အကြွေစေ့လေးတစ်စေ့ [Completed]

By Yin-2323

228K 34.8K 1.8K

အကြွေစေ့လေးတစ်စေ့ [၀ူးကျယ်] More

Story Description
အပိုင်း၁[U]
အပိုင်း၂[U]
အပိုင်း၃[U]
အပိုင်း၆[U]
အပိုင်း၄[U]
အပိုင်း၇[U]
အပိုင်း၅[U]
အပိုင်း၈[U]
အပိုင်း၉[U]
အပိုင်း၁၀[U]
အပိုင်း၁၁[U]
အပိုင်း၁၂[U]
အပိုင်း၁၃[U]
အပိုင်း၁၄[U]
အပိုင်း၁၅[U]
အပိုင်း၁၆[U]
အပိုင်း၁၇[U]
အပိုင်း၁၈[U]
အပိုင်း၁၉[U]
အပိုင်း၂၀[U]
အပိုင်း၂၁[U]
အပိုင်း၂၂[U]
အပိုင်း၂၃[U]
အပိုင်း၂၄[U]
အပိုင်း၂၅[U]
အပိုင်း၂၆[U]
အပိုင်း၂၇[U]
အပိုင်း၂၈[U]
အပိုင်း၂၉[U]
အပိုင်း၃၀[U]
အပိုင်း၃၁[U]
အပိုင်း၃၂[U]
အပိုင်း၃၃[U]
အပိုင်း၃၄[U]
အပိုင်း၃၅[U]
အပိုင်း၃၆[U]
အပိုင်း၃၇[U]
အပိုင်း၃၈[U]
အပိုင်း၃၉[U]
အပိုင်း၄၀[U]
အပိုင်း၄၁[U]
အပိုင်း၄၂[U]
အပိုင်း၄၃[U]
အပိုင်း၄၄[U]
အပိုင်း၄၅[U]
အပိုင်း၄၆[U]
အပိုင်း၄၇[U]
အပိုင်း၄၈[U]
အပိုင်း၄၉[U]
အပိုင်း၅၀[U]
အပိုင်း၅၁[U]
အပိုင်း၅၂[U]
အပိုင်း၅၃[U]
အပိုင်း၅၄[U]
အပိုင်း၅၅[U]
အပိုင်း၅၆[U]
အပိုင်း၅၇[U]
အပိုင်း၅၈[U]
အပိုင်း၅၉[U]
အပ်ိုင်း၆၀[U]
အပိုင်း၆၁[U]
အပိုင်း၆၂[U]
အပိုင်း၆၃[U]
အပိုင်း၆၄[U]
အပိုင်း၆၅[U]
အပိုင်း၆၆[U]
အပိုင်း၆၇[U]
အပိုင်း၆၈[U]
အပိုင်း၆၉[U]
အပိုင်း၇၀[U]
အပိုင်း၇၁[U]
အပ်ိုင်း၇၂[U]
အပိုင်း၇၃[U]
အပိုင်း၇၄[U]
အပိုင်း၇၅[U]
အပိုင်း၇၆[U]
အပိုင်း၇၇[U]
အပိုင်း၇၈[U]
အပိုင်း၇၉[U]
အပိုင်း၈၀[U]
အပိုင်း၈၁[U]
အပိုင်း၈၂[U]
အပိုင်း၈၃[U]
အပိုင်း၈၄[U]
အပိုင်း၈၅[U]
အပိုင်း၈၆[U]
အပိုင်း၈၇[U]
အပိုင်း၈၈[U]
အပိုင်း၈၉[U]
အပိုင်း၉၀[U]
အပိုင်း၉၁[U]
အပိုင်း၉၂[U]
အပိုင်း၉၃ [U]
အပိုင်း၉၄[U]
အပိုင်း၉၅[U]
အပိုင်း၉၆[U]
အပိုင်း၉၇[U]
အပိုင်း၉၈[U]
အပိုင်း၉၉[U]
အပိုင်း၁၀၀[U]
အပိုင်း၁၀၁[U]
အပိုင်း၁၀၂[U]
အပိုင်း၁၀၃[U]
အပိုင်း၁၀၄[U]
အပိုင်း၁၀၅[U]
အပိုင်း၁၀၇-Extra2[U]
အပိုင်း၁၀၈-Extra3[U]
အပိုင်း၁၀၉-Extra4[U]
အပိုင်း၁၁၀-Extra5(End)
Photos

အပိုင်း၁၀၆-Extra1[U]

1.9K 203 11
By Yin-2323

一个钢镚儿(A lucky coin)

အပိုင်း၁၀၆

အချပ်ပို၁

ဒီနေ့က ချူးယိ မူကြိုတက်သည့် နောက်ဆုံးရက်ပင်။နောက်ဆို မူကြိုသွားစရာ မလိုတော့ဘူး ၊ မူလတန်း တက်ရ​တော့မည်ဟု အမေက ပြောသည်။

မူလတန်းအပေါ် ချူးယိထံတွင် ဘာထင်မြင်ချက်မှ ရှိမနေချေ။နည်းနည်း ကြောက်စရာ ကောင်းသည်ဟုသာ ခံစားရသည်။

အကြိမ်တိုင်း သူ့ပစ္စည်းကို လုယူကြသူများမှာ ၊ ဟိုဘက်တိုက်က မူလတန်း ကျောင်းသားတွေ ဖြစ်သည်။

ချူးယိ အတွက်တော့ ၊ မူလတန်းကျောင်းသားတွေ အားလုံးမှာ မတရား အနိုင်ကျင့်တတ်ကြသည့် သူတွေ ဖြစ်သည်။

သူတို့တွေက သူ့ထက် အရပ်မြင့်ကြပြီး ၊ သူ့ထက်လည်း ခန္ဓာကိုယ် တောင့်ကြသည်ပင်။ထို့အပြင် မူလတန်းကျောင်းသားဆိုသည့် သာလွန်သောခံစားချက်ပါ ရှိနေလေရာ ၊ သူ့ကို တွေ့သည့် အချိန်တိုင်း အရမ်းကို အထင်အမြင် သေးသလို တစ်ချက် ကြည့်တတ်ကြကာ
:

"မူကြိုကလား?"

မိမိလည်း မကြာခင် မူလတန်းကျောင်းသား ဖြစ်တော့မည် ဆိုသော်လည်း ၊ မူလတန်းကျောင်းသား၏ စွမ်းဆောင်ရည်မျိုး ရနိုင်လိမ့်မည်ဟု ချူးယိ မထင်မိပေ။ဟိုဘက်တိုက်က မူလတန်းကျောင်းသားတွေနှင့်လည်း ယှဥ်ပြိုင်နိုင်လိမ့်မည်ဟု မထင်ချေ။

"ချူးယိ ၊ ဒီနေ့ သား အဖွားလာကြိုမှာလား ၊ သားအမေ လာကြိုမှာလား?"

ဆရာမရှောင်ကော်က ဘေးနားက်ို လျှောက်လာပြီး တစ်ခွန်းမေးလာသည်။

"မ,မ,မသိဘူး"

ချူးယိက အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။

သူ မူကြိုအပေါက်၀တွင် ထိုင်နေသည်မှာ အချိန်အတော် ကြာနေလေပြီ။သူတို့ ဖင်ကော်အတန်းရှိ ကလေးတွေ အကုန်လုံး နီးပါး ပြန်သွားကြပြီပင်။သူနှင့် ၊ အဖေအမေနှစ်ယောက်စလုံး ကိစ္စရှိနေ၍ နည်းနည်း နောက်ကျမှ လာကြိုကြမည့် တစ်ခြား ကလေးတစ်ယောက်သာ ကျန်တော့သည်။

"အ,ထစ်​ ! "

ရှောင်ရိဟု ခေါ်သည့် ကလေးတစ်ယောက်က အပြင်ကို ပြေးထွက်လာပြီး သူ့ကို တစ်ခွန်း အော်ပြောလာကာ ၊ စာသင်ခန်းဘက်ဆီ ပြန်လှည့်ပြေးသွားခဲ့သည်။

"သူငယ်ချင်းကို ဒီလို မပြောရဘူး ! "

ဆရာမ ရှောင်ကော်က လိုက်၀င်သွားပြီး ရှောင်ရိကို ခေါ်လိုက်သည်။

"ဒီလို မပြောရဘူးလို့ ဆရာမ ပြောခဲ့လား မပြောခဲ့ဘူးလား?အရမ်းကို ယဥ်ကျေးမှု မရှိဘူး ! "

"သူက အ,ထစ်ပဲ ! သားက မမှန်တာ ပြောနေတာမှ မဟုတ်တာ ! "

ရှောင်ရိက အရမ်းကို မကျေမနပ် ဖြစ်နေသည်။

"ငယ်ငယ်လေးနဲ့ အ,ထစ် ဖြစ်နေတာ ၊ အသက်ကြီးလာလည်း အ,ထစ်ပဲ ဖြစ်နေမှာပဲ ၊ နောက်ဆိုလည်း အမြဲတမ်း အ,ထစ်ပဲ ! "

ဆရာမရှောင်ကော်က ရှောင်ရိကို ဆုံးမစကား ပြောနေသည်။သူတို့ ဘာတွေ ပြောနေကြလဲ ဆိုသည်ကို ချူးယိ နားမထောင်မိပေ။သစ်ရွက်လေး တစ်ခုကို ယူ၍ ခေါင်းငုံ့ကာ မြေကြီးပေါ်တွင် ဟိုဟိုသည်သည် လှည်းကျင်းနေမိသည်။

သူ့ အရှေ့နားကနေ ပုရွက်ဆိတ်လေးတစ်ကောင် ဖြတ်သွားသည်။သူ သစ်ရွက်ကို ဆန့်ထုတ်လိုက်ရာ ၊ ပုရွက်ဆိတ်လေးက သစ်ရွက်လေးပေါ် တွားတက်လာခဲ့သည်။သူ မတ်တပ်ထရပ်လိုက်ပြီး ဂရုတစိုက်ဖြင့် ဘေးနားရှိ ပန်းပျိုးခင်းနား လျှောက်လာခဲ့ကာ ၊ သစ်ရွက်ကို မြေကြီးပေါ် ချလိုက်သည်။

ပုရွက်ဆိတ်လေးက မြေကြီးပေါ် အောင်အောင်မြင်မြင် ဆင်းသွားနိုင်လိုက်လားကို ၊ သူ သေသေချာချာ ကြည့်ဖို့ အချိန်မရလိုက်ပေ။ခုနက သူ့ကို အ,ထစ်ဟု ခေါ်သည့် ကလေးက သူ့အနောက်ကနေ ရုတ်တရက် ပြေးလာပြီး ၊ သူ့ နောက်ကျောကို တစ်ချက်တွန်းလိုက်တာကြောင့်ပင်။သူ ရပ်နေတာက မငြိမ်တာကြောင့် ၊ ပန်းပျိုးခင်းထဲ တစ်ခါတည်း ပစ်၀င်သွားခဲ့သည်။

"အမေ ! "

ရှောင်ရိက သူ့က်ို တွန်းလိုက်ပြီး နောက်တွင် အရှေ့ဘက်ကို ဆက်ပြေးသွားရင်း အော်ခေါ်လိုက်သည်။

"အိုင်း ၊ ဘယ်လိုလုပ် သူငယ်ချင်းနဲ့ ဒီလိုမျိုး ဆော့နေရတာလဲ"

ရှောင်ရိ၏ အမေက ပြောလာသည်။

"သူငယ်ချင်းကို တွန်းပစ်လိုက်လို့ မရဘူးလေ......လာ ၊ ဆရာမ ရှောင်ကော်ကို နှုတ်ဆက်စကား ပြောလိုက်ဦး"

"ဆရာမရှောင်ကော် နောက်မှထပ်တွေ့ကြပါမယ်"

ရှောင်ရိက ထွက်လာသည့် ဆရာမ ရှောင်ကော်ကို လက်ဝှေ့ယမ်းပြလိုက်ပြီး ၊ သူ့အမေနှင့် ထွက်သွားခဲ့သည်။

ပန်းပျိုးခင်းထဲမှ ခက်ခက်ခဲခဲ ချူးယိ ပြန်ထွက်လာသည့် အချိန်ကျမှသာ ၊ ဆရာမ ရှောင်ကော်က သူ့ကို တွေ့သွားခဲ့သည်။

"သား ဘယ်လိုလုပ် အဲ့ထဲ ရောက်နေတာလဲ?"

ဆရာမ ရှောင်ကော်က သက်ပြင်းချလိုက်ပြီး ၊ ထိုင်ချ၍ သူ့ဘောင်းဘီကို ပုတ်ခါပေးလာသည်။

"ဒီမြေကြီးတွေကို ကြည့်ဦး ၊ ခဏနေ သားအဖွား သားကို လာကြိုရင် ၊ အဆူခံနေရဦးမယ်"

ချူးယိမှာ ခေါင်းငုံ့၍ ရွှံ့တွေ ပေပွသွားသည့် ဘောင်းဘီကို ကြည့်လိုက်မိကာ ၊ ရုတ်တရက် နည်းနည်း ကြောက်ရွံ့လာမိသည်။

ဆရာမရှောင်ကော် ထွက်သွားသည့် နောက်တွင် ၊ သူ ရေကန်ဘေးနား တိတ်တိတ်လေး လျှောက်လာလိုက်သည်။ရေပိုက်ခေါင်းကို ဖွင့်လိုက်ပြီး ၊ လက်ကို ဆန့်တန်း၍ ရေကို ခံယူကာ ဒူးခေါင်းပေါ် သုတ်လိုက်သည်။

ရွှံ့ဝါတွေက အရမ်းကို ဆေးရ ခက်လှသည်။အဖွား သူ့က်ို မူကြိုကျောင်းတွင် လာကြိုသည့် အချိန်၌ ၊ သူ့ ဘောင်းဘီပေါ်ရှိ ရွှံ့ဝါများမှာ ရေဆေးထားခြင်းကြောင့် အကွက်အကြီးကြီး ဖြစ်နေလေပြီ။

"နင့်ခေါင်းက ကောင်းကောင်း အလုပ်မလုပ်တာများလား ! "

အဖွားက တွေ့သွားသည်နှင့် စိတ်တိုလာကာ ၊ သူ့ခေါင်းကို လက်ဝါးဖြင့် တစ်ချက်လွှဲရိုက်လာသည်။

"ခြောက်သွားမှ ခါချလိုက်ပြီး ထပ်လျှော်ရမယ်ဆိုတာ မသိဘူးလား ! "

"ချူးယိအဖွား ! "

ဆရာမရှောင်ကော်က ပြေးထွက်လာပြီး

"ကလေးကို ဘယ်လိုဖြစ်လို့ ဒီလိုရိုက်နေရတာလဲ ! "

"ဒါဆို ကျွန်မက ဆရာမကို ရိုက်ရမှာလား ! "

အဖွားက ဆရာမ ရှောင်ကော်ကို စိုက်ကြည့်လိုက်ပြီး

"ကျွန်မတို့က ကလေးကို ဒီမှာ ထားထားတာ ၊ တစ်ကိုယ်လုံး ရွှံ့တွေပေနေတယ် ! ရေနဲ့ ဆေးထားတာတောင် ဂရုစိုက်တဲ့လူ မရှိဘူး ! "

"ကျွန်မက သူ လက်ဆေးနေတယ် ထင်နေလို့ပါ ၊ လာကြည့်တဲ့ အချိန်ကျတော့ သူက ဘောင်းဘီကို ဆေးနေတာ စိုရွှဲနေပြီ"

ဆရာမရှောင်ကော်က ပြောလာသည်။

"ကျွန်မ မျက်နှာသုတ်ပဝါ ယူပြီး သုတ်ပေးတားတာ တော်တော်ကြာနေ......."

ချူးယိမှာ အရမ်းကို ကြောက်ရွံ့လာမိသည်။အဖွား စိတ်တိုလာသည့် အချိန်ဆိုလျှင် လူကို အရမ်း ကြောက်ရွံ့လာစေသည်။အဖွားက မူကြိုကျောင်းထဲတွင် အင်္ကျီတစ်ခါ ချွတ်ခဲ့ဖူးပြီးပြီပင်။ရဲလာသည့် အခါကျမှသာ အဖွားက အင်္ကျီကို ပြန်၀တ်ခြင်း ဖြစ်သည်။အခုအဖွားက ဆရာမရှောင်ကော်ကို စိုက်ကြည့်နေသည့် ပုံစံအား ကြည့်နေမိရင်း ၊ အဖွားက ကိုယ်ပေါ်၀တ်ထားသည့် တရုတ်အင်္ကျီကို ထပ်ပြီး ချွတ်ချလိုက်မှာကို သူ အရမ်း စိုးရိမ်နေမိသည်။

သူ အဖွား၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး ၊ မူကြိုကျောင်း အပေါက်၀ဆီ ဆွဲခေါ်လာခဲ့လိုက်သည်။

"ဘာလုပ်တာလဲ နင်က ! "

အဖွားက လက်ကို လွှဲခါလိုက်ပြီး

"နင် တော်တော် အသုံးမကျတာပဲ ! "

ချူးယိမှာ ခလုတ်တစ်ချက် တိုက်သွားပြီး ၊ မြေကြီးပေါ် ဖင်ထိုင်ရက် ကျသွားခဲ့သည်။

"ဒီကလေးက ဒီနေ့ မူကြိုပြီးတာလေ ! "

ဆရာရှောင်ထန်က တစ်ခြား စာသင်ခန်းထဲကနေ ပြေးထွက်လာခဲ့သည်။

"ချူးယိအဖွား ၊ ဒီကလေးကို အမှတ်တရကောင်းလေး နည်းနည်းလောက် ချန်ပေးလို့ မရဘူးလား ! "

ဆရာမ ရှောင်ကော်က ​အနားက်ို လျှောက်လာပြီး ၊ မြေကြီးပေါ်မှ သူ့ကို ပွေ့ထူလိုက်သည်။

လေးဖက်လေးတန်လုံး အရမ်းက်ို တိတ်ဆိတ်သွားခဲ့သည်။ဆရာရှောင်ထန်နှင့် အဖွား ငြင်းခုံပြောဆိုနေကြသည်ကို ချူးယိ မြင်နေရသည်ပင်။ဆရာမ ရှောင်ကော်က နီရဲနေသည့် မျက်၀န်းဖြင့် သူ့အား စကားပြောနေသည်ကိုလည်း မြင်နေရသည်။

သို့သော်လည်း သူ သေသေချာချာ မကြားရပေ။

သူ့ခေါင်းထဲတွင် ဒီနေ့ သူငယ်ချင်းတွေ ဖျော်ဖြေတင်ဆက်ကြသည့် သီချင်းဆို ကခုန်​နေကြသော အစိီအစဥ်ကိုသာ မြင်ယောင်နေမိသည်။သူကတော့ ဘေးနားကနေ လက်ခုပ်တီးပေးရသည်။

သူ သေသေချာချာ မကြားရချင်ပေ။ဘာက်ိုမှ သေသေချာချာ မကြားရတာက အရမ်း ကောင်းသည်ပင်။ကြောက်စရာ မလ်ိုတော့ပေ။

သို့သော်လည်း အဖွားက သူ့အင်္ကျီကော်လာကို ဆွဲ၍ အိမ်ကို ပြန်လာသည့် အချိန်၌ ၊ သူ တစ်ခြားအကြောင်းအရာကို ထပ်မတွေးနိုင်တော့ပေ။အဖွားက တစ်ခွန်း ဆဲဆိုပြီးတိုင်း ၊ သူ့အင်္ကျီကော်လာအား ကိုင်ထားသည့် လက်မောင်းကို တစ်ချက် လွှဲယမ်းလိုက်ရာ ၊ သူ တစ်လမ်းလုံး ဒယီးဒယိုင် ဖြစ်နေသည်။သူ့လွယ်အိတ်ကိုလည်း ဖက်ထားရသေးသည်။

အရပ်နည်းနည်းလောက် ထပ်ရှည်လာနိုင်မည် ဆိုပါက ကောင်းမည်ပင်။အဖွားက သူ့အင်္ကျီကော်လာကို ဆွဲပြီး လမ်းလျှောက်လို့ ရတော့မှာ မဟုတ်ပေ။

အိမ်ပြန်ရောက်လာသည့် အချိန်၌ ၊ အမေက မီးဖိုခန်းထဲတွင် ဟင်းချက်နေသည်။သူတို့ အိမ်ထဲ ၀င်လာသည့် အသံကို ကြားသွားသည်နှင့် ၊ ချက်ချင်းပင် တစ်ခွန်း အော်ပြောလာသည်။ :

"ဘယ်လိုဖြစ်လို့ ဒီလောက် ကြာနေတာလဲ ! "

"နင်က အချိန်ကြာတာကိုတောင် ငြိုငြင်နေသေးတယ်?"

အဖွားက ပြောလိုက်သည်။

"နင်သာ နည်းနည်းလောက် နောက်ကျတဲ့အထိ ထပ်မေ့နေရင် သူ မနက်ဖြန်အထိတောင် ပြန်လာနိုင်မှာ မဟုတ်ဘူး ! "

ချူးယိက ခေါင်းငုံ့လျက်ဖြင့် အဖွားခြေထောက်နားကနေ မီးဖိုခန်းထဲ တိုး၀င်လိုက်ကာ ၊ အရွက်ဆေးကန်ထဲ ကြည့်လိုက်သည်။ဟင်းရွက်များကို မဆေးရသေးပေ။သို့ဖြစ်ရာ ခြေဖျား ထောက်၍ ဟင်းရွက် စဆေးလိုက်သည်။

"အင်္ကျီလက်ကို တစ်ချက်လောက် ခေါက်ရမယ် ဆိုလည်း မသိဘူး ! "

အဖွားက အနားကို လျှောက်လာပြီး သူ့ကို လက်ဝါးဖြင့် တစ်ချက် လွှဲရိုက်လာသည်။

"ဆေး ဆေး ဆေး ! ဦးနှောက် မရှိတော့ရင်တောင် ဆေးနေလိုက်ဦး ! "

ချူးယိက အမြန် ဒူးတစ်ဖက် ထောက်၍ ထိုင်ချလိုက်ကာ ၊ ခေါင်းကို ဖက်ထားလိုက်သည်။

အဖွားက သူ့ကိုယ်ပေါ် လက်တည့်ရာ နေရာကို ရိုက်နေသည်။

အရမ်း နာသည်ပင်။သို့သော်လည်း အခု ဒီလိုပုံစံက ၊ မူကြို​ကျောင်းမှာ အဖွားက ဆရာတွေနှင့် ရန်ဖြစ်နေခြင်းထက် အများကြီး သက်သောင့်သက်သာ ရှိသည်ဟု ချူးယိ တွေးလိုက်မိသည်။

အဖွားက သူ့ကို အချက်အနည်းငယ် ရိုက်၍ ဒေါသဖြေပြီးသည့် နောက်တွင် ၊ ဧည့်ခန်းဆီ ပြန်သွားကာ တီဗွီသွားကြည့်နေသည်။ချူးယိက ခြေဖျားထောက်၍ ဟင်းရွက် ဆက်ဆေးနေလိုက်သည်။

ဟင်းရွက် ဆေးရသည်က အရမ်း စိတ်၀င်စားစရာ ကောင်းသည်ပင်။ရေဆော့လို့ ရသည်။

ရေပိုက်ခေါင်းထဲကနေ ဟင်းရွက်ပေါ် နည်းနည်းချင်း စီးကျလာသည့် ရေများ ၊ ခွဲဖြာသွားသည့် ရေလေးများ ၊ ထို့အပြင် ရေများက လက်မောင်းပေါ် စီးကျလာသည့် အချိန်၌ လေးဖက်လေးတန်ဆီ ကွဲထွက်သွားသည့် ရေမှုန်လေးများကို ကြည့်ရခြင်းအား သူ အရမ်း သဘောကျမိသည်။

"နောက်ပိုင်း နင် ချမ်းလာတဲ့ အချိန်ကျမှ ကိုယ့်ဘာသာ ရေကူးကန်တစ်ခု ၀ယ်ပြီး သွားဆော့ ၊ ငါတို့ ဆင်းရဲတဲ့ အိမ်က ရေကိုတော့ မဖြုန်းတီးစမ်းပါနဲ့"

အမေက ဘေးနားကနေ ပြောလာသည်။

"နင်က တော်တော် ကံဆိုးတာပဲ ၊ လူ၀င်စားတဲ့ အချိန်တုန်းက မျက်လုံး ကန်းနေတာကိုး ၊ အိမ်ကောင်းကောင်းမှာ သွား မ၀င်စားဘူး"

ချူးယိမှာ စကား မပြောရဲသလို ၊ အမေ့ဘက်ကိုလည်း မကြည့်ရဲပေ။ဟင်းရွက်ကို စိုက်ကြည့်၍ ဆက်ဆေးနေလိုက်သည်။

ချမ်းသာတာ။

ချမ်းသာတယ်ဆိုတော့ ပိုက်ဆံတွေ အများကြီး ရှိမှာပေါ့။

ယွမ်တစ်ရာလား?

ဒါမှမဟုတ် ယွမ်တစ်သန်းလား?

........ယွမ်တစ်ရာလား ယွမ်တစ်သန်းလား ဆိုသည်က်ို သူ သေသေချာချာ မခွဲတတ်သလိုပင်။

သို့သော်လည်း ကိစ္စမရှိပေ။ပိုက်ဆံ အများကြီး ရှိပြီဆိုမှတော့ ပိုက်ဆံတွေက သုံးမကုန်လောက်ပေ။စားကောင်းတာတွေ အများကြီး ၀ယ်လို့ ရလောက်သည်......ဘာစားရမလဲ?

ချူးယိမှာ ဟင်းရွက် ဆေးနေရင်း စဥ်းစားနေမိသည်။အကြာကြီး စဥ်းစားနေမိသော်လည်း သူ ဘာစားချင်မှန်း မသိပေ။အိမ်ကချက်တဲ့ ဟင်းမဟုတ်လျှင် ရပြီပင်။

အမေနှင့် အဖွား ချက်သည့် ဟင်းများက အကုန်လုံး စားလို့ မကောင်းပေ။

ပိုက်ဆံအများကြီး ရှိလာလျှင် ၊ တစ်ခြား အိမ်တစ်အိမ်ကို သွားလို့ ရနိုင်လောက်မလား။ထိုအိမ်တွင် စားကောင်းသည်များကို အထူး ချက်ပြုတ်ပေးမည့်လူ တစ်ယောက် ရှိသည်။

သူ ဘာစားချင်ချင် ၊ ချက်ပေးနိုင်မည်ပင်။အခု သူ ဘာစားချင်နေမှန်း မသိသေးသော်လည်း ၊ နောက်ပိုင်း ပိုက်ဆံရှိလာလျှင် ၊ သိသွားနိုင်လောက်သည်။

ချမ်းသာလာသည့် နောက်ပိုင်းတွင် ခရီးလည်း သွားလို့ ရမည်ပင်။

ဘယ်နေရာကို ခရီးသွားရမလဲ?

ချူးယိက ဆေးပြီးသွားသည့် ဟင်းရွက်များကို မယူလိုက်ပြီး ၊ ဟင်းရွက်ထဲမှ ရေများကို စီးကျသွားအောင် လုပ်လိုက်သည်။အမှန်ဆို ဟင်းရွင်ခြင်းထဲ ထည့်သင့်သည်ပင်။သို့သော်လည်း ဟင်းရွင်ခြင်းမှာ အဖွား စိတ်တိုသည့် အချိန်တုန်းက တက်နင်းလိုက်၍ ကွဲသွားခဲ့သည်။ကိုင်ထားရုံသာ ရှိတော့သည်။

ရေများက သူ့ လက်မောင်းမှ တစ်ဆင်က သူ့အင်္ကျီထဲ စီး၀င်လာခဲ့သည်။

နည်းနည်း အေးသည်ပင်။

ထမင်းစားပြီးသွားသည့် နောက်တွင် ၊ ချူးယိ အိမ်ကနေ ထွက်လာခဲ့လိုက်သည်။

မူကြိုကျောင်း ပြီးသွားပြီပင်။သူ အခု အိမ်စာရေးတာ ၊ တရုတ်စာလုံး အသစ်တွေ ကူးရေးတာ ၊ သင်္ချာပုစ္ဆာတွေ တွက်ချက်တာ ဘာမှ လုပ်စရာ မလိုတော့ပေ။မရေးတတ်တာကြောင့် အဆဲခံရတာမျိုးလည်း ဖြစ်မှာ မဟုတ်တော့ပေ။

ကျောင်းပြီးသွားတာက တကယ် ကောင်းသည်ပင်။

ချူးယိမှာ လှေကားသုံးထစ် ကျော်၍ ပျော်ပျော်ကြီး အောက်ကို ခုန်ဆင်းလာခဲ့လိုက်ကာ ၊ စင်္ကြံလမ်းထဲမှ ပြေးထွက်လာခဲ့လိုက်သည်။

ထွက်လိုက်သည့် အချိန်မှာပင် ၊ အပေါ်ထပ်က ဦးလေးတစ်ယောက်နှင့် ဆုံလိုက်ရရာ ၊ သူ အမြန် ခေါင်းငုံ့လိုက်ပြီး တံတိုင်းနား ကပ်နေလိုက်သည်။

"အိုင်း ၊ ချူးယိရေ"

ဦးလေးက သူ့ကို တစ်ချက်ကြည့်လာပြီး ၊ အိတ်ကပ်ထဲကနေ ချောကလက်တစ်ခု ထုတ်ယူလိုက်သည်။

"စားမလား?"

တစ်ချက် ကြည့်လိုက်ရုံဖြင့် ထိုအရာက ချောကလက်မှန်း ချူးယိ သိလိုက်သည်။သူက ချောကလက်စားရတာ အရမ်း ကြိုက်လို့ပင်။အန်တီလေးက သူ့ကို ၀ယ်ကျွေးဖူးသည်။အရမ်း စားကောင်းသည်ပင်။နှမြောစရာကောင်းသည်က အန်တီလေး မလာလျှင် မစားရခြင်းပင်။

မိမိမှာ ချောကလက် အရမ်းကြိုက်မှန်းကို သတိရသွားတာကြောင့် သူ အရမ်း ၀မ်းသာသွားမိသည်။နောက်ပိုင်း ပိုက်ဆံရှိလာလျှင် ချောကလက်တွေ အများကြီး ၀ယ်စားလို့ ရသည်ပင်။

"စားချင်လား?"

ဦးလေးက ချောကလက်ကို ကိုင်ထားရင်း သူ့အရှေ့နား တိုးပေးလာသည်။

ချူးယိက တံတိုင်းထောင့်နားကို နည်းနည်း ထပ်တိုးကပ်လိုက်သည်။သူ ဒီဦးလေးကို သဘောမကျပေ။

အဆောက်အဦးထဲတွင် သူ သဘောမကျသည့် အိမ်နီးချင်းတွေ အများကြီး ရှိသည်။သူတို့အကုန်လုံးက သူ စကားထစ်တာကို လှောင်ပြောင်ရတာ သဘောကျကြသည်။

"မင်း စကားပြောကြည့် ၊ ဦးလေးက ဒီဟာ မင်းကို ပေးမယ်"

ဦးလေးက ပြောလာသည်။

ချူးယိက ခေါင်းယမ်းပြလိုက်ပြီး ၊ ပါးစပ်ကို တင်းတင်း စေ့ထားလိုက်သည်။

"မစားချင်ဘူးလား?"

ဦးလေးက ရယ်ရင်း မေးလာသည်။

"မင်းတို့အိမ်က ပုံမှန်ဆိုလည်း မင်းအတွက် သရေစာ မ၀ယ်ကျွေးဘူး မဟုတ်လား?"

ချူးယိက ဘာမှ ပြန်မပြောပဲ ၊ မျက်လွှာကို ချ၍ ကိုယ့်ဖိနပ်ကိုယ် ကြည့်နေလိုက်သည်။

ဖိနပ်ထိပ်တွင် အပေါက်တစ်ခု ရှိနေသည်။ခြေအိတ်ကို မြင်နေရသည်။

ဒီအပေါက်က အစက အဲ့လောက် မကြီးပေ။ဒီနေ့ မူကြိုကျောင်းတွင် အိမ်ကလူတွေ လာကြိုမှာကို စောင့်နေသည့် အချိန်က တစ်ချက် ခွာလိုက်ရာ ၊ အပေါက်က ကြီးသွားခဲ့သည်။သူ လန့်လွန်းလို့ လက်ဖြင့် အကြာကြီး ဖုံးအုပ်ထားမိခဲ့သည်။

"သူ့ကို စနောက်မနေပါနဲ့တော့"

ထိုအချိန်မှာပင် အိမ်နီးနားချင်း အန်တီက လျှောက်လာပြီး

"ဒီကလေးက သူ့အဖွား ရိုက်လွန်းလို့ ရူးတော့မှာ ၊ စနောက်နေသေးတယ်"

ထိုသူနှစ်ယောက်၏ ခြေထောက်တွေကို ကြည့်နေမိရင်း ၊ သူတို့တွေ စင်္ကြံလမ်းထဲ လျှောက်၀င်သွားသည်ကို မြင်လိုက်ရသည့် နောက်မှသာ ၊ အမြန်ပင် ကိုယ်ကိုလှည့်လိုက်ပြီး တံတိုင်းအောက်ခြေနား ကပ်ရင်း အပြင်ကို ပြေးထွက်လာခဲ့လိုက်သည်။ပြေးလာရင်း တစ်၀က်ရောက်သည့် အချ်ိန်၌ ၊ တံတိုင်းအခြေနား၌ ဘယ်အိမ်က ပစ်ထားမှန်းမသိသည့် အမှိုက်အိတ်တစ်အိတ်ကို ကန်မိသွားခဲ့ရာ ၊ လန့်ဖြတ်သွားပြီး လဲကျသွားတော့မလို ဖြစ်သွားခဲ့သည်။

မြစ်ဘေးနား ရောက်သည်အထိ ပြေးလာပြီးမှသာ ၊ သူ ပြေးနေတာကို ရပ်လိုက်သည်။

မြစ်ဘေးနားရှိ လမ်းမီးများမှာ တစ်ချို့က လင်းနေပြီး ၊ တစ်ချို့က မည်းမှောင်နေသည်။သူ လမ်းတစ်လျှောက် အတော်ကြာအောင် လျှောက်လာခဲ့ပြီးမှ ၊ လမ်းမီးမည်းမှောင်နေသည့် ကျောက်သားခုံတစ်ခုကို ရှာ၍ ၊ ထိုအပေါ် ထိုင်ချလိုက်သည်။

သူ့ကို ဘယ်သူမှ မမြင်နိုင်တော့ပေ။ဒီအချိန်ကျမှသာ သူ လုံခြုံသွားသလို ခံစားလိုက်ရသည်။

သူ နေရာအနှံ့ လျှောက်သွားနေသည်ကို အဖွားက သိပ်သဘောမကျပေ။လူကုန်ကူးသူနှင့် တွေ့ပြီး ၊ သူ့ကို ဖမ်းသွားကာ ၊
ရောင်းစားပစ်လိမ့်မည်ဟု ပြောသည်။

ချူးယိကတော့ တစ်ချိန်လုံး တော်တော်လေး မျှော်လင့်စောင့်စားနေမိသည်။

လူကုန်ကူးသူ တစ်ယောက် ပေါ်လာဖို့ သူ မျှော်လင့်နေမိသည်။သူ သေချာပေါက် ​ထွက်ပြေးမှာ မဟုတ်ပေ။လူကုန်ကူးသူက်ို သူ့အား ဖမ်းခိုင်းလိုက်ပြီး ၊ ပြီးနောက်တွင်တော့ တစ်ခြားနေရာဆီ ရောင်းခိုင်းလိုက်မည်။ဒါဆို သူ ခရီးသွားလို့ ရပြီပင်။

သို့သော်လည်း လူကုန်ကူးသည့်သူက ကလေးတွေ လမ်းက်ို မြင်ရပြီး ထွက်ပြေးသွားမှာကို ကာကွယ်ရန်အတွက် ၊ အရင်ဆုံး မျက်ဆန်ကို ကလော်ထုတ်တတ်သည်ဟု အဖိုးက ပြောသည်။

ဒီအကြောင်းကို သတိရမိသွားသည့် အချိန်၌ ချူးယိမှာ နည်းနည်း တွန့်ဆုတ်သွားမိပြန်သည်။လက်ကို မြှောက်၍ ကိုယ့်မျက်လုံးကိုယ် ပွတ်ကြည့်လိုက်သည်။အကယ်၍ မမြင်ရတော့ပါက ၊ ခရီးသွားခြင်းမှာ အဓိပ္ပါယ် မရှိတော့ပေ။

သို့သော်လည်း သူ ဒီစကားကို သိပ်ယုံတာတော့ မဟုတ်ပေ။သူ ခြေထောက်ကို လှုပ်ယမ်းလိုက်သည်။လူကုန်ကူးသည့်သူက ကလေးတွေကို ဖမ်းတာ ရောင်းစားဖို့ပင်။ဘယ်သူက ကန်းနေသည့် ကလေးကို ၀ယ်မှာတဲ့လဲ။

အဖိုးက သူ့ကို ခြောက်လှန့်တာ သေချာသည်ပင်။

အဝေးကနေ လူနှစ်ယောက် လျှောက်လာနေသည်။ချူးယိမှာ ရုတ်တရက် နည်းနည်း စိုးရိမ်သွားမိပြီး ၊ ခြေထောက် လှုပ်ယမ်းနေသည်ကို ရပ်တန့်လိုက်ကာ ၊ ခေါင်းကိုစောင်း၍ ထိုဘက်က လူအရိပ်ကို ကြည့်နေလိုက်သည်။

လူကုန်ကူးတဲ့ သူလား?

နှစ်ယောက်လား?

သူ့ကို ဖမ်းခေါ်သွားတော့ မှာလား?

ထိုလူနှစ်ယောက်မှာ ရယ်မော စနောက်နေကြသည်။နီးကပ်လာသည့်အခါကျမှသာ ၊ ထိုလူများမှာ အထက်တန်းကျောင်း၀တ်စုံကို ၀တ်ဆင်ထားကြသည့် ကျောင်းသားများ ဖြစ်ကြောင်း သေချာ​မြင်လိုက်ရသည်။

အထက်တန်း။

အရမ်း မြင့်သည့် အတန်းပင်။

မူလတန်းထက် အများကြီး မြင့်သည်။မူကြိုကျောင်းထက်လည်း အများကြီး မြင့်သည်ပင်။

ချူးယိမှာ ကျောက်သားခုံပေါ်မှ ခုန်ချလိုက်ပြီး ၊ အနောက်ဘက်ရှိ တံတိုင်းနား လှည့်ပြေးလာခဲ့လိုက်ကာ ၊ သစ်ပင်တစ်ပင်၏ အနောက်တွင် ရပ်လိုက်သည်။ဒီလို အနောက်ဘက်တွင် တံတိုင်းရှိပြီး ၊ မျက်စိအရှေ့တွင် သစ်ပင်ပင်စည်ရှိနေခြင်းက ၊ သူ့က်ို စိတ်အေးသွားစေသလို ခံစားရစေသည်။

သူ သစ်ပင်ပင်စည်တွင် ကပ်လိုက်ပြီး ၊ မျက်လုံး တစ်လုံးသာ ဖော်၍ ၊ ထို အထက်တန်းကျောင်းသား နှစ်ယောက်ကို ကြည့်လိုက်သည်။

သူတို့ကို ကြည့်ရတာ အရမ်း ပျော်နေကြသည့် ပုံပင်။တစ်ချိန်လုံး ရယ်နေကြသည်။

ချူးယိ သူတို့ကို အရမ်း မနာလို ဖြစ်မိသည်။

ချူးယိ အတွက်တော့ သူတို့တွေက လူကြီးတွေ ဖြစ်နေပြီပင်။တကယ့် လူကြီး စစ်စစ်တွေလို အသက်ကြီးတာမျိုး မဟုတ်ပေ။သို့သော်လည်း ကြည့်ရသည်မှာ အရမ်းကို လွတ်လပ်ပြီး အချုပ်အနှောင် ကင်းလှသည်။

မူလတန်း ပြီးလျှင် အလယ်တန်း ၊ ပြီးမှ အထက်တန်းမှန်း သူသိသည်ပင်။

မူလတန်းက ကျောင်းဘယ်နှစ်မှန်းလည်း သူ သိသည်ပင်။ခြောက်နှစ် သင်ယူပြီးမှ ၊ အလယ်တန်းတွင် သုံးနှစ် သင်ယူရမည်။ခြောက်နှင့် သုံး ပေါင်းလိုက်လျှင် ကိုးပင်။ကိုးနှစ်ဖြစ်သည်။

သို့သော်လည်း ကိုးနှစ်က အချိန်ဘယ်လောက်ကြာမှန်း သူ မသိပေ။တစ်ရက်က ဘယ်လောက် ကြာမှန်းသာ သူ သိသည်။ကိုးနှစ်ဆို ရက်တွေ အများကြီး အများကြီး အများကြီး ရှိနေမှာပင်။

တစ်ဘ၀လုံးစာလောက် အရမ်းကို ရှည်ကြာနေသလိုပင်။

မိမိမှာ အထက်တန်း ကျောင်းသား ဖြစ်ဖို့ အခွင့်အရေး ရှိပါ့မလားဆိုတာကို မသိပေ။

အထက်တန်း ကျောင်းသား နှစ်ယောက်က သူ့ အရှေ့ကနေ ဖြတ်သွားကြသည်။ဖော်ထားသည့် မျက်လုံးတစ်လုံးကိုလည်း သစ်ပင်အနောက်ဆီ သူ အမြန် ပုန်းကွယ်လိုက်သည်။

ထို့နောက်တွင်တော့ သစ်ပင်ပင်စည်ပေါ်တွင် အပေါက်တစ်ခု ရှိနေတာ မြင်လိုက်ရသည်။

မှောင်မည်းနေသည်။

သူ အလန့်တကြား ဖြစ်သွားမိပြီး ၊ အနောက်ကို တစ်လှမ်း ဆုတ်လိုက်ကာ ၊ တံတိုင်းပေါ် မှီလိုက်သည်။

အပေါက်တွေ အားလုံး၏ အထဲတွင် လက်တွေ ရှိနေတတ်ပြီး ၊ သူ့က်ို တစ်ခါတည်း ဆွဲဖမ်းသွားနိုင်သည်ဟု အဖွားက သူ့က်ို ပြောဖူးသည်။ထို့နောက်တွင်မျက်ဆံကို ကလော်ထုတ်သွားလိမ့်မည်ဟု အဖိုးက ပြောသည်။

ချူးယိ လန့်သွားသည့် အချိန်တိုင်း ၊ သူတို့တွေက တဟားဟားဖြင့် အော်ကြီးဟစ်ကျယ် ရယ်မောတတ်ကြသည်။

သူတို့တွေ ပြောတာတွေက တကယ် မဟုတ်လောက်ဘူးဟု ချူးယိ တွေးလိုက်မိသည်။သူတို့က ရယ်ချင်ကြရုံသာ။

အဖွား ဒေါသထွက်သည့် အချိန်၌ ရယ်မောတတ်ကြသည့် ဟို အိမ်နီးချင်းတွေနှင့် အတူတူပင်။

ချူးယိက အရမ်းကို သတိထားစွာဖြင့် လက်ကို ဆန့်ထုတ်လိုက်ပြီး ၊ သစ်ခေါင်းပေါက်၏ ဘေးအနားကို စမ်းကြည့်လိုက်သည်။ကြမ်းတမ်းတမ်း ဖြစ်နေသည့် သစ်ပင်အသားကို စမ်းလိုက်မိသည်။

သူ ခဏလောက် စောင့်နေလိုက်သည်။အပေါက်ထဲကနေ လက်ဆန့်ထုတ်လာသည်ကို မမြင်ရပေ။သို့ဖြစ်ရာ သတ္တိကို စုစည်း၍ ၊ သူ့ လက်သန်းကို အပေါက်ထဲ ထိုးထည့်လိုက်သည်။

လက်သန်းက အသုံးမ၀င်ဆုံးဟူ သူ ထင်မိသည်။အကယ်၍ မတော်တဆ ဖမ်းဆွဲတာ ခံလိုက်ရလျှင်လည်း ၊ သူ စာရေးပြီး ၊ အလုပ်လုပ်လို့ ရသေးသည်ပင်။

သစ်ခေါင်းပေါက်ထဲတွင် အရမ်းကို တိတ်ဆိတ်နေသည်။လက်သန်းကိုလည်း ဖမ်းဆွဲတာ မခံရပေ။

သူ လက်သန်းကို ကွေးကြည့်လိုက်သည်။ဖမ်းဆွဲတာ မခံရပြန်ပေ။

"ဟယ်လို?"

သူ သစ်ခေါင်းပေါက် ဘေးနား တိုးကပ်သွားလိုက်ပြီး ၊ အသံတိုးတိုးဖြင့် တစ်ခွန်း ပြောလိုက်သည်။

"မင်္ဂလာပါ"

သစ်ခေါင်းပေါက်ထဲက အသံမထွက်လာပေ။သို့သော်လည်း ရုတ်တရက်ကြီး လေတိုက်သွားရာ ခေါင်းထိပ်က သစ်ရွက်များမှာ ရှားရှားဟု အသံမြည်သွားပြီး ၊ ခြေထောက်အောက်ရှိ သစ်ရွက်ကြွေများကလည်း လေနှင့်အတူ အရှေ့ကို ပြေးထွက်သွားကြသည်။

ချူးယိ အရမ်းကို ကြောက်လန့်သွားမိသည်။သို့သော်လည်း တောင့်ခံထားလိုက်ပြီး လက်သန်းကို ပြန်မရုတ်ပေ။

ဤသည်မှာ သစ်ခေါင်းပေါက်က သူနှင့် စကားပြောနေတာ ဖြစ်နိုင်သည်ပင်။

"ငါ ကြား,ကြားလိုက်တယ်"

ချူးယိက အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"မင်းက,က,က........"

ပြောရင်း တစ်၀က်တစ်ပျက်ဖြင့် ၊ သူ ပြောနေတာကို ရပ်လိုက်သည်။စိတ်ဓာတ်ကျစွာဖြင့် ခေါင်းကို ငုံ့လိုက်ပြီး ၊ ပိုတိုးသည့် အသံဖြင့် ပြောလိုက်သည်။ :

"ငါက စကားထစ်,ထစ်တယ် ၊ သူတို့တွေ အ,အ,အကုန်လုံးက ငါ,နဲ့ မကစားကြဘူး"

လေနောက်တစ်ကြိမ် တိုက်ခတ်လာပြန်သည်။ပခုံးပေါ် ပစ္စည်းတစ်ခုက အသာလေး တစ်ချက် ထိလာသလို ချူးယိ ခံစားလိုက်ရသည်။

ပထမတွင် သူ လန့်လွန်း၍ တစ်ချက်ကလေးမှ မလှုပ်ရဲပေ။အတော်ကြာသွားမှသာ ခေါင်းကို ဖြည်းဖြည်းချင်း စောင်းလိုက်ပြီး ၊ ပခုံးပေါ် တစ်ချက် ကြည့်လိုက်မိသည်။သစ်ရွက် တစ်ရွက်ပင်။

ဒီအရာက သူ့ကို အရမ်း အံ့အားသင့်သွားစေသည်ပင်။သစ်ရွက်ကို ယူ၍ ကြည့်လိုက်မိသည်။သစ်ရွက်မှာ တစ်၀က်က အစိမ်းရောင်ဖြစ်နေသည်။အရမ်းက်ို လှသည်။

"ဒီဟာက ငါ့,ကို ပေး,ပေးတာလား?"

သူ အပေါက်၀ဆီ မှီလိုက်ပြီး ၊ အထဲဘက်ကို ပြောလိုက်သည်။

"မင်းက်ို ကျေးဇူးတင်ပါတယ်"

လက်ဆောင် ရလိုက်တာကြောင့် ၊ သစ်ခေါင်းပေါက်ကို ချူးယိ မကြောက်တော့ပေ။သူ မျက်တောင်ခတ်လိုက်သည်။အတွင်းဘက်က ပုံစံကို သေသေချာချာ မြင်ရချင်လို့ပင်။နှမြောစရာ ကောင်းသည်က ဘာက်ိုမှ မမြင်ရပေ။

"ဟယ်လို?"

ချူးယိက သစ်ခေါင်းပေါက်ထဲ မျက်နှာ အပ်လိုက်ပြီး

"ငါ့ နာမည်က ချူး,ချူးယိ ၊ နှစ်သစ်ကူး,ပထမရက်ရဲ့ ပ......ထမရက်ရဲ့ ချူး,ချူးယိ"

သစ်ခေါင်းပေါက်က သူနဲ့ စကား မပြောပေ။သို့သော်လည်း သစ်ခေါင်းပေါက်က သူပြောသည့် စကားကို နားလည်သည်ဟု သူ ထင်မိသည်။ဒီထဲမှာ နတ်သူငယ်လေး တစ်ယောက် သေချာပေါက် နေနေမှာပင်။အဲ့ဒါကြောင့်သာ သူ့ကို သစ်ရွက်တစ်ရွက် ပေးတာဖြစ်သည်။

"မင်းက နတ်သူငယ်လေး,လေးလား?"

သူ မေးလိုက်သည်။

"မင်းမှော်,မှော်အတတ် တတ်လား?biu~biu~biu~​​သစ်ရွက်တစ်,ရွက်အဖြစ် ပြောင်း,ပြောင်း,ပြောင်းသွားလိုက်"

သစ်ခေါင်းပေါက်က တော်တော်ကြီးလှသည်။သူသာ အားနည်းနည်း သုံး၍ အရှေ့ကို ထပ်တိုးလိုက်ပါက ၊ ခေါင်းကို ထိုးထည့်လို့ ရနိုင်လောက်သည်ပင်။သို့သော်လည်း သူ အားမသုံးရဲပေ။ပြန်ထုတ်လို့ မရတော့မှာ သူ ကြောက်မိသည်။

သူ မူကြိုတက်သည့် အချိန်တုန်းက ၊ သူငယ်ချင်းတစ်ယောက်မှာ မူကြိုကျောင်း၏ လှေကားလက်ရန်းထံ ခေါင်းကို ထိုးသွင်းလိုက်မိရာ ၊ ကယ်ဆယ်ရေး မီးသတ်ကား ရောက်လာပြီး လှေကားလက်ရန်းကို ဖြုတ်ချပစ်လိုက်သည့် အချိန်ကျမှသာ ခေါင်းကို ပြန်ထုတ်လိုက်နိုင်ခြင်း ဖြစ်သည်။အရမ်းကို ကြောက်စရာ ကောင်းလှသည်။

သူငယ်ချင်းမှာ ငိုရလွန်း၍ အသက်ပင် မရှူနိုင်တော့ပေ။

သူသာ ခေါင်းညပ်သွားပါက ၊ ငိုမှာ မဟုတ်ပေ။သို့သော်လည်း အဖွားက သူ့က်ို ရိုက်လောက်သည်ပင်။သူ့ကို ပြန်ပြီးတောင် ထိုးထည့်လိုက်တာမျိုး ဖြစ်နိုင်သေးသည်။ပြီးရင်တော့ တစ်အိမ်သားလုံး အတူတူ သူ့က်ို ဟားတိုက်လှောင်ပြောင်ကြလိမ့်မည်.......အဲ့ဒါကြောင့် သူ မလုပ်ရဲပေ။

"ငါတို့တွေ သူငယ်ချင်း လုပ်,လုပ်ရအောင်လေ"

ချူးယိက ဆက်ပြောလိုက်သည်။

"မင်း နာမည်က သစ်,သစ်ခေါင်းပေါက်လား?"

ပြောပြီးသွားသည့် နောက်တွင် သူ နားကိုထောင်၍ ခဏလောက် နားထောင်လိုက်သည်။ပြီးနောက်တွင်တော့ ခေါင်းညိတ်ပြလိုက်ပြီး :

"ငါ့နာမည်က ချူး,ချူးယိ ၊ နှစ်သစ်ကူးပ,ပ,ပထမရက်ရဲ့ပ......ထမရက်ရဲ့.....ချူး.....ငါ ခုနက ပြော,ပြောပြီးသွားပြီ မဟုတ်,ဟုတ်လား?"

သူ နည်းနည်းတော့ ရှက်မိသည်ပင်။သို့သော်လည်း သစ်ခေါင်းပေါက်က သူ့ကို မလှောင်ပြောင်ပေ။သူ နှာခေါင်းရှုံ့လိုက်ပြီး :

"မင်းမှာ တစ်,ခြား သူ,သူငယ်ချင်းတွေ ရှိ,ရှိသေးလား?ငါ့မှာတော့ မရှိဘူး ၊ ငါ့မှာ သူ,သူငယ်ချင်းဆိုလို့ မင်းတစ်,ယောက်ပဲ ရှိ,ရှိတယ်"

"နောက်ဆို ငါ မင်းနဲ့ဆော့ဖို့ လာ,လာရှာ,မယ်"

သူ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"မင်း ငါ့ကို မှတ်,ထားနော်"

လမ်း၏ တစ်ဖက်ဆီဘက်မှ အဖေ့၏ အသံ ပျံ့လွင့်လာသည်။အရမ်းအဝေးကြီးကနေ သူ့နာမည်ကို အော်ခေါ်နေခြင်းဖြစ်သည်။ :

"ချူးယိ ! ချူးယိ ! "

"ငါ အိမ်ပြန်,ပြန်တော့မယ်"

ချူးယိက အလောတကြီးဖြင့် သစ်ပင်ပင်စည်ကို ပုတ်လိုက်ပြီး

"မ,မ,မနက်ဖြန်ကျရင် ဆော့ရအောင် ငါ မင်းကို လာ,ရှာမယ် ၊ နောက်မှတွေ့မယ်နော်"

---------

နွေရာသီ ကျောင်းပိတ်ရက်ကို ချူးယိ သဘောမကျပေ။မူကြိုကျောင်း တက်သည့် အချိန်၌ အနည်းဆုံးတော့ တစ်ခြားသူငယ်ချင်းတွေ ကစားနေကြတာကို ကြည့်နေလို့ ရသေးသည်။နွေရာသီ ကျောင်းပိတ်လိုက်ချိန်တွင် ၊ သူ အိမ်မှာပဲ နေပြီး ၊ နေ့တိုင်း အလုပ်တွေ လုပ်နေရသည်။ကြမ်းတိုက် ၊ စားပွဲသုတ် ၊ ပြီးတော့ ပန်းကန်ဆေး ၊ တစ်ခါတစ်လေ အဖွားနှင့် အတူ စျေး၀ယ်လိုက်သွားရကာ ခြင်းကူသယ်ပေးရသည်။

ညစာ စားပြီးသွားသည့် အချိန်ကျမှသာ ၊ သူ မြစ်ဘေးနား ပြေးလာလို့ ရသည်။သူနှင့် ဆော့သည့်သူ မရှိတာကြောင့် ၊ သူ သစ်ခေါင်းပေါက်နှင့် စကားပြောသည်။

သို့သော်လည်း နွေရာသီ ကျောင်းပိတ်ရက် ကုန်ဆုံး၍ ၊ သူ မူလတန်းကျောင်းသား ဖြစ်သွားသည့် နောက်တွင် ၊ နွေရာသီ ကျောင်းပိတ်တာကမှ ကောင်းသည်ဟု တွေးမိသွားပြန်သည်။တစ်ယောက်တည်း ငေးငိုင်နေ၍ ရလို့ပင်။

အတန်းထဲက အတန်းဖော် တစ်၀က်လောက်ကို သူ သိသည်ပင်။တစ်ချို့က အိမ်နိီးနားချင်းတွေ ဖြစ်ပြီး ၊ တစ်ချို့က အရင်မူကြိုကျောင်းတုန်းက အတန်းတစ်တန်းထဲပင်။

ကျောင်းကို သွားသည်မှာ တစ်ရက်ပဲ ရှိသေးသည်။အတန်းဖော်တွေ အားလုံးမှာ သူက အ,ထစ်မှန်း သိသွားကြပြီး ၊ အတူတူ ပေါင်း၍ သူ့အနားလာကာ သူ့ကို စကားပြောလာအောင် စနောက်ကြသည်။သူ စကားပြောလိုက်သည်နှင့် ၊ အကုန်လုံးက ကိုယ်တွေ ယိမ်းယိုင်နေအောင် ရယ်မောကြသည်။ထိုအရာက သူ့က်ို တော်တော်လေး စိတ်ဖိစီးစေလှသည်။

သူ့အဖွားက ဒေါသထွက်လာသည့် အချိန်ဆိုလျှင် လမ်းမကြီးပေါ်၌ ၊ အင်္ကျီချွတ်ကာ လူတွေကို ဆဲဆိုတတ်မှန်းလည်း အကုန်လုံးက သိသွားကြသေးသည်။

အတန်းဖော်က အနားကို လာပြီး "ချူးယိ ၊ ပြောသံကြားတာတော့ မင်းအဖွားက....."ဟု ပြောလာသည့် အချိန်တိုင်း ၊ သူ ခေါင်းကို ကြိုးစားပမ်းစား ငုံ့ထားလိုက်မိပြီး ၊ စကားတစ်ခွန်းပင် မပြောတော့ပေ။

အရမ်းကို မြန်မြန်လေး ကြီးပြင်းလာချင်မိသည်။ပိုက်ဆံ အများကြီး ရှိလာလျှင် ၊ သူ့ကို သိသည့်လူ တစ်ယောက်မှ မရှိသည့် နေရာ ၊ စကားပြောစရာ မလိုသည့် နေရာဆီကို သွားမည်။

ဒီနေ့က ဆရာများနေ့ပင်။မနက်ခင်း အိပ်ရာထ၍ ကျောင်းကို သွားသည့် အချိန်၌ ၊ ချူးယိ ပြက္ခဒိန်ကို တစ်ချက် ကြည့်လိုက်မိသည်။သူ ပြက္ခဒိန် ကြည့်တတ်သည့် နောက်ပိုင်းတွင် ၊ နေ့တိုင်း ပြက္ခဒိန်ကို တစ်ခေါက် ကြည့်တတ်လာသည်။

ပြက္ခဒိန် တစ်ရွက် အလှန်ခံလိုက်ရသည်ကို မြင်လိုက်ရလျှင် ၊ သူ အရမ်းပျော်ရွှင်လာသလို ခံစားရသည်။

ဒီလတော့ လ၀က် ကုန်သွားပြီပင်။

သို့သော်လည်း သူ ပျော်ရွှင်စွာဖြင့် စာသင်ခန်းထဲ ၀င်လာသည့် အချိန်၌ ၊ ရုတ်တရက်ကြီး ကြောင်အသွားမိသည်။

အတန်းထဲက အတန်းဖော်တွေမှာ ၊ အကုန်လုံးလိုလို စားပွဲပေါ်၌ ပန်းတစ်ပွင့် ဒါမှမဟုတ် လက်ဆောင်သေးသေးလေး တစ်ခုစီကို တင်ထားကြသည်။

"မင်း ဆရာများနေ့အတွက် လက်ဆောင် မယူလာဘူးလား?"

စားပွဲဖော်က သူ့ကို မေးလာသည်။

"ဒီနေ့က ဆရာများနေ့လေ ၊ ဆရာတွေကို အသိအမှတ်ပြုတဲ့ ပစ္စည်းတစ်ခုလောက်တော့ ပေးသင့်တာပေါ့ ! "

ချူးယိမှာ သူမကို ကြည့်နေမိပြီး ဘာမှ မပြောမိပေ။အတော်ကြာသွားကာမှသာ ကိုယ့်ကုလားထိုင်ပေါ် ဖြည်းဖြည်းချင်း ထိုင်ချလိုက်မိပြီး ၊ လွယ်အိတ်ကို ဖက်ထားလိုက်မိသည်။

စိတ်ထဲတွင် အရမ်းကို စိုးရိမ်ပြီး ၊ အရမ်းကို ကြောက်ရွံ့နေမိသည်။အတန်းဖော်တွေ အားလုံးက လက်ဆောင်လေးတွေ ယူလာကြသည်။သူ တစ်ယောက်ပဲ မယူလာခဲ့ခြင်း ဖြစ်သည်။

"ငါ့ အမေက ငါ့ကိုကူပြီး ဖဲပြားချည်ပေးထားတာလေ"

အရှေ့စားပွဲက အနောက်က်ိုလှည့်လာပြီး ၊ သူ၏ စားပွဲဖော်အား လက်ထဲရှိ ပန်းလေးကို လှုပ်ယမ်းပြလာသည်။

"လှတယ်မဟုတ်လား"

ချူးယိမ ခေါင်းငုံ့လိုက်မိသည်။အမေက သူ့အား ဆရာများနေ့အတွက် လက်ဆောင် မပြင်ဆင်ပေးပေ။ဒီနေ့က ဆရာများနေ့ဆိုတာကို အမေ သိပင် မသိတာလည်း ဖြစ်နိုင်သည်ပင်။

သူ အရမ်းကို စိတ်ထဲ ဗျာများနေမိသည်။ဘယ်လို လုပ်ရမယ်မှန်း မသိတော့ပေ။

ခဏနေ အတန်းတက်လျှင် ၊ အကုန်လုံးက လက်ဆောင်ကိုယူ၍ ဆရာ့ကို ပေးကြတော့မည်ပင်။သူ့မှာပဲ မရှိတာ ဖြစ်သည်.......သူ စိတ်လောလွန်း၍ ငိုချင်လာမိသည်။

သူ ကိုယ့်လွယ်အိတ်ကို ဆွဲဖွင့်လိုက်ပြီး ၊ လွယ်အိတ်ထဲ မွှေနှောက်ကြည့်လိုက်မိသည်။ဆရာ့ကို လက်ဆောင်ပေးလို့ ရသည့် ပစ္စည်း ရှိမရှိ ကြည့်လိုက်သည်။

ဘောပင် ၊ ခဲဖျက် ၊ ဖတ်စာအုပ် ၊ အိမ်စာစာအုပ် ၊ မရှိတော့ပေ။

သူ အချိန်အကြာကြီး ငေးငိုင်နေမိပြီး ၊ နောက်ဆုံးမှာတော့ အိမ်စာစာအုပ်ကို ထုတ်ယူလိုက်သည်။

ခုနက အတန်းထဲ ၀င်သည့်အချိန်၌ ၊ အတန်းဖော်တစ်ယောက်က သူ့ဘာသာ ကဒ်လေးတစ်ခု လုပ်ထားတာကို သူ တွေ့လိုက်သည်။ကဒ်ပေါ်တွင် ပန်းပုံဆွဲ၍ ၊ စာရေးထားသည်။

သူ စာအုပ်ကို လှန်လိုက်သည်။စိတ်လောနေတာကြောင့် လက်က အရမ်းကို တုန်ယင်နေသည်။ဘောပင်ကို ကြိုးစား၍ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး ၊ စာအုပ်ပေါ်တွင် စာကြောင်းတစ်ကြောင်းကို တစ်ချက်ချင်းစီ ရေးလိုက်သည်။

ဆရာ ၊ ကျွန်တော် ဆရာ့ကို ချစ်တယ်။ချူးယ်ိ။

ပြိီးနောက်တွင် ထိုစာမျက်နှာကို ဂရုတစိုက်ဖြင့် စုတ်ဖြဲလိုက်သည်။

ဆရာ စာသင်ခန်းထဲ ၀င်လာသည့် အချိန်၌ ၊ အတန်းဖော်တွေ အကုန်လုံး ပြေးသွားကြကာ ၊ သူတို့၏ လက်ဆောင်များကို ဆရာ့အား ပေးလိုက်ကြသည်။

"အကုန်လုံးကို ကျေးဇူးတင်ပါတယ်"

ဆရာက လက်ဆောင်တစ်ခုချင်းစီ လက်ခံနေပြီး ၊ သူတို့ခေါင်းတွေကို တစ်ယောက်ချင်းစီ ပွတ်ပေးလာသည်။

"အားလုံး ကျေးဇူးပါ ၊ ဆရာ မင်းတို့ကို သဘောအကျဆုံးပဲ"

ချူးယိမှာ စိုးရိမ်စိတ်ဖြင့် နောက်ဆုံးကနေ လိုက်လာလိုက်သည်။အတန်းဖော်နှစ်ယောက်၏ လက်ဆောင်ဘူးက အရမ်းကြီးနေတာကို သူ တွေ့လိုက်ရသည်။ဆရာက လက်မခံပေ။သူတို့က်ို ကျေးဇူးတင်ကြောင်းသာ ပြောပြီး ၊ လက်ဆောင်များကို အိမ်ပြန်ယူသွားကာ အဖေအမေတို့ကို ပြန်ပေးခိုင်းလိုက်သည်။

ချူးယိမှာ မိမိ လက်ထဲတွင်တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ခံထားရသည့် စာရွက်ကို ကြည့်လိုက်မိသည်။ဆရာက သူ့လက်ဆောင်ကိုလည်း လက်မခံမှာကို ကြောက်မိသည်။

နောက်ဆုံးတွင် သူ သတ္တိကို စုစည်းလိုက်ပြီး စာရွက်အား ဆရာ့ဆီ ပေးလိုက်သည်။ခြေထောက်ပင် နည်းနည်း တုန်ယင်နေမိသည်။

"ကျေးဇူးပါပဲ ရှောင်ချူးယိ"

ဆရာက သူ့ခေါင်းကို ပွတ်ပေးပြီး ၊ စာရွက်ကို ဖွင့်ကြည့်လိုက်သည်။ပြီးနောက်တွင်တော့ စာရွက်ကို အားလုံး၏ လက်ဆောင်များနှင့်အတူ ချထားလိုက်သည်။

ချူးယိမှာ ချက်ချင်းပင် လေတစ်ချက် မှုတ်ထုတ်လိုက်မိသည်။

-----------

"တကယ်ကြီးလား?"

အဖွားက သူ့ကို ကြည့်လာပြီး

"နင်က နင့်ဘာသာ စာရွက်စုတ်တစ်ရွက်မှာ စာရေးပြီး နင်တို့ဆရာကို ပေးလိုက်တယ်?"

ချူးယိက ခေါင်းညိတ်ပြလိုက်သည်။

"အိုင်းရိုး ၊ နင်က တကယ် ရယ်ရတာပဲ"

အဖွားက အကျယ်ကြီး အော်ရယ်လိုက်သည်။အဖိုးနှင့် အမေကလည်း အတူတူ လိုက်ရယ်လာကြသည်။

ချူးယိကတော့ မရယ်မိပေ။သူ နည်းနည်း ၀မ်းနည်းနေမိသည်။

"နင့်ရဲ့ အဲ့ဒီစာရွက်စုတ်ကို အပြင်တောင် ယူသွားရဲပါ့မလား?"

အမေက ဖရုံစေ့ကိုက်နေရင်း ရယ်နေသည်။

"နင့်ခေါင်းက တကယ် အသုံး၀င်သားပဲ"

"နင်တို့ ဆရာက နင့်ရဲ့အဲ့ဒီစာရွက်အစုတ်ကို ယူပြီး နှပ်မသုတ်လိုက်ဘူးလား?"

အဖွားက ရယ်၍ ပြောလာသည်။

"မလုပ်ပါဘူး"

ချူးယိက နှုတ်ခမ်းကို ဖိကိုက်လိုက်ပြိီး

"ဆရာက ကျေး,ကျေး,ကျေးဇူးပဲလို့ ပြော......."

"နင့်ကို ကျေးဇူးတောင် တင်လိုက် သေးတာလား?"

အဖွားက ရယ်ရင်း သူ့စကားကို ဖြတ်ပြောလာသည်။

"အိုင်းရိုး နင့်ရဲ့ စာရွက်အစုတ်အတွက် ကျေးဇူးတင်ပါတယ်လား ! "

--------

ချူးယိမှာ သစ်ခေါင်းပေါက် အရှေ့တွင် ရပ်နေမိသည်။

လေးဖက်လေးတန်လုံး လူမရှိကြောင်း အတည်ပြုလိုက်ပြီးမှသာ ၊ သူ အနားကို တိုးကပ်သွားလိုက်ပြီး ၊ မျက်နှာကို သစ်ခေါင်းပေါက်ဆီ အပ်၍ သစ်ပင်ပင်စည်ကို ဖက်ထားလိုက်သည်။

"မင်္ဂလာညနေခင်း,ပါ"

သူ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ငါက ချူး,ချူးယိလေ ၊ ငါ မင်းနဲ့ ဆော့ရအောင် မင်းကိုလာတွေ့,တာ"

ထိုစကားကို ပြောပြီးသည့် နောက်တွင် ၊ သူ ထိန်းမထားနိုင်တော့ပဲ မျက်တောင်ခတ်လိုက်မိရာ ၊ မျက်ရည်များက စီးကျလာခဲ့သည်။

"ဒီနေ့ ငါ,ငါ,ငါ မ,ပျော်ဘူး"

သူ အသံတိုးတိုးဖြင့် ငိုလိုက်ပြီး

"နည်းနည်း ၀မ်း,၀မ်းနည်းနေတယ်"

လေက သူ့ပခုံးပေါ်ကနေ ဖြည်းဖြည်းချင်း တိုက်ခတ်သွားသည်။သူ အသံကို ဖိနှိပ်၍ ငိုရှိုက်လိုက်ပြီး :

"မင်းက နတ်,နတ်သူငယ်လေးလား?မင်းက နတ်,နတ်,နတ်သူငယ်လေး ဖြစ်လိုက်လေ ၊ ရလား?"

"ငါ မြန်,မြန်လေး ကြီး,ကြီးပြင်းလာချင်တယ်"

သူ အားပါပါဖြင့် နှာရှုံ့လိုက်ပြီး ၊ ခေါင်းကိုစောင်း၍ မျက်ရည်ကို သုတ်လိုက်ပြီးမှ ၊ မျက်နှာကို သစ်ခေါင်းပေါက်ဆီ ပြန်အပ်လိုက်သည်။

"မင်း ငါ့ကို ကူညီပေးလေ ၊ ဟုတ်,ဟုတ်ပြီလား?"

သစ်ခေါင်းပေါက်က စကားမပြောလာပေ။

ချူးယိလည်း ဘာမှ ဆက်မပြောဖြစ်တော့ပေ။သစ်ပင်ပင်စည်ကိုသာ ဖက်ထားလိုက်မိသည်။

နတ်သူငယ်လေး မရှိဘူးပဲ။

သို့သော်လည်း သစ်ခေါင်းပေါက်က သူ၏ သူငယ်ချင်းပင်။သူ သစ်ခေါင်းပေါက်နှင့် စကားပြောလိုက်လျှင် ပျော်ရွှင်သွားတတ်သည်။

တကယ်ကြီး နတ်သူငယ်လေး ရှိနေတာလည်း ဖြစ်နိုင်တာပဲ။

ဒါဆို ပြောမရပေ။သူ တစ်နေ့နေ့ကျရင် ကြီးပြင်းလာနိုင်သည်။

ပြိီးရင်တော့ အရမ်းဝေးတဲ့ နေရာဆီ သွားမည်။ပိုက်ဆံ အများကြီး ရှိလာလျှင် ၊ စားကောင်းသည့် အစားအစာ အများကြီးကို စားလို့ ရမည်။

သူ ရယ်လိုက်မိသည်။



စာရေးသူမှာ ပြောစရာ ရှိပါတယ် : "ရှောင်ချူးယိ"ရဲ့ ဆန္ဒတွေ အားလုံး လက်တွေ့အကောင်အထည် ဖော်နိုင်ဖို့ မျှော်လင့်ပါတယ်။နောက်ဆို ပျော်စရာကောင်းတဲ့ ဘ၀ကို ဖြတ်သန်းသွားနိုင်မှာပါ။

Continue Reading

You'll Also Like

245K 13.2K 33
ကျွန်တော် ကိုးကွယ်ရာက သနပ်ခါးနံ့လေး 💛......
411K 9.9K 85
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
401K 15.3K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...