တိတ်ဆိတ်နေသော စာကြည့်တိုက်၏ ချောင်ကျသော စာဖတ်ခန်းငယ် တစ်ခုတွင် ဝေယံအောင် ရှိနေသည်။ လေးထောင့်ကျသော စားပွဲပေါ်တွင် အစုလိုက် ထပ်ထားသော ဗဟုသုတရဖွယ် စာအုပ်များက အပုံလိုက်။
တခြားကလေးများနှင့် မတူ တစ်မူ ထူးခြားသော ဝေယံက ကစားစရာနှင့် သူငယ်ချင်းများထက် စာအုပ်များကို ပိုမို ခင်တွယ်သည်။ သူ့အတွက် သူငယ်ချင်း မလိုအပ်ခဲ့သလို ယခုလို အလယ်တန်း ရောက်လာသည်အထိ ကစားဖော်၊ ကစားဖက်လည်း မထားခဲ့။ ကျောင်း အားလပ်ချိန်များတွင် စာအုပ် ဖတ်သည်ကသာ သူ့အတွက် ပျော်စရာ ဖြစ်နေတော့သည်။
သို့ပေမယ့် စာပေနှင့် နီးစပ်သော ဝေယံက စိတ်ထား နူးညံ့သလောက် နှလုံးသား တစ်စုံကတော့ နွေးထွေးဖို့ ခက်ခဲနေခဲ့သည်။
အတန်းထဲက ကောင်လေးများထက် သာလွန်စွာ ချစ်စရာ ကောင်းနေသော ဝေယံ့ ပုံစံကြောင့် ကောင်မလေးများက အထူး စိတ်ဝင်စားကြသလို မထူးဆန်းစွာ ကောင်လေးများက မကျေနပ်ကြ။
သို့ပေမယ့် ဝေယံကတော့ ဘာမှ မခံစားရသလို ခံစားချက် မဲ့သည်။ ချီးကျူးသည် ဖြစ်စေ၊ ကဲ့ရဲ့သည် ဖြစ်စေ နေမြဲအတိုင်းသာ နေသည်။ ထို့အတွက် လူ မုန်းများသည်။ သို့ရာတွင် သူ မမှု။ ထိုအချိန်တိုင်း သူ ပြောတတ်သည့် စကား တစ်ခွန်းသာ ရှိသည်။
"ဒီတိုင်းလေးပဲ ကောင်းပါတယ်"
ဘာအတွက် ပြောသည်ကိုတော့
သူကိုယ်တိုင်က လွဲ၍ မည်သူမှ သိနိုင်မည် မဟုတ်ပေ။
စာအုပ်ထဲ အာရုံစိုက်ကာ မျက်မှောင်ကြုတ်သည်အထိ စာများကို စူးစိုက် ဖတ်နေသဖြင့် မျက်ရိုးများနှင့် မျက်လုံးအိမ်များ ညောင်းလာသည်။ သက်ပြင်းချကာ စားပွဲပေါ်က အထပ်လိုက် ပုံနေသော စာအုပ်တွေကို ဝေယံ ကြည့်လိုက်သည်။
စာဖတ်ခြင်းသည် ရေချိုးလျှင် တားဆီး မရအောင် စီးဆင်းသွားတတ်သော ရေနှင့် တူပေမယ့် ခန္ဓာကိုယ်ကို သန့်ရှင်းစေနိုင်စွမ်း ရှိသည်။ ထိုသဘောတရားကို သူ နားလည်သည်။ ထို့ကြောင့် ဝေယံ စာဖတ်ပါက သူများတကာလို ပြီးပြီးရော မဖတ်တတ်။ ဦးနှောက်ထဲ စွဲနေအောင်အထိ ဖတ်သလို အမျိုးအစား စုံလင်အောင်ပါ ရှာဖတ်တတ်သည်။
"ယံ . . ၊ ယံရေ"
စာအုပ်ထဲ ဈာန်ဝင်နေချိန် နားထဲ စူးခနဲ ဝင်လာသော အသံစာစာကြောင့် စာကြည့်တိုက် နံရံက မှန်တွေကို ဝေယံ ကြည့်မိသည်။
နေ သူ ရိန် မင်း ခန့်
မကြာခင် သူ့ကို အရှုပ်ကြီး ရှုပ်တော့မည် ဆိုတာ ဝေယံ သိလိုက်ပြီ။ မှန်ထဲမှာ ပေါ်နေသည့် ပုံရိပ်ကို ကြည့်ရင်း မသိချင်ယောင်ဆောင်ကာ စာကိုပဲ အာရုံစိုက်ပြီး ဆက်ဖတ်နေလိုက်သည်။
"ယံ . . ကျွန်တော် ခေါ်လိုက်တာ လန့်မသွားဘူးလား"
နေသူရိန်မင်းခန့် မေးတာလည်း မှန်သည်။ စူးရှလွန်းသည့် သူ့အသံကြောင့် တိတ်ဆိတ်နေသော စာကြည့်တိုက်ထဲ တစ်ဖက်ပိတ် လှိုဏ်ဂူလို ခဏတာ ပဲ့တင် ထပ်သွားသည်။
စာဖတ်နေသော ကျောင်းသား တချို့ လန့်သွားကြသလို ကျောင်းသူ တချို့က စပ်စပ်စုစု လှည့်ကြည့်လာကြသည်။ နေသူရိန်မင်းခန့် ရှေ့က ဝေယံသာ စာဂျပိုးလို စာအုပ်ထဲ ခေါင်း စိုက်မတတ် ငြိမ်သက်နေသည်။ မေးတော့လည်း စာဖတ် မပျက်။ စာကြည့်တိုက် နံရံက မှန်တွေကို လက်ညှိုး ထိုးပြသည်။ သူ လာနေသည်ကို မှန်ထဲမှာ မြင်ပြီး သိနေသည် ဆိုသော သဘော။
"ဒီတစ်ခါလည်း ယံ အဆင့် တစ် ရတယ်နော်"
"အင်း"
"အဲ့ဒီတော့ . . ငယ်ငယ်က သက်သေပြချက်က အခုအချိန်ထိ အကျုံးဝင် နေသေးတာလား"
"အေး"
အလုပ် မရှိ ကြောင် ရေချိုး ဆိုတာ နေသူရိန်မင်းခန့်မှ အစစ် ဖြစ်သည်။ ရှည်နိုင်သမျှ ရှည်အောင် ဆွဲဆန့်ထားရသော စိတ်များက အလိုလို ပြန်ကျုံ့ချင်လာသည်။ စာဖတ်နေချိန် စကား လာပြောတာကို သူ သိပ် မုန်းသည်။ ဘယ်လောက် အောင့်သက်သက်နိုင်ကြောင်း ကြုံဖူးသူများသာ သိလိမ့်မည်။
"နေ့လယ် ထမင်း အတူတူ စားလို့ရမလား"
ဖတ်နေသည့် စာအုပ်ကို အသံ မြည်အောင် ပိတ်ရင်း မျက်စိ ရှေ့တည့်တည့်မှာ စကား များနေသော အရှုပ်ထုပ်ကို ဝေယံ စိုက်ကြည့်လိုက်သည်။
"ငါ မင်းကို ဘာလုပ်မိလို့လဲ၊ ငါ့ကို မနှောင့်ယှက်လို့ မရဘူးလား"
ဝေယံ သူ့ကို မပတ်သက်ချင်လို့ ရှောင်နေမှန်း နေသူရိန်မင်းခန့် ရိပ်မိသည်။ အမြင် မကြည်မှန်းလည်း သိထားသည်။ သိသိနှင့်ပဲ သုံးနှစ်စလုံး အတင်း လိုက်ကပ်နေခဲ့သည်။
"ကျွန်တော့်ရဲ့ လုပ်ရပ်က . . ယံ့ကို နှောင့်ယှက်တယ်လို့ ထင်စေမိရင် တောင်းပန်ပါတယ်၊ ဒါပေမယ့် ယံ့ကို တစ်ယောက်တည်း လွှတ်ထားဖို့ကတော့ မဖြစ်နိုင်ဘူး၊ ကျွန်တော်က အရမ်း အားနေတာလေ၊ ဒီတော့ နည်းနည်းလောက် ဖြစ်ဖြစ် ရှုပ်ပါရစေ"
စားပွဲပေါ် အပုံလိုက် ထပ်ထားသော စာအုပ်တွေထဲမှ အနီရောင် အဖုံးနှင့် စာအုပ်ကို နေသူရိန်မင်းခန့် ဆွဲယူလိုက်သည်။ ဟန်ချက် မညီဖြစ်သွားသဖြင့် စာအုပ်တွေက အစုလိုက် လဲကျကာ တစ်ခဏချင်းမှာပဲ လေးထောင့်ကျသည့် စားပွဲပေါ် နေရာလွတ် မကျန် ဖြစ်သွားသည်။
မျက်စိ ရှေ့ ပြန့်ကျဲနေသော စာအုပ်တွေကို ကြည့်ပြီး ဝေယံ ဆံပင်တွေကို ဖွမိသည်။ သန့်ရှင်းမှုကို မြတ်နိုးပြီး ဇီဇာကြောင်သည့် သူ့အတွက် ဒီလို အခြေအနေက သေချာပေါက် စိတ်ရှုပ်စေသည်။
"မင်း ရူးနေတာလား"
"အင်း၊ ကျွန်တော် ရူးနေတာ"
ယူထားသည့် စာအုပ်ကို မဖတ်ဘဲ လက်ချောင်းတွေဖြင့် လှည့်ပြီး ဆော့ကစားနေရင်းမှ မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ဝေယံ့ကို နေသူရိန်မင်းခန့် ပြောလာသည်။
"ဒါဆို ဆေး သောက်ပါ့လား၊ ဘာလို့ ငါ့ကို လိုက်စနေရတာလဲ"
"ကျွန်တော် သောက်ရမယ့် ဆေးက ယံပဲလေ"
ဝေယံ့ကို မျက်စပစ်ပြီး နေသူရိန်မင်းခန့် စနောက်သည်။
"ဒီမှာ နေသူရိန်မင်းခန့် . . ၊ အဓိပ္ပါယ် မရှိတဲ့ စကားတွေကို ပြောတာထက် ဘာမှမပြောဘဲ နေတာ ပို ကောင်းတယ်၊ ဒီတော့ ပါးစပ် ပိတ်ထားစမ်းပါ"
လှည့်နေသည့် စာအုပ်က အရှိန် လွန်ကာ အောက် ပြုတ်ကျသည်။ သို့သော် ကြမ်းပြင်ပေါ်က စာအုပ်ကို ကောက်ဖို့ နေသူရိန်မင်းခန့် အာရုံ မရ။ သူ့အတွက် စာအုပ်ထက် အရေးကြီးသည့် ကိစ္စ ရှိနေသည်။
"ယံ အခု ကျွန်တော့်နာမည်ကို ခေါ်လိုက်တာလား"
တစ်ချိန်လုံး မင်းနှင့် ငါပဲ ပြောလာသော ဝေယံ နှုတ်မှ ' နေသူရိန်မင်းခန့် ' ဟု ထွက်ကျလာသဖြင့် စိတ်ထဲ နွေးထွေးသွားသည်။ သူ မမှားဘူး ဆိုပါက သုံးနှစ်လုံးလုံး သူ့နာမည်ကို ခေါ်တာ ဒီတစ်ကြိမ်က ပထမဆုံးပဲ ဖြစ်သည်။
"ယံ"
သူ မေးတာကို မဖြေဘဲ စာ ဆက်ဖတ်နေသည့် ဝါဂွမ်းစလေးကို နေသူရိန်မင်းခန့် အူယားလာသည်။ မတ်တတ်ရပ်ပြီး စာကြည့်စားပွဲကို ဘယ်ဘက်လက်ဖြင့် ထောက်ကာ ညာဘက်လက်က ဝေယံ ဆံပင်တွေကို ဆွဲဖွလိုက်သည်။ လက်ချောင်းများထိပ်မှ ဆံပင်၏ အထိအတွေ့က ခံစားမှု အာရုံ အားလုံးကို ဖမ်းချုပ်သွားသည်။ နူးညံ့ အိစက်ကာ ဖြောင့်စင်းနေသော ဆံနွယ်တွေထဲ ငယ်ငယ်က ရခဲ့ဖူးသော ဆာကူရာ ပန်းရနံ့ကို နေသူရိန်မင်းခန့် ရလိုက်သည်။
"ဘာလုပ်တာလဲ၊ ငါ့ဆံပင်ကို ကိုင်တာ မုန်းတယ်၊ မထိနဲ့"
ဘယ်သူမှ ပေးမထိခဲ့သော ဆံပင်ကို နေသူရိန်မင်းခန့်က ရုတ်တရက် လာကိုင်တာမို့ ဝေယံ ဖြောင်းခနဲ မြည်အောင် ရိုက်ပြီး ပုတ်ထုတ်လိုက်မိသည်။ လက်ကောက်ဝတ် နေရာတွင် အနီစင်းများ ဖြစ်သွားပေမယ့် နေသူရိန်မင်းခန့် မျက်နှာ တစ်ချက် မပျက်။ ဝေယံ မမြင်အောင် ခန္ဓာကိုယ် နောက်သို့ အမြန် ပို့လိုက်သည်။
"ယံ ကျွန်တော့်ကို စကားပြောရင် မျက်နှာကို ကောင်းကောင်း ထားပါ့လား၊ စကားပြောဖို့ ပါးစပ်တောင် မဟရသေးဘူး၊ မျက်နှာက စူပုပ်နေပြီ"
ပြောရင်း နောက်လက် တစ်ဖက်နှင့် ဝေယံ ဆံပင်ကို အမှတ်သည်းခြေ မရှိ ထပ်ဖွလိုက်သည်။
"စောစောစီးစီး ရန်ဖြစ်ချင်နေတာလား . . နေသူရိန်မင်းခန့်"
နှစ်ယောက်သား စာကြည့်တိုက်ထဲ ရောက်နေတာကို သတိမရတော့။ နေသူရိန်မင်းခန့်က စလိုက်။ ဝေယံက ဒေါသ ထွက်လိုက်နှင့် ပတ်ဝန်းကျင်ကို မေ့နေကြကာ သီးသန့် စာဖတ်ခန်းထဲ နှစ်ယောက်သား လုံးထွေး သတ်ပုတ်နေကြသည်။ ချောင်ကျပြီး လူ အလာ နည်းသော စာဖတ်ခန်း ဖြစ်တာမို့ တော်သေးသည်။
မဟုတ်ရင် မလွယ်။
"ကျွန်တော် ယံနဲ့ အတူ ရှိနေရင် ပုံမှန် အချိန်တွေထက် ပျော်မိတယ်"
သူ့ကို ထုရိုက်နေသည့် ဝေယံ လက်တွေကို နေသူရိန်မင်းခန့် ဖမ်းဆွဲလိုက်သည်။ သူတို့ နှစ်ယောက်၏ အကွာအဝေးမှာ ဝင်သက် ထွက်သက်တွေပင် နှစ်ဦးသား ပါးပြင်၌ အပြန်အလှန် ရိုက်ခတ်နိုင်သည်အထိ နီးကပ်နေပြီ ဖြစ်သည်။
"ကျွန်တော့်အနားမှာ ဒီလိုမျိုးလေး အချိန်တိုင်း ရှိနေပေးမလား ယံ"
"ငါ့ကို မတောင်းဆိုနဲ့၊ ဒါက မင်းအပေါ်ပဲ မူတည်မှာ"
နီးကပ်လွန်းသည့် အနေအထားကြောင့် ဝေယံ၏ မျက်နှာ အစိတ်အပိုင်း အားလုံးကို နေသူရိန်မင်းခန့် အသေးစိတ် မြင်နေရသည်။
ဖွေးဖွေးဥဥနှင့် ပါးပြင်လေးများ ပန်းရောင်သွေးကလေး သန်းနေသည့် ပုံစံက ဘယ်လို ချစ်စရာကောင်းမှန်း မသိ။ မျက်ခုံး ထူထူ၊ မျက်တောင်ရှည်ကလေးများ ဖြာစင်းနေသည်ကပင် ကြောင်ကလေး တစ်ကောင်လို ဖြစ်နေသည်။ ဖြောင့်စင်းသော နှာတံလေး၏ အဖျားစွန်း အလယ်ဗဟို တည့်တည့်တွင် မှဲ့နက်လေး တစ်လုံးက ကျောက်မျက် ရတနာအလား ထင်ရှားနေသည်။
စတွေ့ကတည်းက ယခုအချိန်ထိ ပြုံးရယ်တာမျိုး မမြင်ဖူးခဲ့ပေမယ့် ပြုံးလိုက်မည်ဆို အသည်းပုံ သဏ္ဌာန်ငယ် ဖြစ်စေမည့် နှုတ်ခမ်းပါး တစ်စုံက ရွှန်းရွှန်းစားစား ပန်းပွင့်လေး တစ်ပွင့်လို။ တစ်နေ့နေ့တော့ ထိုနှုတ်ခမ်းလေးကို ပြုံးအောင် လုပ်ပါဦးမည် ဟု နေသူရိန်မင်းခန့် လောဘတက်မိသည်။
ဝေယံ့ကို သေချာ ကြည့်နေဆဲအချိန် လေနတ်သား၏ ကျီစားမှုကြောင့် သန့်ရှင်းခြင်းနှင့် ဖြူစင်မှုကို ကိုယ်စားပြုသော Lily Of The Valley ရနံ့ကို နေသူရိန်မင်းခန့် ရှုရှိုက်မိသည်။
ကိုယ်သင်း ရနံ့က တကယ်ကို စွဲမက်ဖွယ်ရာ။
သူ့မျက်လုံးထဲ ငယ်ငယ်က ကြည့်ဖူးသည့် ကာတွန်း ဇာတ်ကောင်တွေလို ကြည့်လေ ချစ်စရာကောင်းလေ ဖြစ်လာသော ဝါဂွမ်းစလေးကြောင့် နေသူရိန်မင်းခန့် မနေနိုင်တော့။ အူယားကာ ဖျတ်ခနဲ နမ်းလိုက်မိသည်။ နူးညံ့ အေးစက်နေသော ပါးပြင်ကလေးမှ NR ၏ ရှားစောင်း ရနံ့ ခပ်သင်းသင်း ရသည်။
"မင်း၊ မင်း ငါ့ကို နမ်းတယ်"
ရုတ်တရက် ပါးကို အသားလွတ် နမ်းခံလိုက်ရတာမို့ ဝေယံ အထိတ်အလန့် ဖြစ်သွားကာ လက်တွေကို ဖမ်းချုပ်ထားသည့် နေသူရိန်မင်းခန့်ကို ယောင်ယမ်းပြီး ဆောင့်တွန်းလိုက်သည်။
"ဘာလို့လဲ ယံ၊ ပါးမို့မို့ကို နမ်းတယ် ဆိုတာ ငါတို့က သူငယ်ချင်းတွေပါလို့ အဓိပ္ပါယ်ရတယ်၊ အဲ့ဒီအတွက် ကိုယ်ပိုင် အမှတ်အသား လုပ်လိုက်တာလေ"
ပထမဆုံး သူငယ်ချင်း ဖြစ်သည့် အမှတ်တရအဖြစ် သတ်မှတ်ကာ နေသူရိန်မင်းခန့် နမ်းလိုက်တာပဲ ဖြစ်သည်။
"သူငယ်ချင်း ဖြစ်တိုင်း နမ်းစရာလား"
"တကယ်လို့ . . ယံ မကြိုက်ဘူးဆို ကျွန်တော့်ကို ပြန်နမ်းလို့ ရတယ်"
"ရူးနေလို့ နမ်းရမှာလား"
"ဒါဆို ကျွန်တော့်ကို ယံ စိတ်မဆိုးဘူးလို့ သတ်မှတ်လိုက်ပြီ"
နေသူရိန်မင်းခန့်ကို ဒီလောက်အထိ မျက်နှာ ပြောင်တိုက်လိမ့်မည် ဟု ဝေယံ မထင်ထားခဲ့။ ကောင်မလေးတွေကိုသာ သုံးတတ်သည့် စကားလုံးတွေနှင့် သူ့ကို အရူး လာလုပ်နေသည်။
"မင်း . . တဏှာရူးကောင်"
မတတ်နိုင်တော့။
ဒေါ်စန္ဒာခင် ဆုံးမထားသည်ကို မေ့ကာ ပြောဖို့ မသင့်တော်သည့် စကားလုံးနှင့် နေသူရိန်မင်းခန့်ကို ဝေယံ ပြောပစ်လိုက်သည်။ သို့ရာတွင် နေသူရိန်မင်းခန့်က ဝေယံ၏ အပြောကို ဂရုမစိုက်။ လျှာ ထုတ် ပြောင်ပြပြီး အပြင်ကို ပြေးထွက်သွားသည်။
ဆတ်ဆတ်ထိ မခံနိုင်သည့် သူကို လုပ်ချင်တာ လုပ်ရ၍ နေသူရိန်မင်းခန့် ကျေနပ်ကာ ပုခုံးများ တုန်သည်အထိ အသံထွက် ရယ်မိသည်။
ဝေယံ တစ်ယောက်သာ အသားလွတ် အနိုင်ကျင့် ခံလိုက်ရတာမို့ ဒေါသ ထွက်ရင်း ဆွေ့ဆွေ့ခုန်ကာ စာကြည့်တိုက်ထဲ ကျန်နေခဲ့သည်။
~•~ ~•~ ~•~
ကျောင်း ခေါင်းလောင်း ထိုးသည်နှင့် တိတ်ဆိတ်နေသော ပုဂ္ဂလိက ကျောင်း၏ ဝန်းကျင်ဟာ ဆူညံသွားသည်။
သက်ဆိုင်ရာ အခန်းအသီးသီးမှ ထွက်လာကြသော ကျောင်းသားများနှင့် ကျောင်းသူများ၏ ပုံရိပ်တွေက ကျောင်းပရဝဏ်အတွင်း ပြန့်ကြဲနေသည်။ နိုင်ငံခြားဖြစ် ဆင်တူ ယူနီဖောင်းများကြောင့် အပေါ်က စီးကြည့်ပါက အလုပ်များနေသော ပျားပေါက်လေးတွေလို ကြည့်ကောင်းနေမှာ မလွဲဧကန်။
ကျောင်း ဆင်းချိန် နေသူရိန်မင်းခန့် ခြေလှမ်းတွေ ပုံမှန်ထက် ပို သွက်နေသည်။ တစ်ကျောင်းလုံး နေရာအနှံ့ ပတ်ပြေးနေရသဖြင့် ချွေးများပါ စိုရွှဲကာ မောဟိုက်နေသည်။ ခန္ဓာကိုယ် တစ်ခုလုံး သိသိသာသာ အေးစက်နေပေမယ့် ရင်တွင်းကတော့ မီးခဲ တစ်ခုလို ပူလောင်နေသည်။
တစ်ပတ်တစ်ခါ Team Work နှင့် လုပ်ရသည့် အခန်း သန့်ရှင်းရေးအတွက် တာဝန်ကျနေသည့် သူ့ကို ယခင် နေ့တွေကလို ဝေယံ မစောင့်။ နေ့လယ်က ကိစ္စကို စိတ်ဆိုးပြီး မပြောမဆို ထပြန်သွားသည်။
မိဘတွေက အိမ်ချင်း နီးတာမို့ နေသူရိန်မင်းခန့်နှင့် ဝေယံအောင်ကို ကျောင်း အတူ သွားစေပြီး အတူ ပြန်စေသည်။ ထို့အပြင် သူတို့နှစ်ဦးကို လာကြိုသည့် ကားကပါ တစ်စီးတည်း ဖြစ်သည်။
အခန်းထဲမှ ဝေယံ ထွက်သွားသည်ကို နေသူရိန်မင်းခန့် မြင်လိုက်ရသည်။ သို့ရာတွင် မတားဖြစ်။ လာကြိုသည့် ကားဆီသာ ဖြောင့်ဖြောင့် သွားမည်ကို သိနေတာကြောင့် ဖြစ်သည်။ သို့ပေမယ့် ကားပေါ် တက်ချိန် ကြိုရောက်နေမည် ထင်ထားသော ဝေယံ့ကို သူ မတွေ့ရ။
နေသူရိန်မင်းခန့် ခေါင်း ပူသွားသည်။
သွားလေ့ရှိသော စာကြည့်တိုက်ကို ရောက်နေမည် ထင်ပြီး လိုက်သွားချိန် ရှာမတွေ့မှ ဝေယံ ပျောက်နေကြောင်း နေသူရိန်မင်းခန့် သဘောပေါက်လိုက်ရတော့၏။
နားထင်မှ စိမ့်စမ်းရေလို တစိမ့်စိမ့် စီးကျနေသော ချွေးစက်တွေကို သူ မသုတ်အား။ ရင်ထဲက လှိုက်တက်လာသည့် အပြစ်တင် စိတ်ကြောင့် ဘေးနားက အုတ်နံရံကို လက်သီးနှင့် ဆောင့်ထိုးလိုက်သည်။ အသား နာသွားသည်မှ လွဲ၍ ဘာမှ ထူးမလာ။
"ယံ . . ကျွန်တော့်ကို ထားပြီး ဘယ်တွေ သွားနေတာလဲ"
~•~ S U N ~•~
4 / August / 2019
9 : 15 PM