရာ . . ဒေါသကြီးလိုက်တာ၊ အဲ့ဒါကြောင့် မိန်းမ တစ်ယောက်တည်း ရတာ"
"မိန်းမကို တစ်ယောက်တည်း မယူလို့ . . ငါက ဘယ်နှယောက် ယူရမှာတုံး"
နေသူရိန်မင်းခန့် စားပွဲပေါ်က စတော်ဘယ်ရီ လေးငါးလုံးကို လှမ်းယူကာ ပန်းကန်ထဲ ထည့်လိုက်သည်။ ထို့နောက် အလုံး အကြီးဆုံး တစ်လုံးကို ခက်ရင်းနှင့် ထိုးရင်း ဦးနေမင်းခန့်ကို လှမ်းကြည့်သည်။
"အိုတိုးစံပဲ ပြောခဲ့တာလေ၊ ငါက မိန်းမဆို အယောက် တစ်ရာလောက် ယူချင်တာ ဆိုပြီး . ."
သားဖြစ်သူ၏ စကားကြောင့် ဟာနကို မျက်လုံး ပြူးသွားသည်။ နေသူရိန်မင်းခန့်က ခက်ရင်းနှင့် ထိုးဖဲ့ထားသော စတော်ဘယ်ရီကို ဖြည်းညင်းစွာ ကိုက်ဝါးနေဆဲ။ အေးဆေးစွာ စားနေပုံက သူ မဟုတ်သလို။
"ဖေကြီး၊ သား ပြောတာ တကယ်ပဲလား"
"ဟုတ်စရာလား မေရဲ့၊ ကိုယ်က အဲ့ဒီလို ပြောပါ့မလား"
တကယ်တော့ ထိုစကားကို ဦးနေမင်းခန့် ပြောခဲ့မိသည်။ မိန်းမ မရှိတုန်း ရောက်တတ်ရာရာ အတွေးတို့ကို နေသူရိန်မင်းခန့်အား ရင်ဖွင့်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က စည်းဝါး ကိုက်ပြီး နှစ်ယောက်သား စကား ကောင်းခဲ့ကြသည်။ သူ့အလှည့်ဆို အယောက် တစ်ထောင် ယူမည် ဟုပင် ဖခင်ကို စနောက်ပြီး နေသူရိန်မင်းခန့် ကြွေးကြော်ခဲ့သေးသည်။
မိန်းမ အယောက် တစ်ထောင် ယူမည်၊ မယူမည်က အရေးမကြီး။ အရေးကြီးတာ ဖခင် စိတ်ချမ်းသာအောင် မြှောက်စားပြီး ဖခင်ဆီက မုန့်ဖိုး ရဖို့ပဲ ဖြစ်သည်။ ယခုလို သူ ဖော်ကောင် လုပ်လိမ့်မည် ဟုတော့ ဦးနေမင်းခန့် လုံးဝ ထင်ခဲ့မိမှာ မဟုတ်။
နေသူရိန်မင်းခန့် ရယ်ချင်နေပေမယ့် မရယ်နိုင်။
မျက်နှာပိုး သတ်ထားရသည်။
မိန်းမဖြစ်သူကို ချော့မော့ရင်း တစ်ချက် တစ်ချက် သူ့ကို စိုက်ကြည့်လာသော ဖခင်၏ အကြည့်များက ကြောက်လန့်စရာ ကောင်းနေသည်။ သားရဲ တစ်ကောင်၏ အကြည့်များလို။ သူတော့ နာပြီ။ တစ်လလုံး မုန့်ဖိုး ရတော့မည် မဟုတ်။
မထူးတော့။
ပိုးဖလံလို မီးတောထဲသာ တိုးဝင်လိုက်ဖို့ ရှိသည်။
"အိုကားစံ အညာမခံနဲ့နော်၊ အိုတိုးစံက ကျွန်တော့်ကို အဲ့ဒီစကား တစ်ခုတည်း ပြောခဲ့တာ မဟုတ်ဘူး"
"ဟိတ်ကောင် . . ငါ မင်းကို မုန့်ဖိုး ဖြတ်မှာနော်"
"ရှင်နော်၊ Aka . . ပြော သား၊ ဖေကြီး မပေးရင် . . မေမေ ပေးမယ်"
နေသူရိန်မင်းခန့် ညစ်ကျယ်ကျယ် ပြုံးရင်း ဦးနေမင်းခန့်ကို လျှာ ထုတ်ပြသည်။ နောက်ကျောအား ဓားနှင့် ထိုးပြီး မိဘတွေ စကားများရအောင် လုပ်ပေးသော သားဖြစ်သူကို ဦးနေမင်းခန့် ရိုက်ချင်နေတာ လက်ကို ယားနေပြီ။ မိန်းမဖြစ်သူကြောင့် သည်းခံနေရခြင်း ဖြစ်သည်။
"အိုတိုးစံက ပြောတယ် . . အိုကားစံ"
နေသူရိန်မင်းခန့် စကားကို ချက်ချင်း မဆက်။
ဦးနေမင်းခန့်ကို တစ်ချက် လှမ်းကြည့်သေးသည်။
"မင်းတုန်းမင်းလောက်တော့ သနားတယ်၊ နွားအိုကြီး မြက်နု ကြိုက်တယ် ဆိုတာ ငါ့ကြောင့် ဖြစ်တည်လာတဲ့ စကားပဲတဲ့"
"ဘာကွ၊ အဲ့ဒီစကား ငါ မပြောဘူး"
ဦးနေမင်းခန့် စကားကို နေသူရိန်မင်းခန့် ဆုံးအောင် နားမထောင်တော့။ ထိုင်ရာမှ ထကာ အပြင်သို့ ပြေးထွက်လာခဲ့သည်။ ထမင်းစားခန်းထဲ၌ စကားသံများ ကြားနေရဆဲ။ မိခင်နှင့် ဖခင်တို့ ဘယ်သို့ ဘယ်ပုံ ကျန်နေခဲ့သလဲ သူ မသိ။
သူ သိတာ သိပ်ကို အားရ ကျေနပ်သည် ဆိုတာပင်။
~•~ ~•~ ~•~
ဘောက်ဆင် ခန်းမထဲသို့ ဝင်လိုက်တာနှင့် ကျယ်လောင်သော ဂီတသံကို ဟိန်းနေအောင် ကြားရသည်။
"ယံ မြန်မြန်၊ သင်တန်းက စနေပြီ"
နေသူရိန်မင်းခန့် ခေါ်ရာ နောက်သို့ ဝေယံ လိုက်သွားကာ ခန်းမထဲ ခပ်မြန်မြန် နေရာ ယူလိုက်သည်။
ဟောခန်းမထဲမှာ လူ ဆယ်ယောက် ကျော်ကျော် ရှိသည်။ အများစုက ယောကျာ်းလေးတွေ ဖြစ်ပေမယ့် မိန်းကလေး အနည်းငယ်လည်း ပါ၏။ အားလုံးက သူ့အဖွဲ့နှင့်သူ ကြမ်းပြင်ပေါ် အုပ်စုလိုက် ထိုင်နေပြီး လက်အိတ် စွပ်နည်းကို စိတ်ဝင်တစား သင်ယူနေသည်။ သင်တန်းဆရာက အားလုံး၏ ရှေ့တွင် မတ်တတ်ရပ်ကာ လက်အိတ် စွပ်ပုံ စွပ်နည်းအား အသေးစိတ် ပြသနေ၏။
"ကျွန်တော် ကူပေးရမလား ယံ"
နေသူရိန်မင်းခန့် ဝေယံ အနားသို့ ကပ်၍ တီးတိုး ပြောလာသည်။
"အင်း . . ၊ လုပ်ပေးပါဦး"
ဂီတသံကို လွှမ်းအောင် ဝေယံ အော်ပြောရသည်။ နေသူရိန်မင်းခန့်က ကျေနပ်သွားသော မျက်ဝန်းဖြင့် တစ်ချက် ကြည့်ပြီး လက်ထဲမှ ပတ်တီးလိပ်ကို ယူလိုက်သည်။
"သေချာ ကြည့်၊ နောက်ဆို ကိုယ်တိုင် လုပ်ရမှာနော်"
ညာဘက် လက်မှာ လက်မကို ချန်ထားပြီး လက်ညှိုးနှင့် လက်မကြား အစ ထည့်ညှပ်ကာ စပတ်သည်။ ညာလက်မှာ ပတ်တီး တစ်လိပ် ကုန်သွားသည့်အခါ လက်ဝှေ့ထိုးသည့် လက်အိတ်ကို စွပ်ပေးပြီး ကြိုး ချည်ပေးသည်။ ထို့နောက် ဘယ်ဘက် လက်ကို ပတ်တီးလိပ်နှင့် ပတ်ပေးဖို့ ပြင်သည်။
သို့ပေမယ့် ပတ်တီး မပတ်ပေးမီ ဝေယံ၏ လက်ဖမိုးကို နေသူရိန်မင်းခန့် ငုံ့နမ်းလိုက်သေးသည်။ နှုတ်ခမ်းတွေ ထိတို့သွားတာက ဝဲဘက်ရှိ လက်သူကြွယ်က ပလက်တီနမ် လက်စွပ်ငယ်ပေါ် ဖြစ်သည်။
ဝေယံ ရှက်စိတ်ဖြင့် တစ်ကိုယ်လုံး ပူထူသွား၏။
တစ်ယောက်ယောက် တွေ့သွားမှဖြင့်။ သို့သော် သူ စိုးရိမ်လွန်နေတာပဲ ဖြစ်သည်။ သင်တန်းသားများက ကိုယ့်အာရုံနှင့်ကိုယ်။ ဂီတသံကပါ ကျယ်လောင်လွန်းနေ၏။
ရွှီခနဲ ဝီစီမှုတ်သံကို ကြားရသည်။
သင်တန်းဆရာက လေ့ကျင့်ခန်း စရန် အချက်ပေးခြင်း ဖြစ်သည်။ သင်တန်းသား အားလုံး ထိုင်ရာမှ ထရပ်လိုက်ကြသည်။ ဝေယံပါ ကြောင်တောင်တောင် လိုက်ရပ်မိသည်။ ပထမ အစမှာ သွေးပူ လေ့ကျင့်ခန်းတွေ လုပ်ရသည်။ ခန္ဓာကိုယ်ကို အကြော လျှော့ပြီး အနည်းငယ် သွက်လက် ပေါ့ပါးလာတော့မှ လက်ဝှေ့ လေ့ကျင့်ခန်းများ လုပ်ဖို့ စရသည်။
"ဝေယံအောင်မလား၊ မင်းက ဒီနေ့မှ စတဲ့ သင်တန်းသား အသစ် ဟုတ်တယ်နော်"
"ဟုတ်ကဲ့ ဆရာ"
"ဒီကို လာ၊ လာ . . ဝေယံ"
သင်တန်းဆရာ ခေါ်သည့် နောက်ကို ဝေယံ လိုက်သွားရသည်။ နေသူရိန်မင်းခန့်က သဲအိတ် တစ်ခုအား အထိုးကျင့်ရင်း ကျန်နေရစ်သည်။
ဝေယံ့ကို ဆရာက လက် အနေအထား၊ တံတောင် အနေအထားနှင့် ကိုယ်ဟန် အနေထားကို အသေးစိတ် ရှင်းပြ သင်ကြားပေးသည်။ လက်သီး ထိုးပုံ ထိုးနည်းကို ပြောပြသလို သဲအိတ်ကိုလည်း အစမ်း ထိုးကြည့်ခိုင်းသည်။
အ . . နာလိုက်တာ
ဝေယံ မျက်နှာက စိတ်မသက်သာမှုဖြင့် ရှုံ့မဲ့မိသွားသည်။
သဲအိတ်မှ ဟုတ်ပါရဲ့လား မသိ။
ကျောက်တုံးကြီးအား ထိုးနေရသလို။
တစ် နာရီတိတိ ကြာသော လေ့ကျင့်ချိန်က ဝေယံ့အတွက် တစ် နှစ်နီးပါး ကြာသည့် အချိန် ဖြစ်သွားသည်။ လူသစ် ဖြစ်တာမို့ သင်တန်းဆရာက အနား မပေးဘဲ အပြင်းအထန် လေ့ကျင့်ခိုင်းတာလည်း ပါမည်။ အဖြူရောင် တီရှပ်မှာ ချွေးများဖြင့် စိုရွှဲနေပြီ ဖြစ်သည်။ တစ်ကိုယ်လုံး ရေဖြင့် လောင်းထားသလို အစိုဓာတ်က သိသိသာသာ စီးကူးနေ၏။
သူ တကယ် ပင်ပန်းနေပြီ။
ခြေလက်များပင် မသယ်ချင်တော့။
တကယ်တမ်း နေသူရိန်မင်းခန့်ကြောင့် ဝေယံ ဘောက်ဆင် ကစားမိခြင်း ဖြစ်သည်။ ဒီလောက် ပြင်းထန်သော လေ့ကျင်ခန်း တစ်ခု ဖြစ်လိမ့်မည်လို့ ဝေယံ မတွေးခဲ့မိတာ အမှန်။ Gym ပင် မကစားဖူးသော သူ့လို လူအတွက် လက်ဝှေ့ထိုးရတာ အရမ်းကို မောပန်းစေသည်။ ချုံးချုံးကျစေသည်။ ဝေယံ ပင်ပန်း လေးလံသော ခြေလှမ်းများဖြင့် နေသူရိန်မင်းခန့် ရှိရာ လျှောက်လာသည်။
ခန်းမထောင့် တစ်နေရာတွင် အနီရောင် အရိပ် တစ်ခု။
အသားကိုပင် ကပ်နေသော အင်္ကျီက လက်မောင်းကိုတောင် ကောင်းစွာ မဖုံးနိုင်သည့် တီရှပ် တစ်ထည် ဖြစ်သည်။ အားကစား ဘောင်းဘီရှည်ကို ဝတ်ထားပေမယ့် နေသူရိန်မင်းခန့် ခန္ဓာကိုယ်အား လုံခြုံမှု ရှိသည် ဟု ဝေယံ မထင်နိုင်။
မောပန်းရာမှ ရင်ထဲ ပူလောင်စွာ တင်းကျပ်သွားသည်။
နေသူရိန်မင်းခန့် ဘေးမှာ ကောင်မလေး လေးငါးယောက် ဝိုင်းနေသည်။ ဂီတသံက ကျယ်လောင်လွန်းတာမို့ သူတို့ ဘာတွေပြောနေကြမှန်း ဝေယံ ကောင်းကောင်း မသိရ။ ခပ်လှမ်းလှမ်းမှ ရပ်ကြည့်နေခိုက် ကောင်မလေး တစ်ယောက် ပေးသည့် ရေသန့်ဘူးကို နေသူရိန်မင်းခန့်က အပြုံးဖြင့် လက်ခံလိုက်တာ မြင်လိုက်ရသည်။
ဝေယံ သဝန်တိုစိတ်ဖြင့် တစ်ကိုယ်လုံး ပူလောင်သွားသည်။
မဟုတ်သေး။
ဒေါသ ထွက်သွားခြင်းသာ ဖြစ်သည်။ သဝန်တိုသည် ဆိုသော စကားလုံးက သူတို့ နှစ်ယောက် အကြားမှာ မရှိသင့်သည့် စကားစု တစ်ခု။ သူတို့ နှစ်ယောက်က သူငယ်ချင်းတွေသာ ဖြစ်သည်။ ထို့ထက် ဘာမှမပို။ ဟုတ်သည်။
သံယောဇဉ်ကိုသာ ဖယ်လိုက်ပါက သူစိမ်းတွေတောင် ဖြစ်သွားနိုင်သည်။ သို့သော် ဘာကြောင့်များ ရင်တွေ လေးလံနေသလဲ ဆိုတာတော့ ဝေယံ နားမလည်နိုင်။
~•~ ~•~ ~•~
ည ဆယ် နာရီတွင် လ၏ အလင်းရောင်ဟာ မှန်ပြတင်းကို ဖောက်ထွင်းပြီး အိပ်ခန်း ကြမ်းပြင်ပေါ် ဖြာကျလာသည်။ ရောင်စုံ ကြယ်ပွင့်ကလေးများကို အဖော်ပြုပြီး နက်ပြာရောင် ကောင်းကင်မှာ လင်းလက်စွာ တွဲလဲခိုနေတာက လပြည့်ဝန်း တစ်စင်းပင်။
အိပ်ခန်းထောင့်တွင် ဝေယံ ငြိမ်သက်စွာ မတ်တတ်ရပ်နေသည်။
တည်ဆောက်လက်စ ဖဲ ရဲတိုက် အကြီးကြီးက လေးပေ အမြင့် ရှိသော စားပွဲပုပေါ် ခမ်းနားစွာ ရှိနေပေမယ့် ဝေယံ စိတ်မဝင်စားမိ။ ရှေ့က နံရံကိုသာ လက်ဖြင့် အသာ ထိတို့လိုက်သည်။ တစ်ဖက် အခန်းမှာ တိတ်ဆိတ် ငြိမ်သက်နေသည်။ အိုတိုးစံနှင့် အိုကားစံတို့၏ အိပ်ခန်း ဖြစ်ရမည်။
နံရံပေါ်မှာ ဓာတ်ပုံပေါင်း များစွာကို နေသူရိန်မင်းခန့် ကပ်ထားသည်။ ဓာတ်ပုံတွေ၊ ရုပ်ပုံတွေ အားလုံးကို ရောင်စုံ သံမှိုလေးများဖြင့် နှိပ်ဖိ၍ ကပ်ထားခြင်း ဖြစ်သည်။ ထိုပုံတွေကို ဝေယံ တစ်ခါမှ စေ့စေ့စပ်စပ် မကြည့်ဖူးခဲ့။
အဆိုတော်နှင့် ဂီတအဖွဲ့ ပုံများ၊ ပြိုင်ကား ပုံများ၊ ကရာတေး၊ ဂျူဒိုနှင့် တိုက်ကွမ်ဒို ကစားနေသည့် ကစားသမား ပုံတွေ၊ ဖူဂျီ မီးတောင်ကြီး၏ ဓာတ်ပုံ စသဖြင့် အမျိုးအစားပေါင်း များလှသည်။ ထပ်ပြီး ဂျပန် နိုင်ငံရှိ မော်ဒယ်လ် ကောင်မလေး တချို့၏ ဓာတ်ပုံတို့ကို သူ တွေ့လိုက်ရသည်။ ထိုပုံများကိုတော့ ဝေယံ မျက်စိ နောက်သည်။
ဝေယံ အိပ်ခန်း နံရံက အမြဲ ရှင်းလင်းသည်။
နံရံမှာ ဘာပစ္စည်း၊ ဘာပုံမှ ကပ်မထားတာကိုသာ ဝေယံ ကြိုက်သည်။ သို့သော် သူ့ရှေ့က နေသူရိန်မင်းခန့် အိပ်ခန်း နံရံကတော့ နံရံကို မမြင်ရလောက်အောင် ဓာတ်ပုံတွေ၊ ရုပ်ပုံတွေ၊ ပိုစတာများနှင့် ပြည့်နှက်နေပြီ ဖြစ်သည်။
ထိုဓာတ်ပုံတို့ကို ကြည့်နေတုန်း မမျှော်လင့်ဘဲ ချောက်ခနဲ ပွင့်ဟသွားသော အခန်း တံခါး။
"ယံ . . လက်တွေ၊ ခြေထောက်တွေ နာနေတာ ဆိုရင် ဆေး လိမ်းတာ ကောင်းမယ် ထင်တယ်"
ဝေယံ လှည့်ကြည့်မိသည်။
နေသူရိန်မင်းခန့်က လက်ထဲရှိ လိမ်းဆေးဘူးကို ခုတင်ပေါ် ချကာ အဖြူဖျော့ဖျော့ လိုက်ကာရှည်တွေကို အဆုံးထိ ဆွဲပိတ်ပစ်လိုက်၏။ အိပ်ခန်းထဲ လ၏ အလင်းရောင် ပျောက်ဆုံးသွားပြီ။ လပြည့်လ၏ အလင်းရောင်ဟာ လိုက်ကာရှည်ကို ထိုးဖောက်ပြီး မသာနိုင်တော့။
"ဒီမှာ ခဏ လာထိုင်ပါဦး"
ခုတင်ပေါ် သက်သောင့်သက်သာ ထိုင်လိုက်သည့် နေသူရိန်မင်းခန့်က ဘေးက နေရာကို ပုတ်ပြရင်း ချိုမြသော အပြုံးဖြင့် ညှို့ယူသည်။ ဝေယံ ခြေလှမ်းသဲ့သဲ့ဖြင့် လျှောက်ကာ မွေ့ရာပေါ် ဘေးတစ်ခြမ်းစောင်း ထိုင်လိုက်သည်။
ရုတ်တရက် နေသူရိန်မင်းခန့် လက်ဖဝါး တစ်စုံက ဝေယံ့ လက်ကောက်ဝတ်ကို ဖျတ်ခနဲ ဖမ်းဆွဲရင်း အနားကို ဆွဲခေါ်သည်။ ဝေယံ ပခုံးများ ဆတ်ခနဲ တုန်သွားသည်။ မသိမသာ အနောက်ကို တွန့်ဆုတ်မိတော့ ခပ်တိုးတိုး ရယ်သည်။ ပါးပြင်ထက် ထင်ပေါ်လာသော အချိုင့်ကလေး နှစ်ခုက ဝေယံ့ကို လပြည့်ဝန်းအား သတိရသွားစေသည်။
"အရမ်း နာသွားတာလား"
"အရမ်း မဟုတ်ပါဘူး၊ နာတယ် ဆိုရုံလောက်လေး . ."
"ဆေး လိမ်းပေးမယ်"
နေသူရိန်မင်းခန့်၏ ခပ်နွေးနွေး လက်ချောင်းတွေ ဝေယံ လက်မောင်းပေါ် နူးညံ့စွာ သက်ရောက်လာသည်။ ဆေး အာနိသင်က ပူရှိန်းရှိန်း။ သို့သော် နေသူရိန်မင်းခန့်၏ အကြည့် စူးစူးတွေ မျက်ဝန်းများထဲ တန်းတန်းမတ်မတ် ထိုးစိုက်လာချိန် ပူရှိန်းသွားသော ပါးပြင် နှစ်ဖက်၏ အပူချိန်ကိုတော့ မမီနိုင်။
"အစမို့လို့သာ ဘောက်ဆင် ကစားရတာ ပင်ပန်းတာ၊ နောက်ဆို အသားကျသွားလိမ့်မယ်"
စကားပြောနေရင်း လက်ချောင်းသွယ်များက ခြေဖျားဆီသို့ ဦးတည်သွားသည်။
"သူရိန် . ."
အထိတ်တလန့်ဖြင့် နေသူရိန်မင်းခန့်ကို သူ ငုံ့ကြည့်မိတော့ ဖြူစင်သော ကလေးလေး တစ်ယာက်လို ပြုံးပြနေသည်။
"ခြေထောက်ကိုတော့ ဆေး မလိမ်းပေးပါနဲ့၊ ကိုယ်တိုင် လိမ်းပါ့မယ်"
"ကျွန်တော်က လိမ်းပေးချင်တာလေ"
"မလုပ်ပါနဲ့"
ခပ်သွယ်သွယ် လက်ချောင်းရှည်တွေက ဖွေးဥဥ ခြေသလုံးများပေါ် ခုန်တက်လာသည်။ မသဲမကွဲ အသက်ရှူသံဖြင့် ဝေယံ ရှေ့မှာ ရှိနေသည့် နေသူရိန်မင်းခန့်နှင့် ဆေးဘူးလေးကို တစ်လှည့်စီ တိုးတိုးတိတ်တိတ် ငေးမောနေမိသည်။
"အားနာစရာ မလိုပါဘူး"
ဝေယံ၏ အတွေးစကို အလိုလို သိနေသည့် ပုံစံမျိုးဖြင့် နေသူရိန်မင်းခန့် ဖျော့တော့တော့ ပြုံးသည်။ ရေးရေးလေး ကွေးနေသော နှုတ်ခမ်းထောင့်စွန်းကို သူ ထပ်ပြီး ငေးကြည့်မိပြန်သည်။ သူနှင့် ရှိနေပါက နေသူရိန်မင်းခန့် နှုတ်ခမ်းတွေ မပြုံးဘူး ဆိုတာ မရှိသလောက် နည်းသည်။
ဝေယံ နေမင်းကြီးကို မြတ်နိုးသည်။
ဆွဲဆောင်နိုင်လွန်းသည့် နေမင်းကြီး၏ အပြုံးတွေကို သူ မြတ်နိုးသည်။
ရစ်မူးစရာကောင်းသည့် နေမင်းကြီး၏ မျက်ဝန်းတွေကို သူ အရမ်း မြတ်နိုးသည်။
မက်မောစရာကောင်းသည့် နေမင်းကြီး၏ ပါးချိုင့်လေး နှစ်ခုကို သူ သိပ် မြတ်နိုးသည်။
စွဲမက်စရာကောင်းသည့် နေမင်းကြီး၏ မျက်လုံးထောင့်စွန်းက မှဲ့နက်လေးကို သူ တကယ် မြတ်နိုးသည်။
ခြေသလုံးတွေပေါ် ပြေးလွှားနေသည့် နူးညံ့ ညင်သာသော နေမင်းကြီး၏ အထိအတွေ့များကိုလည်း သူ မြတ်နိုးနေမိဆဲ။
သို့ပေမယ့် . . . ။
သို့ပေမယ့် ဆိုတာထက် ဝေယံ အတွေးတွေ ပြတ်တောက်သွားသည်။
သူတို့ နှစ်ယောက်က . . သူငယ်ချင်းတွေသာ။
ဝေယံ သက်ပြင်း တစ်ချက် ချလိုက်သည်။
"သူရိန် . . မင်းမှာ လက်ထပ်ဖို့ ရည်စူးထားတဲ့ မိန်းကလေး ရှိပြီလား၊ ဂျပန်မှာ ဖြစ်ဖြစ် . ."
"ဘာလို့ မေးတာလဲ"
အသာအယာ နှိပ်နယ်ပေးနေသော နေသူရိန်မင်းခန့် လက်တွေ ဗြုန်းခနဲ ရပ်တန့်သွားသည်။
"နောက်ဆို ငါတို့က အိမ်ထောင် ကိုယ်စီ၊ မိသားစု ကိုယ်စီ ဖြစ်သွားကြမှာမလား၊ တကယ်လို့ ရှိတယ်ဆို ငါ့ကို မိတ်ဆက်ပေးလေ"
ဒိန်းခနဲ ဆောင့်ခုန်သွားသော ရင်ဖြင့် ဝေယံ ကိုယ့်စကားကို ပြန်ပြီး အံ့သြနေမိသည်။ တစ်ဆက်တည်းမှာပဲ သူ ကြောက်လန့်နေသည်။ ရှိသည် ဟုများ နေသူရိန်မင်းခန့်က ပြောလာပါက ထိုစကားကို သူ ကြားနိုင်ပါ့မလား။ ကြားဝံ့ပါ့မလား။
ဝေယံ ဘေးက မွေ့ရာပေါ် နေသူရိန်မင်းခန့် လဲအိပ်လိုက်သည်။ လက် နှစ်ဖက် ယှက်ကာ ခေါင်း အောက် ထည့်ပြီး မျက်လုံးများ မှိတ်ထားသော ပုံစံက တစ်စုံတစ်ခုကို စိတ်တိုင်းမကျသလို။
"အဲ့ဒီလို မိန်းကလေးမျိုး ကျွန်တော့်မှာ မရှိဘူး ယံ၊ အိမ်ကလည်း စီစဉ်မပေးသေးဘူး"
"ရှိသင့်ပြီ မဟုတ်ဘူးလား"
နေသူရိန်မင်းခန့် မျက်လုံးများ ဖွင့်ကာ ဝေယံ့ကို စိုက်ကြည့်လာသည်။ ထိုမျက်ဝန်းများထဲတွင် အံ့သြရိပ် တချို့ ရှိနေသည်။
"ရှိစေချင်တာလား"
အသက်ရှူသံတွေ အခိုက်အတန့် တစ်ခုအထိ ရပ်တန့်သွားသည်။
အကြည့်တွေကို နေသူရိန်မင်းခန့်ဆီမှ ပြောင်းပစ်ဖို့ ဝေယံ ကြိုးစားပေမယ့် မအောင်မြင်။ တုန်လှုပ် ချောက်ချားမှုနှင့် ဝမ်းနည်း နာကျင်မှုက အသွေးအသားထဲ ရောစွတ်လာသည်။
သူ ဘယ်လို ဖြေရမလဲ။
ဘယ်လို ဖြေသင့်သလဲ။
"အင်း"
ဝေယံ ထိတ်လန့်သွားသည်။ လွှတ်ခနဲ ထွက်သွားသော စကားသံကို သူ၏ နှုတ်မှ ထွက်လာသည့် စကားလို့ မယုံကြည်ချင်။
"စိတ်ရင်းနဲ့လား"
တစ်ခွန်းတည်းသော မေးခွန်း။
ဝေယံ့ ကိုယ်မှာ ခွန်အားတွေ တစ်စက်မှ မရှိတော့။ မျက်ဝန်းတွေထဲ စူးစမ်းနေသော နေသူရိန်မင်းခန့် မျက်လုံးတွေကို စိုက်ကြည့်နေရင်းမှ သတ္တိတွေ ပျောက်ပြီး ခေါင်းကို ငုံ့ချလိုက်မိသည်။
"စိတ်ရင်းနဲ့ ဆိုတာထက်၊ ငါက . . ငါက မင်းကို ပျော်စေချင်တာ"
"ကောင်းပြီလေ၊ ယံ့စကားကို ကျွန်တော် နားထောင်မယ်"
အေးစက်စွာဖြင့် နေသူရိန်မင်းခန့် နှုတ်ခမ်းတွေ လှုပ်ရှားသွားသည်။
ညအမှောင်ဟာ အိပ်ခန်းထဲ တရွေ့ရွေ့ တိုးဝင်လာ၏။
မှိန်ပျပျ ညမီးလုံးလေးက အခန်းထောင့်မှာ အထီးကျန်စွာ ရှိနေသည်။
ဝေယံ အိပ်ရာပေါ် လဲလျောင်းနေပေမယ့် မျက်လုံးတွေကို ပိတ်လို့ မရ။ ကိုယ်တစ်ခြမ်း စောင်းလျက် ကျောပေး အိပ်နေသည့် နေသူရိန်မင်းခန့်က ဘေးမှာ ရှိနေသည်။ ငယ်ငယ်ကဆို ဝေယံ့ကို ကျော ပေးပြီး နေသူရိန်မင်းခန့် ဘယ်တော့မှ မအိပ်တတ်။ ဖက်လုံးအဖြစ် တင်းတင်းကျပ်ကျပ် ဖက်အိပ်ရမှ အိပ်ပျော်တတ်သူ ဖြစ်သည်။ ဝေယံ ကောင်းကောင်းကြီး မှတ်မိပါသေးသည်။
ယခုရော နေသူရိန်မင်းခန့် အိပ်ပျော်နေသလား၊ နိုးနေသလား ဝေယံ ကွဲကွဲပြားပြား မသိ။ ညဝတ်အင်္ကျီ အဖြူဟာ ရံဖန်ရံခါ လှုပ်ရှားနေသည်။
အပြင်မှာ လေတွေ တိုက်လာ၏။ သစ်ရွက်ကြွေ တချို့က ပြတင်းပေါက်မှန်ကို ကြမ်းကြမ်းတမ်းတမ်း လာရောက် ထိတိုက်ကြသည်။ ခြံထဲရှိ မြေပြင်မှာ ယှက်ပြေးသွားတာက သစ်ရွက်ခြောက်များ။
အသံတွေ . . . ။
အသံတွေက အကျည်းတန်လွန်း၏။
နေသူရိန်မင်းခန့် ကျောပြင် အနီး ဝေယံ တရွေ့ရွေ့ တိုးမိသည်။ တိုးညင်းစွာ ထွက်ပေါ်လာသော အသက်ရှူသံ တချို့ အကြား ကျောပြင်အား တိတ်တိတ်လေး ပါးပြင်နှင့် ထိကပ်လိုက်သည်။
သူ အိပ်မပျော်တာ အပြင်မှာ သိပ် ဆူညံနေလို့ပါ။
သူ အိပ်မပျော်တာ အိပ်ရာ အပြောင်းအလဲကြောင့်ပါ။
ဝေယံ မျက်လုံးတွေကို ကြိုးစား မှိတ်ချလိုက်သည်။
~•~ S U N ~•~
22 / February / 2020
4 : 11 PM