အရုဏ်ဦးစအချိန် . . . ။
အိပ်ရာနှင့် ကျောပြင် ကင်းကွာလာ၍ ညစ်နေသော စိတ်သည် ဝါဂွမ်းစလေးကို တွေ့တာနှင့် အစ ရှာမရအောင် ပြေးထွက်သွားတော့သည်။
သာမန် နေ့တွေနှင့် မတူ ပါးပြင်ပေါ် ကွက်ထားသော သနပ်ခါး ထူထူ ပါးကွက် နှစ်ခုက အထင်အရှား။ မနက် စောစော ထလာရသော်လည်း မျက်နှာတော် နုနုဟာ လပြည့်ဝန်းလို အေးချမ်းနေသည်။
သူ့လိုပင် ဝတ်ခဲလှသော လည်ကတုံး အဖြူ၊ နိညိုရောင် ပုဆိုးကို ဆင်မြန်းလာသဖြင့် နှစ်ယောက်သား မတိုင်ပင်ဘဲ ဆင်တူသွားသည်။ ရင်ဘတ်ထဲက လှိုက်ခနဲ။ ကြည်နူးမှု ဆိုတာ ထိုအရာကို ခေါ်ခြင်း ဖြစ်လိမ့်မည်။
မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် အညီ မြန်မာ့ဟန်ပန် အပြည့် ရှိနေသော ကောင်လေး။ တကယ်လို့များ ဂျပန် နိုင်ငံ၏ ရိုးရာ ကီမိုနိုကို ဝတ်ဆင်လိုက်မည် ဆိုလျှင်ရော . . ။
"အယ်တော့ . . မျက်လုံးကြီး ကျွတ်ကျတော့မှာပဲ"
မာယာက ရိသဲ့သဲ့ စနောက်သည်။ ငြိမ်ခံတတ်သူ မဟုတ်တော့ သာမန် အချိန်သာဆို စကားလုံးတွေ သုံးကာ အစ်မဖြစ်သူကို အနိုင်ပိုင်းမိလိမ့်မည်။ သို့သော် မျက်စိ ရှေ့က အသက်ဝင် ပန်းချီကားလေးကို အကြည့် မလွှဲချင်။ အစ်မဖြစ်သူနှင့် ငြင်းခုံဖို့အထိ နေသူရိန်မင်းခန့် နှမြောနေမိသည်။
ထည်ဝါမှု အငွေ့အသက်တို့ တိတ်တဆိတ် ကြွေဆင်းလာသည် ထင်မိသည်။
ခြေလှမ်းလိုက်တိုင်း ပုဆိုး အောက်က ထွက်ပေါ်လာတတ်သော ခြေဖနောင့် ရဲရဲလေးတွေ။ နဖူးပေါ် သဘာဝဆန်စွာ ဝဲကျနေသော ဆံစတွေ။ လှစ်ခနဲ ပြုံးပြလိုက်သည့် အေးချမ်းသော အပြုံး။
သူ့အတွက်တော့ မဟုတ်။
"အိုဟားယိုး မမ"
"အိုဟားယိုး Yang Yang"
ပထမဆုံး ဝတ်ဖူးသော မြန်မာ ရင်ဖုံးနှင့် လုံချည်သည် မာယာနှင့် တော်တော်လေး လိုက်ဖက်ကာ မျက်လုံးထဲ တစ်မျိုး အမြင်ဆန်းစေသည်။ အကြိုက်ဆုံး အရောင် ဖြစ်သော အပြာနုကို ဝတ်ဆင်ထားသဖြင့် မဟာဆန်ခြင်းနှင့် နုနယ်ခြင်း ဝေါဟာရတို့ အကြား အစွမ်းကုန် လှပနေသည်။ လိုက်ဖက်ပါဘိ။
"စောင့်နေရအောင် လုပ်မိပြီ"
"အို . . မဟုတ်တာ၊ စောင့်ရပေမယ့် စောင့်ရကျိုး နပ်ပါတယ်"
မာယာက တစ်ခုခုကို စဉ်းစဉ်းစားစား ပြောရင်း ရယ်မောသည်။ နေသူရိန်မင်းခန့် တစ်ခုခုကို သဘောကျပါက ရယ်မောတတ်သော ပုံစံမျိုး ဖြစ်သည်။
သို့သော် ဝေယံ နားမလည်ဖြစ်မိတာ အမှန်။ သူ ပြောသည့် စကားထဲ ရယ်စရာ လုံးဝ မပါ။ မိန်းကလေးတွေက ဒီလိုပဲ နားလည်ရ ခက်သည်လား။
"အဆင်သင့် ဖြစ်ပြီဆို သွားရအောင်"
"အိုကေ၊ သွားကြမယ်၊ Go Go . ."
ရက် အတော်အတန် အချိန် ယူပြီးနောက် မြန်မာ စကား မပြောတတ်သည့် မာယာနှင့် ဂျပန် စကား မပြောတတ်သည့် ဝေယံတို့ကြား ပေါင်းကူး တံတားအဖြစ် နိုင်ငံတကာသုံး အင်္ဂလိပ် စကားကိုသာ သုံးဖြစ်တော့သည်။ ဒီလိုဆို နေသူရိန်မင်းခန့်လည်း ပင်ပန်းစရာ မလိုတော့။
ကားပေါ် တက်မည့် အချိန်ထိ နေသူရိန်မင်းခန့် ဝေယံ့ကို စကား တစ်ခွန်းမှ မပြော။ သို့ရာတွင် ကားတံခါး ဖွင့်ပေးဖို့တော့ မမေ့။ ထိုအကျင့်လေးက ကျောင်း သွားတိုင်း ဝေယံ့ကို နေသူရိန်မင်းခန့် နေ့စဉ် လုပ်ပေးတတ်သော ချစ်စရာ အပြုအမူတွေထဲက တစ်ခု ဖြစ်သည်။
နှစ်ယောက်စလုံး ကားနောက်ခန်းတွင် ထိုင်ဖြစ်သည်။
မာယာက ရှေ့ခန်းမှာသာ ဝင်ထိုင်လိုက်သည်။
"သနပ်ခါးတွေ . ."
ဒီမနက်မှာ နေသူရိန်မင်းခန့် ပထမဆုံး ပြောသော စကား ဖြစ်သည်။
"ကြည့်ရ ဆိုးနေလို့လား၊ မေက ဇွတ်လိမ်းပေးလိုက်လို့ . . အဆင်မပြေရင် ဖျက်ပစ်လိုက်မယ်"
"လှတယ်"
နှစ်လုံးတည်း။
တကယ့်ကို နှစ်လုံးတည်းသော ထိုစကားက သနပ်ခါးတွေ ဖျက်ဖို့ ပြင်နေသည့် ဝေယံ လက်တွေကို ရပ်တန့်စေသည်။
"ကျပ်တယ်၊ ဟိုဘက် တိုး သူရိန်"
ရှေ့ခန်းက မာယာကို နေသူရိန်မင်းခန့် လှမ်းကြည့်လိုက်သည်။ နားကြပ်ကလေး နားမှာ တပ်ကာ တစ်ချိန်လုံး မန္တလေး ပတ်ဝန်းကျင်ကို ငေးရင်း တိတ်တဆိတ် လိုက်ပါလာသည်။ ပူပန်စရာ မလိုတော့။
"သနပ်ခါး လိမ်းတဲ့ ကောင်လေးတွေကို သဘောကျတယ်၊ မဟုတ်ဘူး . . ၊ သနပ်ခါး လိမ်းထားတဲ့ ယံ့ကို သဘောကျတယ်"
ပါးပြင်ပေါ် ခပ်ဖွဖွ အခြေချမိသော ခပ်နွေးနွေး နှုတ်ခမ်း တစ်စုံ။ ပါးပြင်လေးက နေမြဲအတိုင်း အေးစက်နေသည်။ ရှင်မတောင် သနပ်ခါး ရနံ့။ နောက်ပြီး ရှားစောင်း ရနံ့ ခပ်သင်းသင်း။
"သူရိန် . ."
"စိတ်မကောက်နဲ့ . . ယံ"
"အသား မယူနဲ့"
မာမာထန်ထန် ပြောလိုက်သော စကားသံ။
ဘာကြောင့်များ အသံတွေဟာ ပထမ တစ်ခေါက်နှင့် ခြားနားစွာ ဒေါသတွေ ကင်းနေတယ်လို့ ထင်နေရပါလိမ့်။
"လေးစားပါဦး၊ ငါ မင်းထက် အသက် နှစ် နှစ် ပို ကြီးတယ်လေ"
"တစ် နှစ်နဲ့ သုံး လပဲ ကွာတာပါ"
"မင်း ငါ့ကို ဒီလို မလုပ်သင့်ဘူး၊ မင်းက အမြဲ အတင်း လုပ်တာပဲ"
"နောက်ပိုင်း လက်ခံသွားတာပဲ မဟုတ်လား"
"အဲ့ဒါ၊ အဲ့ဒါက . ."
အခွေ ထစ်သလို ဖြစ်နေ၍ ဝေယံ၏ ပါးပြင်ကို နေသူရိန်မင်းခန့် ထပ်နမ်းလိုက်သည်။ ဒီတစ်ခါတော့ နှာဖျား နစ်မြှုပ်သည်အထိ သေချာစွာ၊ စိုးမိုး ပိုင်နိုင်စွာ။
"သူရိန် အခွင့်ကောင်း မယူနဲ့"
"ယူခွင့်ပေးပါ"
"အရူးကောင်"
အရှေ့ အရပ်မှ ကိုယ်ထင် ပြလာသော လိမ္မော်ရောင် နေလုံးကြီးနှင့် အတူ လမ်းမပေါ် ပြေးလွှားနေသော ကားလေးထဲ ကျွက်ကျွက်ဆူသော အသံစာစာတို့ ထွက်ပေါ်လာတော့သည်။
မဟာမြတ်မုနိကို ရောက်တော့ မနက် ငါး နာရီ ထိုးခါ နီးနေပြီ။ မျက်နှာသစ်တော် ရေ ကပ်လှူချိန်အမီ ရောက်ဖို့ ဝေယံ အားခဲထားပေမယ့် မမီတော့။
"ဝါး . . ၊ ဆုဘားရားရှီလ်"
ကြည်ညိုခြင်း အငွေ့အသက်တို့ ကိန်းအောင်းနေသော ရပ်ဝန်းဆီ နားခိုသည့်အခါ မာယာက ဘေးဝဲယာမှ မြင်ရသော မြန်မာ လူမျိုးတို့၏ ဘာသာတရား ကိုင်းရှိုင်းမှုအပေါ် အံ့သြ ကြည်နူးစွာ နှုတ်မှ တဖွဖွ ရေရွတ်သည်။
မြတ်စွာဘုရား၏ ရှေ့မှောက် ရောက်သည့်အခါ သုံးယောက်စလုံး ကြည်ညိုစွာ လက်အုပ်ကလေး ချီရင်း ကန်တော့ကြသည်။
"နမော တဿ ဘဂဝတော . ."
မာယာဆီမှ ပီပီသသ ထွက်ပေါ်လာသည့် မြန်မာသံ။ မဟုတ်သေး။ ပဋ္ဌာန်း ပါဠိသံ။
ဝေယံ အံ့သြ မှင်တက်သွားသည်။ မြန်မာ စကားကိုပင် မပြောနိုင်သော မာယာက ပဋ္ဌာန်း ပါဠိတော် ဘုရားရှိခိုးကို ပီသစွာ အစအဆုံး ရွတ်ဖတ်နေသည်။ ဘယ်လိုဖြစ်နိုင်မှာလဲ။
ဘုရားရှိခိုး ပြီးသည့်အခါ ဝေယံကို ကြည့်ရင်း
"မမ တော်တယ်မလား" ဟု ပြုံး၍ မေးသည်။
ကောင်လေး၏ အံ့သြမှု အကြည့်များကို နည်းတူ နားလည်စွာ ဘုရားရှိခိုးအား ကောင်းစွာ ရွတ်ဖတ်နိုင်ခြင်း၏ တရားခံကို ပြောပြသည်။
"Aka သင်ပေးထားတာလေ"
အနီရောင်ကို အသည်းစွဲ ကြိုက်လွန်း၍ ဂျပန် ဝေါဟာရအရ Aka ဟု အမည် ပေးထားသည့် နေသူရိန်မင်းခန့်။ တစ်နည်းအားဖြင့် အာပေတူး ဟုသာ ဝေယံ သတ်မှတ်ထားသော နေသူရိန်မင်းခန့်ကို မာယာ အဖြေကြောင့် ငေးကြည့်မိသည်။
သူ ထူးဆန်းသည်။
"ဒါ ဘာလေးလဲ၊ လှလိုက်တာ"
မြန်မာမှု လက်ရာတွေထဲက ကမ္ဘာကျော်သည့် ရွှေချည်ထိုး ပန်းချီကား တစ်ချပ်ကို အဝင်ဝက ဈေးဆိုင်ခန်းမှာ ဓာတ်ပုံ ရိုက်ယူရင်း မာယာက စိတ်ဝင်တစား ကြည့်နေသည်။
"မမက သဘောကျလို့လား"
"ဘယ်လို ပြောရမလဲ၊ မြင်မြင်ချင်း ချစ်မိတာမျိုးလား"
မာယာ စကားက ဝေယံ့ကို ပြောနေပေမယ့် အကြည့်များကတော့ နေသူရိန်မင်းခန့်ဆီ ရောက်နေသည်။ စနောက်သည့် အကြည့်လား။ မဟုတ် . . ။ မသေချာ။
ပြီးမှ တဖိတ်ဖိတ် တောက်နေသော မျက်ဝန်းဝိုင်းများဖြင့် ပန်းချီကားချပ်လေးကို ပွန်းပဲ့သွားမှာ ဆိုးသည့်အလား အသာအယာ ထိတွေ့ကြည့်နေသည်။
"တကယ်လို့ အချိန် ရမယ်ဆို . . ဒီနားမှာ ရွှေချည်ထိုး လုပ်ငန်း ရှိတယ်၊ လိုက်ကြည့်မလား"
ထိုလုပ်ငန်းသည် တခြား မဟုတ်။ ဝေယံ့ မိခင် ဒေါ်စန္ဒာခင် ကိုယ်တိုင် ကြီးကြပ်နေသည့် ဘိုးဘွားပိုင် ထိန်းသိမ်းလာသော လုပ်ငန်း တစ်ခု ဖြစ်သည်။ ထို့ပြင် အရွယ် ရောက်လာချိန်မှာ ဝေယံကိုယ်တိုင် အမွေ ဆက်ခံ ထိန်းသိမ်းရမည့် လုပ်ငန်း တစ်ခု ဟု ပြောမည်ဆိုလည်း မမှား။
ဒေါ်စန္ဒာခင်တို့က ရှေးရိုးကြီးကာ မျိုးနှင့်ရိုးနှင့် ချမ်းသာသူများ ဖြစ်တာကြောင့် အခြားသော မြန်မာမှု လုပ်ငန်းများကိုပါ တည်ထောင် ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည်။ များပြားလွန်း၍ လုပ်ငန်း အားလုံးကိုတောင် ဝေယံ စေ့စေ့စပ်စပ် မသိ။
ယခု ရွှေချည်ထိုး လုပ်ငန်းကိုပင် စာဖတ်ခန်းထဲ ချိတ်ဆွဲထားသည့် တစ်ဆယ့်နှစ် ရာသီဘွဲ့ ပုံဖော် ရွှေချည်ထိုး ပန်းချီကားချပ်ကြီးကို မြင်ပြီး မိခင်ဖြစ်သူကို မေးရာမှ တစေ့တစောင်း တီးခေါက်မိခြင်း ဖြစ်သည်။
"ယဉ်ကျေးမှု မြို့တော် မန္တလေးမှာ ရှိတဲ့ မြန်မာမှု လုပ်ငန်း များစွာထဲမှာ ရွှေချည်ထိုး လုပ်ငန်းကလည်း တစ်ခု အပါအဝင်ပဲ၊ ရွှေချည်ထိုးက အဝတ်အထည်တွေနဲ့ ဆက်စပ်နေပေမယ့် မရှိမဖြစ် အသုံးပြုရတဲ့ လူသုံးကုန် ပစ္စည်းထဲမှာတော့ မပါဘူး"
လုပ်ငန်းရုံကို ရောက်တာနှင့် တက်ကြွနေသော မာယာက ရွှေချည်ထိုး လုပ်ငန်း၏ သမိုင်းကြောင်းကို မေးမြန်းသည်။ တိုက်ခန်းထဲက တစ်ဖဝါးမှ မထွက်တတ်ပေမယ့် စာအုပ်တွေကြောင့် ဗဟုသုတ များနေသော ဝေယံက မာယာ သိချင်သမျှကို သူ တတ်သလာက် ရှင်းပြနေသည်။
ဒီလို အလည်အပတ်သွားသည့် ခရီးတိုကို ဝေယံ လိုက်ရတာက အကြောင်းပြချက် ရှိသည်။ တကယ်က ဝေယံ၏ ကျွမ်းကျင်မှုတို့ကို ပိုပိုသာသာ တင်ပြထားသည့် နေသူရိန်မင်းခန့်ကြောင့်ပဲ ဖြစ်သည်။ အစ်မဖြစ်သူထံ ပြောပြထားသော နေသူရိန်မင်းခန့်၏ လွန်လွန်ကဲကဲ ချီးကျူးမှုများကြောင့် မာယာက အထင်ကြီးပြီး ဧည့်လမ်းညွှန် အဖြစ် ကူညီပေးရန် တောင်းဆိုလာသည်။ ထို့ကြောင့် မငြင်းနိုင်စွာ ဝေယံ သဘောတူလိုက်ရသည်။
"ရွှေချည်ထိုး အဆောင်အယောင်တွေကို ရှေးတုန်းက နန်းတွင်းမှာ အမှုထမ်းခဲ့တဲ့ ရာထူးရာခံတွေပဲ ဝတ်ဆင်ခဲ့တာလေ၊ ဒါပေမယ့် အခုအချိန်မှာတော့ ရွှေချည်ထိုး လုပ်ငန်းကြီး မပျက်စီးသွားအောင် ရှေးအသုံးအဆောင်အစား ခေတ်မီတဲ့ လူ့အသုံးအဆောင်တွေအဖြစ် ပြောင်းလဲ ပြုလုပ်လာကြပြီ"
"ဒီပန်းချီကားရောပေါ့နော် Yang Yang"
ငယ်ငယ်ရွယ်ရွယ်နှင့် ဂျပန် နိုင်ငံ၏ သံတမန်အဖြစ် ခန့်အပ်ခြင်း ခံထားရသော မာယာက ရွှေချည်ထိုး ပစ္စည်းမျိုးစုံထဲမှ တိုင်းတစ်ပါးသားတွေ အကြိုက် တွေ့တတ်သည့် ရွှေချည်ထိုး ပန်းချီကားများကို သဘောတွေ့နေသည်။
"ဒါနဲ့ သိလား၊ ၁၉၉၀ ခုနှစ်တုန်းက ဦးစိန်မြင့် ဖန်တီးခဲ့တဲ့ အလျား တစ်ဆယ့်ခုနစ် ပေ၊ အနံ ခုနစ် ပေ ရှိတဲ့ မြန်မာမှု ရွှေချည်ထိုးကားကြီးက အမေရိကန် နိုင်ငံ နယူးယောက်မြို့မှာ အခြေစိုက်တဲ့ ကမ္ဘာ့ ကုလသမဂ္ဂရုံးမှာ ချိတ်ဆွဲထားဖို့ ဂုဏ်ယူဖွယ်ရာ ရွေးချယ်ခံခဲ့ရတယ်"
ထိုစကားက ဝေယံ ပြောခြင်း မဟုတ်သလို မာယာ ပြောခြင်းလည်း မဟုတ်။
လုပ်ငန်းရုံထဲ စဝင်လာကတည်းက မိန်းမပျိုတွေ ဖန်တီးနေသည့် ရွှေချည်ထိုး ပစ္စည်းများ ပြုလုပ်ပုံ အဆင့်ဆင့်ကို စိတ်ဝင်တစား ကြည့်ရှုနေသည့် နေမင်းကြီးက ပြောလိုက်တာပဲ ဖြစ်သည်။ ဝေယံ တွေဝေသွားရသည်။
"မင်း ဘယ်လိုသိလဲ"
နေသူရိန်မင်းခန့် ပြောသည့် ပန်းချီကား အကြောင်းကို မာယာ ပြောလာပါက ဝေယံ ယုံမိမည် ဖြစ်သည်။ သို့သော် ထင်မှတ်မထားသည့် သူက ရုတ်တရက် ပြောလာသည့်အခါ ဝေယံ သံသယ ဖြစ်ရသည်။ တစ်မနက်ခင်းလုံး သူ ထူးဆန်းနေသည်။
သူ သိသော နေသူရိန်မင်းခန့်ဟာ ဒီလို လူမျိုး မဟုတ်။
သူ သိသော နေသူရိန်မင်းခန့်ဟာ . . . ။
"ဘယ်လို သိပါလိမ့်"
နေသူရိန်မင်းခန့် ပခုံး တွန့်လိုက်သည်။
"တစ်ယောက်ယောက် ပြောဖူးတာများလား"
ဝေယံ အသာအယာ ပြုံးမိသည်။
ယခုမှ နေသူရိန်မင်းခန့်၏ ယခင် ပုံစံ ပြန်ဖြစ်သွားတော့သည်။
ဘဝကြီးက အထင်နှင့် အမြင် တခြားစီ ဆိုပေမယ့် သူ သိထားသော ပုံစံလေး အတိုင်းပဲ နေသူရိန်မင်းခန့်ကို နေစေချင်သည်။ အတ္တကြီးတာတော့ မဟုတ်။
ကျေးဇူးပြုပြီး မပြောင်းလဲလိုက်ပါနဲ့
~•~ ~•~ ~•~
မန္တလေးမြို့ထဲ မာယာ ရောက်နေသည့် ရက်များကို ရေတွက်ကြည့်လိုက်ပါက ဒီနေ့ အပါအဝင်ဆို ရှစ် ရက် ရှိပြီ ဖြစ်သည်။
အထင်ကရ နေရာ တော်တော်များများကို လိုက်ပို့ပေးခဲ့သလို သမိုင်းကြောင်း ပေါင်းစုံကိုလည်း ရှင်းပြပေးခဲ့သည်။ မန္တလေးတောင်၊ နန်းတော်၊ ဦးပိန်တံတား စသော နေရာတွေ။ ဒီအတွက် နောက်ဆက်တွဲ ဆိုးကျိုးက အသံတောင် မထွက်ချင်တော့။
"ဒီနေ့တော့ ကုသိုလ်တော်ကို သွားမယ် ပြောတယ်၊ ကျောက်ချပ်စာတွေ အကြောင်းတော့ မမေးလောက်ဘူး ထင်ပါတယ်၊ ဟုတ်တယ်မလား စီစီ"
"ညောင် . ."
"မေးရင် ကိုကိုတော့ သေမှာပဲ"
ခုတင်ပေါ် လဲအိပ်နေရင်း သူ၏ တစ်ဦးတည်းသော ရင်ဖွင့်ဖော် ဖြစ်သည့် ကြောင်ကလေး စီစီစံနှင့် ဝေယံ စကားပြောနေသည်။ ကြောင်ငယ်လေးမှာ လူ စကား နားလည်သည့်အလား သူ ပြောသမျှကို တညောင်ညောင် အော်ရင်း ထောက်ခံနေသည်။
"မင်းပဲ ကောင်းတယ် စီစီ"
ကြောင်ငယ်လေးကို ဝေယံ ဆွဲဖက်လိုက်သည်။
သိပ် မကြာခင် ဂျပန်ကို ပြန်တော့မည် ဖြစ်သော မာယာဆူးအတွက် ဒီနေ့ လည်ပတ်မှုက နောက်ဆုံး ဖြစ်သည်။ စဉ်းစားကြည့်ပါက ဒီအတော်အတွင်း မာယာနှင့် ဝေယံ တော်တော်လေး ရင်းနှီးမှု ရခဲ့သလို နေသူရိန်မင်းခန့်နှင့်ပါ ပို၍ အနေနီးလာမိသည်။
အထူးသဖြင့် . . . ။
ပါးပြင်ကို ခပ်ဖွဖွ နမ်းတတ်သည့် နှုတ်ခမ်းတွေ။
နှာခေါင်းထိပ်က မှဲ့လေးကို သဘောကျစွာ စိုက်ကြည့်တတ်သည့် မျက်လုံးတွေ။
တစ်ခုခုဆို လက်ချောင်း ရှည်ရှည်တွေနှင့် ဆံပင်တွေကို ဖွတတ်သည့် အကျင့်တွေ။
နောက်ပိုင်း လက်ခံသွားတာပဲ မဟုတ်လား
အတွေးထဲ ကန့်လန့်ဝင်လာသော စကားသံ ခပ်တိုးတိုး။
"အား . . ၊ ရူးနေလား"
နေသူရိန်မင်းခန့် အကြောင်း တွေးမိ၍ စိတ်လွတ်ကိုယ်လွတ် အော်ဟစ်မိတာ စီစီစံပင် အမွေးများ ဖွာကာ လန့်သွားသည်အထိ။
"ဆောရီး ဆောရီး . . ၊ ကိုကို့ကလေးလေး လန့်သွားပြီ၊ လန့်အောင် လုပ်မိလို့ တောင်းပန်ပါတယ်"
ဝေယံ ကြောင်ငယ်လေးကို ပွတ်သပ်ကာ ပါးနှင့် ကပ်ထားလိုက်သည်။
"ကြောင်လောက်တောင် အခွင့်အရေး မရဘူး"
ရုတ်တရက် ထွက်ပေါ်လာသော စကားသံ။
လှည့်ကြည့်မိတော့ အခန်း တံခါးကို မှီရင်း ဝေယံနှင့် အကောင်ပေါက်ကို ပေစောင်းစောင်း ကြည့်နေသော နေသူရိန်မင်းခန့်။
"သူရိန် ဘယ် . . ဘယ်တုန်းက ရောက်နေတာလဲ"
"ကလေးလေးလို့ ပြောလိုက်ကတည်းက"
ဘွင်းဘွင်းရှင်းရှင်း ပြောလိုက်သော နေသူရိန်မင်းခန့် စကားကြောင့် သူခိုး လူမိ ဖြစ်ကာ ဝေယံ နားရွက်ဖျားများ နီရဲသွားသည်။
"အဲ့ဒါ ဘာလုပ်နေတာလဲ"
"ဟမ်၊ ဘာကို . ."
"ဒီနေ့ ကုသိုလ်တော် သွားဖြစ်ဦးမှာလား၊ ပေတိပေစုတ်နဲ့"
"ပေတိပေစုတ် မဟုတ်ပါဘူး၊ ရေချိုး ပြီးပြီ"
သန့်ပြန့်နေအောင် ဝတ်စားလာသော နေသူရိန်မင်းခန့်နှင့် ယှဉ်လိုက်ပါက အရောင် မှိန်နေတာတော့ ငြင်းမရ။
"ဒါဆိုလည်း ကြောင်နဲ့ ပလူး မနေနဲ့၊ အခုချက်ချင်း အဝတ်အစား သွားလဲ"
ပုံမှန် အချိန်သာဆို နှုတ်လန်ထိုးမိမှာ မှန်ပေမယ့် နေသူရိန်မင်းခန့်၏ ခပ်စူးစူး အကြည့်များကို ရင်ဆိုင်မိချိန်မှာ " အေး အေး " ဟုသာ ပြောမိတော့သည်။
သူ ငါ့ကို စိတ်ဆိုးနေတာလား
ဘာလို့လဲ
ဝေယံ အဝတ်အစား သွားလဲချိန် ခုတင်ပေါ် ကျန်ခဲ့သော အကောင်ပေါက်ဆီ နေသူရိန်မင်းခန့် လျှောက်သွားကာ ကုပ်မှ ဆွဲမလိုက်သည်။ ကြောင်ငယ်မှာ နာလွန်းသဖြင့် ရုန်းကန်သော်လည်း လွတ်လမ်း မရှိ။
"ဆိုင်ရှင်က ပြောတယ်၊ မင်းမှာ သုံးနှစ်သား အရွယ် အသိဉာဏ် ရှိတယ် တဲ့၊ ဒီတော့ ငါ ပြောတာ သေချာ နားထောင်၊ မင်းကို သူ့အနားမှာ ထားတာ သူ့အချစ်တွေကို လုယူဖို့ မဟုတ်ဘူး"
နေသူရိန်မင်းခန့် လက်ညှိုးနှင့် ကြောင်ငယ်လေး၏ ခေါင်းကို တွန်းပစ်လိုက်သည်။ နောက်မှ ခပ်ဆဆ တွေးရင်း သူ ပြောသည့် စကားများကို နားမလည်မှန်း သိသဖြင့် နားလည်နိုင်မည့် စကားကိုသာ ပြောလိုက်တော့သည်။
"သတိထား နေ"
ပြန်လွှတ်လိုက်ချိန် လက်ထဲမှာ အဆုပ်လိုက် ကျန်ခဲ့သော ကြောင်မွေးတွေ။ အကောင်ပေါက်က နေသူရိန်မင်းခန့် လက်မှ လွတ်တာနှင့် မှုန်နေအောင် ပြေးတော့သည်။
"သူရိန်"
"ပြော . ."
လက်မှာ ကပ်နေသည့် အမွေးတွေကို လက်ကိုင်ပဝါနှင့် သုတ်ရင်း ဝေယံ့ကို စိတ်မရှည်စွာ ထူးလိုက်သည်။
"ဟို . . စီစီစံရော၊ စောစောကလေးတင် ခုတင်ပေါ်မှာ ရှိနေသေးတာကို၊ ဘယ်ရောက်သွားလဲ သိလား"
အဝတ်အစား လဲပြီးပြီးချင်း အချစ်တော်ကို မေးနေသည့် ဝေယံ့ကြောင့် နေသူရိန်မင်းခန့် အချဉ် ပေါက်လာသည်။ သူ ကြောင် ချစ်တတ်ပါသည်။ သို့သော် ယခု အခြေအနေက သူ့အတွက် ခံပြင်းစရာ ကောင်းနေသည်။ တော်တော်လေး မျက်စိ အောက်က အပျောက် မခံနိုင်သည့် ဟန်ပန်။
"သေပြီ၊ အခုအချိန်ဆို အသားဟင်း ဖြစ်နေလောက်ပြီ"
မျက်တောင်ရှည်တွေမှာ ခိုကပ်သွားသည့် အရည်ကြည်။
မျက်ရည်လား။ မသေချာ။ နောက်တစ်ကြိမ် သေချာအောင် ကြည့်မိမှ သူ မှားသွားမှန်း နေသူရိန်မင်းခန့် သိလိုက်ရသည်။
ကြောင် တစ်ကောင်ဟာ ကြောင် တစ်ကောင် ဆိုတာထက် ပိုသော ဖြစ်တည်မှုကို ရရှိသွားချိန် ထိုကြောင်ငယ်ကို ချစ်မိသော လူ တစ်ယောက်အတွက် အတိုင်းအဆ မဲ့သော သံယောဇဉ်နှင့် တွယ်တာမှုတို့ ထင်မထားမိလောက်အောင် အမြစ် တွယ်လာတတ်သည် ဟု သူ ကြားဖူးသည်။
ကြောင် တစ်ကောင်ဟာ ဝေယံ့အတွက် ဘဝ တစ်ခု ဖြစ်နေပြီလား။ သူ့အတွက် ကြောင် တစ်ကောင်ဟာ ကြောင် တစ်ကောင် ဆိုတာထက် ပိုနေပြီလား။
"ယံ"
ပြိုလဲကျတော့မည့် ဝေယံ့ကို နေသူရိန်မင်းခန့် လက် တစ်ဖက်က ဖျတ်ခနဲ ဖမ်းဆွဲထားလိုက်သည်။
"သွား . . မထိနဲ့၊ ငါ့ကို . . ငါ့ကို လွှတ်"
ဝေယံ အသံကို ထိန်းမရတော့ဘဲ စကား မပြောနိုင်တော့သဖြင့် ရပ်ပစ်လိုက်ရသည်။
"စီစီက ဘာလို့ သေမှာလဲ၊ အရူးကောင် . . ၊ မင်းက အရူးကောင်ပဲ"
နေသူရိန်မင်းခန့် ရင်ထဲ စူးနစ်သော နာကျင်မှုကို ခံစားလိုက်ရသည်။
ယံ ငိုနေတယ်
ငါ့ကြောင့် . . ငါ့ကြောင့်
"ဟုတ်ပါတယ်၊ ကျွန်တော်က အရူးကောင်ပါ၊ အဲ့ဒါကြောင့် မငိုပါနဲ့တော့"
နေသူရိန်မင်းခန့် ဝေယံ ပခုံး နှစ်ဖက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားသည်။
"ဖယ် ဖယ် . . ၊ ငါ့ကို လွှတ်၊ မင်း အနားမှာ မနေချင်ဘူး"
ဝေယံ ဇွတ်အတင်း ရုန်း၏။ သူ လွှတ်မပေးမိ။
"သူရိန် ငါ့ကို လွှတ်ပေး . . လွှတ်ပေးပါ၊ ငါ တောင်းပန်ပါတယ်၊ ငါ့ကို အနိုင်မကျင့်ပါနဲ့"
ဝမ်းနည်း နင့်သည်းသော ဝေယံ အော်သံကြောင့် ဆုပ်ကိုင်ထားသည့် ပခုံး နှစ်ဖက်ကို နေသူရိန်မင်းခန့် ဗြုန်းခနဲ လွှတ်ပေးလိုက်မိသည်။ ဝေယံ မတ်မတ် မရပ်နိုင်တော့တာမို့ အင်အား မရှိစွာ ကြမ်းပြင်ပေါ် ထိုင်ချလိုက်ရသည်။ မျက်ရည်တွေကို လက်ခုံနှင့် ခပ်ကြမ်းကြမ်း ပွတ်တော့ နေသူရိန်မင်းခန့် ငေးကြည့်နေသည်။
နောက်တော့ သူပါ ကြမ်းပြင်ပေါ် ထိုင်ချလိုက်သည်။
ဘာမှတော့ မပြော။ နှစ်ဦးစလုံး ငြိမ်သက်နေကြသည်။
အချိန် ဘယ်လောက် ကုန်သွားသလဲ သူတို့ မသိ။ ဝေယံ မျက်စိ ရှေ့ စီစီစံ ရောက်လာသည့် အချိန်မှသာ နှစ်ဦးစလုံး အသက် ပြန်ဝင်လာတော့သည်။ ကြောင်လေးကို နေသူရိန်မင်းခန့် ချီလိုက်ချိန် ဝေယံ တစ်ချက် ရှိုက်လိုက်မိသေး၏။
"ငါ ဝမ်းနည်းတယ် သိရဲ့လား"
တုန်ခိုက်စွာ ထွက်လာသော အသံ တိုးတိုး။
"နောက်တစ်ခါ ဒီလို မပြောပါနဲ့"
"ယံ . . စီစီကို ချစ်သလောက်တောင် ကျွန်တော့်ကို မချစ်ဘူးလား"
"ဘာကို ပြောချင်တာလဲ"
နေသူရိန်မင်းခန့် ခေါင်း ယမ်းလိုက်သည်။
"သန်မာချင်ယောင်၊ အကြောတင်းချင်ယောင် ဟန်ဆောင်ထားပေမယ့် ယံ စိတ်ပျော့တယ် ဆိုတာ ကျွန်တော် သိပါတယ်၊ ကျေးဇူးပါပဲ၊ ယံ့ရဲ့ မမြင်နိုင်တဲ့ အခြမ်းကို ပြပေးလို့၊ အခု ငိုလို့ ဝပြီလား"
"နည်းနည်း . ."
"မငိုနဲ့တော့"
ဝေယံ ခေါင်းညိတ်မိသည် ထင်ပါသည်။ ဆံနွယ်တွေထဲ ခပ်ဖွဖွ တိုးဝင်လာသော လက်ချောင်းတွေ၏ အထိအတွေ့ကို ခံစားလိုက်ရသည်။
ထိုနေ့က ကုသိုလ်တော်ကို မသွားဖြစ်ခဲ့သလို နေသူရိန်မင်းခန့်လည်း အိမ် မပြန်ဖြစ်ခဲ့။
~•~ ~•~ ~•~
"ထုံးရောင်ဖြူဖြူ ပုထိုးစေတီလေးတွေ စီစီရီရီ ရှိနေတဲ့ ကုသိုလ်တော် ဘုရားကို မဟာလောကမာရဇိန် လို့လည်း ခေါ်ကြတယ်၊ မဟာမြတ်မုနိနဲ့ ဘုရားကြီးလို့ အခေါ်အဝေါ် ကွဲသလိုပေါ့၊ အရင်က ပြောဖူးပါတယ်၊ မှတ်မိတယ်မလား မမ"
"မှတ်မိတာပေါ့၊ မဟာမြတ်မုနိမှာ ရခိုင်က သယ်လာတဲ့ ကြေးရုပ်ကြီးတွေကို ကြည့်တုန်းက Yang Yang ပြောခဲ့တာလေ ဟုတ်တယ်မလား"
အကုန် အတိအကျ မှတ်မိနေသော မာယာဆူး၏ မှတ်ဉာဏ်ကြောင့် မျိုးနှင့်ရိုးနှင့် ဦးနှောက် ကောင်းသော နေသူရိန်မင်းခန့်တို့ အသိုင်းအဝိုင်းကို အထင်မကြီးဘဲ ဝေယံ မနေနိုင်။ တစ်ခါ ပြောရုံနှင့် စွဲနေအောင် မှတ်ထားသည်။
"ကုသိုလ်တော် ဘုရားကို ကမ္ဘာ့ အကြီးဆုံး စာအုပ်ကြီးလို့ လူထု ဒေါ်အမာက တင်စားခဲ့တယ်၊ ဘာကြောင့်လို့ ထင်လဲ မမ"
"ကုသိုလ်တော် ဘုရားမှာ ရှိနေတဲ့ များပြားလှတဲ့ ကျောက်စာ ချပ်ရေတွေကြောင့် ဖြစ်မယ်၊ မမ စဉ်းစားရသလောက်တော့ ဖြစ်နိုင်ခြေက ဒီတစ်ခုပဲ ရှိတယ်"
မာယာက ဖုန်း စခရင်လ်မှာ ပေါ်နေသည့် ထုံးရောင်ဖြူဖြူ စေတီတွေကို ကြည့်ရင်း ခပ်ဆဆ ပြောလာသည်။
အခု သူတို့ ရောက်နေသော နေရာက လေဆိပ်ထဲရှိ ထွက်ခွာရာ ဟောခန်းကြီး အနားက ခုံတန်း တစ်ခုမှာ ဖြစ်သည်။ နောက်ဆုံး ခရီးစဉ် ပျက်သွားတာမို့ အားနာလှသော ဝေယံက မာယာ၏ အိမ်ပြန် ခရီးအတွက် သူမ မိသားစုနှင့် အတူ လေဆိပ်အထိ တကူးတက လိုက်ပို့သည်။
လေဆိပ် ရောက်ချိန် အချိန် ရှိသေးတာမို့ ကုသိုလ်တော် ဘုရား သမိုင်းကြောင်းကို ပြောပြပေးဖို့ ဝေယံ့ကို မာယာ တောင်းဆိုလာသည်။
ဂျပန် လူမျိုးတွေ၏ အတုယူဖွယ် ကောင်းသော လုံ့လပင်။ တစ်ခုခုကို စတင်ပြီးပါက ရေဆုံး၊ မြေဆုံး လုပ်ဆောင်တတ်သော အားကျဖွယ်ရာ အပြုအမူ တစ်ခုပဲ ဖြစ်သည်။
"မမ ပြောတာ မှန်တယ်၊ ဒီကုသိုလ်တော် ဘုရားက အရမ်း ထူးခြားပြီး ဖွဲ့စည်းမှု ကောင်းတဲ့ ဘုရား ဖြစ်သလို ဝိနည်း ငါး ကျမ်း၊ ကျောက်ချပ်ရေ တစ်ရာ့ တစ်ဆယ့်တစ် ချပ်၊ အဘိဓမ္မာ ခုနစ် ကျမ်း၊ ကျောက်ချပ်ရေ နှစ်ရာ့ ရှစ် ချပ်၊ သုတ္တန်ပါဠိတော် ကျောက်ချပ်ရေ လေးရာ့ တစ်ဆယ် ချပ် အသီးသီး ရှိတယ်၊ ပြီးတော့ ကျောက်စာ တစ်ချပ်ချင်းစီကို စေတီတွေ ငုံပြီး စုစုပေါင်း ကျောက်စာရုံ စေတီ ခုနစ်ရာ့ နှစ်ဆယ့်ကိုး ဆူအဖြစ် တည်ထားတာ"
"မှတ်သားစရာပဲ၊ ဆက်ပြောပါဦး"
"ဒီကျောက်စာချပ်တွေက ဗုဒ္ဓဘာသာဝင်တွေအတွက် တန်ဖိုးထားစရာ ပိဋကတ်တော်တွေ ဖြစ်သလို . . တစ်ဆယ့်ကိုး ရာစုခေတ် မြန်မာ နိုင်ငံတော်ရဲ့ သမိုင်းနဲ့ ယဉ်ကျေးမှုတွေကို ထင်ဟပ် ဖော်ပြနေတယ်လို့ စာအုပ်ထဲမှာ တွေ့ရတယ်"
ဓာတ်ပုံတွေကို လက်ညှိုးနှင့် တောက်ကာ တစ်ပုံချင်း မာယာ ကြည့်နေရင်းမှ တစ်နေရာ အရောက် ရပ်သွားသည်။
"အဲ့ . . Yang Yang၊ ဒါ . . ဘာအပင်လဲ"
သူမ ပြလိုက်သည့် ဓာတ်ပုံထဲက အပင်ကြီးဟာ ကုသိုလ်တော် ဘုရား၏ ပြယုဂ် ဖြစ်သည်။
"အဲ့ဒါ . . ခရေပင်လို့ ခေါ်တယ် မမ၊ နှစ်သက်တမ်း တစ်ရာ ကျော်လောက်တော့ ရှိပြီ"
"ခရေ . ."
အပင် နာမည်ကို မြန်မာလို ပြောလိုက်မိ၍ မာယာ နားမလည် ဖြစ်သွားသည်။ သို့ရာတွင် အလိုက်သိလွန်းသော ဝေယံက ထပ်မံ ရှင်းပြပေးသည်။
"အင်း . . ခရေ၊ Star Flower လို့ ခေါ်တယ်"
"အာ . . အဲ့ဒီပန်းလား၊ မမ သိတာပေါ့၊ သိပ် မွှေးတာ"
ထိုအချိန် သူမ နာမည်ကို အသံချဲ့စက်မှ ကြားလိုက်ရသည်။ လေယာဉ် ထွက်တော့မည် ဖြစ်၍ အမြန်ဆုံး လာရန် အသိပေးနေခြင်း ဖြစ်သည်။
"မမ နာမည် ခေါ်နေပြီ၊ သွားရတော့မယ်၊ Aka သွားပြီနော်"
တစ်ချိန်လုံး ဘေးမှာ ငြိမ်ကာ ထိုင်နေသော နေသူရိန်မင်းခန့်။ မာယာ နှုက်ဆက်လာတာနှင့် " မြန်မြန် ကြွ " ဟူ၍ ဂျပန်လို ပြန်ပြီး နှုတ်ဆက်သည်။ မောင်နှမတွေ သိပ် ချစ်လွန်းသည် ထင်ပါ၏။
"Yang Yang သွားတော့မယ်နော်"
"ဟုတ်၊ သတိရနေမယ် မမ"
ဝေယံ၏ ချစ်စဖွယ် စကားကြောင့် ပါးပြင်ကို ခပ်ဖွဖွ ဖဲ့ရန် ပြင်လိုက်ချိန် နေသူရိန်မင်းခန့်က တွန့်တိုစွာ အစ်မဖြစ်သူ၏ လက်ကို ဖမ်းဆွဲလိုက်သည်။
မာယာက မအံ့သြ။
အကဲပိုသည် ဆိုသော အကြည့်နှင့်သာ ကြည့်သည်။
နောက်တော့ ခန္ဓာကိုယ်ကို နိမ့်ရင်း ဝေယံ အနား ကပ်ကာ နေသူရိန်မင်းခန့် မကြားနိုင်သော လေသံနှင့် စကား တစ်ခွန်း ပြောလိုက်သည်။ မာယာ စကားက ဝေယံ၏ နှလုံးသားကို တုန်လှုပ်စေကာ ပါးပြင်ပေါ် ဆာကူပန်းတွေ လှိုင်လှိုင် ပွင့်သွားစေ၏။
မာယာ ဝေယံ့ကို ဘာများ ပြောလိုက်ပါလိမ့်။
~•~ S U N ~•~
16 / September / 2019
10 : 00 PM