ကျိုတိုမြို့ဟာ ဂျပန်နိုင်ငံ၏ ရှေးဟောင်း မြို့တော် ဖြစ်၏။
' ရှေးဟောင်း မြို့တော် ' ဆိုသော နာမည်နှင့် အညီ ကျိုတိုမြို့က ဂျပန် နိုင်ငံ၏ မြို့တော် ဖြစ်ခဲ့ဖူးသည်။ တစ်ထောင့် ရှစ်ရာ ခြောက်ဆယ့် ကိုး ခုနှစ် ရောက်တော့ ဂျပန် နိုင်ငံ၏ မြို့တော်အဖြစ် တိုကျိုမြို့အား ပြောင်းလဲ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ တကယ်တမ်း တိုကျိုနှင့် ကျိုတိုက ယဉ်ကျေးမှုခြင်း သိပ်ကို ကွာခြားသည်။
ကျိုတိုက အေးချမ်း ငြိမ်သက်ကာ ရှေးဆန်၏။ ခရီးသွားများကို ရိုးရာ ယဉ်ကျေးမှု များစွာနှင့် ဆွဲဆောင်ထားနိုင်သည့် မြို့ တစ်မြို့ ဟု ဆိုပါက မမှား။
ကျိုတိုမြို့မှာ ရှေးဟောင်း ဘုရားကျောင်း စုစုပေါင်း သုံးဆယ် ရှိပြီး ဗိမာန် နှစ်ရာ ကျော်လည်း ရှိသေး၏။ ထို့ပြင် နန်းတော်နှင့် ဥယျာဉ် များစွာကပါ အလည်လာချင်အောင် ဆွဲဆောင်ထားနိုင်သည်။
ယခု နေသူရိန်မင်းခန့်နှင့် ဝေယံတို့ ရောက်ရှိနေသော နေရာကလည်း ကျိုတိုမြို့၏ အထင်ကရ နေရာ များစွာထဲက တစ်နေရာ ဖြစ်သည်။
စိမ်းစိုစို ဝါးပင်ရှည်ကြီးများက တိတ်ဆိတ်သည့် တောအုပ်ငယ်ထဲ ဖြောင့်မတ်စွာ စီတန်းနေကြသည်။ မြင်ကွင်း တစ်ခွင် စိမ်းမှောင်သော ဝါးပင်များ အပြည့် ရှိနေသည့် ဥယျာဉ်ငယ်ထဲ ရောက်နေတာမို့ ကြည်ပြာသော ကောင်းကင်၏ အလှကို သေချာစွာ မမြင်ရနိုင်။
ဝါးရွက်များ အကြားမှ မြင်ရသမျှ ကွက်ကွက်လေးမှာ တိမ်တွေ မိုးပြာရောင် တောက်နေသည်။ ကောင်းကင်တွင် အလိပ်လိုက် ရွေ့နေသော တိမ်တိုက်တို့၏ အလင်းရောင်ကြောင့် မြေပြင်မှ တောအုပ်ငယ်ထဲတွင် အစိမ်းရောင် ထင်ဟပ်ပြီး စိမ်းနုရောင် ပြေးနေသည်။ တစ်လောကလုံး စိမ်းနုရောင်။
နားထောင်ကြည့်စမ်းပါ။
တစ်ချက် တစ်ချက် အာရုံကို ညှို့ယူထားတာက စိမ်းမှောင်သော ဝါးပင်များ အကြားမှ ထိုးထွက်လာသည့် လေတိုးသံ သဲ့သဲ့။ ဝါးပင်များ အတန်းလိုက် ယိမ်းနွဲ့ လှုပ်ရှားသော အသံ။ ဝါးရွက် တစ်ခုနှင့် တစ်ခု ထိတို့သံ။
သဘာဝ၏ ထူးခြားသော ဂီတသံများလား။
ငြိမ့်ငြိမ့်ညောင်းညောင်း။ သာသာယာယာ။
မြို့ပြ၏ ဆူညံသော အသံများကိုသာ ကြားနေခဲ့ရသူ ဖြစ်တာမို့ ဝါးသစ်တော၏ တိတ်ဆိတ်စွာ သာယာသည့် နားဝင်ပီယံ ချိုမြိန်ဖွယ် ဖမ်းစားမှုကို ဝေယံ နစ်မျောမိသွားသည်။
နေသူရိန်မင်းခန့် ပြောတာ မလွန်။ မှော်ပညာဖြင့် ဖန်တီးထားသော အိပ်မက် ကမ္ဘာထဲသို့ ဝေယံ ရောက်နေသလို။ မိုးကုပ်စက်ဝိုင်း အပြည့် ဖြောင့်တန်းသော ဝါးပင်များ အထပ်ထပ်။
မှန်ပါ၏။
ဤနေရာဟာ ကမ္ဘာမြေ အဆုံးသာ ဖြစ်ပါလိမ့်မည်။
ဝေယံ နောက်သို့ လှည့်ကြည့်လိုက်သည်။
ဟိုးခပ်လှမ်းလှမ်းက လျှောက်လမ်းမှာ မတ်တတ်ရပ်လျက် သူ့ကို ပြုံးကြည့် ကျန်နေရစ်သော နေသူရိန်မင်းခန့်။ နေမင်းကြီးက ဝေယံ့ကို အနှောင့်အယှက် မပေးချင်ပုံ ရသည်။ သူ ခြေလှမ်း ဘယ်နှလှမ်း လျှောက်လာခဲ့မိမှန်း မသိ။ နေသူရိန်မင်းခန့်နှင့် တော်တော်လေး ဝေးနေခဲ့ပြီ။ သို့သော် သူ အဝေးကို ငေးကြည့်နေသည့်အခါ သူ့ကို ကြည့်နေသော နေသူရိန်မင်းခန့် မျက်ဝန်းတွေကိုတော့ ဝေယံ သဘောကျမိသည်။
အနား လာဖို့ လှမ်းခေါ်ချိန် နေသူရိန်မင်းခန့်က သွက်လက်သော ခြေလှမ်းများဖြင့် သူ့ဆီ လျှောက်လာသည်။
"ကီမိုနိုက အဆင်ပြေရဲ့လား"
"ပထမဆုံး ဝတ်ဖူးတာ ဆိုပေမယ့် သက်သောင့်သက်သာ ရှိပါတယ်"
ဆင်စွယ်ရောင် ကီမိုနို၊ အုန်းခွံရောင် ခါးစည်းပြားနှင့် အဖျားစွန်းမှာ မပါမဖြစ် ပန်းနုရောင် ဆာကူရာပန်းများကို ပုံဖော်ထားသော ဂျပန် ရိုးရာ ဝတ်စုံ ဖြစ်သည်။ အသား ဖြူသော ဝေယံနှင့် လိုက်ဖက်သည်။ တော်တော်လေး လိုက်ဖက်သည်။
သူ တွေးထင်ထားခဲ့သလို ထိုယွန်းဘူးလေးက ကီမိုနို ဝတ်ရုံ ထည့်ရသော အဝတ်ဘူးလေး ဖြစ်နေသည်။ ပေး မသိရသည့် အကြောင်းမှန်ကိုတော့ ဒီမနက်မှပဲ ဝေယံ သိခွင့်ရခဲ့သည်။
"မွေးနေ့ လက်ဆောင်အတွက် ကျေးဇူးပဲ သူရိန်၊ ဒီတစ်ခါတော့ . . မင်း စိတ်မပျက်ရအောင် ငါ တကယ် တန်ဖိုးထားပါ့မယ်"
နေသူရိန်မင်းခန့် ဘာမှပြန်မပြော။ ဝေယံ မော့ကြည့်တော့ နေသူရိန်မင်းခန့်၏ နူးညံ့သော အကြင်နာ အပြုံးကိုသာ တွေ့ရသည်။ ထိုအပြုံးဟာ ဝေယံ့ကို အမြဲတမ်း ခွင့်လွှတ်ပေးသော အပြုံး တစ်ခု ဖြစ်သည်။ သူ့အတွက် သီးသန့် အပြုံး ဖြစ်သည် ဆိုတာ လုံးဝ ယုံကြည်၏။
"သူရိန် ဝါးသစ်တော အကြောင်း ငါ့ကို ပြောပြမလား"
"ကျွန်တော် ကောင်းကောင်း မသိဘူး"
မထင်မှတ်စွာ တစ်ခွန်းထဲ ငြင်းခံလိုက်ရတာမို့ ဝေယံ ဝမ်းနည်းသွားသည်။
"ကဲ ကဲ . . သိသလောက် ပြောပြပေးပါ့မယ်၊ စိတ်တော့ မထိခိုက်လိုက်ပါနဲ့ ဟုတ်ပြီလား"
ကြည့်စမ်း။
သူ့ကို စိတ်ပျော့လွန်းသည် ဟု ဆိုလိုချင်တာလား။
တစ်ခုခု ခွန်းတုံ့ပြန်လိုက်ချင်သည်။
သို့ပေမယ့် တိတ်ဆိတ်နေမိ၏။ တကယ်လည်း မှန်နေခဲ့တာပဲ။
"ဒီဝါးသစ်တောကို အာရာရှီယာမာလို့ ခေါ်တယ်၊ အဓိပ္ပါယ်ကတော့ ကြံ့ခိုင်တဲ့ တောင်ပေါ့၊ တချို့ကတော့ ဆာဂါနို ဝါးတောလို့ သိကြတယ်၊ ဒါနဲ့ ဝါးပင်တွေက ဂျပန်တွေရဲ့ လူနေမှု ဘဝမှာ တစ်ထောင့်တစ်နေရာက အရေးပါတယ် ဆိုတာ ယံ သိတယ်မလား"
"မသိဘူး"
နေသူရိန်မင်းခန့် ဟက်ခနဲ တစ်ချက် ရယ်သည်။
နောက်တော့ လက်ကောက်ဝတ်ထက် ပုံကျနေသည့် ကီမိုနို လက်ရှည်ကို ခေါက်တင်သည်။ သူက ဝေယံနှင့် ဆန့်ကျင်ဘက် ဖြစ်သော အနက်ရောင် ကီမိုနိုကို ဆင်မြန်းထားသည်။ ကီမိုနို၏ ကျောဘက် ဒီဇိုင်းက ဆာကူရာ ပန်းပင်များ အကြားတွင် မာန်ဖီနေသည့် သွေးရောင် နဂါးကြီးကို ပုံဖော်ထားခြင်း ဖြစ်သည်။ ပြောရပါက ထိုနဂါးကြီးဟာ နေသူရိန်မင်းခန့်နှင့် တော်တော်လေး တူသည် ဟု ဝေယံ ထင်၏။
"မသိလည်း ကိစ္စ မရှိပါဘူး၊ ယံ သိသွားအောင် ကျွန်တော် ပြောပြမှာပေါ့"
နေသူရိန်မင်းခန့် ဝေယံ့ကို တစ်ချက် စောင်းငဲ့ ကြည့်လိုက်သည်။ ဝေယံ ဘာပြောမလဲ သိချင်လို့ ဖြစ်သည်။ သို့သော် ဝေယံက ဘာမှမပြော။ လျှောက်လမ်းတစ်လျှောက် စည်းရိုးများ ကာရံထားသည့် အခြေတွင် ရှိနေသော မီးပုံးလေးတွေကိုသာ စိတ်ဝင်တစား ကြည့်နေသည်။ ဘာအတွက် ထားတာကို သိချင်နေပုံ ရသည်။
"ဒီဇင်ဘာ လလယ်ဆို ဝါးတောထဲ ဝင်ရတဲ့ လျှောက်လမ်းတွေမှာ မီးပုံး နှစ်ထောင့် ငါးရာလောက် ထွန်းပြီး ညဥ့်လယ်ခေါင် ဝါးတော လမ်းလျှောက်ပွဲ လုပ်ပေးတယ်လေ"
ဝေယံ အံ့သြသွားဟန် ရှိသည်။
"ညဥ့်လယ်ခေါင်၊ အင်း . . အေးမှာပဲနော်"
နေသူရိန်မင်းခန့် ခေါင်းညိတ်ပြီး အဖြေ ပေးသည်။
"ကျွန်တော်တို့ စောစောက စကားကို ပြန်ဆက်ကြမလား"
"ဝါးပင်တွေရဲ့ အရေးပါမှုလား၊ ဆက်လေ . ."
"ဂျပန် နိုင်ငံမှာ ဝါးနဲ့ လုပ်တဲ့ တူ၊ ပန်းကန်တွေကို အသုံးပြုတာ များတယ် ဆိုတာတော့ ယံ သိမှာပေါ့"
"ဒါတော့ ငါ သိပါတယ်"
"နောက်ပြီး . . ရေချိုးကန်၊ နေအိမ်ရဲ့ အချို့ အစိတ်အပိုင်းတွေအပြင် အမှတ်တရ ပစ္စည်းတွေ လုပ်တဲ့ နေရာမှာလည်း ဝါးက မပါမဖြစ်ဘဲ၊ ပြောရရင် ဝါးပင်က ခုတ်ပြီး ခြောက် လ လောက်မှာ ပြန်ကြီးတယ်လေ၊ ဒီတော့ အာရာရှီယာမာ ဝါးတောကြီးက ဂျပန် လူမျိုးတွေအတွက် ပစ္စည်းတွေ ထုတ်ပေးနေတဲ့ ဝါး စက်ရုံကြီး ဖြစ်နေတာပေါ့"
"ဟုတ်လား၊ ငါက . . ဒီဝါးပင်တွေကို အလှထားတယ် ထင်နေတာ"
ဝေယံ အသံမှာ နှမြောတသမှုတွေ ပါနေမှန်း နေသူရိန်မင်းခန့် သတိထားမိလိုက်သည်။ ဝါးပင်များအား ခုတ်ထွင်း သုံးစွဲခြင်းကို သူ သဘောမတွေ့ဘူး ထင်သည်။
"အကျိုးပြုတဲ့ နေရာမှာ သုံးတာပဲ၊ နှမြောစရာ မရှိပါဘူး ယံရာ"
"ငါကတော့ နှမြောတယ်"
ဝါးသစ်တောကို ဝေယံ စိတ်ဝင်စားသည်။ ဆာကူရာပန်းများကိုတော့ ပို၍ စိတ်ဝင်စားသည်။ သို့ပေမယ့် ဆာကူရာ ပန်းများအား အလှထားသလို ဤဝါးသစ်တောကိုလည်း အလှထားစေချင်သည်။ မဖြစ်နိုင်ပါဘူးလေ။ သူ သိပါသည်။
"ကိုယ် သဘောကျတဲ့ အရာက အသုံးဝင်တဲ့ ပစ္စည်းလေး တစ်ခုအဖြစ် ကိုယ့်ဆီကို အသွင် ပြောင်းပြီး ရောက်လာတယ်လို့ တွေးကြည့်လေ . . ယံ၊ ဒါဆို နှမြောစရာ မရှိပါဘူး၊ ပျော်ရွှင်မှု အဖြစ်တောင် သတ်မှတ်လို့ ရနိုင်တယ်"
"သဘောကျတိုင်း ပိုင်ဆိုင်ဖို့ မလိုပါဘူး"
နေသူရိန်မင်းခန့် ဝေယံ့ကို ဖျတ်ခနဲ ကြည့်မိသည်။
ဝေယံ့ မျက်လုံးတွေက နည်းနည်း မှုန်မှိုင်းနေသလို ရှိ၏။
"ငါ့အတွက်တော့ ငေးကြည့်နေရုံနဲ့တင် ပျော်ရွှင်စေပြီ"
တုန်ခိုက်စွာ ထွက်လာသော အသံ တိုးတိုး။
ဘာအဓိပ္ပါယ်လဲ
မသိစိတ်ထဲ ပူပန်စွာ တွေးမိသည့်အခါ
ရင်တွင်းထဲ ပူနွေးစွာ လှိုက်ဟာသွားသည်။
အာရာရှီယာမာ ဝါးသစ်တောကြီးဟာ နေသူရိန်မင်းခန့်အတွက် နည်းနည်းတော့ ပူဆွေးစရာ ကောင်းနေ၏။
~•~ ~•~ ~•~
"မာယာ . . ငါ ပြောထားတဲ့ ကိစ္စ ဘယ်လိုလဲ"
"အားလုံး အေးဆေးပဲ၊ နင့်ကျောင်း ကိစ္စကို လုံးဝ လုံးဝ ဝင်မရှုပ်ဖို့ ငါ ပြောထားတယ်၊ သေချာတယ်၊ Yuu လေး ဖေဖေက လက်ရှောင်မှာပါ"
"ဘာ . ."
ရုတ်တရက် ထအော်သည့် နေသူရိန်မင်းခန့် အသံကြောင့် ပလတ်စတစ်ဘူးနှင့် ထုပ်ပိုးထားသော အရံဟင်းများကို ရေခဲသေတ္တာထဲ စီထည့်နေရင်းမှ မာယာ လန့်သွားရသည်။ လက်ထဲမှ ဟင်းအမယ် တစ်ဘူးပါ လွတ်ကျသွားသေး၏။ ပလတ်စတစ်ဘူးလေး ကြမ်းပြင်ပေါ် မကျခင် နေသူရိန်မင်းခန့်က အမီ ဖမ်းယူလိုက်တာမို့ တော်သေးသည် ပြောရမည်။
အစိုးရ ရုံးပိတ်ရက် ဖြစ်တာမို့ အထုပ်အပိုးတွေ ဆွဲပြီး စောစောစီးစီး ကျိုတို စံအိမ်ကို မာယာ ရောက်နေခြင်း ဖြစ်သည်။ နေသူရိန်မင်းခန့်၏ တူဖြစ်သူ ယုကိုပါ ခေါ်လာသေး၏။
"တော်ရုံ လုပ်စမ်းပါဟ . . ငါ့မောင်ရ၊ ကျိုတို တက္ကသိုလ်မှာ ကျောင်း မတက်ချင်တဲ့ နင့်အကြောင်းကို ငါ အသိဆုံးပါ"
"အဲ့ဒါနဲ့ပဲ ကျောင်း ကိစ္စကို တိခနဲ ဖျက်ချလိုက်ရောလား"
"အဲ့ဒီလို လုပ်တာ မကောင်းလို့လား၊ ပြော . ."
နေသူရိန်မင်းခန့် မျက်နှာက မဲမှောင်သွားသည်။
လက်ထဲမှ ထောင့်မှန်စတုဂံ ပလတ်စတစ်ဘူးလေးကို ဖန်သား စားပွဲပေါ် ဒုန်းခနဲ မြည်အောင် တင်ရင်း မာယာ မျက်နှာကို စေ့စေ့ ကြည့်သည်။ မာယာ တစ်ကိုယ်လုံး ထူပူလာ၏။
"ကောင်းတယ်"
လှိုက်ခနဲ ထွက်လာသော ခပ်နောက်နောက် အသံ။
နှစ်ယောက်သား အသံ ထွက်ကာ ပြိုင်တူ ရယ်မိကြတော့သည်။
နေသူရိန်မင်းခန့်က မာယာနှင့် တစ်ခါတစ်ရံ ဆုံချိန်တိုင်း ယခုလို ပေါကြောင်ကြောင်နိုင်သည်။ သို့သော် အမြဲလိုလိုကတော့ မာန်ဖီ ဟိန်းဟောက်နေတတ်သာချည်း ဖြစ်သည်။ မောင်နှမတွေ၏ သဘာဝပဲကိုး။
သို့သော် မိဘများနှင့် ယှဉ်ပါက သူမကို ပိုပြီး အားကိုး ခင်တွယ်မှန်း မာယာ ရိပ်မိသည်။ ငယ်စဉ်ကဆို မိခင်က မေးလျှင်တောင် မဖြေခဲ့သော မြန်မာ နိုင်ငံက သူ့အကြောင်းများကို သူမအား ပြောပြခဲ့သည်။ ရင်ဖွင့်ခဲ့သည်။ မာယာ ကောင်းကောင်းကြီး မှတ်မိပါသေးသည်။
နေသူရိန်မင်းခန့်နှင့် မာယာဆူးက နီးနီးကပ်ကပ် မနေခဲ့ရသည့် မောင်နှမတွေ ဆိုပေမယ့် တစ်ဦးကို တစ်ဦး တော်တော်လေး ချစ်ရှာကြသည်။ ထိုအရာကို နှစ်ယောက်စလုံး နှုတ်မှ ဝန်မခံပေမယ့် စိတ်ထဲမှာ ခံစားရမှာကို နည်းနည်းမှ သံသယ ဖြစ်စရာ မလို။
"Ma Ma . . "
ရုတ်တရက် အိပ်ခန်းထဲမှ ထွက်လာသော ယုလေးကြောင့် မာယာရော နေသူရိန်မင်းခန့်ပါ လှည့်ကြည့်မိသည်။ ယု ပုံစံက တစ်ခုခုကို ထိတ်ထိတ်ပျာပျာ ဖြစ်နေပုံ ရသည်။ ညာဘက် လက်ကိုပါ ဘယ်ဘက် လက်ဖြင့် ဆုပ်ကိုင်ထားသေး၏။
"ဘာဖြစ်လာတာလဲ"
ယု မျက်နှာက စိတ်ရှုပ်ထွေးနေပုံ ရသည်။
"သားသား ဦးဦး လက်ကို ကိုင်ပြီး အိပ်လိုက်မိတယ်၊ ဗိုက်ကြီးတော့မှာပဲ"
နေသူရိန်မင်းခန့် မျက်နှာက မည်းခနဲ။
မာယာက ယု စကားကို သဘောကျကာ တဟားဟား ရယ်နေသည်။
"Ma Ma သားကို ဦးဦးနဲ့ လက်ထပ်ပေး"
"သားရဲ့ ဗိုက်ကြီး မကြီးက မသေချာဘူးလေ၊ နောက် ဆယ် လလောက် စောင့်ပါဦး၊ လောလှချည်လား"
မာယာက ခပ်အေးအေးပင်။ ယုလေး ကျေနပ်အောင် စကားကို လှည့်ပြောပေးသည်။ နေသူရိန်မင်းခန့် တစ်ယောက်သာ မျက်နှာ မဲ့ရွဲ့ပြီး နှာခေါင်း ရှုံ့နေသည်။
"နင်တို့ သားအမိတွေ . . ဘာလို့ ငါ့ကောင်လေးကိုပဲ လာလာ ခလုတ် တိုက်နေရတာလဲ"
ဝေယံနှင့် ပတ်သက်ပါက ဒီသားအမိ နှစ်ယောက်ဟာ သူ့ကို ကောင်းကျိုး မပေးတာ ဗေဒင် ပြေး၍ မေးစရာ မလိုအောင် သေချာလို့ နေပြီ။
"နင့်ကောင်လေးက ခလုတ် တိုက်ချင်စရာပဲကို"
"မာယာ . . နင့်မှာ ယောကျာ်းကြီး ငုတ်တုတ် ရှိနေတာ သတိရဦး၊ နောက်ပြီး နင်က ကလေး အမေနော်"
"အမယ်လေး . . ဖြစ်ပျက်နေလိုက်တာ မြင်မကောင်းဘူး၊ ငါက နင့်အစ်မနော်၊ အသက် ဆယ် နှစ်တောင် ကွာတဲ့ နင့်အစ်မ အရင်းကြီးပါနော်၊ အကြီးကို ယဉ်ယဉ်ကျေးကျေး ပြောရမယ် ဆိုတာ နင် မသိဘူးလား"
မာယာက ယုလေးကို ပွေ့ချီကာ ထိုင်ခုံပေါ် နေရာချရင်း ပြောလာသည်။ ယုက ခပ်လှမ်းလှမ်းမှာ ရပ်နေသည့် ဦးလေးဖြစ်သူ နေသူရိန်မင်းခန့်ကို လှမ်းကြည့်ပြီး ဘာကို သဘောကျမှန်း မသိ။ ပြုံးစိစိ လုပ်နေသည်။
"ရှိနေတဲ့ မောင်က မလိမ္မာဘဲ စကား နားမထောင်ရင် အပြစ် မတင်နဲ့ မာယာ၊ လိမ္မာပြီး စကား နားထောင်မယ့် မောင်ကို ရဖို့ ကံ ပါမလာတဲ့ ကိုယ့်ကိုယ်ကိုယ်သာ အပြစ် တင်လိုက်"
"အလိုတော်၊ နင့်စကားက ငါ့အပြစ်လို့ ပြောချင်တာပေါ့လေ"
"စိုနို တိုးရိ ဒဲ ( စ် )"
နေသူရိန်မင်းခန့်က ဂျပန်လို အမှန်ပဲ ဟု ပြောလိုက်ခြင်း ဖြစ်သည်။
မာယာ စားပွဲပေါ်က ဖန်ခွက်နှင့် မောင်ဖြစ်သူအား လှမ်းပေါက်လိုက်ချင်သည့် စိတ်ကို မနည်း ထိန်းနေရသည်။ သို့ပေမယ့် သူမ မျက်စောင်းက နေသူရိန်မင်းခန့်ထံ ဒိုင်းခနဲ လွင့်စဉ်လာသည်။
"Ma Ma သားကို ဦးဦးနဲ့ . ."
"ဟိတ် ကောင်လေး၊ ဆက် မပြောနဲ့တော့"
နေမင်းကြီး၏ မာန်မဲသံ။
ယု မျက်နှာက ငိုမဲ့မဲ့ ဖြစ်လာသည်။
မတတ်နိုင်။
"Yuu . . အိုဂျိစံနဲ့ ရေခဲမုန့် သွားစားရအောင်"
"ရေခဲမုန့်"
ယု မျက်နှာက ချက်ချင်း ပြုံးရွှင်သွားသည်။
နေသူရိန်မင်းခန့် မာယာဆူး၏ ခွင့်ပြုချက်ကိုပင် မစောင့်တော့။ ကလေး လက်ကို ဆွဲကာ အိမ် အပြင်သို့ ထွက်သွားသည်။ ရေခဲမုန့် ဆိုင်သို့ သွားခြင်း ဖြစ်သည်။
"Aka . . ကလေးကို အများကြီး ဝယ်မကျွေးနဲ့နော်"
တုံ့ပြန်သံပင် မလာတော့။
ကိုက်လည်း ကိုက်၊ လိုက်လည်း လိုက်သော တူဝရီးတွေပင်။
ခဏအကြာ အိပ်ခန်းထဲမှ ဝေယံ ထွက်လာသည်။ အခုမှ နိုးပုံ ပေါ်၏။ မျက်နှာမှာ ရေစက် တချို့ တွဲခိုနေဆဲ ဖြစ်သည်။ ဂျပန်နှင့် မြန်မာ၏ အချိန် ကွာခြားမှုကို ယခုအချိန်ထိ အသားမကျသေးပုံ ရသည်။
"အိုဟားယိုး"
မာယာ ဂျပန်လို နှုတ်ဆက်တော့ ဝေယံ အံ့သြစွာ ငေးကြည့်၏။
"မမ ရောက်နေတာလား၊ ဘယ်လိုလုပ်ပြီးတော့ . ."
"ပန်းကြည့် ပွဲတော်အတွက် ရုံးပိတ်ရက် ရတယ် ဆိုပါတော့"
"အာ . . ဟုတ်သားပဲ၊ ကျွန်တော်တို့ ဒီနေ့ပဲ Philosopher's Path ကို သွားဖို့ စီစဉ်နေကြတာ၊ မမ လာတာနဲ့ အတော်ပဲ ဖြစ်သွားတယ်၊ လိုက်မယ်မလား"
ဝေယံ၏ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်မှုကို မာယာ မခို့တရို့လေး ပြုံးပြီးသာ တုံ့ပြန်လိုက်သည်။ သူမ မောင်အကြောင်းကို သူမ အသိဆုံး ဖြစ်သည်။
"လိုက်ချင်ပေမယ့် ဒီနေ့တော့ မမက အချိန် မပေးနိုင်သေးဘူးကွယ်၊ Yang Yang တို့ နှစ်ယောက်သာ ပျော်ပျော်ပါးပါး လည်ခဲ့ကြပေါ့ . . နော့"
"ဒါနဲ့ သူရိန်ရော၊ သူ ဘယ်ရောက်နေတာလဲ"
"အမယ် . . မတွေ့တာနဲ့ မေးတော့တာပဲနော်"
မာယာ အပြုံးကလေးနှင့် စနောက်တာမို့ ဝေယံ အနည်းငယ် ရှက်သွားသည်။
"မနက်စာ မစားရသေးဘူးမလား၊ မမ ပြင်ပေးမယ်နော်"
"ဟိုက်"
ဝေယံ ထမင်းစားပွဲက ထိုင်ခုံမှာ ကျော မှီပြီး ထိုင်လိုက်သည်။ မာယာက မနက်စာ ပြင်ဖို့ ရှေ့ဖုံး ခါးစည်းကို ဝတ်နေသည်။
"ဒါနဲ့လေ . . ကျွန်တော် မမကို မေးချင်တာ တစ်ခု ရှိတယ်"
"မေးချင်တာက တစ်ခုထဲလား၊ နှစ်ခု၊ သုံးခု ဆိုလည်း ဒီက မမက ဖြေပေးမှာနော်"
ပန်းဂေါ်ဖီစိမ်းနှင့် ငရုတ်ပွ အဝါကို ရေစင်အောင် ဆေးနေရင်း မာယာ အလုပ်ရှုပ်နေသည်။ ဂတ်မီးဖိုပေါ်ရှိ ဒယ်အိုးထဲမှ ဆီ အနည်းငယ်က ခပ်နွေးနွေး ဖြစ်လို့ နေပြီ။ အသံ တိတ်နေသည့် ဝေယံကြောင့် မာယာ လှမ်းကြည့်မိသည်။ ဝေယံက အောက်နှုတ်ခမ်းကို ခပ်နာနာ ဖိကိုက်ထား၏။
"Yang Yang လေး"
"ဟိုက်"
"ဘာတွေ အဲ့ဒီလောက်တောင် တွေးနေရတာလဲ၊ မေးချင်တာ ရှိတယ်ဆို မေးလေကွယ်"
ဝေယံ စိတ်ပေါ့ပါးသွားအောင် မာယာ စကားကို ခပ်လောလော ပြောပေးသည်။ ဒီကောင်လေး ဘာဖြစ်နေမှန်း သူမ မသိ။
"အရင်က မန္တလေး လေဆိပ်မှာ ဂျပန်ကို ပြန်ခါနီး ကျွန်တော့်ကို ပြောခဲ့တဲ့ စကားကို . ."
ဝေယံ ပြောနေရင်းမှ အသံများ ပျောက်ရှသွားရသည်။ လက်သီး ဆုပ်ကာ အားတင်းပြီး စကားကို ပြန်ဆက်ရသည်။
"မမ မှတ်မိသေးလား"
"ဘာများလဲလို့၊ မမမှာ တွေးပူလိုက်ရတာ၊ Yang Yang သိချင်တာ အဲ့ဒါလား"
"ဟိုက်၊ မှတ်မိတယ်မလား"
"ပြောရရင် ဘယ်တုန်းကမှ မမေ့ခဲ့ဘူး"
ဝေယံ မာယာကို ငေးကြည့်နေမိသည်။ မမေ့ခဲ့ဘူး တဲ့လား။ မာယာ သူ့ကို ကြည့်နေသော အကြည့်တို့ဟာ ဟိုယခင်ကလို သိမ်မွေ့ နူးညံ့လျက်။
"ဘာလို့ ပြောခဲ့လဲ သိချင်တာမလား၊ Aka ကို မေးကြည့်လေ Yang Yang"
"သူရိန် . ."
"အင်း၊ ဟုတ်တယ်"
ဝေယံ မာယာကို စူးစူးစိုက်စိုက် ကြည့်နေရာမှ မျက်လုံး လွှဲပစ်လိုက်မိသည်။ ဝေယံ ရင်ထဲ အလိုလို မောဟိုက်သွားသည်။ ရုတ်တရက် အသက်ရှူရတာပါ မဝပြန်တော့။
"အဖြေက သူ့ဆီမှာ ရှိတယ် Yang Yang၊ မင်း မသိသေးတဲ့ လျှို့ဝှက်ချက် တစ်ခု အဖြစ်နဲ့ပေါ့"
တင်းထားသည့် စိတ်ကို လျှော့လိုက်ချိန် ဝေယံ တစ်ကိုယ်လုံး မောပန်း နွမ်းဟာသွားသည်။ သူ တွေးထင်ထားသလို ဖြစ်နေခဲ့ပြီလား။
~•~ ~•~ ~•~
ပြာလဲ့လဲ့ ကောင်းကင် အောက်မှာ Philosopher's Path ဟာ ပန်းနုရောင် သန်းနေသည်။ နေရောင်ခြည် နွေးနွေးက တူးမြောင်း တစ်လျှောက် ပူနွေးသော လေညင်းကလေးများကို ဖန်တီးပေးသည်။ ရေပြင်မှာ ဆာကူရာ ပွင့်ဖတ်များ အပြည့်။ စမ်းချောင်းငယ်ဟာ ပန်းနုရောင် ကော်ဇောကြီးလို ဖြစ်နေ၏။
တံတားပေါ် ဖြတ်လျှောက်ချိန် ကင်မရာ ကိုယ်စီနှင့် အလုပ် များနေကြသည့် ပြည်ပ ခရီးသွားများကို တွေ့ရသည်။ ဆာကူရာ ပင်တန်းများ အောက်မှာလည်း ဂျပန် လူမျိုးများနှင့် ပြည့်နေသည်။ အားလုံးနီးပါးက ကီမိုနီု ရိုးရာ ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။
Philosopher's Path သည် ကျိုတိုမြို့ မြောက်ပိုင်းမှာ ရှိပြီး နှစ် ကီလိုမီတာ ရှည်သော လူသွားလမ်းကလေး ဖြစ်သည်။ တူးမြောင်း ဘေးတစ်လျှောက်မှာ ဆာကူရာ ပင်တန်းများ စီစီရီရီနှင့် အရမ်း လှပသော နေရာကလေး ဖြစ်၏။ အနီး တစ်ဝိုက်တွင် ဂျပန် ဒေသခံတို့၏ ရှေးရိုးရာ အိမ်ကလေးများကိုပါ တွေ့နိုင်သေးသည်။
တကယ်တော့ Philosopher's Path ဟု ခေါ်ရသော အကြောင်းအရင်း ရှိခဲ့၏။
ရှေးရှေးတုန်းက ကျိုတိုမြို့မှာ နာမည်ကြီး အတွေးအခေါ် ပညာရှင် တစ်ဦး ရှိခဲ့ဖူးသည်။ သူက ကျိုတို တက္ကသိုလ်ကို သွားရောက်ရန် နေ့စဉ်၊ နေ့စဉ် ဒီလူသွား လမ်းကလေးပေါ်မှ ဖြတ်လျှောက်ရင်း တရား မှတ်လေ့ရှိသည် ဟု သိရသည်။
အတွေးအခေါ် ပညာရှင် သွားရာ လမ်းကလေးဟု ပြောရမည်။ ထို့အတွက် Philosopher's Path ဟု သတ်မှတ်ခဲ့ခြင်း ဖြစ်၏။
"မြင်ကွင်း တစ်ခုလုံး ဆာကူရာပန်းတွေ ပြည့်နေတယ်"
"ယံ သဘောကျလား"
"ဟင့်အင်း၊ သဘောကျတာထက် ပိုတဲ့ မြတ်နိုးမှုကိုပဲ ငါ ခံစားမိတယ် သူရိန်"
ဝေယံ၏ ရှေ့၊ ပတ်ပတ်လည်၊ နောက်မှာ ရှိသမျှ ပန်းနုရောင်တို့ ယိမ်းနွဲ့ လွင့်မျောနေကြသည်။ ပန်းနုရောင် နှင်းစက်များ ဟု ပြောပါက မမှား။ ဆာကူရာတွေဟာ မြင်ကွင်းပြည့်။ ပြာလဲ့လဲ့ မိုးကောင်းကင် အောက်က ပန်းနုရောင် လမ်းကလေး အလယ်မှာ သူတို့ နှစ်ယောက် ရှိနေကြသည်။ သင်းပျံ့ပျံ့ မွှေးရနံ့တို့က ခန္ဓာကိုယ်အနှံ့ စိုးမိုးနေသလို။
"လူတွေက သေခါနီး အချိန်မှာ ပျော်ရွှင်ဖွယ် အမှတ်တရတွေကို ပြန်လည် တမ်းတ အောက်မေ့တတ်ကြတယ် တဲ့၊ မင်း သိလား . . သူရိန်၊ ဒီမြင်ကွင်းကို ငါ ဘယ်တော့မှ မေ့နိုင်မယ် မထင်ဘူး"
နှစ်ဦးသား ရှေ့ကို ဆက်လျှောက်လာကြသည်။
"အရင်က ပန်းကြည့် ပွဲတွေကို ကျွန်တော် သဘောမကျခဲ့ဘူး၊ အပို အလုပ်တွေလို့ ထင်ခဲ့တယ်"
တူးမြောင်း အလယ်က တံတားပေါ် ခြေချလိုက်တာနှင့် ဆာကူရာ ပွင့်ဖတ်များက နှစ်ဦးသားအပေါ် အချိန်ကိုက် တဖွဲဖွဲ ကြွေလွင့်လာတော့၏။
"ဒါပေမယ့် . . ကျွန်တော့် ဘေးမှာ ယံ ရှိနေတော့ ဆာကူရာတွေကို ပထမဆုံး အကြိမ် လှတယ်လို့ တွေးမိလာတယ်"
မှုန်ဝေ ကြည်နူးစေသော စကား ဖြစ်တာမို့ ဝေယံ နှုတ်ခမ်းတွေ ပြုံးယောင် သန်းသွားသည်။
"ကြွေကျလာတဲ့ ဆာကူရာ ပွင့်ဖတ်လေးကို ဖမ်းမိမယ် ဆိုရင် အချစ်ဦးနဲ့ ဖူးစာ ဆုံခွင့် ရမယ်လို့ လူတွေ ပြောကြတယ်၊ အဲ့ဒီစကားကို မင်း ယုံလား သူရိန်"
"တခြားသူတွေတော့ မပြောတတ်ပေမယ့် ယံ့စကား ဆိုရင် ကျွန်တော် အနှိုင်းမဲ့ ယုံကြည်ပါတယ်၊ ယံ့ရဲ့ နှုတ်ထွက် စကားတိုင်းကို ကျွန်တော် အလေးထားတယ် ယံ"
နေသူရိန်မင်းခန့် လက်ကို ဆန့်ထုတ်ပြီး ကြွေကျနေသည့် ဆာကူရာ ပွင့်ဖတ်လေးကို ဖမ်းဆုပ်လိုက်သည်။ ပထမဆုံး အကြိမ်မှာပဲ ဖမ်းမိသွား၏။ နေသူရိန်မင်းခန့် တစ်ကိုယ်လုံးက ထိတွေ့မိသော အာရုံကို သိနေသည်။ လက်ဖဝါးမှာ ထိမိသော အရာတို့က နူးညံ့သော ပန်းနုရောင် ပွင့်ဖတ်ကလေးများပဲ ဖြစ်သည်။
"ကြွေကျလာတဲ့ ပွင့်ဖတ်လေးတွေကို ဖမ်းမိခဲ့ရင်ရော အဲ့ဒီပွင့်ဖတ်လေးတွေ အချစ်ဦးကို ပေးလို့ ရသလား ယံ"
"ငါ မပြောတတ်ဘူး၊ ဒါပေမယ့် ငါသာဆို လက်ခံမိမယ် ထင်တယ်"
"ဒါဆို ဒီပွင့်ဖတ်လေးတွေ ယံ့ကို ပေးချင်တယ်"
"ဟင် . ."
ဝေယံ နေသူရိန်မင်းခန့်ကို မော့ကြည့်လိုက်မိ၏။ နေမင်းကြီးက ပန်းနုရောင် သန်းနေသည့် ဆာကူရာ ပွင့်ဖတ်လေးများကို လက်ခုပ်ထဲ စုကိုင်လျက် သူ့အား ငုံ့ကြည့်နေသည်။ နေသူရိန်မင်းခန့် မျက်နှာမှာ အပြုံးကို နည်းနည်းမှ မတွေ့ရ။
"ယူလေ ယံ"
သူက ပွင့်ဖတ်လေးများကို လှမ်းပေးသည်။
ဟင့်အင်း
ခပ်ဝါးဝါး ပြောလျက် ဝေယံ နောက်ဆုတ်မိသည်။
တကယ်တမ်း အသံတွေ ပျောက်ရှနေခဲ့သည်။
တုန်ရီနေသော ရင်ကို လက်ဖဝါးဖြင့် ခပ်ဖွဖွ ဖိထားရင်း တည်ငြိမ်အောင် ဝေယံ ကြိုးစားနေရသည်။
"ထိုင်ချင်လား"
နေသူရိန်မင်းခန့်၏ ခပ်တိုးတိုး မေးခွန်း အဆုံး သူ ခေါင်းညိတ်လိုက်မိသည်။
သူတို့ နှစ်ယောက် ဆာကူရာ အပင် အကြီးကြီး အောက်မှာ တိတ်ဆိတ်စွာ ထိုင်ရင်း စကား မပြောဘဲ အကြာကြီး ငြိမ်သက်နေကြသည်။ နေသူရိန်မင်းခန့်က ဝေယံ အနားမှာ ကပ်ထိုင်သည်။ နေသူရိန်မင်းခန့် ကိုယ်ငွေ့၏ နွေးထွေးမှုကို ဝေယံ ခံစားရသည်။
အဖြေက သူ့ဆီမှာ ရှိတယ် Yang Yang၊ မင်း မသိသေးတဲ့ လျှို့ဝှက်ချက် တစ်ခု အဖြစ်နဲ့ပေါ့
မာယာ၏ စကားကို တိုးညင်းစွာ ကြားယောင်မိတော့ ဝေယံ နှုတ်ခမ်းတွေ နွေးပူသွားသည်။ လျှို့ဝှက်ချက် ရှိနေသည့် သူ။ အခု သူ့ကို မေးသင့်ပြီလား။ အချိန်တန်လောက်ပါပြီနော်။
"သူရိန်၊ မင်းမှာ ငါ မသိတဲ့ လျှို့ဝှက်ချက် ရှိနေတယ်"
ဝေယံ မတ်တတ်ရပ်ပြီး ဆာကူရာ၏ ပင်စည်ကို လက်ဖြင့် ထောက်ကာ ပန်းနုရောင် ပန်းကလေးများကို မော့ကြည့်လိုက်သည်။ မေးခွန်း တစ်ခု ဆိုပေမယ့် စွပ်စွဲချက် တစ်ခုလို ဖြစ်နေမှန်း သူ သိသည်။
"ငါ့ကို ပြောပါ၊ မင်းရဲ့ လျှို့ဝှက်ချက်က ဘာလဲ"
နေသူရိန်မင်းခန့်က ထိုင်နေတုန်း။
"ကျွန်တော်မှာ အဲ့ဒီလို မရှိပါဘူး"
"ဟင့်အင်း၊ မင်းမှာ ရှိပါတယ်"
ဒီတစ်ခါတော့ သူ ထလာသည်။
နောက်တော့ ခပ်တိုးတိုး ရယ်၏။
"သူရိန် . . ငါ့ကို ပြောပါ"
သူ ဘာမှမပြော။ ဝေယံ အလျှော့ မပေးနိုင်သေး။
နေသူရိန်မင်းခန့် လက်ကောက်ဝတ်ကို သူ ကိုင်ဆွဲလိုက်သည်။
"မင်းမှာ ဖုံးကွယ်မှုတွေ . . လျှို့ဝှက်ချက်တွေ ရှိနေတာပဲ၊ ဘာအကြောင်းတွေလဲ၊ ငါ့ကို မပြောပြချင်ဘူးလား"
နေသူရိန်မင်းခန့် သက်ပြင်း တစ်ချက် ချသည်။
မြက်ခင်းပြင်ကို ငုံ့ကြည့်သည်။
"ကျွန်တော့် လျှိုဝှက်ချက်က . ."
နေသူရိန်မင်းခန့် ခဏ ရပ်သွားသည်။
ဝေယံ စိတ်လှုပ်ရှားလာသည်။ အဖြေကို သူ သိချင်လှပြီ။
"ယံ မသိသင့်ဘူး"
ဝေယံ မျက်နှာက တဖြည်းဖြည်း ညှိုးလာ၏။
ဒီအချိန်တွင် သိချင် စိတ်များက ဆူပွက်နေသော မီးတောင်ရှင် တစ်ခုလို ပြင်းပြနေသည်။ ဖုံးကွယ်ထားသော အရာအား သူ သေချာပေါက် သိမှ ဖြစ်မည်။ အဖြေကို သိမှသာ မရှင်းလင်းသေးသည့် ပုစ္ဆာ၏ အဖြေကို သူ ရနိုင်မည်။
"ဒါပေမယ့် ငါ သိရမှ . ."
"ကျွန်တော် ယံ့ကို မြင်မြင်ချင်း ချစ်ခဲ့မိတယ်၊ ဒါ . . ကျွန်တော့်ရဲ့ လျှို့ဝှက်ချက်ပဲ"
ဝေယံ နေသူရိန်မင်းခန့်ကို အံ့သြ တုန်လှုပ်စွာ ငေးကြည့်နေမိတော့သည်။
ချစ်သည်။
မြင်မြင်ချင်း ချစ်ခဲ့မိသည်။
မဟုတ်တာ
ဝေယံ နှုတ်ခမ်းတွေ လှုပ်လို့ မရ။ ထုံနေသည်။ ထိတ်လန့်စွာ ရှိုက်ထုတ်မိသည့် ထွက်သက်က မသဲမကွဲ တိုးညင်းစွာ ထွက်ပေါ်လာသည်။ ဝေယံ၏ ခြေထောက်တွေ ခွေညွှတ်ကျတော့မည်။
ချစ်တယ်နော် မတ်လေး
လွန်ခဲ့သော နှစ်များစွာက မာယာ ပြောခဲ့သည့် စကားသံဟာ နားထဲ တိုးဝင်လာသည်။ နေသူရိန်မင်းခန့် ပြောလိုက်သော စကားနှင့် ဆင်တူ၊ မာယာ ပြောခဲ့သည့် စကား။ ဒီနှစ်ခွန်းကို ပေါင်းစပ်လိုက်ပါက ဖြစ်နိုင်ခြေဟာ . . ။
မဟုတ်ဘူး
အတွေး အဆုံး ပူနွေး စွတ်စိုသော မျက်ရည် တစ်စက်ဟာ ဝဲရာ မျက်လုံးအိမ်မှ ဖြည်းညင်းစွာ လိမ့်ဆင်းလာတော့သည်။
~•~ S U N ~•~
23 / January / 2020
6 : 43 PM