"Ma ကွန်နိချိဝ"
"နေမင်း အသေးလေးပါလား၊ မင်္ဂလာပါ သားရေ၊ သားယံဆီ လာတာလား"
"မဟုတ်ဘူး၊ သားက Ma ဆီကို လာတာ"
ဝေယံနှင့် ခင်ခင်မင်မင် ဖြစ်လာပြီး နောက်ပိုင်း နေသူရိန်မင်းခန့် တစ်ယောက် ဝေယံတို့ အိမ်ကို တစ်နေ့ တစ်ခေါက် ပုံမှန် ရောက်သည်။ ကစားဖို့ ဖြစ်ဖြစ်၊ စာ လုပ်ဖို့ ဖြစ်ဖြစ် ဝေယံ အိမ်ကို လာရန် အကြောင်းပြချက် တစ်ခု သူ့မှာ အမြဲ ရှိသည်။
နေမင်းလေး အကြောင်းကို ယခင်ကထက် ပို သိလာသော ဒေါ်စန္ဒာခင်ကလည်း အိမ်ကို လာလည်တိုင်း ဖော်ရွေစွာ ကြိုဆိုမြဲ ဖြစ်သည်။
အလုပ် များပြီး အချိန် မပေးနိုင်သော ဖခင်နှင့်၊ ဂျပန်နှင့် မြန်မာကို ကူးလူးခေါက်ပြန် သွားတတ်သော မိခင်ကြောင့် ဂရုစိုက်ခံရမှု နည်းသော နေသူရိန်မင်းခန့်ဟာ စံအိမ်ကြီးမှာ တစ်ယောက်တည်း နေရသည်။
အစစ အရာရာအတွက် အစေခံများက လုပ်ပေးကြမည်ကို သူမ သိပေမယ့် ရှစ် နှစ် အရွယ် ကလေးလေး တစ်ယောက်အတွက် မိဘ စောင့်ရှောက်မှု လိုအပ်သည် ဟု ဒေါ်စန္ဒာခင် ထင်မိသည်။
ထို့အတွက် သား တစ်ယောက်တည်း ဖြစ်နေမှာကို စိုးရိမ် ပူပန်စရာ မလိုအောင်၊ နေမင်းလေးလည်း တစ်ယောက်တည်း မဖြစ်ရအောင် နေသူရိန်မင်းခန့်ကို ဝေယံ၏ ညီလေး ဖြစ်စေပြီး သားအရင်း တစ်ယောက်လို ဂရုစိုက်ပေးခဲ့သည်။
အကြောင်း သိသော လူလည်လေးကလည်း ဒေါ်စန္ဒာခင်ကို တော်တော်လေး ခင်တွယ်ရှာသည်။ Ma လို့ အမြဲ ခေါ်ကာ ပါးစပ်ကပင် မချတော့။
"ငချွဲကောင်၊ သူများ အမေကို . ."
စာဖတ်ခန်းထဲမှ ထွက်လာသော ဝေယံက မိခင်ကို ကပ်ချွဲနေသော နေသူရိန်မင်းခန့်ကို တွေ့တာနှင့် လှမ်းဖဲ့သည်။ ယခု နောက်ပိုင်း သူတို့ နှစ်ယောက် ရင်းနှီးလာကြပြီ ဖြစ်သည်။
"သူများ အမေ မဟုတ်ပါဘူး၊ ယံရဲ့ အမေလေ၊ ယံ့အမေ ဆိုတော့ ကျွန်တော့်အမေနဲ့ အတူတူပဲပေါ့ မဟုတ်ဘူးလား Ma"
နေသူရိန်မင်းခန့်က ဒေါ်စန္ဒာခင် ခါးကို ဖက်ရင်း တမင် လုပ်ယူထားသော ချစ်စရာ မျက်လုံးလေးများနှင့် မော့ကြည့်ကာ တပ်ကူ ခေါ်သည်။
"ဟုတ်ပါတယ်ရှင်၊ ဟုတ်ပါတယ်"
နှာတံနှင့် မျက်ခုံး၊ မျက်လုံးတွေဟာ မြန်မာဆန်သလို ရှိပေမယ့် တည်ကြည် လှပသော မျက်ခွံကလေးတွေ အောက်က မျက်စံ နက်နက်များဟာ ကြည်လင် သန့်စင်ပြီး ဂျပန် ကောင်လေးနှင့် တူစေတာကို ဒေါ်စန္ဒာခင် သတိထားမိလိုက်သည်။
ပြုံးရယ်လိုက်ပါက နီညိုရောင် သန်းချင်သော နှုတ်ခမ်းငယ် ဘေးက လခြမ်းကွေး နှစ်ခုကလည်း မျက်စိ မလွှဲနိုင်အောင်အထိ ဆွဲဆောင်လွန်းလှသည်။ အဂတိကင်းစွာ ပြောရပါက ချောကို ချောပါသည်။
နေသူရိန်မင်းခန့်သည် သူမ သားလို မဟုတ်။ အရွယ်နှင့် မလိုက်အောင် အရပ် မြင့်သည်။ ခန္ဓာကိုယ် ဖွဲ့စည်း တည်ဆောက်ပုံ ကောင်းပြီး သန်မာ ဖွံ့ထွားသည်။ ဖြူဖြူသွယ်သွယ် ခပ်မြင့်မြင့် ကိုယ်လုံးကလေးက ယခုဆို သူမ သားကို မော့ကြည့်နိုင်အောင်အထိ စွမ်းဆောင်နေပြီ။ သားဖြစ်သူကို စနောက်ရင်း စကားနိုင်လုနေသည့် နေသူရိန်မင်းခန့်ကို လှမ်းကြည့်ကာ ဒေါ်စန္ဒာခင် ခပ်ထွေထွေလေး ပြုံးလိုက်မိသည်။
"မေ . . သားနဲ့ သူရိန်၊ ဘယ်သူ့ကို ပို ချစ်လဲ"
"ဟောတော့ . ."
နေသူရိန်မင်းခန့်နှင့် ဝေယံ၏ စကားနိုင်လုပွဲက မီးဖိုခန်းက သူမဘက်သို့ မြားဦး လှည့်လာသည်။
စတွေ့ကတည်းက ယခုအချိန်အထိ ဘုနှင့်ဘောက် ဖြစ်နေသော သား နှစ်ယောက် အကြောင်းကို ဒေါ်စန္ဒာခင် အသိဆုံး ဖြစ်သည်။ သူမ အဖြေကြောင့် သူတို့ကြားက ဆက်ဆံရေးကို ပို မဆိုးစေချင်။
"မေကတော့ သားတို့ နှစ်ယောက်စလုံးကို အတူတူ ချစ်တာပါပဲ၊ ဘယ်သူ့ကိုမှ ပိုတယ် . . လိုတယ်လို့ မရှိပါဘူး သားယံရဲ့"
"ဒါဆို မေ လွန်တာပေါ့"
"အို . ."
သား အပြောကြောင့် သူမ အာမေဋိတ် တစ်လုံးသာ ထွက်နိုင်တော့၏။
"သားက မေ့သားအရင်းလေ၊ သူရိန်က မေ့သားမှ မဟုတ်တာ၊ နှစ်ယောက်စလုံးကို အတူတူ ချစ်တယ် ဆိုတော့ . . မေ့စကားက သူရိန်ကို ပို ချစ်တယ်လို့ ပြောတာနဲ့ အတူတူပဲ"
ဝေယံက ဒေါ်စန္ဒာခင် အလိုလိုက်ထားလို့လား မသိ။ မိခင်နှင့် ပတ်သက်ပါက ဆိုးချင်သည် ဟု နေသူရိန်မင်းခန့် ထင်သည်။
"ယံရာ . . မိဘ မေတ္တာမှာ ပို ချစ်တယ်လို့မှ မရှိဘဲ၊ မေတ္တာမှာ ယံရယ်၊ ကျွန်တော်ရယ်၊ အေးချမ်းစေချင်တဲ့ Ma ရဲ့ အချစ်ရယ်ပဲ ရှိတယ်၊ တကယ်လို့ ပို ချစ်တယ် ဆိုရင်တောင် အဲ့ဒီလူက ယံပဲ ဖြစ်မှာ သိရက်သားနဲ့ . ."
"အေး"
အနိုင်အရှုံး မြင်ရသော ကစားပွဲမှာ ပါးနပ်သူပီပီ တစ်လုံးတည်းသော ဝစီကို သုံး၍ ခံစားချက်ကို ဖုံးကွယ်သည်။ သေချာတာ တစ်ခုက သူ ပြုံးသွားပါသည်။
အံ့သြစရာ တစ်ခုကို နေသူရိန်မင်းခန့် တွေ့လိုက်ရသလို။
ပြုံးရယ်ခဲသော နှုတ်ခမ်းဖူးလေးက
သူ ထင်ထားခဲ့သလို အသည်းပုံ သဏ္ဌာန်ငယ် ဖြစ်သွားသည်။
ပင်ပင်ပန်းပန်း ဖန်တီးထားခြင်း မရှိသော စကားလေး တစ်ခွန်းနှင့်တင် ဝေယံ ပြုံးသွားသည်။ အတွေးနှင့် အတူ ဒေါ်စန္ဒာခင်ကို ဝေယံ အတော်လေး ချစ်ကြောင်း နေသူရိန်မင်းခန့် အသိအမှတ်ပြုမိသည်။
' စာအုပ် အဖုံးကို ကြည့်ပြီး စာအုပ် ကောင်း မကောင်း မဆုံးဖြတ်နဲ့ ' ဆိုသော စကားအတိုင်း ဝေယံ ပုံစံက အပြင်ပန်းမှ ကြည့်ပါက အေးစက်စက်နှင့် ခံစားချက် မရှိသူလို့ ထင်ရနိုင်သည်။ တကယ်တမ်း ဝေယံက အချစ်ကြီးကာ တွယ်တာတတ်သူ ဖြစ်သည်။
သူ့ကိုလည်း အပြင်ပိုင်းမှာ မကြည်ဖြူသလို လုပ်နေပေမယ့် မမြင်နိုင်သည့် အတွင်းစိတ်မှာတော့ သံယောဇဉ် တွယ်စပြုနေပြီ ဆိုတာ နေသူရိန်မင်းခန့် ကောင်းကောင်းကြီး သိသည်။
မာန အခံကြောင့်သာ တော်ရုံ စကား မပြောဘဲ နေမည်။ အတင်း လိုက်ကပ်လျှင်တော့ ယခင်လို ရန်မလိုတော့။ လိုလိုလားလား လက်ခံပေးလာသည်။ ထို့ကြောင့် ငယ်ငယ်ကလို ခပ်ခွာခွာ မဟုတ်တော့ဘဲ ဝေယံ့ ဘေးနားမှာ နေသူရိန်မင်းခန့် အချိန်တိုင်း ရှိနေတာကို မကြာခဏ တွေ့လာရသည်။
"ယံ"
"ရှူး . ."
မည်းနက်နေသော စန္ဒရားကြီးက စာဖတ်ခန်းထောင့်မှာ ခန့်ညားစွာ ရှိနေသည်။ စန္ဒရား တစ်ခုလုံးကို အမြဲစိမ်း စံကားဖြူ အသားနှင့် ပြုလုပ်ထားသဖြင့် ပတ်ဝန်းကျင် တစ်ခုလုံး သင်းပျံ့ မွှေးထုံလျက် ရှိကာ အိပ်မက်ဆန်နေသည်။
ပြန်မပိတ်ရသေးသော တံခါးမကြီးကြောင့် မယ်လိုဒီ နုတ်လ်တွေကို စိတ်ဝင်တစား ကျက်မှတ်နေသော ဝေယံ မျက်နှာပေါ်သို့ နေရောင်ခြည် တချို့ ဖြာကျသွားသည်။
တစ်ခဏ . . . ။
တစ်ခဏလောက် ငေးကြည့်မိသည် ထင်ပါ၏။
အသိ ပြန်လည်ချိန် တံခါးကို အသံ မထွက်အောင် သတိထား ပိတ်ပြီး ကဗျာဆန်အောင် တောက်ပနေသော စန္ဒရားကြီးဆီ နေသူရိန်မင်းခန့် လျှောက်သွားကာ ဝေယံ့ ဘေးမှာပဲ ဝင်ထိုင်လိုက်သည်။
အဖြူနှင့် အနက်ရောင် စန္ဒရား ခလုတ်များက လှနိုင်လွန်းပေမယ့် သူ့ကို ခပ်တိုးတိုး နေရန် နှုတ်ခမ်းပေါ် လက် တင်၍ ဟန့်တားလိုက်သော ဝေယံ၏ လက်ချောင်းများ အလှကိုတော့ မီနိုင်မယ် မထင်မိ။
သံစဉ်များကို စတင် တီးခတ်ရန် အာရုံ စုစည်းသည့်အနေနှင့် လက်ချောင်းထိပ် အားလုံးကို ထိစပ်ကာ မျက်လုံးများကို ဝေယံ မှိတ်လိုက်သည်။ စန္ဒရား ခလုတ်များအပေါ် လက် နှစ်ဖက် တင်လိုက်သည့်အခါ အိမ်စာအဖြစ် လေ့ကျင့်ရမည့် Frederic Chopin ၏ Minute Waltz တေးသွားက ခပ်မြန်မြန် ထွက်ပေါ်လာသည်။
တေးသွားထဲ စိတ်နှစ်ကာ တီးခတ်နေပေမယ့် ပုံမှန်ထက် ခက်ခဲပြီး တီးကွက်စိပ်စိပ်နှင့် ရှုပ်ထွေးလှသော ဂီတ နုတ်လ်တွေကြောင့် အစမှာတင် ဝေယံ ဆက်မတီးနိုင်တော့။ လက် ချော်ကာ သံစဉ် ပျက်သွားသည်။
"ကျွတ် . ."
စိတ်ပျက်စွာ ညည်းတွားရင်း စန္ဒရား ခလုတ်တွေကို ခပ်ကြမ်းကြမ်း ဖိပစ်လိုက်သည့်အခါ ကီးကြောင်သည့် သံစဉ် အချို့ အခန်းငယ်အတွင်း တုန်ခါသွားသည်။
"ယံ ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်နေတာလား"
"ဘာလို့လဲ"
"ဒေါသထွက်တဲ့အခါ ဒါမှမဟုတ် စိတ်ရှုပ်တဲ့အခါ . . နှုတ်ခမ်းကို ဖိကိုက်လေ့ ရှိတယ်လေ"
ခံစားချက်တွေကို ပိရိစွာ ဟန်ဆောင်နိုင်ပေမယ့် ဒီလို ခန္ဓာကိုယ်က စိတ်ထွက်ပေါက်အဖြစ် လုပ်ဆောင်ပေးသော အပြုအမူ သေးသေးလေးကိုတော့ ဝေယံ မဖုံးကွယ်နိုင်သေး။ ထို့ကြောင့် နေသူရိန်မင်းခန့် ရိပ်မိခြင်း ဖြစ်သည်။
"အေး . . ဟုတ်တယ်၊ တစ်ပတ်လုံး လေ့ကျင့်နေပေမယ့် အခုအချိန်ထိ Minute Waltz ကို ငါ မတီးနိုင်သေးဘူး၊ တော်တော် အသုံးမကျတဲ့ ကောင် ဖြစ်နေပြီ"
"စန္ဒရား တီးတယ် ဆိုတာ ပျော်ရွှင်ဖို့လေ၊ ဘာလို့ ဖိအားတွေ ထားနေတာလဲ"
"ငါ့အတွက် အပျော်သက်သက် မဟုတ်ဘူး"
ဝါသနာကြောင့် မဟုတ်ဘဲ ဖခင်ကြောင့် သင်ယူရသည့် စန္ဒရား ပညာဟာ ဝေယံ့အတွက် လုံးဝ အပျော်သက်သက် မဟုတ်။
"ဂီတ ဆိုတာ စိတ်ပျော်ရွှင်ဖို့အတွက်ပဲ၊ ခဏလောက် စိတ်လျော့စမ်းပါ ယံရာ၊ ဒီလို စိတ်နဲ့ ဘယ်လိုများ စန္ဒရား တီးနေတာလဲ"
"ဒါဆို မင်း တီးပြမလား၊ ငါ့ကို . ."
အကောင်း မေးခြင်းတော့ မဖြစ်တန်ရာ။
"အင်း . . ၊ တီးပြမယ်"
ဝေယံ နှစ်ခါ မမေးလိုက်ရ။ နေသူရိန်မင်းခန့် လက်ချောင်းတွေကို စန္ဒရား ခလုတ်များအပေါ် တင်လိုက်ပြီ ဖြစ်သည်။
လေလှိုင်းထဲမှာ ခပ်မြန်မြန် ထွက်လာသည့် Minute Waltz တေးသွား။ ဝေယံ မျက်လုံး ပြူးကာ နေသူရိန်မင်းခန့်ကို စိုက်ကြည့်မိသည်။
သွယ်လျသော လက်ချောင်းရှည်တွေဟာ အမှား ကင်းစင်စွာ စန္ဒရား ခလုတ်များအပေါ် ပြေးလွှား ကခုန်နေကြသည်။ ချယ်ရီရောင် သန်းနေသော လက်သည်းခွံများနှင့် အနားသတ်ထားသော လက်ချောင်းတွေသည် တေးသွားများနှင့် လိုက်ဖက်စွာ ရှိလှ၏။ တိတ်ဆိတ်နေသော အိမ်ကြီးထဲ သာယာလှသော သံစဉ်များက လေတိုးသံ တစ်ခုပမာ တစိမ့်စိမ့် ပျံ့နှံ့လာသလို ဝေယံ၏ နှလုံးသားကိုပါ ရိုက်ခတ်နိုင်စွမ်း ရှိ၏။
သံစဉ် ပြီးသွားသည်အထိ ဝေယံ အသက်ရှူဖို့ မေ့နေသည်။ သူ့ဘဝမှာ စန္ဒရားကို ဒီလောက်အထိ ပိုင်နိုင် ကျွမ်းကျင်စွာ တီးခတ်နိုင် သူကို မတွေ့ဖူးသေး။ တီးသွားတာ တကယ်ပင် စန္ဒရား ပညာရှင် တစ်ယောက်လို။
ဟုတ်သား။
နေသူရိန်မင်းခန့် မိခင်သည် ကမ္ဘာကျော် ဝါရင့် ဂီတ ပညာရှင် တစ်ယောက် ဖြစ်ခဲ့ဖူးသည်။ ထိုအောင်မြင်မှုကို သူ မေ့နေ၏။
"အရမ်း မိုက်တယ်၊ သူရိန် . . မင်း အရမ်း တော်တာပဲ၊ မိုက်တယ်လို့ ပြောရမှာထက်ကို ပိုတယ်၊ ဒါကို ဘယ်လို ပြောရမှန်းတောင် ငါ မသိတော့ဘူး"
"ရှားရှားပါပါး အကြောတင်းလေးဆီက ချီးကျူးခံရတာပဲ"
ဒေါ်စန္ဒာခင် ကိုယ်တိုင် ချစ်စဖွယ် ပေးထားသော နာမည်ပြောင်ကို စတော့ အရှက်သည်းစွာ နဂါး မျက်စောင်းတို့ကို ပစ်လွှတ်သည်။
"ယံ . . လက်တွေ ခဏ ပြ"
"ဘာလုပ်ဖို့ . . လဲ"
ထပ်တူညီစွာ ပူးကပ်သွားသည့် လက်ဖဝါး နှစ်ခု အတိုင်းအတာအတွင်း ခေါင်းထဲ ရောက်လာသော အတွေး တစ်ခုက ဝေယံ့ကို ရုတ်တရက်ကြီး ခံပြင်းသွားစေသည်။ သူ့လက်တွေက နေသူရိန်မင်းခန့် လက်များထက် မဆိုသလောက်လေး ပို တိုကာ သေးနေသည်။
"လက်ချောင်းတွေက သေးတာပဲ"
ဝေယံ ချက်ချင်းပဲ လက်တွေ ပြန်ရုပ်ကာ နေသူရိန်မင်းခန့်ကို စူးစိုက် ကြည့်လိုက်သည်။
"ပြဿနာက လက်တွေကြောင့်တော့ မဟုတ်ဘူး၊ နှလုံးသားကြောင့် တီးဖို့ ခက်ခဲနေတာ"
"နှလုံးသားကြောင့် . ."
သူ့အတွက် ခပ်ကြောင်ကြောင် စကားလုံးပင်။
"အင်း . . ၊ ပြီးတော့ ဒီနုတ်လ်တွေကို မှတ်မနေနဲ့၊ ခေါင်း ရှုပ်တယ်"
"ဟေ့ကောင်"
စန္ဒရားပေါ်ရှိ ဆင်စွယ်ရောင် ဂီတနုတ်လ် စာရွက် အားလုံးကို နေသူရိန်မင်းခန့် လေထဲ ဝဲပစ်လိုက်သည်။ ဝေယံ လိုက်ဆွဲတာတောင် မမီလိုက်။
"ကျွန်တော် ပြောတာ ယုံ . ."
ဘဝ ဆိုတာ စန္ဒရား တစ်ခုနှင့် တူသည်။ အဖြူရောင် ခလုတ်တွေက ပျော်ရွှင်စရာ အခိုက်အတန့် ဖြစ်ပြီး အနက်ရောင် ခလုတ်တွေကတော့ ဝမ်းနည်းစရာ အခိုက်အတန့် ဖြစ်သည်။ သို့ရာတွင် ခလုတ် နှစ်ခုစလုံးကို ပြိုင်တူ တီးလိုက်ချိန်မှာတော့ သာယာနာပျော်ဖွယ် သံစဉ်တွေ ထွက်ပေါ်လာတတ်သည်။
ဝေယံ့ ဘဝအတွက်ရော
နေသူရိန်မင်းခန့်က ဘာအရောင်နှင့် ခလုတ်လေး ဖြစ်မလဲ။
ငါ မင်းကို ယုံသင့်ရဲ့လား
~•~ ~•~ ~•~
ဧပြီလ၏ ပထမဦးဆုံး နေ့ရက်ဟာ ဝေယံ့အတွက် အံ့သြခြင်းတွေကို ယူဆောင်လာပေးသည်။
ဖဲကြိုး အပြာနှင့် လှလှပပ ထုပ်ပိုးထားသော လက်ဆောင်ဘူးလေးက ခြံ ရှေ့မှာ ပိုင်ရှင်ကို စောင့်နေသည့် ပုံစံနှင့် တလက်လက် တောက်ပနေသည်။
ပို့စ်ကတ်မှာ ရေးထားတာက . . .
'ဖြတ်သန်းရမယ့် နေ့ရက်တွေက ရှည်လျားတယ်၊ အတူတူ ဆော့ကစားနိုင်မယ့် သူကို ရှာယူပါ ' တဲ့။
မနေ့ကထိ ပုံမှန်အတိုင်း ဖြတ်သန်းနေသော ဝေယံ၏ နေ့ရက်တွေက လက်ဆောင်ဘူးကို ဖွင့်ပြီးပြီးချင်း တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားသည်။
"ချစ်ဖို့ကောင်းလိုက်တာ"
ဘူးငယ်ထဲမှာ ရှိနေသည့် အဖြူနှင့် အနက်ရောင် ရောစပ်ထားသော အမွေးပွ ကြောင်ကလေးက တကယ်ကို အူယားစရာ။ အနက်ရောင် အစင်းများနှင့် ဝဝကစ်ကစ် ပုံစံလေးက ဝေယံ မျက်လုံးထဲ ဘယ်လို ချစ်စရာကောင်းမှန်း မသိ။ နောက်ပြီး အထီးကလေး ဖြစ်သည်။
ကြောင်ငယ်လေးကို ချီယူရင်း တစ်စုံတစ်ယောက် မေးခဲ့ဖူးသော စကား တစ်ခွန်းကို ဝေယံ သတိရသွားသည်။
"ယံ ကြောင် ချစ်တတ်လား"
ထိုမေးခွန်းအတွက် အဖြေ ပေးခဲ့သလား သူ မမှတ်မိ။ သို့ရာတွင် မျက်လုံး ဝိုင်းဝိုင်းလေးနှင့် " ညောင် ညောင် " ဟု ချစ်စရာ ကောင်းအောင် အော်နေသော ကြောင်ကလေးကတော့ ဝေယံ ကြောင် ချစ်တတ်ကြောင်း သက်သေပြလို့ နေလေသည်။
"မွေးနေ့ လက်ဆောင်ကို သဘောကျရဲ့လား"
နောက်ကျောဘက်မှ ထွက်ပေါ်လာသော အသံ ပိုင်ရှင်ကို လှည့်ကြည့်စရာ မလို။ ဂျပန်ဟန် ရောစွတ်နေသော လေယူလေသိမ်းကြောင့် ဘယ်သူမှန်း သိလိုက်ပြီ။
"အင်း၊ အများကြီး သဘောကျတယ်"
"အကောင်ပေါက် နာမည်က စီစီစံတဲ့၊ သူ့ကို ဂျပန်က ဝယ်လာတာ"
နွေဦး ကျောင်းပိတ်ရက်မှာ မွေးရပ်မြေ ဂျပန် နိုင်ငံကို သွားထားတာ ထင်သည်။ နေသူရိန်မင်းခန့် အသားတွေ ပို ဖြူလာကာ ပါးပြင်များက ပန်းရောင်သွေးကလေး သန်းနေသည်။
"ဂျပန်က ကြောင်လေးပေါ့၊ ဒါဆို ဒိုရေမွန်ပဲ"
နေသူရိန်မင်းခန့် သဘောကျစွာ ပြုံးမိသည်။
အကြောတင်းချင်ယောင် ဟန်ဆောင်ထားပေမယ့် တကယ်တမ်း ကလေးဆန်နေသော ဝေယံ ပုံစံက သူ လက်ဆောင် ပေးထားသော ကြောင်ကလေးထက်ပင် ပို၍ ချစ်ဖို့ကောင်းနေသည်။
"ဒါနဲ့ . . ဂျပန်လို ကျေးဇူးတင်ပါတယ်ကို ဘယ်လို ပြောရလဲ"
ဝေယံ ရင်ခွင်ထဲက ကြောင်ငယ်လေးကို ခပ်ဖွဖွ ပွတ်သပ်ရင်း နေသူရိန်မင်းခန့်ကို မေးလာသည်။
"ကျေးဇူးတင်ပါတယ်ကိုလား"
"အင်း၊ ဒီချစ်စရာ ကြောင်ငယ်လေး ဝယ်ပေးတဲ့ မင်းကို . . ဂျပန်လို ကျေးဇူးတင်ပါတယ်လောက်တော့ ပြောသင့်တယ် မဟုတ်လား"
ဝေယံ စကား ဆုံးတာနှင့် နေသူရိန်မင်းခန့် ခေါင်းထဲ အတွေး တစ်ခု ဖျတ်ခနဲ လင်းသွားသည်။
"ဒါပေါ့၊ ပြောသင့်တာပေါ့၊ ကျေးဇူးတင်ပါတယ်ကို ဂျပန်လို စုခိဒဲ့စုလို့ ပြောတယ်"
"ဟမ် . . ဟုတ်လို့လား၊ ငါ ကြည့်ဖူးတဲ့ ကာတွန်းတွေထဲမှာ အဲ့ဒီလို မပြောပါဘူး"
"ယံက ကျွန်တော့်ကို မယုံလို့လား"
"အဲ့ဒီလို မဟုတ်ပါဘူး"
"ဒါဆို ကျွန်တော် ပြောသလို လိုက်ပြောကြည့်၊ စု ခိ ဒဲ့ စု"
"စု ခိ ဒဲ့ စု . . ၊ မှန်လား"
ကမ္ဘာကြီး တစ်ခုလုံး ဗြုန်းခနဲ ရပ်တန့်သွားသလို။ သူ ပြောခိုင်းသလို တစ်လုံးချင်း ပီပီသသ လိုက်ပြောနေသော ဝေယံ၏ စကားသံသာ နားထဲ ပဲ့တင်ထပ်လို့ နေသည်။
"ယံက တော်လိုက်တာ၊ နောက်တစ်ခေါက် ထပ်ပြောပါဦး"
ထပ်ပြောဖို့ တောင်းဆိုမိသည်။
သူ သိပ် လောဘကြီးသွားသလား။
"စုခိဒဲ့စု"
ကြည်နူးမှုက ရင်ထဲအထိ လှိုက်တက်လာသည်။ နေသူရိန်မင်းခန့် ဟန်မဆောင်နိုင်တော့။ ရှေ့က ဖြူစင်လွန်းသည့် ကောင်လေးကို ဆွဲဖက်လိုက်သည်။ Lily Of The Valley ရနံ့က နှာဖျား အနီး တိုးဝင်လာ၏။
ဒီကိုယ်သင်းနံ့လေး သိပ် လွမ်းနေတာ
Hanami လို့ ခေါ်သော ပန်းကြည့်ပွဲအတွက် ဂျပန် နိုင်ငံကို နေသူရိန်မင်းခန့် သွားရပေမယ့် ဂျပန်မှာ ရှိနေသည့် တစ်ချိန်လုံး ဝေယံ့ကို သူ သတိရနေခဲ့သည်။
"ဘာလုပ်တာလဲ"
တွန်းဖယ်တော့မည် ဟု ထင်လိုက်ပေမယ့် အံ့သြစရာ ကောင်းစွာ ကြည်ကြည်ဖြူဖြူ ပွေ့ဖက်ခံသည်။ ဝေယံ့ လက်တွေနှင့် ပြန်မဖက်တွယ်ပေမယ့် ရုန်းကန်မှု မရှိခြင်းအပေါ် နေသူရိန်မင်းခန့် ကျေးဇူးတင်မိသည်။
"ပျော်လို့ . . ၊ ပျော်လို့ပါ"
"ငါ့ရဲ့ ကျေးဇူးတင် စကားက မင်းကို ဒီလောက်အထိ ပျော်စေတာလား"
နေသူရိန်မင်းခန့် ဖက်ထားရင်းနှင့်ပင် ခေါင်းညိတ်ပြလိုက်သည်။ ဝေယံ နဖူးနှင့် သူ၏ ကော်လံ အောက်ဆုံး ကြယ်သီးတို့ ထိမိသည်။
"ဒါဆို ငါ မင်းကို နေ့တိုင်း ပြောပေးမယ်"
နွေးထွေးသော၊ ညှို့ယူသော ခွန်အား တစ်ခုက နေသူရိန်မင်းခန့် ရင်ထဲ တစိမ့်စိမ့် စီးဝင်သွားသည်။ သူ မမှားဘူး ဆိုပါက ဒီစကားဟာ သူ့ကို ပျော်စေချင်သည် ဆိုသော အဓိပ္ပါယ်ပဲ ဖြစ်သည်။
နေသူရိန်မင်းခန့် မျက်ရည် ဝဲသည်အထိ ပျော်လွန်းသဖြင့် ဝေယံ့ကို ပို တိုး၍ တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။
ယံရာ ဖြူစင်လိုက်တာ
"အဟမ်း . ."
နေသူရိန်မင်းခန့် နောက်ကျောဘက်မှ ထွက်ပေါ်လာသော ချောင်းဟန့်သံ တစ်ခု။ သတိထား ကြည့်မိချိန် အဖြူရောင် ပုံရိပ်ကလေး တစ်ခု ဝေယံ မျက်လုံးထဲ ရှင်းလင်းစွာ တိုးဝင်လာသည်။
ဝိုင်းဝန်း ကျယ်ပြန့်သော ဦးထုပ်ဖြူဖြူကို ဆောင်းထားသော ဆယ်ကျော်သက် မိန်းကလေး တစ်ယောက်။ ပုံစံက တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူသည်။ ဂါဝန် အဖြူ၊ ဖိနပ် အဖြူနှင့် မန္တလေးမြို့၏ ပူပြင်းသော နေပူဒဏ်ကို ကာကွယ်နေပုံက ပတ်ဝန်းကျင်ကိုပင် လင်းသွားစေနိုင်စွမ်း ရှိသယောင်။
သူမ အသားအရေက ဆာကူရာ ပန်းပွင့်လေးလို နုနုဖတ်ဖတ်။ နက်မှောင် တောက်ပသော ဆံနွယ်ရှည်တွေက အဖျားပိုင်းတွင် လိမ်ကောက်ကာ လေထဲမှာ တလွင့်လွင့်။ ကြော့ရှင်းနေသော လည်တိုင်က ပလက်တီနမ် ငွေဖြူ ဆွဲကြိုးမျှင်နှင့် ဆွဲဆောင်မှု ရှိစွာ လှပနေသည်။
မျက်စိမှားစွာ ကြည့်ပါက ဂျပန်မလေးလို့ ထင်ရပေမယ့် မျက်ခုံး၊ မျက်လုံးများနှင့် နှာတံ လုံးလုံးကလေးကြောင့် သေချာ ကြည့်မှ မြန်မာမလေးနှင့် တူကာ မဟာဆန်သည်။ နေသူရိန်မင်းခန့်နှင့်ပါ ရုပ်ချင်း ဆင်တာမို့ အစ်မ မာယာဆူးပဲ ဖြစ်ရမည် ဟု ဝေယံ မှန်းဆလိုက်သည်။
"Aka ဒါက နင် ငါ့ကို ပြောပြောနေတဲ့ ကောင်လေးပေါ့၊ ထင်ထားတာထက် ပို ချစ်ဖို့ကောင်းတာပဲ၊ အိုဟားယိုး . ."
မာယာ ပြောသမျှ ဝေယံ တစ်လုံးမှ နားမလည်။
မာယာက ဂျပန်လို ပြောခြင်း ဖြစ်သည်။
"အာ . . ၊ မင်္ဂလာပါ Yang Yang"
မြန်မာလို နှုတ်ဆက်လာမှ အိုဟားယိုး ဆိုတာ သူ့ကို နှုတ်ဆက်မှန်း ဝေယံ ရိပ်မိလိုက်သည်။
"ဟုတ်၊ မင်္ဂလာပါ မမ"
"အီ . . ခါဝါအိ"
ဂျပန်လို ထပ်ပြောလာတာကြောင့် နေသူရိန်မင်းခန့်ကို ကြည့်မိသည်။ သူ့လက်မှ ဘယ်တုန်းက လွတ်ကျခဲ့မှန်း မသိသော ကြောင်ငယ်လေးဟာ နေသူရိန်မင်းခန့် ရင်ခွင်ထဲ ရောက်နေသည်။
"အနဲန်းစံက ယံ့ကို ချစ်ဖို့ကောင်းတယ် လို့ ပြောတာ၊ သူက မြန်မာ စကား မပြောတတ်ဘူး"
နေသူရိန်မင်းခန့်၏ ဘာသာပြန်ပြမှု အောက်မှာ ကျေးဇူးတင် စကားအတွက် ဂျပန်လို ပြောသင့်ကြောင်းပါ ဝေယံ သဘောပေါက်သွားသည်။
"စုခိဒဲ့စု မမ"
"ယံ"
သူ ပြောလိုက်တာ ဘာများ မှားသွားသလဲ မသိ။
နေသူရိန်မင်းခန့်က ပျာပျာသလဲ တားသည်။ သူ ပြောလိုက်သည့် စကားကြောင့် အံ့သြသွားသော မာယာကိုလည်း ဂျပန်လို တစ်ခုခု ပြောနေသည်။ ပြီးမှ . . .
"အဲ့ဒီ စကားက ကျွန်တော် တစ်ယောက်တည်းအတွက်ပဲ၊ တခြားသူတွေကို မပြောရဘူး"
"ဘာလို့လဲ၊ ဘာလို့ မင်း တစ်ယောက်တည်းကို ပြောရမှာလဲ၊ ကျေးဇူးတင် စကားဆို . ."
"ကျွန်တော် ပြောတာ ယုံ . . ၊ အဲ့ဒီစကားက ကျွန်တော် တစ်ယောက်တည်းအတွက်ပဲ၊ နားလည်လား ယံ"
နေသူရိန်မင်းခန့် အသံက နူးညံ့ နွေးထွေးနေသည်။
ဝေယံ ပြန်မဖြေမိ။ တစ်ခုခုတော့ တစ်ခုခုပင်။
"ယံ"
နောက်တစ်ခေါက် ထပ်ခေါ်သော စကားသံ အဆုံး ဝေယံ ဆုံးဖြတ်ချက် တစ်ခုကို သေချာပေါက် ချလိုက်တော့သည်။
"ဂျပန် စကား လေ့လာဖို့ အချိန် တန်ပြီလို့ . . ငါ ထင်တယ်"
သေချာသည်က . . . ။
၂၀၀၈ ခုနှစ် နွေဦး၏
အစောဆုံး ရက်မှာ ကျရောက်ခဲ့သည့်
ဝေယံ၏ ၁၀ နှစ်ပြည့် မွေးနေ့လေးက စုခိဒဲ့စု ဆိုသော
စကားလုံးလေးကြောင့် ထူးခြားသွားလေသည်။
~•~ S U N ~•~
3 / September / 2019
9 : 43 AM