"လန့်သွားလား၊ ကျွန်တော်က စတာပါဗျာ"
ခပ်သဲ့သဲ့ ပြောပြီး နေသူရိန်မင်းခန့် အသာအယာ ရယ်မောလိုက်သည်။
"ဒီနေ့က April Fool Day မဟုတ်လား၊ ကျွန်တော့်ရဲ့ နောက်ပြောင်မှုကို ယံ စိတ်မဆိုးဖို့ မျှော်လင့်ပါတယ်"
"ငါ ထင်တာ မမှားဘူးဆို . . ဒီနေ့က ဧပြီ နှစ် ရက်နေ့ပဲ သူရိန်"
"ဟင် . . ဟုတ်လား၊ ကြည့်စမ်း . . ၊ ကျွန်တော် မေ့သွားတယ်"
ဝေယံ တစ်ကိုယ်လုံးက အခွံသက်သက် အရာ တစ်ခုလို လှစ်ခနဲ ဟာသွားသည်။ မနေ့ကတင် မွေးနေ့ လက်ဆောင်ကို မှတ်မှတ်ရရ ပေးခဲ့သည့် သူက ဧပြီ တစ် ရက်နေ့ကို မေ့သည်တဲ့လား။ မဟုတ်တမ်းတရားတွေပါ။
မင်း မမေ့ပါဘူး
မင်း မမေ့ပါဘူး သူရိန်ရာ
"ဒါနဲ့ဆို မင်း ငါ့ကို စတာ နှစ်ခါ ရှိပြီနော်"
နေသူရိန်မင်းခန့် မျက်နှာမှာ ပြုံးရိပ်သန်းနေတုန်း။
ဝေယံ ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်သည်။ သိပ် တည်ငြိမ်တာပဲလို့ နေသူရိန်မင်းခန့်ကို ထင်စေချင်ရုံက လွဲရင် သူ တကယ်ကြီး တုန်လှုပ်နေမိသည်။ ဝေယံ အံ့ကြိတ်၍ ပြုံးသည်။ ထိုအပြုံးသည် တစ်ဝက်ပြုံးသာ ဖြစ်သည်။
"မင်း ဟာသတွေက မရယ်ရဘူး သိလား"
"ကျွန်တော် သိပါတယ်"
ဟင့်အင်း၊ မင်း မသိပါဘူး
သူ၏ တွယ်တာမှုတွေကို ဝေယံ မြင်တွေ့ရတာ ဘယ်လောက် တုန်လှုပ်စရာ ကောင်းမှန်း နေသူရိန်မင်းခန့် မသိပါဘူး။
"ဒါနဲ့ ဆာကူရာပွင့်ချိန် ရောက်ရင် ဆာကူရာ အနံ့ သင်းသင်းလေး ပါတဲ့ အချိုတည်းစရာ မုန့်တွေ၊ အအေးတွေ ရတယ်၊ ယံ စားချင်လား"
နေသူရိန်မင်းခန့်က ခပ်လှမ်းလှမ်းမှ ဆိုင်ခန်းငယ်ဆီ ညွှန်ပြသည်။
"ရေခဲမုန့်တော့ စားချင်တယ်"
"လာ၊ ကျွန်တော့်လက်ကို တွဲ . ."
နေသူရိန်မင်းခန့် ဝေယံ့ကို ချစ်စနိုး အကြည့်ဖြင့် တွဲခေါ်၏။ နေသူရိန်မင်းခန့် လက်ဟာ ကြီးမား ကျယ်ပြန့်လွန်းသည်။ ဝေယံ၏ လက်ချောင်းကလေးတွေက နေသူရိန်မင်းခန့် လက်ထဲမှာ ပျောက်ကွယ်နေသည်။ ထို့ပြင် လက်ချောင်းများ၏ နူးညံ့မှုနှင့် နွေးထွေးမှုက အံ့သြစရာကောင်းစွာ ဝေယံ လက်ထဲမှ တစ်ဆင့် နှလုံးသားထဲသို့ အေးမြမှုအဖြစ် စီးဝင်လာသည်။
ဖြစ်နိုင်ပါက . . .
ဒီလက်ကို ဘယ်တော့မှ မ လွှတ် ချင်။
ခရီး အဆုံးထိ တောက်လျှောက် တွဲထားချင်၏။
ဈေးတန်းသည် ခရီးသွားများ၊ ဈေးဝယ်သူများ၊ လမ်းလျှောက်သူများနှင့် စည်ကားလျက် ရှိသည်။ ဘေးတစ်ဖက်တစ်ချက်မှာ ဆိုင်ခန်းငယ်များ အစုံ ရှိ၏။ အမှတ်တရ ပစ္စည်းဆိုင်၊ အဝတ်အထည်ဆိုင်၊ အရုပ်ဆိုင်၊ ရိုးရာ မုန့်ဆိုင်၊ စာအုပ်ဆိုင်၊ ပေါင်မုန့်ဆိုင်နှင့် စားသောက်ဆိုင်များ ဖြစ်သည်။
အမှတ်တရ ပစ္စည်းများ ရောင်းသော ဆိုင်ခန်းများ ရှေ့မှာ ပစ္စည်းတွေ ရွေးလိုက် ပြန်ချလိုက် လုပ်နေသော အမျိုးသား၊ အမျိုးသမီးများကို တွေ့ရ၏။ လမ်းဘေး ပလက်ဖောင်းဘောင်တွင် ထိုင်သူ ထိုင်၊ စကားပြောသူ ပြော၊ လမ်းလျှောက်သူ လမ်းလျှောက် လုပ်နေကြသည့် လူကြီး၊ လူငယ်၊ ကလေး အစုံဖြင့် ထူထပ်နေသည်။ သို့ပေမယ့် လမ်းတွေပေါ် မုန့်များ စားသောက်နေကြသည့် လူများကိုတော့ ဝေယံ မတွေ့မိ။
"ဂျပန်မှာ Culture Shock ရှိတယ် ယံ၊ လမ်း တစ်လျှောက်မှာ ရောင်းတဲ့ အစားအသောက်တွေကို ဝယ်ပြီးရင် လမ်းသွားတုန်း စားလို့ မရဘူး"
ဝေယံ မျက်ခုံး ပင့်သွား၏။
နေသူရိန်မင်းခန့် စကားကို အံ့သြသွားခြင်း ဖြစ်သည်။
"ဘာလို့လဲ"
"လမ်းသွားရင်း စားတာက သဘာဝ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတယ်လို့ သတ်မှတ်ထားတာ . . ယုံလား"
"တကယ်ကြီး"
သူတို့ ရောက်သွားသော မုန့်ဆိုင်၏ နာမည်က ဂျပန်ဘာသာဖြင့် ရေးထားသည်။ ' အိမ် ' ဟူ၍ အမည် ရ၏။ ထိုစကားလုံးလေး၏ နောက်ကွယ်မှာ မေ့နေမိသော အနာဂတ်ကို ဝေယံ ရုတ်တရက် တွေးလိုက်သဖြင့် အသိက ဗြုန်းခနဲ ရှုပ်ထွေးသွားသည်။
နောက် ငါး ရက်ဆို မြန်မာ နိုင်ငံကို သူ ပြန်ရတော့မည်။ သူ့ဘဝမှာ နေသူရိန်မင်းခန့်ကို ဘယ်တော့မှ ပြန်မတွေ့ရတော့။ နေသူရိန်မင်းခန့်နှင့် တစ်သက်လုံး ကွဲရတော့မည်။ ည တစ်ည ကုန်ဆုံးပြီး မနက် တစ်ခုသို့ ရောက်လာတိုင်း နေသူရိန်မင်းခန့်ကို ခွဲရဖို့ တစ်ရက် ပို နီးလာပြီ ဟူသော အတွေးနှင့် အိပ်ရာ ထရတော့မည်။ ထိုအသိကြီးက ဝေယံ စိတ်ရှုပ်ဖို့ လုံလောက်သည့် အကြောင်းပြချက် တစ်ခုပဲ ဖြစ်သည်။
ဝေယံ သက်ပြင်း ချလိုက်မိသည်။
ဆိုင် အတွင်းခန်းကို ဝင်လာတော့ ဝန်ထမ်း အမျိုးသမီးလေး တစ်ယောက်က သူတို့ကို စားပွဲ ခပ်သေးသေးလေး တစ်လုံးမှာ နေရာ ချပေးသည်။ ဆိုင်ထဲမှာ လူ အနည်းငယ် ရှိ၏။ အပြင်မှာတော့ ရိုးရာ မုန့်များကို ဝယ်ယူဖို့ လူတန်းကြီးက ရပ်စောင့်နေကြသည်။ အပြင်မှာ စားဖို့တော့ မဖြစ်တန်ရာ။ အိမ်အတွက် . . ။ အတွေးက ချက်ချင်း ရပ်သွား၏။ ထိုအကြောင်းအရာကို ဝေယံ မတွေးချင်တော့။
ဝေယံ မျက်နှာချင်းဆိုင်က နေသူရိန်မင်းခန့်ကို လှမ်းကြည့်မိ၏။ နေမင်းကြီးက စားပွဲထိုး အမျိုးသမီးလေးကို မုန့်များ မှာယူရင်း စကားပြောနေသည်။ သူ ပြုံးလိုက်သည့်အခါ မျက်လုံးတွေက နူးညံ့သွားသည်။ သို့သော် ယခင်လို ပျော်ရွှင် ကြည်နူးသော တောက်ပမှုကို မတွေ့ရ။
နေသူရိန်မင်းခန့် စိတ်ထဲ ဘာတွေ ရှိနေသလဲ ဝေယံ သိချင်သည်။
သူ ပြန်ရမည့် ရက်ကို တွက်ကြည့်နေမလား။ ဘာတွေကိုများ ခံစားနေရမလဲ။ ဘာတွေများ ဖိအားတွေ ရှိနေမလဲ။ သူ ပြန်သွားပြီးနောက် နေသူရိန်မင်းခန့်၏ နေ့စဉ် ဘဝကရော ဘယ်လို ဖြစ်မှာပါလိမ့်။ ဘယ်သူတွေနှင့် တွေ့မည်လဲ။ ဘယ်သူတွေနှင့် ရှိမည်လဲ။ အမြဲ အတူတူ မခွဲဘဲ နေခဲ့သော နေသူရိန်မင်းခန့် ဘေးမှ သူ၏ နေရာကိုရော ဘယ်သူနှင့်များ အစားထိုးလိုက်မှာလဲ။
"သူရိန် . . မြန်မာကို ငါ ပြန်သွားတဲ့အခါ မင်း ဘယ်လိုလုပ်မလဲ"
ဘာကြောင့်မှန်း မသိ လွှတ်ခနဲ ပြောမိသွားသည်။ သို့သော် ထိုစကားကို ဝေယံ ရိုးသားစွာ ပြောလိုက်တာတော့ သေချာသည်။
"အဲ့ဒီအကြောင်းကို ကျွန်တော် မတွေးမိအောင် ကြိုးစားနေတာ၊ ဘယ်လိုလုပ်မလဲ၊ ဘယ်လိုနေမလဲ ဆိုတာ ကျွန်တော် မသိဘူး၊ ယံလည်း မသိချင်နဲ့ ဟုတ်ပြီလား"
"ငါ မင်းကို စိတ်ရှုပ်အောင် လုပ်မိပြီလား"
နေသူရိန်မင်းခန့် ဝေယံ၏ ပါးပြင်ကို ခပ်ဖွဖွ လိမ်ဆွဲလိုက်သည်။
"မဟုတ်တာ ယံရာ"
တစ်ဆယ့်ငါး မိနစ်လောက် ကြာတော့ မှာထားသော မုန့်များ လာချသည်။
နေသူရိန်မင်းခန့်တို့၏ အချိုပွဲက ဂျပန် ရိုးရာ မုန့်ကလေးများနှင့် ရေခဲမုန့် တစ်ခွက်စီ ဖြစ်သည်။ ရိုးရာ မုန့်ပွဲများက ဆာကူရာ အရွက်ကလေး တစ်ရွက်စီနှင့် ထုပ်ပိုးထားသော ဂျပန် ကောက်ညှင်းမုန့်လေးတွေပေါ့။ တစ်ပန်းကန်မှာ ကောက်ညှင်းမုန့် သုံးခု ပါရှိပြီး ပုံစံ အမျိုးမျိုး ဖြစ်သည်။
အချို့က ဘဲဥပုံလေးတွေ။ အပေါ်မှာ ပေါင်းခံထားသည့် ဆာကူရာ ပန်းပွင့်လေး တစ်ပွင့် ပါရှိပြီး ဆာကူရာရွက်များနှင့် သပ်သပ်ရပ်ရပ် ထုပ်ထားသည်။ တချို့က စက်လုံး ပုံစံလေးများ ဖြစ်၏။ အဖြူ၊ အစိမ်း၊ ပန်းရောင် အသီးသီးဖြင့် စားချင်စဖွယ်။ ရေခဲမုန့်ကတော့ လက်ဖက်စိမ်း အရသာ တစ်ခွက်နှင့် ဆာကူရာ အရသာ တစ်ခွက်စီ ဖြစ်သည်။
ဝေယံက ဆာကူရာ ရေခဲမုန့်ကို နည်းနည်းချင်း မြည်းကြည့်နေချိန်မှာ နေသူရိန်မင်းခန့်က လက်ဖက်စိမ်း ရေခဲမုန့်ကို ဇွန်း အပြည့် ခပ်စားနေတော့သည်။
"ယံ စားချင်လား"
"စားမယ်"
ဝေယံ လက်ဖက်စိမ်း ရေခဲမုန့်ကို ဇွန်းဖြင့် ခပ်ရန် ပြင်သည်။
"နိုး နိုး . . ၊ ကျွန်တော် ခွံ့ကျွေးမယ်"
နေသူရိန်မင်းခန့် ဝေယံ့အတွက် လက်ဖက်စိမ်းကို ဇွန်း အပြည့် ခပ်ယူကာ ပါးစပ်ထဲ ခွံ့ပေးလိုက်သည်။ ပါးစပ်ထဲ ရေခဲမုန့် ရောက်ရောက်ချင်း အရသာကြောင့် ဝေယံ မျက်လုံးများ စုံမှိတ်မိကာ မျက်နှာက အလိုလို ရှုံ့မဲ့သွားတော့သည်။
နေသူရိန်မင်းခန့် တဟားဟား အော်ရယ်လေသည်။
"အူး . . သူရိန်၊ မကောင်းတဲ့ ကောင်၊ အရသာက သေမလိုဘဲ၊ အသားကုန် ဖန်တယ်ရော်"
ဝေယံ ဘေးနားမှာ ရှိနေသည့် လက်ကမ်း စာစောင်နှင့် နေသူရိန်မင်းခန့်ကို ပစ်ပေါက်လိုက်သည်။ ဆူဆူညံညံ ဖြစ်သွားတာမို့ သူတို့ ဘေးနားရှိ အမျိုးသမီးကြီး တစ်ဦးက မလိုသော အကြည့်ဖြင့် ကြည့်လေသည်။
သွားစမ်းပါ။
သူငယ်ချင်းတွေပဲ။
ဒီလောက်တော့ ကျီစယ်ခွင့် ရှိသည်။
"မင်း အကြံနဲ့ ငါ့ကို လုပ်တာမလား၊ အကျင့်ကို မကောင်းဘူး"
"ဆန္ဒ မစောပါနဲ့၊ အခု သေသေချာချာ အရသာ ခံကြည့်ပါဦး၊ ဘယ်လိုလဲ"
နေသူရိန်မင်းခန့် အပြောကြောင့် လျှာဖျားမှာ ကျန်ရစ်သော အရသာကို ဝေယံ ခံစားကြည့်မိသည်။ နေပါဦး။ အရသာက တဖြည်းဖြည်း နူးညံ့လာသလိုပဲ။ ခပ်ပြင်းပြင်း အငွေ့အသက်တွေ ဘယ်ရောက်သွားပါလိမ့်။
"အင်း . . ၊ နည်းနည်းတော့ ချိုလာတယ်"
"လက်ဖက်စိမ်းရဲ့ ပင်ကိုယ်ကိုက ပထမတော့ ဖန်ခါးတယ် ထင်ရပေမယ့် နောက်မှ တဖြည်းဖြည်း သိမ်မွေ့လာတဲ့ ခံစားမှုမျိုးကို ပေးစွမ်းတာ၊ သေချာ အရသာ ခံကြည့်မှပဲ သိနိုင်မယ့် သဘာဝရဲ့ လျှို့ဝှက်ချက်မျိုးပေါ့"
ကောက်ညှင်းမုန့်ကို တစ်ကိုက် ကိုက်ရင်း နေသူရိန်မင်းခန့် စကားကို ဝေယံ ထောက်ခံလာသည်။
"မင်း ပြောမှပဲ လက်ဖက်စိမ်း ရေခဲမုန့် စားပြီး . . ဒဿန တစ်ခုကို စဉ်းစားမိသွားတယ်"
"ဘယ်လို ဒဿနများလဲ"
"ငါ ဟောင်ကောင်ကို လိုက်သွားတုန်းကပေါ့၊ ဆိုင် တစ်ဆိုင်မှာ . . လူတွေနဲ့ ပတ်သက်တဲ့ စာအုပ် တစ်အုပ်ကို ဖတ်ခဲ့ရတယ်၊ မှတ်မှတ်ရရ . . အဲ့ဒီဒဿနကို သဘောကျခဲ့တာ၊ စာအုပ်မှာ ရေးထားတာက လူတိုင်းက ကောင်းတယ်၊ မင်း သူတို့ကို နှလုံးသားနဲ့ ရင်းပြီး သိတဲ့အခါမှာပေါ့ တဲ့ "
"သိပ် ကောင်းတဲ့ စာသားပဲ"
နေသူရိန်မင်းခန့် လက်ဖက်စိမ်း ရေခဲမုန့် ဖန်ခွက်ကို ကောက်ကိုင်လိုက်သည်။ နောက်တော့ ဖန်ခွက် ဘေးမှာ ကပ်နေသော ရေမှုန်၊ ရေစက်ကလေးများကို ကြည့်ရင်း ဖန်ခွက်ကို လှည့်နေသည်။
"ကျွန်တော့်စိတ်ထင် ဒီလောကမှာ ကောင်းတဲ့ လူ ဆိုတာ မရှိဘဲ . . တစ်ယောက်နဲ့ တစ်ယောက် ဆိုးတဲ့ အဆင့်တွေ မတူတာဘဲ ဖြစ်ရမယ်"
"နည်းနည်း ဆိုးတာနဲ့၊ များများ ဆိုးတာအပေါ် မူတည်ပြီး ကွာခြားသွားတာမျိုးလား"
"လူတိုင်းက လမင်းပဲလေ၊ ဘယ်တော့မှ လူကို မမြင်စေချင်တဲ့ အမှောင်ခြမ်းတော့ ရှိစမြဲပါ"
ဝေယံ ပခုံး တွန့်လိုက်သည်။ ထို့နောက် ပြုံးသည်။ ထိုအပြုံးမှာ လူတွေအပေါ် ရိုးသားစွာ ယုံကြည်တတ်သည့် အရိပ်အယောင်တွေ ပါနေမှန်း နေသူရိန်မင်းခန့် ခံစားမိသည်။
"အမှောင်ထု မရှိဘဲ ကြယ်တွေ မတောက်ပနိုင်ဘူး တဲ့၊ မင်း ပြောစမ်းပါ သူရိန်၊ အမှောင်ဆုံး ညတွေကပဲ အတောက်ပဆုံး ကြယ်တွေကို ဖန်တီးပေးနိုင်တာ မဟုတ်လား"
နေသူရိန်မင်းခန့်တို့ ဆိုင်ထဲမှ ထွက်လာသည့်အခါ အပြင်မှာ မှောင်ရီဝေနေပြီ။ ကောင်းကင်မှာ ကြယ်တွေ ဖြန့်ကျက်ပြီး လင်းလက်နေတာကို မြင်ရသည်။ မှိတ်တုတ် မှိတ်တုတ် အလင်းရောင်လေးတွေ။
"ယံ ပြောတာ တကယ် မှန်တာပဲ"
ရုတ်တရက် အထက် ကောင်းကင်မှာ ဗြုန်းခနဲ အလင်းတန်းလေး တစ်ခု ဖြတ်ပြေးသွားသည်။ ဝေယံ စိတ်လှုပ်ရှားဟန်ဖြင့် နေသူရိန်မင်းခန့် အနားသို့ တိုးကပ်လာသည်။
"ကြည့်စမ်း သူရိန်၊ ကြယ် ကြွေသွားတာပဲ"
ဝေယံ လက် နှစ်ဖက်ကို စုကာ မျက်လုံး မှိတ်လိုက်သည်။ နောက်တော့ ကလေး တစ်ယောက်လို လိုချင်တာ ပူဆာသည့် အပြုအမူမျိုးဖြင့် နှုတ်ခမ်းများ လှုပ်ရှားနေသည်။ နေသူရိန်မင်းခန့်က လူကြီး တစ်ယောက်၏ စိတ်ရှည်ရှည် အပြုံးမျိုးဖြင့် ဝေယံ့ကို စောင့်ကြည့်နေသည်။
"ယံ ဘာလုပ်နေတာလဲ"
သူ့ကို မော့ကြည့်လာသော ဝေယံ၏ မျက်လုံးတွေက ပြုံးနေ၏။
"မင်းအတွက် ဆုတောင်း ပေးနေတာလေ"
နှလုံးသားက ဒိန်းခနဲ ခုန်မြည်လာသည်။
တော်တော် မညာတတ်သည့် ကောင်လေးပါလား။
"ဘာတွေ ဆုတောင်းနေတာလဲ"
"ဆုတောင်းက ပြောပြရင် မပြည့်တတ်ဘူးလေ"
နေသူရိန်မင်းခန့် ဝေယံ ဆံပင်ကို ခပ်ကြမ်းကြမ်း ဖွရှုပ်ပစ်လိုက်သည်။
"မပြောပြလည်း ရတယ်၊ ဒါပေမယ့် ဆုတောင်း ပြည့်အောင် လုပ်ရမယ်၊ ဆုတောင်းက သူ့ဘာသူ မပြည့်ဘူး . . သိလား ယံ"
ဆံစ အနည်းငယ် ရှိနေသော ဝေယံ၏ နဖူးပြင်ကို နေသူရိန်မင်းခန့် ဖျတ်ခနဲ ငုံ့နမ်းလိုက်တော့သည်။
ဝေယံ မပြောလည်း သူ့အတွက် ဘာတွေ ဆုတောင်းသလဲ ဆိုတာ နေသူရိန်မင်းခန့် မှန်းကြည့်လို့ ရသည်။ အဲ့ဒီလောက်အထိ ဝေယံ့ စိတ်ကို သူ သိနေသည်။
~•~ ~•~ ~•~
တနင်္ဂနွေနေ့ မနက်ခင်းမှာ နေသူရိန်မင်းခန့်နှင့် ဝေယံတို့ နှစ်ယောက် ကျိုတိုမြို့နှင့် ကီလိုမီတာ သုံးရာ ကျော် ဝေးသော အေအိုရှီမား ကျွန်းသို့ မြေအောက် ကျည်ဆန် ရထားဖြင့် ခရီး ထွက်ခဲ့ကြသည်။
ကားနှင့် တိုက်ရိုက် လမ်း မပေါက်တာမို့ ရထား စီးလာရခြင်း ဖြစ်သည်။ သို့သော် ကျွန်းကို ရောက်ရန် ရထားဖြင့်လည်း တန်းတန်းမတ်မတ် သွားလို့ မရ။ ခရီးလမ်းက တသီးတသန့် ရှိလှ၏။
နာဂဟာမား ဆိပ်ကမ်းမှ တစ်ဆင့် သင်္ဘော ဌားကာ တကူးတက ဖြတ်ကူးမှ အေအိုရှီမား ကျွန်းသို့ ရောက်နိုင်သည်။ သင်္ဘော လက်မှတ်ဟာ တစ်ယောက်ကို ဂျပန် ယန်းငွေ တစ်ထောင့် သုံးရာ ကျော်ကျော်လောက် ကျသင့်၏။
နေသူရိန်မင်းခန့်နှင့် တစ်ခါမှ ပင်လယ် ခရီး မသွားဖူးတာမို့ သင်္ဘော စီးနေရသော အချိန်ခဏလေးမှာ ဝေယံ တက်ကြွနေသည်။ သူတို့၏ မြင်ကွင်း တစ်လျှောက်မှာ စိမ်းလန်းသော တောင်တန်းများက အနီးအဝေး၊ အရောင် အနုအရင့် မျိုးစုံဖြင့် ပင်လယ်ရေပြင် အထက် ပြေပြစ်စွာ တည်ရှိနေကြသည်။ နွေဦး ရာသီ ဖြစ်တာကြောင့် တောင်ခြေ တစ်ဝိုက် ဆာကူရာ ပင်တန်းများဟာ မှိုင်းပျပျ။
"ကျွန်တော်တို့ အခု သွားမယ့် နေရာက တချို့ လူတွေအတွက် နိဗ္ဗာန်ဘုံပဲ၊ တချို့ တချို့ကတော့ အသက်ရှင်နေစဉ် ကာလမှာ ရောက်အောင် သွားရမယ့် နေရာ တစ်ခုအဖြစ် သတ်မှတ်ထားကြတယ်"
သင်္ဘော ကုန်းပတ်မှာ ရပ်နေတာမို့ ပင်လယ်ပြင်၏ လေကို ထိတွေ့နေရသည်။ ပြင်းထန်သော လေအရှိန်က ဝေယံနှင့် နေသူရိန်မင်းခန့်တို့၏ ဆံပင်များ၊ အင်္ကျီများကို တဖျတ်ဖျတ် လွင့်သွားအောင် တိုက်ခတ်လျက် ရှိသည်။
"အေအိုရှီမား ကျွန်းက ယံ့အတွက် တစ်သက် မမေ့နိုင်စရာ နေရာ တစ်ခု ဖြစ်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်၊ မျက်နှာ မူသမျှ မိုးကုပ်စက်ဝိုင်း အပြည့် . . ယံ သိပ် ချစ်တဲ့ အရာလေးတွေကို တွေ့ရမှာ"
"ငါ သိပ် ချစ်တဲ့ အရာ . . ၊ ဘာတွေများလဲ"
"ဟို ရောက်ရင် ယံ သိရမှာပေါ့"
လန်းဆန်းလွန်းသော ပင်လယ်လေကို ဝေယံ အားရပါးရ ရှုရှိုက်မိသည်။ ပင်လယ်၏ ဆားရနံ့နှင့် ရင်းနှီးသော ရနံ့ကိုပါ ပူးတွဲ ခံစားမိသည်။ အဲ့ဒီရနံ့ . . ။ သူ ရင်းနှီးနေသလိုပဲ။
"မင်းက သိပ် လျှို့ဝှက်တာပဲ၊ ငါဖြင့် ရောက်ချင်လှပြီ"
ခဏအကြာ အေအိုရှီမား ဆိပ်ကမ်းထက် သင်္ဘော ကပ်လိုက်သည်။ ပင်လယ်ထဲသို့ ကျောက်ဆူး ချလိုက်သော လှုပ်ရှားမှုက သိမ့်ခနဲ။
သင်္ဘောပေါ်က မဆင်းခင် ကျွန်းအနှံ့မှာ ရှိနေသည့် ဖြူဖြူ၊ ဝါဝါ၊ နက်နက်၊ အရောင်စုံ အမွေးပွပွ အလုံးကလေးများကို ဝေယံ မြင်လိုက်ရသည်။ နေသူရိန်မင်းခန့်ကို ပြေးကာ မဖက်မိရုံတမယ် သူ ပျော်သွားသည်။ မျက်လုံးအိမ်မှာ မျက်ရည်များပါ ဝိုင်းလာ၏။
"ကြောင်၊ ကြောင်လေးတွေ . ."
နေသူရိန်မင်းခန့် ဝေယံ့အဖြစ်ကို သဘောကျသလို အသံထွက် ရယ်မောလိုက်သည်။ ထိုသို့ ကြည်နူး ပျော်ရွှင်သွားမည့် ဝေယံ၏ ဟန်ပန်လေးကို မနေ့ညကတည်းက သူ ကြိုတင်၍ တွေးတောခဲ့ပြီးသား ဖြစ်သည်။
အဲ့ဒီမျက်နှာ။
အဲ့ဒီအပြုံးနှင့်။
အဲ့ဒီအသည်းပုံ နှုတ်ခမ်းလေး။
ကျွန်းပေါ်သို့ ခြေ ချချိန် ခရီးသွားများ လိုက်နာရမည့် စည်းကမ်းချက်တွေ ရေးသားထားသော ဆိုင်းဘုတ် တစ်ခုကို ဝေယံ တွေ့သည်။ စုစုပေါင်း အချက် ငါး ချက် ပါသည်။ သူ စပ်စပ်စုစု အသံတိတ် ဖတ်ကြည့်၏။
သတ်မှတ်ထားသည့် နေရာမှာပဲ ကြောင်များကို အစာ ကျွေးရမည်
အစာ။
"ဟမ်. ."
ကြောင်ကလေးများအတွက် ကြောင်စာ သူ့ထံမှာ ပါမလာ။ နေသူရိန်မင်းခန့်က အသိ မပေးဘဲ သူ့ကို ခေါ်လာခဲ့တာမို့ ဒီကျွန်းမှာ ကြောင်ကလေးတွေ ရှိနေလိမ့်မည်လို့ ဝေယံ မထင်ခဲ့ရိုး အမှန်။
အေအိုရှီမား ကျွန်းပေါ်မှာ စုစုပေါင်း ကြောင် ဘယ်နှစ်ကောင်လောက် ရှိနိုင်မလဲ။ အကောင် ငါးဆယ်။ မဟုတ်သေးပါဘူး။ အကောင် ရှစ်ဆယ်လောက်လား။ နည်းလွန်းသေးသည်။ အကောင် တစ်ရာ ကျော်ကျော်။ ဝေယံ မခန့်မှန်းတတ်တော့။
ဘာကြောင့်ဆို အရောင်စုံ အမွေးပွပွများက အလုံးလိုက်၊ အစုလိုက် ပြည့်လျှံနေတာကြောင့် ဖြစ်သည်။ ဟိုး . . အိမ်ရှေ့တွေမှာ၊ ခေါင်မိုးတွေပေါ်မှာ၊ မြက်ခင်းတွေထဲမှာ၊ ဆိပ်ကမ်း အစပ်မှာ၊ ကတ္တရာ လမ်းတွေပေါ်မှာ။
ကြောင်ကလေးများက မြင်ကွင်းပြည့်။
"ဒီ ရောက်ရင် ကြောင်တွေ မြင်ပြီး ယံ အစာ ကျွေးချင်လာမယ် ဆိုတာ ကြိုသိလို့ ကျွန်တော် ကြောင်စာ ဝယ်လာတယ်၊ ဒီမှာ . ."
နေသူရိန်မင်းခန့်က သူ လွယ်ထားသည့် အနက်ရောင် ကျောပိုးအိတ်ထဲမှ မရန်းနုရောင် အထုပ် အသေးလေး လေးငါးထုပ်ကို ဝေယံ လက်ထဲ ထည့်ပေးလာသည်။ အထုပ်ပေါ်မှာ ဂျပန် စာလုံးများဖြင့် ကြောင်စာ ဟု စာ ရိုက်ထား၏။
ဝေယံ စိတ်ကျေနပ်သွားသည်။
"ကျေးဇူး"
ကွန်ကရစ်လမ်းလေးမှ ဖဲ့ဆင်းကာ အစာ ကျွေးဖို့ သတ်မှတ်ထားသည့် နေရာကို ရောက်တာနှင့် ကြောင်ကလေးများက ဝေယံ့အနား စုပြုံ ရောက်ပြီးသား။ သိပ် ဆာနေသည့် ကောင်ကလေးတွေပေါ့။ အများကြီး၊ အရောင်စုံ။ ရေတွက်လို့တောင် မရတော့။
ကြောင်စာထုပ်ကို ဖွင့်ဖောက်ပြီး ပလတ်စတစ် ခွက်ကလေးတွေထဲ ထည့်နေသည့်အခါ နေသူရိန်မင်းခန့်က မြေပြင်ပေါ် ထိုင်ပြီး အနီးနားမှ ကြောင်ကလေး တစ်ကောင်ကို ပွေ့ချီကာ သူ့ဆီ လှမ်းကြည့်နေတာ တွေ့ရသည်။ ဝေယံ ကြောင်စာထုပ်ကို နေသူရိန်မင်းခန့်အား မြှောက်ပြလိုက်သည်။
သဘောက ကုန်ပြီပေါ့။
နေသူရိန်မင်းခန့် ကြောင်လေး၏ ဦးခေါင်းကို ခပ်ဖွဖွ ပွတ်သပ်နေရာမှ သဘောကျစွာ ပြုံးလာသည်။ ရင်ဘတ်ထဲက နွေးနေဆဲ။ သူ သိလိုက်ပြီ။
ချစ်ရသူကို ပျော်ရွှင်အောင် ဖန်တီးပေးနိုင်တာကြောင့် ဖြစ်ပေါ်လာသော ပီတိဟာ နှစ်သက်ဖွယ်ရာ ချိုမြိန်လွန်း၏။
သစ်ရိပ် ကျသော မြက်ခင်းပြင်ပေါ် နေသူရိန်မင်းခန့်နှင့် ဝေယံ ထိုင်နေသည်။ သူတို့ ဘေးမှာ ကြောင်ကလေး ဆယ်ကောင်လောက် ရှိ၏။ မြက်ပင်ရှည်ရှည်လေးများ အကြားမှာ အဝါရောင် ပန်းရိုင်းပင်ကလေးများ ရောနေတာမို့ ဝေယံက တစ်ပွင့် ခူးယူပြီး နေသူရိန်မင်းခန့် လက်ဖမိုးကို ထိလိုက် မထိလိုက် စနောက်နေသည်။
ကြည့်ရတာ သူ သိပ် ပျော်နေသည် ထင်ပါ၏။
နေသူရိန်မင်းခန့် တင်းထားသော စိတ်ကို လျော့ချလိုက်သည်။
"ယံ . . ကျွန်တော် ခဏလောက် အနားယူပါရစေ"
ဝေယံ့ ပေါင်ပေါ် နေသူရိန်မင်းခန့် ခေါင်း တင်ကာ ပက်လက်အနေအထားဖြင့် လဲလျောင်းလိုက်သည်။
"ပင်ပန်းနေလို့ . ."
နေသူရိန်မင်းခန့် မျက်လုံးတွေကို မှိတ်ထားပြီး ဘာစကားသံမှ ထွက်မလာဘဲ တိတ်ဆိတ်သွားတာ အကြာကြီး ဖြစ်သည်။ ဝေယံ နေသူရိန်မင်းခန့်၏ မျက်လုံးထောင့်စွန်းက မှဲ့နက်လေးကို အသာအယာ ထိတွေ့တော့ အိပ်နေရာမှ နည်းနည်းပင် အနေအထား မပျက်။ အိပ်မောကျသွားပြီ ထင်ပါသည်။
ဘာတွေများ ပူပန်နေရတာလဲ။
ပင်လယ်ပြင်မှ ဖြတ်တိုက်လာသော လေညင်းဟာ ဝေယံ့ဆီ ပန်းရနံ့ မွှေးမွှေးကို သယ်ဆောင်ပေးသည်။ ဘေးပတ်ပတ်လည်မှာ သုံးရောင်ခြယ် ကြောင်ကလေးတွေ၊ မီးခိုးစပ်ကျား ကြောင်ကလေးတွေနှင့် လိမ္မော်ရောင် ဂျင်ဂျာ ကြောင်ကလေးတွေ ဆော့ကစားနေကြသည်။
ဤအခြေအနေက . . .
နည်းနည်းတော့ အထီးကျန်စရာ ကောင်းနေ၏။
ဝေယံ နေသူရိန်မင်းခန့်ကို ငုံ့ကြည့်မိသည်။ မိုးကောင်းကင်ကို ဦးတည်ထားသော နေသူရိန်မင်းခန့်၏ မျက်နှာမှာ ဝမ်းနည်းမှုတွေ ရှိနေသလိုပဲ။ ရုတ်တရက် နေသူရိန်မင်းခန့် မျက်လုံး ဖွင့်တာနှင့် ဝေယံ စိုက်ကြည့်နေတာ ကြုံသွားသည်။ မျက်လုံးများ၏ ဟိုးအတွင်း နက်နက်မှာ ပူဆွေး ညှိုးငယ်မှုတွေ။
နေသူရိန်မင်းခန့် မျက်ဝန်းတွေ ကြေကွဲနေတာလား
ဘာကြောင့်လဲ
အဲ့ဒီမေးခွန်းက အရေးမကြီး။
ဤနေရာမှာ အချိန်ကာလ မရှိတော့။
ဤနေရာမှာ မေးခွန်းတွေ၊ အဖြေတွေ မရှိတော့။
ဤနေရာမှာ တွေ့ဆုံမှုတွေ၊ ကွဲကွာမှုတွေ မရှိတော့။
ဝေယံ ဘယ်ကိုမှ မသွားတော့ဘူး။
ဘယ်နေရာကိုမှ မပြန်ချင်တော့ဘူး။
ဒီနေရာမှာပဲ အဆုံးသတ်လိုက်ချင်ပြီ။
သူရိန် ငါ့ကို တစ်ခုခုတော့ တောင်းဆိုလိုက်ပါ
ဝေယံ တစ်ကိုယ်လုံးမှာ စိုးရိမ်မှုတို့ ပူပန်စွာ စီးဆင်း ဖြာဝေလာသည်။ ခြေဖျားမှာ၊ လက်ဖျားမှာ၊ ရင်ထဲမှာ အဲ့ဒီမှ တစ်ဆင့် နှုတ်ခမ်းဖျားမှာ။ သူ ထိန်းချုပ် မထားနိုင်တော့ဘဲ ဖွင့်ထုတ်လိုက်မိသည်။
"ပြန်ရမယ့် ရက်ကို နောက်ဆုတ်ပေးဖို့ မပြောတော့ဘူးလား သူရိန်၊ တစ်ပတ်လောက် . . ဒါမှမဟုတ် တစ်လလောက် ဖြစ်ဖြစ် . ."
ဝေယံ နေသူရိန်မင်းခန့်ကို ဆွဲထူသည်။ သို့သော် မနိုင်။ ထူလို့ မရ။ နေမင်းကြီး ခန္ဓာကိုယ်က ဘယ်တုန်းက စပြီး ဒီလောက် လေးလာသလဲ သူ မသိ။ နေသူရိန်မင်းခန့် ကိုယ်တိုင် ထမှ ဝေယံ ထူလို့ ရတော့မည့် အနေအထားပဲ ဖြစ်သည်။
"မဖြစ်နိုင်ဘူး ယံ"
နေသူရိန်မင်းခန့် စကားသံက ခပ်တိုးတိုး။
"ဘာများ ထူးခြားသွားမှာမို့လို့လဲ၊ တစ်ပတ်ပဲ ဖြစ်ဖြစ် . . တစ်လပဲ ဖြစ်ဖြစ်၊ တစ်သက်လုံး ဝေးရတော့မယ်လို့ တွေးလိုက်ရင် . . ဒါတွေဟာ အရေးမပါတော့ဘူး မဟုတ်လား"
ဆိပ်ကမ်း တစ်ဖက်ဆီမှ ကြောင်ကလေးများ၏ အော်သံကို ကြားလိုက်ရသည်။ ဘာလို့များ ဒီလောက်အထိ ဝမ်းနည်းစရာ ကောင်းနေရတာလဲ။
နေသူရိန်မင်းခန့် ထဖို့ ကြိုးစားတော့ ဝေယံ နည်းနည်း ဆုတ်ဖယ်ပေးသည်။ သို့သော် နေသူရိန်မင်းခန့်က သူ့ကို လှမ်းဆွဲထား၏။ ထို့နောက် ရင်ခွင်ထဲ ခေါင်း တိုးဝင်လာသည်။ မျက်နှာနှင့် ရင်ခွင်ကို ထိအပ်စေ၏။
"ကျွန်တော် ယံ့ကို ဘယ်တော့မှ ပြန်မတွေ့နိုင်တော့ဘူးလားဟင်"
နေသူရိန်မင်းခန့်၏ တီးတိုး ရေရွတ်သံဟာ အက်ကွဲ နာကျင်နေသည်။
ဝေယံ ဘာဖြေရမှန်း မသိတော့။
သူကိုယ်တိုင်လည်း ထိုမေးခွန်း၏ အဖြေကို သိချင်နေခဲ့သည်။
' ကွဲကွာခြင်း ' ဆိုသော စကားဟာ
သူတို့ နှစ်ယောက်အတွက် တကယ်ကို ခါးသီးလွန်းလှ၏။
~•~ S U N ~•~
3 / February / 2020
12 : 00 PM