ညနေခင်း၏ ကောင်းကင်က လိမ္မော်ရောင် တောက်နေ၏။
အမြင့်ပေ သုံးသောင်း တစ်ထောင်နှင့် သုံးသောင်း ရှစ်ထောင် ကြားမှာ လွင့်မျောနေသည့် တိမ်မျှင် ပါးပါးကလေးများကို မြင်ရသည်။ လိမ္မော်ရောင် နေလုံးကြီးကိုတော့ မတွေ့ရ။ သို့ပေမယ့် ဟိုး ခပ်ဝေးဝေးမှာ ရှိလိမ့်မည်။ နေရောင်၏ အငွေ့အသက်ကို ခံစားရတာကြောင့် ဖြစ်သည်။
"စိတ်လှုပ်ရှားနေလား"
နေသူရိန်မင်းခန့် ဘေးမှာ ထိုင်နေသည့် ဝေယံ၏ လက်ဖဝါးလေးကို ဆုပ်ကိုင်ရင်း စိုးရိပ်စွာ မေးလာသည်။
"အဆင်ပြေပါတယ်၊ ငါ အမြင့် မကြောက်ပါဘူး"
"ခရီးက ကြာဦးမှာ၊ အိပ်မလား"
"ဟင့်အင်း"
ဝေယံ လေယာဉ်၏ ပြတင်းမှန်အား ပိတ်ထားသော အကာကို တင်လိုက်သည်။ အမြင့်ပေ သုံးသောင်းမှာ ရှိနေသော ဝေဟင်၏ မြင်ကွင်းများကို သူ ဆက်ကြည့်ချင်သေးသည်။
ယခု သူတို့ စီးလာသည့် လေယာဉ်က ဂျပန် လေကြောင်း Air Japan ဖြစ်သည်။ ပျံသန်းချိန် နှစ် နာရီကျော် အကြာ ခရီး တစ်ဝက်တောင် မကျိုးသေး။ မန္တလေးမှ တိုကျိုအထိ သွားရမည့် ခရီးက ရှည်လွန်းသည်။ လေးထောင့် ငါးရာ ကီလိုမီတာလောက်လား။ မသေချာပေမယ့် ကိုး နာရီ တစ်ဆယ့်သုံး မိနစ်ခန့် ကြာလိမ့်မည် ဟု လေယာဉ်မယ်က ကြေညာသွားခဲ့သည်။
တော်တော်လေး ကြာဦးမည့် ခရီးစဉ် ဖြစ်သည်။
တကယ်တမ်း နေသူရိန်မင်းခန့်နှင့် အတူ ဂျပန် နိုင်ငံကို လိုက်သွားဖို့ ဝေယံ့မှာ အစီအစဉ် မရှိ။ မရည်ရွယ်ဘဲ မေးမိသော နေသူရိန်မင်းခန့်၏ " ဂျပန်ကို လိုက်မလား " ဆိုသည့် စကား တစ်ခွန်းကြောင့် ယခုလို ပါလာခဲ့ခြင်း ဖြစ်သည်။ စဉ်းစားကြည့်ပါက အိမ် အပြင်တောင် ထွက်ဖို့ မကြိုက်သော သူ့လို လူအတွက် ဒီလို ဝေးလွန်းလှသော ပြည်ပ ခရီးစဉ်ကို လိုက်ခဲ့မိတာက ထူးထူးဆန်းဆန်း ဖြစ်ရပ် တစ်ခု ဖြစ်သည်။ ဒီလိုလည်း မဟုတ်။ မဖြစ်သေး။
တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီး ပြီးဆုံးသွား၍ အိမ်မှာ အားနေမှာ စိုးတာကြောင့် ယခုလို လိုက်ခဲ့မိခြင်း ဖြစ်မည်။ သို့မဟုတ် ပြည်ပ အတွေ့အကြုံ ရချင်တာများလား။ ထိုင်ခုံ ကူရှင်ကို မှီကာ လေယာဉ် ပြတင်းငယ်မှ မြင်ရသော တိမ်မီးခိုးမျှင်များကို ဝေယံ ကြည့်နေရင်းမှ အတွေး များနေ၏။
သေချာတာက . . .
နေသူရိန်မင်းခန့်ကို မခွဲနိုင်လို့
လိုက်ခဲ့မိတာ မဟုတ်ပါဘူးနော်။
အဲ့ဒီလိုမလား . . . ။
နာရီ ချီအောင် ပျံသန်းလာပြီးနောက် လေယာဉ်က အောက်သို့ နိမ့်ခနဲ စိုက်စင်းသွားသည်။ လေယာဉ် ဆင်းတော့မည် ထင်ပါသည်။
"ကျွန်မတို့ လေယာဉ်ဟာ မကြာမီ အချိန်အတွင်း တိုကျို Haneda လေဆိပ်ကို ဆင်းသက်ပါတော့မယ်ရှင်"
လေယာဉ်မယ်က ဂျပန်ဘာသာဖြင့် ကြေညာ၏။
ဝေယံ အိပ်ငိုက်နေရာမှ ကိုယ်ကို မတ်ရင်း ပြတင်းငယ်ကို ကြည့်လိုက်မိသည်။ မသဲကွဲသော အရုဏ်ဦးမှာ တဖြည်းဖြည်း နီးလာသော တိုကျိုမြို့ မြင်ကွင်းကို မြင်လိုက်ရသည်။ ထိုးထွက်နေသည့် မိုးမျှော်တိုက်ကြီးတွေ၊ အိမ်နိမ့်နိမ့်လေးတွေနှင့် မြစ်ပြင်ကျယ်က ဝိုးတဝါး ဖြစ်နေသည်။
လက်မှာ ပတ်ထားသည့် နာရီကို ငုံ့ကြည့်မိသည်။ မနက် တစ် နာရီကို ပြနေ၏။ ဂျပန်နှင့် မြန်မာ၏ အချိန် ကွာဟမှုက နှစ် နာရီနှင့် မိနစ် သုံးဆယ် ဖြစ်သည်။ ဒါဖြင့် ဒီအချိန်လောက်ဆို ဂျပန်မှာ . . ။
လေယာဉ်က အောက်သို့ ရိပ်ခနဲ ပိုမို ထိုးဆင်းသွားသည်။
တဖြည်းဖြည်း နိမ့်ဆင်းလာတော့မှ တိုကျိုမြို့ကို ဝေယံ သဲကွဲစွာ မြင်ရတော့သည်။ အဆောက်အဦးများ၏ မီးရောင်များက လင်းထိန်နေလိုက်တာ။ မြင်မြင်သမျှ မြင်ကွင်း တစ်ခုလုံး တောက်တောက်ပပ ရှိနေ၏။ တိုကျိုဟာ နောက်ခံ မိုးပြာရောင် ကောင်းကင်နှင့် တွဲလျက် ပနံသင့်နေသည်။
လေယာဉ်ဘီးနှင့် မြေပြင်ကို ထိလိုက်သော လှုပ်ရှားမှုက ညင်ညင်သာသာလေး။ ကွင်းထက်သို့ ဆိုက်ခဲ့ပြီ။ ဂျပန် နိုင်ငံ တိုကျိုမြို့ကို သူတို့ ရောက်ပြီ ဖြစ်သည်။
လေဆိပ် ဧည့်သည် ကြိုဆိုရာ ခန်းမမှာ သူတို့ နှစ်ဦးအား စောင့်နေသည့် လူ တစ်ယောက် ရှိနေမည်ကို နေသူရိန်မင်းခန့်နှင့် ဝေယံတို့ နှစ်ယောက် သိပြီးသား ဖြစ်သည်။ လာကြိုမည့် သူက တခြား မဟုတ်။ နေသူရိန်မင်းခန့်၏ အစ်မဖြစ်သူ မာယာဆူးပဲ ဖြစ်သည်။
များပြားလှသော လူအုပ်ကြီးက ဆိုက်ရောက်ရာ ခန်းမမှာ ပြည့်ကျပ်နေသည်။ လူ ကွဲမည် စိုးတာမို့ နေသူရိန်မင်းခန့် ဝေယံ့ လက်ကို ကျစ်နေအောင် ဆုပ်ကိုင်ရင်း လူတွေကြားထဲ မာယာကို ရှာဖွေနေသည်။
ခဏအကြာ သူတို့ နှစ်ဦးဆီ လူ တစ်ယောက် ချဉ်းကပ်လာသည်။ နေသူရိန်မင်းခန့် ထင်ထားသလို မာယာ မဟုတ်။ ကလေးလေး တစ်ယောက် ဖြစ်နေသည်။
"အိုဂျိစံ . . ၊ အိုဂျိစံ"
ကလေးငယ်က နေသူရိန်မင်းခန့် ဘောင်းဘီစကို ဖက်တွယ်လာသည်။
ဝေယံ အံ့သြသွား၏။ ထိုကလေးငယ်က နေသူရိန်မင်းခန့်ကို ဦးလေး လို့ ခေါ်လိုက်တာကြောင့် ဖြစ်သည်။ နေသူရိန်မင်းခန့်မှာ တူလေး တစ်ယောက် ရှိနေပြီကို ဝေယံ သိပေမယ့် တစ်ခါမှ မမြင်ဖူးခဲ့။ အီးမေးလ်မှ တစ်ဆင့် မာယာနှင့် အဆက်အသွယ် ရှိခဲ့ပေမယ့် ' ငယ်လေး ' ၏ ဓာတ်ပုံကို တောင်းမကြည့်ခဲ့မိ။ ယခုမှ လူကိုယ်တိုင် မြင်ဖူးခြင်း ဖြစ်သည်။
ကလေးလေးသည် မိခင်ဖြစ်သူ မာယာနှင့် တော်တော်လေး ဆင်သည်။ အသားအရေက နုညက် ဖြူဖွေးရုံမက ပန်းသွေးရောင်ပင် ထနေ၏။ သို့သော် မျက်လုံးကလေး၊ မျက်ခုံးလေးများနှင့် နှာတံက နေသူရိန်မင်းခန့်နှင့် တော်တော်လေး တူသည်။ ဒီလောက်အထိ ဆင်တူနေပုံက နေသူရိန်မင်းခန့် ပေါက်စလေးလို ဖြစ်နေသည်။ ငယ်ငယ်က ခြံထဲမှာ ဝေယံ စတွေ့ခဲ့ဖူးသော နေမင်းလေးမှ နေမင်းလေးပါပဲ။
"မင်းရဲ့ အိုကားစံ ဘယ်မှာလဲ Oi"
နေသူရိန်မင်းခန့်က ဖက်တွယ်ထားသော တူလေးကို ဂျပန်လို ငုံ့ကာ မေးသည်။
"Aka ရေ၊ ဒီမှာ . ."
လှမ်းကြည့်လိုက်သည့်အခါ မာယာက ခပ်ဝေးဝေးမှာ ရှိနေသည်။ ထိုနေရာသို့ ရောက်ရန် တော်တော်လေး လမ်းလျှောက်ရမည် ထင်သည်။ ကြားထဲမှာ လူအုပ်ကြီး ခံနေတာကြောင့် ဖြစ်သည်။
ငယ်လေး ဒီလူအုပ်ကြီးကို ဘယ်လိုများ ဖြတ်ကျော်လာပါလိမ့်။
"Ma Ma ဆီ သွားမယ် . . အိုဂျိစံ"
"ဟေး . . မြန်မြန် လာကြ၊ ငါ စောင့်နေတာ ကြာပြီ"
"အေး၊ လာပြီ"
နေသူရိန်မင်းခန့် စကား အဆုံး ဝေယံ ငယ်လေးကို လျင်မြန်စွာ ပွေ့ချီလိုက်သည်။ ကိုယ်လုံးလေးက ပေါ့ပါး သေးကွေး၏။ ဝေယံ့ ရင်ခွင်ထဲမှာ တစ်ကိုယ်လုံး နစ်မြှုပ်နေသည်။
မာယာဆီ ရောက်ဖို့ လူတွေကြားထဲ သွားနေစဉ်မှာ မျက်တောင် ကော့ကော့၊ မျက်လုံး နက်နက်လေးများက တစ်ချက် တစ်ချက် မော့ကြည့်သည်။ ဝေယံ ပြန်ငုံ့ ကြည့်သည့်အခါ ပါးလှပ်ပြီး ကော့နေသော နှုတ်ခမ်း ရဲရဲလေးဖြင့် ပြုံးပြလာသည်။
"အိုဟားယိုး"
ဝေယံ ဂျပန်လို နှုတ်ဆက်တော့ သူ မျက်လုံး လှန်ကြည့်သည်။
"အိုဟားယိုး ဂိုးဇိုင်းမတ်စ်"
"သား နာမည် ဘယ်လိုခေါ်လဲ"
"Yuu Otosaka"
ဝေယံ ပြုံးလိုက်မိသည်။
"ဒါဆို Yuu လေးပေါ့"
"ဟိုက်"
"Yuu က အသက် ဘယ်လောက် ရှိပြီလဲ"
ဝေယံ အမေးကို ကလေးက တော်တော် ကြာအောင် စဉ်းစားနေသည်။ ပြီးမှ လက်သုံးချောင်း ထောင်ပြသည်။
"သုံးနှစ်ပေါ့"
"အီးအဲ့၊ သားက သုံးနှစ် ခွဲ"
"စိုးဒက်(စ်)က"
လူတွေ များတာမို့ ဝေယံ သတိထားပြီး စကားပြောရသည်။ နေသူရိန်မင်းခန့်က သူတို့ နှစ်ယောက်အား သဘောကျစွာ ပြုံးကြည့်ရင်း ဘေးမှ လိုက်ပါလာသည်။
တော်တော်လေး လျှောက်လာပြီး ထောင့်ချိုးကို ကွေ့လိုက်သည့်အခါ လူ တစ်ဦးနှင့် အတူ ရပ်စောင့်နေသော မာယာဆူးကို တွေ့လိုက်ရသည်။ ဘေးက လူသည် Escort ဖြစ်ပုံရသည်။ သို့ပေမယ့် ဇာတ်လမ်းထဲကလို ဝတ်စုံပြည့်တော့ ဝတ်ဆင်မထား။
"ဟေး . . Yang Yang မတွေ့တာ ကြာပြီနော်၊ မင်းက ပိုပြီး ချစ်ဖို့ကောင်းလာတာပဲ"
"ဟိုက် . . ၊ အရိငတိုး ဂိုဇအိမ(စ်)"
"စုခိဒဲ့စုလို့ မပြောတော့ဘူးလား"
"အဲ . ."
ဝေယံ မျက်နှာက အနည်းငယ် နီမြန်းသွား၏။ ငယ်ငယ်က အဓိပ္ပါယ် မသိဘဲ ပြောခဲ့မိသော စကားကို မာယာက အခုထိ မှတ်မိနေဆဲ ဖြစ်သည်။
"မရှက်ပါနဲ့ . . ၊ မမက နောက်တာပါ၊ အခုတော့ စုခိဒဲ့စု အကြောင်း မင်း သိသွားပြီမလား၊ မြန်မာလိုဆို ဘယ်လို ခေါ်ပါလိမ့်၊ အမ် . . Aka ဘယ်လိုခေါ်လဲ"
မာယာက နေသူရိန်မင်းခန့်ကို မျက်စပစ်ကာ လှမ်းမေးသည်။
"ချစ်တယ်"
"ဟုတ်တယ် . . ၊ သူ ပြောတဲ့ အတိုင်းပဲ၊ အခုရော Aka ကို စုခိဒဲ့စုလို့ ပြောသေးလား Yang Yang"
ဝေယံ မျက်နှာထားရ ခက်လာသည်။ ရှက်ဖို့ ကောင်းလိုက်တာ။ ဒီခဏလေးမှာ ရှောင်ဖယ်ဖို့ နေရာများ ရှိပါက ပြေးကာ ပုန်းလိုက်ချင်သည်။
"မာယာ . ."
"နနိ . ."
နေသူရိန်မင်းခန့် အော်တော့ မာယာက ဂျပန်လို ဘာလဲ ဟု ပြန်ပြောသည်။
"ကလေး အမေတောင် ဖြစ်နေပြီ၊ အခုထိ တည်တည်တံ့တံ့ မနေနိုင်သေးဘူးလား"
"အလိုတော် . . Yang Yang နဲ့မလို့ပါဟ၊ သံရုံးမှာဆို ငါက ဘယ်လောက်တောင် အာဏာ ရှိလိုက်လဲ"
"စိတ်မဝင်စားဘူး၊ ဘယ်မှာလဲ ကျိုတိုကို သွားမယ့် ကားက . ."
Escort က ခရီးဆောင် အိတ်များကို အလိုက်တသိ ဆွဲယူလိုက်သဖြင့် မာယာ ကျေးဇူးတင်သွားသည်။ သို့ပေမယ့် သူမ မျက်နှာက နေသူရိန်မင်းခန့်ကို မကျေနပ်တာမို့ အနည်းငယ် မဲ့ရွဲ့နေသေးသည်။
ဝေယံ သူ့ရှေ့မှ ခြေလှမ်းသွက်သွက်ဖြင့် လျှောက်သွားသည့် Escort နောက်ကို အပြေးလိုက်သွားသည်။ ခြေလှမ်း ကျဲလွန်းတာမို့ မောင်နှမ နှစ်ယောက်နှင့် အတန်ငယ် ဝေးသွားသည်။
တကယ်ကြီး စိတ်မောခဲ့ရသည်။
အခုမှ နေရ သက်သာသွားတော့၏။
"နီနီ . . နီနီ"
' ယု ' က ရင်ခွင်ထဲ နေရင်းမှ နီမြန်းနေဆဲ ဖြစ်သော ဝေယံ၏ ပါးပြင်ကို စိုက်ကြည့်နေသည်။ နောက်တော့ တွန့်လူးကာ ဘယ်ဘက် ပါးပြင်ကို လက်ညှိုးလေးနှင့် မမီတမီ တို့ထိလာသည်။
"အိချိဂေါ့လေး၊ သား စားချင်တယ်"
ယု မျက်လုံးထဲ စတော်ဘယ်ရီသီးလေး တစ်လုံး ဟု ထင်နေပုံ ရသည်။
"ဦးဦး ရေခဲမုန့် ကြိုက်လား"
"သိပ် မစားဖြစ်ဘူး၊ Yuu လေးကရော"
"သား အကြိုက်ဆုံး အရောင်တောင် ရေခဲမုန့်ပဲ"
ယုက ဝေယံ ပခုံးကို သိုင်းဖက်လာကာ နောက်မှာ ကျန်ခဲ့သော နေသူရိန်မင်းခန့်နှင့် မာယာကို လှမ်းကြည့်သည်။ ဝေယံ့ကို တစ်ခုခု ပြောချင်ပုံ ရသည်။ ကလေး၏ မျက်နှာထားလေးက တောက်ပနေ၏။
"ဦးဦးကို လျှို့ဝှက်ချက် တစ်ခု ပြောပြမယ်"
ဝေယံ စိတ်ဝင်စားသွားသည်။ ယုလေးက သူ့ကို တစ်ထိုင်တည်း ခင်မင် ရင်းနှီးသွားပြီ ထင်ပါသည်။ ဘယ်လို လျှို့ဝှက်ချက်တွေကိုများ ပြောပြမလို့ပါလိမ့်။
"အိုဂျိစံက သား Ma Ma နဲ့ မောင်နှမတွေတဲ့၊ ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးနော်"
ဝေယံ ကြည်နူးစွာ ပြုံးမိသွားသည်။
ယုလေးက သူ ထင်ထားတာထက် ပို၍ ချစ်စရာ ကောင်းနေသည်။ အရိုးခံ ဖြူဖြူစင်စင်လေး။ သူ ချစ်တတ်သည့် ကလေးလေး ပုံစံမျိုး ဖြစ်သည်။
"ကြည့်စမ်းပါဦး၊ ဒီလိုကျတော့လဲ . . Yang Yang က Yuu ဖေဖေနဲ့ တူတယ်နော်"
လေဆိပ် အဆောက်အဦး အပြင်သို့ နေသူရိန်မင်းခန့်တို့ ရောက်လာကြသည်။
ကားရပ်နားကွင်းက လေဆိပ်ရှေ့ လမ်းမ တစ်ဖက်မှာ ရှိသည်။ ထိုနေရာမှာ ဝေယံတို့ ရောက်နေပြီကို မြင်ရသည်။ မာယာက ယုနှင့် ပြုံးပြုံးရွှင်ရွှင် ဆော့ကစားနေသည့် ဝေယံ့ကို အကဲခတ်ပြီး ပြောလိုက်ခြင်း ဖြစ်သည်။ နေသူရိန်မင်းခန့် မကျေမနပ် ဖြစ်သွား၏။
"ဘာပြောတယ်၊ နောက်တစ်ခေါက် ပြန်ပြောလိုက်စမ်း"
"နင်ကလဲ . . စကားအဖြစ် ပြောတာပါဟယ်၊ ငါ့ကို အဲ့ဒီလို မျက်လုံးကြီးနဲ့ မကြည့်စမ်းပါနဲ့"
မာယာကို စိုက်ကြည့်နေသော နေသူရိန်မင်းခန့် မျက်လုံးများက သားကောင်ကို အမဲ ဖျက်တော့မည့် ကျားသစ် တစ်ကောင်၏ မျက်လုံးများနှင့် ဆင်ဆင်တူသည်။ ကျောချမ်းစရာ အခိုးအငွေ့များက လေထဲမှာ တလူလူ ထွက်နေသေး၏။
"စကားအဖြစ်လည်း မပြောနဲ့၊ သူက ငါ့လူ"
မာယာ အသံ ထွက်အောင် ရယ်သည်။
သူမ မောင်၏ ပိုင်စိုးပိုင်နင်း အပြောကို သဘောကျနေသည်။
"ပြောပါဦး၊ နင်တို့ နှစ်ယောက်ရဲ့ အခြေအနေလေး . . "
"Just Friend ပဲ"
"ဟာ . ."
မာယာ၏ အားမလို အားမရ အသံ။
"ငါ့မောင်ရာ ညံ့လိုက်တာ၊ ငါသာ နင့်နေရာမှာဆို ဒီလို ချစ်စရာ ကောင်လေးကို ဆွဲစိပစ်တာ ကြာပြီ"
နေသူရိန်မင်းခန့်၏ ခပ်စိမ်းစိမ်း အကြည့်က မာယာထံ ပြန်ရောက်လာ၏။
"အေး . . အေး မပြောတော့ဘူး၊ ငါ မှားတာ၊ ငါ့အမှား ဟုတ်ပြီလား"
ကားရပ်နားကွင်းကို နေသူရိန်မင်းခန့်တို့ ရောက်လာသည့်အခါ ယုက ဝေယံနှင့် ဆော့နေရာမှ မာယာဆီ ပြေးကပ်လာသည်။ ငယ်လွန်းသည့် အရွယ်မို့ အမေမှ အမေ ဖြစ်နေသည်။
"သတိနဲ့ သွားနော်၊ အစိုးရ ရုံးပိတ်ရက် ရောက်ရင် ကျိုတို စံအိမ်ကို ငါ အလည်လာခဲ့မယ်၊ နောက်ပြီး . . အိုဘားစံကို မာယာက သတိရနေတယ်လို့ ပြောပေးပါဦး Aka"
နေသူရိန်မင်းခန့်က မာယာ အပြောကို လက်ညှိုးနှင့် လက်မ သုံးကာ အိုကေ ပုံစံ လုပ်ပြရင်း ကား ရှေ့မှ ပတ်လျှောက်လာသည်။ Escort က နေသူရိန်မင်းခန့်ကို ရှေ့ခန်း ကားမောင်းသူ ဘေးထိုင်ခုံမှာ ထိုင်ဖို့ ကားတံခါး ဖွင့်ပေးသည်။ ဝေယံက နောက်ခန်းမှာ ရှိနေ၏။ နေသူရိန်မင်းခန့် ဖွင့်ပေးထားသော ကားတံခါးကို ပိတ်ပစ်သည်။ နောက်ခန်းမှာ ထိုင်ဖို့ လုပ်၏။
ရုတ်တရက် ကိစ္စ တစ်ခုကို သူ သတိရသွားသည်။
"မာယာ . . ယောက်ဖကို တွေ့ရင် ကျောင်းကိစ္စအတွက် ဖြည်းဖြည်း လုပ်ဖို့ ပြောပေးဦး"
"ဂျပန်တောင် ရောက်နေပြီ၊ အခုထိ ဆုံးဖြတ်ချက် မချရသေးဘူးလား၊ နင် ခိုင်းတာ ငါ တတ်နိုင်မယ် မထင်ဘူး"
"သြော် . . ဒီလိုကြေးလား"
"Yuu လေး ဖေဖေက ကျိုတို တက္ကသိုလ် ကျောင်းအုပ်နဲ့ အသိမလို့ နင့်ကျောင်းကိစ္စတွေအတွက် အိုတိုးစံက သီးသန့် အကူအညီ တောင်းထားခဲ့တာ၊ ဒါကို နင် အသိဆုံးပါ"
"အဲ့ဒီတော့ . ."
"Aka ရာ မပိန်းစမ်းပါနဲ့၊ သူက နင့်စကားကို နားထောင်မလား၊ အိုတိုးစံ စကားကို နားထောင်မလား၊ နင် စဉ်းစားကြည့်လေ"
"အစ်မ စကားကိုတော့ နားထောင်လိမ့်မယ်"
မာယာ နေသူရိန်မင်းခန့်ကို အံ့သြစွာ အငေးသား ကြည့်မိသည်။ သူမ မောင်က တကယ်ကို လူလည်လေး ဖြစ်သည်။
"ငါ သွားပြီ၊ ကားကို ဂရုစိုက် မောင်း . . မာယာ"
" Aka . . ရောက်ရင် ဖုန်းဆက်နော် "
"အင်း"
"စယေားနာရ အိုဂျိစံ"
ယုက မာယာ လက်ကို တွဲထားရာမှ နေသူရိန်မင်းခန့်ကို နှုတ်ဆက်သည်။
"Good Bye . . Oi"
နေသူရိန်မင်းခန့် ကားပေါ် တက်လာတော့ ဝေယံက ခေါင်း တစ်ခြမ်းကို ကားမှန်ပေါ် မှီကာ မျက်လုံး မှိတ်ထားသည်။ အိပ်ပျော်နေပုံ ရသည်။ အပြစ် ကင်းလွန်းသော မျက်နှာလေးမှာ ခရီးပန်းမှုတွေ ထင်ဟပ်နေ၏။ နေသူရိန်မင်းခန့် ပြုံးကာ ကားမှန်ကို မှီထားသော ဝေယံ၏ ခေါင်းလေးကို သူ့ပခုံးပေါ် ခပ်ဖွဖွ တင်လိုက်သည်။
"ကျိုတို ရောက်ဖို့ ဘယ်လောက် ကြာမလဲ"
"ကီလိုမီတာ လေးရာ့ ငါးဆယ် ကျော်ဆိုတော့ ငါး နာရီ ငါးဆယ့် နှစ် မိနစ်လောက် ကြာဦးမယ် အကိုလေး"
Escort က ခပ်အေးအေး ပြောပြသည်။
ထို့နောက် ကားကို အာရုံစိုက်ပြီး မောင်းနေသည်။
နေသူရိန်မင်းခန့်က ကျိုတို တက္ကသိုလ်မှာ ပညာသင်ရမှာ ဖြစ်တာမို့ ကျိုတို စံအိမ်ကို သွားနေခြင်း ဖြစ်သည်။ ကျိုတို စံအိမ်မှာ အဘွားဖြစ်သူ မီချီကို ရှိသည်။ ယခင်က သူမဟာ တိုကျိုမြို့တွင် မြေးမလေး မာယာဆူးနှင့် အတူ နေထိုင်ခဲ့သည်။ မာယာ အိမ်ထောင်ကျပြီး နောက်ပိုင်းမှ မွေးရပ်မြေ ကျိုတို အိမ်ကို ပြန်လာခဲ့ခြင်း ဖြစ်သည်။
ပြောရပါက ကျိုတိုမြို့က နေသူရိန်မင်းခန့်၏ မွေးရပ်မြေလည်း ဖြစ်၏။ သူ ငယ်ငယ်က တိုကျိုနှင့် ကျိုတိုကို ကျည်ဆန် ရထားနှင့် အသွားအပြန် လုပ်ဖူးသည်။ ဒီလောက်အထိ မကြာမြင့်ခဲ့။
"ကျည်ဆန် ရထားနဲ့ဆို သိပ် မကြာဘူး ထင်တယ်"
"ဟုတ်တယ် အကိုလေး၊ နှစ် နာရီ လေးဆယ့် ရှစ် မိနစ်လောက်ပဲ"
နေသူရိန်မင်းခန့် ဝေယံ၏ နဖူးပြင်ကို ငုံ့နမ်းလိုက်သည်။
ဝေယံ့ဆီက ရသော ကိုယ်သင်းနံ့က သင်းသင်းလေး မွှေး၏။
ဖြူစင်ခြင်းနှင့် ပျော်ရွှင်မှုကို ကိုယ်စားပြုသည့် Lily Of The Valley ရနံ့လေး။
တစ်နည်းအားဖြင့် ဆိုရပါက ' မင်းက ကိုယ့်ဘဝကို ပြည့်စုံစေသည် ' ဟု အဓိပ္ပါယ် ရသော ပန်းကလေး၏ မွှေးရနံ့။
ငယ်စဉ်ကတည်းက ဝေယံ၏ ကိုယ်သင်းနံ့နှင့် ရင်းနှီးခဲ့တာမို့ နှစ်တွေ၊ အရွယ်တွေ၊ ကာလတွေ ပြောင်းလဲသွားပေမယ့် ဝေယံ၏ ကိုယ်ရနံ့တို့ကို နေသူရိန်မင်းခန့် မှတ်မိနေဆဲ ဖြစ်သည်။
အိပ်မောကျနေတာမို့ တော်သေးသည်။
မဟုတ်ပါက ကောင်လေး တစ်ယောက် ရှက်သွားဦးမှာ။
ကျိုတို စံအိမ်ကို ရောက်ပါက ခုတင်ပေါ် ပစ်လဲပြီး အားရပါးရ အိပ်ရမည်ဆို ကောင်းသည်။ သို့ပေမယ့် လုပ်စရာ ကိစ္စလေး တစ်ခု ရှိနေ၏။ သူ ပင်ပန်းနေပြီ။ ခဏလောက် အနားယူမှ ဖြစ်တော့မည်။
နေသူရိန်မင်းခန့် မျက်လုံးများ တဖြည်းဖြည်း မှေးစင်းလာသည်။ နောက်တော့ မြင်ကွင်း တစ်ခုလုံး အမှောင် ဖုံးသွားတော့သည်။
~•~ ~•~ ~•~
မျက်လုံး ဖွင့်ဖွင့်ချင်း လူက ခုတင်ပေါ် ရောက်နေသည်။ ဘယ်အချိန်က ကျိုတို ရောက်မှန်း မသိပေမယ့် စားပွဲပေါ် တင်ထားသည့် နာရီလေးက နေ့လယ် တစ် နာရီကို ပြနေသည်။ သူ အကြာကြီး အိပ်ခဲ့မိတာပဲ။
ဝေယံ မွေ့ရာပေါ် ပြန်လှဲချလိုက်မိသည်။ ခုတင်က နှစ်ယောက် အိပ် ခုတင် ဖြစ်သည်။ နို့နှစ်ရောင် ခေါင်းအုံး နှစ်လုံးပေါ်မှာ ပန်းနုရောင် ဆာကူရာ ပန်းပွင့်လေးများ ထိုးထားသည်။ ခြုံစောင်ကလည်း နို့နှစ်ရောင် အခံမှာ ဆာကူရာ ပန်းခိုင် အကြီးကြီးကို ပန်းထိုးထားလျက် ရှိသည်။ သဘောကျလိုက်တာ။
နူးညံ့သော မွေ့ရာပေါ် လဲနေရသည့်အခါ ဝေယံ့ မျက်လုံးတို့က အလိုလို မှေးစင်းလာပြန်သည်။ အခန်းငယ်ထဲ ဝေယံ တစ်ယောက်တည်း ရှိနေသည်။
နေဦး . . ။ နေသူရိန်မင်းခန့်ကရော။ ဘယ်ရောက်နေလဲ။
အိပ်လို့ မဖြစ်သေးဘူး။ သူကရော ခုတင်ပေါ် ဘယ်လို ရောက်လာတာလဲ။
မအိပ်နဲ့ဦး။
ဝေယံ မျက်လုံး ဖွင့်ကြည့်လိုက်သည်။ ဂျပန် ရှေးဟောင်း ကနုတ် ဒီဇိုင်းနှင့် ခေတ်သစ် နည်းပညာ ပေါင်းစပ်ထားသော ပြတင်းတံခါးက တစ်ဖက် ပွင့်နေသည်။ ပြတင်းပေါက်၏ ဟိုဘက်မှာ ပန်းရောင် နှင်းစက်များလို လွင့်ဝဲနေသော ပွင့်ဖတ်များကို မြင်နေရသည်။
သူ ရင်ခုန်သွားသည်။ အဲ့ဒါ ဆာကူရာတွေပဲ။
ထိုအချိန်မှာပဲ တံခါး ခေါက်သံကို ကြားလိုက်ရသည်။ တံခါး ဖွင့်လိုက်သည့်အခါ အသက် ကြီးကြီး အဘွား တစ်ယောက်။ ညိုဝါရောင် ဆံပင်က ဆံနွယ်ဖြူများနှင့် ရောနှောနေသည်။ ပါးလှပ်သော နှုတ်ခမ်းများက ပြုံးလျက် ရှိသည်။ ဖော်ရွေမည့် သူမှန်း သိသာသည်။
"နိုးပြီလား မြေးလေး၊ အိုဘားစံ နာမည်က မီချီကိုပါ၊ Aka ရဲ့ အဘွားပေါ့"
"အာ . . အိုဘားစံ၊ တွေ့ရတာ ဝမ်းသာပါတယ်"
ဂျပန် ယဉ်ကျေးမှုအတိုင်း အဘွားကို ခါးကိုင်းပြီး ဝေယံ နှုတ်ဆက်မိသည်။
"အခန်းက အဆင်ပြေရဲ့လား၊ မြေး လိုတာ ရှိရင် ပြောနော်"
"ဟိုက်၊ အကုန် အဆင်ပြေပါတယ်"
"နေ့လယ်စာက နောက်နာရီဝက်ဆို စားလို့ ရပြီ၊ ဒုတိယ အကြိမ် ပြင်တာ ဆိုတော့ ခဏ စောင့်ပါဦး"
"ရပါတယ် အိုဘားစံ၊ အားနာလိုက်တာ"
ပြောသာ ပြောရသည်။ ဝေယံ ဗိုက်ဆာနေပြီ ဖြစ်သည်။ ဒီအချိန်ဆို မြန်မာမှာ ဆယ့်တစ် ခွဲရောပေါ့။
"ဒါဆို ခွင့်ပြုပါဦး"
"ဟိုက်"
ဝေယံ ရေချိုးမှ ဖြစ်မည် ဟု တွေးသည်။ ရေချိုး ပြီးတော့ နာရီကို ကြည့်လိုက်သည့်အခါ ဂျပန် စံတော်ချိန် နေ့လယ် တစ် နာရီ လေးဆယ့် ငါး မိနစ်။ ယခုအထိ နေသူရိန်မင်းခန့်ကို မတွေ့ရသေး။ သူ ဘယ်တွေ သွားနေတာလဲ။
ဝေယံ အခန်းမှ ထမင်း စားခန်းအထိ လျှောက်လာစဉ်မှာ အိမ် တစ်ခုလုံး တိတ်ဆိတ်နေသည်။ လူသူသံ မကြားရ။ ဘာဆို ဘာသံမှ မကြားရပါ။ လက်ယာဘက်ကို ကွေ့လိုက်သည့်အခါ မီးဖိုခန်းနှင့် တစ်ဆက်တည်း ဖြစ်သော ထမင်းစားခန်းကို တွေ့လိုက်ရသည်။
"မြေး လာလာ၊ နေ့လယ်စာ အဆင်သင့် ဖြစ်ပြီ"
အဘွားက ဝေယံ့ကို ထမင်းစားပွဲမှာ ထိုင်ဖို့ ဖိတ်ခေါ်သည်။
ထမင်းစားခန်းက အကျယ်ကြီး ဖြစ်သည်။ နံရံတွင် ဂျပန် လက်ရာ ပန်းချီကားများကို တွေ့ရသည်။ ဘေးဘက် ကျွန်းသား ဗီရိုထဲတွင် ကြွေထည် ပစ္စည်းများကို သူ့နေရာနှင့်သူ စီရီစွာ နေရာချထား၏။
"အိုဘားစံ . . သူရိန်ရော"
"ဒီမှာ ယံ"
ဝေယံ အနားကို နေသူရိန်မင်းခန့် ရောက်လာသည်။ အဘွား မီချီကိုကတော့ နေ့လယ်စာ စားပြီးသည် ဖြစ်တာမို့ နှုတ်ဆက်ကာ ရှောင်ဖယ်သွားသည်။
"သူရိန် ဘယ်တွေ သွားနေတာလဲ"
တွေ့တွေ့ချင်းပဲ ခပ်လောလော မေးမိသည်။
"ဘယ်မှ မသွားပါဘူး"
နေသူရိန်မင်းခန့် ဟန်ပန်က အပြင် သွားပြီး အခုမှ ပြန်ရောက်လာသော ပုံစံ ဖြစ်သည်။ သူက လက်ထဲမှ ခပ်ကြီးကြီး ထောင့်မှန်စတုဂံ ယွန်းဘူးကို အနီးနားရှိ အစေခံ တစ်ယောက်ထံ ပေးလိုက်သည်။ ဘူးလေးက အနက်ရောင် ဖြစ်ပြီး အပေါ်မှာ ရွှေရောင် ဆာကူရာ ပန်းခိုင်များကို ဆေးရိုက်ထားသည်။
ယွန်းဘူးက သိပ်တော့ မကြီး။ မျက်မှန်းတမ်းမိသလောက် ဂျပန် ရိုးရာ ဝတ်စုံ ကီမိုနို ထည့်ရသော ယွန်းဘူး အရွယ်အစားလောက်။
နေပါဦး။
အဲ့ဒီယွန်းဘူးက . . ။
နေမင်းကြီး ထားခိုင်းလိုက်သော ယွန်းဘူးက ကီမိုနို ဝတ်စုံ ထည့်ရသည့် အဝတ်ဘူးတော့ မဟုတ်လောက်ပါဘူးနော်။
"ထမင်း စားကြမယ် ယံ"
ဂျပန် နိုင်ငံ၏ ပထမဆုံး နေ့လယ်စာတွင် ဟင်းအမယ် သုံးမျိုး ပါသည်။ ကျိုတိုမြို့ တစ်ဝိုက်မှာ နာမည်ကြီးသော အစားအသောက်များ ဖြစ်သည်။ ရိုးရိုးရှင်းရှင်းနှင့် အရောင်စုံကာ စားချင်စဖွယ် ဖြစ်၏။
"ဒါ Unagi လို့ ခေါ်တယ်၊ ရေချို ငါးရှဥ့်နဲ့ လုပ်ထားတာ၊ ယံ စားလို့ရတယ်"
နေသူရိန်မင်းခန့်က ရှင်းပြသည်။
"ဒါက ဂျပန်မှာဆို Tempura လို့ခေါ်တယ်၊ မြန်မာမှာဆို တန်ပူရာကျော်ပေါ့၊ ပုံမှန်ဆိုရင် ပင်လယ်စာတွေပဲ ထည့်ကြော်ထားတာ၊ ဒါပေမယ့် . . ယံနဲ့ မတည့်တော့ အသီးအနှံတွေနဲ့ ပြောင်းပေးထားတယ်"
ဝေယံ စားပွဲပေါ် ရှိနေသော ဟင်းပွဲများထဲမှ နေသူရိန်မင်းခန့် ရှင်းမပြရသေးသည့် ဖြူဥဥ တို့ဖူးတုံးလေးကို စားရန် တူဖြင့် ရွယ်လိုက်သည်။
"ခဏလေး"
နားမလည်စွာ စိုက်ကြည့်လာသည့် ဝေယံ့ကို နေသူရိန်မင်းခန့် နွေးထွေးစွာ ပြုံးပြလိုက်သည်။ ထင်ပေါ်လာသည့် ပါးချိုင့်တွေ အဖိုးတန် ရတနာ တစ်ပါးလို အလွန် လှ၏။
"ထမင်း မစားခင် လုပ်စရာ တစ်ခု ရှိသေးတယ်"
"ဘာလုပ်ရမှာလဲ"
"လက်အုပ် ချီပြီး ကျွန်တော် ပြောသလို လိုက်ပြော ယံ"
ဝေယံ ကိုယ်တွယ်ထားသည့် သစ်သားတူကို ချကာ လက်အုပ် ချီလိုက်သည်။
"Itadakimasu"
"Itadakimasu . ."
ကောင်းကောင်း စားပါ့မယ် ဟု အဓိပ္ပါယ် ရသည်။ ထမင်း မစားခင် ပြုလုပ်လေ့ရှိသော ဂျပန် လူမျိုးများ၏ ယဉ်ကျေးဖွယ် အမူအကျင့် ဖြစ်၏။
အစိမ်းရောင် အရွက်ကလေးများ ဖြူးထားသော တို့ဖူးတုံးလေးကို ဝေယံ နည်းနည်း မြည်းကြည့်သည်။ လျှာဖျားမှာ နူးညံ့ကာ ပျော်ဝင်သွားသည်။ စိမ့်စိမ့်လေးနှင့် အရသာ ရှိသည်။
"ဂျပန် တို့ဖူးလေ၊ Yudofu လို့ ခေါ်တယ်၊ စားလို့ ကောင်းတယ်မလား ယံ"
ဝေယံ တမြုံ့မြုံ့ ဝါးနေရာမှ ခေါင်းညိတ် အဖြေ ပေးမိသည်။
"ထမင်း များများ စား . . ယံ"
Unagi ငါးရှဥ့် တစ်ဖဲ့ကို ဝေယံ၏ ကြွေ ထမင်း ပန်းကန်ထဲ ထည့်ပေးရင်း နေသူရိန်မင်းခန့် ပြောလာသည်။
"အခုတလော ယံ သိပ် မထွားဘူး၊ ပွေ့ချီရတာတောင် အရမ်း ပေါ့လွန်းတယ်"
ထမင်း စားနေတာ တန့်သွား၏။
ပွေ့ချီသည်။ သူ့ကိုလေ။
ဘယ်တုန်းကလဲ။ ဘယ်အချိန်တုန်းကလဲ။
သူ မသိခဲ့ရပါ့လား။
ကားပေါ်မှာ ဝေယံ အိပ်ပျော်သွားသည်။ နိုးလာတော့ ကျိုတို အိမ်က ခုတင်ပေါ် ရောက်နေခဲ့သည်။ ဒါဖြင့် . . . ။
"ဒီမှာ ပင်လယ်စာတွေ အရမ်း များတယ်၊ ဂျပန်စာ အများစုက ပင်လယ်ထဲက သတ္တဝါတွေနဲ့ပဲ ချက်ပြုတ်ထားကြတာ၊ ဒီမှာ နေတဲ့ တစ်ပတ် နှစ်ပတ်အတွင်းတော့ . . အပြင်စာတွေ သတိထား စားစေချင်တယ်၊ စားချင်တာ ရှိရင်လည်း ပြောပေါ့၊ အိမ်မှာ လုပ်ပေးမယ်၊ ဘာမှ အားမနာစရာ မရှိဘူး"
နေသူရိန်မင်းခန့်က စကားကို တရစပ် ပြောနေ၏။ ပင်လယ်စာတွေကြောင့် တစ်ခုခု ဖြစ်မှာ စိုးရိမ်နေမှန်း သိတော့ ဝေယံ အနေရကျပ်သွားသည်။ ထို့နောက် သူက ဝေယံ ထမင်းကို ဟုတ်တိပတ်တိ မစားနိုင်တာ သတိထားမိပုံဖြင့် အသာ ပြုံးကာ စကားလမ်းကြောင်း လွှဲလိုက်သည်။
"မနက်ဖြန် တစ်နေရာကို သွားရင် ကောင်းမလား စဉ်းစားနေတာ"
"ဘယ်ကို သွားမှာလဲ"
နေသူရိန်မင်းခန့် ဝေယံ့ကို ကြည့်ရင်း ပြုံးနေသည်။
"ကမ္ဘာမြေ အဆုံး"
ဝေယံ နှလုံးသားက နွေးခနဲ ဖြစ်သွား၏။
နှုတ်ခမ်းတွေကပါ မသိမသာ ပြုံးနေမိမည် ထင်ပါသည်။
"လိုက်မလား ယံ"
ဂျပန် နိုင်ငံကိုတောင် ရောက်လာခဲ့ပြီပဲ။
နေသူရိန်မင်းခန့်သာ နံဘေးမှာ အတူ ရှိနေမည် ဆိုပါက
ကမ္ဘာပေါ်မှာ ဝေယံ မလိုက်ရဲသည့် နေရာ ဟူ၍ ရှိမည် မထင်။
သူ ခေါင်းညိတ်လိုက်ပါသည်။
~•~ S U N ~•~
9 / January / 2020
7 : 25 PM