SUN { Season 1 }

By AKA_404

1.6M 110K 14.2K

Choose me or Lose me ? I don't want to be your second CHOICE ! Start Date : 4th Feb 2022 End Date : 4th Nov... More

Citation And References Books List
Prologue
Unicode - Prologue
SUN { 1 }
Unicode - 1
SUN { 2 }
Unicode - 2
SUN { 3 }
Unicode - 3
SUN { 4 }
Unicode - 4
SUN { 5 }
Unicode - 5
SUN { 6 }
Unicode - 6
SUN { 7 }
Unicode - 7
SUN { 8 }
Unicode - 8
SUN { 9 }
SUN { 10 }
Unicode - 10
SUN { 11 }
Unicode - 11
SUN { 12 }
Unicode - 12
SUN { 13 }
Unicode - 13
SUN { 14 }
Unicode - 14
SUN { 15 }
Unicode - 15
SUN { 16 }
Unicode - 16
SUN { 17 }
Unicode - 17
SUN { 18 }
Unicode - 18
SUN { 19 }
Unicode - 19
SUN { 20 }
Unicode - 20
SUN { 21 }
Unicode - 21
SUN { 22 }
Unicode - 22
SUN { 23 }
Unicode - 23
SUN { 24 }
Unicode - 24
SUN { 25 }
Unicode - 25
SUN { 26 }
Unicode - 26
SUN { 27 }
Unicode - 27
SUN { 28 }
Unicode - 28
SUN { 29 }
Unicode - 29
SUN { 30 }
Unicode - 30
SUN { 31 }
Unicode - 31
SUN { 32 }
Unicode - 32
SUN { 33 }
Unicode - 33
SUN { 34 }
Unicode - 34
SUN { 35 }
Unicode - 35
SUN { 36 }
Unicode - 36
SUN { 37 }
Unicode - 37
SUN { 38 }
Unicode - 38
SUN { 39 }
Unicode - 39
SUN { 40 }
Unicode - 40
SUN { 41 }
Unicode - 41
SUN { 42 }
Unicode - 42
SUN { 43 }
Unicode - 43
SUN { 44 }
Unicode - 44
SUN { 45 }
Unicode - 45
SUN { 46 }
Unicode - 46
SUN { 47 }
Unicode - 47
SUN { 48 }
Unicode - 48
SUN { 49 }
Unicode - 49
SUN { 50 }
Unicode - 50
SUN { 51 }
Unicode - 51
SUN { 52 }
Unicode - 52
SUN { 53 }
Unicode - 53
SUN { 54 }
Unicode -54
SUN { 55 }
Unicode - 55
SUN { 56 }
Unicode - 56
SUN { 57 }
Unicode - 57
SUN { 58 }
Unicode - 58
SUN { 59 }
Unicode - 59
SUN { 60 }
Unicode - 60
SUN { 61 }
Unicode - 61
SUN { 62 }
Unicode - 62
SUN { 63 }
Unicode - 63
SUN { 64 }
Unicode - 64
SUN { 65 }
Unicode - 65
SUN { 66 }
Unicode - 66
SUN { 67 }
Unicode - 67
SUN { 68 }
Unicode - 68
SUN { 69 }
Unicode - 69
SUN { 70 }
Unicode -70
SUN { 71 }
Unicode - 71
SUN { 72 }
Unicode - 72
SUN { 73 }
Unicode - 73
SUN { 74 }
Unicode - 74
SUN { 75 }
Unicode - 75
SUN { 76 }
Unicode - 76
SUN { 77 }
Unicode - 77
SUN { 78 }
Unicode - 78
SUN { 79 }
Unicode - 79
SUN { 80 }
Unicode - 80
Epilogue
Unicode - Epilogue
Season ( 2 )

Unicode - 9

19.8K 1.8K 155
By AKA_404

ယခုဆို ဝေယံ့အတွက် အဖော် ရအောင် နေသူရိန်မင်းခန့် မွေးနေ့ လက်ဆောင် ပေးခဲ့သော စီစီစံက လပိုင်းအတွင်းမှာ အရွယ် ရောက်ခါစ အထီးလေး ဖြစ်နေပြီ။

Tuxedo ကြောင် တစ်ဖြစ်၊ Felix လို့ ခေါ်သည့် ကြောင် မျိုးနွယ်ဝင်တွေဟာ အလွန် အင်မတန်မှ ကမြင်းကြောထသည် ဆိုတာ နေသူရိန်မင်းခန့် သိထားပေမယ့် စီစီစံက ဒီလောက်အထိ ဆော့လိမ့်မည်လို့ သူ မထင်ထားခဲ့။  

ကြောင်ငယ်လေးက ချီထားပြီး ပွတ်သပ်ပေးသည့် လက်ကို ခုန်ခုန်ပြီး ကိုက်တတ်နေပြီ။ ဆော့ကစားသည့်အခါ မာန် ပါပြီး လက်သည်းတွေတောင် ထွက်လာတတ်သည်။ တစ်ခါက ဝေယံ့ လက်ကို ရှမိတော့မလို ဖြစ်သွားသေးသည်။

နေသူရိန်မင်းခန့် သွေးပူအောင် လန့်သွားပေမယ့် ကြောင် ချစ်သူကြီးကတော့ အပြစ် မမြင်ခဲ့။ အချစ်တော်ကို ပြုံးပြီးသာ ကြည့်နေခဲ့သည်။ နေသူရိန်မင်းခန့်သာ စီစီစံ၏ လက်သည်းတွေကို ညှပ်ပစ်ချင်ရုံမက ရန်လိုသည့် လက်ကိုပါ အရင်းက ဖြတ်ချင်စိတ် ပေါက်မိခဲ့သည်။

' ကြောင်တွေက ခွင့်မလွှတ်တတ်ဘူး ' တဲ့။

နေသူရိန်မင်းခန့်ကို ဝေယံ နေ့တိုင်း ဖတ်ပြတတ်သော စာအုပ်တွေ အများကြီးထဲက တစ်အုပ်အုပ်မှာ ပါသည့် စာ တစ်ကြောင်း ဖြစ်လိမ့်မည်။ စာအုပ် နာမည်ကိုတော့ သူ မမှတ်မိ။ သို့ပေမယ့် ထိုစာသားကိုတော့ နေသူရိန်မင်းခန့် အတိအကျ မှတ်မိနေခဲ့သည်။

ဘာကြောင့်ဆို ဝေယံ အိမ်ကို အလည်လာတိုင်း ဧည့်ခန်းမှာ မိန့်မိန့်ကြီး ဝပ်နေတတ်သည့် စီစီစံက နေသူရိန်မင်းခန့်ကို စူးစိုက်ပြီး ကြည့်တတ်သည်။ ထိုအကြည့်က ပိုင်နက်ထဲ ရောက်လာသည့် ရန်သူကို သတ်ဖြတ်ဖို့ ချောင်းမြောင်းနေသလိုလို။ ထိုနေ့က အမွေး ကျွတ်အောင် လုပ်ခဲ့သည့် ကိစ္စကို မမေ့သေးဘူး ထင်၏။

တကယ်ဆို နေသူရိန်မင်းခန့်လည်း မမေ့ခဲ့။ သူ့အပြင် တခြားတစ်ယောက်က ဝေယံ့ကို ထိသည် ဆိုတာ အတွေးနှင့်တင် ဒေါသထွက်စေသည်။ အဲ့ဒီ တခြားတစ်ယောက်က ယခုအချိန်မှာ လူ မဟုတ်ဘဲ ကြောင် ဖြစ်နေသည့် အကြောင်းအမှန်ကတော့ နည်းနည်းတော့ ရူးကြောင်ကြောင်နိုင်သည်။

သို့ပေမယ့် ဝေယံ့ကို သူငယ်ချင်းအဖြစ် ရရုံမက ဝေယံ၏ ကြင်နာ ဂရုစိုက်မှုတွေကိုပါ တစ်ယောက်တည်း ခံယူချင်သည်အထိ နေသူရိန်မင်းခန့်က လောဘကြီးသည်။ လောဘကြီးရသည့် အကြောင်းလည်း နောက်ကွယ်မှာ ရှိနေခဲ့သည်ကိုး။

နေသူရိန်မင်းခန့်အတွက်ဆို ဝေယံက မအားလပ်သည့် ကြားမှ ရသမျှ အချိန်ကို ရှာကြံပြီး စာအုပ်တွေ ဖတ်ပြခဲ့သည်။ ညစဉ်၊ ညတိုင်း မပျက်မကွက် ပုံပြင် မျိုးစုံကို ပြောပြခဲ့သည်။ စကားပြောပါက အေးဆေး ကြင်နာပြီး ရင့်ကျက် တည်ငြိမ်စွာ ဆုံးမတတ်တာတွေရော။ မသိမသာ ဂရုစိုက် ဖေးမတတ်တာတွေရော။

သူငယ်ချင်း မှန်သမျှ လုပ်ပေးမည့် အပြုအမူများထက် ပိုလွန်လှသည်။ နှုတ်ထွက် စကားလုံးတွေက အေးစက်တတ်ပေမယ့် အပြုအမူတွေကတော့ နွေးထွေး လှိုက်လှဲမှန်း နေသူရိန်မင်းခန့် ကောင်းကောင်းကြီး သိသည်။ မိသားစုတွေထံက ရခဲလှသည့် နွေးထွေးမှုမျိုးကို ဝေယံ့ဆီမှာ ပေါသီစွာ ရသည်။

သူ့အပေါ် ဂရုမစိုက်သလိုနှင့် ဘာမဆို၊ ဘယ်တော့မဆို အလေးထား ဖြည့်ဆည်းပေးနေကျ ဝေယံ၏ ပုံရိပ်များကို ဖျတ်ခနဲ မြင်ရတိုင်း နေသူရိန်မင်းခန့် ကျေနပ်ရသည်။ သူငယ်ချင်း တစ်ယောက်ထက် ပိုသော မိသားစုဝင် တစ်ယောက်အား တွယ်တာသည့် ချစ်ခင်မှုမျိုးကို မြင်ယောင်ရပါက ရက်ပေါင်းများစွာ ပြန်လည် တွေးတော ကြည်နူးလို့ မဆုံးတော့။

တစ်ခါတလေ ဝေယံအောင် ဟူသော လူသားကို ဘယ်သူမှ မထိပါးနိုင်အောင် ဘဝထဲ တစ်သက်လုံး ခေါ်ထားလို့ ရပါက သိပ် ကောင်းမည် ဟု နေသူရိန်မင်းခန့် တွေးတောမိသည်။

ဝေယံ့ အချစ်တွေကို သိမ်းကျုံး အပိုင်စီးထားသော စီစီစံကိုလည်း အခွင့် သာသည့် တစ်နေ့ ဝေယံ မသိအောင် လွှတ်ပစ်ဦးမည် လို့ နေသူရိန်မင်းခန့် တေးမှတ်မိတာလည်း အကြိမ်ကြိမ်။ တကယ်တမ်း သူလည်း ကြောင် ချစ်တတ်သူမို့ မလုပ်ရက်။ ကြောင် တစ်ကောင်က ကြောင် တစ်ကောင်ထက် ပိုနေသော ဝေယံ၏ ခံစားချက်ကိုပါ သူ သိနေတာကြောင့် ဖြစ်သည်။

ဝေယံ့အတွက်ဆို နေသူရိန်မင်းခန့်၏ အတ္တက ပထမ ဖြစ်လာဖို့ ခိုင်လုံသော အကြောင်းပြချက် မရှိမချင်း ဒုတိယ ဖြစ်နေဦးမှာ သေချာသည်။ တကယ်တော့ သူ သံယောဇဉ် ကြီးမိသွားတာ ဖြစ်နိုင်သည်။

လက်တွေ့မှာ ကြောင် တစ်ကောင်နှင့် ရန်သူ ဖြစ်နေခြင်းက ရယ်စရာ ဖြစ်၏။ ကလေး အတွေးနှင့် စီစီစံက နေသူရိန်မင်းခန့်အတွက် ရန်သူ ဖြစ်ပေမယ့် နောင်တစ်ချိန်မှာ ကြောင် မဟုတ်သည့် ရန်သူ တစ်ယောက်လည်း ပေါ်လာနိုင်သည်။ ထိုအန္တရာယ်ကိုတော့ ယခုအချိန်မှာ နေသူရိန်မင်းခန့် မစဉ်းစားမိသေး။
    
"ယံ . . တကယ်လို့ ကျွန်တော်နဲ့ စီစီစံ ရေနစ်ရင် ဘယ်သူ့ကို ကယ်မလဲ"

နေသူရိန်မင်းခန့်က ဝေယံ့ပေါင်ပေါ် ခေါင်းအုံးပြီး ပက်လက် အနေအထားဖြင့် ဝေယံ မျက်နှာကို မော့ကြည့်နေသည်။ နေသူရိန်မင်းခန့် ဆံစတွေပေါ် ငုဝါပန်းကြွေ တချို့ ကပ်ငြိနေ၏။ ယခု သူတို့ ရောက်နေသော နေရာက နေသူရိန်မင်းခန့်၏ ခြံကျယ်ကြီးထဲ၌ စိုက်ပျိုးထားသည့် ငုဝါပင်တန်းတွေ၏ အခြေမှာ ဖြစ်သည်။

ကျောင်း ဆင်းချိန်တိုင်း ဝေယံက နေသူရိန်မင်းခန့်ကို စာဖတ်ပြလေ့ ရှိသည်။ သို့ရာတွင် တစ်နေရာထဲမှာ ထိုင်ပြီး နားထောင်ရတာ ငြီးငွေ့သည် ဆိုသော နေသူရိန်မင်းခန့်၏ အကြောင်းပြချက်ကြောင့် မကြာခဏ ဆိုသလို စာဖတ်ပြမည့် နေရာတွေကို ဝေယံ ပြောင်းပေးရသည်။

ဧည့်ခန်း၊ စာကြည့်တိုက်၊ စာဖတ်ခန်း၊ ခြံထဲ၊ ကော်ဖီဆိုင် စသဖြင့် နေသူရိန်မင်းခန့် သဘောအတိုင်း နေ့အလိုက် နေရာ သတ်မှတ်ပေးထားသည်။ ထို့ကြောင့် ဒီနေ့အတွက် စာဖတ်ပြမည့် နေရာက အလိုလို နေသူရိန်မင်းခန့်တို့ အိမ်၏ ခြံတွင်းမှာ ဖြစ်သွားသည်။

နေရာလည်း ကျယ်ဝန်းပြီး အရိပ် ကောင်းစွာ ရသဖြင့် စာဖတ်ဖို့ အလွန် သင့်တော်သော နေရာကလေး တစ်ခု ဖြစ်သည်။ ငုဝါပန်းတွေ သာမက သူတို့ ဘေးတွင် သီးသန့် စိုက်ပျိုးထားသော အဖိုးတန် သစ်ခွပင်များပါ ရှိသေးသည်။ အပွင့်များက စွင့်ကားစွာ ပွင့်လန်းနေသလို အရောင်စုံသော ပွင့်ချပ်များက ပတ်ဝန်းကျင်ကို ကဗျာဆန်စေသည်။
          
"မေးနေစရာ လိုသေးလို့လား"

ဝေယံ ဖတ်ပြလက်စ စာအုပ်ကို ပိတ်ကာ နေသူရိန်မင်းခန့် ဆံစတွေပေါ် ကပ်တွယ်နေသည့် ဝါဥဥ ငုဝါ ပွင့်ဖတ်တွေကို ယုယစွာ ဖယ်ပေးလိုက်သည်။

သူတို့ ထိုင်နေသော နေရာနှင့် ခပ်လှမ်းလှမ်း အကွာမှာ ပင်လယ်ပြာလို တောက်ပနေသည့် ရေကူးကန်ကြီး တစ်ကန် ရှိသည်။ ညနေခင်း နေရောင်က ယိမ်းခါနေသော ရေပြင်ပေါ် တဖျပ်ဖျပ် တောက်ပနေသည်။ မိုးဦးဝင်စ ဖြစ်သဖြင့် ရေကူးကန်၏ ရေပြင်ကို ဖြတ်တိုက်လာသော လေညင်းကလေးများတွင် မိုးရနံ့ ပါဝင်နေ၏။
     
"မင်းက ရေကူး ချန်ပီယံလေ၊ ငါ ကယ်ဖို့ မလိုပါဘူး"

"ဒါဆို ယံရဲ့ ရွေးချယ်မှုက . . စီစီစံပေါ့"

"စီစီစံကို ရွေးတယ်လို့ ငါ မပြောမိပါဘူး၊ နောက်ပြီး . . စီစီစံ ရေနစ်ဖို့ ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပဲ၊ သူ့ကို ငါ့မျက်စိ အောက်က အပျောက်ခံတာမှ မဟုတ်တာ၊ ဒီတော့ . . ငါ့ရွေးချယ်မှုက ဘယ်သူမှ မဟုတ်ဘူး"

ဒီတစ်ခါလည်း နေသူရိန်မင်းခန့် ခံလိုက်ရပြန်ပြီ။

သူ့ကို လှမ်းကြည့်လာသော အကြည့်က သနားစရာ ကောင်းသည် ဟု ထင်ရသည်။ နေသူရိန်မင်းခန့် ခပ်တိုးတိုး ရယ်မောကာ မြက်ခင်းပြင်ပေါ် လှဲအိပ်နေရာမှ ကုန်းရုန်း ထလိုက်သည်။

ဝေယံနှင့် ပတ်သက်ပြီး နေသူရိန်မင်းခန့် တစ်ခု သဘောပေါက်လိုက်သည်။ သူ လိုချင်သည့် အခြေအနေ ဖြစ်လာအောင် အမေရိကန် သမ္မတ ဂျင်မီ ကာတာလို ပွင့်ပွင့်လင်းလင်း ပြောမှ ဖြစ်မည် ဆိုတာပါပဲ။
    
"ဒါဆို ကျွန်တော့်ကို ချစ်လား"

ဝေယံ နေသူရိန်မင်းခန့်ကို ဖျတ်ခနဲ ကြည့်သည်။

အကြည့်များကို နားလည်သူပီပီ သေချာ ထိန်ချန်ထားခဲ့သည့် မေးခွန်း တစ်ခုကို ထပ်မံ ဖြည့်စွက်လိုက်သည်။

"ဒါမှမဟုတ် စီစီစံကို ချစ်လား"

ဝေယံက ထူးခြားစွာ နှုတ်ဆိတ်နေသည်။ ယခုအချိန်မှာ ဆိတ်ဆိတ်နေခြင်းက သဘောတူခြင်း၊ ဝန်ခံခြင်း ဟု ယူဆဖို့ မဖြစ်နိုင်။ ဝေယံ့အပေါ် အခွင့်အရေး ယူလွန်းရာ ကျနေမလား နေသူရိန်မင်းခန့် စဉ်းစားရပြန်၏။ မေးခွန်းကို ပြန်ပြောင်း ပြောသင့်သလား။

သို့သော် ဘာပြောရမှန်း မသိ။ စကားစကို ရှာမရ။ စိတ်ကူးတည့်ရာ လျှောက်ပြောပါက စောစောတုန်းကလို အရှုံးကြီး ရှုံးဦးမည်။ ဘာမှမပြောဖြစ်ဘဲ စဉ်းစားနေရင်းမှ အချိန်အတော် ကြာသွားသည်။ ဒီလိုနှင့် ညနေစောင်းသွားပါက ခက်ချေတော့မည်။

"ဟူး . ."

သက်ပြင်းသံ တစ်ချက်နှင့် အတူ လေမှာ ယိမ်းနွဲ့နေသည့် ငုဝါပန်းတွေကို နေသူရိန်မင်းခန့် ကြည့်မိသည်။

ဤခြံမြေတွင် ငုဝါပန်းက အရောင်အသွေး အလှပဆုံး ဖြစ်သည်။ အပင်မှာ ဦးဦးဖျားဖျား ပွင့်လန်းနေသည့် ပန်းငုံများက လေနတ်သား၏ ကျီစားမှုနှင့် အတူ မြေပြင်ပေါ် ပျော်ပျော်ပါးပါး ခုန်ဆင်းလာကြသည်။

ပန်းဝတ်မှုန်များ ဝေယံ၏ ပါးပြင်ဆီသို့ နူးညံ့စွာ ထိတို့ ပွတ်တိုက်သွား၏။ မနာလိုပါ၏။ ပန်းဝတ်မှုန်အစား ပါးပြင်ပေါ် သိမ်မွေ့စွာ ထိတို့သွားတာက နှုတ်ခမ်းသားတွေ ဖြစ်ခဲ့လျှင် ဘယ်လောက်များ ကောင်းလေမလဲ။

"ယံ"

ဝေယံ ဆတ်ခနဲ ဖြစ်သွားသည်။ သတိ ပြန်ဝင်လာဟန် တူ၏။ သူက နေသူရိန်မင်းခန့်ကို မကြည့်။ လက်ထဲက စာအုပ်ကို ဟိုလှန် ဒီလှန် လုပ်ရင်း မေ့လောက်သွားသည့် မေးခွန်းကို အဖြေပေး၏။
    
"အချစ်က နှိုင်းယှဉ်ကောင်းတဲ့ အရာ မဟုတ်ဘူးလေ"

ဝေယံ အသံတို့က တိုးညင်း၍ တုန်ခါနေသည်။

ပတ်ဝန်းကျင်တွင် တဖြည်းဖြည်း အလင်းရောင် နည်းလာသည်။ အချိန် အတော်အတန် ယူလိုက်ရသည့် အဖြေအတွက် စီစီစံ နီးပါး သူ့ကို တန်ဖိုးထားလာပြီ ဟု နေသူရိန်မင်းခန့် တွေးလိုက်မိသည်။

သို့မဟုတ် ပို ချစ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဒီလို တွေးခြင်းက ကိုယ့်ကိုယ်ကိုယ် စိတ်ချမ်းသာအောင် ထားခြင်း ဖြစ်ချင်ဖြစ်လိမ့်မည်။
    
"ဒါကို အားလုံးထက် မင်းက ပို သိမှာပါ၊ မေတ္တာမှာ မင်းရယ်၊ စီစီစံရယ်၊ အေးချမ်းစေချင်တဲ့ ငါ့ရဲ့ အချစ်ရယ်ပဲ ရှိတယ်၊ တခြား ဘာမှမရှိဘူး မဟုတ်လား"

အတွေးများက နည်းနည်းလေးပင် မတူ။ တက်တက်စင်အောင် လွဲသည်။ မှန်၏။ ဝေယံ စကားကို ပြန်လည် ချေပရန် မဖြစ်နိုင်။ ဟင်း . . နောက်ဆုံးတော့ ကိုယ့်အပြောနှင့်ကိုယ် ခံလိုက်ရပြန်ပြီ။

မှတ်လေရော။

စကားတိုက်စစ်မှာ ဝေယံက အင်အားကြီး နိုင်ငံ ဖြစ်ပြီး သူကတော့ ဘယ်တော့မှ မလှန်နိုင်သည့် ဖွံ့ဖြိုးဆဲ နိုင်ငံငယ်လေး တစ်ခုသာ။

ရော . . စိတ်မကောင်းစရာ။

နေသူရိန်မင်းခန့် ပုံစံက နပိုလီယံလို စစ်ရှုံးမှုကို နောင်တရ ရတော့မည့် အဖြစ်။

"ဒီနေ့ရော ငါနဲ့ အတူ အိပ်ဦးမှာလား"

ဝေယံဘက်က စကား စလာသည်။ ထိုမေးခွန်းကို ဘာကြောင့် မေးသလဲ ဆိုတာ နေသူရိန်မင်းခန့် သိ၏။

ဟန်ဆောင်တတ်ခြင်းကို အချို့က ယဉ်ကျေးမှု ဟု ဆိုတတ်ကြ၏။ ဒီလိုဆို သွယ်ဝိုက်တတ်ခြင်းအား ရိုးသားစွာ ငြင်းဆိုမှု ဟု ဆိုသင့်သလား။ သို့သော် ထိုအရာတွေက အရေးမကြီး။

"မအိပ်စေချင်ဘူးလား"

အိပ်စေချင်သည် ဟု ဖြေမိပါက နေသူရိန်မင်းခန့်အပေါ် ကြင်နာလွန်းသည် ဟု ထင်သွားမှာ ဆိုး၍လား မသိ။ အဖြေကို ရှောင်လွှဲ၍ ပြောသည်။

"မဟုတ်ပါဘူး၊ မင်းရဲ့ အိုတိုးစံနဲ့ အိုကားစံ ပြန်ရောက်နေပြီလေ၊ အကြာကြီးနေမှ အတူ ဆုံရတာ မဟုတ်လား၊ အိမ်ပြန် အိပ်သင့်တာပေါ့"

"မလိုပါဘူး၊ ညစာ အတူ စားပေးပြီး ကောင်းကောင်းမွန်မွန် ရှိနေကြောင်း . . အသိပေးရုံနဲ့တင် လုံလောက်တယ်"

"မိဘတွေနဲ့ အနေစိမ်းသလိုပဲ"

"ထင်လို့ပါ"

"မိဘတွေနဲ့ အနေစိမ်းတာ မကောင်းဘူးနော်"

"ဟုတ်တယ်၊ မကောင်းဘူး၊ ဒါပေမယ့် ကျွန်တော်က ယံ့လို မားမား ဘွိုင်း မဟုတ်ဘူးလေ"

ဝေယံ လက်ထဲက စာအုပ်နှင့် နေသူရိန်မင်းခန့်ကို ရိုက်ရန် ရွယ်သည်။ သို့ရာတွင် မရိုက်ဖြစ်တော့ဘဲ စာအုပ်ကို ချက်ချင်း ပြန်ချလိုက်သည်။

နေသူရိန်မင်းခန့် ပါးချိုင့်တွေ ပေါ်အောင် ပြုံးမိသည်။ သူ့ကို ဝေယံ မရိုက်ရက်ဘဲ အလျော့ပေးလိုက်တာကို သိခြင်းကြောင့် ဖြစ်သည်။ ဒီတစ်ခုတော့ ဝေယံ့ကို သူ သဘောကျသည်။ အမှန်တော့ ဝေယံနှင့် ပတ်သက်ပါက အကုန်လုံး သဘောကျတာပဲ ဖြစ်သည်။

"ပြန်ကြရအောင် သူရိန်"

"ညစာ မစားတော့ဘူးလား"

"ဟာ . . ဟုတ်သားပဲ၊ မိသားစု ညစာစားပွဲ ရှိတာ မေ့သွားတယ်၊ နေခဲ့လေ . . ၊ ငါ တစ်ယောက်တည်းပဲ ပြန်လိုက်မယ်"

"လိုက်ပို့ပေးမယ်"

"မလိုဘူး၊ ရတယ်"

"ကျွန်တော့်အတွက်တော့ လိုအပ်တယ်၊ လာ . ."

မတတ်နိုင်။

သူ ကမ်းပေးလာသော လက်ကို ဆွဲပြီး ထပြန်ခဲ့ရသည်။

ညနေခင်း လေပြည်က တသုန်သုန် တိုက်ခတ်နေသည်။ သူတို့ လျှောက်နေသော သိပ္ပံ လမ်းမကြီးပေါ်မှ ကြည့်ပါက ပြင်ဦးလွင် တောင်တန်းများကို မြင်ရသည်။ အနောက် အရပ်၏ ဝင်ခါနီး နေလုံးကြီးကပါ သူတို့နှစ်ဦး နည်းတူ အဆုံး မရှိသော ထိုတောင်တန်းများ အလှကို မိန်းမော ကြည့်ရှုနေသယောင်ယောင်။

မြင်ကွင်းဟာ သိပ် လှပါ၏။ အသက်ရှူဖို့ မေ့သွားနိုင်အောင်အထိ ဆွဲဆောင်နိုင်လွန်းသည်။ ဝေယံတို့ ခြံ ရှေ့ ရောက်တော့ ခြံစောင့် ဦးလေးကြီးက တံခါး ဖွင့်ပေးသည်။

"အိုတိုးစံ၊ အိုကားစံတို့နဲ့ အေးဆေး စကားပြောပြီးမှ လာနော်၊ ပြီးတော့ . . အိမ်ကို လာမယ်ဆို ခြံ ရှေ့ကနေ လာ၊ ဝရန်တာကနေ မပြောမဆို ကျော်တက်မလာနဲ့၊ ငါ လန့်တယ်"

"ခြံ ရှေ့ကဆို တစ်ကွေ့တစ်ပတ်ကြီး ယံရ၊ လမ်းလျှောက်နေရင်းနဲ့ကို ၁၀ မိနစ်လောက် ကြာတယ်၊ ဝရန်တာက ကျော်တက်မယ်ဆို . . စက္ကန့်ပိုင်းပဲ"

"မင်းဟာလေ . . တကယ်ကို အပျင်းကြီးတယ်၊ သဘောပဲ၊ လာချင်သလို လာဟေ့၊ ဝရန်တာက ကျော်တက်ရင်း ပြုတ်ကျလို့ သေလည်း အေးတာပဲ၊ ဒါမှ ငါ အေးဆေး နေလို့ရမှာ"

"ဟုတ်လို့လား၊ ကျွန်တော် သေသွားရင် . . ယံ လွမ်းနေမှာပါ"

နေသူရိန်မင်းခန့်က စကားကို စွပ်စွပ်စွဲစွဲ မဟုတ်ဘဲ အတိအကျ သိနေသလို ပြောလိုက်သည့်အခါ ဝေယံ့ မျက်နှာ နွေးခနဲ ဖြစ်သွားသည်။

"အဟမ်း"

ဝေယံ အသံ မူမမှန် ဖြစ်နေမည်ကို စိုးရိမ်တာမို့ လည်ချောင်း ရှင်းလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ဝရန်တာကနေ ကျော်တက်မလာနဲ့၊ ငါ သွားပြီ"

"ခဏလေး"

အိမ်ထဲ ဝင်ဖို့ အလောကြီးနေသော ဝေယံ၏ လက်မောင်းကလေးကို နေသူရိန်မင်းခန့် ဖမ်းဆွဲထားလိုက်သည်။

"ဘာလဲ၊ ဘာပြောဦးမလို့လဲ"

နေသူရိန်မင်းခန့် နှုတ်ဆိတ်လျက် ဝေယံ့ကို စိုက်ကြည့်နေသည်။

ပထမ တစ် စက္ကန့်။

ဒုတိယ တစ် စက္ကန့်။

တတိယ တစ် စက္ကန့်။

တဖြည်းဖြည်း ငြိမ်သက်လာသော အခိုက်အတန့်။

ဘာဆိုဘာမှ မကြားရတော့။
သူ မကြားမိတာလည်း ဖြစ်ကောင်းဖြစ်မည်။

တိတ်ဆိတ်သွားသော အချိန်လေး။ အဲ့ဒီအချိန်လေးမှာ နေသူရိန်မင်းခန့် မျက်လုံးတွေ မှိတ်ကာ ဝေယံ၏ ပါးပြင်ပေါ်  ဖွဖွလေး နမ်းရှိုက်လိုက်သည်။

တကယ်ကို ဖွဖွလေး။

အထိအတွေ့က သာသာယာယာ။

ဆတ်ခနဲ တုန်သွားသော ကိုယ်လုံးလေးက အနောက်သို့ မသိမသာ တွန့်ဆုတ်သွား၏။ နေသူရိန်မင်းခန့် ခပ်တိုးတိုး ရယ်မောမိသည်။ ယခုချိန်အထိ သူ၏ နှုတ်ခမ်းသားတွေကို ပါးပြင်များက အသားမကျနိုင်သေး။

"ရပြီ၊ သွားတော့"

ကျောပြင်လေးကို ရေးရေးကလေးသာ မြင်ရလောက်သည့် အချိန်အထိ ရပ်ငေးနေရင်းမှ အိမ် ပြန်ဖို့ နေသူရိန်မင်းခန့် ခြေလှမ်း ပြင်လိုက်သည်။

ထိုအချိန် သူ့ ရှေ့မှာ တိခနဲ ရပ်သွားသော နောက်ဆုံးပေါ် အနက်ရောင် ကား တစ်စီး။ ထိုကားပေါ်မှ အသက် သုံးဆယ်ကျော် အရွယ် လူ တစ်ယောက် ဆင်းလာသည်။

ဦး ဝေ ယံ ဟိန်း

တောက်ပသည့် အဖြူရောင် ရှပ်အင်္ကျီနှင့် ပုံကျကျ စတိုလ် ဘောင်းဘီရှည် အနက်ရောင်ကို ဝတ်ထားသည်။ ရှူးဖိနပ် အနက်ရောင်က သန့်ရှင်း ပြောင်လက်နေသည်။ အင်္ကျီ အဖြူပေါ်၌ မီးခိုးရောင် ဒီဇိုင်းဖော်ထားသော အစင်းကျား အနည်းငယ် ရှိပြီး ကြယ်သီး သုံးလုံးလောက်အထိ ဖြုတ်ထားသဖြင့် တောင့်တင်းသည့် ရင်အုပ် ဖွေးဖွေးကို အတိုင်းသား မြင်ရသည်။ ဦးဝေယံဟိန်း၏ အသားရောင်က ဖြူဆွတ်ဆွတ်ကြီးတော့ မဟုတ်။ အနည်းငယ် သွေးရောင် သန်းသည်။

ဖြောင့်စင်းသော နှာတံနှင့် တည်ကြည်သော မျက်လုံးများက မာန်မာန အပြည့် ရှိပုံရသည်။ အနက်ရောင် ဆံပင်များကို သပ်သပ်ရပ်ရပ် ဖြီးတင်ထားပြီး ရှေ့ဆံပင် တချို့ နဖူးပေါ်  အနည်းငယ် စင်းကျနေသဖြင့် ဟန်ပန်က ငယ်ရွယ် နုပျိုနေသည်။
    
ကြည့်လိုက်တာနှင့် ဝေယံနှင့် ရုပ်ချင်း သိပ် ဆင်ကြောင်း ပိုင်နိုင်စွာ ပြောနိုင်သည်အထိ ခန့်ညား ချောမောသည်။

"ဒီမှာ ဘာလုပ်နေတာလဲ နေသူရိန်"

သြဇာ ရှိသည့် အသံဟာ တိတ်ဆိတ်သော လေထုကို ဖောက်ထွင်းပြီး ထွက်ပေါ်လာသည်။
    
"အိမ်ထဲ မဝင်ဘူးလား"

"မဝင်တော့ဘူး အန်ကယ်လ်၊ အခုပဲ အိမ် ပြန်တော့မလို့"

"သြော် . ."

အာမေဋိတ် တစ်ခုကို ပြုလိုက်သည့်အခါ နှုတ်ခမ်း တစ်ဖက်က တွန့်ခနဲ ဖြစ်သွား၏။ သူတို့ သားအဖ၏ အပြုအမူများက ခပ်ဆင်ဆင် ဟု အခုမှ နေသူရိန်မင်းခန့် သတိထားမိသည်။ သေချာပါပြီ။ သူ့ကို တစ်ခုခု မေးတော့မည် ဆိုတာ နေသူရိန်မင်းခန့် သိလိုက်သည်။

"မပြန်ခင် . . အန်ကယ်လ် သိချင်တာ တစ်ခု ရှိတယ်၊ ဖြေမလား"

"မေးမယ် ဆိုရင်တော့ ဖြေရမှာ ကျွန်တော့် တာဝန်ပါ"

မထင်မှတ်ထားသော နေသူရိန်မင်းခန့်၏ ရဲရင့် ပွင့်လင်းမှုကို မြင်လိုက်ရသည့်အခါ ဦးဝေယံဟိန်း တွေခနဲ ဖြစ်သွားသည်။

"အန်ကယ်လ် မေးချင်တာက . . ထွေထွေထူးထူးတော့ မဟုတ်ပါဘူး"

သူက ပြောရမည့် စကားကို ချင့်ချိန်နေသည်။
    
"အဲ့ဒါက . . သား ဝေယံကို မင်း နမ်းလိုက်တာ အန်ကယ်လ် တွေ့တယ်၊ အဲ့ဒါ ဘာသဘောနဲ့ နမ်းတာလဲ၊ အန်ကယ်လ် သိလို့ ရမလား"

"အန်ကယ်လ်ရဲ့ မေးခွန်းကို မဖြေခင် . . ကျွန်တော် တစ်ခုလောက် မေးလို့ ရမလား"

"ဘာများလဲ"

ဦးဝေယံဟိန်း မေးခွန်းအား နေသူရိန်မင်းခန့်က ပညာသားပါပါ ရှောင်လိုက်ခြင်းက အောင်မြင်သည် ဟု ပြောရမည်။ လှည့်စားမှုကို အနိုင် ရယူမှုနှင့် လဲလှယ်လိုက်ခြင်း ဖြစ်သည်။
 
"မိန်းမပျို တစ်ယောက်ဟာ သနပ်ခါး လိမ်းထားတယ် ဆိုပါစို့၊ သူ လိမ်းထားတဲ့ သနပ်ခါးဟာ သိပ် မွှေးမယ်"

ဦးဝေယံဟိန်းက ခေါင်း တညိတ်ညိတ်ဖြင့် နေသူရိန်မင်းခန့် စကားကို နားထောင်နေသည်။ သူ့ထံတွင် ဝှက်ဖဲ တစ်ချက် ရှိနေတာကိုတော့ လုံးဝ မရိပ်မိ။
    
"အဲ့ဒီမှာ . . ယောကျာ်းပျို တစ်ယောက်က မိန်းမပျိုလေးရဲ့ သနပ်ခါး ရနံ့ကို မြတ်နိုးမိတယ်၊ ဘာတဏှာရာဂမှ မပါဘဲ ရနံ့သက်သက်ကို မွှေးကြူချင်စိတ် ဖြစ်မိလို့ . . မိန်းမပျိုရဲ့ ပါးကို နမ်းမိမယ်၊ ဒီလိုနဲ့ အဲ့ဒီယောကျာ်းပျိုကို တရားစွဲမယ်၊ ပါးကို နမ်းတဲ့ အမှုနဲ့လား . . သနပ်ခါးကို နမ်းတဲ့ အမှုနဲ့လား"

ကောင်းလိုက်သည့် စကား။

အဖြေက သင်္ချာပုစ္ဆာ တစ်ပုဒ်၏
မသိကိန်း တန်ဖိုးလို အပေါင်း အနုတ် နှစ်မျိုး ထွက်နေသည်။

ဦးဝေယံဟိန်း လှိုက်လှဲစွာ ရယ်မောမိသည်။ ရယ်မောသံမှာ အံ့သြခြင်း အငွေ့အသက်တို့ တိတ်တဆိတ် ခိုအောင်းနေ၏။

"နေမင်းခန့်ရဲ့ သားလို့ မပြောရဘူး၊ စကားပြော သိပ် ကောင်းတယ်၊ မင်းလို ကလေးလေး တစ်ယောက်က ဒီလို စကားမျိုး ပြောနိုင်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး"

"ချီးကျူးတယ်လို့ပဲ သတ်မှတ်လိုက်ပါ့မယ်"

ဦးဝေယံဟိန်းက လက်မှာ ပတ်ထားသော နာရီကို တစ်ချက် ကြည့်သည်။ ထို့နောက် နေသူရိန်မင်းခန့်ဘက်သို့ မသိမသာ ကြည့်လာသည်။

"ညစာ စားဖို့တောင် နောက်ကျနေပြီ၊ သွားတော့မယ်"

နှုတ်ဆက် အပြုံးကို ပြုံးပြလျက် အရင်ဆုံး ကျောခိုင်းသွားသူက ဦးဝေယံဟိန်း ဖြစ်သည်။ နေရောင်သည် လုံးလုံး ပျောက်ကွယ်ကာ အမှောင် ဖုံးခဲ့ပြီ။ လမ်းမကြီးဆီမှ ဆိုင်ကယ်နှင့် ကားများ၏ ဆူညံသံ သဲ့သဲ့ကို ကြားရ၏။

ရုတ်တရက် ရပ်တန့်သွားသော ခြေ တစ်စုံ။

ကား တံခါးကို ဆွဲဖွင့်ဖို့ ဟန်ပြင်နေသူသည် တဖြည်းဖြည်း နေသူရိန်မင်းခန့် ရှိရာသို့ အကြည့်များကို ပြန်လည် ဦးတည်လိုက်သည်။

"စကားမစပ် . ."

ခပ်တိုးတိုး အသံဟာ လမ်းမပေါ်မှ ဆူညံသံများကို ကျော်လွန်၍ နေသူရိန်မင်းခန့် နားစည်အတွင်း တိုးဝင်လာသည်။ ခိုင်မာသော မျက်လုံးများနှင့် အကြည့်ချင်း ဆုံမိချိန် အသက်ရှူဖို့ တစ်ခဏ မေ့လျော့သွားသည်။

"အန်ကယ်လ်ရဲ့ သားက သနပ်ခါး မလိမ်းဘူးကွ"

တွန့်ခနဲ ပြုံးသွားသော နှုတ်ခမ်းလွှာ တစ်စုံဟာ လှည့်စားမှုအား နှစ်ပေါင်းများစွာ အတွေ့အကြုံ ရှိနေသလို။ ပညာတတ်တွေမှာသာ ရှိသည့် ဉာဏ် ဖြစ်သည်။ အရှုံး ပေးသလိုနှင့် အနိုင်ပိုင်းသော လှည့်ကွက် တစ်ခုကို သုံးသွားခြင်း ဖြစ်လေ၏။

သူ ခံလိုက်ရပြီ . . . ။                               

~•~ S U N ~•~

16 / October / 2019
4 : 01 PM

Continue Reading

You'll Also Like

1.2M 50.5K 62
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
254K 16.2K 37
ငါ့ဘ၀မှာ​ ​လောဘတက်​ပြီး ပိုင်​ဆိုင်​ချင်​ခဲ့တာမျိုးဆိုတာ မင်းနဲ့မှ ဖြစ်​​ပေါ်လာတာပါ ဒေါသ​တွေ၊မာန်​မာန​တွေနဲ့​မျှော်​လင့်​ချက်​ကင်းမဲ့​နေချိန်​ ပထမဆံ...
235K 18.1K 38
ရည်​မှန်းချက်​တူညီခဲ့တဲ့ သူတို့နှစ်​​ယောက်​။ ဘဝ​လျှောက်​လမ်း မတူညီတဲ့ သူတို့နှစ်​​ယောက်​။ အရမ်းချစ်​ကြတဲ့ သူတို့နှစ်​​ယောက်​။ ဘာဆက်​ဖြစ်​ကြမှာလဲ...